နောက်နေ့ ကြိုတင်စီစဉ်ထားတဲ့
အတိုင်း သီလဝါ Industry Zone နားမှာရှိတဲ့ နိုင်ငံတကာ ကုန်သွယ်ရေးဗဟိုဌာန
(International Trade Center) ကိုသွားကြသည်။ လက်မှတ်လုပ်ပြီးသားမို့ ကျနော်တို့ တဖွဲ့လုံး
တက်ကြည့်ကြသည်။ ပေါင်းကူးတံတားထိပဲ ပေးတတ်သည်။ မတက်ခင် ရုပ်ရှင်အရင်ကြည့်ရသည်။ ဒီ အဆောက်အဦးကြီး
ဘယ်လိုစတင် အုတ်မြစ်ချပြီး ဘယ်လိုတည်ဆောက်ခဲ့သလဲဆိုတာတွေကို မှတ်တမ်းရုပ်ရှင်အနေနဲ့ရော…ပြီးတော့
3D နဲ့ အဆောက်အဦး ဒီဇိုင်း၊ ရာသီဥတု လေဒဏ်၊ မိုးဒဏ်၊ ငလျင်ဒဏ်တွေကို ဘယ်လိုခံနိုင်ရည်ရှိအောင်
တည်ဆောက်ထားတယ် ဆိုတာတွေကို အယ်နီမေးရှင်းပြကွက်တွေနဲ့ အရင်ပြသည်။ ပြီးတော့မှ တသုတ်ချင်းလွှတ်သည်။
ကျနော်တို့ အဖွဲ့မှာ ဇာနည်ထက်တို့
မိသားစု ၃ယောက်၊ ငရဲတို့လင်မယား၊ ရိန်းရယ်၊ စန္ဒီရယ်၊ ဖိုးခန့်ရယ် မောင်ဘုန်း ရယ်၊ ကျနော်ရယ်
ပြီးတော့ ကျနော့်တပည့် ကိုဌေးရယ်၊ ပြီးတော့ Disney Land ကို တခါမှ မရောက်ဖူးလို့ လိုက်ချင်တယ်
ဆိုသော ကျနော့်သူငယ်ချင်း ဆန်းထွန်းရယ်၊စုစုပေါင်း ၁၂ယောက်သွားကြသည်။
ITC အဆောက်အဦးရဲ့  အထပ်၁၂၀
မှာရှိသော ပေါင်းကူးတံတားပေါ်မှ ရန်ကုန်မြို့ တမြို့ လုံးတင်မက လှိုင်သာယာ၊ ရွှေပြည်သာ
စက်မှုမြို့ များအထိမြင်ရသည်။ ထို့ပြင် ဆူးလေMRT အတွင်းမှာ အတက်အဆင်းလုပ်နေသော ခရီးသည်များကို
လည်းတွေ့ရသည်။ ပြီးတော့ ဒဂုံတက္ကသိုလ်ဘက်မောင်းသွားသော MRT ကြီးကိုပါ လှန်းမြင်နေရသည်။
အဝေးကြည့် မှန်ပြောင်း ၃လက် ချထားပေးလို့ တန်းစီပြီး ကြည့်ကြရသည်။ မိနစ်၂၀ သာနေခွင့်ပြုလို့
ကျနော်တို့ပြန်ဆင်းလာကြပြီး သန်လျင် Disney Land ဘက်ခရီးဆက်ခဲ့ကြသည်။
Disney Land ရောက်တော့ ရိန်းတို့
စန္ဒီတို့က မစိမ်းပေမယ့် ဖိုးထက်၊ ဖိုးခန့်နဲ့ မောင်ဘုန်းတို့ ကတော့ စိမ်းနေသေးသည်။
ဒါတောင် ဖွင့်ပြီးပြီးချင်း ၁ခေါက်ရောက်ဖူးထားကြလို့ အရမ်းအူကြောင်ကြောင် ဖြစ်မနေခြင်းပင်။
ကလေးတွေနီးပါး ပျော်နေသူများကတော့
ငရဲနဲ့ဆန်းထွန်းဖြစ်သည်။ ငရဲကလည်း သူ့မိန်းမကို တုံတုံနဲ့ ထားခဲ့ပြီး ဆန်းထွန်းနဲ့၂ယောက်သား
ကင်မရာတစ်လုံးစီဖြင့် အပျော်တမ်းဖွန်ကြောင်..အဲ..အပျော်တမ်းဓါတ်ပုံလိုက်ရိုက်ကြသည်။
ဆန်းထွန်းက ကျနော့်လိုပဲ လူလွတ်မို့ ပြဿနာမရှိပေမယ့် ငရဲက မယားကြီးငုပ်တုတ် ရှိနေလျက်နဲ့
ကဲတာကတော့ နဲနဲလွန်သလားလို့။ အသက်တွေ၄၀ကျော်နေပေမယ့် ငယ်မူငယ်သွေး ငယ်ဘူး အရှိန်လေးက
မပြေ့ တပြေ့ မို့ ကျနော်နားလည်ပေးလိုက်ပါသည်။
ဖိုးခန့်နဲ့မောင်ဘုန်းတို့ကတော့
စန္ဒီ့ နားက မခွာတော့ဘူး။ ညီမလေးကို ညလေး ညလေးနဲ့ မပီတပီခေါ်ရင်း တပူးပူး လုပ်နေတော့သည်။
ဒါကို ရိန်းက သိပ်မကြည်ချင်။ လူငယ်အထာလေးတွေနဲ့ ကလေးတွေရဲ့ ဇာတ်လမ်းကို ကျနော်တို့
ကြည့်နေကြရသည်။
မောင်ဘုန်းက ရေခဲမုန့်ဝယ်လာပြီး
စန္ဒီ့ကိုကျွေးတော့ ရိန်းက စန္ဒီ့ ဆီက ရေခဲမုန့်ကို တောင်းစားပြီး ကြိုက်လွန်းလို့ဆိုကာ
ပြန်မပေးပဲစားလိုက်သည်။ မောင်ဘုန်းက မကျေမနပ်နဲ့ ဖိုးခန့်ကိုရေခဲမုန့်နောက်တစ်ခု ထပ်ဝယ်ပြီး
သွားပေးခိုင်းသည်။ ဖိုးခန့်ကလည်း သူ့ဂွင်ပဲ ဆိုပြီးသွားသည်။ ဒီတစ်ခါ ရိန်းက ဖိုးထက်ကို
စန္ဒီ့ဆီက ရေခဲမုန့် သွားတောင်းစားလို့ ပြောပြီး လွှတ်လိုက်သည်။
ကလေးတွေဟာ ဆယ်ကျော်သက်လေးတွေမို့
နှလုံးသားလေးတွေ နုနယ်ကြပါသည်။ စိတ်ဝင်စားစရာတစ်ခုကို တွေ့ရင် ဒါဟာ ရင်ခုန်စရာပဲလို့
ထင်တတ်ကြသည်။ သူတို့စိတ်ထဲမှာ ဦးတည်ချက်က တစ်ခုပဲရှိသည်။ ငါလိုချင်တာရဖို့။ အဲ့ဒီအတွက်
သူတို့ တစ်ယောက်နဲ့တစ်ယောက် ငြင်းကြ ခုန်ကြ ပြိုင်ကြ ထိုးကြ ကြိတ်ကြနဲ့ နောက်ဆုံး အချစ်ဆိုတာ
ဘာရယ်မှန်းမသိပဲ အသည်းကွဲတာတွေ၊ ဆွေးတာတွေ၊ လွမ်းတာတွေ ဖြစ်လာကြရော။
ခေတ်ဆိုတာကလည်း ရပ်နေတာမှ
မဟုတ်တာ။ အမြဲလည်ပတ်နေတာလေ။ အခုဆို ကျနော်တို့ ခေတ် ကုန်သွားပြီ။ သူတို့လေးတွေ ခေတ်ရောက်နေပြီ။
ကျနော်တို့ကတော့ သူတို့ခေတ်လူငယ်လေးတွေရဲ့  ပဲ့ကိုင်ရှင်နေရာကို ရောက်ခဲ့ကြရပြီ။
4D ရုပ်ရှင်ရုံထဲရောက်တော့
ဆန်းထွန်းလန့်ပြီး အော်တာ ကျနော်တို့အားလုံး ရယ်လို့မဆုံးဖြစ်ကြရသေးသည်။ သိတဲ့အတိုင်း
4D ဆိုတော့ အထဲက ကားမောင်းရင် ကိုယ်လဲကားလိုက်စီးနေသလို၊ အထဲက ရေတံခွန်ထဲရောက်ရင် ကိုယ်လဲ
ရေတွေထိနေရသလို၊ တချက်မှာတော့ အထဲက တိရစ္ဆာန်လေးတစ်ကောင် ကင်းခြေများတွေရှိတဲ့နေရာ ကျသွားလို့
ကင်းခြေများတွေ ဝိုင်းဆွဲတာကို ကျနော်တို့ ထိုင်ခုံအောက်ကနေ အထူးပြုလုပ်ချက်နဲ့ ဖန်တီးထားတော့
ကျနော်တို့ခြေထောက်တွေကိုလည်း ကင်းခြေများတွေဝိုင်းဆွဲသလို ခံစားလိုက်ရစဉ် ဆန်းထွန်းလန့်ပြီး
အော်တာ ငယ်သံတောင် ပါသွားတယ်။ ဘေးက ကလေးတွေကတောင် မကြောက်ပဲ သူကကြောက်တော့ ဒါလည်း ဖြစ်တတ်ပါတယ်လေ။
သူ တခါမှ 4D ရုပ်ရှင်မကြည့်ဖူးပဲကိုး။ ပြန်ထွက်တော့ 4D ရုပ်ရှင်ကြည့်ရင် တပ်ဖို့ပေးထားတဲ့
မျက်မှန်ကြီးကို မေ့ပြီး ယူလာသည်။ ဆန်းထွန်း လုပ်ပုံက ကျနော်တို့ကို ပြေးပေါက်မှားအောင်လုပ်နေသလိုပါပဲ။
နေ့လည်စာကိုတော့ ကျောက်တန်းResort
မှာသွားစားဖြစ်ကြသည်။ အကုန်အကျခံ ဖန်တီးတည်ဆောက်ထားတဲ့ ရေလယ် ဟိုတယ်မှာ ကျနော်တို့
အပမ်းဖြေကြတယ်။ ခပ်လှန်းလှန်းမှာ ရေလယ်ဘုရားကို တွေ့နေရတယ်။ အဲ့ဒီကနေ ပြန်တော့ သာကေတ-ရှခင်းသာ
Flyer ဝင်စီးကြသေးသည်။ နာမည်ကြီး စင်ကာပူ Flyer နဲ့ဆင်တူ တည်ဆောက်ထားခြင်းဖြစ်သည်။
ကလေးတွေ ပျော်ကြသည်။ သူတို့လေးတွေပျော်ရင် ကျနော်ကျေနပ်သည်။ ဒါ ဘာလဲဆိုတော့ ပီတိလေ။
ကိုယ့်ကြောင့် တပါးသူ ပျော်ပါးနေတာ မြင်ရင် ခံစားရတဲ့ ခံစားချက်ကို ပီတိလို့ခေါ်တယ်။
ကျနော်တို့အဖွဲ့သားတွေ ရန်ကုန်ပြန်ရောက်တော့
ညနေစောင်းလေပြီ။ လူကြီးတွေမို့ ကျနော်တို့က ပင်ပန်းကြပြီ။ သို့သော် ကလေး ၅ယောက်က အပြင်ထွက်ချင်သေးသည်။
အဲ့ဒီထဲမှာ မိန်းကလေးဆိုလို့ စန္ဒီတစ်ယောက်ပဲ ပါသည်။ နောက်ဆုံး ကျနော့်ကိုပဲ အပူကပ်ကြသည်။
ဘာလို့လဲဆိုတော့ ကျနော်က လူလွတ်လဲဖြစ်ပြန်။ ပြီးတော့ လူငယ်တွေနဲ့တွဲပြီးလည်း ကဲနိုင်သေးတော့
ကလေးတွေက ကျနော့်ဆို ဦးလေးအရင်းတစ်ယောက်လိုရော၊ အစ်ကိုကြီးတစ်ယောက်လိုရော ချစ်ကြသည်။
ကျနော်က ကလေးတွေကို ဘယ်တော့မှ မဆူ။ မဟောက်။ မရိုက်။ သူတို့နဲ့ ထဲထဲဝင်ဝင် ပေါင်းပြီး
သူတို့ကို ပဲ့ကိုင်ပေးသည်။ ကောင်းတာကို ကောင်းသလို မကောင်းတာကို မကောင်းသလို အထိုက်အလျောက်
မလျော့မတင်း နေပေးသည်။
လူငယ်တို့ သဘာဝ သောက်ချင်
စားချင်မှာကို ကျနော်နားလည်သည်။ ကျနော်တို့သည်ပင် ငယ်ရာက ကြီးလာကြသူတွေ ဖြစ်သည်။ ဒီတော့
သူတို့ချည်းပဲ လွှတ်ထားတာထက်စာရင် ကိုယ်အနီးကပ်ရှိနေတာက ထိန်းလို့ရသည်။ ကိုယ်တိုင်လည်း
သောက်ချင်တာ ပါသည်။ ဒီသဘောနဲ့ ကလေးတွေကို ကျနော်ပေါင်းသည်။ သူတို့ မိဘများကလည်း ကျနော့်စိတ်ကို
သိသည်။ ဒါကြောင့် သူတို့လိုက်လို့ မကောင်းသော နေရာများတွင် ကျနော့်ကို စိတ်ချလက်ချ
အာဏာကုန်လွှဲပြီး လွှတ်တတ်ကြသည်။ ဘယ်နေရာတွေလဲဆိုတာတော့ ခြွင်းချက်ထားခဲ့ပါရစေ။
အခုလည်း ကလေးတွေက နိုက်ကလပ်တက်ချင်ကြသည်။
သူတို့ အုပ်ထိန်းသူတွေသိမှာကိုလည်း ဆိုးသည်။ အဓိကကတော့ ဖိုးထက်နဲ့ စန္ဒီတို့ပင်။ ရိန်းကတော့
ကျနော့်အိမ်မှာနေတဲ့ ကလေးမို့ ပြဿနာမရှိ၊ ဖိုးခန့်နဲ့မောင်ဘုန်းတို့ကလည်း အရွယ်ရောက်နေကြပြီဆိုတော့
သူတို့အိမ်တွေကို သူတို့ပိုင်ကြသည်။ ဒါပေမယ့် ဟို၂ယောက်ကတော့ ကျနော်တာဝန်ခံနိုင်မှ
ရမည်။
ဒီတော့ သူတို့မိဘတွေဆီ ကျနော့်ကိုအပြောခိုင်းသည်။
ကျနော်က စန္ဒီ့အဘွား ဆရာဝန်မကြီးဆီ အရင်ဆုံးသွားပြောရသည်။ အဘွားကြီးက လွန်ခဲ့တဲ့ ၁၅နှစ်လောက်က
သူ့သားနဲ့ချွေးမပြန်လာလည်တုန်းကတောင် ညဘက် ကာရာအိုကေသွားဆိုကြတုန်း ကျနော့်ဆီ ဖုန်းဆက်ပြီး
ချက်ချင်းပြန်လွှတ်လိုက်ပါ ဘာညာ လုပ်တတ်သူမို့ သတိဝိရိယ ကြီးစွာပြောရသည်။
“ဒီလိုပါ အန်တီ…မနက်ဖြန်မနက်အစောကြီး
ကျနော်တို့ ပဲခူးဘုရားဖူးသွားကြမလို့လေ…အဲ့ဒါ စန္ဒီလေးလဲ မြန်မာပြည်ရောက်တုန်း လျှောက်လည်ရအောင်
ခေါ်သွားချင်လို့ အဲ့ဒါ ကျနော့်အိမ်မှာ လိုက်အိပ်ခိုင်းမလို့ပါ”
“အောင်မလေးလေး…အပါ…ဘယ်လို
ဘယ်လို…မင်းအိမ်မှာ ငါ့မြေး အပျိုမလေးကို လိုက်အိပ်ခိုင်းမယ် ဟုတ်လား။ သေသေချာချာ စဉ်းစားပြီးမှ
ပြောပါ အပါရယ်။ ဘယ့်နှယ်…ယောက်ကျားပျိုနေတဲ့အိမ်မှာ မိန်းမပျိုလေးက လိုက်အိပ်ရမယ်ဆိုတော့ကာ…”
သူပြောမှပဲ ကိုယ်ပြောလိုက်တဲ့စကားကို
ကိုယ်ပြန်ကောက်ကြည့်သည်။ ဟုတ်ပေသားပဲ။ ငါ့နှယ်။ ဘယ်လိုပြောလိုက်မိပါလိမ့်။ အဘွားကြီး
မပြောနဲ့ ထွဋ်ကြီးနဲ့လဲ့ရည် ကိုသွားပြောရင်တောင် တော်တော်ရှင်းယူရမယ့် စကား။
ကျနော်လည်း ပြောမိပြီးပြီမို့
လိမ်လက်စ ဆက်လိမ်ရတော့မှာပဲ။
“သြော်…ဒီလိုပါ။ အိမ်မှာက
ကျနော့်မိဘတွေလည်းရှိတယ်။ ညီမလည်းရှိတယ်။ ပြီးတော့ ငရဲတို့လင်မယားလည်း လာအိပ်ကြမှာလေ။
အန်တီပြောတာကို ကျနော်သဘောပေါက်ပါတယ်။ မသင့်တော်ဘူးဆိုတာလည်း သိပါတယ်။ ဒါပေမယ့် အန်တီလည်း
ကျနော့်အကြောင်း သိပြီးသားပါ အန်တီ။ ဒီကလေးတွေဟာ ကျနော့်သူငယ်ချင်းတွေက မွေးပေမယ့်
ကျနော့်သားသမီးတွေလိုပါပဲ။”
“အို…အန်တီက မင်းကို မယုံလို့ပြောတာ
မဟုတ်ပါဘူးကွယ်။ ပတ်ဝန်းကျင်ဆိုတာက ရှိသေးတယ်မလား”
“ဒါတော့ ကိစ္စမရှိပါဘူး အန်တီ။
အိမ်မှာဧည့်သည်တွေ ဒီလိုပဲ ဝင်ထွက်နေကြပါ။ ပြီးတော့ ကျနော် အန်တီကို လာပြောထားတာပဲ။
ကလေးတွေအတွက် စိတ်ချပါအန်တီ။ မှဲ့တပေါက် မစွန်းစေရပါဘူး”
“ငါ့သားတုန်းကလည်း ဒီလိုပဲပြောပြီး
နောက်ဆုံးမိန်းမရသွားတာပဲလေ”
အဘွားကြီးက မစီမဆိုင်တာတွေ
ပြောလာတော့ စန္ဒီက စိတ်မရှည်တော့ဟန်ဖြင့်
“ဟာ…အဘွားကလည်း သမီးစိတ်ညစ်လာပြီ။
တခါတလေလေး မြန်မာပြည်ပြန်လာလည်ပါတယ်…အချုပ်ကျနေ သလိုပဲ။ ဟိုဆိုလည်း မသွားရ။ ဒီဆိုလည်း
မသွားရနဲ့။ အဲ့ဒါကြောင့် ဖေဖေတို့တောင် ပြန်မလာချင်တာ။ သမီးက အင်္ဂလန်မှာ ကျောင်းတက်နေတယ်ဆိုတာလည်း
မမေ့နဲ့ဦး အဘွားရေ…ဟိုမှာ အဘွားလည်းမရှိဘူး။ ဖေဖေတို့ မေမေတို့လည်း မရှိဘူး။ သမီးတစ်ယောက်တည်းနေတာ…စိတ်မချဖြစ်နေရင်တော့
အဘွားသမီးနဲ့ အင်္ဂလန်လိုက်ခဲ့ပေတော့”
“အမယ်လေးလေး….ကြည့်စမ်းပါဦး။
ကပ်ကပ်လန်အောင် ပြန်ပြောနေတာ…နင့်အဖေတောင် ငါ့ကို အဲ့သလို ပြန်မပြောဖူးဘူး။ ကောင်းကြသေးရဲ
့လား အရပ်ကတို့ရေ…အောင်ထွဋ်ကို ကမွေးတဲ့သမီးက ငါ့ကို ပြန်ပြောနေပြီ။ ကြောင်အိုတော့
ကြွက်မလေးဖြစ်ပြီပေါ့လေ”
အဘွားကြီးက အော်ကြီးဟစ်ကျယ်နဲ့
ဗြောင်းဆန်လာတော့ ကျနော်လည်း ဘာလုပ်လို့ လုပ်ရမှန်းမသိတော့ပေ။ တစ်ခုပဲရှိတော့သည်။ ဒီည
စန္ဒီကို ထားခဲ့တာ အကောင်းဆုံးဖြစ်မည်ထင်သည်။
“ကဲ…ဒီလိုဆိုတော့လည်း သမီးစန္ဒီ
ဘွားဘွားက စိတ်မချဖြစ်နေမှပဲ သမီး မလိုက်နဲ့တော့နော်။ ဦးပါလည်း အတင်းမခေါ်တော့ဘူး။
ဦးပါ သွားတော့မယ်။ နောက်နေ့တွေရှိပါသေးတယ်။ သင်္ကြန်ကျတော့လည်း ကဲရဦးမယ်လေ”
ကျနော်လည်း စန္ဒီ့ ကို ချော့မော့ပြောဆိုပြီး
ထိုင်ရာမှ ထပြီး ထွက်လာလိုက်သည်။
ဟင်း….ဟုသာ သက်ပြင်းချလိုက်ရသည်။
ငါတော့ ဒီဒူးမနာကလေးတွေနဲ့တော့ ဒုက္ခပဲလို့တွေးရင်း ဒုတိယ အလိမ်တော်သုံးရဦးမယ့် မောင်ဖိုးထက်တို့ဌာနေဆီသို့
လေးတွဲ့စွာထွက်ခွာလာခဲ့တော့သည်။
ဖိုးထက်တို့အိမ်ရောက်တော့
ဖိုးထက်က ကျနော့်ကို မြင်တယ်ဆိုရင်ပဲ အားရဝမ်းသာဆီးကြိုလေ၏။ သူ့အဖေ ဇာနည်ထက်ကတော့ အိမ်ရှေ့မှာ
ဧည့်သည်တစ်ယောက်နဲ့ စကားပြောနေလေသည်။ ကျနော်ဝင်သွားတော့ ထိုဧည့်သည်က ထိုင်မလားဆိုတဲ့
အားနာ အကြည့်နဲ့ ကျနော့်ကို လှန်းပြုံးပြပြီး နေရာလေး ကျုံ့ ပေးသည်။ ထိုအခါ ဇာနည်ထက်က
“ရတယ်။ သူကဧည့်သည်မဟုတ်ပါဘူး။
ခင်ဗျားပြောစရာရှိတာသာ ဆက်ပြော”
ကျနော်လည်း သူတို့ကို ရီပြပြီး
နောက်ဖေးခန်းထဲတန်းဝင်သွားလိုက်သည်။ ပြီးတော့ ရေခဲသေတ္တာထဲက ကုတ်တဗူး ဖွင့်သောက်ချလိုက်သည်။
ခဏနေတော့ တုံတုံက အသံကြားလို့ အိမ်အပေါ်ထပ်မှ ဆင်းလာသည်။
“ဟဲ့ အပါ…နင်အခုထိ အိမ်ပြန်မရောက်သေးဘူးလား။
ဒီအဝတ်အစားကြီးနဲ့ပဲ”
“မပြောချင်တော့ပါဘူးဟာ။ စန္ဒီ့
အဘွား ဆီလိုက်သွားပြီး ဒီညငါတို့နဲ့ ထည့်ဖို့သွားခေါ်တာ မထည့်နိုင်ဘူးဆိုလို့ ပြန်လာတာ”
“နင်တို့ကဘယ်သွားမလို့လဲ
ဘယ်သူတွေနဲ့လဲ”
ကျနော့်စကားကို တုံတုံက အံသြစွာပြန်မေးသည်။
“ဘယ်သူတွေရှိရမလဲ ငါ့ဘော်ဒါတွေပေါ့…မောင်ဘုန်းတို့
ဖိုးခန့်တို့ ရိန်းတို့ပေါ့ဟ Junction Square မှာ ရုပ်ရှင်သွားကြည့်မလို့”
“ငါ့သားရော ပါမှ ပါပါ့မလား”
“ဒါပေါ့။ ဘယ်ထားခဲ့လို့ဖြစ်မလဲ
ငါ့ကောင်လေးတော့ ငါခေါ်ရမှာပေါ့”
“ထင်တော့ ထင်သား။ အိမ်ပြန်ရောက်ကတည်းက
ငါ့သား အူမြူးနေတာ။ နင်တို့က အစီအစဉ်ဆွဲပြီးသားကိုး။ ဒါနဲ့ နေစမ်းပါဦး။ ရုပ်ရှင်က
ဘယ်နှနာရီပွဲလဲ။ အခုပဲ ၉နာရီကျော်နေပြီ”
“နင်ခေတ်နောက်ကျနေသေးတယ်
မယ်တုံ။ Junction Square မှာ တစ်ညလုံးပွဲစဉ်တွေရှိတယ်လေ”
“ဟုတ်လား။ ငါလည်း ရုပ်ရှင်မကြည့်တာကြာပေါ့။
ဟဲ့…ဒါနဲ့ နင့်တူမတောင် မနက်ဖြန်ပြန်ရောက်မယ်တဲ့”
“ပြန်လာတော့မယ်ပေါ့…ဟိုမှာ
ပျော်နေတယ်ဆို။ ကျောင်းပိတ်ကတည်းက လိုက်သွားတာမလား သူ့အဘွားနဲ့”
ဇာနည်ထက်နဲ့ တုံတုံတို့ရဲ
့သမီးအငယ်မက စာမေးပွဲပြီးကတည်းက သူ့အဒေါ်တုံတုံ့အစ်မရှိတဲ့ အမေရိကားကို အဘွားနဲ့လိုက်သွားတာ
အခုဆို ၁လခွဲလောက်ရှိပြီ။ ကျောင်းဖွင့်မှ ပြန်လာမယ်ဆိုပြီး လိုက်သွားတာ အခုသင်္ကြန်တောင်
မရောက်သေးဘူး ပြန်လာတော့မယ်ဖြစ်ပြီ။ ဘယ်လိုနည်းနဲ့မှ ကိုယ့်ရေမြေ မဟုတ်တဲ့ဆီမှာ အကြာကြီးမနေနိုင်ကြပါဘူး။
မလွှဲမရှောင်သာ သမားတွေကလွဲရင် လူတိုင်းရင်မှာ အိမ်ပြန်ချင်စိတ်တွေအပြည့်ရှိကြပါသည်။
ဒါနဲ့ စကားစပ်လို့ ပြောရဦးမယ်။ မလွှဲမရှောင်သာလူတွေထဲမှာ ကျနော့် သူငယ်ချင်းကြီး ကျော်လင်းလည်းပါတယ်။
သူနဲ့ ကျနော်ရယ် ဇာနည်ထက်ရယ်က ငယ်ပေါင်းတွေ။ အားလုံးထဲမှာ သူက လူကြီးဆန်တော့ ကျနော်တို့က
သူ့ကို ဆရာကြီးတင်တာပေါ့။ ကျော်လင်းက နိုင်ငံရေးလည်း ဝါသနာပါတယ်။ ရှေးမီ နောက်မီပေါ့ဗျာ။
အဲ့ဒါ မြန်မာပြည်ပြန်လာပြီ ပါတီနိုင်ငံရေးလုပ်ဖို့ ပြောပါတယ်။ သူက ပြန်မလာဖြစ်သေးတဲ့
အကြောင်းတရားတွေ ရှိနေတယ်ဆိုပြီး ကျနော်တို့ကို ဆင်ခြေပေးတယ်။ နောက်မှ သိရတယ်။ ဒင်းက
စင်ကာပူမှာ ချစ်သူရနေတာကိုး။ ကဲထားပါလေ။ ဒါလမ်းကြုံလေး ဝင်ပြောတာ။ အခု ပြောရမှာက ဇာနည်ထက်နဲ့
တုံတုံတို့ရဲ့  သားနဲ့သမီးအကြောင်း။
သူတို့က မွေးလည်းမွေးတတ်တယ်။
အကြီးကောင်က အဖေရုပ်၊ အငယ်မက အမေရုပ်။ အဲ့ဒီအငယ်မကလည်း မလွယ်ဘူး။ ကျနော်နဲ့ အကြောမတဲ့ဘူး။
တစ်ခုခုဆို သူ့အမေကို ပြန်ပြန်ထောင်လို့ ကျနော် အပြောခံရပေါင်းများပြီ။ တစ်ခါလည်း ကျနော်နဲ့
ဇာနည်ထက်နဲ့ ၂ ယောက်သား ဘီယာဆိုင်ထိုင်ဖြစ်တော့ သူက သူ့အဖေဆီ ဖုန်းဆက်တယ်။ ကျနော်နဲ့
ထိုင်နေတယ်လို့ သူ့အဖေကပြောတော့ သူက ဘာပြောတယ်မှတ်လဲ။ ဦးပါနဲ့ဆို ဖေကြီး မဟုတ်တာလုပ်နေပြီပေါ့တဲ့။
ကျနော်လေ ဒေါသတွေဖြစ်လိုက်တာ မပြောပါနဲ့တော့။ ကလေးက ဒီလိုပြောစရာလား။ ကျနော်ကပဲ မကောင်းတဲ့လူကြီးလိုလို
ဖြစ်လို့။ ဒါကြောင့် အဲ့ဒီကောင်မလေးဆို ကျနော်ကမချစ်ဘူး။ ကျနော့်ကို အဲ့လိုပြောလို့။
ဒါပေမယ့် တခါတခါကျတော့လည်း ကလေးပဲလေ။ ဘာစိတ်နဲ့မှ ပြောတာ မဖြစ်တန်ကောင်းပါဘူးလေဆိုပြီး
ကိုယ့်စိတ်ကိုယ် ပြန်ဖြေပါတယ်။ ကောင်မလေးက စကားအရမ်းတတ်တာပါ။
“မနက်ဖြန်သူ့အဖေ ခရီးသွားမယ်ထင်တယ်
မန္တလေးက သဘောင်္ကိစ္စသွားစရာရှိတယ်လို့တော့ ပြောတာပဲ။ အခုတောင် အဲ့ဒီသဘောင်္ရောင်းမယ့်ဆီကလူရောက်နေတာ။
ဒီတော့ မနက်ဖြန်နင် လေဆိပ်သွားကြိုပေးဦး”
“ဘာ…ငါသွားကြိုရမယ် ဟုတ်လား။
ဟာ…မဖြစ်ဘူးထင်တယ်…နင့်သမီးနဲ့ငါက အကြောတဲ့တာမဟုတ်ဘူး။ တော်ကြာ လူရှေ့သူရှေ့ ငါ့သောက်ရှက်ခွဲမှ
ဒုက္ခ”
“သွားမကြိုနိုင်လည်း ပြီးရောဟယ်။
ဒါလေးလုပ်ပေးရတာပဲ ဖြစ်နေလိုက်တာ။ ရတယ် ငါ့ဘာသာသွားကြိုမယ်”
တုံတုံက စိတ်ဆိုးတဲ့ပုံပေါက်လာသည်။
ထိုစဉ် အိမ်ရှေ့မှဧည့်သည်လိုက်ပို့ပေးပြီး ဝင်လာတဲ့ ဇာနည်ထက်က
“မိန်းမကလည်းကွာ…သူလည်း သူ့အလုပ်ရှိသေးတယ်လေ…အား
မအားမမေးပဲ ကိုယ်ဖြစ်ချင်တာကြီးပဲ ပြောလို့ဘယ်ဖြစ်မလဲ”
“အမယ်လေး။ ရှင့်လူက အားလွန်းလို့တောင်
ဟိုဘက်လွန်နေသေးတယ်။ အခုတောင် အားအားရားရား ကလေးတွေနဲ့ ရုပ်ရှင်သွားကြည့်မလို့ အကြီးကောင်ကို
လာခေါ်တာ။ ရှင်ထည့်မှာလား။
တုံတုံက သူ့ယောက်ကျားကို
ခေါင်းတည်ပေးလိုက်တော့ ဖိုးထက်လည်း မျက်နှာငယ်လေးဖြစ်သွားသည်။
ဇာနည်ထက်က အတန်ငယ်စဉ်းစားဟန်ပြုပြီးတော့မှ
“ကဲ လိုက်မယ်ဆိုလဲ သွား အဝတ်အစားလဲ…ဒီည
ဦးပါအိမ်မှာ အိပ်မှာမလား”
ဇာနည်ထက်နှုတ်မှ အဲ့ဒီစကားထွက်လာတော့
ကျနော်တောင် အံ့အားသင့်သွားတယ်။ ဒီည အိမ်ပြန်မပို့ဘူးဆိုတာ ဒီကောင် ကြိုသိနေသလိုပဲ။
ဖိုးထက်လဲ ပါမစ်ရပြီဆိုတာနဲ့
တကြိုးတည်း အဝတ်အစားပြေးလဲပြီး ထွက်လာသည်။ တုံတုံကတော့ သူ့သမီးကို သွားမကြိုပေးနိုင်ဘူးပြောလို့
သိပ်မကြည်ချင်ပေ။
ကျနော်နဲ့ဖိုးထက် ကားထဲထိုင်ပြီး
မောင်းထွက်မယ်အလုပ် ဇာနည်ထက်က ကျနော့်နားကပ်လာပြီး တိုးတိုးလေးကပ်ပြောသည်။
“ကလေးတွေကို ကြည့်ထိန်းနော်
အပါ…ရန်မဖြစ်စေနဲ့…မင်းလည်း သောက်ရမ်းသောက်မနေနဲ့ဦး…တခုခုဆို ငါ့ဆီဖုန်းဆက်လိုက်”
သူက အဲ့လိုပြောလာတော့ ကျနော်
သူ့ကိုသေချာကြည့်မိသည်။ ဒီကောင် လူတော်ပဲ။ အရိပ်အခြေ အကုန်လုံးဖမ်းတတ်တယ်။ ကျနော်က
သူ့ကို ကြည့်ပြီး ရီတော့
“ရီမနေနဲ့ဟေ့ကောင်…ပေါင်းလာတာလည်းကြာပြီ…မင်းက
ဟိုးတုန်းထဲက လူကြီးတွေ အိမ်တွေကို လိုက်ညာပေးရတာ အားမရလို့ အခု ငါတို့ကလေးတွေလက်ထက်ထိ
မင်းဝါသနာက မပျောက်သေးဘူး။ ငါရိပ်မိပြီးသားပါ။ ဒီည မင်းတို့ရုပ်ရှင်ကြည့်မှာ မဟုတ်မှန်းသိပါတယ်…ကဲ
သွားသွား။ သိပ်ညည့်နက်မနေနဲ့ဦး သူငယ်ချင်း”
ကျနော်လည်း အေးပါကွာလို့
ပြောပြီးမောင်းထွက်လာခဲ့သည်။ လမ်းရောက်တော့ ထွဋ်ကြီး အမေ အန်တီဝင်းဆီက ဖုန်းဝင်လာသည်။
“အပါရေ…မင်းတူမကို လာခေါ်ပါတော့။
အိမ်မှာ သောင်းကျန်းနေတယ်။ ငါလည်း မနိုင်တော့ဘူး။ အဆိပ်သောက်သေမယ်ကြီးပဲ ပြောနေလို့
မင်းမြန်မြန်လာခဲ့ပါကွယ်”
ကျနော်နဲ့ဖိုးထက် စန္ဒီ့ အိမ်ကို
အပြင်းမောင်းသွားကြသည်။ အိမ်ရောက်တော့ အဘွားကြီးရဲ့ အစ်မအပျိုကြီး အန်တီသန်းက တံခါးလာဖွင့်ပေးရင်း
“အပါရေ…ငါတို့တော့ အောင်ထွဋ်ကို
သမီးကို လက်လန်သွားပြီ။ ဘယ်နှယ့်ဟယ် အိုကြီး အိုမတွေကို ခြိမ်းလား ခြောက်လားနဲ့ သူမသေပဲ
ငါတို့သေတော့မယ်။ မင်း ခေါ်မယ်ဆိုလည်း မြန်မြန်ခေါ်သွားတော့။ ငါတို့စိတ်ချလက်ချ ထည့်လိုက်မယ်”
ကျနော်လည်း ဧည့်ခန်းထဲရောက်ရော
အန်တီဝင်းကို ဒရင်းဘတ်ပေါ်မှာ ရှူဆေးဗူးနဲ့လဲနေတာ တွေ့ရသည်။ ကျနော်လည်း အနားရောက်ရော
“အပါ…အန်တီသေတော့မယ်…ချွေးမတုန်းက
အဲ့လောက်မဆိုးဘူး…ဒီမြေးမကျမှပဲ အန်တီ အသက်ထွက်မယ်။ မင်းခေါ်သွားတော့။ မနက်ဖြန် ပဲခူးကနေပြန်လာမှပဲ
လာပို့တော့၊ လာမပို့ချင်လည်း တခါတည်း အင်္ဂလန်လေယာဉ်ပေါ် တင်ပေးလိုက်တော့”
အဲ့ဒီအချိန် စန္ဒီက အိမ်ရှေ့တံခါးပေါက်နားရောက်နေလေပြီ။
သူ့ဘွားဘွားကြီးတော်ကြီးအန်တီသန်းဆီက ပိုက်ဆံတောင်းနေလေ၏။
“ခက်ပါတယ်အေ…နောက်ဆို နင့်အဖေကိုပြောရမယ်
နင်ပြန်လာမယ့်အချိန်ဆို ငါတို့ဆီ ဒေါ်လာတစ်သောင်းလောက်ပို့ ပေးထားဖို့ပြောရမယ်”
ဒီလိုနဲ့ စန္ဒီတစ်ယောက် ကျနော့်နောက်ပါလာတော့သည်။
ကားပေါ်ရောက်တော့မှ ဖိုးထက်ကမေးသည်။
“ဟဲ့ စန္ဒီ…နင် ဘယ်လိုပွဲကြမ်းလိုက်တာလဲ
အဘွားကြီးတွေ လက်မြှောက်သွားအောင်”
“ဒါပေါ့ဟ လွတ်လပ်ရေးဆိုတာ
တိုက်ယူမှရတာလေ…ငါအဆိပ်သောက်သေမယ်တို့ တိုက်ပေါ်ကခုန်ချမယ်တို့ လျှောက်ပြောတာပေါ့”
“နင် တကယ်လုပ်ရဲလို့လား”
“ဟီးဟီး…ဘယ်လုပ်ရဲပါ့မလဲ
ဖိုးထက် ဖက်ထိုးရယ်…ဒီလိုပဲ ဖောလ် ဖောလ်ပေါ့”
စန္ဒီက သူ့တော်လှန်ရေးအကြောင်းကို
ဖိုးထက်အား ရှင်းပြနေလေသည်။
“အင်း…မင်းတို့ကြောင့် ငါလည်း
ကြီးမိုက်ကြီးဖြစ်တော့မယ်။ ကဲ…အခု ဦးပါအိမ်ကိုအရင်ပြန်မယ် ရေမိုးချိုး ပြင်ဆင်ပြီးမှ
ပြန်ထွက်ကြမယ်။ သားဖိုးထက် မင်းဆရာသမား၂ယောက်ဆီ ဖုန်းဆက်စမ်း။ လာခေါ်ရမလား၊ အိမ်လာမလားလို့”
ကျနော်က ဖိုးထက်ကို မောင်ဘုန်းနဲ့
ဖိုးခန့်ဆီ ဖုန်းခေါ်ခိုင်းလိုက်သည်။
နောက်ဆုံးအားလုံး ကျနော့်အိမ်မှာပဲ
လူစုံကြသည်။ အိမ်ကနေကားတစ်စီးထဲနဲ့ အတူတူထွက်ကြသည်။ ကိုလှခိုင်က သူကားလိုက်မောင်းပေးရမလားမေးလို့တောင်
မလိုပါဘူးဆိုပြီးထားခဲ့သည်။ ကိုလှခိုင်က ကျနော့်အကြောင်းသိသူမို့ မေးခြင်းဖြစ်သည်။
ကျနော်က ဒီလိုနိုက်ကလပ်တက်တဲ့အခါမှာ ဘယ်တော့မှ ကားမောင်းပြီး အိမ်ပြန်ရောက်လေ့မရှိ။
တစ်ယောက်ယောက်က လိုက်ပို့ရင်ပို့ ဒါမှမဟုတ် ကိုလှခိုင်ကို ဖုန်းဆက်ခေါ်ရင်ခေါ် အဲ့ဒီနည်းတွေနဲ့
အိမ်ပြန်တတ်သူဖြစ်သည်။
ကလေး၅ယောက်နဲ့ကျနော် ဆီဒိုနားဟိုတယ်ရှေ့က
အသစ်ဖွင့်ထားတဲ့ Power House နှိုက်ကလပ် (အရင် မြကျွန်းသာနေရာ) သို့ထွက်ခဲ့ကြသည်။ အဲ့ဒီ
power house မှာ နိုင်ငံပေါင်းစုံက ကလပ်တွေရှိသည်။ Europe ကလူတွေအတွက် europe
dancer တွေနဲ့ ကလပ်။ လက်တင်လူမျိုးတွေအတွက် လက်တင်တီးဝိုင်းနဲ့ အကအဖွဲ့တွေရှိတဲ့ကလပ်။
ထိုင်းလူမျိုးအများစုရှိတတ်တဲ့ beach pattaya ကလပ်၊ ပြီးတော့ မြန်မာ DJ တွေနဲ့ ဖျော်ဖြေတဲ့ကလပ်၃ခုလောက်လဲရှိသည်။
အဲ့ဒီထဲမှာ ကျနော်အကြိုက်ဆုံးကတော့ Hot Sexy ဆိုတဲ့ DJ ဘီလူးတို့ကလပ်ပဲဖြစ်သည်။ DJ
ဘီလူးဆိုတဲ့ကောင်လေးက ကျနော့်ကို တော်တော်ခင်သည်။ အဲ့ဒီမှာ လာတဲ့ကောင်မလေးတွေက အမိုက်စား
အလန်စားလေးတွေများသည်။ ဘာလို့လဲဆိုတော့ အဲ့ဒီကလပ်က ဝင်ကြေးလည်းပေးရသလို ပုလင်းလည်း
ဖောက်ရသည်။ ပြီးတော့ အာမခံကြေးလဲသွင်းရသည်။ သူတို့ ကလပ်ထဲမှာ ရန်ဖြစ်လို့ပဲဖြစ်စေ တခြားအကြောင်းကြောင်းကြောင့်ပဲဖြစ်စေ
ထိခိုက်ဒဏ်ရာရသွားရင် လျော်ကြေးပြန်ပေးသည်။ ပရီမီယံကြေးက တစ်ယောက်ကို US 5$၊ ဝင်ကြေးက
20$၊ ပုလင်းဖောက်မယ်ဆိုရင် အနိမ့်ဆုံး Red Label 1lit တစ်လုံးကို US$200 ဖြစ်သည်။ ထို့ကြောင့်
တော်ရုံလူ မဝင်နိုင်ကြပဲ တကယ့် ပိုက်ဆံရှိအသိုင်းအဝိုင်းတွေလောက်ပဲ ဝင်နိုင်သည်။
ကျနော်တို့ အဖွဲ့ ထိုကလပ်ထဲရောက်သွားတော့
ရှေ့ဆုံးဝိုင်းမှာ ထိုင်နေတဲ့ လူတစ်ယောက်ကထလာပြီး ကျနော့်ကို နှုတ်ဆက်သည်။ ထိုလူသည်
ကျနော်တို့နဲ့ စင်ကာပူမှာ အတူနေခဲ့ဖူးသော မိတ်ဆွေနောင်တော်ကြီးတစ်ယောက်ဖြစ်သည်။
“ဟာ…ကိုဝင်းထွေးကြီးပါလား…တစ်ယောက်ထဲလားဗျ…ဘယ်အချိန်ထဲကရောက်နေတာလဲ”
“ငါ့သူငယ်ချင်းတွေပါတယ်…ခုဏလေးတင်ရောက်တာ
မင်းကရော…”
ပြောရင်း ကိုဝင်းထွေးက ကျနော့်ဘေးက
ချာတိတ်တွေကို လှန်းရှိုးသည်။ ဖိုးထက်ကို သူကောင်းကောင်းမှတ်မိသည်။
“ဒါ ဇာနည့်သားမဟုတ်လား”
ကိုဝင်းထွေးက ဖိုးထက်ကိုလှန်းပုတ်ရင်းမေးသည်။
ဒီတော့ ကျနော်က
“ဒီနှစ်ယောက်ကရော ဘယ်သူတွေလဲ
သိလား ဆိုတော့ ကိုဝင်းထွေးနဲနဲစဉ်းစားသွားသည်။ ပြီးတော့ ရိန်းကိုကြည့်ပြီး
“ဒါ သူရစိုးသားထင်တယ် ဟုတ်တယ်မလား”
လို့ပြန်ဖြေသည်။ ရိန်းက ဟုတ်ကြောင်း ခေါင်းငြှိမ့်ပြသည်။ ပြီးတော့ ထွဋ်ကြီး သမီးနဲ့မိတ်ဆက်ပေးလိုက်သည်။
အားလုံးနဲ့မိတ်ဆက်ပေးပြီးတော့
ကျနော်တို့လည်း ဝိုင်းတစ်နေရာစာ တောင်းပြီး ပုလင်းဖောက်လိုက်ကြသည်။
ပုလင်းဖောက်ပြီးတယ်ဆိုရုံပဲ
ခြေမြန်လက်မြန်တပ်ရင်းမှ မောင်ဘုန်းမြတ်လင်းက ဗွေဆော်ဦး အရက်စပ်ပေးသည်။ ဖိုးထက်က ကျနော့်ကို
တစ်ချက်ကြည့်သည်။ သောက်ရမလားဆိုတဲ့ အကြည့်။ ကျနော်က
“သောက်ပါ…တစ်ခွက် နှစ်ခွက်ပေါ့…ဒါမှလည်း
ဒွန့်လို့ကောင်းမှာ…မင်းအမေသိရင်တော့ ငါ့ဆဲမှာပဲ”
ထို့အတူ စန္ဒီကလည်း ကျနော့်ကို
သောက်လို့ရမလားဆိုတဲ့ အကြည့်နဲ့ ကြည့်သည်။ ဒါတော့ ကျနော်ခွင့်မပြု။
“သမီးကတော့ မသောက်ရဘူးနော်…ငယ်သေးတယ်။
ဦးပါ သမီးအတွက် စပိုင်မှာပေးမယ်”
စပိုင်ဆိုတာ ဝိုင်တစ်မျိုးပဲဖြစ်သည်။
ကျနော်က အဲ့လိုပြောတော့ သူက စောဒက တက်သည်။
“ဖိုးထက်နဲ့ သမီးကရွယ်တူပဲလေ…သူ့ကျတော့
ပေးသောက်တယ် သမီးကျတော့ ပေးမသောက်ဘူး”
ဒီတော့ ရိန်းက ဝင်ပြောသည်။
“နင်က မိန်းကလေးလေ ဟိုကယောက်ကျားလေး
ဘယ်တူမလဲ…မသောက်ရဘူးဆို မသောက်နဲ့ပေါ့ဟာ”
“ဒါဆို ကိုရိန်းတို့ကတော့
ကပြီး စန္ဒီက ဘယ်လို က မလဲ…က ရတာ mood ဘယ်ပါတော့မလဲ”
“သြော် က ချင်တာများ အလွယ်လေး…လာ
ကိုခန့်ပြမယ်” ဆိုပြီး ဖိုးခန့်က စန္ဒီ့ လက်ကိုဆွဲပြီး ရှေ့ထွက်သွားသည်။ မြူးဇစ်ကလည်း
ဘေ့စ်သံခပ်ထူထူလေးနဲ့ အလွန်တွန့်ချင်စဖွယ်ကောင်းသည်။ ဒီ တပ်ရင်းမှုးသား ၂ကောင်က အင်မတန်
လက်သွက် ခြေသွက်ပဲဗျာ။ လူငယ် ခြေသွက်ဆိုတာ သူတို့ကို ပြောတာပဲဖြစ်မယ်။
ရိန်းက ဖန်ခွက်ထဲ ထည့်ထားသော
Green Label ကိုအကုန်မော့ချလိုက်သည်။ ဖိုးထက်က မျက်လုံးအဝိုင်းသားလေးနဲ့ ရိန်းကို ကြည့်နေသည်။
မောင်ဘုန်းက ဖိုးခန့်နဲ့စန္ဒီတို့ ကနေတာကြည့်ရင်း လက်ခုပ်တီးပြီး အားပေးနေသည်။ ကျနော်က
ဒီနေရာမှာ အားလုံးရဲ့ အုပ်ချုပ်သူ။ ကိုယ့်အသင်းသားတွေ အချင်းချင်း ညီညွတ်နေမှ သူများတွေကို
ဟန့်တားနိုင်မှာလေ။ ကိုယ့်လူတွေ အချင်းချင်း မညီညွတ်ရင် ပြဿနာက သူများနဲ့ မဖြစ်ရပဲ
ကိုယ်ချင်းကိုယ်ချင်း ပြန်ဖြစ်တော့မည်။
အရိပ်အခြေကိုလေ့လာနေရသည်။
ရိန်းက နောက်တစ်ခွက်ထပ်ထည့်သည်။ မောင်ဘုန်းက ရိန်းနဲ့ ခွက်ချင်းတိုက်ပြီး ချီးယားလှည့်လုပ်သည်။
ပြီးတော့ ဖိုးထက်ကိုလည်း ချလေကွာဆိုပြီး အတင်းခွက်ချင်းတိုက်ကာ မော့ခိုင်းသည်။ ဖိုးထက်လဲ
တဘရိတ်ထဲ မော့ချလိုက်ရာ ရင်တွေပူဆင်းသွားလို့ တဟွတ်ဟွတ်ဖြစ်သွားသည်။
“ကိုရိန်း…ဒါကြီးက ပြင်းတယ်ဗျ”
“မင်းကလဲ ယောက်ကျား မဟုတ်တဲ့
အတိုင်းပဲ။ ဒါလေးတောင် အဖြစ်မရှိဘူးလား”
ရိန်းက ဖိုးထက်ကိုမခံချင်အောင်
ပြောလိုက်သည်။ ဒါကို မောင်ဘုန်းကကြားတော့
“ဟုတ်သားပဲ ဖိုးထက်ရာ မင်းကလဲ
ကိုရိန်းပြောလဲ ပြောချင်စရာပဲ ဒါလေးသောက်ပြီး တဟွတ်ဟွတ်ဖြစ်နေရတယ်လို့”
“ကျနော်မှ မသောက်တတ်တာဗျ…ကိုဘုန်းတို့
ကိုခန့်တို့လိုများ မှတ်နေလား…အန်တီဝါတို့ အန်တီမို့တို့ မသိအောင် ကြိတ်ပုန်းခုပ်ခုပ်နေတာ
ကျနော်သိတယ်”
“ဟေ့ကောင် ဖိုးထက် ဖက်ထိုး
မင်းနိုင်ငံရေးတွေ မပါနဲ့လေကွာ ငါတို့က မင်းကို ယောက်ကျားတစ်ယောက် တတ်သင့်တတ်ထိုက်တဲ့
ပညာရပ်တွေကို သင်ပေးနေတာ။ ကိုရိန်း ဒီကောင့်ကို နဲနဲလောက် training ပေးခဲ့ပါဦး”
မောင်ဘုန်းက ရိန်းကို စစ်ကူလှန်းတောင်းသည်။
“အရက်သောက်တဲ့ ပညာတော့ ပေးတတ်ပါတယ်ကွာ…ဒါပေမယ့်
စော်ချုပ်တဲ့ပညာကိုတော့ မောင်ဘုန်းတို့ သင်ပေးရင် အတတ်မြန်မှာ”
ရိန်းစကားကြောင့် မောင်ဘုန်း
မျက်နှာ နဲနဲညိုသွားသည်။ ဒါပေမယ့် ကျနော်ရှိနေ၍ သူတို့ ဘာမှ မဖြစ်ရဲကြပေ။ ကျနော်က မပြောရင်
မပြောဘူး။ ပြောပြီဟေ့ ဆူပြီဟေ့ဆိုရင်လည်း သူများနဲ့မတူဘူး။ တသက်လုံး မုန်းသွားအောင်ကို
ပြောပစ်လိုက်တာ။
ဒီလိုအခြေအနေမျိုးမှာ ကျနော်နဲနဲ
ဝင်ထိန်းမှ ရတော့မည်။
“ကဲ သားရိန်း သွားကဦးလေကွာ…ဖိုးထက်
မင်းလဲသွားလေ…ကလပ်လာပြီး အရက်သောက်ပြန်တာကတော့ မနှိပ်ပါဘူးကွာ”
ကျနော့်စကားဆုံးတော့ ရိန်းနဲ့ဖိုးထက်
ဝိုင်းကနေထသွားသည်။ ဖိုးခန့်နဲ့ စန္ဒီကတော့ ရီလို့မောလို့ ကခုန်နေကြသည်။ ရိန်းတို့ အနားရောက်သွားတော့
စန္ဒီက
“ကိုရိန်းလာလေ” လို့ခေါ်လိုက်သည်။
ဖိုးခန့်နဲ့ တွဲကနေရာမှ ခွာလိုက်ပြီး ရိန်းလက်ကိုဆွဲပြီး ကသည်။ ထိုမြင်ကွင်းကြောင့်
မောင်ဘုန်းထသွားပြီး ဖိုးခန့်နားရောက်သွားသည်။
စန္ဒီနဲ့ ရိန်းကတော့ တေးသံအောက်မှာ
ဟန်ချက်ညီနေကြသည်။ ဖိုးထက်က ယောင်ပေပေနဲ့ ဟိုတွန့်ဒီတွန့် လိုက်လုပ်နေသည်။
ခဏနေတော့ မောင်ဘုန်းနဲ့ ဖိုးခန့်
၂ကောင်သား ကျနော့်နားပြန်ရောက်လာသည်။ ကျနော့်ကို တခုခု မေးချင်နေပုံ ရသည်။ ကျနော်လည်း
ကလေးတွေကနေတာကိုကြည့်ရင်း လက်ကျန်ကို မော့ချလိုက်သည်။
“ဦးပါ…ကိုရိန်းက ဘယ်တော့ပြန်မှာလဲ”
“ဟေ…ဘာဖြစ်လို့လဲ…သူ ဒီမှာ
သင်္ကြန်လည်ဦးမှာလေ။ သင်္ကြန်ပြီးမှ ပြန်မှာပေါ့”
“ဒါဆို စန္ဒီကရော”
“စန္ဒီလည်း သင်္ကြန်လည်ပြီးမှပြန်မှာပေါ့…ဘာလဲ…မင်းတို့
၂ကောင်က ကောင်မလေးကို ဖွန်ကြောင်ချင်လို့လား။ ငါငယ်ရာက ကြီးလာတာပါကွာ။ ဒါတွေ ငါတို့လုပ်ခဲ့တာပါ”
“ဟာ…ဦးပါကလည်း သားတို့ကို
အဲ့လိုထင်နေရင် မှားပြီ။ သားတို့က စန္ဒီနဲ့ကိုရိန်းကို လှော်ပေးမလို့ပါ”
“ဘာ…မင်းတို့က ရိန်းနဲ့ စန္ဒီကို
လှော်ပေးမလို့ဟုတ်လား။ ကဲ ဆိုစမ်းပါဦး။ ဘယ်လိုလှော်မှာလဲ”
ကျနော်က ပြောပြောဆိုဆို အိတ်ထဲမှ
စီးကရက်ဘူးကိုထုတ်ပြီး စီးကရက်တစ်လိပ်မီးညှိဖွာရှိုက်လိုက်သည်။
ဖိုးခန့်ကစပြောသည်။
“ခုဏကတောင် စန္ဒီကို သား ကပ်ပြီးပြောပြနေတာ…ကိုရိန်းကို
စိတ်မဝင်စားဘူးလား ဘာလားပေါ့။ စိတ်ကူးမလွဲနဲ့နော်လို့လဲ ပြောထားသေးတယ်”
မောင်ဘုန်းကလည်းဝင်ပြောသည်။
“ကိုရိန်းက မလှုပ်ရှားတော့
စန္ဒီက ဘယ်လိုလုပ်မလဲ။ ယောက်ကျားလေးကစမှ ရမှာပေါ့။ ဒါကြောင့် ကိုရိန်း သဝန်တိုအောင်
သားတို့ အမျိုးမျိုးဖန်တီးနေရတာပေါ့”
“ဟေ….ဒီလိုဆိုတော့လည်း ငါ့တူလေးတွေက
ဘယ်ဆိုးလို့တုန်း။ ဦးပါအထင်နဲ့ အမြင် တက်တက်စင်အောင် လွဲရောပဲ”
“ဦးပါက ဘယ်လိုထင်လို့လဲ”
သူတို့ကမေးတော့ ကျနော်လည်း
ကျနော်ထင်နေတာ သူတို့၂ယောက်နဲ့ ရိန်းနဲ့ညိတော့မယ်လို့ထင်နေတဲ့အကြောင်း ရှင်းပြပြီး
တစ်ခွက်ထပ်ဌဲ့ လိုက်သည်။ ပြီးတော့ ကလေးတွေက အတင်းဆွဲခေါ်လို့ စတိတ်ရှေ့မှာ ဒွန့်ခဲ့ရသေးသည်။
ကျနော် စတိတ်ရှေ့ရောက်တော့ ကိုဝင်းထွေးကြီးကလည်း ခေါင်းလေး လှုပ်တုတ် လှုပ်တုတ်နဲ့ ပါးစပ်ထဲမှာလည်း
ကွမ်းတွေအပြည့် ငုံထားပြီး ဒွန့်နေသည်။
ကျနော်က ကိုဝင်းထွေးဒွန့်နေတာကို
မြင်တော့
“မနီက အိမ်ပြန်လာရင် ဒုတ်ကောက်ခဲ့လို့ဖုန်းဆက်တယ်…ကိုဝင်းထွေးကြီးကို
အိမ်တံခါးဖွင့်ပေးမှာ မဟုတ်ဘူးနော်။” လို့ သူ့မိန်းမနာမည်သုံးပြီးနောက်ပြောင်ပြောလိုက်တော့
ကိုဝင်းထွေးက ဟက်ဟက်ပက်ပက်ရယ်သည်။ ပြီးတော့
“အပါ…ညီလေး၊ ကိုကြီးက အိမ်မပိုင်ပဲ
ဂေါ်လီမလုပ်ပါဘူးကွာ” တဲ့။
ကျနော်တို့အားလုံး အရှိန်ရနေဆဲ
ဇာနည်ထက်ဆီမှ ဖုန်းဝင်လာသည်။
“ငါ..မမူးပါဘူးကွာ။ ကလေးတွေဘာမှ
မဖြစ်စေရပါဘူး။ စိတ်အေးလက်အေး အိပ်စမ်းပါ”
“ဟေ့ကောင် ဒါအိပ်ချိန်မဟုတ်တော့ဘူးကွ…မင်းနာရီလည်းကြည့်ကြည့်ဦး။
အခု ငါတို့အိမ်ရှေ့မှာ ဘုန်းကြီးတွေတောင် အရုဏ်ဆွမ်းခံကြွနေပြီ ငါလည်း မန္တလေးတက်တော့မယ်”
“ဟေ…ဟုတ်လား” သူဖုန်းဆက်မှပဲ
ကျနော်လည်း နာရီကောက်ကြည့်မိသည်။ နံနက် ၅နာရီထိုးနေပြီ။ ကလပ်ထဲမှာကတော့ စဝင်လာတုန်းကအတိုင်းပဲ
မီးရောင်ရော၊ တီးလုံးရော၊ လူရော ဘာမှ မပြောင်းလဲသေး။ ပြောင်းလဲသွားတာကတော့ နာရီလက်တံပင်။
ဒီတော့မှ ကျနော်လည်း ကိုယ့်ကောင်တွေကို
ပြန်စုဖို့ အရူးအမူးလိုက်ရှာရသည်။ ဘယ်ရောက်နေကြပါလိမ့်။ ကျနော်လည်း ကိုဝင်းထွေးတို့နားက
မသိမသာလေး ကပ်ထွက်လာခဲ့သည်။
ကျနော်တို့စားပွဲဝိုင်းကို
ပြန်လျှောက်လာကြည့်တော့ ဖိုးထက်နဲ့ မောင်ဘုန်း စားပွဲပေါ်မှာ မျက်နှာမှောက်လျက် အိပ်ပျော်နေကြတာတွေ့လိုက်ရသည်။
သြော်…လူငယ်ခြေသွက်ကနေ လူငယ်ခြေကျတွေ ဖြစ်ကုန်ပါရောလား။ နွားပျိုနုတာ နွားအိုပေါင်ကျိုးသလောက်ပဲရှိပါတယ်ဆိုတဲ့
စကားပုံက အလကားထားတာမှ မဟုတ်ပဲလေ…နော့။
ကျန်တဲ့ ၃ကောင်ရော။ဖိုးခန့်၊
ရိန်းနဲ့ ကလေးမလေး စန္ဒီ။
ကျနော် ခေါင်းတွေပူထူသွားသည်။
သောက်ထားတဲ့ အရှိန်တောင် ဘယ်ရောက်သွားမှန်းမသိ။ ကျနော့်အတွေး ဘယ်လိုရှိတယ်ဆိုတာ ထွေထွေထူးထူး
ပြောပြနေစရာမလိုပေ။ ခေါင်းဆင်နင်းတာ ခံလိုက်လို့ရသည်။ အဲ့ဒီ အဖြစ်ကို ပြန်ရှင်းပြဖို့ဆိုရင်တော့
တော်တော်ရှင်းရမည်။
ကျနော် အရှေ့ဘက်ထွက်ခဲ့လိုက်သည်။
ဖိုးခန့်က စီးကရက်လေးခဲလျက် အဆောက်အဦးဘေး အိမ်သာရှေ့မှာ ရပ်နေသည်။
“ဟေ့ ဖိုးခန့်…ရိန်းနဲ့စန္ဒီရော”
ကျနော့်လေသံမှာ ကတုန်ကယင်သံဖြစ်နေတာကတစ်ကြောင်း
စိုးရိမ်သံပါနေတာကတစ်ကြောင်းကြောင့် ဖိုးခန့်လက်ထဲမှ သောက်လက်စ စီးကရက်အောက်သို့လွတ်ကျသွားသည်။
ပြီးမှ ဖိုးခန့်က ခပ်အေးအေးပဲ ပြန်ဖြေသည်။
“စန္ဒီအိပ်ချင်လို့တဲ့ ကိုရိန်းခေါ်သွားတယ်”
“ဘာ…………………………………….”
ကျနော့် ဘာ ဆိုသော အသံကြောင့်
လုံခြုံရေးအစောင့်တွေ လှည့်ကြည့်ကြသည်။ ဖိုးခန့်လည်း တော်တော်လန့်သွားသည်။
“ဟိုဟို…ကားပေါ်မှာ သွားသိပ်တယ်လို့ပြောတာပါ”
ဖိုးခန့်စကားမဆုံးခင်ပဲ ကျနော်
ရပ်ထားတဲ့ကားဆီ ကဆုန်ပေါက်ပြေးရသည်။ စိတ်ထဲမှာလည်း ဘုရား သိကြား တ နေရသည်။
ကားနားရောက်တော့ ရိန်းကို
မတွေ့။ ကားထဲကိုကြည့်လိုက်တော့ စန္ဒီ့ကို အိပ်ပျော်နေတာတွေ့လိုက်ရသည်။ ကျနော် သက်ပြင်း
တစ်ဝက်ပဲ ချနိုင်သေးသည်။ ကျနော့်နောက်ကနေ ကပ်လိုက်လာတဲ့ ဖိုးခန့်က
“ကိုရိန်းဟိုမှာလာနေပြီ”
လို့ပြမှ ကျနော်ကြည့်လိုက်သည်။ ရိန်းက ဖိုးထက်နဲ့ မောင်ဘုန်းတို့ကို အလယ်ကနေပြီး လက်တစ်ဖက်
တစ်ယောက်ချိတ်တွဲပြီး ကားဆီလျှောက်လာနေတာ တွေ့လိုက်ရသည်။
ဟူး။
ကျနော် သက်ပြင်းရှည်တစ်ချက်ချဖြစ်တော့သည်။
“ရိန်း…စန္ဒီ အိပ်နေတာကြာပြီလား”
ကျနော်က မေးလိုက်တော့ ရိန်းက
ခေါင်းငြှိမ့်ပြသည်။
“ဒါဖြင့် မင်းကမစောင့်ပဲနဲ့
ဘယ်ရောက်နေတာလဲ မိန်းကလေးတစ်ယောက်ထဲကို ကားထဲမှာ ထားခဲ့ရလား”
ကျနော်လည်း ခပ်တည်တည်နဲ့
ပိတ်ဟောက်လိုက်သည်။ ရိန်းက ကြောက်ကြောက်နဲ့
“သားနဲ့ ဖိုးခန့်နဲ့ အတူစောင့်နေတာပါ
ဦးပါ။ ခုဏကမှ အိမ်သာသွားချင်လို့ အထဲပြန်ဝင်လာရင်း ဦးပါနဲ့ ဖိုးခန့် ကားနားလျှောက်သွားတာမြင်လို့
အထဲက ဒီ၂ကောင်ကို သွားနှိုးလာတာ”
“ဒါဆို ဖိုးခန့်က ဘာလို့
ကားနားမှာ မရှိပဲ အိမ်သာရှေ့ရောက်နေရတာလဲ”
ကျနော်လည်း ပတ်လည် လှည့်ပတ်ကောမိသည်။
ဖိုးခန့်ခင်ဗျာ ကြောက်ပြီး မျက်နှာလေးတောင် ငယ်သွားသည်။
“သားကို ကိုရိန်းက သူအိမ်သာသွားနေတုန်း
ကားနဲ့ ခပ်ဝေးဝေးမှာပဲ ရပ်နေရမယ်ဆိုလို့ပါ”
“ဘာဖြစ်လို့လဲ ရိန်း”
ကျနော်က အမှုစစ် ရှေ့နေလို
သူတို့ကို တစ်ခုချင်းစစ်မေးနေရသည်။
“ဖိုးခန့်ကို စိတ်မချလို့
ဦးပါ”
ရိန်းက ဝေ့လည်ကြောင်ပတ် မဖြေပဲ
တဲ့ဒိုးဖြေချလိုက်တော့ ဖိုးခန့်က ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး
“ကိုရိန်းက အလကား အူတိုနေပြန်ပြီ
ကျနော်က ဘာလုပ်မှာမို့လဲ” လို့ပြန်ပြောလိုက်သည်။
ကျနော်မပြောဘူးလား။ အခုက
သူတို့လေးတွေ ခေတ်ပါလို့။ ကောင်မလေးအတွက်နဲ့ပဲ ဆယ်ကျော်သက်လေးတွေ အလုပ်များ သံသယများတွေဖြစ်နေကြပြီ။
“ကဲကဲ တက်ကြ ပြန်မယ်…အချိန်လည်း
ကြည့်ဦး”
ကျနော်က ပြောပြောဆိုဆို ကားပေါ်တက်လိုက်သည်။
ကျနော့်နောက်မှ မတိုးမကျယ်အသံတစ်သံကြားလိုက်ရသည်။
“အားလုံးက သူ က နေတာကို စောင့်နေတာ
သူမသိဘူး…ကောဖို့ပဲသိတယ်”
အိမ်ရောက်တော့
စန္ဒီကို ဧည့်သည်တွေအတွက်ထားတဲ့ သီးသန့်အခန်းမှာ သိပ်ပြီး၊ ကျန်တဲ့ ကောင်တွေကတော့ ကျနော့်အခန်းမှာပဲ
အားလုံးစုပြုံအိပ်ခဲ့ကြသည်။
ရင်ထဲက သင်္ကြန် အပိုင်း ၁
ရင်ထဲက သင်္ကြန် အပိုင်း ၃
ရင်ထဲက သင်္ကြန် အပိုင်း ၁
ရင်ထဲက သင်္ကြန် အပိုင်း ၃
လုံးဝ မတရားဘူး.. ပါပု.. ဖိုးထက်က သူ့အဖေခြေရာ မနင်းဘူးဆိုတာ မဖြစ်နိုင်ဘူး။ ဟိဟိ.. (ကိုထက် ခွင့်လွှတ်နော်..)။
ReplyDelete