ခရီးသွားခြင်းကို ကျွန်တော်အလွန်မြတ်နိုးပါသည်။
ခရီးသွားခြင်းဖြင့် စိတ်ကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်တယ်လို့ လည်း ယုံကြည်ပါသည်။
ခရီးသွားရတာဟာ ဒေသန္တရဗဟုသုတတွေလည်း ရနိုင်ပါသည်။ နယ်မြေဒေသ မတူကွဲပြားတဲ့ အရပ်များဆီ
သွားရတယ်ဆိုရင် ပိုလို့တောင် လေ့လာမှတ်သားစရာတွေ ရှိနေတတ်ပါသည်။ အသွင်မတူတဲ့ လူနေမှု
အကျင့်စရိုက်တွေရယ်၊ ယဉ်ကျေးမှု ဓလေ့ရိုးရာ ထုံးတမ်းစဉ်လာတွေရယ်၊ အပြောအဆို ဘာသာစကားမတူတာတွေရယ်၊
စားစရာ အစားအသောက် အရသာနဲ့ အပြင်အဆင်မတူညီတာတွေရယ်ကို အစုံအလင် တွေ့ရှိခံစား မှတ်သားနိုင်ပါသည်။
ကျွန်တော်ခပ်ငယ်ငယ်အရွယ်မှာ ကျွန်တော့်မိဘများက
ခရီးဝေးမသွားကြပါဘူး။ ကျွန်တော့်ကို ၁၉၈၄မှာမွေးပြီး တစ်ဦးတည်းသော ညီမလေးကိုတော့ ၁၉၈၈မှာ
မွေးပါသည်။ ၁၉၈၈ အရေးအခင်းကာလမှာ အမေဟာ ညီမလေးကို မွေးဖွားရတာမို့ အလွန်ကသီခဲ့ရှာပါသည်။
အဲ့ဒီမတိုင်ခင် ရှေ့နှစ်တွေမှာလည်း ကျွန်တော် ငယ်သေးတာတစ်ကြောင်း ကျွန်တော် လူမှန်းသိတတ်ကာစမှာ
အမေက ညီမလေးကို မွေးဖို့အကြောင်းဖန်လာတာကတစ်ကြောင်း၊ ညီမလေး မွေးပြီးတော့လည်း ကလေးက
ငယ်သေးတယ်ဆိုပြီး ဘယ်မှ လိုက်မပို့ဖြစ်တာရယ်ကြောင့် ကျွန်တော့်အသက် ၉နှစ်မှ ပထမဆုံး
ခရီးတစ်ခု ထွက်ဖြစ်ပါတော့သည်။
ထိုခရီးစဉ်ကတော့ ကျိုက်ထီးရိုးဘုရားဖူးခရီးပါ။
အဲ့ဒီတုန်းက ကျွန်တော့်အဒေါ် ကျောင်းဆရာမ အပျိုကြီးနဲ့သူ့သူငယ်ချင်း ဆရာမနှစ်ယောက်ရယ်
ကျွန်တော်တို့ မောင်နှမ နှစ်ယောက်ရယ် အတူတူ သွားခဲ့ကြတာပါ။ ညီမလေးက ကျွန်တော်နဲ့ ၄နှစ်ကွာတာမို့
၅နှစ်သမီးလောက်ပဲရှိပါသေးတယ်။ ကျွန်တော်တို့မိဘတွေ လိုက်မပို့နိုင်သေးတဲ့ကာလမှာ အဒေါ်နဲ့
ကပ်လိုက်ကြရတာပါ။ ၁၉၉၂ ခုနှစ်လောက်က ဘုရားဖူးကားတွေဟာ သိတဲ့အတိုင်း ကပရ ကားကြီးတွေပါ။
ဒေဝူးကားကြီး တွေလို့လည်း တစ်ချို့ ကခေါ်ကြပါသည်။ ရန်ကုန်မြို့  ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က
ဆုထူးပန်တို့ ဘုရင်ရုပ်ရှုင်ရုံတို့ ရှေ့ကနေ စထွက်ကြတာပါ။ ကျွန်တော်မှတ်မိတာကတော့ ထိုင်ခုံလက်မှတ်မရတော့လို့
ကျွန်တော်အလယ်ခုံကနေလိုက်ခဲ့ ရတာကိုပါ။ အလယ်ခုံဖိုး ၄၅ကျပ်လားမသိပေးလိုက်ရတာကို ခပ်ရေးရေးမှတ်မိနေပါတယ်။
အဲ့ဒီခရီးစဉ်ကတော့ ကျွန်တော့်ဘဝရဲ့  ပထမဆုံး ခရီးပါ။
ခရီးသွားတယ်ဆိုရင် တစ်ချို့ များကျတော့ ကားပေါ်ရောက်တာနဲ့
မျက်လုံးလေးပိတ်ပြီး အိပ်လိုက်ကြတာ များပါတယ်။ ကျွန်တော်ကတော့ ကလေးဘဝကတည်းက ခရီးဝေးသွားပြီဆိုရင်
ဘယ်တော့မှ အိပ်လေ့မရှိပါဘူး။ ပတ်ဝန်းကျင်ကို မြင်နိုင်တဲ့ အလင်းရောင်ရှိနေသရွေ့ ဘေးဘီဝဲယာကို
အမြဲလိုလို ငေးမောသွားလေ့ရှိပါသည်။ ကားပဲစီးစီး၊ ရထားပဲစီးစီး၊ သဘောင်္ပဲစီးစီး၊ လေယာဉ်ပျံပဲစီးစီး
ဘေးပြတင်းပေါက်ဘက်မှာ ထိုင်လို့ရအောင် အမြဲနေရာယူတတ်ပါသည်။ မိသားစုများနဲ့သွားတဲ့အခါပဲဖြစ်စေ၊
သူငယ်ချင်းအပေါင်းအသင်းများနဲ့ သွားတဲ့အခါပဲ ဖြစ်စေ၊ ဒေါင့်မှာ ထိုင်ဖို့ တောင်းဆိုတတ်သူက
ကျွန်တော်ပါ။ အခုနောက်ပိုင်း တော့ အရင်ကလို မဟုတ်တော့မှန်း ကိုယ်ကိုကိုယ် ဆင်ခြင်မိလာပါသည်။
ဘာလို့လဲဆိုတော့ ကိုယ့်ထက်ငယ်တဲ့ သူတွေနဲ့ ခရီးအတူတူ သွားရတဲ့အခါ သူတို့ကို ဒေါင့်မှာ
နေရာပြန်ပေးခဲ့ရပါပြီ။ လူကြီးတွေ ပြောပြောနေတဲ့ နေရာဆိုတာ ဒီလိုကိစ္စမျိုး တွေက စတာပဲလို့ထင်မိသည်။
ကိုယ်ချည်းပဲ ဒီနေရာမှာ နေချင်လို့ မဖြစ်တော့တဲ့အခါ၊ မနေသင့်တော့တဲ့အခါ၊ ကိုယ့်နေရာမှာ
နေဖို့ တကယ်လိုအပ်လာတဲ့လူငယ်တွေအတွက် ကိုယ်ဘေးဖယ်ပေးရတော့တာပါပဲ။
နေရာအကြောင်းပြောလိုက်တာ ခရီးသွားတဲ့ အကြောင်း
လမ်းပျောက်သွားတော့မယ်။ အခုဆို ကျွန်တော်ခရီးတွေ အများကြီး ထွက်ခဲ့ဖူးပါပြီ။ မြန်မာပြည်လို
အင်မတန်မှ သာယာလှပတဲ့ ရှုမျှော်ခင်းတွေ၊ စိမ်းလန်းစိုပြေနေတဲ့ လယ်ကွင်းပြင်တွေ၊ သစ်တောအုပ်ကြီးတွေ၊
တောင်ပြာတန်းကြီးတွေ၊ ပန်းမျိုးစုံလင်တဲ့ စိုက်ခင်းလွင်ပြင်ကြီးတွေ၊ ဘယ်ဒေသမှာမဆို
အမြဲလိုလို တွေ့ရတတ်တဲ့ ပုထိုးစေတီ ဂူကျောင်း ဗိမ္ဗာန်တော်ကြီးတွေကို ခရီးသွားရင်း ကြည့်ရတာ၊
မြင်ရတာ အရသာရှိပါသည်။ ပြည်တွင်းတင်မက ပြည်ပနိုင်ငံတစ်ချို့ ဆီလည်း ခရီးထွက်ဖြစ်ပါသည်။
ပြည်ပနိုင်ငံများရောက်တော့လည်း သူတို့ရဲ့ မိုးမျှော်တိုက်တာ အဆောက်အဦတွေ၊ လှပခန့်ညား
ထည်ဝါတဲ့ ဗိသုကာဒီဇိုင်းဆန်းတွေ၊ သပ်ရပ်ပြီး စည်းကမ်းရှိတဲ့ လမ်းမကြီးတွေကို တွေ့ရ
မြင်ရတာ ရင်သပ်ရှုမောဖွယ်ပါပဲ။ အဲ့ဒီလို ခရီးထွက်တိုင်း သန့်ရှင်းလတ်ဆတ်တဲ့ လေကို ရှုရှိုက်ရတာဟာလည်း
ဘဝအမောတွေကို ပြေစေပါသည်။ အခုနောက်ပိုင်းတော့ ယာဉ်တိုင်းလိုလို အဲကွန်းတွေပေါ်လာလို့
ကားစီးရင်း၊ သဘောင်္စီးရင်း သဘာဝရဲ့ လတ်ဆတ်သန့်ရှင်းတဲ့ လေကိုရှူရှိုက်ခွင့် မကြုံတော့ပါဘူး။
ဒါကြောင့် ရထားနဲ့ ခရီးသွားရတာကိုတော့ အခုထိ အနှစ်သက်ဆုံးပါပဲ။ ရန်ကုန်-မန္တလေး အမြန်ရထားစီးရင်း
ဘေးပေါက်ကနေ လေကို တစ်ဝရှူခွင့်ရတာ ဘယ်လိုမှ ဖော်မပြတတ်အောင် ပျော်ဖို့ကောင်းပါသည်။
မလေးရှား-စင်ကာပူ ရထားပေါ်မှာတောင် ဘေးပြတင်းပေါက် ဖွင့်ပြီး စီးရလို့ ပျော်ခဲ့ရသေးသည်။
ကျွန်တော်အပျော်ဆုံးအချိန်ကတော့ တောင်တန်းကြီးတွေကို
မြင်ရတဲ့အချိန်ပဲဖြစ်ပါသည်။ တောင်တန်းကြီးတွေ ကာရံထားတဲ့ ဟိုမှာဘက်ကို ကျွန်တော်အရမ်းရောက်ချင်ပါသည်။
ဟိုဘက်မှာ ဘာတွေရှိနေမလဲဆိုပြီး ကလေးဘဝက အဖေတို့ကို အမြဲမေးခွန်းထုတ်တတ်ပါသည်။ ပြီးတော့
တောင်တန်းကြီးတွေရဲ့ ထိပ်ဖျားမှာ တွေ့ရလေ့ရှိတဲ့ ထုံးစေတီ ဖြူဖြူလေး တွေဆီလည်း လှန်းကြည့်ရင်း
ဘယ်လိုလူတွေက ဒီတောင်တန်းကြီးပေါ်တက်ပြီး ဘုရားတည်ထားပါလိမ့်ဆိုတဲ့ အတွေးက အမြဲပဲ ရောက်လာတတ်ပါသည်။
ဒါကတော့ မြန်မာပြည်ထဲ ခရီးသွားရင်း ခံစားရတာကို ပြောပြခြင်းပါ။ နိုင်ငံခြား ခရီးစဉ်
တွေမှာတော့ တောင်တန်းတွေ တွေ့ရင် ဟိုးအပေါ်ဆုံးအထိ စိတ်ကူးနဲ့ တက်ကြည့်မိပါသည်။ လက်တွေ့မှာတော့
ဖြတ်သွားရုံသာ တွေ့လိုက်ရတာမို့ ရံဖန်ရံခါ ကြည့်ရုံသာ ကြည့်မိသည်။ ဘာစိတ်ကူးမှ ပေါ်မလာခဲ့ပေ။
မြန်မာပြည်က တောင်တန်းကြီးတွေလောက် စွဲဆောင်အားမကောင်းတာများလားမသိပါဘူး။
ခရီးသွားရခြင်းကြောင့် အပေါင်းအသင်းတွေကြား
ရင်းနှီးမှုပိုရလာတယ်ဆိုတာ လက်ခံရပါမည်။ တစ်ဦးနဲ့တစ်ဦး ဘယ်လောက် ခင်မင်မှုရှိတယ်၊ သည်းခံနိုင်တယ်၊
နားလည်မှုပေးနိုင်တယ်၊ အကူအညီရတယ်ဆိုတာ ခရီးတစ်ခု အတူတူ သွားကြည့်ရင် သိလာပါလိမ့်မည်။
ကျွန်တော့်ဘဝမှာ မိသားစုများနဲ့ ခရီးသွားရခြင်းထက် သူငယ်ချင်းများနဲ့ ခရီးသွားရခြင်းက
ပိုများပါသည်။ ပိုများသလို ကျွန်တော်ကိုယ်တိုင်ကလည်း ပိုပြီးပျော်ပါသည်။ မိသားစုနဲ့
သွားရတာဟာ တစ်မျိုးတစ်ဘာသာ ကောင်းပေမယ့် လူငယ်ဖြစ်သော ကျွန်တော့်အတွက် သူငယ်ချင်းတွေနဲ့
ခရီးသွားရတာ ပိုပြီး လွတ်လပ်မှုရှိသလိုခံစားရပါသည်။ ဒီထက် မြင့်မြင့် တွေးရရင် မိဘများနဲ့
သွားတဲ့အခါ ကိုယ်ဟာ အမြဲလိုလို မိဘတွေ စီစဉ်တဲ့အတိုင်း လိုက်လျောရသူပါ။ မိဘဦးဆောင်မှု
နောက် လိုက်နေရသူဖြစ်သည်။ စိုးရိမ်စိတ်များသော မိဘတို့ထုံးစံအတိုင်း ဟိုနေရာသွား သွားလို့၊
ဒီနေရာသွားမယ်ဆိုလည်း မသွားနဲ့ နဲ့ထိန်းချုပ်ကွပ်ကဲမှုအောက်မှာ သွားလာလှုပ်ရှားရသည်။
သူငယ်ချင်းများနဲ့ဆို သွားချင်တဲ့နေရာကို သွားလိုက်ကြသည်။ တက်ညီ လက်ညီ စူးစမ်းလိုက်ကြသည်။
ကိုယ်မသိသေးတဲ့ မရောက်ဖူးသေးတဲ့ နေရာမှန်ရင် အများသဘောတူတာနဲ့ သွားကြသည်။ ဒီမိုကရေစီနည်းကျ
အများဆန္ဒခံယူပြီး လုပ်တတ်တဲ့ အကျင့်ကောင်းတစ်ခု ကျွန်တော်တို့ ခရီးသွားရင်း ရလာကြသည်။
အထိန်းအကွပ်မဲ့ ခရီးသွားခြင်း မဖြစ်အောင် ကိုယ့်ကိုကိုယ်
ထိန်းကျောင်းသွားရတဲ့အတွက် သူတပါးပေါ် (တနည်းအားဖြင့် မိဘအပေါ်) မှီခိုအားထားမှု ကင်းလာသည်။
ကိုယ်ဒူးကိုယ်ချွန် ယုံကြည်မှုအပြည့်နဲ့ သွားတတ်လာတတ်၊ လှုပ်ရှားဆောင်ရွက် တတ်လာသည်။
ခရီးသွားခြင်းသည် လူတစ်ယောက်ရဲ့  အရည်အချင်း ဘယ်လောက်ရှိသလဲဆိုတာကို ခန့်မှန်းနိုင်သော
စာမေးပွဲ တစ်ခုလည်းဖြစ်သည်။
ကျွန်တော့်ရဲ့ ခရီးသွားခြင်းအကြောင်းများကို
ရေးပြရမယ်ဆိုရင် စုံစီနဖာဖြစ်ပေတော့မည်။ ဒါ့ကြောင့် နောက်များမှ ဆက်လက် ရေးပါဦးမည်။
ဒီတစ်ခေါက်တော့ ဒီမှာပဲ ခဏရပ်ကြပါဦးစို့။ ။
၇.၈.၂၀၁၂
ကျောင်းတက်နေတဲ့အချိန် သူငယ်ချင်းတွေနဲ့
ReplyDeleteသွားခဲ့ဖူးတဲ့ခရီးတွေကိုပြန်သတိရနေမိတယ်