“ပြောစရာ စကားတွေထဲမှာ တစ်ခုကျန်သွားတယ် ဂျက်…”
သူက
ပြောလက်စ စကားကို ရပ်ပြီး မြစ်ပြင်ဘက် ခပ်ဝေးဝေးကို လှန်းငေးလိုက်သည်။ ဂျက် ကသူ့စကားကို
နားစွင့်နေသည်။
“ငါတို့လို ကျောင်းပြေးတွေ အက်ဒီစင်လိုဖြစ်ဖို့လိုသေးတယ်။
အက်ဒီစင်ဆို ကျောင်းမတက်ပဲ သူဝါသနာပါတာကိုပဲ တစိုက်မတ်မတ် လေ့လာခဲ့လို့ ကမ္ဘာကျော်သွားတာပဲ။
ကျောင်းပြေးတာမကောင်းဘူးဆိုပေမယ့် ကောင်းတဲ့အချက်တွေလည်း အများကြီးပဲရှိတယ်။ ဒါကို
မင်းလက်ခံလား”
ဂျက်က ခေါင်းကုတ်သည်။ ဒီကောင် စကားကြီး စကားကျယ်တွေသိပ်ပြောတတ်မှန်း
သိနေလို့သာ ဂျက် ငြိမ်နေခြင်းဖြစ်သည်။ အဲ့ဒီလိုမှ မဟုတ်ရင် ဂျက် ထိုင်နေရာကနေ အဝေးကို
ထထွက်သွားမိတော့မှာလေ။ ဂျက်က သူ့လို အပြောသမားမဟုတ်၊ လက်တွေ့သမားဖြစ်သည်။ စကားနည်းပေမယ့်
စိတ်ကူးယဉ်ဆန်တတ်တဲ့သူမျိုးမဟုတ်။
သူက မေးခွန်းထုတ်ထားပေမယ့် ဂျက်က လက်ထဲကဆေးလိပ်ကို
ကြည့်လိုက် ဖွာလိုက် ဆက်တိုက်လုပ်နေတော့ သူစိတ်မရှည်တော့ပေ။
“မင်း အဲ့ဒီစီးကရက်ပေါ်မှာပဲ ကျောင်းပြေးရခြင်းကို
ပုံအပ်ထားတော့မှာလား…ငါတို့ ပညာရေးကို စိတ်မဝင်စားတော့ဘူးဆိုရင် ကမ္ဘာကျော်အောင် တစ်ခုခုလေ့လာသင့်ပြီ..ကျောင်းစာမသင်ချင်တဲ့သူတွေဟာ
ကမ္ဘာကြီးကို ဘယ်လောက်အကျိုးရှိစေတယ် ဆိုတာ ပြရမယ်”
သူ့စကားက နဲနဲရင့်ရင့်မာမာ၊ ကြီးကြီးကျယ်ကျယ်ဖြစ်လာသည်။
ဂျက် သူ့ကို တချက်ငဲ့စောင်းကြည့်လိုက်သည်။ လက်ထဲက စီးကရက်ကို လွှင့်ပစ်လိုက်သည်။ သူ့ကို
ကြောက်လို့တော့မဟုတ်ဘူး။ သူ့စကားကို လိုက်နာချင်လို့လည်း မဟုတ်ဘူး။ သူ့ပြောလိုက်တာကို
မခံချင်လို့ အခုလို လွှင့်ပစ်လိုက်ခြင်းဖြစ်သည်။
ဂျက်က သူတို့ထိုင်နေတဲ့ ကမ်းနားက လှေတွေဆီ
အာရုံပြောင်းလိုက်သည်။ ပြီးတော့…
“ငါတို့ ဟိုဘက်ကမ်းကို လှေလှော်သွားရအောင်”
ဂျက်စကားကြောင့် သူအံသြသွားသည်။ ဟိုဘက်ကမ်းကို
လှေလှော်သွားရအောင်လို့ ပြောလိုက်တာ ဂျက်မှ ဟုတ်ရဲ့လားဆိုပြီး သူအံသြနေခြင်းဖြစ်သည်။
ဘာလို့လည်းဆိုတော့ ဂျက်က ရေကြောက်တတ်မှန်း သူကောင်းကောင်းကြီး သိထားသည်။
“မင်း ရေမကြောက်တော့ဘူးလား..တကယ်လို့များ မြစ်လယ်ရောက်မှ
မုန်တိုင်းတိုက်ရင် ဘယ်လိုလုပ်မလဲ…ငါက ရေကူးတတ်တယ်ကွ..မင်းကို ကယ်နိုင်ရင်တော့ ကောင်းတာပေါ့။
မကယ်နိုင်ရင်…”
“မဖြစ်သေးတာကို တွေးကြောက်နေတာထက် လက်တွေ့လုပ်ကြည့်တာ
ပိုပြီး ဓမ္မဓိဠာန်ကျတယ်ကွ…ငါ ရေကြောက်တတ်ပေမယ့် တွေးကြောက်တတ်တဲ့ကောင်တော့ မဟုတ်ဘူး။
စိတ်ကူးယဉ်ဆန်ဆန်တွေ ပြောနေတာထက် လက်တွေ့ထလုပ်ကြည့်တာကို ပိုကြိုက်တယ်”
“သိပ်သတ္တိကောင်းနေပါလားဂျက်…ဒါဆို ငါတို့ လှေသမားတစ်ယောက်ကို
စည်းရုံးရေးဆင်းကြတာပေါ့”
*****************************************************************************************
သူတို့နှစ်ယောက် လှေဆိပ်ကို ဆင်းသွားကြသည်။
ကျောင်းပြေးလာတဲ့သူတွေမို့ လွယ်အိတ်ကိုယ်စီနဲ့ ဖြစ်ကြသည်။ လွယ်အိတ်ထဲမှာ ကျောင်းဝတ်စုံတွေထည့်ထားပြီး
သူတို့နှစ်ယောက်က အသင့်ပါလာတဲ့ အဝတ်အစားတွေ လဲဝတ်ထားပြီးကြပြီ။
လှေသမားတစ်ယောက်ကို မိနစ်အနည်းငယ်လောက်ပဲ ပြောရသေးတယ်
သူတို့လှေပေါ်ရောက်နေကြပြီ။ တစ်စီးလုံးမှာ သူတို့ သူငယ်ချင်း နှစ်ယောက်နဲ့ လှေသမားပဲပါသည်။
ဂျက်က လှေသမားကြီး ဘေးအိတ်ထဲကို စီးကရက်လက်ကျန်ဗူး
ထည့်ပေးလိုက်တာ သူတွေ့လိုက်သည်။ လှေသမားက သဘောအကျကြီး ကျသွားပြီး သူ့လှော်တက်ကြီးကို
ဂျက်လက်ထဲ ထည့်ပေးလိုက်သည်။
“ဟေ့ကောင် ဂျက်…ကြည့်လုပ်နော်…အန္တရာယ်များတယ်…ငါ
မသေချင်သေးဘူး..ကမ္ဘာကျော်အောင် လုပ်ရဦးမှာ”
“ကျောင်းပြေးရင်း ပညာရပ်တစ်ခုကို တတ်မြောက်အောင်
သင်ယူလေ့လာရေး လုပ်မှ အက်ဒီစင်လို ဖြစ်မှာပေါ့ကွ ငါလည်း လှေထိုးတတ်အောင် သင်တာလေ..မင်းရော
မသင်ချင်ဘူးလား…လှေထိုးတတ်ရင် အနည်းဆုံးကမ္ဘာမကျော်တောင် ထမင်းတော့ မငတ်တော့ဘူးပေါ့ကွ…ဟားဟား..ဟား…”
စကားနည်းတဲ့ ဂျက်က အခုကျမှ စကားတွေ နင်းကန်ပြောတော့သည်။
သူ ပြောမိတဲ့ စကားကို နင်းပြီး သူ့ကို ပြန်ပြောနေလို့ အောင့်သက်သက်ဖြစ်နေရသည်။ ကြောက်စိတ်ကလည်း
နဲနဲရှိသည်။ ပြောမယ့်သာ ပြောတာ။ သူက ရေကူးတတ်ပေမယ့် ကြောက်သည်။
ဒါကထုံးစံပဲ။ ရေကူးတတ်တဲ့လူက ရေနစ်မှာတွေးပြီးကြောက်တတ်သလို
ရေမကူးတတ်တဲ့ကောင်ကတော့ ရေနစ်မှာကို တွေးပြီး မကြောက်တတ်ဘူး။ ဂျက်က သူရေနစ်သွားရင်တောင်
သူ့ကို ကယ်မယ့် ရေကူးတတ်တဲ့လူနှစ်ယောက်ရှိနေတယ်ဆိုတာ သူသိသည်။
“အဲ့ဒီကောင် ရေမကူးတတ်ဘူး ဆရာကြီး…တစ်ခုခုဖြစ်ရင်
သူသေမှာပဲ”
သူက လှေသမားကြီးကို လှမ်းအော်သည်။ ဒါကို ဂျက်က
သဘောပင်ကျနေသေးသည်။
သူ့လက်ထဲက လှော်တက်ကြီးနဲ့ မြစ်ရေတွေကို ဖယ်ထုတ်ပြီး လှေကလေးကို
အရှေ့တွန်းပို့နေလေသည်။ သူတို့လှေကလေး မြစ်လယ်ကို တရွေ့ရွေ့ သွားနေလေပြီ။
“လူလေးတို့နှစ်ယောက် ဘယ်ကိုသွားမှာလဲ”
“ကျွန်တော်မသိဘူး ဟိုကောင် ဂျက်ကိုမေးကြည့်…သူလှေလှော်ချင်တယ်ဆိုလို့
ကျွန်တော်ကလိုက်လာပေးတာ”
“ဟေ့ ဂျက်…ဘယ်သွားမှာလဲ” လှေသမားက ဂျက်ဆိုတဲ့ကောင်လေးကို
လှန်းမေးသည်။
“ဟိုဘက်ကမ်းလေ…ကျွန်တော် ဟိုဘက်ကမ်းရောက်အောင်
လှော်သွားပါ့မယ်”
“ဒါတော့ မဖြစ်ဘူးဆရာကြီး ဒီကောင့်ကို မယုံနဲ့
ကျွန်တော်တို့ သုံးယောက်လုံး လှေမှောက်ပြီး သေလိမ့်မယ်”
သူက အကြောက်အကန်ငြင်းပြီး ဂျက်လက်ထဲက လှော်တက်ကို
ပြန်ယူဖို့ လှေသမားကို ပြောသည်။ လှေသမားက ပြုံးပြုံးကြီး ကြည့်နေသည်။ စီးကရက်ဗူး လာဘ်ထိုးထားတဲ့အတွက်
လှေသမားက…
“မင်းသူငယ်ချင်းက မဆိုးပါဘူးကွ လှေလှော်တတ်ပါတယ်…”
လှေသမားဆီက အဲ့ဒီအသံထွက်လာတော့ ဂျက်ပျော်သွားသည်။
လှော်တက်ကို ပိုပြီး ကျစ်နေအောင်ဆုတ်ကိုင်လိုက်ပြီး တအားကုန် လှော်ခတ်ပစ်လိုက်သည်။
လှေကလည်း အရှိန်လေးနဲ့ မျောသွားသည်။
တစ်နေရာအရောက်မှာ လှေလူးသလို ဖြစ်သွားသည်။
တဖက်က သဗ္ဗန်တစ်စင်း အရှိန်နဲ့ ဝေါကနဲမောင်းသွားလို့ သူ့ဆီက ရေလှိုင်းတွေ ဂျက်တို့လှေဘက်
ရောက်လာလို့ဖြစ်သည်။ ဂျက်ကောင်းကောင်း ထိန်းထားလိုက်နိုင်သည်။ ဂျက်က လှေသမားကို ဖြစ်တယ်မလားလို့
အဓိပ္ပာယ်ရတဲ့ မျက်နှာအမူအယာနဲ့ လုပ်ပြလိုက်သည်။ လှေသမားကလည်း ခေါင်းငြှိမ့်ပြသည်။ ဂျက်ပိုပြီး
အားတက်သွားသည်။
သူလှေတစ်စင်းကို ကောင်းကောင်းထိန်းနိုင်ခဲ့ပြီပဲ။
“ဟေ့ မိုက်ကယ်..မင်းလှော်ကြည့်ပါဦးလား။ အရမ်းလှော်လို့ကောင်းတယ်ကွ။
အခုလို မြစ်လယ်မှာ လှေလှော်ဖို့ဆိုတာ လွယ်တာမှတ်လို့…မင်းပဲ ကမ္ဘာကျော်ချင်တယ်ဆိုကွ”
“ဟင့်အင်း ငါမလှော်ချင်ဘူး။ ငါမကျွမ်းကျင်တဲ့အလုပ်ကို
ဘယ်တော့မှ လက်တဲ့မစမ်းချင်ဘူး။ လှေလှော်တာနဲ့ ကမ္ဘာကျော်တာနဲ့ ဘာဆိုင်သလဲ”
“ဆိုင်တာပေါ့ကွ…ဒီလှေကလေးကိုလှော်တက်မှ တိုက်တန်းနစ်လို
ကမ္ဘာကျော်သဘောင်္ကြီးတွေမောင်းနိုင်လာမှာပေါ့…”
“အေးပါ..တိုက်တန်းနစ်မောင်းပြီး တိုက်လိုက်တာနဲ့
နစ်မသွားအောင်တော့လုပ်ပေါ့”
ဂျက်က လှေကို အားရပါးရဆက်လှော်ခဲ့သည်။
“ကောင်လေး…ရှေ့နားမှာ ဝဲရှိတယ် ဘယ်ဘက်က ကပ်သွား”
လှေသမားရဲ့ အသံကြားတော့ မိုက်ကယ် မျက်လုံးပြူးသွားသည်။
ဝဲဆိုတာ ကြောက်ဖို့ကောင်းသည်။ လှေတစ်စီးလုံးကို ချာချာလည်အောင် လုပ်ပြီး ရေအောက်ဆွဲယူသွားတတ်တဲ့အရာမှန်း
မိုက်ကယ်သဘောပေါက်ထားသည်။ လှေသမားတိုင်းက ဝဲကို အထူးရှောင်ကြသည်။
“ဂျက်…ဆရာကြီးကို ပေးလှော်လိုက်..ရှေ့မှာ ဝဲရှိတယ်မဟုတ်လား”
“ရပါတယ်ကွ..မကြောက်ပါနဲ့…ငါဟိုဘက်က ကပ်သွားနိုင်ပါတယ်”
ဂျက်ဆီက အသံပြန်ကြားရတော့ မိုက်ကယ် ဒေါသထွက်သွားသည်။
ဒီကောင် ဘာလို့ ဒီလောက် ပြောရဆိုရ ခက်နေတာပါလိမ့်လို့ တစ်ယောက်တည်း ရေရွတ်နေရုံမှ အပ
ဘာမှ မလုပ်နိုင်။ လှေဘောင်နှစ်ဖက်ကို ကိုင်ထားရင်း စိုးရိမ်စိတ်တွေနဲ့ လိုက်ပါနေရသည်။
ဂျက်က လှေကိုကွေ့ချင်ပေမယ့် ဘယ်လိုကွေ့ရမှန်းမသိဖြစ်နေသည်။
လှေသမားကြီးက ဂျက်နဲ့မိုက်ကယ်တို့ရဲ့ ပုံစံတွေကို ကြည့်ရင်း သဘောကျနေသည်။ တစ်ယောက်က
တွေးကြောက်ပြီး စိုးရိမ်တတ်သူ၊ တစ်ယောက်က လက်တွေ့ဆန်သူ။
ဒီအတိုင်းသာ လွှတ်ထားလိုက်ရင် သူတို့လှေ ဝဲရှိတဲ့ဆီ
တည့်တည့်ကြီး ဦးတည်နေပြီ။ လှေသမားကြီးက သူ့လှေထဲမှာ အပိုပါလာတဲ့ လှော်တက်ရှည်ကြီးကို
ထုတ်လိုက်ပြီး လှေကို ကွေ့သွားအောင် လုပ်ဖို့ရေထဲထိုးချလိုက်သည်။
လှေသမားရဲ့ လှော်တက်ကြောင့်
လှေလည်း ဦးတည်ချက်ပြောင်းသွားသည်။ ဂျက်က လှေသမားကို ကြည့်ပြီး ကျေးဇူးတင်ကြောင်း ရယ်ပြသည်။
လှေသမားက သူ့လှော်တက်ကြီးကို ပြန်တင်လိုက်ပြီး ဂျက်ကို ဆက်လှော်ခိုင်းသည်။
သူတို့လှေကလေးက မြစ်လယ်တည့်တည့်ကို ရောက်ခဲ့လေပြီ။
ထွက်ခွာလာတဲ့ ကမ်းနဲ့လည်း တော်တော်လေး လှမ်းသွားပြီ။ သူတို့လှော်သွားနေတဲ့ ကမ်းဆီရောက်ဖို့ကလည်း
တော်တော်လိုသေးသည်။
“မိုက်ကယ် မင်းငြိမ်လှချည်လားကွ…ငါလှော်တာကို
စိတ်မချလို့ ကြောက်နေတာလား”
“တော်စမ်းပါကွာ…ငါ့ဘဝမှာ ကြောက်တယ်ဆိုတာမရှိဘူး။
ကြောက်သွေးပါရင် ဖောက်ထုတ်ပစ်လိုက်မယ်”
မိုက်ကယ်က စကားအကြောမခံ။ သူ့ကို ကြောက်နေတယ်ဆိုပြီး
အထင်ခံရတာကို သူသဘောမကျဘူး။
“မင်းတကယ် မကြောက်ဖူးပေါ့ ဟုတ်လားမိုက်ကယ်…ဒါဆိုပြီးရောလေ”
ဂျက်က ပြောပြောဆိုဆိုနဲ့ လှေကို ဘယ်ညာယိမ်းအောင်
လှုပ်ထည့်လိုက်သည်။ လှေလည်း ဘယ်ယိမ်းလိုက် ညာယိမ်းလိုက်နဲ့ လွန့်လွန့်လူးသွားတော့သည်။
မိုက်ကယ်က အသံကုန်အောင် အော်သည်။
“ဟေ့ကောင် သောက်ရူး၊ အရူးမထနဲ့…မင့်အမေလင်
လှေက မမှောက်ဖူးလို့ အာမ မခံဖူး”
မိုက်ကယ့်အော်သံကြောင့် ဂျက်ကြိတ်ပြီး ရယ်သည်။
လှေသမားကတော့ သက်ပြင်းရှည်ကို လေးပင်စွာချလိုက်သည်။
ဒီကလေးနှစ်ယောက်ရဲ့ အားပြိုင်ပွဲက ငါ့လှေပေါ်မှာ
ဖြစ်နေတာ ငါကံဆိုးချင်လို့များလား လို့ မတွေးစဖူး အတွေးတစ်ခု ရောက်လာသည်။
****************************************************************************************
ဂျက်လှေလှော်နေတာကို မြင်တော့ တခြားလှေက လူတွေက
ကြည့်သွားကြသည်။ ဒီလှေထိုးသားကို သူတို့ မမြင်ဘူးကြသောကြောင့် ဖြစ်သည်။ ဒါပေမယ့် သူ့ရှေ့နားမှာ
ထိုင်နေတဲ့ လှေသမားကို မြင်တော့မှ သူတို့ ရိပ်မိကြသည်။
ဂျက်တို့လှေကလေးလည်း လှော်ရင်း တဘက်ကမ်းစပ်ကို
တဖြည်းဖြည့် ရောက်ခါနီးလေပြီ။
“ကောင်လေး..ရှေ့မှာ သဘောင်္ဆိပ်က ထွက်လာနေတဲ့
သဘောင်္ကြီးလာနေတယ်။ အဲ့ဒီနားကို သိပ်မကပ်နဲ့။ သူ့ဆီကလှိုင်းတွေက အရမ်းများတယ်။ မင်းထိန်းနိုင်မှာမဟုတ်ဘူး”
“ဟေ့ကောင် ဂျက် မင်းလှော်တက်ကြီးကို ဆရာကြီးဆီ
ပြန်ပေးလိုက်စမ်းပါကွာ…ဒီလောက်လှော်ရ ကျေနပ်တော့ပေါ့။ ဒါ ကစားကွင်းထဲက လှေမဟုတ်သလို
ကစားဖို့လုပ်ပေးထားတဲ့ ရေကန်လည်းမဟုတ်ဘူး”
“ငါသိတာပေါ့ မိုက်ကယ်ရာ…ငါ့ကို မင်းပြောတယ်လေ..ကျောင်းပြေးတာ
စီးကရက်ပေါ်မှာပဲ ပုံအပ်ထားတော့မှာလားဆို..အခု လှေပေါ်မှာ ပုံအပ်ထားလိုက်ပြီ။ စီးကရက်သောက်ရတာလည်း
မသောက်တတ်ခင်က ရှိုက်ရတာ ခက်သလိုပဲ လှေလှော် ရတာလည်း မလှော်တတ်ခင်ဆိုတော့ နည်းနည်းခက်နေတာပေါ့။
နောက်တစ်ခေါက်ကျရင် ကောင်းကောင်း လှော်တတ်အောင် ပညာယူနေတာပါကွ”
“ဒီသောက်ရူးကတော့ စကားများနေပြန်ပြီ…ဟေ့ကောင်
ရှေ့မှာ သဘောင်္နဲ့ နီးနေပြီနော်”
မိုက်ကယ်က စိုးရိမ်တစ်ကြီး သတိပေးလိုက်သည်။
လှေသမားကလည်း သူ့လှော်တက်အပိုကြီးကို ကောက်ကိုင်ထား လိုက်သည်။ ပြီးတော့ …
“ကောင်လေး…မင်းခဏဖယ်တော့..သဘောင်္နဲ့ အရမ်းနီးနေပြီ”
ဒီတော့မှ ဂျက်က သူ့လက်ထဲက လှော်တက်ကို လှေသမားဆီလှန်းပေးလိုက်ပြီး
မိုက်ကယ်ရှိတဲ့ ဆီထသွားသည်။ သဘောင်္ဆီက ပုတ်ခတ်လာတဲ့ လှိုင်းအရှိန်က သူတို့လှေကလေးကို
တွန်းတိုက်နေတော့သည်။ လှေက တယိမ်းတယိုင်ဖြစ်နေသည်။ သဘောင်္ကလည်း ဥသြဆွဲပြီး အချက်ပေးသည်။
သူ့လမ်းကြောင်းပေါ် ရောက်နေတဲ့ လှေကို လမ်းရှင်းခိုင်းသည့် သဘောဖြစ်သည်။
“ဟေ့..ကောင်လေး..မထနဲ့..အန္တရာယ်များတယ်”
လှေသမားက လှန်းအော်လိုက်ပေမယ့် အချိန်မမှီတော့ပေ။
ဂျက်က မတ်တပ်ရပ်လိုက်စဉ်မှာပဲ လှေ ဟန်ချက်မထိန်းနိုင်တော့ပဲ မှောက်သွားတော့သည်။
“ဟာ…လှေတစ်စီးမှောက်သွားပြီ”
သဘောင်္ပေါ်မှ ခရီးသည်တစ်ချို့က မြင်လိုက်ရတဲ့
မြင်ကွင်းကြောင့် ဝိုင်းအော်ကြသည်။
ကမ်းစပ်မှာ ရောက်နေတဲ့ လှေသမားတွေလည်း ထိုမြင်ကွင်းကို
တွေ့လိုက်ရသည်။ ဒါ…ဂျော်နီ့လှေကွ…ချာတိတ်လေး လှော်နေတဲ့ လှေပဲဖြစ်မယ် လို့ တစ်ချို့က
ပြောဆိုလိုက်ကြသည်။ ကယ်ဆယ်ရေးလုပ်ဖို့ တစ်ချို့ လှေသမားတွေ ကမ်းစပ်က ထွက်လာကြသည်။
သဘောင်္မောင်းလာတဲ့
သူကြီးဖြစ်သူကလည်း လှေမှောက်တဲ့နား သူ့သဘောင်္ရောက်သွားမှာ ဆိုးလို့ ချက်ချင်း လမ်းကြောင်းလွှဲရတော့သည်။
သင်္ဘောကြီးသာ အဲ့ဒီနားကပ်သွားရင် ရေနစ်နေတဲ့သူတွေ သူ့ဗိုက်အောက် ရောက်သွားနိုင်သည်။
မိုက်ကယ်က ရေထဲမှာ ခေါင်းကို မော့ပြီး ကူးနိုင်သမျှ
ကူးသည်။ လှေသမားက သူ့လှေကို အတင်းပြန်လှန်ချနေသည်။ ဂျက်တစ်ယောက်ကတော့ ရေထဲနစ်နေလေပြီ။
“ဆရာကြီး…ကျွန်တော့်သူငယ်ချင်းကို ဆယ်ပါဦး…ဒီကောင်ရေမကူးတတ်ဘူး။
သူ့ကိုကယ်ပါဗျ…”
မိုက်ကယ်က လှေသမားကို လှန်းအော်သည်။ လှေသမားလည်း
ရေထဲ ပြန်ငုပ်သွားပြီး ဂျက်ကို ရှာသည်။
တအောင့်နေတော့ လှေသမားပြန်ပေါ်လာသည်။ ခေါင်းခါပြသည်။
ဂျက်ကို ရှာလို့မတွေ့။ မိုက်ကယ် ရေကူးရင်းအော်ငိုသည်။
လှေသမားလည်း နောက်တစ်ခေါက်ထပ် ငုပ်ပြီးရှာသည်။
ပထမတစ်ခေါက်လိုပဲ ဂျက်ကို ရှာမတွေ့။
ထိုအချိန်မှာပဲ သူတို့နားကို လှေနှစ်စီးကပ်လာသည်။
သူတို့နှစ်ယောက်စလုံးကို လှေပေါ်ဆွဲတင်ကြသည်။ မိုက်ကယ်ကတော့ သူ့သူငယ်ချင်း ဂျက်ကို ရှာပေးဖို့ပဲ
အော်နေသည်။ ငိုလည်းငိုနေသည်။ လှေထိုးသားသုံးယောက်လောက် ရေထဲငုပ်ပြီး ရှာကြသည်။ ငါးမိနစ်လောက်ကြာတော့မှ
ရေငုပ်သမားတစ်ယောက်နဲ့အတူ ဂျက်ကို ဆယ်လာနိုင်သည်။ မိုက်ကယ် ကတုန်ကယင်နဲ့ သူ့လှေပေါ်
ဂျက်ကိုဆွဲတင်သည်။
“ဂျက်…သူငယ်ချင်း…ဂျက်” မိုက်ကယ်က အတင်းလှုပ်ပြီး
ဂျက်ကို အဆက်မပြတ်ခေါ်နေတော့သည်။
ဂျက်က တုပ်တုပ်ပင်မလှုပ်။ လှေထိုးသားတစ်ယောက်က
ဂျက်ပါးစပ်ကို ငုပ်ပြီးလေမှုတ်ထည့်သည်။ သူတို့ ကမ်းစပ်ကို ရောက်အောင် ဒုန်းစိုင်းလှော်သွားကြသည်။
ကမ်းစပ်မှာလည်း လူတစ်ချို့က သူတို့အဖြစ်အပျက်ကို စောင့်ကြည့်နေကြသည်။ ရဲတစ်ချို့လည်း
ရောက်နေကြသည်။
ကုန်းပေါ်ရောက်တော့ ဂျက်ကို တစ်ယောက်က ထမ်းပြေးသည်။
လူတွေကလည်း ဝိုင်းအုံကြည့်နေကြသည်။ ခေါက်တုပ်ခေါက်ပြန် ပြေးပြီးတော့မှ ဂျက်ပါးစပ်ထဲက
ရေတွေအန်ကျလာပြီး တအင့်အင့်နဲ့ ဖြစ်လာသည်။
ဒီတော့မှ မိုက်ကယ်လည်း အသက်ရှူနိုင်တော့သည်။
သူ့သူငယ်ချင်းကို ပြေးပွေ့လိုက်သည်။ တဟီးဟီးနဲ့လည်း ငိုနေသေးသည်။
“ဂျက်ရာ..မင်းကိုငါပြောတယ်..ဘယ်တော့မှ မကျွမ်းကျင်တဲ့အလုပ်ကို
လက်တည့်မစမ်းပါနဲ့လို့..အခုတော့ ကံကောင်းလို့ မသေတာကွာ..မင်းသေသွားရင် ငါရူးမှာပဲ”
အဲ့ဒီအချိန်မှာ ဂျက်က အသက်ကို မျှင်းပြီးရှူနေရသည်။
အသံပျော့လေးနဲ့ စကားပြောဖို့ အားယူသည်။ ထို့နောက်…
“မိုက်ကယ်..ငါ့ကိုခွင့်လွှတ်ပါကွာ…လက်တွေ့ဆန်တိုင်းလည်း
မကောင်းဘူးဆိုတာ ငါသိပါပြီ…”
ဂျက်ဆီက ထိုစကားသံကြားလိုက်ရတော့ မိုက်ကယ်
ကျေနပ်စွာပြုံးလိုက်သည်။
“စိတ်ကူးယဉ်ပြီး စကားကြီးစကားကျယ်တွေပြောတိုင်း
လက်တွေ့မှာ လုပ်ဖို့ခက်တယ်ဆိုတာ ငါလည်း ကောင်းကောင်း သဘောပေါက်သွားပြီး ဂျက်ရာ…ငါတို့
စာသင်ခန်းထဲ ပြန်သွားကြတာပေါ့”
ထို့နောက်နှစ်ယောက်သား ပြိုင်တူရယ်လိုက်ကြပါသည်။
သူတို့ငှားစီးလာတဲ့လှေမှ လှေသမားကြီးကတော့ ခပ်လှန်းလှန်းကနေ ကြည့်ရင်း ခေါင်းတဆတ်ဆတ်ငြှိမ့်နေလေတော့သည်။ ။
၁၈-၈-၂၀၁၂
ဖတ်ပြီး သင်ခန်းစာယူသွားတယ်။ ကိုယ်မကျွမ်းကျင်တဲ့အလုပ်ကို အရဲစွန့်ပြီးမလုပ်ဖို့။ ရေနဲ့ပတ်သက်ရင်ပေါ့။ တို့လဲ ရေမကူးတတ်ဘူး။
ReplyDeleteတစ်ခြားစက်ပစ္စည်းနဲ့ပတ်သက်တာတော့ တစ်ခါတစ်လေ လက်တွေ့စမ်းကြည့်ချင်တယ်။းP