Sunday, February 19, 2012

ရင်ထဲက သင်္ကြန် (အပိုင်း - ၃)



အိပ်ကောင်းကောင်းနဲ့ အိပ်လိုက်တာ မနက်၁၁နာရီလောက်မှ နိုးတော့သည်။ ကျနော်နိုးပေမယ့် ကလေးတွေကတော့ မထနိုင်ကြသေး။

အိမ်အောက်မှာ ဖွင့်ထားတဲ့ sky net ရုပ်သံလိုင်းကနေ သင်္ကြန်သီချင်းနဲ့ အက တွေလွှင့်နေသည်။ ကျနော်အပေါ်ထပ်မှ ကြားနေရသည်။

“သင်္ကြန်နှစ်ဦး…တူးပို့တူးပို့…တူးသံ မြူးသာယာ…..သင်္ကြန်မယ်များ တူးပို့တူးပို့ တူးမာရဲ့ နော်ဗျာ…ငွေငန်းသံစုံ တူးပို့တူးပို့ မာပါစေနော်ဗျာ…မယ်တို့ကိုလည်း တူးပို့ တူးပို့ မာပါစေခင်ဗျာ…

“ပိတောက်တွေ ဝင်းလျန်း ရွှေရည်လူး…တူးပို့ တူးလဲ့ဝါ…ညှုင်းလေ ဖြုးဖြူး ဆော်ကာ မြူး တူးပို့တူးသံသာ….သင်္ကြန်ရေ အေးတာ အေးတာ…သင်္ကြန်ရေ အေးတာ အေးတာ…

ရွှဲရွှဲလောင်းတော့ တူးပို့တူးပို့ တူးသံမြူးသည် ချစ်ကြည် သင်္ကြန်ခါ…….ဗေဒီးဘုံ ပတ်ပုံဂျိဂျိ….”

ထိုသင်္ကြန်သီချင်းလေးများကို ကြားတိုင်း မျက်စိထဲမှာ ကျနော်ငယ်ငယ်တည်းက ယနေ့တိုင် မရိုးနိုင် ကြိုက်ရသည့် သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားထဲက သရုပ်ဆောင်တွေနဲ့ မြို့ မတီးဝိုင်းနဲ့ ငွေငန်းကားကြီးကို မြင်ယောင်မိသည်။

ပြီးတော့ အဲ့ဒီကားထဲမှာ အဖေလုပ်တဲ့ စန္ဒရားကိုငြိမ်းမောင် (နေအောင်) က သားလုပ်သူ သက်ထွေး (ဇင်ဝိုင်း) ကို ပြောတဲ့

“မင်း နွယ့်ကို ချစ်တော့ ချစ်ပေါ့ကွာ…ဒါပေမယ့် နှလုံးသား ပါမသွားစေနဲ့” ဆိုတဲ့ စကားကို အရမ်းကြိုက်သည်။

နွယ်အဖြစ်သရုပ်ဆောင်သော (မေသန်းနု) ကို သူ့အမေ ထား (ခင်သန်းနု)ကြောင့် စိတ်နာနေတဲ့ ကိုငြိမ်းမောင် (နေအောင်) က သူ့သား သက်ထွေး (ဇင်ဝိုင်း) နဲ့ သဘောမတူလို့ ပြောလိုက်တဲ့ စကားဖြစ်ပါသည်။

ဇာတ်ညွှန်းဆရာ မြန်မာစာ-ဦးအောင်စိုးဦး ကောင်းတာလည်းပါသည်။ အဲ့ဒိ စကားအသုံးအနှုန်းဟာ တွေးလေလေ နက်နဲလေလေ ဖြစ်သည်။ ထိုစကား၏ အဓိပ္ပာယ်မှာ နှလုံးသားဂလဲ့စားချေချင်သူများအတွက် တွင်တွင်ကြီးသုံးထိုက်သော စကားလုံးဖြစ်ခဲ့သည်။

ပရိသတ်ကို နှစ်ပေါင်းများစွာ ဖမ်းစားထားနိုင်တဲ့ အဲ့ဒီ သင်္ကြန်မိုး ရုပ်ရှင်ကားကို ဘယ်အချိန်ပြပြ ကျနော်ထကြည့် ဖြစ်သေးသည်။

ပြီးတော့ တကယ့် ဂန္နဝင်သင်္ကြန်သီချင်းတွေလည်း အများကြီးပါသည်။ ဒီလိုသီချင်းနဲ့ ဒီလိုရသမျိုးကို အခုကလေးတွေ ခံစားတတ်ပါဦးမလားလို့ တွေးရင်း တီဗီရှေ့မှာ ဝင်ထိုင်လိုက်သည်။


“ဆရာ”

ကိုဌေးက ဘေးမှာလာရပ်ရင်း ခေါ်လိုက်လို့ မျောနေတဲ့ အတွေးစ ပျက်သွားသည်။

“ပြော ကိုဌေး”

“မနက်က စန္ဒီ့အဘွား ဖုန်းဆက်တယ်။ ကျနော်လည်း ဆရာကားမောင်းနေတယ်လို့ပြောလိုက်တယ် ဆရာ”

“အေး…မင်းတယ်တော်ပါလားကွ ကိုဌေး။ အဘွားကြီး ဘာတွေမေးသေးလဲ”

“သူ့မြေးဆီဖုန်းဆက်တာ မကိုင်လို့တဲ့ ဆရာ့ဆီ လှန်းဆက်တာတဲ့ ပဲခူးရောက်ရင် ပြန်ဆက်ပါတဲ့”

“အေး…ဒါဆို မနုကိုခေါ်…စန္ဒီကို သွားနှိုးပြီး သူ့အဘွားဆီဖုန်းဆက်ခိုင်းလိုက်”

ကိုဌေးလည်း မနုကို သွားခေါ်ပြီး အကျိုးအကြောင်းပြောဖို့ ထွက်သွားသည်။

“ကိုဌေးရေ…ဟိုကောင်တွေကိုပါ နှိုးလိုက်တော့ breakfast သွားစားမယ်လို့ ပြောလိုက်”

ကျနော်လည်း သင်္ကြန်သီချင်းလေးကို တဝက်တပျက်ခံစားရင်း အပြင်သွားဖို့ ပြင်ဆင်ရသည်။ ဒါပေမယ့် တီဗီက စပီကာ အသံကို နည်းနည်းကျယ်ထားလိုက်သည်။ သင်္ကြန်တေးသံတွေ တစ်အိမ်လုံးကို ပျံ့လွင့်နေစေချင်သည်။ ဘာလို့လဲ ဆိုတော့ ကျနော်က သင်္ကြန်ကို အရမ်းချစ်သည်။ အဲဒီအချိန်မှာပဲ တီဗီကနေ အိပ်မက်စေတမန် သီချင်းလေးလွှင့်လေသည်။

“အိပ်မက်စေတမန်…ညှင်းသွဲ့ဝန်းရံ လေသွေးပြန်…ဥသြ တွန်သံ…ကြားရသည်မှ နိုးထလာခဲ့ပြန်….သြော် သင်္ကြန်…အဖော်ကင်းပြန်…တီးကြ…ဆိုကြ….ကကြရလေဦးတော့ အမှန်…နှစ်ကူး……….ရွှင်မြူးလေတော့အမှန်….”

သီချင်းလေးက ပျော်စရာ သင်္ကြန်လေးမှာ အဖော်မရှိတဲ့ တစ်ကိုယ်တော်သမားတွေအတွက် အလွမ်းတေးတစ်ပုဒ် ဖြစ်ခဲ့သည်။ ထိုအလွမ်းတေးတစ်ပုဒ်ကို ခံစားတတ်သူများမှာ အလွမ်းဓါတ်ခံရှိသူများသာ ဖြစ်ပေလိမ့်မည်။ ကျနော်လည်း ထိုသီချင်းကို ခံစားတတ်သည်။ ဒါဆို ကျနော့်မှာရော အလွမ်းဓါတ်ခံရှိနေလို့လား။ ရှိတာပေါ့။ သင်္ကြန်မှာ လွမ်းဖူးတာလေးတွေ ရှိတာပေါ့။

ကျနော်နဲ့ ကလေး၅ကောင် ကားတစ်စီးနဲ့ ကမ်းနားလမ်းက Royal River View တာဝါ အထပ်၄၀မှာရှိတဲ့ ထိုင်ဝမ် Restaurant ကိုရောက်လာသည်။

ရန်ကုန်မြစ်ကြီးကို အပေါ်စီးမှ ခံစားကြည့်ရှုရင်း မနက်စာစားရတာ ကျေနပ်စရာ ကောင်းသည်။ ပတ်ပတ်လည်မှာ တိုက်အမြင့်တွေကြီးပဲမို့ ရှုခင်းကသိပ်မကောင်းသော်လည်း အရှေ့ဘက်တည့်တည့်မှာ မြစ်ပြင်ကျယ်ကို တွေ့နေရလို့ တမျိုးလန်းဆန်းရသည်။

မနက်စာလို့သာပြောတာ။ တကယ်တော့ နေ့လည်စာဖြစ်နေပါပြီ။ ကလေးတွေလည်း စာစာနဲ့စားကြသည်။

“လမ်းတစ်လျှောက်လုံး မဏ္ဍပ်တွေဆောက်နေကြပြီနော် ဦးပါ”

“အေးကွ သဘက်ခါဆို သင်္ကြန်ကျပြီလေကွာ…”

“သားတို့ဘယ်လိုလည်ရမှာလဲ ဦးပါ။ မနှစ်ကလိုပဲ ဦးပါတို့ ကုမ္ပဏီမဏ္ဍပ်မှာပဲ ရေပတ်ရမှာလား။ ဒီနှစ်တော့ ကားလည်ချင်တယ်”

မောင်ဘုန်းက ကျနော့်ကို ကားလည်ချင်ကြောင်းပြောသည်။ ကျနော်က နှစ်တိုင်းကလေးတွေကို ကျနော့်မဏ္ဍပ်မှာပဲ ရေပက်ခိုင်းသည်။ ကျနော်တို့ လူကြီးတွေက ကုမ္ပဏီခြံဝန်းထဲမှာပဲ ပုလင်းလေးထောင်ပြီး အကင်လေးဘာလေးနဲ့ သက်တောင့်သက်သာ အနားယူကြသည်။

“အင်း ဦးပါလည်း စဉ်းစားနေတာကွ။ ဒီနှစ် အပြင်းပြေ ကားလျှောက်လည်ရင်ကောင်းမလားလို့”

“ဟာ…မကောင်းဘူး။ မဏ္ဍပ်ထိုင်မှ ပပဝတီတို့ မယ်ချိုသာတို့နဲ့တွေ့မှာပေါ့”

ဖိုးခန့်က ဝင်ပြောလိုက်တော့ ရိန်းကအထူးအဆန်းဖြစ်နေသည်။

“ဘယ်သူတွေလဲကွ ပပဝတီတို့ မယ်ချိုသာတို့ဆိုတာ”

ရိန်းက နိုင်ငံခြားမှာနေတဲ့သူမို့ မြန်မာမင်းသမီးတွေကို မသိဖြစ်နေသည်။ ဒါကြောင့် ဖိုးထက်ကဝင်ရှင်းပြသည်။

“သြော် ကိုရိန်းကလည်း အဲ့ဒါ ရုပ်ရှင်မင်းသမီးတွေလေ။ မယ်ချိုသာဆိုတာ ပြီးခဲ့တဲ့ဖေဖော်ဝါရီတုန်းကမှ အကယ်ဒမီ ပူပူနွေးနွေးရထားတဲ့ စူပါမင်းသမီးပေါ့”

“အဲ့ဒီ မင်းသမီးတွေက ဦးပါတို့ မဏ္ဍပ်ကို ဘာလာလုပ်တာလဲ”

ရိန်းကထပ်မေးတော့ မောင်ဘုန်းကရှင်းပြန်သည်။

“ဦးပါတို့ ကုမ္ပဏီက သူတို့ကို စပွန်ဆာပေးထားတာလေ။ ရှင်းအောင်ပြောရရင် ဦးပါက သူတို့ရဲ့ ကျေးဇူးရှင်ပဲ။ သူတို့ကို ဘယ်သူကမှ ကြော်ငြာ ခေါ်မရိုက်ခင် ဦးပါက ဝါရင့်နာမည်ကြီး မင်းသမီးတွေဖြစ်တဲ့ ဝတ်မှုန်ရွှေရည်တို့ မိုးယုစံတို့ကိုတောင် မသုံးပဲ အဲ့ဒီ မောလ်ဒယ် ၂ယောက်နဲ့ ရိုက်ခဲ့တာ။ ဒီတော့ ကိုရိန်းရာ သူတို့က သင်္ကြန်ဆို ဦးပါရဲ့ မဏ္ဍပ်မှာ လာထိုင်ကြတယ်။ သူတို့ရှိတော့ ဦးပါမဏ္ဍပ်ကို ထိုင်ချင်ကြတဲ့ သူတွေများတယ်။ ဦးပါက လက်မှတ်တွေရောင်းပြီး သင်္ကြန်ဆို စီးပွားဖြစ်နေတာ”

“ဟ…တယ်ဟုတ်ပါလား ငါ့ဦးပါကြီးက…ဒီလိုဂွင်လည်း ရှိတယ်ပေါ့လေ”

စန္ဒီက ခေါက်ဆွဲကြော်စားရင်း ပလုတ်ပလောင်းဖြင့် comment ဝင်ပေးသည်။

ကျနော်တို့ နေ့လည်စာ စားပြီးကြတော့ Royal River View ကနေပြန်ဆင်းလာကြသည်။ ထို့နောက် ကျနော့် ကုမ္ပဏီ ရှေ့မှာ ဆောက်နေတဲ့ သင်္ကြန်မဏ္ဍပ်ဆီ ထွက်ခဲ့ကြသည်။

တာဝန်ယူပြီးဆောက်နေသော ကျနော့်မန်နေဂျာ ကိုဧကိုက မဏ္ဍပ်စပွန်ဆာလာပေးတဲ့ ကုမ္ပဏီ တွေရှိကြောင်း ပြောပြသည်။ ကျနော်က ဘယ်စပွန်ဆာမှ မယူဘူး။ ကိုယ့်ကုမ္ပဏီအမှတ်တံဆိပ်နဲ့ပဲ ကိုယ်လုပ်မည်။ သူတို့ပေးတာ ယူရင် သူတို့ကုမ္ပဏီ ဘေဘုတ်ထောင်ပြီး သူတို့မဏ္ဍပ်ဖြစ်သွားမည်။ ကျနော်က ဘယ်တော့မှ ဒါမျိုးမလုပ်ပါ။

ကိုဧကို ကိုမှာစရာရှိတာမှာပြီး ကလေးတွေကို တစ်အိမ်တစ်ယောက် ပြန်လိုက်ပို့ဖို့ပြင်သည်။ ထိုအခါ စန္ဒီက
“ဦးပါ သမီးဒီအချိန် အိမ်ပြန်လို့ မရသေးဘူးလေ။ ပဲခူးရောက်နေတယ်လေ”

“သြော် ဟုတ်ပေသားပဲ ကိုင်း ဒါဆိုလည်း ဦးပါတို့ ဘယ်သွားကြမလဲ”

ကျနော်ကတော့ ကလေးတွေပျော်ရင် ကျေနပ်နေတဲ့လူလေ။ ကလေးတွေအတွက်ပဲ ကျနော့်ဘဝက အချိန်ပေးစရာရှိတာကိုး။

“ဦးပါ…သားတို့ ညီမလေးဖူးဖူးကို လေဆိပ်မှာသွားကြိုရအောင် မေမေ့ဆီဖုန်းဆက်လိုက်ပါလား”

ဖိုးထက်ပြောမှ ကျနော်လည်း တွေးမိသည်။ ဟုတ်ပေသားပဲ။ အခုဆို ဘယ်မှ သွားစရာ လုပ်စရာမရှိတော့မယ့် အတူတူ ဖူးဖူးကို သွားကြိုပေးတာပဲကောင်းသည်။

ကျနော် တုံတုံဆီဖုန်းဆက်လိုက်တော့ အိမ်မှာပဲရှိသေးသည်။ ကျနော်ပဲ ကလေးတသိုက်နဲ့ သွားကြိုလိုက်မယ်လို့ ပြောလိုက်သည်။ ဒီတော့မှပဲ တုံတုံလည်း မနေ့က စိတ်ဆိုးပြေတော့၏။

ကျနော်တို့ လေဆိပ်ရောက်တော့ US Flight ချိန်နဲ့တော်တော်ကွာသေးသည်။ ထုံးစံအတိုင်း ကလေးတွေက ကျနော့်ကို အနိုင်ကျင့်ကြပြန်သည်။ လေဆိပ်က STARBUCKS COFFEE ဆိုင်မှာ သွားထိုင်စောင့်ဖို့ ပြောသည်။

ကျနော်လည်း သူတို့ခေါ်ရာနောက်လိုက်ခဲ့ရပြန်သည်။ ၄၅မိနစ်လောက်ထိုင်ပြီးတော့ လေယာဉ်ဆိုက်ပြီ။ ဖူးဖူး ထွက်လာမယ့် BELT 30 မှာသွားစောင့်နေလိုက်သည်။

ဖူးဖူးတို့ စန္ဒီတို့ကို ကျနော် မချီးကျူးပဲမနေနိုင်ပါ။ တကယ်ပါ။ အသက် ဆယ့်လေးငါးနှစ်လေးတွေနဲ့ ခရီးဝေးကို လေယာဉ် စီးပြီး တစ်ယောက်ထဲ သွားလိုက်ပြန်လိုက် လုပ်ရဲတာကို ကြည့်ပြီး ခေတ်နဲ့ စနစ်နဲ့ တိုးတက်လာတာကို အံ့သြရသည်။ ကျနော်တို့ တုန်းက ဆယ့်လေးငါးနှစ်ဆိုတဲ့ အရွယ်ဟာ အမေကလွယ်အိတ်ကြီးလွယ်ပြီး ကျောင်းတံခါးဝထိ လိုက်ပို့ပေးခံနေရဆဲ အရွယ်ဖြစ်သည်။ အဲ့ဒီအချိန်တုန်းက ကျနော်တို့ဟာ လေယာဉ်ပျံမပြောနဲ့ မြို့ ပတ်ရထားတောင် လူကြီးမပါပဲ တစ်ယောက်ထဲ မစီးရဲတဲ့ ဘဝပါ။ အခုခေတ်ကလေးတွေကတော့ ကျနော်တို့ထက် အတွေ့အကြုံရော၊ ဗဟုသုတရော အစစ အရာရာ သာလွန်ကြပါသည်။

တအောင့်နေတော့ ဖူးဖူးထွက်လာသည်။ ဟန်ကျပန်ကျပဲ ရွေးစရာရှိတာတွေ ရွေးနေသည်။ ဖိုးထက်က သူ့ညီမကို လက်လှန်းပြသည်။ ဖူးဖူးလည်း ကျနော်တို့ အဖွဲ့ကိုတွေ့သည်။ ထို့နောက် အားလုံးတပျော်တပါးနှုတ်ဆက်ကြပြီး ဖိုးထက်တို့အိမ် ပြန်ကြသည်။

တစ်လမ်းလုံးကလေးတွေက စာကလေးသိုက် ကားပေါ်တင်လားသလား အောက်မေ့ရသည်။ ပြောလိုက်ကြတဲ့ စကားတွေ။ စီစီကိုညံလို့။ တစ်စီးလုံးမှာ ကလေးက ၆ယောက်၊ အားလုံးက အသက်၂၀ ပင်မပြည့်ကြသေးတဲ့အရွယ်တွေ။ ကျနော်တစ်ယောက်သာ ၂၀ကျော်သူ ပါသည်။ ဘယ်လောက်ကျော်သလဲတော့ မမေးနဲ့တော့။

ကျနော်တို့ ဖိုးထက်အိမ်ရောက်တော့ တုံတုံက ရွှေတောင်ခေါက်ဆွဲ ချက်ထားသည်။ ကျနော့်ကလေးတွေကလည်း သိပ်ပဲများတဲ့ သူမပါဘူး။ ကျွေးတာနဲ့ စားသည်။ အားနာရမယ့် အိမ်မဟုတ်တာလည်းပါမည်။

သူတို့လေးတွေ စားနေ သောက်နေတာကို ကြည့်ရင်း ကျနော့်စိတ်ထဲမှာ တစ်ခုခုကို သတိရသလို လွမ်းသလို ဖြစ်လာမိသည်။ ကလေးတွေရဲ့  တစ်ယောက်တစ်ခွန်း နောက်ပြောင် ကျီစားနေကြတာကို နားထောင်ရင်း အတိတ်ကို ပြန်မြင်ယောင်မိသည်။

လွန်ခဲ့တဲ့ နှစ် ၂၀ကျော်လောက်ကလည်း ကျနော်တို့ သူငယ်ချင်းတွေဟာ ဒီလိုပဲ တစ်ယောက်ယောက် အိမ်မှာစုဝေး ကြသည်။ လူကြီးတွေ ချက်ပြုတ်ကျွေးတာမှန်သမျှ တဝ တပြဲ စားကြသည်။ စကားတွေ ဖောင်ဖွဲ့ကြသည်။ နောက်ကြသည်။ ပြောင်ကြသည်။ တစ်ယောက်နဲ့ တစ်ယောက် ပတ်လည် လှော်ကြသည်။ မူလတန်းတုန်းက အကြောင်းတွေကို အတိတ်က ဖြစ်ရပ်များသဖွယ် အားရပါးရ ပြန်ပြောင်း ပြောဆို ရယ်မောကြသည်။ နောက် အလယ်တန်းတုန်းက အကြောင်းတွေ၊ ဘယ်ဆရာမက အရိုက်ကြမ်းတယ်၊ ဘယ်သူက ရည်းစားစာခိုးပေးလို့ မိသွားတယ် စသဖြင့် ပြောဖြစ်ကြသည်။ တဖြည်းဖြည်း အထက်တန်းက အကြောင်းတွေပြောလို့ ရတဲ့ အရွယ်ရောက်ခဲ့သည်။

ဘယ်သူက ရည်းစားရပြီ။ ဘယ်သူကတော့ ဖွင့်မပြောရဲလို့ ကျန်ရစ်ဖြစ်ခဲ့တယ် စတာတွေပေါ့။ အရွယ်ဆိုတာ တက်လွယ် ကျလွယ်တဲ့သဘောရှိသည်။ ကျနော်တို့ သူငယ်ချင်းတွေဟာ မူလတန်းအရွယ်ထဲက ပေါင်းလာကြသူတွေမို့ ညီကိုမောင်နှမများသဖွယ် တစ်ယောက်နဲ့တစ်ယောက် ချစ်ကြသည်။

တက္ကသိုလ်တွေတက်ခဲ့ကြလည်း အတူတူ။ ပထမအရွယ်လွန် ဒုတိယအရွယ် အစပိုင်း အိမ်ထောင်ရေးကဏ္ဍများထိ တိုင်တိုင်ပင်ပင် ဆွေးနွေးရင်ဖွင့်ခဲ့ကြသည်။ နောက် ဆိုင်ရာလုပ်ငန်းခွင်တွေ ဝင်ကြ၊ တစ်ချို့ လည်း နိုင်ငံခြားရောက်သွားကြ၊ တစ်ချို့ လည်း ကလေးအဖေတွေ၊ အမေတွေဖြစ်ကြနဲ့ အခုဆို ကျနော့်မျက်စိရှေ့က မျိုးဆက်ကို ကြည့်ရင် သိသည်။ ကျနော်တို့ မျိုးဆက်တစ်ဆက် အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြပြီ။ အဲ့ဒီကနေ ဆက်ပြီး မျိုးဆက်တွေ ဆက်လက် တည်တံ့အောင် ကျနော် တို့ကြိုးစားကြရမည်။ တိုင်းပြည် တစ်ပြည် လူမျိုးတစ်မျိုး မိသားစု တစ်စုမှာ မျိုးဆက်ကောင်းဆိုတာ မရှိမဖြစ်လိုအပ်သည်။

ကျနော်တို့ တိုင်းပြည်အတွက် မျိုးဆက်အစဉ်အလာကို ဆရာကြီးဒဂုန်တာရာရဲ့ သတ်မှတ်ချက်အတိုင်း ပြောရရင် လွတ်လပ်ရေးခေတ်ဦး ဗိုလ်ချုပ်အောင်ဆန်းတို့ သခင်နုတို့ ဦးကျော်ငြိမ်းတို့ သခင်သန်းထွန်းတို့နဲ့ ဆရာကြီးတာရာတို့ လည်ပယ်က ပထမမျိုးဆက်။ ၁၉၆၂ ခုနှစ် ဦးနေဝင်း အစိုးရတက်လာပြီးတဲ့နောက် နိုင်ငံရေး လှုပ်ရှားကြသူတွေက ဒုတိယမျိုးဆက်၊ အဲ့ဒီ ဒုတိယမျိုးဆက်မှာ ပထမမျိုးဆက်က ပေါက်ဖွားလာသူ သားသမီးတွေပါဝင်ခဲ့ကြတယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်တို့လို လူထုဘက်က ထာဝရရပ်တည်ခဲ့တဲ့ လူထုခေါင်းဆောင်တွေ ပါဝင်ကြသည်။ နောက် ရှစ်လေးလုံး အရေးတော်ပုံနဲ့အတူ ပေါက်ဖွားလာကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ လူရွှင်တော် ဇာဂနာ စတဲ့သူတွေဟာ မြန်မာပြည်ရဲ့  တတိယမျိုးဆက်ဖြစ်ခဲ့ပြန်တယ်။ အဖိနှိပ်ခံ ဘဝမှ အမျိုးသားနိုင်ငံရေးကို လှုပ်ရှားခဲ့ကြသူတွေဖြစ်သည်။

အဲ့ဒီနောက် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးရဲ့  ကျောင်းသားခေါင်းဆောင်တွေ ဖြစ်တဲ့ ကျော်ကိုကိုတို့ ဒီငြိမ်းလင်းတို့ ဖြိုးဖြိုးအောင်တို့ဟာ စတုတ္ထမျိုးဆက်အဖြစ် တာဝန်ကျေကြပြန်တယ်။ အဲ့ဒီ စတုတ္ထမျိုးဆက်ဟာ ကျနော်တို့ လည်ပယ်ပါပဲ။ ကျနော်က သူတို့ထက် ကြီးလှ ၅နှစ် ၆နှစ်လောက်ပဲ။ ကျနော့် သူငယ်ချင်းတစ်ချို့  နိုင်ငံရေး နယ်ပယ်ထဲ ရောက်သွားကြတာ ရှိသည်။ အခုဆို သူတို့ဟာ လွှတ်တော်မှာ ဒီမိုကရေစီရေး၊ လူ့အခွင့်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေးတွေနဲ့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးအားလုံး တန်းတူညီတူ ဖွံဖြိုးတိုးတက်ရေးကို ဦးဆောင်လှုပ်ရှားနေတဲ့ စတုတ္ထ မျိုးဆက်တွေဖြစ်နေကြပြီ။

 ကဲ ဒါဆို ကျနော်တို့ စတုတ္ထမျိုးဆက်က ထပ်မံပေါက်ဖွားလာတဲ့ ကလေးတွေ၊ တနည်းပြောရရင် ကျနော့်မျက်စိရှေ့မှာ ရွှေတောင်ခေါက်ဆွဲ စားပြီး ပျော်ရွှင်နေကြတဲ့ မောင်ဘုန်းတို့၊ ဖိုးခန့်တို့၊ ရိန်းတို့၊ ဖိုးထက်နဲ့ ဖူးဖူးတို့၊ စန္ဒီတို့ဟာ ပဉ္စမမျိုးဆက် ဖြစ်နေပါပြီ။

မြန်မာပြည်ရဲ့  ကံအကောင်းဆုံးမျိုးဆက်လည်း ဖြစ်သည်။ ရေကန်အသင့် ကြာအသင့် ကြီးပြင်းလာကြသူတွေ ဖြစ်သည်။ တော်လှန်ရေးဆိုတာ ဘာလဲ၊ အရေးအခင်းဆိုတာ ဘာလဲ၊ အာဏာရှင်ဆိုတာ ဘာလဲ၊ ယုံကြည်ချက် အကျဉ်းသားတွေဆိုတာ ဘာလဲ၊ စီးပွားရေးပိတ်ဆို့မှု ဆန်ရှင်ဆိုတာ ဘာလဲ…သူတို့ အဲ့ဒါတွေမသိတော့ဘူး။ သူတို့ မွေးကတည်းက သိလာတာ မြန်မာငွေကိုင်ပြီး ဘယ်နိုင်ငံမဆိုသွားလို့ရတာရယ်၊ အာဆီယံနိုင်ငံတွေကို ဗီဇာမလိုပဲ သွားလို့ရတာရယ်။ ရန်ကုန်လေဆိပ်ကနေ အမေရိကန်ကို လေယာဉ်တိုက်ရိုက်စီးပြီး သွားလို့ရတာရယ်၊ နေရာတိုင်း ဟမ်းဖုန်းသုံးရင်း ကမ္ဘာ့ကွန်ယက်ထဲ ဝင်မွှေလို့ ရတာရယ်။ လိုချင်တဲ့ ဘရမ်း၊ နောက်ဆုံးပေါ် update ပစ္စည်းစတာတွေကို ဒီနေ့ ထုတ် မနက်ဖြန် သဘက်ခါ ဆိုင်မှာ သွားဝယ်လို့ရတာရယ်၊ အဲ့ဒီ့လို အဆင်သင့် ရလဒ်ကောင်းတွေနဲ့ လူဖြစ်ကြရတဲ့ ကလေးတွေမို့ သူတို့မျိုးဆက်ဟာ ကံအကောင်းဆုံးမျိုးဆက်ပါပဲ။

အရင်က ကျနော်တို့ ကြီးပြင်းခဲ့ရတဲ့ မြို့ တော်ရန်ကုန်နဲ့ ယနေ့ မြို့ တော်ရန်ကုန်ဟာ အကွာကြီး ကွာနေခဲ့ပါပြီ။ ကျနော် ငယ်စဉ် ကျောင်းတက်တုန်းက ချွေးတဒီးဒီးနဲ့ ဘတ်စ်ကားတိုးစီး ခဲ့ရပေမယ့် အခုကလေးတွေက ကျောင်းကို MRT နဲ့ အဲကွန်းထဲကနေ အေးရာအေးကြောင်း သွားနိုင်ကြပြီ။ အရင်က ရန်ကုန်မြို့ မှာ ခါးပိုက်နှိုက်၊ သူခိုး သူဝှက်၊ သူတောင်းစားနဲ့ ခွေးလေခွေးလွင့်တွေ ပေါများခဲ့ပေမယ့် အခုဆို တိုင်းဒေသကြီးအစိုးရအဖွဲ့ တွေရဲ့  အားကြိုးမာန်တက် သုတ်သင်မှုတွေကြောင့် မရှိသလောက် ရှားခဲ့ပါပြီ။ ဒါဘာဖြစ်လို့လဲဆိုတော့ အစိုးရနဲ့ ပြည်သူ လက်တွဲညီခဲ့ကြလို့ပါပဲ။ အသည်းကြားက မဲတပြားဟာ အဲ့လိုမျိုး တိုင်းပြည်နဲ့ လူမျိုးအပေါ် မိမိ ရပ်ရွာဒေသအပေါ် အကောင်းဆုံးစွမ်းဆောင်နိုင်မယ့် ကိုယ်စားလှယ်မျိုးကို ရွေးပြီး မဲပေးခဲ့ကြတာပါ။ ပြည်သူကရွေးတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေမို့ ပြည်သူတွေ အေးချမ်းသာယာရေး၊ အဆင်ပြေချောမွေ့ရေး၊ လုံခြုံစိတ်ချရေးတို့အပေါ် အပြီးတိုင် တာဝန်ယူဆောင်ရွက်ကြရပါသည်။

“ဟဲ့…ဘယ်လိုဖြစ်လို့ ဆိုဖာပေါ်မှာ ထိုင်ရက်ကြီး အိပ်ပျော်နေတာလဲ ထ…ထ…ခေါက်ဆွဲပြင်ပြီးပြီ လာစား”

တုံတုံက ပုတ်ပြီး လာနှိုးမှပဲ ကျနော် ကလေးတွေ စားတာကြည့်ရင်း မှေးကနဲ ပျော်သွားတာ သတိထားမိတော့သည်။ မှေးကနဲ ပျော်သွားတုန်း ရောက်လာတဲ့ အတွေးတွေက တော်တော်စုံသွားသည်။ ကျနော်ကောင်းကောင်းမှတ်မိနေတာကတော့ ပဉ္စမမျိုးဆက်ဆိုတာပါပဲ။

“ဦးပါ…ပင်ပမ်းနေပြီလား။ သားရောက်လာတည်းက ဦးပါမနားရသေးဘူး”

ရိန်းက ဖိုးထက်တို့နဲ့ ဂိမ်းဆော့နေရာမှ ထလာပြီး ကျနော် စားနေသော စားပွဲမှာ ဝင်ထိုင်လိုက်သည်။ တုံတုံက ကျနော့်ကို သံပုရာရည်ဖျော်ပေးရင်း စားပွဲမှာ ထိုင်လိုက်သည်။

“မင်း ဦးပါက မင်းတို့နဲ့ဆို ဘယ်တော့မှ မပင်ပန်းဘူး။ အဲဗားနုပျိုနေတာ”

တုံတုံက အဲ့သလိုပြောရင်း ကျနော့်ရှေ့က ဟင်းရည်ခွက်ကို ကောက်ယူပြီး

“ငါ ပူပူလေး ထပ်ထည့်လိုက်ဦးမယ်” ဆိုကာ မီးဖိုခန်းထဲ ဝင်သွားသည်။ ဒီတော့မှ ရိန်းဆီက စကားသံထပ်ထွက် လာသည်။

“ဦးပါ စန္ဒီကို ဘယ်အချိန် အိမ်ပြန်ပို့မှာလဲဟင်”

“ငါ အခုစားပြီးရင် ပို့မှာပေါ့”

ကျနော်က အဲ့လိုပြောလိုက်တော့ ရိန်းမျက်နှာ နဲနဲမဲ့သွားသည်။ ကျနော်က ရိန်းကို အကဲခတ်ကြည့်လိုက်သည်။ ဒီကောင် တစ်ခုခုထပ်ပြောချင်ပုံရသည်။ ဒီတိုင်းဆို ဒီကောင် ပြောရဲမှာ မဟုတ်တော့ဘူး။ ကျနော်က စကားစမှ သူဘာပြောချင်တယ် ဆိုတာ သိမည်။

“သားရိန်းက ဘာလုပ်ချင်လို့လဲ…စန္ဒီလေးကို နောက်ကျမှ ပြန်ပို့စေချင်လို့လား”

ကျနော်က အဲ့လိုပြောလိုက်တော့ ရိန်းမျက်နှာလေး ပြန်ဝင်းသွားသည်။ ပြီးတော့

“သားကို ဦးပါ ခွင့်ပြုမယ်ဆိုရင် သားနဲ့စန္ဒီနဲ့ တီတုံတို့လမ်းထိပ်က café square မှာ ကော်ဖီသွားသောက်ချင်လို့”

ထိုစဉ် ဟင်းရည်ထည့်ပြီး ပြန်လာသော တုံတုံက နားစွံနားဖျားကြားပြီး

“ကော်ဖီသောက်ချင်တာများ ရိန်းရယ် တီတုံဖျော်ပေးပါ့မယ် ဘာလို့အပြင်မှာ သွားသောက်မှာလဲ အလကားပိုက်ဆံ ကုန်ခံလို့”

ဒီတော့ ဇာတ်လမ်းကိုသိတဲ့ ကျနော်က တုံတုံ့ကို မျက်ရိပ်မျက်ကဲ ပြပြီး

“အင်းလေ…သားတို့သွားမယ်ဆိုလည်း စောစောသွားပေါ့။ နောက်၁နာရီလောက်ဆိုရင်တော့ ပြန်ခဲ့ကြ”

ရိန်းကို ခွင့်ပြုပေးလိုက်ပြီး ရိန်းထွက်သွားတော့မှ တုံတုံ့ဘက်လှည့်ကာ

“အဘွားကြီး…ကလေးတွေအကြောင်းလဲ ဘာမှ မသိပဲနဲ့ရမ်းရမ်းပြောတယ် ရိန်းက စန္ဒီလေးကို စိတ်ဝင်စားနေတာ…သူတို့ချင်း လွတ်လွတ်လပ်လပ် ပြောချင်ဆိုချင်မှာပေါ့ဟာ…”

“အို့ ….ဘာအဘွားကြီးလဲ…ငါ့များ…အေး…အပါ နင်ကြည့်လုပ်နော်…နောက်မှ ငါမြင်ယောင်သေးတယ်၊ ကေခိုင်နဲ့ လဲ့ရည် ဘယ်သူ့အဆဲ ခံရမလဲဆိုတာ”

တုံတုံက ရိန်းအမေ ကေခိုင်နဲ့ စန္ဒီအမေ လဲ့ရည်တို့ ကျနော့်ကို အပြစ်တင်မှာ စိုးရိမ်ပြီး သတိပေးသည်။

“ဟေး ဒီမှာ မယ်တုံ အပါက မဖြစ်နိုင်ဘူးထင်ရင် ကိုယ့်နှာချေးတောင် ကိုယ်ကော်မထုတ်ဘူး”

တုံတုံက နှာခေါင်းရှုံသည်။

“ဖြစ်သင့်တယ် ဖြစ်နိုင်တယ်ထင်မှ လုပ်တာ။ အခု ဒီကလေးနှစ်ယောက်ဆို ဘယ်လောက်လိုက်ဖက်သလဲ ကြည့်စမ်း၊ နှစ်ယောက်လုံးက နိုင်ငံခြားမှာ နေကြတာ။ မိဘချင်းဆိုတာကလည်း ပြောရမယ့်လူတွေမဟုတ်ဘူး”

“အေးပါ…နင့်ဇာတ်ကို နင်ပိုင်လို့ နင်နိုင်ရင် နင်ရိုက်ပါ ဒါရိုက်တာကြီးရယ် ငါတို့က အနေသာကြီးပါ၊ ဒါပေမယ့် ကလေးတွေက ငယ်သေးတယ်လေ…ဒီမှာ ရှိနေကြတုန်း မဖြစ်သင့်တာ ဖြစ်ကုန်မှ နင့်ခေါင်းပဲ ဖြစ်နေမယ်”

“ငါသိပါတယ် မယ်တုံရယ်…ငါကလည်း နလက်ပိန်းတုန်းမှ မဟုတ်တာ…သူတို့ကို လွှတ်မထားပါဘူး”

“အေး အဘိုးကြီး။ မလွှတ်ထားပါဘူးဆိုပြီး နင်ပဲ အခု ၂ယောက်ထဲ လွှတ်လိုက်ပြီလေ”

“ဟ…ဒါ သူတို့ ရိုးရိုးသားသား ကော်ဖီဆိုင်သွားကြတာပဲ ငါဘာလို့ မလွှတ်နိုင်ရမှာလဲဟ”

“အေး…အဲ့ဒါကြောင့် နင်အခုထိ လူပျိုကြီး ဖြစ်နေတာ…ငါမပြောလိုက်ချင်ဘူးနော်…ဘယ်သူကများ ဒီသွားပါဦးမယ်ဆိုပြီး ….ဟာ…ငါမပြောတာပဲကောင်းပါတယ်။ ဒီမယ် လူပျိုသိုးကြီး…နင်ဒီလိုကိစ္စတွေ မကျွမ်းကျင်ပဲ အုပ်ထိန်းသူ လုပ်လို့မရဘူးနော်”

တုံတုံ့စကားကြောင့် ကျနော်စားလက်စ ရပ်ပြီး သူ့ကို ကြောင်တောင် ကြည့်နေမိသည်။ အတွေးတစ်ခုလည်း ဝင်လာသည်။


“ကဲ ဒါရိုက်တာကြီး ငါပြောတာ နင်သဘောပေါက်တယ်မလား”

အဲ့ဒီတော့မှ ကျနော့်မှာ ခေါင်းနပန်းကြီးသွားပြီး ဖိုးခန့်နဲ့ မောင်ဘုန်းကို ခေါ်ကာ လမ်းထိပ်က ကော်ဖီစကွဲမှာ ဟို၂ယောက် ရှိမရှိ မသိမသာ လိုက်ချောင်းဖို့ လွှတ်လိုက်ရတော့သည်။

မောင်ဘုန်းနဲ့ ဖိုးခန့်ကလည်း ကျနော်ခိုင်းလျှင် မဆိုင်းမတွလုပ်တတ်ကြသည်။ အားကိုးရသည်။ ခပ်သုတ်သုတ် ထွက်သွားကြသည်။

သူတို့ ၂ယောက် ဆိုင်နားကိုရောက်တော့ ကားပါကင်ထဲ ကားတွေကို ကွယ်၍ ကုန်းကုန်း ကုန်းကုန်းနဲ့  ဆိုင်ထဲကို လှန်းကြည့်ကြသည်။ တစ်ယောက်က ရှေ့ကကြည့်လျှင် နောက်တစ်ယောက်က နောက်ဘက်ကကြည့်သည်။ မောင်ဘုန်းက လှန်းမြင်သည်။

“ကိုရိန်းမျက်နှာကြီးက ဖြီးနေတာပဲ ဖိုးခန့် ဟိုမှာ ကြည့်စမ်း”

မောင်ဘုန်းက သူ့တွေ့ရှိချက်ကို ဖိုးခန့်အား ဖောက်သည်ချသည်။ ဖိုးခန့်လည်း မောင်ဘုန်းညွှန်ရာသို့ လှန်းကြည့်သည်။

သူတို့နောက်နားသို့ လုံခြုံရေးသမားတစ်ဦးချဉ်းကပ်လာတာ သူတို့မသိ။ ရှေ့သို့သာ မဲနေကြသည်။

“ဟိတ် မပြေးနဲ့ ကားသူခိုး ၂ကောင် မိပြီ…မင်းတို့ကို ရဲလက်ထည့်ရမယ်”

“ဗျာ…မဟုတ်ပါဘူး။ ကျနော်တို့ ကားသူခိုးမဟုတ်ရပါဘူး”

“ဘာ အခုမှ မဟုတ်ပါဘူးလဲ…ဒီနေရာမှာ ကုန်းကုန်းကွကွနဲ့ ဟိုချောင်းဒီချောင်း လက်ပူးလက်ကျပ် မိတာတောင် မင်းတို့က ငြင်းချင်သေးတယ်။ မရဘူး။ လိုက်ခဲ့”

၂ ကောင်သား လုံခြုံရေးဝန်ထမ်းဖမ်းခေါ်သွားရာနောက်သို့ ပေကပ်ပေကပ်နဲ့ ပါသွားကြတော့သည်။

“ကိုရိန်းရေ…ကယ်ပါဦး…ကိုရိန်းရေ…ကယ်ပါဦးဗျ” နဲ့ အော်သွားသံ ကြား၍ ရိန်းက ကားပါကင်ဘက် လှန်းကြည့်ရာ မောင်ဘုန်းနဲ့ ဖိုးခန့်တို့ ၂ယောက်ကို ဇူစကာပုဏ္ဏားက ဝေသန္တရာရဲ့ သားနဲ့သမီး ကဏှာနဲ့ ဇာလီကို ဖမ်းသွားသလို ဖမ်းသွားတာ တွေ့လိုက်ရသည်။

“ဟာ…စန္ဒီ…ဟိုမှာ မောင်ဘုန်းနဲ့ဖိုးခန့်ပဲ…ဘာပြဿနာဖြစ်လို့လဲ မသိဘူး…ကိုယ်တို့ လိုက်သွားကြည့်ရအောင်”

ရိန်းနဲ့စန္ဒီ မန်နေဂျာ ရုံးခန်းထဲရောက်တာ မြန်ပေလို့ပေါ့။ မန်နေဂျာက သူ အလုပ်ရှုပ်နေတယ်ဆိုပြီး ရဲလက်ပဲအပ်ဖို့ ရဲစခန်းကို ဖုံးဆက်နေချိန်ဖြစ်သည်။

ရိန်းက တောင်းပန်ပြီး အကျိုးအကြောင်းမေးကာ ရှင်းပြလိုက်မှ သက်သာရာရသွားသည်။

၎ယောက်သား အိမ်ကိုပြန်ရောက်လာကြတော့ ဖိုးခန့်ရုပ်က စပ်ဖြဲဖြဲဖြစ်လာသည်။ မောင်ဘုန်းကတော့ ရှက်လို့ စကားပင် မပြောတော့ပေ။ စန္ဒီက အကြောင်းစုံပြောပြမှပဲ ကျနော့်ကောင် ၂ကောင် ကားသူခိုး အထင်ခံရတဲ့အကြောင်းသိရ တော့သည်။ ငိုအားထက် ရီအားသန်ရတော့သည်။ ပြီးတော့ ရိန်းနဲ့ စန္ဒီတို့ကိစ္စလည်း အေးဆေးပဲမို့ ပိုပြီး စိတ်သက်သာရာ ရခဲ့တော့သည်။

အဲ့ဒီနေ့က ကျန်တဲ့ကလေးတွေအားလုံး အိမ်ပြန်သွားကြသည်။ ရိန်းသာ ကျနော်နဲ့ အတူအိမ်ပြန်ပါလာသည်။ လမ်းမှာ ကျနော်က ရိန်းကို အစ်မေးသည်။

“မင်း စန္ဒီကို ရင်မခုန်ဘူးလား”

“ဟာ…ဦးပါကလည်း ကျနော်တို့က မောင်နှမတွေလိုပါ”

“ဟေ့ကောင် ဒီဇာတ်ကွက်တွေက လွန်ခဲ့တဲ့ နှစ်၂၀ကျော်က ဒွေးတို့လွင်မိုးတို့ ရုပ်ရှင်တွေထဲမှာ ပါပြီးနေပြီ။ မင်းငါ့ကို မလိမ်ချင်စမ်းပါနဲ့ကွာ။ ငါက ငယ်ရာကကြီးလာတဲ့ကောင်ပါ။ မင်းမပြောနဲ့ မင်းအဖေတွေ အမေတွေရော… ဇာနည်ထက်တို့တုံတုံ တို့ရော အားလုံးကို အကြံဥာဏ်တွေ ပေးခဲ့တဲ့ကောင်ပါ”

“ယုံပါတယ်..ဦးပါရဲ့ အစွမ်းအစကို မာမီ အမြဲပြောလို့ သားသိပြီးသားပါ…ဒါပေမယ့် စန္ဒီနဲ့ သားကတော့ တကယ့်မောင်နှမတွေလိုပါပဲ”

“မင်းမနေ့က ကော်ဖီဆိုင်မှာ ကောင်မလေးကို ဘာတွေ ပြောသလဲ ငါ့ကို မှန်မှန်ပြောနော်…မှန်မှန်မပြောပဲ ငါ့ဖာသာ စုံစမ်းပြီးသိရလို့ကတော့ ရိန်း မင်းမလွယ်ဘူးမှတ်”

ကျနော် အဲ့လိုမေးလိုက်တော့ ဒီကောင် နဲနဲရပ်သွားသည်။ ခဏလောက်စဉ်းစားနေသည်။ ပြီးတော့မှ

“ဦးပါကို သား ဦးလေးအရင်းလိုချစ်လို့ ပွင့်ပွင့်လင်းလင်းပဲ ပြောပြတော့မယ်၊ ဒယ်ဒီတို့ မာမီတို့တော့ မသိပါစေနဲ့နော်..ပြီးတော့ ဦးထွဋ်ကြီးနဲ့ အန်တီလဲ့ရည်ကိုလည်း သွားမပြောပါနဲ့နော်”

“အေးပါ…သားရိန်းတို့ ကလေးတွေကိစ္စ ဦးပါ နားလည်ပါတယ်၊ ကဲပြော..”

“မနေ့က သား သူ့ကို ချစ်တယ်လို့ပြောလိုက်တယ်”

“ဒီတော့”

“သူက အခုလောလောဆယ်တော့ အဖြေပေးဖို့ စောနေသေးလို့တဲ့ အဲ့ဒါ”

“ဘယ်တော့ပေးမယ်တဲ့လဲ။ နောက်၁လကြာရင်လား”

“သင်္ကြန်အတတ်နေ့တဲ့”

“ဟေ….”

အမှန်ပြောရရင်တော့ ကျနော့်စိတ်ထဲမှာ ကောင်လေးကရည်းစားစကားပြောရင် ကောင်မလေးက စဉ်းစားပါရစေ ဘာညာနဲ့ အချိန် ၁ လလောက်ယူပြီး စဉ်းစားကြသည်။ တစ်ချို့ ဆို ၃လလောက်တောင် စောင့်ရသည်။ ချစ်သူအဖြေပေးမယ့် ရက်ကို ပြက္ခဒိန်မှာ အမှတ်လေးတွေချစ်ပြီး ရေတွက်ကြရသည်။ အခုတော့ သူတို့ ချစ်သူဖြစ်ဖို့ စဉ်းစားချိန်ရော စောင့်စားချိန်ရော ရင်ခုန်ချိန်ရော စုစုပေါင်းမှ ၅ရက်ထဲရယ်

မနက်ဖြန်ပြီးရင် သင်္ကြန်ကျပြီ။ အကြို၊ အကျ၊ အကြတ် ၃ရက်နဲ့ဆို အတတ်နေ့မှာ အဖြေပေးဖို့ ၅ရက်ပဲအချိန်ယူသည်။ သြော် ခေတ်ကြီးရယ် မြန်လှချည်လား။ ခေတ်နဲ့ မျက်ခြေမပျက်အောင် အမီလိုက်နေပေမယ့် ဒီတစ်ချီတော့ ကျနော် လိုက်မမီတော့ပေ။ ကျနော်တို့တုန်းက ကောင်လေးပဲဖြစ်စေ ကောင်မလေးပဲ ဖြစ်စေ ချစ်သူဖြစ်တော့မယ်ဆိုရင် အစစ အရာရာ လေ့လာစုံစမ်းဖို့ အချိန်ယူရသည်။ ဘယ်မှာနေလဲ၊ သူ့မိဘတွေက ဘယ်သူတွေလဲ၊ ဘာလုပ်လဲ စသည်ဖြင့် လမ်းထိပ်ကွမ်းယာဆိုင်မှာ စုံစမ်းရ၊ ဆိုက္ကားသမားမေးရနဲ့ နည်းနည်းကြာသည်။ ဒီခေတ်ကတော့ အရမ်းမြန်သွားပြီ။ facebook တို့ twitter တို့ yahoo တို့ရှိနေပြီဆိုတော့ လူတစ်ယောက်ရဲ့  profile ကို အသေးစိတ် အဲ့ဒီကနေ သိနိုင်ပြီ။ အဲ့ဒီလူရဲ့ လှုပ်ရှားမှု၊ ပတ်ဝန်းကျင်နဲ့ အဆင့်အတန်းကို အဲ့ဒီ network တွေကနေ သိရပြီ။ ဆိုတော့ ခေတ်ကလေးတွေ အတွက် ချစ်တယ်ဆိုတဲ့စကား နားထဲရောက်အောင် ပြောရဲဖို့ပဲလိုသည်။ တစ်ချို့ ကျတော့ အွန်လိုင်းကနေ ပြောကြသည်။ တစ်ချို့ က ဖုန်းတွေ၊ မက်စ်စေ့ရှ်တွေကနေပြောကြသည်။ အဓိကက ပြောဖြစ်လိုက်ဖို့ပင်။ ဘယ်လိုနည်းပဲသုံးသုံး ကိုယ်သူ့ကို ချစ်တယ်ဆိုတာ သူသိသွားဖို့ပဲ လိုသည်။

အဲ့ဒီလို ချစ်တယ်ဆိုတဲ့ စကားကို ပြောဖို့ ကပ်စေးနဲ နှမြော နှေးကွေးနေလို့ ယနေ့တိုင် ဂေါ်မစွံ တစ်ကိုယ်တည်း လူပျိုကြီး ဖြစ်နေတဲ့သူတွေလည်း ရှိသည်။ တခြားသူ မဟုတ်ဘူး။ ကျနော်ကိုယ်တိုင်ပင်။

နောက်နေ့ ကျနော်နဲ့ ရိန်း အိပ်ယာကနှိုးတော့ မနုက လက်ဖက်ရည်ဝိုင်းပြင်ပေးသည်။ ကိုဌေးက ပိတောက်ပန်းတွေ တပွေ့တပိုက်နဲ့ ပြန်လာသည်။

“ဆရာ…ပိတောက်တွေ ပွင့်နေပြီဆရာ ညက မိုးရွာသွားတယ်။ လမ်းတိုင်းလမ်းတိုင်း ဝါထိန်နေတာပဲ။ ဈေးထဲမှာလည်း လူတိုင်း ပိတောက်ပန်းတွေပန်လို့ တဈေးလုံး မွှေးနေတာပဲဆရာ”

ကိုဌေး ပြောမှပဲ ညက မိုးရွာသွားတာကို သိတော့သည်။ အခန်းကလုံနေ၍ မိုးရွာသွားတာတောင် မကြားမိလိုက်ပေ။

“ဒါဆို သင်္ကြန်မိုးရွာသွားတာပေါ့ နော် ဦးဌေး”

“ဒါပေါ့ ရိန်းရ…မင်းတို့ စင်ကာပူမှာရော သင်္ကြန်မိုးရွာလား”

“ဟာ ဦးဌေးကလည်း လာနောက်နေပြန်ပြီ။ စင်ကာပူမှာ ဘယ်ကလာ သင်္ကြန်မိုးရှိရမှာလဲ။ ၁၂လရာသီ နေပူရင်ပူ မပူရင် အစိုးမရတဲ့ မိုးက ရွာတတ်တာဗျ။ ဦးပါကို မေးကြည့်ပါလား”

“ဟုတ်တယ် ကိုဌေးရ…ဟိုမှာ ပိတောက်တော့ပွင့်တယ် ဒါပေမယ့် သင်္ကြန်ရနံ့ မရပါဘူးကွာ…ငါတို့ နိုင်ငံမှာပဲ နွေဆို ဥသြသံနဲ့ တန်ခူးလေနဲ့ ပိတောက်ရနံ့နဲ့က သင်္ကြန်သရုပ်ကိုဖော်တာ…ဘာလိုလိုနဲ့ နက်ဖြန်တောင် သင်္ကြန်ကျပြီ။ မဏ္ဍပ် လက်မှတ်တွေရော ကုန်ရဲ့ လားမသိဘူး”

“ဟာ…ဆရာက အခုမှ မေးနေ..လက်မှတ်တွေက ကုန်တာဖြင့် ကြာပေါ့။ ဆရာ့ကိုပြောဖို့ မေ့နေတာ မနေ့ကတောင် ကိုဧကို ဖုန်းဆက်သေးတယ်။ ဆရာ့ဆီ မဆက်ရဲလို့တဲ့။ ဟို ပပဝတီက ကိုဧကိုဆီက လက်မှတ်၂စောင် အတင်းတောင်းတယ်တဲ့ ကိုဧကိုက ဘာအတွက်လဲမေးတော့ သူ့သူငယ်ချင်း၂ယောက်ပါ ထိုင်ချင်တယ်ဆိုလို့တဲ့။ အဲ့ဒါ ကိုဧကိုက ဆရာ့ဆီ ဆက်ပြီး တောင်းပေါ့လို့ ပြောလိုက်တော့ စိတ်ကောက်သွားတယ်တဲ့”

“အင်း ခက်တာပဲကွာ…ပပဝတီတို့ကလည်း ဒါလေးနဲ့များ ဧကို ကိုဒုက္ခသွားပေးရတယ်လို့။ ကဲ ကိုဌေး..သွား ပပဝတီဆီ ဖုန်းခေါ်လိုက် ရရင်ပြော”

“ဟုတ်ကဲ့”

ကိုဌေးလည်း လက်ထဲက ပိတောက်ခက်တွေကို မနုလက်ထဲ ပေးပြီး ပပဝတီဆီ ဖုန်းခေါ်ဖို့ ဧည့်ခန်းထဲဝင်သွားသည်။

တအောင့်နေတော့ ကော့တလက်လေးကိုင်ပြီး ကျနော်ဆီ လာပေးသည်။

“ဟဲလို ပပလား..သမီးကို ဦးပါ ပြောသားပဲ ဘာပဲလိုလို ဦးပါကို တိုက်ရိုက်ပြောပါလို့…ဘာလို့ ဧကိုဆီ လက်မှတ်သွားတောင်းတာလဲ။ ဧကိုက ဘယ်ပေးရဲမလဲ၊ ဦးပါကိုပြောပေါ့”

“သမီးက အမြဲတမ်း ဦးပါဆီ အကူအညီတောင်းနေရတော့ အားနာလို့ မပြောတော့တာ၊ ပြီးတော့ ဒီလက်မှတ်ကိစ္စလေး အတွက်နဲ့ ဦးပါကို ဖုန်းဆက်ရမှာ ကြောက်လို့”

“ဘာကြောက်စရာရှိလဲ…နင့်ကို ငါကကိုက်စားမှာကြနေတာပဲ”

“ဟင်းဟင်း..နောက်တာပါ ဦးပါကလည်း…ဦးပါ သမီးသူငယ်ချင်း ၂ယောက်လေ..ဟို စဝ်သိုက်အောင်နဲ့ နဒီနန္ဒာတို့က သူတို့လည်း ဦးပါမဏ္ဍပ်မှာ ထိုင်ချင်တယ်ဆိုလို့”

“စဝ်သိုက်အောင်ဆိုတာ ဟိုရှမ်းကလေးလား ဘာလဲ Rayban မျက်မှန်ကြော်ငြာတဲ့ကောင်လေးမဟုတ်လား”

“ဟုတ်တယ် ဟုတ်တယ်။ နဒီကိုတော့ ဦးသိမှာပေါ့”

“သိတယ် သိတယ် ဟိုတလောကပဲ ရှန်ဂရီလာဟိုတယ်မှာ သူနဲ့ ချိုသာနဲ့ ကားရိုက်နေတာ ဦးလည်း အစည်းအဝေး တစ်ခု တက်ပြီး ပြန်မယ်လုပ်တော့ ချိုသာနဲ့တွေ့လို့ မိတ်ဆက်ပေးတာနဲ့ သိနေတာ”

“အဲ့ဒါ သူတို့၂ယောက်အတွက်…”

“လက်မှတ်မလိုပါဘူး…ပပသူငယ်ချင်းတွေပဲ…ခေါ်ခဲ့ပါ”

“ဟား….ကျေးဇူးတင်လိုက်တာ…သမီးတို့က ဦးပါတင်ပေးတဲ့ မင်းသမီးတွေဆိုတော့ အကြောင်းမဟုတ်ပေမယ့် သူတို့ကျတော့ ဒီတိုင်းလိုက်ထိုင်ရင် မကောင်းလို့ လက်မှတ်နဲ့ ထိုင်ခိုင်းမလို့လေ…အဲ့ဒါပြောတာပေါ့…ဦးပါကြီးက သဘော ကောင်းပါ တယ်လို့”

“ရုပ်ရှင်မင်းသမီးလို့ မပြောရဘူး။ လေသံကိုက သရုပ်ဆောင်ကောင်းတယ်”

“ဟင်း…ဦးပါကလည်း…”

ကျနော်လည်း ပပနဲ့ ဖုန်းပြောပြီးရုံရှိသေး ဧကိုဆီမှ ဖုန်းဝင်လာသည်။


“ဆရာ…ပပဝတီက လက်မှတ်…”

“မပြောနဲ့တော့ ဧကို ငါ သူနဲ့ဖုန်းပြောပြီးပြီ…ဘယ်လိုလဲ မဏ္ဍပ်အခြေအနေ…DJ ရော ဘယ်သူတွေခေါ်ထားလဲ”

“ဆရာ့တပည့်ကြီး DJ ဘီလူးနဲ့ ဘန်ကောက်က DJ သောမတ်စ်ပဲပေါ့”

“အေး .. ကောင်းသလို ကြည့်လုပ်ကွာ…မနက်ဖြန်ဖွင့်ပွဲမှာ ပပရယ် ချိုသာရယ် နဒီရယ် ရှမ်းလေး စဝ်သိုက်အောင်ရယ် ၄ယောက်ရှိပြီ။ တခြား ဧည့်သည်တွေဖိတ်ထားသေးလား”

“ဖိတ်ထားတယ်ဆရာ ကျနော်တို့ မြို့ နယ်က လွှတ်တော်အမတ်ရယ်၊ အုပ်ချုပ်ရေးမှုးရယ်၊ ပြီးတော့ ဆရာ့ ပါတနာ ကုမ္ပဏီက MD တွေအားလုံးလဲ ဖိတ်ထားတယ်ဆရာ”

ဧကိုနဲ့ ဖုန်းပြောပြီးတော့ ကျနော်တို့ တူဝရီးနှစ်ယောက် မဏ္ဍပ်ဆောက်နေတဲ့ဆီ ထွက်ခဲ့ကြသည်။ မဏ္ဍပ်က ၄ဆင့် မဏ္ဍပ်ဖြစ်သည်။ အောက် ၂ဆင့် ကရေပတ်တဲ့သူတွေအတွက်ဖြစ်ပြီး တတိယတဆင့်က မတ်တပ်ရပ်ချင်သူတွေ၊ က ချင်သူတွေ အတွက်၊အပေါ်ဆုံးအဆင့်မှာတော့ DJ ROOM ရှိမယ်။ Celebrities တွေရယ် Organizer တွေရယ်အတွက်ဖြစ်သည်။

ရိန်းနဲ့ကျနော် မဏ္ဍပ်ပေါ်တက်ကြည့်ကြသည်။ ခိုင်မခိုင်စစ်ကြည့်သည်။ ဒါအရေးကြီးသည်။ မဏ္ဍပ်ပေါ်မှာ လူက ၃၀၀လောက်ရှိမှာ။ အားလုံးက ခုန်အုံးမှာ။ ပျဉ်တွေ ထောက်တွေ ခိုင်ဖို့လိုသည်။ ပြီးတော့ ပတ်ပတ်လည်မှာ မီးအလှဆင်ထားတာတွေက ဝါယာရှော့မဖြစ်အောင် ဂရုစိုက်ရမည်။ ဒါပြီးတော့ အတက်အဆင်း ဝင်ပေါက်ဂိတ်မှာ security တွေစစ်ဖို့ရယ်။ မဏ္ဍပ် ပတ်ဝန်းကျင်မှာ ရန်ပွဲမဖြစ်အောင် ထိန်းဖို့ security အဖွဲ့ ခန့်ထားတဲ့လူတွေကို သေချာ ပြောဆို အမိန့်ပေးဖြစ်သည်။

Security အဖွဲ့ဝင်ကြီးပဲ စုစုပေါင်း ၃၀ခေါ်ထားပြီး မဏ္ဍပ်မှာပဲအိပ်ခိုင်းသည်။ အားလုံးကို တူညီဝတ်စုံ ကုမ္ပဏီ သင်္ကြန်မဏ္ဍပ် တံဆိပ်နဲ့ ပေးဝတ်ပြီး ခေါင်းပြောင်အောင် တုံးခိုင်းလိုက်သည်။ သူတို့အားလုံးကို အုပ်ချုပ်ဖို့ ဧကိုရဲ့ တပည့် အောင်သူ့ကို တာဝန်ပေးလိုက်သည်။

မနက်ဖြန်ညနေ ၃နာရီမှာ မဏ္ဍပ်ဖွင့်ပွဲလုပ်ပြီး ရေစပက်မယ်။ ဖွင့်ပွဲကို ခမ်းခမ်းနားနား မြူးမြူးကြွကြွ ဖြစ်ဖို့ စီစဉ်စရာရှိတာတွေ စီစဉ်ပြီး ရိန်းကို ရန်ကုန်မြို့ တစ်ပတ် မဏ္ဍပ်တွေအခြေအနေ လိုက်ပြဖြစ်သည်။

ညနေစောင်းတော့ အိမ်ကိုစောစောပြန်ခဲ့ကြပြီး ည၇နာရီလောက် ကျနော်နဲ့ရိန်း သုဝဏ္ဏဘောလုံးကွင်းနားက သုဝဏ္ဏရှော့့ပင်းစင်တာ အပေါ်ဆုံးထပ်မှာ ဖွင့်ထားတဲ့ အီတာလျံ စားသောက်ဆိုင်မှာ ညစာသွားစားဖြစ်သည်။ စန္ဒီ့ ကိုပါ တခါတည်း ဝင်ခေါ်ခဲ့သည်။

ရိန်းက စန္ဒီ့ ကိုလည်း သင်္ကြန်အတူတူလည်လို့ရအောင် စည်းရုံးသည်။ ကျနော်ကလည်း သူ့အဘွားဆီ ကိုယ်တိုင်သွားပြီး ခွင့်တောင်းထားသည်။ ဘာပဲပြောပြော သူများတွေနဲ့လည်တာထက်စာရင် ကျနော်တို့နဲ့ရှိနေခြင်းက စန္ဒီအတွက် လုံခြုံစိတ်ချရသည်။ နို့မဟုတ်ရင် သိတဲ့အတိုင်း ခေတ်မီလာတာနဲ့အမျှ ခေတ်ကာလ သားသမီးတွေက ဒီလို ပွဲတော်မျိုးဆို စိတ်လွတ်ကိုယ်လွတ် ပျော်တတ်ကြတာ။ အမြင်မတော်တာတွေလည်းတွေ့ရ၊ မသင့်တော်တာတွေလည်း မြင်ရနဲ့ ဒါကတော့ ဖြစ်မှာပဲ။ တစ်ခုလိုချင်ရင် တစ်ခုတော့ စွန့်ရမယ်။ ကိုယ့်နိုင်ငံ ခေတ်မီချင်တယ်၊ ကမ္ဘာနဲ့ ရင်ပေါင်တန်းချင်တယ်ဆိုရင် နိုင်ငံတကာနဲ့ဆက်ဆံလာရပြီ။ နိုင်ငံတကာက လူတွေကိုယ့်နိုင်ငံထဲ ဝင်ရောက်လာကြပြီ။ သူတို့နဲ့အတူ အနောက်တိုင်း ယဉ်ကျေးမှုတွေလည်း အတူပါလာကြသည်။ ဒီလိုဆို ကိုယ့်နိုင်ငံက လူငယ်တွေလည်း အဲ့ဒီ အနောက်တိုင်း ယဉ်ကျေးမှုနဲ့ ရင်းနှီးကျွမ်းဝင်လာကြသည်။ အလွန်အကျွံမဖြစ်ဖို့ပဲ ထိန်းရမည်။ ဒါ ကမ္ဘာအနှံ့ဖြစ်စဉ် (globalization) နဲ့ ယဉ်ကျေးအောင် ဆောင်ရွက်ခြင်း (civilization) ကို မျှတအောင် ထိန်းညှိဖို့ (control) အရေးကြီးသည်။ အရမ်းတင်းကြပ် လွန်းရင်လည်း မသိအောင်ကျူးလွန်ရင်း ခိုးလုပ်ရင်းနဲ့ စာရိတ္တပျက်ပြားခြင်း၊ စိတ်ဓါတ်ကျခြင်း (demoralization) တို့ဖြစ်လာနိုင်သည်။

အဲ့ဒီနေ့ညက စန္ဒီနဲ့ရိန်း ၂ယောက်ကို အေးရာအေးကြောင်း စကားပြောနိုင်အောင် သုဝဏ္ဏရှော့ပင်းမော အပေါ်ဆုံး အထပ်လသာဆောင်က My Café ကိုလိုက်ပို့ပေးပြီး အဲ့ဒီဘေးမှာ ကျနော့်မိတ်ဆွေကြီး ကိုမိုးမင်း ပိုင်သည့် Mr.Moe-Liquor Bar မှာ သွားငြိမ့်ရင်း စောင့်နေလိုက်သည်။ ၁၁နာရီကျော်လောက်မှ အိမ်ပြန်ခဲ့ကြသည်။




ရင်ထဲက သင်္ကြန် အပိုင်း ၁


ရင်ထဲက သင်္ကြန် အပိုင်း ၂









No comments:

Post a Comment