ပြုပြင်ပြောင်းလဲရေးရဲ့ အဓိကရည်ရွယ်ချက်
ကျွန်တော်တို့အစိုးရအနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကစပြီး
ဆောင်ရွက်လာခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ အဓိက ရည်ရွယ်ချက်ဟာ တစ်ခုတည်းပဲရှိပါတယ်။
ကျွန်တော်တို့ မျိုးဆက်သစ်လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်၊ ပိုမိုပြည့်စုံတဲ့ဘဝတစ်ခု
ဖန်တီးပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ပဲဖြစ်ပါတယ်လို့ သမ္မတကြီးဦးသိန်းစိန်က မိန့်ခွန်းတစ်ခုထဲမှာ
ထည့်ပြောသွားခဲ့ပါတယ်။
မျိုးဆက်သစ်လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့
အနာဂတ်ဖြစ်အောင် ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို
တစိုက်မတ်မတ် လုပ်ဆောင်နေတာသိရလို့ လူငယ်ထုအတွက် ဝမ်းသာ စရာပါပဲ။ သမ္မတကြီးက အဲ့ဒီစကားကို
အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၊ အက်(စ)အေအိုင်အက်(စ) (SAIS) ခန်းမထဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒီမိန့်ခွန်းဟာ တကယ်ပဲအရေးပါနေလို့လားမသိပါဘူး။ နောက်တစ်ကြိမ် မိန့်ခွန်းထဲမှာလည်း
ထပ်ပြောခဲ့ပြန်ပါတယ်။ ဒီတစ်ခါပြောတာကတော့ ကမ္ဘာ့လူငယ်ခေါင်းဆောင် များနဲ့ တွေ့ဆုံပွဲမှာ
ပြောခဲ့တာပါ။
လူငယ်ဖွံ့ဖြိုးရေးကဏ္ဍ
ဒီတစ်ခါမှာတော့သမ္မတကြီးက အများစုအနေနဲ့ မြန်မာနိုင်ငံရဲ့
ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များနဲ့ ပတ်သက်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေတွေ၊ ရွေးကောက်ပွဲတွေ၊
နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍတွေကိုသာ အာရုံစိုက်ပြီး အသားပေးပြောဆိုနေတာကို တွေ့ရတယ်၊
ကျွန်တော့်အနေနဲ့ကတော့ ဒီကိစ္စတွေထက် သာမန်ပြည်သူတစ်ဦး အခက်အခဲ အကျပ်အတည်းများကနေ လွတ်မြောက်ပြီး
ပိုမိုကောင်းမွန် သာယာတဲ့ဘဝများ တည်ဆောက်နိုင်ရေးနဲ့ လူတန်းစေ့ဘဝရပ်တည်နိုင်ရေးကို
အာရုံစိုက် ဆောင်ရွက်လျက်ရှိပါတယ်၊ ပညာမတတ်သေးတဲ့ ပြည်သူတွေ ပိုမိုပညာတတ်လာစေဖို့၊
ကျန်းမာရေးချို့တဲ့နေတဲ့ပြည်သူတွေ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရရှိအောင်၊
ရေကောင်းရေသန့်နဲ့ လျှပ်စစ်မီးစတာတွေကို ရရှိအောင် ကြိုးပမ်း ဆောင်ရွက်နေတာဖြစ်ပါတယ်၊
အတိုချုပ်ပြောရရင် ကျွန်တော်တို့အစိုးရအနေနဲ့ လွန်ခဲ့တဲ့နှစ်နှစ်ကစပြီး စတင်ဆောင်ရွက်ခဲ့တဲ့
ပြုပြင်ပြောင်းလဲရေးများရဲ့  အဓိကရည်ရွယ်ချက်ကတော့ မျိုးဆက်သစ်လူငယ်တွေအတွက် ပိုမိုကောင်းမွန်ပြည့်စုံတဲ့
အနာဂတ်ဖန်တီးပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်လို့ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
မျိုးဆက်သစ်လူငယ်တွေရဲ့ အနာဂတ်ကို တကယ်ပဲကောင်းမွန်ပြည့်စုံဖို့ဆိုရင်
လူငယ်ဖွံ့ဖြိုးရေးကဏ္ဍတွေကို အရှိန်အဟုန်မြှင့်တင်
ဆောင်ရွက်ကြရတော့မှာဖြစ်ပါတယ်။ အစိုးရနဲ့ အခြားအဖွဲ့အစည်းများက ဦးဆောင်ပြီး မြန်မာလူငယ်တွေရဲ
့ဘဝ မြင့်မားလာအောင်၊ အရည်အသွေးတွေထက်မြက်နေအောင်၊ ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်တဲ့ ခေတ်ပညာတတ်
မျိုးဆက်တွေဖြစ်လာအောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။
ကမ္ဘာ့စီးပွားရေးဖိုရမ်နဲ့မြန်မာ့အခန်းကဏ္ဍ
နိုင်ငံတကာမျက်နှာစာမှာ ကျွန်တော်တို့နိုင်ငံရဲ့
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေဟာ အင်မတန် ရေပန်းစားလျက်ရှိနေပါတယ်။ နိုင်ငံတကာ စီးပွားရေးအသိုက်အဝန်းကြားမှာ
စကားတစ်ခုဖြစ်ပေါ်နေတယ်လို့ ကြားသိရပါတယ်။ အဲ့ဒါကတော့ “ မင်းရဲ့ ပတ်စ်ပို့စာအုပ်မှာ
မြန်မာဗီဇာတံဆိပ် မထုရသေးရင် မင်းဟာ ဘာမှမဟုတ်သေးဘူး” ဆိုပြီး မြန်မာနိုင်ငံရဲ့အနေအထားဟာ
အဲ့ဒီလောက်ထိ Image တက်နေပါတယ်လို့ တစ်လောက နိုင်ငံတော်သမ္မတ အကြံပေးဦးကိုကိုလှိုင်နဲ့
တွေ့ဆုံခန်းတစ်ခုမှာ ဖတ်လိုက်ရပါတယ်။ ကျွန်တော်တို့နိုင်ငံကို ကမ္ဘာကစိတ်ဝင်တစား ရှိလာတာဟာ
ဂုဏ်ယူစရာကောင်းပါတယ်။ ဒီလိုအချိန်မှာ ရရှိထားတဲ့ အကျိုးဆက်ကို အကောင်းဆုံးအသုံးချပြီး
မျိုးဆက်သစ်လူငယ်များအတွက် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးရမှာ ဖြစ်ပါတယ်။
အခုဆိုရင် ကမ္ဘာ့စီးပွားရေးဖိုရမ်ကြီးလည်း
ပြီးသွားခဲ့ပါပြီ။ ဒီဖိုရမ်ကြီးကနေ ကျွန်တော်တို့ နိုင်ငံအတွက် ရရှိလိုက်တဲ့ အကျိုးအမြတ်ကတော့
ကမ္ဘာ့ဇာတ်ခုံပေါ်မှာ နယူးမြန်မာရယ်လို့ ပြန်လည်ဝင်ရောက်နိုင်ခဲ့ပြီ ဆိုတာပဲ ဖြစ်ပါတယ်။
ဒီဖိုရမ်ကြီးကနေ ကျွန်တော်တို့နိုင်ငံအတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ
ပိုမိုရရှိနိုင်လိမ့် မယ်လို့လည်း ယုံကြည်မိပါတယ်။ ဒေသတွင်းရော၊ နိုင်ငံတွင်းမှာပါ
စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု အရှိန်အဟုန်ကောင်းကောင်းနဲ့ ကမ္ဘာ့စီးပွားရေးကို ကောင်းမွန်တည်ငြိမ်လာအောင်
ဆောင်ကြဉ်းနိုင်လိမ့်မယ်လို့ လည်း အားလုံးကမျှော်လင့်ထားကြပါတယ်။ ထို့ပြင် ကျွန်တော်တို့
မြန်မာနိုင်ငံဟာ အာရှရဲ့စီးပွားရေး ထွက်ပေါက်နိုင်ငံအဖြစ် နေရာရရှိလာနိုင်တယ်ဆိုတာမျိုးတွေတောင်
ပြောဆိုနေကြပါတယ်။ ဘာပဲပြောပြော ဒီလို ကမ္ဘာ့စီးပွားရေးဖိုရမ်ကြီးတစ်ခုကို အောင်အောင်မြင်မြင်
ကျင်းပနိုင်ခဲ့တာဟာ ကမ္ဘာ့အလယ်မှာ မြန်မာ ပြန်ရောက် လာပြီဆိုတာကို လှစ်ဟပြလိုက်ခြင်းပဲဖြစ်ပါတယ်။
တစ်ချို့ ကတော့ အဲ့ဒီလိုပြောဖို့ စောနေသေးတယ်လို့ မှတ်ချက်ချကြပါတယ်။ မြန်မာဟာ တစ်ခေတ်တစ်ခါက
ရှိခဲ့ဖူးတဲ့၊ ရပ်တည်ခဲ့တဲ့ အဆင့်အတန်းနဲ့နေရာကို ပြန်ရောက်ဖို့ အများကြီးကြိုးစားရဦးမယ်လို့
သုံးသပ်ပြောဆိုနေကြဆဲဖြစ်ပါတယ်။
ကမ္ဘာ့စိန်ခေါ်မှုနှင့် ခြိမ်းခြောက်မှုများကိုလေ့လာခြင်း
ဒီဖိုရမ်ကြီးကနေ အကျိုးကျေးဇူးများစွာရရှိသည့်အနက်
မျိုးဆက်သစ်လူငယ်တွေအတွက် ဘယ်လိုအခွင့်အလမ်းကောင်းတွေ၊ ဘယ်လိုအကျိုးကျေးဇူးတွေရရှိလာနိုင်မလဲလို့
စိတ်ဝင်စားမိပါတယ်။ အဲ့ဒီမှာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကြီးကို လာရောက်လေ့လာခဲ့ကြတဲ့
Young Global Leaders ကမ္ဘာ့လူငယ်ခေါင်းဆောင်တွေရဲ့  အခန်းကဏ္ဍကို လေ့လာမိပါတယ်။ လေ့လာကြည့်မိတဲ့အခါ
အဲ့ဒီလူငယ်တွေဟာ ကျွန်တော်တို့ကမ္ဘာကြီး ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခ်ါမှုတွေ၊ ပြဿနာတွေကို
သူတို့သိထားကြတယ်။ ကမ္ဘာကြီးမှာ သဘာဝဘေးအန္တရာယ်တွေ၊ ကူးစက်မြန်တဲ့ ပြင်းထန်ရောဂါတွေ၊
ဆင်းရဲမွဲတေမှုနဲ့ စားနပ်ရိက္ခာမလုံလောက်မှုတွေ၊ အကြမ်းဖက်ဝါဒ ပျံ့နှံ့လာမှုတွေစတဲ့ စိန်ခေါ်မှုတွေနဲ့
ခြိမ်းခြောက်မှုတွေရှိနေပါတယ်။ ဒီစိန်ခေါ်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေကို ကမ္ဘာ့မိသားစုဝင်နိုင်ငံများ
အားလုံးက ဝိုင်းဝန်းပူးပေါင်းပြီး ရင်ဆိုင်ကျော်လွှားကြရမှာဖြစ်ပါတယ်။ အခုလို ဖြစ်နေတဲ့
ပြဿနာတွေ၊ စိန်ခေါ်မှုတွေ ရဲ့ နက်နဲသိမ်မွေ့မှုကို နားလည်နိုင်အောင်၊ ဖြေရှင်းနိုင်အောင်
Young Global Leaders ကွန်ယက်ကြီးက လူငယ်တွေ ကြိုးပမ်းနေကြတာကို တွေ့ရှိလိုက်ရပါတယ်။
ဒါဟာ ကျွန်တော်တို့လူငယ်များအတွက် အားတက်စရာတစ်ခုဖြစ်ပါတယ်။ အတုယူစရာလည်းဖြစ်ပါတယ်။
လူငယ်တွေဟာ အသိပညာ၊ အတတ်ပညာကျွမ်းကျင်ရာ နယ်ပယ်အသီးသီးမှာ မျက်စိဖွင့် နားဖွင့်ပြီး
မိမိတို့ကမ္ဘာကြီး ဘာတွေဖြစ်နေပြီလဲဆိုတာကို မျက်ခြေမပြတ် လေ့လာစောင့်ကြည့်နေကြရမှာဖြစ်သလို
ကြုံတွေ့လာရမယ့် အခက်အခဲတွေ၊ ပြဿနာတွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက်လည်း
ပြင်ဆင်ထားကြရမှာ ဖြစ်ပါတယ်။
မြန်မာလူငယ်တို့ရဲ့ အခန်းကဏ္ဍ
ကမ္ဘာ့လူငယ်ခေါင်းဆောင်များဟာ ကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့
ပြဿနာတွေ၊ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို နားလည်သဘောပေါက်ပြီး ဖြေရှင်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်
နေတဲ့အချိန်မှာ ကျွန်တော်တို့ မြန်မာလူငယ်များကတော့ စမ်းတဝါးဝါးဖြစ်နေကြဆဲပါပဲ။ စီးပွားရေးဖိုရမ်က
အကျိုးအမြတ်တွေ မရရှိ မခံစားရခင် ပြီးခဲ့တဲ့ကာလတွေကနေ ယနေ့တိုင် စားဝတ်နေရေးမပြေလည်မှုတွေကြောင့်
ပညာရေးဆုံးခန်းတိုင်အောင် မသင်ကြရတဲ့လူငယ်တွေ ထုနဲ့ဒေးရှိနေပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေရှားပါးပြီး
ဝင်ငွေမမျှတတဲ့ လူငယ်တွေအများကြီးရှိနေပါတယ်။ အစစအရာရာ ခေတ်နောက်ကျနေခဲ့တဲ့ တိုင်းပြည်မှာ
မသိတော့မပြောင်း၊ မပြောင်းတော့ နောက်ကျကျန်၊ နောက်ကျန်တော့ဆင်းရဲ၊ ဆင်းရဲတော့မသိ ဆိုတဲ့
သံသရာမှာ ခေတ်တစ်ခေတ်တင်မကဘဲ နောက်မျိုးဆက်တွေအထိ ထိခိုက်သွားနိုင်မယ့် အခြေအနေဖြစ်နေပါတယ်။
တကယ်တော့ ကျွန်တော်တို့ မြန်မာလူငယ်တွေဟာ
ခပ်ညံ့ညံ့တွေမဟုတ်ပါဘူး။ ဥာဏ်ရည်မမီသူတွေလည်း မဟုတ်ကြပါဘူး။ ကျွန်တော်တို့ဟာ ကမ္ဘာမှာရှိတဲ့
လူငယ်တွေအားလုံးနဲ့ တန်းတူ ပညာသင်ကြားခွင့်တွေရခဲ့မယ်၊ လေ့လာခွင့်တွေရခဲ့မယ်၊ လက်တွေ့အကောင်အထည်ဖော်ခွင့်တွေသာ
ရရှိခဲ့မယ်ဆိုရင် ကမ္ဘာ့လူငယ်ခေါင်းဆောင် တွေထဲမှာ မြန်မာလူငယ်တွေထိပ်ဆုံးက ပါဝင်နိုင်မှာသေချာပါတယ်။
အခုတော့ ကျွန်တော်တို့ လူငယ်တွေဟာ နှစ်ပေါင်းများစွာ အဖိနှိပ်ခံ၊ ချုပ်ချယ်ခံပညာရေးစနစ်အောက်မှာ
နလံမထူနိုင်အောင် ဖြစ်ခဲ့ကြရပါတယ်။ ဘွဲ့ရပညာတတ် အများစုဟာ ကိုယ့်နိုင်ငံတွင်းမှာ လုပ်ကိုင်စားသောက်ဖို့ထက်
နိုင်ငံခြားတိုင်းပြည်မှာ သွားရောက် လုပ်ကိုင်ဖို့ကိုပဲ အားစိုက်ကြိုးပမ်းခဲ့ကြပါတယ်။
ကိုယ့်နိုင်ငံမှာ လုပ်လို့ရမယ့် ဝင်ငွေထက် အဆပေါင်းများစွာ သာလွန်သော နိုင်ငံခြားတိုင်းပြည်မှာ
မိတစ်ကွဲဖတစ်ကွဲ မိသားစုနဲ့ခွဲပြီး သွားရောက်လုပ်ကိုင်ကြရပါတယ်။ အဲ့ဒီလို လုပ်ကိုင်တဲ့အခါမှာ
မြန်မာဆိုရင် နှိမ်ချင်ကြတဲ့ နိုင်ငံခြားသားများလက်အောက်မှာ ကြိတ်မှိတ် လုပ်ကိုင်ပြီး
မိသားစုဘဝတွေကို ရပ်တည်ခဲ့ကြရတာဟာ ရင်နာစရာကောင်းလွန်းပါတယ်။
လူငယ်တွေအဆင့်မြင့်ပညာတတ်ဖို့လို
ဒီဘက်ခေတ်ဒီမိုကရေစီအစိုးရတက်လာပြီးတဲ့နောက်မှာမှ
ကျွန်တော်တို့နိုင်ငံဟာ ပြုပြင်ပြောင်းလဲမှုတွေ တစ်ရှိန်ထိုးဆောင်ရွက်လာတာဖြစ်ပါတယ်။
သို့သော်လည်း တစ်ဦးတစ်ယောက်တည်းနဲ့ မရတဲ့အရာကို စုပေါင်းအားနဲ့ ရယူကြဖို့ လိုပါတယ်။
တစ်ဦးတစ်ယောက်ထဲ မကာကွယ်၊ မတားဆီးနိုင်တဲ့အရာကို စုပေါင်းပြီး အားလုံးပါဝင်ဆောင်ရွက်ဖို့
အရမ်းအရေးကြီးပါတယ်။ တစ်ဦးတစ်ယောက်ရဲ့အစွမ်းနဲ့တင် မလုံလောက်နိုင်တဲ့အတွက် အားလုံးအစွမ်းနဲ့ဆိုရင်
အဲ့ဒီအစွမ်းအစတွေကို ပေါင်းစည်းအသုံးချနိုင်ပြီး အားသာချက်တွေကိုပါ ရရှိသုံးစွဲဖို့
အလားအလာရှိလာပါတယ်။ အစုအဖွဲ့နဲ့ ခွဲဝေသင်ကြား၊ စုပေါင်းသုံးသပ်ပြီးမှ ဆုံးဖြတ်၊ အလုပ်ကို
အားသွန်ခွန်စိုက်နဲ့ အရှိန်မြှင့်မယ်ဆိုရင် နောက်ကျန်ခဲ့စရာ အကြောင်းမရှိတော့ပါဘူး။
အစိုးရအနေနဲ့ လူငယ်တွေအတွက် စီမံကိန်းတွေချမှတ်ပြီး
ပြုပြင်ပြောင်းလဲမှုရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ မျိုးဆက်သစ်လူငယ်တွေ ပိုမိုကောင်းမွန်ပြည့်စုံတဲ့
အနာဂတ်ကို ဖန်တီးပေးဖို့ ကြိုးပမ်းသင့်ပါပြီ။ အခြေခံအကျဆုံးဖြစ်တဲ့ ပညာရေးကို စတင်အသွင်ပြောင်းဖို့
လုပ်သင့်ပါတယ်။ ထို့ကြောင့် လူငယ်တွေရဲ့ပညာရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်၊
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေကို အဆင့်မြင့်ပညာတတ်ဖို့လိုအပ်ကြောင်း
အမြဲပြောလေ့ရှိပါတယ်။ အဆင့်မြင့်ပညာတတ်ပြီးရင်လည်း အဲ့ဒီပညာတွေကို မှန်မှန်ကန်ကန် သုံးနိုင်မယ့်အလုပ်တွေ
ဖန်တီးပေးဖို့အရေးကြီးကြောင်း၊ အလုပ်လက်မဲ့ ပညာတတ်တွေဟာ အင်မတန်နှမြောစရာ ကောင်းကြောင်းထပ်ပြောပါတယ်။
လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု
ဒါကြောင့် မြန်မာလူငယ်တွေရင်ဆိုင်နေကြရတဲ့
စိန်ခေါ်မှုတွေထဲမှာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုဟာ ထိပ်ဆုံးက ဖြစ်နေပါတယ်။ အစိုးရအနေနဲ့
မြန်မာလူငယ်တွေ ကိုယ့်နိုင်ငံထဲကနေ တခြားနိုင်ငံတွေမှာ သွားပြီး လုပ်ကိုင်စားသောက်နေကြရတာဟာ
ဘာကြောင့်လဲဆိုတဲ့ အရင်းအမြစ်ကို သိရပါမယ်။ ပညာတတ်တွေ ဦးနှောက်ယိုစီးမှုဖြစ်နေတာ ဘာကြောင့်လဲ။
ရှင်းရှင်းလေးပါပဲ။ ကျွန်တော်တို့နိုင်ငံမှာ လုပ်ခလစာ ကောင်းကောင်းနဲ့ လူမှုဘဝ အဆင်ပြေချောမွေ့စွာ
ရပ်တည်နိုင်မယ့် အလုပ်အကိုင် ရှားပါးခြင်းကြောင့်ဖြစ်ပါတယ်။
ဒါကြောင့် သမ္မတဦးသိန်းစိန်အစိုးရဟာ ဒီအခြေအနေတွေကို
သိရှိထားတာနဲ့အမျှ ဘယ်လိုပြုပြင် ပြောင်းလဲရမယ်ဆိုတာကို ကြိုးပမ်းရပါလိမ့်မယ်။ အနာဂတ်ရဲ့
မျိုးဆက်သစ်လူငယ်တွေ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်ရေး၊ သင်ယူတတ်မြောက်ထားတဲ့ပညာနဲ့
သင့်တော်လိုက်ဖက်မည့် လုပ်ငန်းခွင်များ ဖော်ထုတ်ပေးနိုင်ရေး၊ အခြေခံလုပ်ခလစာများကောင်းမွန်ရေးစတဲ့
အချက်တွေကို ထည့်သွင်းစဉ်းစား ပေးကြရမှာလည်း ဖြစ်ပါတယ်။ ဒါမှလည်း လူမှုစီးပွားဘဝတိုးတက်မြင့်မားလာကြမှာ
ဖြစ်ပါတယ်။ လူမှုစီးပွားဘဝတွေ တိုးတက်မြင့်မားလာမှ တိုင်းပြည်လည်း ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။
အခုဆိုရင် ဖွံ့ဖြိုးမှု အရွေ့ကတဖြေးဖြေးချင်း ရွေ့ နေပြီဖြစ်ပါတယ်။ အရွေ့ တွေ မြန်မြန်နဲ့
မှန်မှန် ဖြစ်ဖို့ပဲ အရေးကြီးပါတယ်။
လူငယ်တွေအရည်အချင်းဖြည့်ထားဖို့လိုပြီ
နောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေး
ပြုပြင်ပြောင်းလဲမှုနဲ့အတူ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ရောက်ရှိလာ တဲ့အခါ ကျွန်တော်တို့
မြန်မာလူငယ်များဘက်က အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ အများကြီးရရှိလာ တော့မှာဖြစ်ပါတယ်။
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ နိုင်ငံတကာ ကျွမ်းကျင်သူ ပညာရှင်တွေလည်း မြန်မာနိုင်ငံထဲ
ဝင်ရောက်လာကြတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီအခါကျမှ မိမိတို့မှာ ဘာအရည်အချင်း၊ ဘာအစွမ်းအစမှ
မရှိခဲ့ကြရင် သူများလက်အောက်မှာ ဆက်လုပ်နေကြရဦးမှာပါပဲ။ ဒီလိုအခြေအနေမျိုးတွေ မဖြစ်အောင်
ကျွန်တော်တို့လူငယ်တွေ အခုကတည်းက ကိုယ့်ကိုကိုယ် အရည်အချင်းရှိအောင် ကြိုးစားကြရပါမယ်။
အဲဒီလို မရှိထားတဲ့လူငယ်ဟာ နောက်ကျကျန်ခဲ့မှာပါပဲ။
ကျွန်တော်တို့ လူငယ်တွေဘက်ကလည်း ကိုယ့်ဘဝကို ကိုယ်တိုင်ကြိုးစားဖို့လိုပါတယ်။
ကိုယ့်တာဝန်ကို ကိုယ်ယူကြရပါလိမ့်မယ်။ ကိုယ့်တာဝန်ကို ကိုယ်ယူနိုင်မှသာ အနာဂတ်နိုင်ငံတော်ကို
ပုခုံးပြောင်း တာဝန်ယူနိုင်ကြမှာ ဖြစ်ပါတယ်။ အဲ့ဒီကနေတဆင့် အနာဂတ်ကမ္ဘာကြီးကို ဒီ့ထက်ပိုပြီး
စွမ်းအင်ပြည့်လာအောင်၊ ငြိမ်းချမ်းသာယာလာအောင်၊ တပြေးညီ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာနိုင်အောင်
ယနေ့လူငယ်တွေက စွမ်းဆောင်ကြရမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကနေ့ ဖြစ်ပျက်နေတဲ့၊ ကြုံတွေ့နေရတဲ့
စိန်ခေါ်မှုတွေ၊ ပြဿနာတွေထက် ပိုဆိုးဝါးတဲ့ စိန်ခေါ်မှုအသစ်တွေ၊ ပြဿနာအသစ်တွေကိုလည်း ကိုင်တွယ်ဖြေရှင်းကြရမှာဖြစ်ပါတယ်။
အဲ့ဒီအတွက် Young Global Leaders လို ကမ္ဘာ့လူငယ်ခေါင်းဆောင်များဟာ ဒီကနေ့ကမ္ဘာရဲ့ အဖြစ်အပျက်တွေ၊
စိန်ခေါ်မှုတွေ၊ ပြဿနာတွေကို နားလည်အောင်၊ ဖြေရှင်းနိုင်အောင် ကြိုးပမ်းနေကြတာဖြစ်ပါတယ်။
သူတို့လို ကျွန်တော်တို့လူငယ်တွေ အားလုံးလည်း လိုက်ပါကြိုးပမ်းကြဖို့လိုပါတယ်။
ကမ္ဘာကြီးကိုသိအောင်အရင်လုပ်
အခုဆိုရင် ကမ္ဘာ့ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးထဲမှာ
ကျွန်တော်တို့မြန်မာလူငယ်တွေ အမီလိုက်နိုင် အောင် ကြိုးစားကြရပါတော့မယ်။ နည်းပညာခေတ်ကြီးထဲမှာ
နည်းပညာပိုင်းဆိုင်ရာ လေ့လာမှုတွေ လုပ်ကြရပါမယ်။ စာတွေများများဖတ်ကြရပါမယ်။ များများတွေးကြရပါမယ်။
များများတွေ့ဆုံကြပြီး အပြန်အလှန် အမြင်ချင်းဖလှယ်ကြရပါမယ်။ ကိုယ့်အရည်အသွေးကို ကိုယ်တတ်နိုင်သလောက်
မြှင့်နေရပါမယ်။ မဝေးတော့တဲ့ ကာလတစ်ခုမှာ ကျွန်တော်တို့မြန်မာနိုင်ငံဟာ တစ်ဟုန်ထိုး
တိုးတက်ပြောင်းလဲသွားတာနဲ့တစ်ပြိုင်နက် ကျွန်တော်တို့လူငယ်တွေဟာ ကျရာအခန်းကဏ္ဍမှာ ပါဝင်နိုင်အောင်
အဆင်သင့်ပြင်ဆင်ထားကြရပါမယ်။
ပညာရှင်တစ်ယောက်ပြောတာကြားဖူးပါတယ်။ မြန်မာကို
ကမ္ဘာကသိအောင်လုပ်မယ်ဆိုရင် မြန်မာက ကမ္ဘာကိုသိအောင် အရင်လုပ်ရပါမယ်တဲ့။ ဒါမှသာလည်း ကမ္ဘာကြီး
ဘာတွေလုပ်နေသလဲဆိုတာမျိုး ကိုယ်ကသိနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်က ကမ္ဘာနဲ့ချီပြီး လေ့လာသိရှိထားမှသာ
ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်ဖို့ ပြင်ဆင်ကြရမှာဖြစ်ပါတယ်။ နည်းပညာခေတ်ကြီးထဲမှာ ကမ္ဘာ့အရှေ့ခြမ်း
အနောက်ခြမ်းဆိုတာ ခွဲခြားထားစရာ မလိုလောက်အောင် စက္ကန့်ပိုင်းအတွင်း အဖြစ်အပျက်အားလုံးကို
သိရှိနိုင်နေပြီမို့ ကျွန်တော်တို့အားလုံး ကမ္ဘာကို သိအောင်အရင်လုပ်ကြရပါမယ်။ ကျွန်တော်တို့လူငယ်တွေက
ကမ္ဘာကြီးကို သိသွားပြီဆိုရင် ကမ္ဘာကြီးက မြန်မာဆိုတာကို သိနိုင်အောင်လုပ်ဖို့ အရမ်းနီးစပ်သွားပါပြီ။
။
ဝေဖြိုးဟန် (အင်းစိန်)
၉-၆-၂၀၁၃
(ဤဆောင်းပါးသည် နိုင်ငံရေးဂျာနယ် The Politics Journal အတွဲအမှတ်၂၀၌ ဖော်ပြပါရှိသည့် စာရေးသူ၏ တတိယမြောက်ပုံနှိပ်ဆောင်းပါးဖြစ်သလို အရင်က အပါဆိုတဲ့ကလောင်နာမည်မှ ဝေဖြိုးဟန်(အင်းစိန်)ဆိုသည့် မူရင်းအမည်ကလောင်နာမည်သို့ ပြောင်းလဲပြီး ပထမဆုံးဖော်ပြခံရသည့် ဆောင်းပါးဖြစ်ပါသည်။)
(ဤဆောင်းပါးသည် နိုင်ငံရေးဂျာနယ် The Politics Journal အတွဲအမှတ်၂၀၌ ဖော်ပြပါရှိသည့် စာရေးသူ၏ တတိယမြောက်ပုံနှိပ်ဆောင်းပါးဖြစ်သလို အရင်က အပါဆိုတဲ့ကလောင်နာမည်မှ ဝေဖြိုးဟန်(အင်းစိန်)ဆိုသည့် မူရင်းအမည်ကလောင်နာမည်သို့ ပြောင်းလဲပြီး ပထမဆုံးဖော်ပြခံရသည့် ဆောင်းပါးဖြစ်ပါသည်။)