Thursday, May 17, 2012

ကျွန်တော်နဲ့ ဝဋ်လည်မယ့် အလွဲများ (၁)


            ကျွန်တော်နဲ့ ဝဋ်လည်မယ့် အလွဲများ (၁)

            ငယ်ငယ်ကအကြောင်းတွေ ပြန်တွေးမိရင် ရယ်စရာတွေလည်းရှိသလို လွမ်းစရာတွေလည်းရှိတယ်။ ရယ်စရာတွေ တွေးမိတော့ ပျော်ရပေမယ့် လွမ်းစရာတွေတွေးမိရင်တော့ ဆွေးရတော့တာပါပဲ။
            ဒါကြောင့် လွမ်းရမယ့်အကြောင်းဆို ဘယ်တော့မှ ပြန်မစဉ်းစားဘူး။ ပြန်လည်း စာမဖွဲ့ချင်ဘူး။ ရယ်မောသူ အသက်ရှည်၏ တဲ့။ အမြဲတမ်း ရယ်ရယ်မောမောပဲ နေချင်တယ်။ အတိတ်က အဖြစ်အပျက်တွေကို ပြန်ပြောရင်လည်း ဟာသလုပ်ပြီးပဲ ပြောချင်တယ်။ ပူဆွေးရမယ့်အရာ၊ ငိုကျွေးရမယ့်အရာတွေကို စကားလုပ်ပြီး မပြောချင်ပါဘူး။ နဂိုတည်းက အလွမ်းဓါတ်ခံက ရှိပြီးသားဆိုတော့ နည်းနည်းဆို များများဖြစ်တတ်လွန်းလို့။
            ဒါပေမယ့် ဖေဖော်ဝါရီလရောက်ရင် အဖြစ်အပျက် အကြောင်းအရာ နှစ်ခုကို ပြန်မတွေးပဲ မနေနိုင်ဘူး။ မတွေးဖြစ်အောင် ဘယ်လောက်ပဲ ကြိုးစားကြိုးစား အဲ့ဒီဇာတ်လမ်းလေးတွေက ကျနော့် ဦးနှောက်ထဲ ရောက်ရောက် လာတတ်တယ်။
            တစ်ခုက ရယ်စရာပေါ့။ တစ်ခုကတော့ လွမ်းစရာပါ။ အကြောင်းအရာနှစ်ခုစလုံးက ကျနော့်အချစ်ဆုံးသူငယ်ချင်းတွေနဲ့ ပတ်သက်တာတွေကြီးပါပဲ။ ခေါင်းစဉ်တစ်ခုတည်းအောက်မှာ အဖြစ်အပျက်နှစ်ခုက ပုံစံမတူပဲ ဖြစ်ခဲ့ကြတာပါ။
            အခု ရယ်စရာလို့ပြောရမယ့် အကြောင်းလေးကို ကျနော်နဲ့ ဝဋ်လည်မယ့် အလွဲများ (၁) မှာခံစား ရေးဖွဲ့ပါရစေ။
            ကျနော့်သူငယ်ချင်း ကိုထူး (နာမည်လွှဲ) အကြောင်းကို အရင်ပြောပြပါ့မယ်။ ကိုထူးက ကောင်မလေးတစ်ယောက်ကို ကြိုက်တယ်။ တကယ်ချစ်လို့ ကြိုက်တာနော်…ယူဆို ယူမယ့်ကောင်။ သူများတွေလို အပေါ်ယံ ကြိုက်တာမဟုတ်ဘူး။ ရင်တွင်းဖြစ် အချစ်စစ်နဲ့ကို ကြိုက်တာ။ ဒါပေမယ့် ကိုထူးက ရိုးတယ်။ အ တယ်။ အေးလွန်းတယ်။ စကားပြောနည်းတယ်။ (အဲ့ဒီအချိန်ကပြောတာနော်…အခုတော့ စကားတွေ အရမ်းပြောတတ်နေပါပြီ)။ သူချစ်တဲ့ ကောင်မလေးကို သူချစ်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း မပြောရဲဘူး။ မပြောရဲဆို သူ့ချစ်နေတဲ့ တစ်ယောက်ကလည်း ကျနော်တို့ သူငယ်ချင်းပဲဆိုတော့ ဒီလောက်တော့ ရှိမပေါ့။ အားနာတာလို့တော့ ပြောတာပဲ။ ကြောက်တာလည်း ပါမှာပေါ့လေ။ ဒီတော့ ထုံးစံအတိုင်း ကျနော်တို့က အောက်စီဂျင်ပေါ့။ ကိုယ်တိုင်တော့ မလောင်ဘူး။ သူများလောင်တာကိုတော့ အားပေးတတ်တယ်။
            တစ်နေ့။ နာမည်ကျော် ဖေဖော်ဝါရီ ၁၄ရက်နေ့မှာပေါ့။ ကိုထူးကို မြှောက်ပေးလိုက်ကြတဲ့ အဓိက ဇာတ်ပို့ ၃ယောက်ရှိတယ်။ ကျနော်ရယ်၊ သူမင်းအောင်ရယ်၊ တင်ဇာဝင်းရယ်။ ပထမ ကျနော်နဲ့ သူမင်းအောင်က ကိုထူးကိုခေါ်ပြီး စားသောက်ဆိုင်တစ်ခုမှာ ဆုံကြတယ်။ ကိုထူးကို သူချစ်နေတဲ့ကောင်မလေးဆီ ဗယ်လင်တိုင်းလက်ဆောင်သွားပေးဖို့ ပြောကြဆိုကြတယ်။ နောက် တင်ဇာဝင်းကို လှန်းခေါ်ပြီး တိုင်ပင်တယ်။ ဘယ်လိုစီစဉ်ရင် ကောင်းမလဲပေါ့။ ကောင်မလေးတွေ အကြိုက် ကောင်မလေးတွေပဲ သိမှာမို့ တင်ဇာဝင်းကို စစ်ကူခေါ်ရတာပေါ့။ သိပ်ကြာကြာ မဆွေးနွေးလိုက်ရပါဘူး။ ကျနော်တို့ အကြံပေးချက်အတိုင်း ဆောင်ရွက်ဖို့ ကိုထူးကို ဒဂုံစင်တာ အရောက်လိုက်ပို့ပေးခဲ့ကြတယ်။ (အဲ့ဒီတုန်းက ရန်ကုန်မြို့ မှာ မြေနီကုန်း ဒဂုံစင်တာဟာ အကောင်းဆုံး ရှော့ပင်းမောတစ်ခုပါ)။ ကိုထူးက ဒဂုံစင်တာကနေ သုံးသောင်းကျော်တန် အမွှေးပွ အရုပ်ကြီး ဝယ်လိုက်တယ်။ ပြီးတော့ ရိုးရာမပျက် ချောကလဲ့နဲ့ ပို့စကပ်ဝယ်တယ်။ (တကယ်တော့ ချစ်သူများနေ့မှာ လက်ဆောင်ပေးပုံဟာ ကောင်မလေးအတွက် ကောင်လေးက နှင်းဆီပန်းအနီရောင်ကို ပေးရမှာ ဖြစ်ပြီး ကောင်လေးအတွက် ကောင်မလေးက ချောကလဲ့ပြန်ပေးရမှာဖြစ်သည်)။ အခုတော့ ကိုထူးက ပြောင်းပြန်လုပ်သည်။ ဒါကလည်း အဲ့တုန်းက သိမှ မသိကြပဲ။ သူများတွေ ဗယ်လင်လို့ လိုက်တိုင်းကြတာဆိုတော့ ဒီလောက်တော့ ရှိပေမပေါ့။
            ဒါနဲ့ ကိုထူးတစ်ယောက် အရုပ်ကြီးကိုပိုက် ချောကလဲ့နဲ့ပိုစကပ်တွေကိုင်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေတော့ ကျနော်တို့က ရဲဆေးတင်ပေးရတော့တာပေါ့။ ကောင်မလေးက ပန်းဆိုးတန်းက သင်တန်းတစ်ခုမှာ တက်နေတယ်။ မင်း အဲ့ဒီသင်တန်းမှာ သွားစောင့်၊ ပြီးရင် လက်ဆောင်ပေးလိုက်ဆိုပြီး ပြောဆိုလွှတ်လိုက်တာပေါ့။ ဘသားချောက ပြောတဲ့အတိုင်း နားထောင်ပါတယ်။ ကောင်မလေးရှိတဲ့ ပန်းဆိုးတန်းလမ်းက သင်တန်းမှာ သွားစောင့်တယ်။ နေ့ခင်းကြောင်တောင် နေပူထဲ အရုပ်အကြီးကြီးကို ထွေးပွေ့လို့ ရပ်စောင့်နေတဲ့ ကိုထူးရဲ့  ရုပ်သဏ္ဍာန်ကို ခင်ဗျားတို့ မြင်ကြည့်ကြစမ်းပါ။ ဘယ်လောက်များ အူကြောင်ကြောင် နိုင်သလဲလို့။ အနီးပတ်ဝန်းကျင်က လူတွေက ကွက်ကြည့် ကွက်ကြည့် လုပ်နေတော့တာပေါ့။ ငကြောင်တစ်ကောင် အောက်မှာ အရုပ်ကြီး ပိုက်ပြီး စောင့်နေတယ်။ ဘယ်စော်လေးကို ပေးမလို့လဲမသိဘူးဆိုပြီး တီးတိုးပြောနေကြတာပေါ့။
            ကောင်မလေးလဲ သင်တန်းလာရော ကိုထူးက ကောင်မလေးဆီသွားပြီး အရုပ်ကြီးထိုးပေးလိုက်တာပေါ့။ ကောင်မလေးက ရှက်ရှက်နဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်သွားတာပေါ့။ ကိုထူးဆိုတဲ့ကောင် ချစ်သူများနေ့မှာ ကိုယ်ချစ်တဲ့သူကို လက်ဆောင်ပေးတာ ဘယ်လောက်များ ရိုမန်းတစ် မဆန်လိုက်သလဲဆိုတာသာကြည့်။ ကောင်မလေးက ချောကလဲ့တော့ သူယူမယ်။ ဒီအရုပ်ကြီးကို ဘယ်လိုသယ်သွားရမလဲဆိုပြီး မယူဘူး။ ဟုတ်လည်းဟုတ်တာပဲ။ ကောင်မလေးက သင်တန်းတက်ရဦးမှာ။ အဲ့ဒီအရုပ်ကြီးနဲ့ စာသင်ခန်းထဲ ဘယ်လိုဝင်မလဲ။ ကိုထူးကလည်း အတင်းပေး။ ကောင်မလေးကလည်း ငြင်းနဲ့ လူတွေကလည်း ဝိုင်းကြည့်နေကြတော့ ကြာတော့ ကောင်မလေးက မငြင်းသာတဲ့အဆုံး လက်ခံလိုက်ရတယ်။ ဒါနဲ့ပဲ အရုပ်ကြီးလည်း ကောင်မလေးနဲ့အတူ သင်တန်းတက်ဖြစ်သွားတယ်။ ကောင်မလေး သူငယ်ချင်းတစ်ချို့ က မေးတာပေါ့။ ဘယ်လိုဖြစ်လာတာလည်း ဘာလည်း ညာလည်းပေါ့။ ကောင်မလေးလည်း ဖြစ်ပျက်ပုံ အလုံးစုံကို ရှင်းပြနေရတာပေါ့။ ပြီးတော့ သင်တန်းကနေ အိမ်အထိ အရုပ်ကြီးပိုက်ပြီး ပြန်ခဲ့ရသေးတာလေ။ ကိုထူးတို့ လုပ်ချလိုက်မှဖြင့် ပြောစရာကြီးကို ဖြစ်လို့။
            နောက်ပိုင်း ကောင်မလေးနဲ့ ကိုထူး ဆက်ဆံရေးကြဲသွားတယ်။ အရုပ်ကြီးကောင်းမှု အကြောင်းပြုလို့ပေါ့ဗျာ။ ကိုထူးကလည်း ရှက်၊ ကောင်မလေးကလည်း ရှက်နဲ့ သူတို့အဖြစ်က အရှက် အရှက်နဲ့ ဟိုမရောက်ဒီမရောက် ပြီးဆုံးသွားရတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားတော့တယ်။
            အဖြစ်အပျက်တစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်တော့ အကြံပေးတဲ့ကျနော်တို့ကြောင့် မဖြစ်သင့်တာ ဖြစ်၊ မလုပ်သင့်တာ လုပ်မိပြီး၊ သူတို့ အချစ်ဇာတ်လမ်းလေး မစခင်ပဲ နိဂုံးချုပ်သွားရတော့တာပါပဲ။ တကယ်လို့သာ ကျနော်တို့အနေနဲ့ ကိုထူးကို အလွန်ကြီးမားပြီး ဖွက်လို့ပြုလို့မရတဲ့ အမွှေးပွအရုပ်ကြီး ပေးခိုင်းမယ့်အစား သေးသေးကွေးကွေး အလွယ်တကူ ဖွက်လို့ သိမ်းလို့ရမယ့် ရိုမန်းတစ်ဆန်ဆန် လက်ဆောင်တစ်ခုသာ ပေးခိုင်းခဲ့မယ်ဆိုရင်…အဲ့ဒီနေ့ဟာ ကိုထူးတို့အတွက် ရင်ခုန် ကြည်နူး ပျော်ရွှင်စရာ ချစ်သူများနေ့အမှန်တကယ်ဖြစ်ချင်ဖြစ်သွားမှာပါ။ အဲ့လိုသာဆိုရင်…
            ဆိုရင်…ဆိုရင် ဆိုတဲ့ အတွေးတွေနဲ့ ကျနော်တို့ ပြုခဲ့သော စေတနာအမှား၊ ပေးမိသော အကြံဥာဏ်အလွဲများဟာ ချစ်သူတို့ရဲ့  လမ်းမှာ အနှောက်အယှက်ဖြစ်ခဲ့မယ်ဆိုရင် ဒီစာနဲ့ ကျနော့်အမှားများအတွက် မှားတာရှိရင် ဝန္နာမိပါလို့ တောင်းပန်ရင်း…
            အင်း…အခုတော့…ကိုထူးလည်း အချစ်နယ်မြေသစ်မှာ နှလုံးသားအသစ်နဲ့၊ သူကြိုက်ခဲ့တဲ့ ကောင်မလေးလည်း နယ်မြေသစ်မှာ အချစ်သစ်နဲ့။ သူတို့တွေ ပျော်နေကြပါပြီ။ သို့သော် ဖေဖော်ဝါရီရောက်တိုင်း ဒီအဖြစ်အပျက်လေးကို တွေးမိရင် ကျနော့်အဖို့ ရယ်ရမလား လွမ်းရမလား ခင်ဗျားတို့ပဲ ဆုံးဖြတ်ပေးကြပါတော့ဗျာ။    
အပါ
၂၆-၂-၂၀၁၂

No comments:

Post a Comment