လူတိုင်းဟာ
အမှားနဲ့ မကင်းနိုင်ဘူးလေ…တစ်ကြိမ်တစ်ခါမှားတာ ခွင့်လွှတ်ပေးလို့ ရပေမယ့် အကြိမ်ကြိမ်
အခါခါ မှားရင်တော့ ဒါဟာ ပညာဥာဏ်နည်းပါးလို့ပဲဖြစ်မယ်။
ကျွန်တော်တို့မြန်မာတွေ
သူ့ကျွန်ဖြစ်ခဲ့ရတာ သီပေါဘုရင်နဲ့ စုဖုရားလတ်တို့ ပညာနည်းလို့ ဖြစ်ခဲ့ရတာ။ ပညာရှိတဲ့
ကင်းဝန်မင်းကြီး ဦးကောင်းလို နန်းရင်းဝန်ကြီးက အင်္ဂလိပ်လို အဖက်ဖက်က သာတဲ့လူတွေနဲ့
ဒီအချိန်မှာ စစ်ရေးမယှဉ်သင့်သေးပါဘူးလို့ ပြောခဲ့တာပဲ။ ဦးကောင်းက ပညာတင်မကဘူး၊ ဗဟုသုတပါရှိတဲ့လူ။
အနောက်ဥရောပအထိ သူရောက်ဖူးတော့ သူတွေ့မြင်ခဲ့ရတဲ့ အနေအထားအရ ကျွန်တော်တို့မြန်မာတွေ
အင်္ဂလိပ်ကို ဓါး၊လှံ၊လေး မြှားလောက်နဲ့ ဘယ်လိုမှ မယှဉ်နိုင်ဘူးဆိုတာသိလို့ တားခဲ့ပေမယ့်
ဦးကောင်းကို ကြောက်တတ်ရင် ကျောက်ပြင်နဲ့ထမိန်ပေးမယ် ဆိုပြီး စုဖုရားလတ်က ပြောခဲ့တာကိုး။
ဒါဟာ
ဘာကိုပြသလဲဆိုတော့ ပညာရှိခြင်းနဲ့မရှိခြင်းကို ပြလိုက်တာပဲ။ ပညာဥာဏ်နည်းလို့ အမှားတစ်ခုကျူးလွန်
မိလိုက်တာဟာ ကာယကံရှင်တစ်ယောက်ကိုပဲ အကျိုးသက်ရောက်မှုရှိတယ်ဆိုရင် မပြောပလောက်ပေမယ့်
မိသားစု အသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်ကိုပါ အကျိုးသက်ရောက်ပြီး ထိခိုက်နစ်နာခဲ့မယ်ဆိုရင်
ဒါဟာ အမှားကြီးတစ်ခုဖြစ်သွားတာပဲ။ အခုလည်း သီပေါနဲ့စုဖုရားလတ်တို့ရဲ့ အမှားက တစ်မျိုးသားလုံးအပေါ်မှာ
အကျိုးသက်ရောက်ခဲ့လေတော့ ဒါဟာ ဘယ်လိုမှ ပြန်ပြင်လို့မရတော့တဲ့ မဟာအမှား၊ သမိုင်းကြောင်းမကောင်းခဲ့တဲ့
အမှားပဲ။
ဒါတင်ပဲလားဆိုတော့
အဲ့ဒီလိုပဲ သမိုင်းကြောင်းမကောင်းအောင် မဟာအမှားကြီးတစ်ခုကို ကျူးလွန်ခဲ့တဲ့သူက ဂဠုန်ဦးစော။
သူ့ကို ပညာမရှိဘူးလို့ပြောရအောင်ကလည်း သူဟာ နန်းရင်းဝန်အဖြစ်တောင် လုပ်ခဲ့ဖူးတဲ့သူပါ။
သူ့ကျတော့ ပညာဥာဏ်နည်းတယ်လို့မဆိုသာသော်လည်း ချင့်ချိန်တတ်တဲ့အသိဥာဏ်မရှိဘူးလို့ပဲ
ပြောပါရစေတော့။ သူ့ရဲ့ လုပ်ကြံမှုဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ အာဇာနည် ၉ဦးထဲကို သတ်ခဲ့တာမဟုတ်ဘူး။
မြန်မာတစ်မျိုးသားလုံးကို သတ်လိုက် သလိုပါပဲ။ နောက်ပိုင်း ဂဠုန်ဦးစောဟာ သူ့သမီးမေသန်းစောဆီ
ထောင်ထဲကနေစာတစ်စောင်ပေးခဲ့တယ်။ အဖေတို့အမျိုးက နဲနဲထိ မခံတတ်တဲ့အမျိုး။ ကိုယ့်ကိုထိရင်
ပြန်ပြီးလုပ်ရမှ ကျေနပ်တဲ့အမျိုး။ ဂလဲ့စားချေရမှ စားဝင်အိပ်ပျော်တဲ့အမျိုး။ ဒါကြောင့်
အဖေ့ရဲ့  လုပ်ရပ်ကို ဘယ်တော့မှ နောင်တမရဘူးတဲ့။ နောင်တရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဂဠုန်ဦးစောရော
သူ့မျိုးဆက်တွေရော အားလုံးဟာ ဒီကနေ့အထိ သူများတံတွေးခွက်မှာ ပလပ်မျောနေကြရဆဲ၊ သမိုင်းတရားခံများအဖြစ်
ဆက်လက်ရှိနေဆဲပါပဲ။
လူတွေဟာ
ကိုယ့်သမိုင်းကိုယ်ရေးကြရတာပါ။ ကိုယ့်ရာဇဝင် ကိုယ်ပြင်ကြရတာပါ။ သမိုင်းကြောင်း မကောင်းခဲ့ကြရခြင်းရဲ
့ အဓိကအခြေခံအချက်ကတော့ အသိနဲ့ပညာ မရှိကြလို့ပါပဲ။ ပညာရှိသူတွေဟာ ကိုယ့်သမိုင်းကြောင်းကို
ကောင်းအောင်ရေးထားနိုင်ခဲ့ကြပါတယ်။ မြန်မာ့လွတ်လပ်ရေးအတွက် အသက်ကို စတေးပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ
ရာဇဝင်မှာ အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ အာဇာနည်ခေါင်းဆောင်ကြီးအဖြစ်နဲ့
ကမ္ဗည်းထိုးခံခဲ့ရပါပြီ။
ထို့အတူပဲ
ပန်းတနော်သား ကျောင်းဆရာဦးသန့်ဟာလည်း သူ့ရဲ့ ပညာဥာဏ်ကြီးမှု၊ အရည်အချင်းကောင်းတွေကြောင့်
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီးရဲ့ အတွင်းရေးမှုးချုပ်အဖြစ် သူ့သမိုင်းကို သူရေးသွားနိုင်ခဲ့ပါတယ်။
အာရှရဲ့ ပထမဆုံး အတွင်းရေးမှုးချုပ်အဖြစ် မြန်မာ့ရာဇဝင်တွင်မက ကမ္ဘာ့ရာဇဝင်မှာပါ ကမ္ဗည်းတင်ထားနိုင်ခဲ့ပါတယ်။
ဒါတွေကိုကြည့်ခြင်းအားဖြင့် ပညာဟာ ဘယ်လောက် အရေးပါတယ်၊ အသုံးကျတယ်၊ တန်ဖိုးကြီးတယ်ဆိုတာ
သိနိုင်ပါတယ်။
နောင်တ
တရား (၁၀) ပါးမှာ နံပါတ်တစ်အချက်က ငယ်ရွယ်စဉ် ပညာမသင်မိခဲ့ခြင်းပဲ ဖြစ်ပါတယ်။ မိဘများချို့ တဲ့ လွန်း၍ပညာကောင်းစွာ မသင်ခဲ့ရသူများကိုတော့ အပြစ်မဆိုသာပေမယ့် ပညာရယူရန် အခွင့်အလမ်းရှိပါရဲ
့နဲ့ ပညာ မသင်ယူခဲ့ကြသူများအတွက် နောင်တနဲ့ သင်ခန်းစာကတော့ သက်ဆုံးတိုင်ပါပဲ။
ယနေ့ခေတ်ဟာ
ပညာအခြေခံတဲ့ခေတ်ကို ရောက်ရှိလာပါပြီ။ ဘယ်နေရာမှာမဆို ပညာနဲ့ပဲ နှိုင်းယှဉ် ပြိုင်ဆိုင်ကြတော့မှာ
ဖြစ်ပါတယ်။ ပညာတတ်ထားသူနဲ့ ပညာမတတ်ထားသူတို့ရဲ့  ကွာဟချက်ဟာ မကြာခင်မှာ ဆီနဲ့ရေ ဖြစ်လာတော့မှာ
ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လူထုခေါင်းဆောင် နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က
သူ့ရဲ့ မိန့်ခွန်း တော်တော်များများမှာ လူငယ်တွေကို စာဖတ်ကြဖို့ ပညာသင်ယူကြဖို့ အမြဲလိုလို
တိုက်တွန်းနေခဲ့ခြင်းပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့
တစ်ပတ်က ကျွန်တော်တို့ အင်းစိန်မြို့ နယ် NLD ရုံးဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ပြီး
မိန့်ခွန်းပြောပါတယ်။ လူငယ်တွေ စာဖတ်ကြဖို့နဲ့ အခြေခံပညာတတ်အောင် သင်ကြဖို့ အဓိကထား
တိုက်တွန်းသွားတာ နားထောင်ခဲ့ရပါတယ်။ အခြေခံပညာဆိုတဲ့နေရာမှာ သူငယ်တန်း ပထမတန်း ဒုတိယတန်းတွေလို
အခြေခံပညာ ကျောင်းစာတွေထက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အသိပညာကို ရအောင်ရှာကြဖို့ ပြောသွားပါတယ်။
ပြီးတော့ လူငယ်တွေရဲ့ အားဟာ အနာဂတ်နိုင်ငံတော်မှာ အရေးကြီးပါတယ်ဆိုပြီးလည်း ပြောသွားတယ်။
ဒါကြောင့် လူငယ်တွေ လက်ဖက်ရည်ဆိုင် ဂိမ်းဆိုင် အင်တာနက်ဆိုင်တွေ ထိုင်ပြီး အချိန်ဖြုန်းနေမယ့်အစား
စာများများဖတ်ကြဖို့၊ စာဖတ်ရင်း အသိပညာတွေရှာကြဖို့ အထူးအလေးပေးပြောဆိုသွားပါတယ်။
ဒီနေရာမှာ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို နားထောင်နေကြတဲ့ လူငယ်တစ်စုကို နှစ်ထပ်တိုက် ပေါ်တီဂိုတစ်ခုပေါ်မှာ
တွေ့လိုက်ရပါတယ်။ အဲ့ဒီလူငယ်တစ်စုက ဒေါ်အောင်ဆန်းစုကြည်ကို အမေစု၊ အမေစုနဲ့ အသံကုန်ဟစ်
အားပေးနေကြတာ ကြားတော့ ကျွန်တော်တို့ လူထုခေါင်းဆောင်ကြီးက ထိုလူငယ်တွေဆီ လှန်းပြောလိုက်ပါတယ်။
ဟိုခေါင်မိုးပေါ်က
ကလေးတွေ စာဖတ်ကြလား၊ စာဖတ်နော်၊ စာမဖတ်ပဲနဲ့ အမေစုလို့လာမခေါ်နဲ့တဲ့။
ကျွန်တော်တို့ဟာ
မြန်မာ့လွတ်လပ်ရေးခေတ် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုမမှီလိုက်ကြပါဘူး။
လွတ်လပ်ရေးရဲ့ ဖခင်၊ တပ်မတော်ရဲ့  ဖခင်၊ တစ်မျိုးသားလုံးရဲ့ ဖခင်ကို အဖေအောင်ဆန်းလို့
မခေါ်ခဲ့ကြရပါဘူး။ ယနေ့ ဗိုလ်ချုပ်ရဲ့ သမီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ လူထုခေါင်းဆောင်၊
ဒီမိုကရေစီသူရဲကောင်းတို့ရဲ့ မိခင်၊ လူထုရဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည်ကို အမေစုလို့
အားရပါးရခေါ်ခွင့်ရတဲ့ခေတ်ကို မီခဲ့ပါပြီ။ အဲ့ဒီလို အမေစုလို့ ခေါ်ချင်တယ်ဆိုရင် ကျွန်တော်တို့
လူငယ်တွေ စာဖတ်ပါတဲ့။ မိခင်ရဲ့ စကား သားသမီးတွေ နားထောင်ရမှာပေါ့။ ကျွန်တော်တို့တွေ
အမေစု ပြောသလို စာဖတ်ကြရပါမယ်။ စာဖတ်မှ အသိပညာကြွယ်မယ်။ အသိပညာကြွယ်ရင် စဉ်းစားချင့်ချိန်တတ်လာမယ်။
အကောင်းနဲ့အဆိုး၊ အကျိုးနဲ့အကြောင်းကို သိရှိလာမယ်။ ပညာဥာဏ်သုံးပြီး ကိုယ့်သမိုင်းကို
ကောင်းအောင် ရေးနိုင်ကြဖို့ လိုပါတယ်။
နောက်ဆုံး
နိုင်ငံတော်သမ္မတ အကြံပေး ဒေါက်တာနေဇင်လတ်ရဲ့  ပညာအခြေခံ လူ့အဖွဲ့အစည်းဆိုတဲ့စာ တစ်ပုဒ်ကိုဖတ်ပြီး
ပညာဟာ လူ့အဖွဲ့အစည်းအတွက် ဘယ်လောက်အရေးပါတယ်ဆိုတာ သိခဲ့ရပါသည်။
မြန်မာတို့
အစဉ်အလာတွင် ပညာ(၅)ပါးဟူ၍ ရှိခဲ့သည်။
(၁) ဓမ္မညုတ - အကြောင်းကိုသိခြင်း
(၂) အတ္တညုတ - အကျိုးကိုသိခြင်း
(၃) မတ္တညုတ - အတိုင်းအရှည်ကိုသိခြင်း
(၄) ကာလညုတ - အချိန်အခါကိုသိခြင်း
(၅) ပရိသညုတ - ပရိသတ်သဘောကိုသိခြင်း
အထက်ပါငါးပါးသော
အရည်အချင်းနဲ့ ပြည့်စုံပါမှ မှန်ကန်သောပညာဖြစ်ရပါသည်။ ထိုငါးပါးနဲ့ ပြည့်စုံပါမှလည်း
အမှား-အမှန်ကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။
အကြောင်းကိုသိခြင်းဖြင့်
အရာထင်စေပါသည်။ အကြောင်းမသိပါက အရာထင်လိမ့်မည် မဟုတ်ပါ။ ဈေးကွက်စီးပွားရေးကို ကျင့်သုံးသော
နိုင်ငံများစွာရှိနေသော်လည်း အောင်မြင်သောနိုင်ငံများရှိသလို မအောင်မြင်ပဲ တွန့်ဆုတ်နေသော
နိုင်ငံများလည်းရှိပါသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ကောင်းစွာကူးပြောင်းနိုင်သော
နိုင်ငံများ ရှိသလို အောင်မြင်စွာ မကူးပြောင်းနိုင်ပဲ ဒုံးရင်းပြန်ရောက်သွားသော နိုင်ငံများကိုလည်း
သမိုင်းမှာတွေ့ရပါသည်။ အကြောင်းကို ကောင်းစွာ မသိမြင်နိုင်သောကြောင့်ဖြစ်သည်။
အကျိုးကိုမသိလျှင်လည်း
ကောင်းစွာ အရာထင်မည် မဟုတ်ပါ။ အကျိုးတရားကို မည်မျှ လေးလေးနက်နက် သိရှိကြပြီးပါပြီလဲ။
ခပ်တိမ်တိမ်သိကြသူများက ပညာကို သဘောမျှသာ သင်ယူကြ၍ သဘောမျှသာ ပြန်လည် အသုံးချခဲ့ကြသည်။
ထို့ကြောင့် တစ်ချို့ နိုင်ငံများတွင် ပညာတတ်ဘွဲ့ ရသူအရေအတွက် ပေါများသော်လည်း ထင်သလောက်၊
မှန်းသလောက် မတိုးတက်နိုင်ကြသည်ကို တွေ့ရသည်။ ကျွန်တော်တို့ နိုင်ငံသည်လည်း အတိတ်ကဖြစ်ရပ်များကြောင့်
ထိုနည်း၎င်း အကျိုးကိုမသိခဲ့၍ သမိုင်းသင်ခန်းစာများလည်း ရခဲ့ပြီးပါပြီ။
အတိုင်းအရှည်ကို
မသိခြင်းသည်လည်း အကြောင်းတစ်ပါးဖြစ်သည်။ ယနေ့ ခေတ်စကားနဲ့ပြောရရင် ရလဒ် မည်ရွေ့ မည်မျှ
ထွက်ပေါ်လာမည်ကို ကောင်းစွာ မစေ့ငုမိနိုင်ခြင်းနှင့် သဘောသဘာဝတူညီမည် ဖြစ်သည်။
အချိန်အခါကို
သိခြင်းသည်လည်း ပညာဖြစ်စေရာ ဖြစ်စေကြောင်း၏ အကြောင်းတစ်ပါးဖြစ်သည်။ အချိန်အခါနှင့်
Timing ကိုကောင်းစွာနားလည်သည့် တိန့်ရှောင်ဖိန်က ဆိုရှယ်လစ်စီးပွားရေး၊ဈေးကွက်စီးပွားရေးကို
သူ့အချိန်အခါနဲ့သူ မှန်ကန်စွာကူးပြောင်းပေးနိုင်ခဲ့သည်။ ယနေ့ တိန့်ရှောင်ဖိန်၏ ကျေးဇူးကြောင့်
တရုတ်တို့ ပြုပြင်ပြောင်းလဲမှုများနဲ့အတူ အံ့မခန်းတိုးတက်ခဲ့ပြီး စူပါပါဝါနိုင်ငံတစ်ခုအဖြစ်
ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။
ပရိသတ်ကို
သိခြင်းသည်လည်း ပညာ၏အရည်အချင်းတစ်ပါးဖြစ်ပါသည်။ တရုတ်ခေါင်းဆောင်ကြီးမော်စီတုံးက အာဏာရလာပြီးတဲ့နောက်
ယဉ်ကျေးမှုတော်လှန်ရေး၊ မဟာခုန်ပျံကျော်လွှားစီမံကိန်းတို့ကို ဆောင်ရွက်ခဲ့ရာ ပရိသတ်သဘောနဲ့
ကင်းလွတ်ခဲ့သဖြင့် ဆုံးရှုံးမှုများစွာနဲ့ ရင်ဆိုင်ခဲ့ရသည်။ တရုတ်ပြည် ဆင်းရဲတွင်းက
ရုန်းမထွက်နိုင်ခဲ့။ တိန့်ရှောင်ဖိန်က တရုတ်ပြည်သူတို့၏ ပရိသတ်သဘောကို ကောင်းစွာသိသူဟု
ဆိုရမည်။ ပေါက်ကွဲလုနီးနီး ဖြစ်နေသော တရုတ်နိုင်ငံသားတို့အတွက် “ကြောင် ဖြူသည် မည်းသည်သည်
ပဓာနမဟုတ်၊ ကြွက်ခုပ်နိုင်ရန်သာလိုသည်” ဟူသော သဘောတရားဖြင့် ပြုပြင်ပြောင်းလဲမှုများကို
အုတ်မြစ်ချ ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုများစွာရရှိခဲ့ပါသည်။
အချုပ်ဆိုရလျှင်
ယနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံသည် အင်မတန်မှ သိမ်မွေ့နူးညံသော အသွင်ကူးပြောင်းရေးလမ်းကို
လျှောက်လှမ်းနေပါသည်။ အကူးအပြောင်းကာလတစ်ပါးဖြစ်နေပါသည်။ ဦးဆောင်သူများ၊ ပံ့ပိုးသူများအားလုံးသည်
ပညာငါးပါးနှင့် ပြည့်စုံပြီး အကူးအပြောင်းကို ဆောင်ရွက်နိုင်ကြမယ်ဆိုရင် အနာဂတ်မြန်မာပြည်ကြီးသည်
ကျွန်တော်တို့ လိုချင်တောင့်တသော အခြေအနေတစ်ရပ်သို့ ဧကန်မုချ ရောက်ရမည်မှာ မလွဲမသွေပင်
ဖြစ်ပါတော့သည်။ ။
စာညွှန်း - ခေါင်းဆောင်၊ ခေါင်းဆောင်မှု၏အဓိပ္ပာယ်နှင့်
အနှစ်သာရ (နေဇင်လတ်)
အပါ
၂၅-၅-၁၂
No comments:
Post a Comment