Thursday, April 5, 2012

အတ္တကိုစွန့် ပရဘက်ကူးလို့ ပီတိကမ်းမှာ နားလို့ခို

အတ္တကိုစွန့် ပရဘက်ကူးလို့ ပီတိကမ်းမှာ နားလို့ခို

            ကျနော့်ဘဝမှာ အလုပ်ချင်ဆုံးအလုပ်တစ်ခု ရှိပါသည်။ ထိုအလုပ်မှာ ပရဟိတအလုပ်ဖြစ်ပါသည်။ အရင်ကကိုယ်တတ်နိုင် သလောက် လူမှုရေးအလုပ်တွေမှာ ပါဝင်လုပ်ဆောင်ပေးခဲ့ပေမယ့် ကျနော့်စိတ်ထဲမှာ ဘဝင်မကျနိုင် ဖြစ်နေသေးသည်။ ကျနော် လုပ်ချင်တာက အများအကျိုးပြုလုပ်ငန်းတစ်ခုခုမှာ ပါဝင်ဖို့ဖြစ်သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ကျနော်သည် ကိုယ်ကျိုးအတွက်နဲ့ အချိန်တွေပေးနေဖြစ်ခဲ့သည်။ အတ္တဟိတကို ဦးစားပေးနေဖြစ်သည်။
            ၂၀၁၂ခု မတ်လ ၂ရက်နေ့မှာတော့ ကျနော် လုပ်ချင်သော ပရဟိတ လုပ်ငန်းကို ကျနော် လုပ်နိုင်ခဲ့ပါပြီ။ ကျနော် လုပ်နိုင်ခဲ့သော လုပ်ငန်းမှာ အင်းစိန်မြို့ ၊ မြို့ သစ် (က+ခ) ရပ်ကွက်မှာရှိသော ဓမ္မိကာရာမ ပေါက်တောကျောင်းတိုက် ဘုန်းတော်ကြီးကျောင်းမှာ ဖွင့်တဲ့ နွေရာသီ ထေရဝါဒ ဗုဒ္ဓဘာသာ အခြေခံယဉ်ကျေးလိမ္မာ သင်တန်း ၌ အင်္ဂလိပ်စာ သင်ပေးရသော အလုပ်ဖြစ်ပါသည်။ ဘုန်းကြီးကျောင်းမှ သံဃာတော်များနဲ့ အတူတကွတိုင်ပင်စီစဉ်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ သင်တန်းကြီးတစ်ခု ဖြစ်ပေါ်လာအောင် အဘက်ဘက်က လိုလေးသေးမရှိ ပါဝင်ဖြည့်ဆည်း ပေးခဲ့ရာ အတိုင်း အတာ တစ်ခုထိ အောင်မြင်မှု ရခဲ့သည်။
            ကျနော်တို့ သင်တန်းမှာ ဆင်းရဲချမ်းသာမရွေး လာတက်ကြသည်။ စေတနာရှင် အလှူရှင်များ၏ အလှူငွေများဖြင့် လာတက်သော ကျောင်းသား ကျောင်းသူတိုင်းကို ဗလာစာအုပ်၊ ဖတ်စာအုပ်၊ ဘောပင်၊ခဲတံ အားလုံး အလကားဝေပေးသည်။ နေ့တိုင်း တစ်လတိုင် အကျွေးအမွေးရှိသည်။ ကလေးပေါင်း ၂၀၀ကျော်ရှိသည်။ အတန်းနှစ်တန်းခွဲပြီး သင်ကြရသည်။ မူလတန်းအဆင့်ကို အရှင်ဂန္ဓသာရက တစ်ပါးတည်း သင်သည်။ အလယ်တန်းဆင့်နဲ့ အထက်တန်းဆင့်ကို အရှင်နေမိန္ဒက တစ်နာရီ ဓမ္မစာပေ သင်ကြားပြီး ကျနော်က တစ်နာရီခွဲစာ ယဉ်ကျေးမှုနဲ့ အင်္ဂလိပ်စာ နှစ်မျိုးသင်ပေးသည်။
                               အရှင်ဂန္ဓမှ မူလတန်းကလေးများအား ဓမ္မာရုံအောက်ထပ်၌ ဘုရားစာများသင်ကြားပေးနေစဉ်။
            ကျနော်တို့သင်တန်းသည် စဖွင့်ဖွင့်ချင်းထပ် နောက်နေ့များမှာ ကလေးတွေ ထပ်တိုးလာသည်။ ကျနော်တို့ရပ်ကွက် အပြင် တခြားရပ်ကွက်များမှ ကလေးတွေကိုပင် သူတို့မိဘများက လာရောက်ပို့ပေးကြသည်။ အားရ ကြည်နူးဖွယ် ကောင်းတော့သည်။

                          အရှင်နေမိန္ဒမှ အကြီးတန်းကျောင်းသားများအား ဓမ္မာရုံအပေါ်ထပ်၌ ဓမ္မစာပေများသင်ကြားပေးနေစဉ်။
            ကလေးတွေကလည်း လိုလိုချင်ချင် ပညာယူကြသည်။ ကျနော်တို့ သင်တန်းဆရာများကလည်း အစွမ်းကုန်သင်ပေး ကြသည်။ ကျနော်ဆိုလျှင် ဘုရားစာကို အင်္ဂလိပ်လို သင်ပေးသည့်အတွက် ပါဠိလိုလည်း တတ်ရသည်။ မြန်မာပြန် အနက် ကိုလည်း နှံ့စပ်ရသည်။ ကလေးတွေကို ကိုယ်က ဆရာအဖြစ်သင်ပေးဖို့ ကိုယ်တိုင်လည်း သိရသည်။ သိရုံနဲ့မပြီး ရှင်းလင်းတတ်ရမည်။ ကျနော်က နဂိုတည်းက ဘာသာရေးစာပေများနဲ့ ရင်းနှီးပြီးသား ဓါတ်ခံကြောင့် အကြောင်းအရာ ဆက်စပ်မှုများပါလျှင် ဗုံတိုပတ်စ ဘုရားဟော တရားတော်လာ ဇာတ်နိပါတ်တွေကို ပုံပြင်လုပ်ပြောပြရသည်။ ထို့အပြင် ယဉ်ကျေးမှုအပိုင်းကိုပါ သင်ကြားပေးရသဖြင့် တခြားအသိပညာပေးနိုင်ဖို့ ဗဟုသုတရဖွယ် အကြောင်းအရာတွေ ကိုလည်း    ရှာဖွေပြောပြရသည်။ ကျနော်ကိုယ်၌လည်း စာအုပ်တွေဖတ်ရသည်။ လေ့လာရသည်။
            ကျနော်တို့သင်တန်းရဲ့ အောင်မြင်မှုဟာ အင်းစိန်မြို့ နယ်မှာ အတော်လေး နာမည်ရလိုက်သည်။ ကလေးတွေကို စေတနာအပြည့်နဲ့ သင်ပေးသလို အသင်အပြပိုင်းမှာလည်း ကလေးတွေ မပျင်းကြတဲ့အတွက် မိဘတွေ သဘောကျကြသည်။ ကျနော်တို့က ဗုဒ္ဓဘာသာသင်တန်းဆိုတော့ မူလတန်းအဆင့် ကလေးတွေကို အခြေခံဘုရားရှိခိုးနဲ့ ဗုဒ္ဓဝင်တွေအပြင် ၃၈ဖြာ မင်္ဂလာတွေ၊ မေတ္တာပို့တွေပါ သင်ပေးသည်။ ဆရာတော်ကြီးများစွာရဲ့  လိမ္မာယဉ်ကျေး ကဗျာလင်္ကာများကိုလည်း နှုတ်တိုက်ရအောင် သင်ပေးသည်။
                                       စာရေးသူမှ အင်္ဂလိပ်စာနှင့် ယဉ်ကျေးမှုစာပေများ သင်ကြားပို့ချနေစဉ်။
            အကြီးတန်းသမားများကိုတော့ ဗုဒ္ဓဝင်ကို အကျယ်ချဲ့ သင်သည်။ မင်္ဂလာသုတ်ကို အကျယ်ချဲ့ သင်သည်။ ဂုဏ်တော်တွေ ခင်ပွန်းကြီးဆယ်ပါးနဲ့ ပါရမီတွေကို အကျယ်ချဲ့ အနက်ပြန်သင်သည်။ ကလေးတွေ စိတ်ဝင်တစားရှိကြသည်။ ဘုန်းကြီးအချိန်နဲ့ ကျနော့်အချိန်ကြားမှာ ကလေးတွေကို မုန့်ကျွေးသည်။ ဗိုက်ဝသွားတော့မှ ကျနော်က အင်္ဂလိပ်လို ကျကျနန သင်ပေးသည်။ မပျင်းရအောင် မငိုက်ရအောင် ကလေးတွေ စိတ်ဝင်စားမယ့် အကြောင်းတွေ ကြားညှပ်ပြောရင်း သင်ရသည်။ ပျော်ဖို့လည်း ကောင်းသည်။ ကလေးတွေနဲ့ ကျနော် အမေးအဖြေလေးတွေနဲ့ သင်ရတာ အားရဖို့ကောင်းသည်။
            ကိုယ့်ဘာသာ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ့်လူမျိုးအပေါ် ကာကွယ်စောင့်ရှောက်ဖို့၊ မြန်မာအမျိုးသမီးလေးတွေရဲ့  တန်ဖိုးရှိတဲ့ အလှကို ထိန်းသိမ်းတတ်စေဖို့၊ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်မယ်ဆိုတဲ့ ကုသိုလ်နဲ့ အကုသိုလ်တရားတွေကို နားလည်တတ်စေဖို့၊ မိမိတို့နိုင်ငံ ဖွံဖြိုးတိုးတက်အောင် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများမှာ လူငယ်တွေအနေနဲ့ တတတ်တအား ပါဝင်ကူညီဆောင်ရွက်ဖို့ မိမိတို့ရဲ့ စိတ်ဓါတ်တွေကို မြှင့်တင်ရေး၊ စည်းကမ်းကို လိုက်နာရေး၊ အမှားကိုသိရင် သိတာနဲ့ အမှန်ပြန်ပြင်တတ်ရေး၊ ကိုယ့်တာဝန် ကိုယ်ယူတတ်ရေး၊ မိမိတို့ရဲ့ ရှိရင်းစွာ မိရိုးဖလာ ရိုးရာယဉ်ကျေးမှု အမွေခံကောင်းများကို ဆက်လက် ထိန်းသိမ်းသွားနိုင်ရေး စတဲ့ အသိပညာပိုင်းဆိုင်ရာ၊ စိတ်ဓါတ်မြင့်မားရေးဆိုင်ရာများကိုလည်း သင်ပြပြောဆိုရသည်။
            ထို့ပြင် ကမ္ဘာ့အရေး၊ မြန်မာ့အရေးနဲ့ ဗုဒ္ဓဘာသာသည် ကမ္ဘာပေါ်တွင် အမြတ်ဆုံးသော ဘာသာဖြစ်ရခြင်း အခြေခံ အကြောင်းတရားများကို ကျနော် ဖတ်ထားမှတ်ထားသော စာပေများမှ မှီငြမ်းကိုးကားရှင်းပြရသည်။
            သင်တန်း စာမေးပွဲကိုတော့ မတ်လ၂၅ရက်နေ့မှာ စစ်သည်။ ကလေးတွေ ကြိုးစားဖြေကြသည်။ ဆုပေးပွဲကို မတ်လ ၂၈ရက်နေ့မှာ လုပ်သည်။ ကြိုးစားတဲ့ကလေးတွေ ဆုရကြသည်။ ဆုတွေကို ထိုက်ထိုက်တန်တန်ပေးသည်။ အငယ်တန်းမှာ ၁၀ယောက်၊ အကြီးတန်းမှာ ၁၀ယောက်၊ ဒါ့အပြင် အင်္ဂလိပ်စာကို မေးခွန်းတစ်ခုစစ်လို့ အင်္ဂလိပ်စာ ထူးချွန်ဆု ကို ၁၀ဆု ထပ်ပေးသည်။ ပထမဆုရရှိသော ကလေးမှာ ငွေသား နှစ်သောင်းကျပ်၊ ဒုတိယဆု ငွေသား တစ်သောင်းလေးထောင်၊ တတိယဆု ငွေသား တစ်သောင်းကျပ်တို့ ရရှိကြပြီး အလှူရှင်တစ်ချို့ နဲ့ ဘုန်းတော်ကြီးများ ထပ်ဆောင်းချီးမြှင့်သော လက်ဆောင် ပစ္စည်းများကိုလည်း ရရှိကြသည်။ ထို့အတူ နှစ်သိမ့်ဆုရရှိသူများကိုလည်း ထိုက်တန်သော ဆုများ ပေးအပ်ခဲ့ပါသည်။

                                    စာမေးပွဲကို ဓမ္မာရုံအောက်ထပ် ဆွမ်းစားဆောင်၌ မတ်လ ၂၅ရက်နေ့က စစ်ဆေးခဲ့စဉ်။
                                                                ဆုပေးပွဲ အခမ်းအနားကို မတ်လ ၂၈ရက်နေ့က ကျင်းပစဉ်။
သင်တန်းဆင်းပွဲတွင် ချီးမြှင့်သော ဆုများ

                                           ဆရာတော်ကြီးမှ အကြီးတန်း ဗုဒ္ဓစာပေ ပထမဆုရ မအိမွန်သန့်အား ဆုချီးမြှင့်ပေးနေစဉ်။
            ကျောင်းသားကျောင်းသူများကလည်း တပျော်တပါး ဆုတွေယူကြသည်။ ဆုရတဲ့သူ တစ်ဦး ဆုယူစဉ် အားလုံးက သာဓု သာဓု သံပြိုင်ပြု၍ ကောင်းချီးသြောဘာ ထောပနာ ပြုပေးကြသည်။ သင်တန်းတက်သမျှ ကလေးတွေအားလုံးကိုလည်း ဗလာစာအုပ် ၂အုပ်စီနဲ့ မုန့်ထုပ်တွေ ပေးသည်။ ကလေးတွေရော မိဘတွေရော ဘုန်းကြီးတွေရော အားလုံး ကြည်နှုးပီတိ ဖြစ်ကြရသည်။
                                   စာရေးသူမှ အကြီးတန်း အင်္ဂလိပ်စာထူးချွန် ပထမဆုရ မခင်ရတနာဦးအား ထပ်ဆင့်ဆုချီးမြှင့် ပေးနေစဉ်။

            ကျနော်လုပ်ချင်သော အလုပ်သည် ထိုသို့သော အလုပ်ဖြစ်သည်။ ကလေးတွေကို ကိုယ်တတ်ထားတဲ့ ပညာနဲ့ ပြန်ပြီး ပညာ ဒါနပြုပေးရတာ ဝမ်းသာမဆုံး၊ ဂုဏ်ယူမဆုံးနိုင်ပေ။ မေတ္တာ စေတနာ အပြည့်နဲ့ အခကြေးငွေ တစ်ပြားတစ်ချပ်မှ ရယူခြင်းမရှိပဲ သင်ပေးရသည့် အတွက်လည်း ကျနော့်စိတ်ထဲ ရှင်းသန့်ကြည်နူးမိသည်။ တိုင်းပြည် တိုးတက်ဖို့ တစ်ဦးတစ်ယောက်ထဲ သိရုံ တတ်ရုံ တော်နေရုံဖြင့် မရပါ။ မိမိ ဝန်းကျင် အသိပညာကြွယ်ဝမှ မိမိ ရပ်ရွာ မြို့ နယ် နိုင်ငံ အသိပညာ ကြွယ်ဝပါမည်။ ထို့ကြောင့် ဘာသာရေးကို အခြေခံ၍ အမျိုးသားရေးတာဝန် တစ်ရပ်ကို ထမ်းဆောင်ခွင့် ရလိုက်ခြင်းသည် ကျနော့်အတွက် အဖိုးတန်လှပါသည်။
            သင်တန်းပြီးဆုံးသွားသော်လည်း ကျနော့်မှာ မပြီးနိုင်သေးပါ။ ကလေးတွေကို ပြောပြစရာတွေ၊ ရှင်းပြစရာတွေ၊ သင်ပေးစရာတွေ တပုံတပင်ကြီး ကျန်နေသေးသည်။ နောက်နှစ်တွေမှာလည်း ဆက်ဆက် လုပ်ပါဦး၊ သင်ပေးပါဦးဆိုတဲ့ ကျောင်းသားကျောင်းသူများရဲ့ အသံ၊ မိဘများရဲ့ တောင်းဆိုသံများကို ရင်ဝယ်ပိုက်ရင်း ပီတိကိုစား အားရှိလိုက်ရပါတော့သည်။

အပါ
၃၀-၃-၂၀၁၂

3 comments:

  1. သာဓုပါဗျာ... သာဓု သာဓု။ ခုလို ဆန္ဒနဲ့ တစ်ထပ်ထဲ ဆောင်ရွက်နိုင်တဲ့ ကိုအပါ့အတွက် ၀မ်းသာလှပါတယ်။ ဒါနဲ့ ပုံတွေက ကြည့်လို့မရဘူး။ အဖြူရောင်ပဲ ပေါ်တယ်......

    ReplyDelete
  2. အပါ ရေ ဖတ်ရတာစိတ်ချမ်းသာတယ်ကွာ ။ လူဖြစ်ရတာ မြန်မာဖြစ်ရတာ ဗုဒ္ဓဘာသာဖြစ် ရတာ ဖြစ်ရကျိုးနပ်အောင် စွမ်းဆောင်နိုင် တဲသူလို ပြောပါရစေဗျာ။ Ipar ကြီးစိတ်ပါတိုင်စွမ်းဆောင်နိုင်သူအမြဲဖြစ်ပါစေဗျာ ။ သာဓု သာဓု သာဓု ....by the way there is no pics as like Dr. Lei hubby saying in above comment. Cheer :) :)

    ReplyDelete