Wednesday, May 30, 2012

မွေးနေ့


တကယ်တော့ မွေးနေ့ဆိုတာ ကိုယ်ရွေးချယ်ခွင့်မရခဲ့တဲ့ နေ့။ ကိုယ်ကမွေးတဲ့နေ့ မဟုတ်ပဲ ကိုယ်က အမွေးခံရတဲ့ နေ့ပါ။ ဒီတော့ ဘဝမှာ ကိုယ်ဖြစ်ချင်တာပဲ လုပ်မယ်ဆိုတဲ့ လူတွေမှာတောင် မွေးနေ့ကိုတော့ ကိုယ်ဖြစ်ချင်တဲ့ရက် ဖြစ်အောင် လုပ်လို့ မရနိုင်ပါဘူး။ မွေးနေ့ဆိုတာ နှစ်ရက်မရှိနိုင်သလို ပြောင်းလဲပစ်လို့လည်း မရနိုင်ပါဘူး။ ဒါကြောင့် မွေးနေ့ဆိုတဲ့ နေ့တစ်နေ့ဟာ လူတော်တော်များများအတွက် အရေးပါပြီး အခမ်းအနားရယ်လို့ ကျင်းပရမယ့်နေ့ ဖြစ်လာတယ်လို့ ယူဆရပါသည်။

မြန်မာတို့ရဲ့  လောကီမင်္ဂလာ ၁၂ပါးမှာ ပဋိသန္ဓေ ချိန်ခါစေ့ရောက်လို့ အောင်မြင်စွာ ဖွားမြောက် လာရခြင်းကို “ဝိဇာတမင်္ဂလာ” လို့ခေါ်ဆိုထားပါသည်။ ထို ဝိဇာတမင်္ဂလာကို မွေးနေ့မင်္ဂလာ သို့မဟုတ် Happy Birth Day ဟု အနောက်တိုင်း ယဉ်ကျေးမှုတစ်ရပ်ဖြစ်သော မွေးစားစကားလုံးမှ ဖြစ်ထွန်းပေါ်ပေါက်လာပြီး ယနေ့ခေါ်တွင်နေခဲ့ပါသည်။ 

မနုဿတ္တဘာဝ၊ ဒုလ္လဘ တရားအရ လူ့ဘဝသည်  ရခဲသည်ဖြစ်ပေရာ လူ့လောကသို့ ရောက်ရှိလာသော နေ့ကို မွေးနေ့ မွေးရက်အဖြစ် အထွတ်အမြတ်ထားကြခြင်း ဖြစ်သည်။ မွေးနေ့များတွင် ဥပုသ်သီလဆောက်တည်ခြင်း၊ ဂုဏ်တော် ပုတီးစိပ်ခြင်း၊ သက်သတ်လွတ်စားခြင်း၊ ငါးကလေး ငှက်ကလေးများ လွှတ်ခြင်း၊ အစာကျွေးခြင်း စသော ကောင်းမှုကုသိုလ်များ ပြုလုပ်၍ အသက်ရှည်ရာ အနာမဲ့ကြောင်း လမ်းကြောင်းကို ဆက်ပေးလေ့ရှိကြသည်။ 

တစ်ချို့ က မွေးနေ့ကို ပျော်ရွှင်စရာဟု ယူဆသလို တစ်ချို့ က သေခြင်းတရားနှင့် ပို၍နီးကပ်လာပြီဟု သံဝေဂပွားတတ်ကြပြန်သည်။ တစ်ချို့ က မွေးနေ့သည် ဘဝတွင်အရေးပါလှသည်ဟု ထင်မြင်ကြပေမယ့် တစ်ချို့ က မိမိမွေးနေ့ ဘယ်နေ့မှန်းမသိပဲ သေသွားကြရ ပါသည်။ 

မွေးနေ့ဟူသည် လူတစ်ဦးလျှင် တစ်နေ့သာ ရှိသော်လည်း မည်သူမဆို အသက်ရှည်လျှင် ရှည်သလောက် တစ်နှစ်တစ်ကြိမ် မွေးနေ့အထိမ်းအမှတ် ရှိနိုင်သည်။ ပွဲကျင်းပခြင်း မကျင်းပခြင်းမှာ တစ်ဦးချင်းဆိုင်ရာကိစ္စဖြစ်သည်။ ထူးဆန်းသောအချက်မှာ အမှန်တကယ် မွေးဖွားသောနေ့တွင် ပွဲကျင်းပပြီး အထိမ်းအမှတ် ပြုလုပ်ခြင်း မရှိပဲ တစ်နှစ်ပြည့်သော နေ့မှသာ စတင်ပြုလုပ် ကြခြင်း ဖြစ်သည်။ ယင်း၏ အဓိပ္ပာယ်ကပင် အသက်ရှင်နေထိုင်နိုင်မှသာ မွေးနေ့ရယ်လို့ ရှိလာနိုင်ခြင်း ဖြစ်တော့သည်။ သို့သော် အထင်ကရပုဂ္ဂိုလ်ကြီးများ၊ စာဆိုတော်ကြီးများအတွက်မူ မှိုင်းရာပြည့်၊ ဇော်ဂျီရာပြည့်၊ မဟာဆွေရာပြည့် စသည်ဖြင့် ကွယ်လွန်သွားကြပေမယ့် တပည့်သားသမီးများက အမျိုးသားစာဆိုတော် အနုပညာရှင်ကြီးများကို ဂုဏ်ပြုရင်း မွေးနေ့ပွဲများ ဆက်လက် ပြုလုပ်ပေးလျက်ရှိပါသည်။ 

မည်သို့ပင်ဆိုစေကာမူ လူတစ်ဦးတစ်ယောက်အတွက် မွေးနေ့သည် ရှိခဲ့သလို သေနေ့သည်လည်း ရှိပေဦးမည်။ မွေးနေ့ပွဲများကို ကာယကံရှင် ကိုယ်တိုင် ပါဝင်ဆင်နွှဲနိုင်သော်ငြား သေနေ့အထိမ်းအမှတ်ပွဲများဖြစ်သော  ခုနစ်ရက်လည်၊ လပတ်လည်၊ နှစ်ပတ်လည် စတဲ့ပွဲများကိုတော့ ကာယကံရှင်ကိုယ်တိုင် မတက်ရောက်နိုင်တော့ပေ။ 

အူဝဲ ဟုငိုသံလေးပေးပြီး အမိဝမ်းမှ ကျွတ်ထွက်လာကာ လောကအလယ် ရောက်ရှိလာသည့် လူသားတစ်ဦး၏ ကြွေးကြော်သံကို ကြားရသည့်အခါတိုင်း အမြတ်တနိုးနှင့် လူသားအသစ်ကလေးများကို ဝမ်းသာအားရ ကြိုဆိုကြသည်။ မင်္ဂလာရှိသောမွေးနေ့လေးများဟုပင် သတ်မှတ်ကြသည်။ လူ့လောကသို့ စတင်ရောက်ရှိသောနေ့ကို မွေးနေ့ဟု လက်ခံပြီး မင်္ဂလာရှိသောနေ့ဟု သတ်မှတ်ကြသော်လည်း လူ့လောက၏ နောက်ဆုံးနေ့ကို သေဆုံးခြင်းနေ့ဟု သတ်မှတ်ကာ      အ မင်္ဂလာနေ့ ဟုယူဆ၍ မည်သူကမျှ မလိုချင်ကြပေ။ တကယ်တော့ ငိုခြင်းလမ်း၏ အစနှင့် ငိုခြင်းလမ်း၏ အဆုံးမို့ အစနှင့် အဆုံးသာကွာခြားပြီး တစ်လမ်းတည်းပင်ဖြစ်သည်။ မွေးဖွားလို့ သေဆုံးကြရခြင်းလော၊ သေဆုံးဖို့ မွေးဖွားလာရခြင်းလော ဘယ်ဟာက အမှန်တရားဖြစ်ပါသနည်း။ 

အမှန်တရားသည် ကျွန်တော့်ကို ချမ်းအေးတဲ့ ဆောင်းတနေ့မှာ မွေးခဲ့ခြင်းပင်ဖြစ်သည်။ ဒီဇင်ဘာ မြူနှင်းမှုန်တွေကြား လူလားမြောက်ခဲ့ရသူ ဖြစ်သည်။ ကျွန်တော်သည် မွေးနေ့ဟူသော ဝေါဟာရနှင့် အဓိပ္ပာယ်ကို ဆယ့်နှစ်နှစ်သား အရွယ်လောက်မှ စတင် အကျွမ်းတဝင် ရင်းနှီးလာခဲ့ရပါသည်။ ကျွန်တော့် မိဘများသည် ကျွန်တော့်ထက် အငယ်ဖြစ်သော ညီမလေး၏ မွေးနေ့ကိုသာ ပွဲတွေလုပ်ပေးလေ့ရှိသည်။ ကျွန်တော့်အား မွေးနေ့ပွဲ မပြောနှင့် မွေးနေ့လက်ဆောင်ဟူ၍ ပင် မှတ်မှတ်ရရ ဝယ်ပေးဖူးခြင်း မရှိပေ။ ကျွန်တော်သည် အလွန်ကျင်းပချင်စဖွယ်ကောင်းသော ဒီဇင်ဘာရဲ့  ဆောင်းည မွေးနေ့ပါတီပွဲများကို သူ့အလိုလို ကုန်ဆုံးပစ်ခဲ့ရသည်။ နှမြောရကောင်းမှန်းမသိခဲ့။ ခြောက်တန်းနှစ်ရောက်မှ သူငယ်ချင်းနှစ်ယောက် သုံးယောက်လောက်ကို ရခိုင်မုန့်တီ ဝယ်တိုက်ရင်းဖြင့် မွေးနေ့ပွဲဆိုသော စကားလုံးကို သုံးစွဲရတော့၏။ 

ထိုနှစ်မှစ၍ ကျွန်တော့် မွေးနေ့ပွဲများကို နှစ်စဉ် အမှတ်တရ တစ်ခုခုဖြင့် ကျင်းပနိုင်ခဲ့ပါတော့သည်။ သူငယ်ချင်းများကို မုန့်လိုက်ကျွေးခြင်းဖြင့်လည်းကောင်း၊ မိသားစု ဆွေမျိုးများကို မုန့်ဟင်းခါးဖြစ်စေ၊ အုန်းနို့ခေါက်ဆွဲဖြစ်စေ တစ်ခုခု ချက်ကျွေးခြင်းဖြင့်လည်းကောင်း ရွှေတိဂုံဘုရား၊ ကျိုက်ထီးရိုးဘုရား စတဲ့ တန်ခိုးကြီးဘုရားများသို့ သွားရောက်ဖူးမြှော် ရှိခိုးခြင်းဖြင့်လည်းကောင်း မွေးနေ့၌ အမှတ်တရ တစ်ခုခု ပြုလုပ်ဖြစ်ခဲ့ပါသည်။ သို့သော် ထိုမွေးနေ့ပွဲများအတွက် ကုန်ကျစရိတ် ကိုတော့ မိဘများထံမှ ရယူခဲ့ရပါသည်။ ကျွန်တော့်တွင် ဝင်ငွေမရှိသေးပါ။ 

ကျွန်တော့်ဝင်ငွေဖြင့် ပထမဆုံးပြုလုပ်ခွင့်ရသော မွေးနေ့မှာ ၂၀၀၇ခုနှစ်ကဖြစ်သည်။ ထိုအချိန် ကျွန်တော်သည် စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီဖြစ်သည်။ ကျွန်တော့်လုပ်ခ လစာများကို မိဘများထံပေးပို့၍ ကျွန်တော်တို့အိမ်ဘေးရှိ မိုးကုတ်ဝိပဿနာ တရားရိပ်သာ၌ တရားစခန်းဝင် ယောဂီတွေနဲ့ ကျောင်းတိုက်ရှိသံဃာတော်များ စုစုပေါင်းလူ ၃၀၀ကျော်ကို အာရုဏ်ဆွမ်းများ ကပ်လှူပေးခဲ့ကြသည်။ ထိုနှစ်မှစ၍ နှစ်စဉ် ဒီဇင်ဘာတရားခန်းပွဲ၌ ကျွန်တော့်မွေးနေ့အတွက် အမြဲတမ်းအလှူရက်တစ်ရက် ယူ၍ ပြုလုပ်ပေးခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ 

ကျွန်တော်သည်မွေးနေ့ရောက်လျှင် လွန်စွာပျော်သည်။ ပွဲတစ်ပွဲလုပ်၍ အမှတ်တရကျင်းပဖြစ်သည်။ စင်ကာပူမှာ ရှိနေစဉ်ကလည်း သူငယ်ချင်းများနှင့် မွေးနေ့ပွဲကို ပျော်ပျော်ကြီး ဆင်နွှဲဖြစ်သည်။ ချက်ပြုတ်စားသောက်ကြသည်။ အတူနေ သူငယ်ချင်းများက ဝိုင်းကူကြသည်။ ဈေးဝယ်သူကဝယ်၊ ချက်ပြုတ်သူကချက်ပြုတ်နဲ့ တကယ့်ကို ရင်ထဲကခင်သော သူငယ်ချင်းကောင်းများ ပီသစွာ ကျွန်တော့်မွေးနေ့ပွဲများကို စီစဉ်ပေးကြသည်။ အရသာရှိသော စားသောက်ဖွယ်ရာများကို စားကြရင်း ဂစ်တာတီး သီချင်းဆိုကြသည်။ ကကြခုန်ကြ မြူးကြသည်။ မွေးနေ့သည် လွန်စွာ ပျော်ဖို့ကောင်းသော နေ့များထဲမှ တစ်နေ့ဖြစ်သည်။ ထိုပျော်စရာနေ့များ၊ အမှတ်တရများထဲ၌ ကျွန်တော့်အတွက် အမှတ်တရ အဖြစ်ရဆုံး မွေးနေ့ပွဲလေး တစ်ခုရှိခဲ့ပါသည်။ 

ထိုနေ့သည် ကျွန်တော့်အတွက် မွေးရက်နဲ့ မွေးသက် ကိုက်သောနေ့ဖြစ်သည်။ သက်ရှိတိုင်းအတွက် တစ်သက်မှာ တစ်ခါပဲ ကြုံကြိုက်ခွင့်ရသောနေ့ဖြစ်ပါသည်။ ၁ရက်နေ့မွေးသောသူများအဖို့ ၁နှစ်ပြည့်မွေးနေ့ဟာ သူ့အတွက် တစ်သက်မှာ တစ်ခါပဲကြုံရသောနေ့ဖြစ်သလို ၁၉ရက်နေ့မွေးသောသူများအတွက် ၁၉နှစ်ပြည့်မွေးနေ့ဟာ တစ်ကြိမ်ပဲရှိလာမှာပါ။ ထိုနည်း၎င်းပင် ကျွန်တော့်လို ၂၇ရက်မွေးတဲ့သူအဖို့ ၂၇နှစ်ပြည့်မွေးနေ့ဟာ တစ်သက်မှာ တစ်ခါပဲကြုံရတာပါ။ ဒီလိုကြုံကြိုက်မှုဟာလည်း ၃၁နှစ်ပြည့်ပြီးသွားလျှင် ရှိတော့မည်မဟုတ်ပါ။ တစ်လမှာ ၃၁ရက်သည် အများဆုံးမို့ဖြစ်သည်။ 

တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ကျွန်တော်သည် မြန်မာပြည်ပြန်ရောက်လာသောအချိန်ဖြစ်နေသည်။ ပြီးခဲ့တဲ့မွေးနေ့များမှာ အဝေးကနေပဲ သာဓုခေါ်နိုင်ခဲ့တဲ့ တရားစခန်းဝင် မိုးကုတ်ယောဂီတွေနဲ့ သံဃာတော်တွေကို ကိုယ်တိုင် သဟဒိက ဒါနမြောက် အာရုံဆွမ်းကပ်လှူခွင့်ရခဲ့သည်။ ယောဂီ၂၀၀ကျော်ရဲ့  ဆုတောင်းအမျှဝေသံတွေကို ကိုယ်တိုင်ကြားရတဲ့အခါ နှလုံးမွေ့ပျော် ကြည်နူးပီတိတွေ ဖြစ်ရသည်။ ထို့ပြင် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များရဲ့  အထွတ်အမြတ်ထား ကိုးကွယ်ရာ ရွှေတိဂုံဘုရားသို့ သွားရောက်ဖူးမြှော်ကြည်ညိုခွင့်ရခဲ့ပါသည်။ ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ် ငယ်ငယ်တည်းက အခေါက်အခေါက်အလီလီ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ရောက်နေသော်လည်း အေးအေးဆေးဆေး နေရာစုံအောင် မရောက်ဖြစ်ပေ။ ရင်ပြင်တော်ကို ပတ်ပြီး အောင်မြေမှာ ရှိခိုးမယ် ဂြိုလ်တိုင်မှာ ရေသပ္ပာယ်မယ်၊ ရံဖန်ရံခါ နေလဘုရားဝင်ဖူးမယ် ဒီလောက်ပဲရှိခဲ့တာပါ။ တခြားနေရာတွေကိုတော့ မရောက်ဖူးတာမဟုတ်ပါဘူး။ ရောက်ပါသည်။ ဒါပေမယ့် တစ်ရက်တည်း တစ်ခါတည်း အစုံရောက်တာတော့မဟုတ်ပါ။

အဲ့ဒီနေ့က ကျွန်တော်နှင့်အတူ သူငယ်ချင်းမိန်းကလေးနှစ်ယောက်လိုက်လာပါသည်။ တစ်ယောက်က ကျွန်တော့်သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးရဲ့  သတို့သမီးလောင်း၊ နှစ်ကုန်ရင် မဂ်လာဆောင်တော့မယ့်သူ၊ တစ်ယောက်က သူ့ရဲ့  သူငယ်ချင်းအရင်းခေါက်ခေါက်၊ မကြာသေးမီကမှ အမေရိကားကပြန်လာပြီး လက်ထပ်ထားတဲ့ အိမ်ထောင်သည်။ သူတို့နှစ်ယောက်စလုံးက ကျွန်တော့်ကိုခင်ကြသည်။ ကျွန်တော်တို့ဆက်ဆံရေးဟာ ညီကိုမောင်နှမများအသွင် ဆက်ဆံကြတာမို့ အစ်မနှစ်ယောက်က မောင်လေးရဲ့  မွေးနေ့မှာ ဘုရားလိုက်ပို့ပေးကြခြင်း ဖြစ်သည်။ သူတို့နှစ်ယောက်စလုံး ကျွန်တော့်ထက် အသက်ကြီးပါသည်။ ကျွန်တော်တို့ ၃ယောက်သား ဘုရားအေးအေးဆေးဆေးဖူးဖြစ်ကြသည်။ ကျွန်တော့်သူငယ်ချင်းရဲ့  ကောင်မလေးက ဘာသာရေးကိုင်းရှိုင်းသူပီပီ ရွှေတိဂုံဘုရားရဲ့  လျှိုဝှက်ချက်များကိုလည်း သိသည်။ မသိသေး မရောက်သေး၊ မဖူးဘူးသေးတဲ့ ဂျောင်ဂျိုဂျောင်ဂျားက တန်ခိုးကြီး ဆုတောင်းပြည့်ဘုရားတွေပါမကျန် လိုက်ပို့ပေးသည်။ ဘယ်နေရာမှာ ဘယ်လိုဆုတောင်းရတယ်စသဖြင့်လည်း သင်ပေးသည်။ အောင်မြေအစစ်ဟာ ဘယ်နေရာဖြစ်တယ်ဆိုပြီးလည်း ရှင်းပြလို့ အဲ့ဒီအောင်မြေအစစ်မှာ ထိုင်ပြီး ဘုရားရှိခိုးခဲ့ကြသေးသည်။ 

ကျွန်တော်တို့ ဘုရားပေါ်မှာ ၂နာရီလောက်ပတ်ပြီးတော့ ပြန်ဆင်းခဲ့ကြသည်။ မြောက်ဘက်မုဒ် သွေးဆေးကန်သွားပြီး ငါးလွှတ်၊ ငါးစာကျွေး လုပ်ခဲ့ကြသေးသည်။ အဲ့ဒီကနေမှ သူတို့နှစ်ယောက်ကို ကော်ဖီစိုက်ကယ်လ်မှာ ကော်ဖီနဲ့မုန့်လိုက်ကျွေးပြီး  ပြုစုလိုက်သည်။ ညဘက်ရောက်တော့ ခြံထဲမှာ မိသားစုတွေ အဒေါ်တွေ တူ၊ တူမ ဝမ်းကွဲကလေးတွေနဲ့ ဟတ်ပီးဘတ်ဒေး ကိတ်မုန့်လှီးပြီး သီချင်းဆို ဖယောင်းတိုင်မီးမှုတ် လုပ်ဖြစ်ကြသေးသည်။ ပျော်ဖို့ကောင်းသည်။ ကျွန်တော့်အတွက် အဲ့ဒီနေ့က အထူးခြားဆုံးနေ့ ဟုဆိုရမည်။ မွေးနေ့တကာ့ မွေးနေ့များထဲတွင် ထိုနေ့မွေးနေ့လောက် ကုသိုလ်တွေရခဲ့တာ မရှိခဲ့ဖူးပါ။ 

လူတိုင်းဟာ မိမိတို့ရဲ့  မွေးနေ့များကို လစ်လျူမရှုထားသင့်ပါ။ မွေးနေ့ဆိုတာ လောကကြီးထဲ ရှင်သန်ခွင့်ရတုန်း အခိုက်အတန့်လေးမှာပဲ ပြုလုပ်ပျော်ပါးခွင့်ရတဲ့ နေ့ထူးနေ့မြတ်တစ်ခုပါ။ အခြေအနေ အချိန်အခါ အဘက်ဘက်က အလေးပေးနေတုန်း၊ ကိုယ့်မိသားစုဝင်တွေ၊ ကိုယ်ချစ်ရတဲ့ သူငယ်ချင်း မိတ်ဆွေတွေအားလုံးလည်း ပါဝင်ခွင့်ရတုန်းမှာ ကျင်းပပြုလုပ်သင့်သည်။ ကြီးကြီးကျယ်ကျယ် ဟိုတယ်ကြီးတွေပေါ်၊ စားသောက်ဆိုင်ကြီးတွေပေါ် သွားလုပ်မှ မဟုတ်ပါဘူး။ စားကောင်းသောက်ဖွယ်တွေ ကျွေးမွေးမှ မဟုတ်ပါဘူး။  မိမိတို့ရဲ့  မွေးနေ့ကို လှပအောင် အမှတ်တရဖြစ်အောင်၊ အမြဲတမ်း ပြန်တွေးရင်း ကုသိုလ်တရားတွေ ရရှိနေအောင် ဖန်တီးသင့်ပါသည်။ သို့မှသာ မွေးနေ့သည် အဓိပ္ပါယ်ရှိသောနေ့ တစ်နေ့ဖြစ်လာ ပါလိမ့်မည်။ 

ကျွန်တော့်အတွက်တော့ ဖြတ်သန်းခဲ့ရသော မွေးနေ့တိုင်းကို ပြန်တွေးတိုင်း အောက်မေ့မိတိုင်း ပျော်ရွှင်ကြည်နူး နေရဆဲဖြစ်ပါတော့သည်။ ။



အပါ
၃၁-၅-၂၀၁၂

3 comments:

  1. သြော်.. အပါ့ရဲ့ အသက် ၁၆ နှစ်ပြည့် နှစ်ပတ်လည် ၁၁ကြိမ်မြောက် မွေးနေ့ပွဲပေါ့လေ... စင်ကျားပေါကမွေးနေ့မှာ ကျန်ခဲ့တာတွေ များနေဒယ်.... :P

    ReplyDelete
  2. အပါရေ
    မွေးနေ့တိုင်း ပျော်ရွှင်ပါစေလို့

    ReplyDelete
  3. ထွဋ်ကြီးရေ...စင်ကျားပေါမှာ အပါ့ဘတ်ဒေးအတွက် ဝက်သားဒုတ်ထိုးလုပ်ပေးတဲ့ အစ်ကိုကြီးကိုတော့ ဘယ်မေ့ပါ့မလဲကွာ။
    စံပယ်ချိုရေ...ပေးတဲ့ဆုနဲ့ ပြည့်ရပါလို၏ဗျာ။ ကျေးဇူးပါ။

    ReplyDelete