Sunday, August 11, 2013

ကျွန်တော်အရပ်ပုတာ အစိုးရကြောင့်




            လွန်ခဲ့တဲ့လအတော်ကြာလောက်က အပတ်စဉ်ထုတ် ဒီလှိုင်းဂျာနယ်တစ်စောင်မှာ ဦးဇင်းတစ်ပါးက လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးပို့ခဲ့တာလေး ဖတ်လိုက်ရသည်။ ပထမတော့ ပြုံးချင်စရာလေးပါ။ နောက် တကယ့်ကို ခံစားချက်နဲ့ ရေးထားတာမှန်းသိလိုက်ရချိန် ကျွန်တော် အရမ်းသဘောကျသွားသည်။ ထိုဦးဇင်းက ကျုပ်တို့ အရပ်ပုရတာ အစိုးရကြောင့်တဲ့။ ရုတ်တရက် ဖတ်လိုက်ရတာ တစ်မျိုးကြီး ဖြစ်သွားသည်။ ဟင်…ဘာမဆိုင် ညာမဆိုင် သူ့ဟာသူ အရပ်ပုတာ အစိုးရနဲ့ ဘာဆိုင်လို့လဲပေါ့။ သူ့မိဘ မျိုးရိုး ဗီဇတွေ၊ ဂျင်းတွေကြောင့်လေလို့ တွေးမိပါသည်။ ဒါပေမယ့် စာရေးတဲ့သူ ဦးဇင်းကပဲ ဒီအကြောင်းကို ဆက်ရှင်းသွားပါသည်။

            အစိုးရကြောင့် သူအရပ်ပုရတာပါတဲ့။ ဘာကြောင့်လည်းဆိုရင် အစိုးရရဲ့ စနစ်မဟုတ်လို့ပါတဲ့။ အဲ့ဒီအထိ ကျွန်တော် နားမလည်သေးဘူး။ ရယ်ချင်တာပဲ သိသည်။ သူအရပ်ပုတာကို ရေးကြီးခွင်ကျယ်လုပ်ပြီး အစိုးရကြောင့် စနစ်ကြောင့်ဆိုပြီး ဒီမိုကရေစီ ဆန်ဆန် ဟစ်လိုက်တာ ရယ်ချင်မိသည်။ ဟ ဘာလဲဟ ဆိုပြီး ဆက်ဖတ်ကြည့်သည်။

            မြန်မာပြည်ကို အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေ သူတို့ကောင်းစားဖို့ပဲ တွေးပြီး အလုပ်လုပ်ခဲ့ကြလို့ သူအရပ်ပုရတာပါလို့ ထပ်ပြောပြန်သည်။ ပြီးတော့မှ တကယ်တော့ အုပ်ချုပ်မင်းလုပ်တဲ့ သူတွေဟာ အနာဂတ်ကို ရေရှည်မျှော်မှန်းပြီး စီမံကိန်းတွေချ လုပ်ကိုင်ရမှာပေါ့တဲ့။ ကလေးသူငယ်ဖွံဖြိုးရေးအစီအစဉ်တွေ ရေးဆွဲပြီး ကလေးသူငယ်တွေရဲ့ ကျန်းမာရေး ပညာရေး စတာတွေကို အထောက်အကူပြု ပံ့ပိုးရမှာတဲ့။ အခုတော့ အုပ်ချုပ်ပုံ နည်းစနစ်မကျတော့ ကျေးလက်နေ လူဆင်းရဲတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေရှားပါး၊ လုပ်စရာမရှိတော့ ကလေးတွေနင်းကန်မွေး၊ စားစရာမရှိတော့ ကျောင်းထားဖို့ဆိုတာ ဝေးရော။ ဒီတော့ ကျောင်းမနေရတော့ ပညာကမတတ်၊ ပညာမတတ်တော့ အသိဥာဏ်က မဖွင့်။ အသိဥာဏ်မဖွင့်တော့ စဉ်းစာဆင်ခြင်တုံတရားမရှိ။ အဲ့ဒီတော့ ကိုယ်မွေးထားတဲ့ ကလေးတွေကို ဘယ်လို ပြုစုပျိုးထောင်ပေးရမယ်ဆိုတာ နားမလည် ဖြစ်ခဲ့ကြရတယ်တဲ့။

            ဒီလှိုင်းဆောင်းပါးရှင် ဦးဇင်းကဆက်ပြောသည်။ အဲ့ဒီလို ပညာမသင်ခဲ့ရတဲ့ အလုပ်အကိုင် မယ်မယ်ရရမရှိတဲ့ မိဘနှစ်ပါးကနေ သူ့ကိုမွေးလာတော့ နို့မှုန့်ကောင်းကောင်းလည်း မတိုက်နိုင်၊ ခန္ဓာကိုယ် ဖွံဖြိုးစေမယ့် အားဆေးတွေဆိုတာ ဘာမှန်းတောင် မသိတဲ့ ကျေးလက်နေမိဘတွေဟာ သူ့လို ကလေးတစ်ယောက်ကို ဒီတိုင်းပဲ ပစ်ထားခဲ့ပါတယ်တဲ့။ တကယ်တော့ အစိုးရဟာ အနာဂတ်ရဲ့ ပန်းကလေးတွေဖြစ်တဲ့ ကလေးလေးတွေကို ပြုစုပျိုးထောင်ပေးရမှာပါ။ စီမံချက်တွေနဲ့ မဖြစ်မနေ ဆောင်ရွက်ပေးရမှာပါ။ မိဘဝင်ငွေမရှိလို့ ကျောင်းမတက်နိုင်တဲ့ ကလေးလေးတွေကို အခမဲ့ ပညာရေးတွေလုပ်ပြီး စာသင်ခန်းတွေထဲ ပို့ပေးရမှာပါ။ အခုတော့ အဲ့ဒီလိုတွေ မရှိတော့ ကျုပ်ကိုလည်း မိဘတွေက ဒီလိုပဲ ပစ်ထားလိုက်တာ ကျုပ်အရပ်မထွက်ပဲ ပုနေခဲ့တာပါပဲဗျာလို့ ဦးဇင်းက ရေးပြသွားပါသည်။ နောက် ရှေးမြန်မာမင်းတွေလက်ထပ်က တုတ်တုတ်ခိုင်ခိုင် ပေါင်မှာ ဆေးမှင်ကြောင်တွေ ထိုးပြီး သန်မာထွားကျိုင်းတဲ့ မြန်မာ အမျိုးသားကြီးတွေရဲ့ ပုံကို မြင်ရင် အရမ်းအားကျပြီး ဝမ်းနည်းမိတဲ့အကြောင်းလည်း ထည့်ရေးထားပါသည်။

            ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို အဲ့ဒီလို အဖြစ်မျိုးတွေကို အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးဖို့နဲ့ တစ်ချိန်က မြန်မာတွေက ငပုလို့ခေါ်ခဲ့တဲ့ ဂျပန်တွေဟာ အစိုးရလုပ်သူတွေရဲ့ စီမံခန့်ခွဲမှုအားကောင်းကောင်း၊ စောင့်ရှောက်မှု အားကောင်းကောင်းနဲ့ ပြည်သူပြည်သားတွေအတွက် ထည့်သွင်းစဉ်းစားပြီး လုပ်ကိုင်ပေးခဲ့လို့ သူတို့ ဂျပန်ပြည်မှာ ကလေးသူငယ်ဖွံဖြိုးရေးလုပ်ငန်းတွေ၊ မိခင်နဲ့ကလေးစောင့်ရှောက်ရေးလုပ်ငန်းတွေ ထိထိရောက်ရောက်ဖြစ်ခဲ့ကာ ယနေ့ သူတို့ကို ဂျပန်ငပုလို့ ခေါ်ခဲ့တဲ့ ကျုပ်တို့မြန်မာတွေကို ပြန်ငုံ့ကြည့်ပြီး ငပုလို့ပြန်ခေါ်နေတာ ရင်နာစရာကောင်းပါတယ်လို့ တင်ပြသွားပါသည်။

ဒါက အရင်ခေတ်တုန်းက အခြေအနေကို ပြောတာဖြစ်မှာပါ။ အခုခေတ်မှာတော့ မူလတန်းကျောင်းတွေမှာ အခမဲ့နွားနို့တွေ အဟာရဖြစ်တိုက်ကျွေးနေပါပြီ။ ပြီးတော့ မီဒီယာပိုင်းကလည်း အရင်နဲ့မတူတော့ဘူး။ ကျယ်ပြန့်လာပြီ။ ပုဂ္ဂလိက အသံလွှင့်ရုံတွေလည်းပေါလာပြီ။ သတင်းစာ၊ ဂျာနယ်တွေလည်းများလာပြီ။ ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေကို နေရာပေါင်းစုံကနေသိလာကြရပြီ။ ဒီဘက်ခေတ်မိဘများအတွက် ကိုယ့်ရင်သွေးငယ်များကို ဘယ်လိုပြုစုပျိုးထောင်သင့်တယ် ဆိုတဲ့ အသိပညာပေးအစီအစဉ်တွေလည်း ပြုလုပ်လာကြပါပြီ။

အဲ့ဒီဆောင်းပါးလေးဖတ်ပြီး ကျွန်တော်လည်း အရပ်ပုလို့ ခံစားခဲ့ရဖူးတဲ့ဖြစ်ရပ်လေးတစ်ခု ပြန်စဉ်းစားမိသည်။ ဖြစ်ပုံက လွန်ခဲ့တဲ့ ၁၄နှစ် ကျွန်တော်တို့ ကိုးတန်းကျောင်းသားဘဝက အဖြစ်ကလေးပါ။ အဲ့ဒီကာလတွေက ပြည်ထောင်စုနေ့ဆိုရင် ရန်ကုန်မြို့တော်ခန်းမမှာ သိမ်းထားတဲ့ ပြည်ထောင်စုအလံကြီးကို ဖေဖော်ဝါရီ ၈ ရက်နေ့လောက်ဆို ထုတ်ပြီး ရန်ကုန်တိုင်း ခရိုင်လေးခုကို ပြည်ထောင်စုလှေကြီးနဲ့ ပတ်ပြီး အလေးပြုခံထွက်ကြပါသည်။ အဲ့လို ထွက်တဲ့အခါ ပြည်ထောင်စုလှေကြီးပေါ်မှာ တိုင်းရင်းသားစုံတွဲတွေကလိုက်ကြသည်။ နောက်က ဂျစ်ကားတွေပေါ်မှာ ကျောင်းသားကျောင်းသူတွေက ဝန်းရံ လိုက်ကြ ရသည်။

ထို့ကြောင့် ကျွန်တော်တို့ အထက (၁)ဒဂုံက အမြဲတမ်းလိုလို ကျောင်းသား ၁၄ယောက်ပေးရသည်။ အထက (၂)လသာ မိန်းကလေးကျောင်းက ကျောင်းသူ ၁၄ယောက်ပေးရသည်။ အဲ့ဒီလိုကျောင်းသားကျောင်းသူတွေ ပေးနိုင်ဖို့ ကျောင်းတွေက ရွေးကြသည်။ ဒဂုံ (၁)မှာ လူရွေးပွဲလုပ်တော့ ကျွန်တော်က ကိုးတန်း(E) မှာ အဝါအသင်း ခေါင်းဆောင်လည်းဖြစ်၊ ကျောင်းကောင်စီဝင်လည်း ဖြစ်၊ ပြီးတော့ အတန်းပိုင်ဆရာမ chemistry သင်တဲ့ ဒေါ်မြင့်မြင့်ချို ကလည်း ကျွန်တော့်ကို ချစ်ဆိုတော့ E ခန်းကိုယ်စားပြုရွေးလွှတ်လိုက်ပါသည်။ E ခန်းက မှတ်မိသလောက် ကျွန်တော်၊ ကျော်ရဲလွင် (အခုအမေရိကားမှာ အလုပ်လုပ်နေသူ)နဲ့ ကျွန်တော့်ငယ်ပေါင်းကြီး ကျော်စွာလှိုင် (ယခု ဗန်မော်မှာ ဆေးတပ်တာဝန်ခံ ဗိုလ်ကြီးဒေါက်တာဖြစ်နေသူ) တို့ ဖြစ်ကြသည်။ ကျွန်တော့်အရင်းအနှီးဆုံး ငယ်သူငယ်ချင်းတွေဖြစ်တဲ့ ကျော်လင်းထက် (အခုBusiness Manager ဖြစ်နေ) ရယ်၊ ဖြိုးကျော်သက် (အမေရိကားမှာ ဆရာဝန်လုပ်နေ) ရယ်က ကိုးတန်း L ခန်းကနေ အရွေးခံကြရသည်။

ကျွန်တော်တို့ ဟောခန်းထဲမှာ တန်းစီရပ်ကြရသည်။ ကျောင်းအုပ်ဆရာကြီးဦးကျော်ကျော်ရယ်၊ ကိုးတန်းအတန်းမှုး Eco ဒေါ်ယဉ်ယဉ်မြင့်ရယ်က ရွေးသည်။ အဲ့တုန်းက ဆယ်တန်းကျောင်းသားတွေကို စာမေးပွဲနဲ့မို့ ကိုးတန်းကျောင်းသားတွေကိုပဲ အမြဲရွေးသည်။ ပြီးရင် အဲ့ဒီအရွေးခံရတဲ့ ကျောင်းသားကျောင်းသူတွေက ပြည်ထောင်စု အလံတော် သယ်ယူရေးအဖွဲ့နဲ့ တောက်လျှောက်လေ့ကျင့်ခန်းလုပ်တဲ့ အချိန်ကစပြီး ပြည်ထောင်စုနေ့ပြီးတဲ့အထိ ကန့်သွင်းနေထိုင်ကြရသည်။ မှော်ဘီရောက် မှော်ဘီမှာအိပ်၊ သန်လျင်ရောက် သန်လျင်မှာအိပ်ကြရသည်။ တစ်ချို့ လည်း အဲ့ဒီခရီးစဉ်မှာပဲ လသာ ၂ ကကောင်မလေးတွေနဲ့ ရည်းစားဖြစ်သွားကြတာ ဒုနဲ့ဒေးပါပဲ။ ပြောရရင်တော့ အဆင့်မြင့်မြင့်ပါပဲ။ နိုင်ငံတော်ကပေးတဲ့ချစ်သူလို့တောင် အမည်တပ်ရမလို ဖြစ်ခဲ့သည်။

အဲ့သလိုလူရွေးတဲ့အခါ အခန်းပေါင်းစုံက စလက်ရှင်တွေကြီးပဲ လွှတ်လိုက်ကြတာလေ။ ပေါက်ကရ လူလွှတ်လို့ ဘယ်ရမလဲ။ ကျောင်းပါ သိက္ခာကျသွားမှာပေါ့။ အဲ့ဒီတော့ လူကိုသေချာစိစစ်ကြတာပေါ့။ ကျွန်တော်တို့အားလုံး မတ်တပ်ရပ် သတိဆွဲထားကြရသည်။ ဆရာကြီးနဲ့ အတန်းမှုးတို့က သေချာကြည့်ပြီး အတန်းမှုးက ဟိုတစ်ယောက်က အရပ်ပုနေတယ် မဖြစ်ဘူး။ ကျန်တဲ့လူတွေထက် ခေါင်းတစ်လုံး အောက်ကျနေတယ်၊ ကိုယ့်အတန်းကိုယ်ပြန်တော့လို့ ပြောလိုက်သည်။ အဲ့ဒီလိုပြောခံလိုက်ရတဲ့သူက တခြားသူမဟုတ်ဘူး။ ကျွန်တော်ပဲ။ ဒီတော့ ဟို ဦးဇင်းပြောသလို ပြောရရင်တော့ ကျွန်တော် အရပ်ပုလို့ အပယ်ခံရတာ အစိုးရကြောင့်ပေါ့လို့ ခပ်ကျယ်ကျယ်လေး အော်ပြောလိုက်ချင်ပါတော့သည်။

ထို့ကြောင့် ဒီဘက်ခေတ်ကလေးတွေ ကောင်းသောအစိုးရကြောင့် အရပ်အမောင်းကောင်းကြပါစေလို့ ဆုတောင်းလိုက်ပါသည်။ ။

2 comments:

  1. အင်း စဉ်းစားကြည့်တော့လဲ ဟုတ်တုတ်တုတ်...သို့ပေမင့် ဒီဘက်ခေတ် ကလေးတွေက အစိုးရကောင်းမှုနဲ့ ဂန်ဒူးပုံပေါက်နေပါရောလား...မပေါက်နေရိုးလား ပြလိုက်တဲ့ ကိုရီးယားကား နေ့မီးညမီးကို ဆက်လို့...

    ReplyDelete
    Replies
    1. ဂန်ဒူးပုံရော ပုတာရော အသက်တွေတို လာတာကော ဟာ တပ်မတော် သာ အမိ တပ်မတော် သာ အဖ ကြောင့် ဗျ။

      Delete