သမိုင်းကြွေးမပြေ
မြူတို့သည် လမ်းတစ်လျှောက် ပိန်းပိတ်အောင်
ကျနေသည်။ နွေဦးရာသီရဲ့  တောင်ပေါ်ခရီးမှာ နေခြည်ပျောက်၍ အအေးဓါတ်က လွှမ်းခြုံနေ၏။ ထန်းရှူးမြို
့တော်ရယ်လို့ တင်စားခံရသော ကလောမြို့ သို့ ကျွန်တော်ခရီးနှင်လာခြင်း ဖြစ်သည်။ ကလောသို့
ငယ်ငယ်ကတစ်ခါရောက်ဖူးသည်။ အခုတော့ သိပ်မမှတ်မိချင်တော့ပေ။ သို့ပေမယ့် တာဝန်တစ်ရပ်ကို
ထမ်းဆောင်ဖို့ ဤဒေသသို့ ကျွန်တော် ထွက်လာခဲ့ခြင်းဖြစ်သည်။ တောင်ပေါ် ကလောမြို့ လေးသည်
အေးချမ်းသည်။ ပတ်ဝန်းကျင်တွင် တောင်တန်းများက ဝန်းရံခစားနေကြသည်။ စိန်ပန်းနီများ၊ ချယ်ရီပန်းများကို
လမ်းတစ်လျှောက်တွေ့လာရသည်မှာ အမောပြေစေသည်။ ပအိုဝ်၊ ပလောင် ရှမ်းပျိုမလေးများကိုလည်း
ဟိုဟို ဒီဒီမှာ တွေ့နေရသည်။ ကလောမြို့ သည် အင်္ဂလိပ်တို့ စနစ်တကျ တည်ဆောက်ခဲ့သော အစိုးရရုံးစိုက်ရာ
မြို့ ဖြစ်တာနဲ့အညီ ဝန်ထမ်းများ အလုပ်ခွင် ဝင်ဖို့ ပြင်ဆင်နေကြတာကိုလည်း တွေ့ရသည်။
မနက် ဝေလီဝေလင်း အချိန်မှာ ကျွန်တော် ကလောမြို
့ထဲသို့ စိုက်စိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။ ကျွန်တော်နဲ့အတူ
ဓါတ်ပုံသတင်းထောက် ကိုစိုးလည်း ပါလာသည်။ ကျွန်တော်တစ်လှည့် သူတစ်လှည့်ဖြင့် ကျွန်တော့်ကိုယ်ပိုင်ကား စလွန်းလေးကို မောင်းခဲ့ကြရာ တစ်ညလုံး ခရီးနှင်လာကြသဖြင့် အတော်အသင့် ပင်ပန်းလှပြီ။ တစ်ယောက်မောင်းနေစဉ် တစ်ယောက်က ခဏမှိန်းသည်။ ကြာကြာလည်း မမှိန်းနိုင်ပါ။ တောင်တက်လမ်းများ၌ အန္တရာယ်များသောကြောင့် မောင်းသူကို ကူပြီး လမ်းကြောင်းကြည့်ပေးကြသည်။
ဓါတ်ပုံသတင်းထောက် ကိုစိုးလည်း ပါလာသည်။ ကျွန်တော်တစ်လှည့် သူတစ်လှည့်ဖြင့် ကျွန်တော့်ကိုယ်ပိုင်ကား စလွန်းလေးကို မောင်းခဲ့ကြရာ တစ်ညလုံး ခရီးနှင်လာကြသဖြင့် အတော်အသင့် ပင်ပန်းလှပြီ။ တစ်ယောက်မောင်းနေစဉ် တစ်ယောက်က ခဏမှိန်းသည်။ ကြာကြာလည်း မမှိန်းနိုင်ပါ။ တောင်တက်လမ်းများ၌ အန္တရာယ်များသောကြောင့် မောင်းသူကို ကူပြီး လမ်းကြောင်းကြည့်ပေးကြသည်။
ကလောမြို့ အဝင်နားတွင် ဒေါ်အောင်ဆန်းစုကြည်ပုံနှင့်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တံဆိပ် ခွပ်ဒေါင်းနဲ့ကြယ်ဖြူတို့ကို စတင် တွေ့ရှိရတော့သည်။
ကလောမြို့ သည် တပ်စခန်းမြို့ ဖြစ်သော်ငြား ယခုကဲ့သို့ ဒီမိုကရေစီခေါင်းဆောင်၏ ပုံကို
မြေစိုက်ပိုစတာ ကပ်ထားခြင်းမှာ နိုင်ငံရေးလွတ်လပ်ခွင့် အထိုက်အလျောက်ရရှိနေပြီဆိုတာ
ပြသလိုက်ခြင်းပင်ဖြစ်သည်။ ကျွန်တော်တို့ တာဝန်ဆိုသည် မှာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ
့ ရှမ်းပြည်စည်းရုံးရေးခရီးအတွက် သတင်းရယူဖို့ဖြစ်သည်။ ကျွန်တော်တို့ အလုပ်လုပ်ရာ သတင်းဂျာနယ်တစ်ခုအတွက်
သတင်းနှင့် မှတ်တမ်းဓါတ်ပုံများရရှိရန် ကလောမြို့ သို့ကြိုတင် ထွက်လာရခြင်းဖြစ်သည်။
အချိန်ကား ၂၀၁၂ခု နွေဦး တပေါင်းလ (မတ်လ)
ဖြစ်၍ တစ်နိုင်ငံလုံး အုံးအုံးကြွက်ကြွက်ဖြင့် လူထုခေါင်းဆောင်ကြီးကို ကြိုဆိုနေကြသောကာလဖြစ်သည်။
လူထုခေါင်းဆောင်သည် မန္တလေးခရီးမှ တိုက်ရိုက်ထွက်လာမည်ဆိုသောကြောင့် ကြိုတင် သတင်းယူမယ့်
စာနယ်ဇင်းသတင်းထောက်များလည်း အများအပြား ရောက်ရှိနေကြသည်။ ထိုထဲတွင် ကျွန်တော်နဲ့ကိုစိုးလည်း
အပါအဝင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က မနက်ဖြန်မနက်မှ ရောက်လာမှာ ဖြစ်သော်လည်း ဒေသခံများနဲ့
ကြိုတင်မေးမြန်းသတင်းယူချင်သော ဆန္ဒကြောင့် ယခုကဲ့သို့ တစ်ရက်စောရောက်လာရခြင်း ဖြစ်သည်။
တည်းခိုခန်းကြိုတင်စီစဉ်မယ်ဆိုတုန်းက ကျွန်တော်တို့ဂျာနယ်တိုက်က
အယ်ဒီတာကြီးက သူ့သူငယ်ချင်းအိမ် ကလောမှာ ရှိတယ် မင်းတို့သွားတည်းဆိုတာနဲ့ အယ်ဒီတာဆရာသမားရဲ
့ မိတ်ဆွေ အိမ်ရှိရာ လမ်းထိပ်ရောက်ခဲ့ကြသည်။ တစ်ညလုံး ဘာမှ မစားခဲ့ကြလို့ ဗိုက်ဆာဆာရှိတာနဲ့
လက်ဖက်ရည်ဆိုင် တစ်ဆိုင်ဝင်ပြီး ကျနော်နဲ့ ကိုစိုး အေးအေးဆေးဆေးပဲ လက်ဖက်ရည် ထိုင်သောက်ဖြစ်ကြသည်။
ကျွန်တော်တို့နှစ်ယောက်စလုံး ခရီးပမ်းလာကြလို့ စကားပင်ကောင်းကောင်းမပြောနိုင်ကြတော့ပေ။
ထို့နောက် အစာဝပြီမို့ တည်းခိုမယ့်အိမ်ကို လိုက်ရှာရင်းရောက်ခဲ့တော့သည်။
အိမ်ရှေ့ရောက်တော့ အမျိုးသားတစ်ဦးကို
ဆိုက်ကယ်ရေဆေးနေတာတွေ့လိုက်ရသည်။
“ကျွန်တော်တို့ အယ်ဒီတာ ကိုအောင်ဖေဆု လွှတ်လိုက်တဲ့
သတင်းထောက်တွေပါ” လို့ပြောပြလိုက်တော့ အမျိုးသားက ဝမ်းသာအားရပဲ ခရီးဦးကြိုပါတော့သည်။
“ဆရာတို့လာမယ်ဆိုတာ ကိုဆုဖုန်းဆက်ထားတယ်
ကျုပ်လည်း မနက်စောစောတည်းက စောင့်နေတာဗျ ရောက်မလာနိုင်သေးလို့ အခုပဲ ဆိုက်ကယ်နဲ့ ကားဂိတ်ထွက်လာတော့မလို့ပဲဗျို
့” ဟု ဖော်ရွေစွာရှင်းပြသည်။
ထို့နောက် ကျနော်တို့ကို သူ့အိမ်ထဲခေါ်လာခဲ့သည်။
အိမ်ထဲဝင်ဝင်ချင်း ဧည့်ခန်းမှာ လေးပေပတ်လည်လောက်ရှိမယ့် ဓါတ်ပုံ မှန်ဘောင်ကြီးကို ကျက်သရေရှိစွာ
တွေ့လိုက်ရသည်။
အမေစု။
ကျွန်တော်နဲ့ ကိုစိုး တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်မိကြသည်။ နှစ်ယောက်လုံးရင်ထဲမှာ ကြည်နူးစရာတွေ ကိန်းအောင်းနေသလိုဖြစ်လာသည်။
“ကျက်သရေရှိလိုက်တဲ့ပုံဗျာ…”
“ကဲ ထိုင်ကြဗျာ..ကျုပ်က တစ်ယောက်တည်းသမားဆိုတော့
ပစ္စည်းတွေကတော့ နည်းနည်းပွနေတာပဲဗျို့ ”
ကျွန်တော်လည်း အမေစုရဲ့  အားမာန်အပြည့်နဲ့
ကိုယ်တစ်ပိုင်းပုံကို မြင်လိုက်ရတယ်ဆိုရင်ပဲ ထိုမိတ်ဆွေရဲ့  စိတ်ဓါတ်နဲ့ သတ္တိကို လေးစားသွားသည်။
ဧည့်ခန်းထဲ မျက်စိဝေ့ လေ့လာကြည့်မိသည်။
“အားပါးပါး တကယ့် အာဂလူပဲဗျို့ ။ ဧည့်ခန်းတစ်ခုလုံး
အမေစုပုံတွေချည်းပဲ။ ပုံစံမျိုးစုံ။ အရွယ်မျိုးစုံ။ တယ်လည်း ရှာရှာဖွေဖွေ စုဆောင်းတတ်တဲ့လူပဲဗျာ”
အမေစု ခပ်ငယ်ငယ် ဆံပင်ဂျာရစ်ဝိုင်းလေးနဲ့
ပန်းချီဆရာ ပေါ်ဦးသက်ဆွဲပေးထားတဲ့ ပန်းချီကားကိုလည်း ထိုမိတ်ဆွေရဲ့  အိမ်မှာ တအံ့တသြ
တွေ့လိုက်ရသည်။ ထို့ပြင် အမေစု တိုင်းရင်းသားဒေသတွေရောက်တိုင်း ရိုးရာဝတ်စုံတွေဝတ်ပြီး
ရိုက်ထားသမျှ ထိုမိတ်ဆွေ အိမ်မှာ တစ်စုတစ်စည်းတည်း တွေ့လိုက်ရသည်။ အမေစု မြင်းစီးနေတဲ့ပုံ၊
ဘူတန်ရောက်စဉ်ရိုးရာဝတ်စုံနဲ့ရိုက်ထားတဲ့ပုံ၊ ဂျပန်တက္ကသိုလ် ရောက်နေစဉ်က ဓါတ်ပုံတစ်ချို
့နဲ့အတူ အမေစုနဲ့ ခင်ပွန်းသည် ဒေါက်တာမိုက်ကယ်အဲရစ်တို့ရဲ့  ပုံတွေကိုပါ တွေ့ရသည်။
ကျွန်တော်က သတင်းသမားပီပီ ဘယ်လို စာဖွဲ
့ရမလဲ တွေးရင်း ပုံတွေ ပန်းချီတွေကို ငေးနေသလို ကိုစိုးကလည်း ဓါတ်ပုံ သတင်းထောက်ပီပီ
သူ့ကင်မရာကြီးထုတ်လို့ တွေ့သမျှ ပုံတွေကို မှတ်တမ်းတင်နေတော့သည်။
“ကိုစိုး ကြည့်လည်း လုပ်ဦး ပိုင်ရှင်
ခွင့်ပြုချက်မရပဲ စွတ်ရိုက်မနေနဲ့လေ…သတင်းထောက်စည်းလေးတော့ ထားဦးဗျ”
ကျွန်တော်က ကိုစိုးကို သတိပေးနေတုန်း မိတ်ဆွေအမျိုးသားက
ကော်ဖီခွက် ၂ခွက်နဲ့ ပြန်ထွက်လာသည်။
“ဘာ ခွင့်ပြုချက်မှ မလိုဘူး။ ခွင့်တောင်းစရာလည်း
မလိုဘူး။ အမေစုရဲ့ ဓါတ်ပုံတွေဟာ ကျုပ်တစ်ယောက်တည်း အတွက်မဟုတ်ဘူး။ ပြည်သူအားလုံးအတွက်၊
ဒီမိုကရေစီ ရဲဘော်ရဲဘက်တွေ အားလုံးအတွက် ကြိုက်သလောက်ရိုက် ကြိုက်သလောက်ကူး ၊ကြိုက်သလိုဖြန့်
အမေစုပုံတွေ လူတိုင်းအိမ်မှာရှိနေဖို့လိုတယ်။”
ထိုမိတ်ဆွေပြောလိုက်တဲ့ စကားတွေကြောင့်
ကျွန်တော်နဲ့ ကိုစိုး သဘောကျမိကြသည်။
“ဒါနဲ့ နေပါဦးဗျ..ခင်ဗျားတို့ကို ကိုဆုက
ကျုပ်နာမည်ရော ပြောပြလိုက်သေးလား”
ထိုလူမေးမှပဲ ကျွန်တော်တို့လည်း သတိရတော့သည်။
အယ်ဒီတာဆရာသမားက သွားတည်းခိုင်းပြီး အိမ်ရှင်နာမည်ကိုတော့ မပြောပြလိုက်ပေ။
“မပြောလိုက်ဘူးထင်တယ်။ ကဲ ကျုပ်နာမည် မှတ်ထားကြ
ဇေယျတဲ့ဗျ။ ဆရာတို့ နာမည်လည်း ပြောဦး”
ဒီတော့ ကျွန်တော်ကပဲ ကိုယ့်ကိုကိုယ် ပြန်မိတ်ဆက်ရတော့သည်။
“ကျွန်တော်က ချစ်ဝေ၊ အကြီးတန်းသတင်းထောက်ပေါ့၊
သူကတော့ ကိုစိုးစိုး ဓါတ်ပုံသတင်းထောက်လေ”
ကျွန်တော်တို့ ကိုဇေယျတိုက်သော ကော်ဖီကို
ထပ်သောက်ရင်း စကားဆက်ပြောဖြစ်ကြသည်။
“မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည် ကလောကိုလာမယ်ဆိုတော့
ကိုဇေယျတို့ မြို့ ခံတွေ ဘာတွေ ပြင်ဆင်ထားသေးလဲဗျ။”
“ဟား…ဆရာကလည်း ပြင်ဆင်ထားဆို မမေးပါနဲ့တော့
အိမ်ရှိလူကုန် အားလုံး အမေစုဟောပြောပွဲ သွားနားထောင်ဖို့ ဆိုင်းပြင်းနေကြပြီ။ အဖွဲ
့ချုပ်က လူတွေကလည်း အလံတွေ နဖူးစီးတွေ အမေစုပုံပါတဲ့ အင်္ကျီတွေလိုက်ပေးထားတယ်။ တစ်ချို
့ဆို စပီကာတွေဘာတွေနဲ့ ကားတွေမှာ ဆင်ပြီး အမေစုကို ကြိုဖို့ လုပ်နေကြတယ်ဗျ”
ကိုဇေယျက အားရှိပါးရှိပြောသည်။
“အေးဗျာ လူထုကလည်း အရမ်းမွန်းကြပ်နေခဲ့ကြတော့
အခုဆို ထွက်ပေါက်ရသလိုပဲ။ လွတ်လွတ်လပ်လပ် ပြောရဲ ဆိုရဲ ဝတ်စားရဲ လာကြပြီ။”
ကျွန်တော်က ကိုဇေယျစကားကို ဝင်ထောက်ပေးလိုက်သည်။
ဒီတော့ သူက ပြန်ပြောသည်။
“ဒါ ဒီမိုကရေစီ လမ်းစဉ်ပဲလေ…ကျုပ်တို့
လိုချင်တောင့်တနေတာကလည်း အဲ့ဒါပဲ”
ကိုစိုးက ကျွန်တော်နဲ့ ကိုဇေယျ စကားပြောနေတာကို
နားမထောင်အားပဲ ကိုဇေယျရဲ့  အမေစုတစ်ကိုယ်တော် ပြခန်းထဲမှာ တဖျပ်ဖျပ်နဲ့ အလုပ်များနေသည်။
ကျွန်တော်က ပါလာတဲ့ စီးကရက်တစ်လိပ်ကို
ထုတ်ပြီး မီးငြှိလိုက်သည်။ ကိုဇေယျကတော့ သူသောက်လက်စ ဆေးပေါ့လိပ် တစ်လိပ်ကို ဆက်သောက်လိုက်သည်။
ကျွန်တော်တို့ နှစ်ယောက်ရဲ့  မီးခိုးငွေ့တွေနဲ့ အတူ ဆွေးနွေးပွဲက ပိုပြီး အသက်ဝင်လာသည်။
ရှိုက်သံတွေ ပြင်းထန်လာသည်။
“ကျွန်တော် ငယ်ငယ်က ကလောကို တစ်ခေါက်ရောက်ဖူးတယ်ဗျ။
အဲ့တုန်းက အဖေနဲ့လာတာ၊ ငယ်သေးတော့ ဘာမှ မမှတ်မိပါဘူးဗျာ။ ဒါပေမယ့် ကျွန်တော်တစ်ခုတော့
ကောင်းကောင်းမှတ်မိတယ်။ နှီးတွေနဲ့ရက်လုပ်ထားတဲ့ ဘုရားကြီးကိုလေ၊ အဲ့ဒီကို အဖေက လိုက်ပို့တယ်၊
သိပ်ပြီးထူးဆန်းတာပဲနော်…သာမန်လူတွေဝိုင်းမရင် ၁၀ယောက်လောက် မ တာတောင် မကြွပဲ ကျောင်းက
ဘုန်းကြီးဆို ၂ပါးထဲ မလိုက်တာ ကြွတက်လာတယ်။ စိတ်ဝင်စားစရာကောင်းလို့ ကျွန်တော်မှတ်မိနေတာဗျ”
ကိုဇေယျက ဆေးလိပ်လေး အငွေ့မှုတ်ထုတ်ရင်း
ပြုံးသည်။ ပြီးတော့
“ကလောမှာ ထူးဆန်းတဲ့ နေရာတွေ အများကြီးရှိသေးတယ်။
ဆရာကမှ အဖေနဲ့ ခရီးအတူတူထွက်ရသေးတယ်ဗျာ ကျုပ်ဆို အဖေနဲ့ ၈နှစ်ပဲအတူနေခဲ့ရတာ”
ကိုဇေယျက ရီဝေသွားသော မျက်လုံးများဖြင့်
ကျွန်တော့်ကို ပြောလိုက်သည်။
“သြော်…ကိုဇေယျ အဖေက ကိုဇေယျ ၈နှစ်သားမှာ
ဆုံးသွားတာလား”
“အဖေဆုံးတော့ ကျုပ်ခြောက်တန်းရောက်နေပြီ။
ဒီအကြောင်းတွေ ပြန်ပြောရမှာ ကျုပ်အရမ်း ဝမ်းနည်းမိတယ်ဗျာ”
ကိုဇေယျသည် စကားဦးသန်းပြီးနောက် ဆွေးမြေ့စွာဖြင့်
အမေစုရဲ့  ဟောပြောပွဲတစ်ခုမှ ဓါတ်ပုံလေးကို ငေးကြည့်နေတော့ သည်။
“အဲ့ဒီ ဓါတ်ပုံက အမေစု ရွှေတိဂုံဘုရားခြေရင်းမှာ
၈၈တုန်းက ဟောပြောပွဲလုပ်နေတာကို ရိုက်ထားတာပေါ့”
ကိုဇေယျ ပြလို့ ကျွန်တော်နဲ့ ကိုစိုး အမေစုပုံကို
ငေးကြည့်မိကြသည်။ ဟုတ်ပါသည်။ အဲ့တုန်းက အမေစု နုနယ်ငယ်ရွယ်သေးသည်။ ၄၃နှစ်အရွယ်ဖြစ်သည်။
ပင်နီအင်္ကျီကိုဝတ်ပြီး ကျောင်းသားနဲ့လူထုကို မိန့်ခွန်းခြွေနေပုံမှာ အလွန်မာန်ပါလှသည်။
အားပါသည်။ သို့သော် ကိုဇေယျပြောချင်သော အကြောင်းအရာနှင့် ထိုဓါတ်ပုံ ဘယ်လို ပတ်သက်သလဲ
ဆိုတာကိုတော့ ကျွန်တော်မသိပါ။
အဲ့ဒီအချိန်မှာပဲ ကိုဇေယျက ဓါတ်ပုံနားထသွားပြီး
အမေစုရပ်နေတဲ့ ဘေးမှာ အန်အယ်လ်ဒီခေါင်းစီး စီးပြီး လက်သီးလက်မောင်းတန်း၍ အော်နေသော
လူတစ်ယောက်ကို လက်ညှိုးထိုးပြကာ
“ဒါ ကျုပ်အဖေလေ” ဟုဆိုလေသည်။
ဒီတော့မှ ကျွန်တော်နဲ့ ကိုစိုး ဓါတ်ပုံနား
ကပ်သွားဖြစ်သည်။ ပုံကို သေချာကြည့်မိကြသည်။ ရုတ်တရက်ဆိုလျှင် အမေစု
တရားဟောနေသော
ဓါတ်ပုံတစ်ပုံဟုသာ ကျွန်တော်တို့ မြင်မိကြ ကြည့်မိကြမည်ဖြစ်သည်။ တကယ်တန်းကျတော့ ထိုဓါတ်ပုံထဲတွင်
အမေစုတစ်ယောက်တည်းမဟုတ်၊ အမေစုဘေးတွင် ဝန်းရံကာဆီးထားသော လူငယ်များကို တွေ့ရသည်။ ထိုလူငယ်များသည်
အနီရောင်ခေါင်းစီးများကို စီး၊ အနီရောင် လက်ပတ်များကို ပတ်၍ ဒီမိုကရေစီခေါင်းဆောင်
အမေစုခေါ် ဒေါ်အောင်ဆန်းစုကြည် ရဲ့  အနားမှာ သေအတူရှင်မကွာ ရပ်ခဲ့ကြသူများဖြစ်သည်။ သူတို့ခေါင်းဆောင်အတွက်
သူတို့ အသက်ကို စတေးဝံ့သူများ ဖြစ်သည်။ ဒီမိုကရေစီ သူရဲကောင်းများ ဖြစ်ကြသည်။
“ကျုပ်အဖေက အန်အယ်လ်ဒီလူငယ်ပေါ့ဗျာ။ ဒီပုံဟာ
အဖေနဲ့ ကျုပ်တို့ရဲ့ ဘဝတွေကို စတေးခဲ့ရတဲ့ သမိုင်းဝင် မှတ်တမ်းတစ်ခု ဆိုလည်း မမှားဘူး
အဲ့ဒီတုန်းက ကျုပ်က ရှစ်နှစ်သားပဲရှိသေးတယ်။
တစ်နိုင်ငံလုံး တစ်ပါတီ အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့အချိန်ပေါ့ဗျာ အရေးအခင်းကာလမှာ
အဖေက သူသွားလေရာ ကျုပ်ကို ခေါ်သွားတယ်။ ရန်ကုန်မြို့ က ဟိုက်ကုပ်ရုံး၊ ဗဟိုတရားရုံးကြီးရှေ့မှာပေါ့ဗျာ
အဲ့ဒီမှာ လူရွှင်တော်ဦးဇာဂနာ တရားပွဲရှိတော့ အဖေနဲ့ကျုပ် သွားနားထောင်ပြီး အားပေးခဲ့သေးတယ်။
ကျုပ်ကတော့ ဘာနားလည်မှာတုန်း သူများတွေ ဟေးဆို ကိုယ်လိုက်ဟေးတာ၊ သူများတွေ လက်ခုပ်တီးရင်
လိုက်တီးတာပဲ။ ကလေးကိုးဗျ။
နောက် တစ်ယောက်ပြီး တစ်ယောက်တက်ပြီး ဟောကြတယ်။
မြို့ တော်ခန်းမရှေ့မှာ လုပ်တော့လည်း ကျုပ်ကို အဖေက သူ့ပုခုံးပေါ် ထမ်းတင်ပြီး သွားနားထောင်ကြတာ။
အဲ့တုန်းကများဗျာ လူတွေဆိုတာ မတရားဖိနှိပ်ချုပ်ချယ်မှုအောက်က လွတ်မြောက်ဖို့ စိတ်ဓါတ်တွေ
တက်ကြွနေလိုက်ကြတာများ၊ စစ်တပ်ရဲ့  ကျည်ဆံတွေကို မကြောက်တော့ဘူး။ စစ်တပ်က ပစ်ပြီဟေ့လည်းဆိုရော
ပြေးလိုက်ကြရတာ ခွေးပြေး ဝက်ပြေးပဲ ကိုယ့်ဆရာရေ…ကျုပ်တို့ သားအဖဆို ပန်းဆိုးတန်းအခွန်ဦးစီးရုံးကြီးထဲ
ဝင်ပြေးကြရတာ မှတ်မိသေးတယ်။ အဲ့ဒီက အရာရှိ တစ်ယောက်က သဘောကောင်းတယ်၊ ကျုပ်တို့ကို ရုံးထဲမှာ
ပုန်းခွင့်ပေးထားတယ်။ ကျုပ်က ကြောက်လို့ငိုတော့ အဲ့ဒီ အရာရှိကြီးက မုန့်တွေတောင်ချကျွေးသေးတယ်ဗျာ။
ကုန်သွယ်ရေးရုံးကြီးကို ကျောင်းသားတွေ
ဝိုင်းထားတုန်းကဆို စစ်တပ်က ကျည်ဖောက်ပြီး တက်လာတာ…ကျုပ်တို့ဖြင့် ပန်းဆိုးတန်းလမ်းမှာ
ပိတ်မိနေခဲ့ကြတာ…တကယ့် အသည်းယားစရာပါပဲဗျာ။ ရေတပ်က တက်လာပြီ။ ပစ်နေပြီ ဆိုတဲ့ အသံတွေကို
မုန်းတီးစွာ ကြားနေရတာ။ တဒက် ဒက်နဲ့ ပစ်နေတာဗျာ။ တော်ကြာ ကျသွားပြန်ပြီ ကျောင်းသားတစ်ယောက်၊
တော်ကြာထိသွားပြန်ပြီ တစ်ယောက်နဲ့ ကျုပ်တို့သားအဖနှစ်ယောက် ရှေ့မှာတင် တဖြုတ်ဖြုတ်နဲ့လဲလဲသွားတာ
မြင်နေရတယ်။
တစ်ပါတီ အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး
ဒီမိုကရေစီတိုက်ပွဲ ဝင်နေကြတာ။ ကျောင်းသားတွေတင်မက အလုပ်သမားထုရော ပြည်သူလူထုတစ်ရပ်လုံးရော
အုံကြွခဲ့ကြတာ။
တစ်ရက်မှာတော့ အဖေနဲ့ကျုပ် ရန်ကုန်ဆေးရုံကြီးရှေ့မှာ
ရဲကားတစ်စီးကို မီးရှို့ ပြီး ရဲတွေကို ခေါင်းဖြတ်သတ်တာ သွားကြည့်ပြီး ကျုပ်ဖြင့် လန့်ဖျားတောင်
ဖျားခဲ့တယ်
ကျုပ်တို့က အဖေတစ်ခု သားတစ်ခုဘဝလေ၊ ကျုပ်အမေက
ကျုပ်မွေးပြီး မီးတွင်းထဲတင် ဆုံးသွားတယ်။ အဖေရယ် ကျုပ်ရယ် အဖေ့အဒေါ် ဖွားပျိုကြီး ၃ယောက်ပဲရှိတာ။
အဖေကလည်း တစ်ကောင်ကြွက်ပဲ။ အဖေ့ကို ကလောမှာမွေးတာလို့ ဖွားပျိုကြီးက ပြောပြတယ်၊ အဖေ့မိဘတွေလည်း
အဖေမွေးပြီးမကြာဘူး တောခိုသွားကြတယ်၊ နောက်
တောထဲမှာပဲ စစ်တိုက်ရင်း သေသွားကြတယ်။ အဖေက ဖွားပျိုကြီးနဲ့ကျန်ခဲ့ရှာတယ်။ ကလောမှာ
ဆယ်တန်းအောင်ပြီး အဖေရန်ကုန်မှာ အလုပ်လာလုပ်ရင်း အမေနဲ့တွေ့တယ် ပြောတာပဲ။ ဖွားပျိုကြီးကတော့
အဖေကလေးတစ်ယောက်နဲ့ ဒုက္ခရောက်နေတာကြားလို့ ရန်ကုန်ကို ဆင်းလာပြီး အတူလာနေပေးတာ။
အဖေက ငယ်ငယ်တည်းက နိုင်ငံရေးဝါသနာပါတယ်လေ၊
၈လေးလုံးအရေးတော်ပုံကြီးလည်း ဖြစ်ပြီးရော အဖေတို့လို နိုင်ငံရေးတက်ကြွတဲ့လူငယ်တွေ အားလုံး
ဗိုလ်ချုပ်အောင်ဆန်းရဲ့  သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အမျိုးသားဒီမိုကရေစီ အဖွဲ
့ချုပ်ထဲ ဝင်ပြီး နိုင်ငံရေးလုပ်ကြတယ်။
အစကတော့ အဖေက ရိုးရိုးပါတီ စည်းရုံးရေးလောက်ပဲလုပ်တာပါ။
နောက်တော့ ဒေါ်အောင်ဆန်းစုကြည် တရားပွဲတွေလုပ်တဲ့ နေရာမှာ လုံခြုံရေးတာဝန်ခံအဖြစ် အဖေလုပ်တယ်။
ဒီတော့ စစ်တပ်နဲ့ အဖေနဲ့ ရင်ဆိုင်တွေ့ရတဲ့ နေ့တွေအများကြီးပဲ။ တစ်နေ့တစ်နေ့ အဖေ့ကို
ပြန်တွေ့ဖို့ ဖွားပျိုကြီးလည်း ဘုရားတွေပဲ ရှိခိုးနေရှာတယ်။ ထောင်နှုတ်ခမ်းမှာ အဖေ လျှောက်နေခဲ့တယ်။
အမေစုရဲ့ ရွှေတိဂုံ တရားပွဲနေ့မှာ အဖေ အရမ်းတက်ကြွနေခဲ့တယ်။ လူထုတွေနဲ့ အမေစုကြားမှာ
အဖေတို့လူစု ရပ်ခဲ့ကြရတယ်။ အမေစုဘေးမှာ ရှိခွင့်ရခဲ့လို့ အဖေ အကျေနပ်ကြီး ကျေနပ်နေခဲ့တယ်။
ထောက်လှမ်းရေးကလည်း အဖေတို့ပုံတွေကို အမိအရ လိုက်ရိုက်တယ်။ အဖေတို့ကလည်း နိုင်ငံရေးစိတ်
ပြင်းတယ်။ ဖြစ်ချင်တာဖြစ် ဘာပဲဖြစ်ဖြစ် မမှုခဲ့ကြဘူး။ ပြည်သူလူထုအတွက် နိုင်ငံနဲ့လူမျိုးအတွက်
သတ္တိတွေရှိခဲ့ကြတယ်။
အဲ့ဒီအချိန်မှာပဲ စစ်တပ်က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းပြီး
စစ်အာဏာသိမ်းထားပြီးပြီ။ ၁၉၈၈ စက်တင်ဘာ ၁၈ရက်နေ့ကပေါ့။ ပြီးတော့ အရေးအခင်းမှာ ပါဝင်ခဲ့တဲ့
လူတိုင်းကို လိုက်ဖမ်းတယ်။ စစ်ကြောရေးထဲပို့ပြီး နှိပ်စက်ကြတယ်။ တစ်ချို့ အဲ့ဒီနေရာမှာပဲ
ကျဆုံးသွား ကြတယ်။ အမေစုကိုလည်း ဖမ်းပြီး အကျယ်ချုပ် ချလိုက်တယ်။ ကျောင်းသားခေါင်းဆောင်
ကိုမင်းကိုနိုင်တို့တွေလည်း အဖမ်းခံရတယ်။ ကိုမိုးသီးဇွန်တို့က ပြည်ပကိုထွက်ပြေးကြတယ်။
တစ်နိုင်ငံလုံးမှာ ရှိတဲ့ နိုင်ငံရေးသမားတိုင်းကို လိုက်ဖမ်းကြတယ်။
အဖေက အဲ့ဒီသတင်းတွေကြားတော့ အထုပ်လေးပြင်ထားတယ်။
အချိန်မရွေးလာဖမ်းရင် လိုက်သွားလို့ရအောင်တဲ့။ ကျုပ်အဖေက အဲ့ဒီလို လူစားမျိုးဗျ။ အဖမ်းခံရမှာကို
ကြောက်လိမ့်မယ်တော့မထင်နဲ့။ ဒါလုပ်ရင် ဒါဖြစ်မယ်ဆိုတာ အဖေသိပြီးသားတဲ့။ သိပေမယ့် သိရက်နဲ့
လုပ်တာ အဲ့ဒါ နိုင်ငံရေးပဲတဲ့။ နိုင်ငံရေးသမားမှန်ရင် လုပ်ရဲရင် ခံရဲရတယ်။ ကိုယ့်ယုံကြည်ချက်ကို
ဘယ်အခြေအနေ ပဲရောက်ရောက်၊ ဘယ်ဘဝပဲ ရောက်ရောက် လုံးဝမစွန့်လွှတ်ရဘူး ငါ့သားတဲ့။ ကျုပ်ကို
အဖေက အဲ့လို ပြောခဲ့တယ်။
ကျုပ် အဖေပြောတာတွေကို ဘာမှ နားမလည်ခဲ့ပေမယ့်
အဖေ့ကိုကြည့်ပြီး ကျုပ်သတ္တိတော့ရှိနေတယ်။ အဖေက ကျုပ်နားလည်အောင် သမိုင်းအစစ်တွေကို
ပုံပြင်လိုလုပ်ပြီး ညတိုင်း ပြောပြတယ်။
“အဖေတို့နိုင်ငံမှာ ဒီမိုကရေစီ သူရဲကောင်းတွေ
အများကြီးရှိတယ်။ ဗိုလ်ချုပ်အောင်ဆန်းက အဖေတို့နိုင်ငံ ကျွန်ဘဝက လွတ်မြောက်အောင် လွတ်လပ်ရေးကို
အသက်နဲ့ရင်းပြီး အရယူပေးခဲ့တယ်။ အင်္ဂလိပ်ကို တိုက်ဖို့ ဂျပန်နဲ့ပေါင်းသလို ဂျပန်ကို
ပြန်ချဖို့ အင်္ဂလိပ်နဲ့ ပြန်ပူးပေါင်းရတယ်။ ပြီးတော့ ရရင်ရ မရရင် ချဆိုတဲ့ ရဲရဲတောက်
စိတ်ဓါတ်နဲ့ ကျုပ်တို့ကို ကျွန်ဘဝက ကယ်တင်ခဲ့တယ်။ ဗိုလ်ချုပ်ကျဆုံးသွားတော့ အဖေတို့နိုင်ငံသားတွေ၊
ရဲဘော်တွေလည်း အဖမဲ့သားတွေ ဖြစ်ပြီး နိုင်ငံကြီးလည်း ဖရိုဖရဲနဲ့ ဒယိုင်းဒယိုင် ဖြစ်ခဲ့တယ်။
သူတလူ ငါတမင်းနဲ့ အာဏာကို ရူးသွပ်ခဲ့ကြတယ်။
အာဏာဆိုတာက လုပ်ပိုင်ခွင့်ပေါ့သားရယ်။ အာဏာရပြီးတဲ့လူက သူ့အာဏာမြဲအောင် နည်းမျိုးစုံသုံးပြီး
အုပ်ချုပ်ခဲ့တယ်။ အဆိုးဆုံးကတော့ ပြည်သူတွေ ပညာတတ်သွားရင် အသိဥာဏ်ပွင့်သွားရင် သူတို့အာဏာကို
ထိပါးလာနိုင်တယ် လုနိုင်တယ်ဆိုတဲ့ အင်မတန်မှ အောက်တန်းကျ ကောက်ကျစ်တဲ့ စိတ်ကူး အတွေးတွေနဲ့
ပညာရေးကို ချိုးနှိမ်ခဲ့တယ်။ ကျောင်းသားတွေကို မျက်စိပိတ် နားပိတ် ဖိနှိပ်ခဲ့တယ်။ လွတ်လပ်စွာ
ပြောဆိုခွင့် ရေးသားခွင့် လှုပ်ရှားခွင့်တွေကို ပိတ်ပင်ခဲ့တယ်။ လူငယ်တွေကို အမြင်မကျယ်အောင်
အမျိုးမျိုးလုပ်ပြီး လက်နက်နဲ့အုပ်ချုပ်ခဲ့တယ်။ လက်နက်ဆိုတာ သားနားလည်အောင် ပြောရရင်
သေနတ်ပေါ့သားရယ်။ စစ်သားကြီးတွေက သေနတ်ကြီးတွေနဲ့ အဖေတို့လို အပြစ်မဲ့တဲ့ ပြည်သူတွေကို
ချိန်ပြီး သူတို့စိတ်တိုင်းကျ ပုံစံသွင်း နေခိုင်းခဲ့တာပေါ့။ ဘယ်သူမှ အာမခံရဲအောင်
လုပ်ခဲ့တယ်။ အဖေတို့က အဲ့ဒီလို ဘဝမျိုးကနေ ရုန်းထွက်နိုင်ဖို့၊ ကိုယ့်ရဲ့  လုပ်ပိုင်ခွင့်
ကိုယ်ပိုင်အခွင့်အရေးတွေ၊ လွတ်လပ်စွာ ပြောဆိုဆွေးနွေးရေးသားနိုင်ရေးတွေ၊ နိုင်ငံတကာနဲ့
ရင်ဘောင်တန်းပြီး အသိအမြင် အတွေးအခေါ်ချင်းတွေ ဖလှယ်နိုင်အောင် တိုက်ပွဲဝင်နေကြတယ်သား၊
အဖေတို့ လုပ်နိုင်တဲ့တာဝန် အဖေတို့လုပ်ခဲ့မယ်။ မပြီးခဲ့ရင် အဲ့ဒီတာဝန်တွေကို သားတို့
ဆက်လုပ်ကြရမယ်။ ဒါဟာ သမိုင်းအမွေပဲသား၊ အဖေ့မှာ သားကိုပေးစရာ အမွေဆိုလို့ အဲ့ဒီ သမိုင်းပေးတာဝန်
နိုင်ငံရေးအမွေပဲရှိတယ်သား။”
အဖေက ကျုပ်ကို ညတိုင်းပြောပြောပြလို့ ကျုပ်လည်း
နိုင်ငံရေးဆိုတာ ဘာလဲ နည်းနည်းသိလာခဲ့တယ်။ ဒီလိုနဲ့ မိုးတွေအရမ်း ရွာနေတဲ့တစ်ညမှာတော့
အဖေနဲ့ကျုပ် ခွဲခွာခဲ့ရတယ်။”
ကိုဇေယျက ပြောရင်း မျက်ရည်တွေသုတ်လိုက်သည်။
သူမျက်ရည်သုတ်တာကို မြင်မှ သူငိုနေခဲ့တယ်ဆိုတာ ကျွန်တော် သိလိုက်ရသည်။ ကိုဇေယျ ရင်ထဲမှာ
ဒဏ်ရာတွေ နာကျင်နေဆဲဖြစ်သည်။ ကျွန်တော့်မိတ်ဆွေကြီး ကိုစိုးလည်း ကိုဇေယျပြန်ပြောပြ
နေသော အတိတ်က ဖြစ်ရပ်များကို စိတ်ဝင်တစားရှိနေသည်။
ထိုဖြစ်ရပ်များကို ကျွန်တော်တို့မမှီလိုက်ပါ။
ကျွန်တော်က အရေးအခင်းပြီးတစ်နှစ် ၁၉၈၉ မှ မွေးလာခဲ့သူ။ ကိုစိုးက ၁၉၈၈မှာမွေးခဲ့သူဆိုတော့
အရေးတော်ပုံကြီးကို ဆင်နွှဲခွင့်မရခဲ့ပါ။ ကိုဇေယျက သူ့ရှေ့မှာ ချထားသော ပန်းကန်လုံးထဲ
ရေနွေးကြမ်း ထည့်ပြီး သောက်လိုက်သည်။ ပြီးတော့ ဆေးပေါ့လိပ်ကို ဖွာလိုက်သည်။ ထို့နောက်
ဆက်ပြောသည်။
“အဲ့ဒီနေ့က မိုးတွေက တအားရွာနေတယ်။ လျှပ်စီးတွေလည်း
လက်လို့ မိုးခြိမ်းသံတွေကလည်း ညံနေခဲ့တယ်။ ဖွားပျိုကြီးက ထုံးစံအတိုင်း ဘုရားစင်ရှေ့မှာ
ဘုရားစာတွေရွတ်နေတယ်။ အဖေက အိမ်ရှေ့နဲ့နောက်ဖေး ခေါက်တုတ်ခေါက်ပြန်လျှောက်လိုက်၊ ပလက်ကုလားထိုင်မှာ
ဝင်ထိုင်လိုက်၊ ဆေးလိပ်ဖွာလိုက်၊ ခဏကြာတော့ ဖွားပျိုကြီးနားသွားထိုင်လိုက်နဲ့ ဂဏာမငြိမ်
ဖြစ်နေတယ်။ အဖေ တစ်ခုခုကို ကြိုသိနေသလိုပဲ။ အဖေ့မှာ ပြောစရာတွေ (တနည်း) မှာစရာတွေ ရှိနေပုံပဲ။
ဖွားပျိုကြီးက အဲ့ဒါကို မသိခဲ့ပေမယ့် အဖေ့သားဖြစ်တဲ့ ကျုပ်က အဖေ့အရိပ်အခြေကို ကြည့်ပြီး
အကဲခတ်တတ်နေပြီ။
မိုးခြိမ်းသံ ခပ်ကျယ်ကျယ်နဲ့အတူ ဖွားပျိုကြီး
မျက်စိဖွင့်ကြည့်တော့ အဖေ့ကို သူ့ဘေးမှာ ထိုင်နေတာတွေ့သွားတယ်။
“ဟဲ့ မောင်စန်း ဘာပြောစရာရှိလို့လဲ”
“ဒေါ်ဒေါ်…ကျွန်တော် ဒီည စိတ်ထဲမှာ တစ်မျိုးကြီးပဲ…တစ်ခုခုဖြစ်တော့မယ်ထင်တယ်”
အဖေက အဲ့သလိုပြောလိုက်တာ့ ဖွားပျိုကြီး
အရမ်းလန့်သွားတယ်။
“အို…မောင်စန်း…မင်းဘာတွေပြောနေတာလဲ။ နမိတ်မရှိ
နမာမရှိဟယ်။”
ဖွားပျိုကြီးက ပြောရင်းဆိုရင်း ဘုရားစင်ရှေ့မှ
ထကာ တစ်အိမ်လုံးရှိသမျှ ပြတင်းပေါက်တွေ တံခါးတွေကို ဂျက်တွေသေချာ လိုက်ချသည်။ ပြီးတော့
အဖေ့နားပြန်လာပြီး
“မောင်စန်း…မင်းတစ်ခုခုများ ကြိုသိနေသလားဟင်…ငါ့ကို
ပြောပြစမ်း။”
ဖွားပျိုကြီးကမေးတော့ အဖေကပြောတယ်
“မနေ့ညက ဟိုဘက်လမ်းကို ဝင်သွားပြီတဲ့။
အောင်ကိုတို့ မြလေးတို့အကုန်လုံးပါသွားပြီ။ ထင်လင်းတော့ ပြေးတယ်ပြောတာပဲ။ ကျွန်တော့်ကို
ထင်လင်းက သူနဲ့တစ်ပါတည်း လိုက်ခဲ့ဖို့ခေါ်တယ်။ ပြီးတော့ သတိလည်းပေးတယ်။ ရှောင်နေဖို့ပြောတယ်”
“ဒါဆို မင်းဘာလို့ သူနဲ့မလိုက်သွားလဲ။
ဒုက္ခတော့ များတော့မှာပဲ သားရယ်၊ ဒေါ်ဒေါ်စိတ်တွေပူလိုက်တာ”
“ကျွန်တော် ဘယ်လိုလုပ် ထင်လင်းနဲ့လိုက်ပြီး
တောခိုနိုင်မှာလဲ ဒေါ်ဒေါ်…ကျွန်တော့်မှာ ဒီသားလေးနဲ့ ဒေါ်ဒေါ်နဲ့ကျန်နေသေး တယ်လေ။”
“အို..ကွယ်..မောင်စန်း…မင်းကတော့လေ။ ဒေါ်ဒေါ်တို့က
ဘာအကြောင်းလဲ။ မင်းအဖမ်းမခံရဖို့က အရေးကြီးတယ်”
ဖွားပျိုကြီးစကားဆုံးတော့ အဖေက ကျုပ်ကို
လာပွေ့ချီတယ်။ ပြီးတော့ အားရအောင်နမ်းတယ်။ ဖွားပျိုကြီးက ငိုတယ်။ အဖေကတော့ ကြောက်နေတဲ့စိတ်လုံးဝ
မပေါက်ဘူး။ သူ ကျုပ်ကို ပြောဖူးတယ်လေ။ နိုင်ငံရေးသမားဆိုတာ လုပ်ရဲရင် ခံရဲ ရတယ်တဲ့။
အခုအဖေက သူ့ကို လာဖမ်းတော့မယ်ဆိုတာ သိသိကြီးနဲ့ အဖမ်းခံဖို့ သတ္တိရှိရှိ စောင့်နေတာ။
သိပ်မကြာလိုက်ပါဘူး။ ကျုပ်တို့အိမ် တံခါးကို
တဒုန်းဒုန်းနဲ့လာထုကြတော့တယ်။ ဖွားပျိုကြီးက ကြောက်ပြီး ဒူးတွေတုန်နေတယ်။ ကျုပ်လည်း
ကလေးဆိုတော့ ငိုတာပေါ့။ အဖေက တံခါးသွားဖွင့်မယ်လုပ်တော့ ဖွားပျိုကြီးက
“သား…ဒေါ်ဒေါ့်ကို ချစ်ရင် ဒေါ်ဒေါ့်စကားနားထောင်ပါသားရယ်…နောက်ဖေးပေါက်ကနေ
သားထွက်ပြေးတော့။ လွတ်အောင်ပြေးတော့၊ ဒေါ်ဒေါ်တို့ကို မငဲ့နဲ့။ အရေးကြီးတာ သား ငရဲခန်းထဲမှာ
ငရဲမကျဖို့ပဲသားရယ်”
ဖွားပျိုကြီးက အဖေ့လက်မောင်းကို ကိုင်ပြီး
နောက်ဖေးကိုဆွဲခေါ်သွားတယ်။ မိုးတွေကလည်း ပိုသည်းလာသလိုပဲ။ အိမ်ရှေ့က တံခါးခေါက်သံကလည်း
ပိုကျယ်လာတယ်။
ဖွင့်မလား မဖွင့်ဘူးလား၊ မဖွင့်ရင် ရိုက်ဖွင့်ပြီး
ဝင်လာရလိမ့်မယ် ဆိုတဲ့ ကြောက်စရာ ရွံစရာကောင်းတဲ့ အသံဆိုးကြီးက ကျုပ်တို့ မိသားစုလေးကို
ခြိမ်းခြောက်နေခဲ့တယ်။
ကျုပ်အဖေက အာဂပဲဗျာ။ ဖွားပျိုကြီးပြောနေရက်နဲ့
တံခါးကို ဖွင့်ပေးလိုက်တယ်။ တံခါးဖွင့်လိုက်တယ်ဆိုရင်ပဲ အိမ်ထဲကို စစ်သားတွေ ဝေါကနဲ
ဝင်လာတယ်။ ဂုန်နီအိတ်ထဲက ကြက်သွန်နီတွေ မြေကြီးပေါ် သွန်ချလိုက်သလို ပြိုဆင်းဝင်လာကြတယ်။
တစ်အိမ်လုံးကို မွှေနှောက်ရှာပြီး ဖွကြတယ်။ အဖေ့ကို အရာရှိဖြစ်ဟန်တူတဲ့လူက
“မင်း စန်းအောင်မဟုတ်လား။ ဒါမင်းပုံမဟုတ်လား၊
ငါတို့မင်းကို ဖမ်းရလိမ့်မယ်” လို့ ပြောလိုက်တော့ အဖေက မဲ့ပြုံးတစ်ချက်ပဲ ပြုံးတယ်။
လုံးဝ မတုန်လှုပ်တဲ့ ပုံနဲ့ လက်နှစ်ဖက်ကို ရှေ့ထိုးပေးလိုက်တယ်။ တဖက်လူက အဖေ့လက်တွေကို
လက်ထိပ်ခတ်လိုက်တယ်။
ဖွားပျိုကြီးက ငိုပြီး စစ်ဗိုလ်လုပ်သူကို
ဒူးတုပ်ရှိခိုးတယ်။ တောင်းပန်တယ်။ စစ်ဗိုလ်က ဖွားပျိုကြီးကို ပိတ်ကန်လိုက်တယ်။ ဖွားပျိုကြီး
နောက်ကိုလန်ကျသွားတာ ကျုပ်အခုထိ မျက်စိထဲမြင်နေသေးတယ်။ ကျုပ် အသည်းနှလုံးတွေဟာ တဆတ်ဆတ်
တုန်လာတယ်။ ကျုပ် သွားတွေဟာ တင်းတင်းကြိတ်မိလျက်သား ဖြစ်နေတယ်။ ကျုပ်ပါးမှာ အကြောတွေ
ထောင်တက်လာတယ်။”
ကိုဇေယျက ပြောနေရင်း အသံတိမ်ဝင်သွားတယ်။
ခဏရပ်သွားတယ်။ ကျွန်တော်လည်း တံတွေးတစ်ချက်မျိုချပြီး သက်ပြင်းချလိုက်မိတယ်။ ကိုစိုးလည်း
ငြိမ်ကျသွားတယ်။ သူ့လက်စွဲ ကင်မရာကြီးတောင် ကိုစိုးလက်ထဲကနေ အောက်ကို ရောက်နေပြီ။ ကိုစိုးကို
ကြည့်လိုက်တော့ သူ့မျက်ဝန်းမှာလည်း မျက်ရည်စတွေနဲ့။ ကျွန်တော်ကရော။ ကိုဇေယျကို ကြည့်ပြီး
သနားလည်းသနားမိတယ်။ ကိုယ်ချင်းလည်း စာမိတယ်။ ကိုဇေယျက ကျွန်တော်တို့ကို ကြည့်ပြီး သူ့စကားကို
ဆက်ပြောဖို့ အားယူလိုက်တယ်။
ဖွားပျိုကြီးလဲကျသွားတာမြင်တော့ ကျုပ်ဘာပြောကောင်းမလဲ..အဲ့ဒီစစ်ဗိုလ်ရဲ
့ ခြေထောက်ကို ပြေးပြီး ကိုက်ပစ်လိုက်တယ်။ အဲ့ဒီကောင်ကြီး နာလို့အော်တယ်၊ ပြီးတော့
ကျုပ်ကို အမေနဲ့ကိုင်တုပ်ပြီးဆဲတယ်။ ခွေးမသားဆိုပြီး တကျိုးတည်း ပိတ်ကန်လိုက်တာ ကျုပ်
နောက်ကို တော်တော်လေး လွင့်သွားတယ်။ ဒါကို မြင်တော့ အဖေ ဒေါသထွက်သွားတယ်။ စစ်ဗိုလ်လုပ်သူကို
အော်လိုက်တယ်။
“ခင်ဗျား ခွေးလိုမကျင့်နဲ့ ကျုပ် ခင်ဗျားတို့
ဖမ်းတာကို အေးဆေးခံတယ်။ ကျုပ် အဒေါ် အိုကြီး အိုမနဲ့ လူမမယ် ကျုပ်သားလေးကို အဲ့လို လုပ်စရာမလိုဘူး။
သူတို့က ခင်ဗျားကို ရန်မူနေတာမဟုတ်ဘူး။ ခင်ဗျားကို ရှိခိုးပြီး တောင်းပန်နေတာ”
“မင်းပါးစပ်ကိုပိတ်ထား။ ဒါ တောင်းပန်တာလား..မင်းစောက်ကလေး
ခွေးမသားက ခွေးလို ငါ့ကို ကုန်းကိုက်တာ တောင်းပန်တာလားကွ သူတောင်းစားရ ဟေ့ကောင်တွေ
ခေါ်သွားတော့”
စစ်ဗိုလ်က အမိန့်ပေးလိုက်တော့ သူ့တပည့်တွေက
အဖေ့ကို လက်နှစ်ဖက်က ချုပ်ပြီး ဆွဲခေါ်သွားကြတယ်။ ကျုပ် အဖေ့နောက်ကို ပြေးလိုက်သွားမိတယ်။
အိမ်ရှေ့ခြံစည်းရိုးထိပ်မှာ အဖေ့ကို ကျုပ်လှန်းဆွဲလိုက်တယ်။ အဖေက ကျုပ်ကို တချက်ကလေးမှ
စကားပြန်မပြောဘူး။ ကျုပ်က အဖေ့ကို မခေါ်သွားကြပါနဲ့လို့ အော်ပြီးပြောတယ်။ မိုးတွေကလည်း
သည်းပြီးရင်း သည်းနေတော့ ကျုပ်တစ်ကိုယ်လုံးလည်း စိုရွှဲနေခဲ့တာပေါ့။ ဖွားပျိုကြီးက ကျုပ်နောက်ကလိုက်လာတယ်။
ကျုပ်ကို ပွေ့လိုက်တယ်။ အဖေဟာ သူ့ယုံကြည်ချက်အတွက် နောက်ကြောင်းပြန် မလှည့်တဲ့နေရာမှာ
ကျုပ်တို့ မြေးအဘွားနှစ်ယောက်ကိုတောင် ပြန်လှည့်မကြည့်ခဲ့ဘူး။
ကိုယ်လွတ်ရုန်းပြေးရင် လွတ်နိုင်တာသိပေမယ့်
အဖေဟာ နိုင်ငံရေးသမားစစ်စစ်ပီသတယ်။ ရဲရဲဝံ့ဝံ့ အဖမ်းခံခဲ့တယ်။ သူစဉ်းစားတာ ကျုပ်အတွက်ပဲ။
ကျုပ်ဘဝမှာ သူဟာ ဒီမိုကရေစီ သူရဲကောင်းအဖြစ်ပဲ ကျန်ရစ်စေချင်တယ်။ ငါ့အဖေဟာ ဒီမိုကရေစီတိုက်ပွဲမှာ
အဖမ်းခံရတယ်။ ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးတယ်ဆိုတာမျိုးကိုပဲ သူကျန်ရစ်စေချင်တယ်။
ငါ့အဖေ ကမ္ဘာကြီးရဲ့  တစ်နေရာမှာရှိနေတယ်။ ဒါပေမယ့် သူနဲ့ငါ ပြန်တွေ့ခွင့်မရဘူး။ ငါလည်း
သူ့ဆီသွားလို့မရသလို သူလည်းငါ့ဆီ လာလို့မရဘူး။ ရှင်လျက်နဲ့ ကွဲနေရတဲ့ အဖေနဲ့သားဘဝမျိုး
သူမလိုလားခဲ့ဘူး။
လိုချင်တာရဖို့ တိုက်ယူရမယ်၊ ထိုင်နေလို့မရဘူး။
အော်နေလို့မရဘူး။ လက်တွေ့ကျကျ တိုက်ယူမှ ရမယ်ဆိုတဲ့ အဖေ့ခံယူချက် ကိုကျုပ်နားလည်တယ်။
ဒါကြောင့်လဲ ကျုပ်အဖေဟာ သူ့ခံယူချက်ကြောင့် အင်းစိန်ထောင်မှာ အနှစ်၂၀ အချခံရတယ်။ ပထမနှစ်တွေ
တုန်းက အဖေ့ဆီ ထောင်ဝင်စာ သွားတွေ့ဖြစ်တယ်။ ဖွားပျိုကြီးနဲ့ ကျုပ်လိုက်လိုက်သွားတာ။
အဖေတို့လို နိုင်ငံရေးအမှုနဲ့ကျတဲ့ ၅(ည) သမားတွေကို သီးသန့်တိုက်မှာ ထားတယ်။ ထောင်ဝင်စာ
သွားတွေ့တဲ့နေ့ဆို ကျုပ်အဖေနဲ့ တွေ့ရလို့ တအားပျော်တယ်။ သံတိုင်ကြားကနေ စကားပြောကြရပေမယ့်
အဖေ့လက်တွေဟာ ကျုပ်ကို နွေးထွေးမှုတွေ ပေးနေခဲ့တယ်။ ကျုပ်ခေါင်းကို အဖေက ပွတ်ရင်း
“သားလေး…အဖေ့ကို ချစ်တယ်ဆိုရင် အဖေတို့ရဲ
့ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီ တော်လှန်ရေးကို ဆက်လုပ်ပါ” လို့ အမြဲမှာတယ်။ ကျုပ်လည်း
အဖေ့ကို ဆက်လုပ်မယ်လို့ ဂတိပေးခဲ့တယ်။ ဖွားပျိုကြီးကတော့ လူကြီးဆိုတော့ မျက်ရည်လေး
စမ်းစမ်းနဲ့
“မောင်စန်းရယ်…မင်းတစ်ယောက်အတွက်နဲ့တောင်
ဒေါ်ဒေါ် ရင်မောနေရတာ မင့်သားလေးကိုပါ မင်းလို အဖြစ်ခံခိုင်းဦး မလို့လား”
ဖွားပျိုကြီးပြောတော့ အဖေဘာမှ ပြန်မပြောခဲ့ဘူး။
ဒါပေမယ့် အဖေ့မျက်လုံးတွေထဲမှာ ကျုပ်ကို စိတ်ချမယ်ဆိုတဲ့ အကြည့် ကျုပ်ရှာတွေ့ခဲ့တယ်။
ထောင်မှုးဖြစ်သူက သဘောကောင်းလို့ တော်သေးတယ်။
ကျုပ်တို့ သားအဖတွေ လွတ်လွတ်လပ်လပ် ပြောလို့ရခဲ့တယ်။ ဖွားပျိုကြီးက ထောင်ဝင်စာလာတိုင်း
အဲ့ဒီထောင်မှုးလေးကိုပဲ အဖေ့အတွက် ယူလာတဲ့ စားစရာနဲ့ပစ္စည်းတွေကို ပေးခိုင်းတယ်။ အဖေက
သူတဝက်ယူပြီး ကျန်တာကို အဲ့ဒီထောင်မှုးကို ပေးစားတယ်။ ဒီတော့ ထောင်မှုးက အဖေ့ကို မျက်နှာသာပေးတယ်။
အဖေကတော့ ဦးစားပေးခံချင်လို့ ပေးကျွေးတာမဟုတ်ဘူး။ သူ့ကို အစားအစာတွေ ယူလာပေးလို့ အခကြေးငွေ
တန်ရာတန်ကြေး ပေးတဲ့သဘောပါတဲ့။
မှတ်မှတ်ရရဗျာ…ကျနော် ခြောက်တန်းစတက်တဲ့လမှာ
အဖေ့ကို အင်းစိန်ကနေ သာယာဝတီထောင်ကို ပို့လိုက်ကြတယ်။ ဘာအကြောင်းပြချက်လည်းဆိုတာ ကျုပ်တို့
မြေးအဖွား မသိခဲ့ရဘူး။ အဖေ့ကို ပုံမှန် နှစ်လ တစ်ခါလောက် တွေ့နေရာကနေ မတွေ့ရတော့ ကျုပ်ဖြင့်
ခံစားလိုက်ရတာဗျာ။ တစ်နေ့ တစ်နေ့ ငိုပဲနေမိတယ်။ ဖွားပျိုကြီးကလည်း ကျန်းမာရေးသိပ်မကောင်းချင်တော့ဘူး။
သာယာဝတီထိ ကျုပ်လည်း တစ်ယောက်တည်း မသွားတတ်ဘူး။ ကျုပ်တို့ ဘယ်လောက် သောကတွေဝေခဲ့ရသလဲဆိုတာ
ဆရာတို့ မြင်ကြည့်စမ်းပါလေ။ ကျုပ်တို့လို ဘဝတူ မိသားစုတွေအားလုံးရဲ့  သောကမျက်ရည်တွေဟာ
ကမ္ဘာတည်သရွေ့ စီးဆင်းနေဦးမှာပါ။ ဒီဇာတ်လမ်းတွေဟာ တစ်နေ့မှာ သမိုင်းဖြစ်လာဦးမှာပါ။
ကိုယ့်သမိုင်း ကိုယ်ရေးနေကြတဲ့ သူတွေပဲလေ။
ဒီလိုနဲ့ပဲ အဖေကလည်း ကျုပ်တို့ကိုမျှော်
ကျုပ်တို့ကလည်း အဖေ့ကိုလွမ်းနဲ့ အဆက်အသွယ်မရခဲ့တာ တစ်နှစ်ကြာတယ်။ တစ်နှစ်ကျော်လောက်ရှိတော့
ဖွားပျိုကြီးကို အတင်းပူဆာပြီး အဖေ့ဆီ လိုက်ခဲ့ကြတယ်။ အဲ့ဒါ ကျုပ်အမှား အကြီးကြီး ကျူးလွန်လိုက်တာပဲ။
ကျုပ်ဖြင့် အဲ့ဒီလို ဆုံးဖြတ်ချက် ချမိတာကို ယူကျုံးမရဖြစ်မိတယ်။ အစကသာ မသွားပဲနေခဲ့ရင်
ဒီလို အဖြစ်ဆိုးတွေနဲ့ ကြုံမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျုပ်တို့ သာယာဝတီထောင် ရောက်တော့
အဖေ့သတင်းကို ကြားရတော့တာပဲ။ အဖေ ငှက်ဖျားမိပြီး ထောင်ထဲမှာပဲ ဆုံးသွားပြီ ဆိုတဲ့ အမင်္ဂလာ
သတင်းဆိုးကြီးပါဗျာ။ ဖွားပျိုကြီး ဆိုတာ အဲ့ဒီနေရာမှာတင် ဗုန်းကနဲ လဲကျသွားတာ။ အဖေသေပြီဆိုတဲ့
အသံ ကျုပ်နားထဲ ခါးခါးသီးသီးရောက်လာတယ်။ ကျုပ် အဖေ့မျက်နှာကို ဒီတသက် ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူး
ဆိုတဲ့ အသိကလည်း ကျုပ် ခေါင်းထဲဝင်လာတယ်။ အဲ့ဒီအချိန်မှာပဲ ဖွားပျိုကြီးက ရုတ်တရက်
မေ့လဲသွားတယ်။ ပတ်ဝန်းကျင်က လူတွေကောင်းလို့
ဆေးရုံပေါ်ရောက်ခဲ့ပေမယ့် ကျုပ် ဖွားပျိုကြီးကတော့ သတိပြန်လည်မလာတော့ပဲ ကျုပ်ကို လောကကြီးထဲ
တစ်ယောက်ထဲ ထားသွားခဲ့ပြန်တယ်လေ။ ကျုပ်ဖြင့် ငိုလို့ငိုရမှန်းတောင် မသိတော့ဘူး။ ကျုပ်သိပ်ချစ်တဲ့
ကျုပ်အဖေ သေသွားပြီ ဆိုတာ အခုပဲသိရတယ်။ ဝမ်းနည်းလို့ ငိုမယ်ကြံတုန်း ကျုပ်ရဲ့  တစ်ဦးတည်းသော
အားထားရာ ဖွားပျိုကြီးကပါ အဖေ့နောက် လိုက်သွားတယ်ဗျာ။ အဲ့ဒီတုန်းက ကျုပ်အသက် ၁၂နှစ်ပဲရှိသေးတယ်။
လောကဓံက နှိပ်စက်လွန်းတယ်။ ကျူပ်ကို မွေးစတည်းက အမိမဲ့သားဖြစ်စေခဲ့တယ်။ ကျုပ်လူမှန်းသိတတ်ကာစမှာ
ကျုပ်အဖေနဲ့ရှင်ကွဲ ကွဲရတယ်။ ကျုပ် လူပျိုပေါက်မှာ မိဘမဲ့ဖြစ်ခဲ့ရုံတင်မက ကျုပ်ရဲ့ ဖွားပျိုကြီးကိုပါ
ကျုပ်နားကခေါ်ထုတ်သွားပြီး ကျုပ်ကို တစ်ကောင်ကြွက် ဖြစ်စေခဲ့တာပါပဲ။”
ကိုဇေယျက သက်ပြင်းရှည်တစ်ချက်ကို ချလိုက်သည်။
ပြီးတော့ နာရီကို ကြည့်လိုက်တော့ ၁၀နာရီခွဲပြီ။ သူလည်း ကျွန်တော်တို့ကို အားနာသွားပုံပေါ်သည်။
ပြာပြာသလဲနဲ့ တောင်းပန်ရှာသည်။ ခရီးပန်းလာတဲ့ လူတွေကို စကားရှည်နေမိ၍ အားနာကြောင်းပြောသည်။
ကျွန်တော်နဲ့ ကိုစိုးက
“ကိုဇေယျ အားနာစရာမလိုပါဘူး။ ကျွန်တော်တို့က
တထိုင်တည်း ကိုဇေယျရဲ့  ဘဝ ဘာတွေဆက်ဖြစ်ခဲ့တယ်ဆိုတာကို နားထောင်ချင်နေသေးတာဗျ” လို့ပြန်ပြောမှ
သူစိတ်သက်သာရာ ရသွားခဲ့သည်။
ဒါပေမယ့် ကိုဇေယျက အင်မတန်အလိုက်သိတဲ့လူပါ။
ကျွန်တော်တို့ကို အေးဆေးနားခိုင်းသည်။ ရေမိုးချိုးခိုင်းသည်။ ပြီးတော့ ထမင်းစားထွက်ခေါ်လာခဲ့သည်။
ကျွန်တော်နဲ့ ကိုစိုးလည်း သူခေါ်တဲ့ဆီ လိုက်ခဲ့ကြသည်။ မတ်လဖြစ်ပေမယ့် တောင်ပေါ်မြို့ မို့ထင်သည်။
လေအေးများက တိုက်နေသည်။ ထမင်းဆိုင်သွားရာ လမ်းတစ်လျှောက် မှာ မနက်ဖြန်ကြိုဆိုပွဲကြီးအတွက်
ပြင်ဆင်နေတာတွေကို တွေ့သွားရသည်။ ကိုစိုးက သူ့ကင်မရာနဲ့မှတ်တမ်းတင်ချင်သော်လည်း ထမင်းဆိုင်ပဲမို့
ကင်မရာကြီးထားခဲ့မိသည်။
ဆိုင်ထဲရောက်တော့ ကိုဇေယျက ပွင့်ပွင့်လင်းလင်းပဲ
မေးသည်။
“ဆရာတို့ အရက်ချဦးမလား”
သူက ဒဲ့မေးတော့ ကိုယ်တွေကလည်း ဝေ့ကာ ပတ်ကာ
မဖြေလိုတော့ပေ။ ခေါင်းငြှိမ့်ပြလိုက်ရသည်။ သတင်းထောက်များ သည် လုပ်ငန်းခွင်၌ မူးယစ်သောက်စားခြင်း
မလုပ်ရဆိုတဲ့ အချက်ကို ရင်ဝယ်ပိုက်လျက် ယခုအချိန်သည် တာဝန်ချိန် မရောက်သေးလို့ အာပတ်လွတ်သည်ဟု
ကိုယ့်ဝိနည်း ကိုယ်ရေးပြီး အပီဆွဲလိုက်ကြသည်။ အရှိန်နည်းနည်းရလာတော့ ကိုဇေယျရဲ့  ဇာတ်လမ်းကို
ဆက်ခိုင်းရသည်။
ကိုဇေယျက အိမ်ရှင်ပီသသည်။ ဧည့်သည်ဖြစ်သော
ကျွန်တော်နဲ့ ကိုစိုးကိုသာ မူးအောင်တိုက်သည်။ သူကိုယ်၌က လုံးဝမသောက်။ ကျွန်တော်က ကိုဇေယျ
ဘာလို့မသောက်သလဲလို့ မေးတော့ သူက ရယ်ကျဲကျဲ လုပ်သည်။ ကိုစိုးက ထပ်မေးတော့မှ သူပြန်ဖြေသည်။
“ကျုပ်က သောက်ရင် မှောက်အောင်သောက်တာ ပြီးရင်
တစ်ရက်လုံးအိပ်ရမှ။ အခုတော့ အဲ့လို လုပ်လို့မရဘူး။ မနက်ဖြန် အမေစုလာရင် ကျုပ် အိပ်ပျော်နေလို့
မဖြစ်ဘူး။ အမေစုကို ကျုပ်ကြိုရဦးမယ်။”
ဒီတော့မှ ကိုဇေယျရဲ့  အကြောင်းပြချက်ကို
သိရတော့သည်။ ဒါပေမယ့် ကိုဇေယျက အရက်မသောက်သော်လည်း သူ့ရဲ့ ဇာတ်လမ်းကိုတော့ ဆက်ပြောပြသည်။
“ဖွားပျိုကြီး မြေကျတဲ့အထိ သာယာဝတီဆေးရုံက
အားလုံးလုပ်ပေးပါတယ်။ ကျုပ်လည်း ရန်ကုန်မပြန်ချင်တော့တာနဲ့ အဲ့ဒီဆေးရုံမှာပဲ သန့်ရှင်းရေးအလုပ်ဝင်လုပ်ရင်း
နေလိုက်တော့တယ်။ ရန်ကုန်ပြန်လည်း ဘာမှ မထူးပဲဗျာ..ကျုပ်မှာ ဘာမှ မက်မောစရာ ခင်တွယ်စရာတွေမှ
မရှိပဲ။ ကလောမှာ အဖေ့အိမ်ရှိသေးတယ်လို့ပဲ သိတာ ဘယ်လိုသွားပြီး ဘယ်လိုရှာရမယ်ဆိုတာ ကျုပ်မှ
မသိပဲလေ။ ဒီတော့ တစ်ကောင်ကြွက် ဘဝမှာ ကြုံရာ ကျဘန်းလုပ်ရင်း ကျုပ်ထမင်းနပ်မှန်အောင်
စားပြီး အသက်ဆက်ခဲ့ရတယ်။ ကျုပ်မှာ အဖေပေးခဲ့တဲ့ သမိုင်းအမွေကြီးရှိနေတယ်။ အဲ့ဒီ အမွေကို
ဆက်ခံရဦးမယ်။ ကျုပ် အဖေ့ကို ဂတိပေးခဲ့သလို မပြီးဆုံးသေးတဲ့ ဒီမိုကရေစီတော်လှန်ရေးကြီးကို
ဆက်လုပ်ရဦးမယ်ဆိုတဲ့ အသိနဲ့ ကျုပ်အသက်ရှင်ခဲ့တယ်။
စစ်အစိုးရလက်အောက်မှာ ကျုပ်စာကောင်းကောင်း
မသင်ခဲ့ရဘူး။ ဒါပေမယ့် ကျုပ် စာတတ်အောင် ကြိုးစားခဲ့တယ်။ အသိပညာကြွယ်မှ ကိုယ်လိုချင်တဲ့
ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကို တက်လှန်းနိုင်မယ်ဆိုတာ ကျုပ်ကောင်းကောင်း သဘောပေါက်ခဲ့တယ်။
ငါ စာတတ်အောင်သင်မယ်။ ငါ ပညာတတ်ဖြစ်အောင် လုပ်မယ်။ အဲ့ဒီ တတ်မြောက်ထားတဲ့ ပညာတွေနဲ့
ငါ့နိုင်ငံနဲ့ ငါ့လူမျိုးတွေအတွက် ငါ့အဖေရဲ့  မပြီးဆုံးခဲ့တဲ့ ဒီမိုကရေစီ တော်လှန်ရေးကို
ငါဆက်လုပ်မယ် ဆိုတဲ့ သံဓိဠာန်တွေ ချပြီး ရှေ့ခရီးကို ဆက်ခဲ့တယ်။
ကျုပ်ဘဝဟာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဆက်တက်ပြီး
အထက်တန်းရောက်အောင် ကြိုးစားခဲ့ရတယ်။ အဲ့ဒီကနေ ကျုပ် NGO တစ်ခုရဲ့  အထောက်အပံ့နဲ့ ဆယ်တန်းအောင်တဲ့အထိ
စာသင်ခဲ့ရတယ်။ အချိန်အားရင် အားသလို စာတွေဖတ်တယ်။ ဒီကနေ့ ၂၁ရာစုမှာ မတတ်မဖြစ် တတ်ထားရမယ့်
အင်္ဂလိပ်စာနဲ့ကွန်ပျူတာအကြောင်းတွေ ကျုပ်လေ့လာခဲ့တယ်။ ကျုပ်က ၁၂နှစ်လောက်မှာ ကံစီမံရာအတိုင်း
လောကဓံနဲ့ လမ်းလျှောက်ထွက်နေခဲ့ရတာ ၃နှစ်လောက်ကြာသွားတယ်။ အသက် ၁၉နှစ် လောက်မှ ဆယ်တန်းအောင်
ခဲ့တာ။
ကျုပ်ဆယ်တန်းအောင်တဲ့နှစ်မှာပဲ ၉လေးလုံးလှုပ်ရှားမှု
လုပ်ခဲ့ကြတယ်။ ကျုပ်တို့ ကျောင်းသားလူငယ်တွေ စုပြီး ၉လေးလုံးနေ့မှာ သမဂ္ဂဖွဲ့ ဖို့ လုပ်ကြတယ်။
အဲ့ဒီသတင်းကို ထောက်လှမ်းရေးတွေရသွားပြီး ကျုပ်တို့ကိုပိုက်စိပ်တိုက် လိုက်ရှာပြီး
ထောင်ထဲပို့တော့တာပဲ။ ကျုပ်က အဖေ့သားပီပီ လုပ်ရဲရင် ခံရဲရမယ်ဆိုတဲ့ စိတ်အပြည့်ရှိတယ်။
ကျုပ်ကိုလာဖမ်းတုန်းက ခဏဆိုပြီး လာခေါ်တာ။ ၁၀နှစ်ကြာသွားတယ်။ ဒီပဲယင်းအရေးအခင်းတွေ ရွှေဝါရောင်တော်လှန်ရေးတွေကို
ကျုပ် မနွှဲခဲ့ရဘူး။ ၂၀၀၉မှ ကျုပ်ပြန်လွတ်လာတာ။ ထောင် ၃ထောင် ပြောင်းခဲ့ရတယ်။ ထောင်တွင်း
အတွေ့အကြုံတွေကတော့ ဘဘ ဟံသာဝတီဦးဝင်းတင် ရေးထားတဲ့ နင်လားဟဲ့ လူ့ငရဲ စာအုပ်ကိုသာ ဖတ်ကြည့်လိုက်ပါ။
အဲ့ဒီစာအုပ်က ကျုပ်တို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့  ထောင်ဇာတ်လမ်းပဲ။
ကျုပ် ဘဝရဲ့  ပထမဆုံးနိုင်ငံရေးလှုပ်ရှားမှုမှာ
၁၀နှစ် အကျဉ်းချခံခဲ့ရပေမယ့် ကျုပ်စိတ်ဓါတ်တွေဟာ ဘယ်တော့မှ မယိုင်ဘူး။ ယုံကြည်ချက်အကျဉ်းသားလို့
ဒီနေ့လူတွေ သုံးနေကြတာ အဲ့ဒါပဲ။ အားလုံးဟာ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် အကျဉ်းစံနေကြရတာ။
နိုင်ငံရေးလုပ်လို့ ကျုပ်တို့မိသားစု ဘဝတွေ စုတ်ပြတ်ခဲ့ရတယ်။ ဒါပေမယ့် အဲ့ဒီ စုတ်ပြတ်သပ်နေတဲ့
ဘဝဟာ လက်ရှိ ကြွယ်ဝနေတဲ့ လူတွေထပ် အဆပေါင်းများစွာ မြင့်မြတ်တယ်လို့ ကျုပ်တော့ ခံယူတယ်။”
ကိုဇေယျက စကားစခဏဖြတ်လိုက်ပြီး ဆေးပေါ့လိပ်ကို
ဖွာလိုက်တယ်။ ကိုဇေယျ မျက်လုံးတွေထဲမှာ မနက်တုန်းကလို ကြေကွဲနေတဲ့ ပုံရိပ်တွေ မတွေ့ရတော့ဘူး။
လောကဓံနဲ့ ရင်ဆိုင်အပြီးမှာ ရင့်ကျက် တည်ငြိမ်လာတဲ့ အရိပ်တွေ ဖုံးလွှမ်းလာတယ်။ ကိုဇေယျ
စကားကလည်း နားထောင်လို့ကောင်းသလို ကျွန်တော်နဲ့ကိုစိုး နှစ်ယောက်ထဲ မော့နေရလို့ ဝီစကီတန်ခိုးက
ရီဝေဝေဖြစ်စ ပြုလေပြီ။ ကိုဇေယျက ကျွန်တော်တို့ အရိပ်အခြေကို ကြည့်ပြီး စကားဝိုင်းကို
ခဏနားလိုက်တယ်။ စားသောက်စရာရှိတာ စားကြသောက်ကြပြီး သူ့အိမ်ကို ပြန်ခဲ့ကြတယ်။
ခရီးပန်းလာတာကတစ်ကြောင်း၊ ထွေသွားတာကတစ်ကြောင်း
နှစ်ကြောင်းပေါင်းပြီး နှပ်လိုက်ကြသည်။ အချိန်တွေ မေ့ကုန်သည်။ အလုပ်တွေ မေ့ကုန်သည်။
ဇိမ်ကျလိုက်တဲ့ အိပ်စက်ခြင်းပါပဲ။ ကိုစိုးဆီက ဟောက်သံပင် ကြားနေရသည်။ ကိုဇေယျကတော့
တကုပ်ကုပ်နဲ့ အလုပ်တစ်ခု လုပ်နေသည်။ ကျွန်တော့်အကြား အာရုံထဲတွင် ကိုဇေယျ အသံကိုကြားနေရသော်လည်း
အိပ်မက်လား တကယ်လား ကျွန်တော် စဉ်းစားမရခဲ့ပေ။ လူကို အားယူထလိုက်ပြီး ငုပ်တုတ်ထထိုင်လိုက်မိသည်။
နာရီကို ကြည့်မိတော့ ၆နာရီထိုးနေပြီ။ ကျွန်တော်တို့ ဘာသတင်းမှ မယူဖြစ်သေးပေ။ ဒေသခံတွေနဲ့
ကြိုတင်တွေ့ဆုံမေးမြန်းဖို့ ဘာအစီအစဉ်မှ မလုပ်ရသေးပေ။ ကျွန်တော့်ခေါင်းထဲ အလုပ်ဆိုတာကြီးက
ဝုန်းကနဲ ဝင်လာသည်။
ထိုအခိုက်မှာပဲ ကိုဇေယျဆီမှ စကားသံကြားလိုက်ရသည်။
“ဆရာကိုချစ်ဝေ နိုးလာပြီလားဗျ…ကဲထ မျက်နှာသစ်
သွားကြစို့ ခဏနေရင် အမေစု ရောက်လာတော့မယ်။ ကျုပ် သူငယ်ချင်းတွေတောင် သွားကြပြီ။”
ကိုဇေယျက
ပြောပြောဆိုဆို သူ့လက်ထဲမှ အမေစု ဓါတ်ပုံနဲ့ အလံတွေကို ကိုင်မြှောက်ပြပြီး အဆင်သင့်ပဲဗျို
့ ဟုထပ်အော်လိုက်သည်။
ကျွန်တော် အတော်ပင် အူကြောင်ကြောင်ဖြစ်သွားသည်။
နာရီကို ပြန်ကြည့်တော့ ၆နာရီ မှန်ပါသည်။ သို့သော် နေ့လော ညလော ကျွန်တော်မသိမိလိုက်။
တကယ်တော့ မနက်၆နာရီထိုးခဲ့လေပြီ။
အရှေ့ဘက် တောင်ပြာတန်းဆီမှ ရောင်ခြည်ဖျဖျကိုပင်
တွေ့နေရပေပြီ။ မကြာခင် ရောင်နီအလင်းတန်းများ တွေ့ရတော့မည်။ ကျွန်တော်သည် အမှောင်ကာလကို
မသိကျိုးကျွံပြု၍ နေခဲ့မိသည်။ အချိန်ရှိခိုက် လုံလမစိုက်ပဲ လုပ်ရမည့် တာဝန်များကို
မေ့လျော့ထားခဲ့မိသည်။ တာဝန်မကျေတဲ့ လူတစ်ဦးအဖြစ် ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ရင်း ရှက်မိသည်။
အချိန်ကို ကောင်းကောင်း အသုံးမချတတ်ခဲ့၍ ကျွန်တော် စိတ်မကောင်းဖြစ်မိသည်။
ထို့အတူ…ထိုနည်း၎င်းအတိုင်းပင် မကြာခင် ရောင်နီအလင်းတို့
ဖြာဝင်းတော့မည်။ ကိုဇေယျတို့လို ရောင်နီကို ကြိုဖို့ အမှောင်ကို ရင်ဆိုင်အံတုပြီးး
စောင့်စားနေခဲ့သူများ ဘယ်လောက်တောင် ရှိနေသလဲ။ ကျွန်တော်တို့လို အမှောင်ကို မသိသလို
ကျော်ဖြတ်၊ ရောင်နီကို သူလိုကိုယ်လိုပဲ ကြိုကြမယ့်သူတွေရော ဘယ်လောက်တောင် ရှိနေပါသလဲ။
အတွေးတွေ…အတွေးတွေ….ထိုအတွေးတွေနဲ့
ဒီမိုကရေစီ သူရဲကောင်းများ၏ အမေစု ကျန်းမာပါစေ…အမေစု
အသက်ရှည်ပါစေ ဟူသော ကြွေးကြော်သံများရှိရာသို့ သမိုင်းမှတ်တမ်းတင်ရန် ထွက်လာခဲ့ကြသည်။
ထို့နောက် သူများနည်းတူ ရင်ထဲမှ အူလှိုက် သည်းလှိုက် ကြွေးကြော်လိုက်မိသည်။
အမေစု ကျန်းမာပါစေ…အမေစု အသက်ရှည်ပါစေ။
အပါ
၈-၄-၂၀၁၂
စိတ်ဝင်စားစရာကာင်းတဲ့ပို့ ပါ..ကျွန်တော်စဉ်းစားမိတယ် ဗမာပြည်ကအိမ်ထောင်စုတိုင်းမှာ စစ်ကျွန်စနစ်၇ဲ့ ရိုက်ခတ်မှုကိုခံကြရတယ်ဗျာ တမျိုးမဟုတ် တမျိုးပဲ ခုတော့  လွတ်လပ်မှုရဲ့ ရောင်နီဦးကိုတွေနေ၇ပြီ ဗျ မဆုတ်မနစ်နဲ့  အမေစု ခေါင်းဆောင်မှု အောက်မှာ မရောက်ရောက်အောင်လှမ်းကြ၇တော့မယ်ဗျ
ReplyDeleteအားပေးမှုအတွက် ကျေးဇူးပါ AMK.
ReplyDelete