ကျွန်တော်နဲ့သူ လမ်းခွဲလိုက်တာ မကြာသေးပါဘူး။ အကြောင်းပြချက်ကတော့
စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ပေါ့ဗျာ။ သူဖြစ်ချင်တာနဲ့ ကျွန်တော်ဖြစ်ချင်တာတွေက
အမြဲလိုလို ဆန့်ကျင်ဘက်ဖြစ်နေတတ်တော့ ကျွန်တော်တို့နှစ်ယောက် လမ်းခွဲလိုက်ကြတာ အကောင်းဆုံးပါပဲ။
တစ်လလောက်
သူနဲ့ လုံးဝမတွေ့ဖြစ်တော့ဘူး။ အရင်ကဆို နေ့တိုင်း မတွေ့ရမနေနိုင်ဖြစ်ခဲ့ပေမယ့် အခုတော့
နေသားပဲကျသွားတာလား၊ လွမ်းတာရှိရင် နာတာနဲ့ဖြေဆိုသလို စိတ်နာစရာတွေတွေးပြီး နေနိုင်သွားတာလားတော့
အတိအကျ မပြောနိုင်ဘူး။ သေချာတာကတော့ ကျွန်တော်နဲ့ သူနဲ့ တစ်လလောက် အဆက်အသွယ်မရခဲ့ပါဘူး။
မမျှော်လင့်ပဲ
တစ်နေ့က သူ့ကို ပြန်တွေ့တော့ သူ့ဘေးမှာ တစ်စုံတစ်ယောက်ရှိနေတာကို သတိထားလိုက်မိတယ်။
သူ့ကိုကြည့်ရတာလည်း ပျော်ရွှင်နေပုံပါပဲ။ သူနဲ့ စိတ်သဘောထားချင်း တိုက်ဆိုင်တဲ့သူကို
ရှာဖွေတွေ့ရှိသွားပြီပေါ့လို့ပဲ ကိုယ့်ကိုကိုယ်ရေရွတ်လိုက်မိတယ်။
ပြီးတော့
ပြန်စဉ်းစားမိလိုက်တယ်။ ဝမ်းနည်းနေတာလား ဒါမှမဟုတ် ဟိုရင်အချိန်တွေကို တမ်းတလွမ်းဆွတ်နေတာလားပေါ့။
မဟုတ်ပါဘူး။ ကျွန်တော် သူ့ကို အံ့သြမိတာပါ။ သူပြောခဲ့တဲ့စကားတွေကို ကျွန်တော် အခုထိပြန်ကြားနေသေးတယ်။
ဘာတဲ့။ ကို့လိုနောက်တစ်ယောက်မရှိနိုင်တော့ဘူးတဲ့။
ပြီးတော့ရှိသေးတယ်။ ကျွန်တော်နဲ့ လမ်းခွဲကာနီး သူပြောခဲ့တာ ဒီတစ်သက် ဘယ်ယောင်္ကျားကိုမှ
မယုံချင်တော့ဘူးတဲ့။ ယောင်္ကျားတွေဟာ ယုံကြည်ဖို့မကောင်းတဲ့လူတွေတဲ့။ ဟုတ်မှာပါ။ သူတို့
မိန်းမတွေကသာ ကမ္ဘာပေါ်မှာ ယုံကြည်စရာ အကောင်းဆုံးဆိုတော့ သူဒီစကားပြောတာ မှန်မှာပါ။
လောကမှာ ကိုယ်က အဖြူဆိုရင် ကိုယ့်ချစ်သူကလည်း အဖြူပဲဖြစ်ရမယ်။
ဒီစကားကိုတော့ ကျွန်တော်လက်ခံပါတယ်။ ချစ်သူနှစ်ဦး တစ်စိတ်ထဲ တစ်ဝမ်းထဲ ဖြစ်သင့်ပါတယ်။
အကြို့က်ချင်းတွေလည်း တူသင့်ပါတယ်။ အစက မတူခဲ့ရင်တောင် ချစ်သူဖြစ်ပြီးတဲ့နောက် မတူတူအောင်
ညှိပြီး တူရပါမယ်။
ဒါပေမယ့်…လူတစ်ကိုယ်
အကြိုက်တစ်မျိုးဆိုသလို တခြားချစ်သူတွေ အကြိုက်ချင်းတူအောင် ကြိုးစားနိုင်ကြပေမယ့်
ကျွန်တော်ကတော့ သူ့အကြိုက်ကို လိုက်တူအောင် မလုပ်နိုင်ဘူး။
အဝတ်အစားအရောင်ကအစ
ဖတ်တဲ့စာအုပ်အဆုံး ဘာတစ်ခုမှ ငြှိယူလို့မရအောင် အကြိုက်ချင်းကွဲလွဲမှု ပြဿနာကရှိခဲ့တယ်။
သူက အရောင်ဆို ရဲပေ့ တောက်ပေ့ဆိုတဲ့ အနီတွေ ခရမ်းတွေကိုကြိုက်တယ်။ အမည်းကို အသေမုန်းတယ်။
ကျွန်တော်က အသားညိုသူဆိုတော့ အရောင်တောက်တောက်ကြီးတွေကို မကြိုက်။ အဖြူနဲ့ အမည်း နှစ်မျိုးပဲ
ကြိုက်တယ်။ အဲ့ဒီမှာ စလွဲတယ်။ ပြီးတော့
သူက အစပ်ကြိုက်တယ်။ ကျွန်တော်က အချိုကြို့က်တယ်။ ခေါက်ဆွဲသုပ်စားရင် သူနဲ့ကျွန်တော်
လွဲတယ်။ သူက သူစားသလို အစပ်ကို လိုက်စားဖို့ပြောတယ်။ ကျွန်တော်က ဒါတော့ မဖြစ်နိုင်ဘူး။
မင်းအကြိုက်နဲ့ ငါ့အကြိုက် တူမှ မတူပဲ။ ငါက လုံးဝအစပ်မစားရဲဘူးလို့ပြောတော့ ကျွန်တော့်ကို
စိတ်ဆိုးဆိုးနဲ့ ယောင်္ကျားဖြစ်ပြီး သရဲဘောကြောင်တဲ့ကောင်တဲ့။ ကဲ…ကောင်းရော။
စာအုပ်ဖတ်တာချင်းတူတာတောင်
သူက အချစ်ဝတ္ထုတွေကို ကြိုက်တယ်။ လွန်းထားထားတို့၊ မနော်ဟရီတို့ဆို သူ မလွတ်တန်းဖတ်တယ်။
ကျွန်တော်က ဟာသဝတ္ထုတွေကို ကြိုက်တယ်။ နီကိုရဲတို့၊အကြည်တော်တို့ကိုဖတ်ဖြစ်တယ်။ အဲ့ဒီင်္အခါ
သူက ပြောသေးတယ်။ ပေါ့ပျက်ပျက်နေတတ်တဲ့လူတွေက ပေါ့ပျက်ပျက် ဟာသစာပေတွေကိုပဲဖတ်တယ်တဲ့။
အင်း ကျွန်တော်မပြောလိုက်ချင်ဘူး။ (အဲ့တုန်းကတော့ သူနဲ့ကျွန်တော်က ချစ်သူတွေဆိုတော့
မပြောရဲတာလည်းပါတာပေါ့)။ ဟာသစာပေဖတ်တဲ့လူတိုင်းသာ ပေါ့ပျက်ပျက်တွေးကြေးဆိုရင် ကမ္ဘာပေါ်မှာ
ရယ်စရာဆိုတာတွေဆိတ်သုန်းပြီး အမြဲလိုလို လေးလံပူပန်မှုတွေကြီးပဲရှိနေတော့မှာပေါ့လို့။
အားကစားဆိုလည်း
သူက ကြက်တောင်ရိုက် ဝါသနာပါတယ်။ ကျွန်တော်က ရေကူးဝါသနာ။ ငယ်ငယ်ထဲက ရေကူးလာတာ။ ဘယ်လောက်တောင်ကူးသလဲဆိုရင်
အော်ရဂျင်နယ် အသားရောင်တောင် ပြန်မရတော့ပဲ ညိုနေတာသာကြည့်။ ဒီတော့ သူနဲ့ကျွန်တော်က
အားကစားလုပ်တိုင်း အမြဲအချိန်ညှိရတယ်။ ကျွန်တော်က သူကစားတဲ့ကြက်တောင် လိုက်ကစားနိုင်ပေမယ့်
သူကျတော့ ကျွန်တော်ကူးတဲ့ရေ လိုက်မကူးရဲဘူး။ သူကရေ အရမ်းကြောက်တာ။ (အသားမဲမှာဆိုးတာလည်း
ပါမှာပေါ့)။
အဲ့ဒီလို
ညှိနှိုင်းမရမှုတွေ များလာတော့ သူနဲ့ကျွန်တော်ကြားမှာ အဆင်မပြေမှုတွေက များလာတယ်။ ဒီတော့
လမ်းခွဲဖို့ဖြစ်လာတာပါပဲ။ လမ်းခွဲပြီးတော့ သူလည်း သူ့လမ်းသူလျှောက်သွားသလို ကိုယ်လည်း
ကိုယ့်လမ်းကို လျှောက်ခဲ့တယ်။ အခုဆို ကျွန်တော့်မှာ ဘာအပူအပင်မှ မရှိတော့သလို ခံစားရတယ်။
ခါတိုင်း မနက်ဆို သူ့ကို အလုပ်လိုက်ပို့ ညနေ ပြန်ကြိုလုပ်ရတဲ့
မထသကြီး အဖြစ်မှလည်းကောင်း၊ ၂နာရီကြားတစ်ခါ ဖုန်းဆက်ပြီး စားပြီးပြီလား၊ ဘာလုပ်နေလဲ၊
သတိရလို့ စတဲ့ ကလူ၏သို့ မြူ၏သို့ စကားတွေ ပြောရတဲ့ မီဒီယာသမားကြီး အဖြစ်မှ လည်းကောင်း၊
သူ့မွေးနေ့၊ ကျွန်တော်တို့နှစ်ယောက် ချစ်သူဖြစ်တဲ့နေ့၊ ဖေဖော်ဝါရီ၁၄ ချစ်သူများနေ့၊
ကျွန်တော်နဲ့သူ စတွေ့တဲ့နေ့၊ သူစိတ်ကောက်နေတဲ့နေ့ စသော ၁၂လရာသီ ပွဲတော်များနဲ့ အပြိုင်
သတ်မှတ်ချင်တိုင်း သတ်မှတ်ထားတဲ့ အထိမ်းအမှတ်နေ့တွေ အတွက် လက်ဆောင်များ၊ ပန်းစည်းများ၊
ချောကလက်များ ဆက်သရသော ပျော်တော်ဆက်ကြီး အဖြစ်မှလည်းကောင်း၊ ဘယ်သွားသွား တကောက်ကောက်လိုက်ရင်း
ပုရိသတို့မျက်လုံးထဲ မရိုးမရွ ဖြစ်စေခြင်းများမှ ကာကွယ်ရန် အလို့ငှာ အမြဲစောက်ရှောင့်ရသော
ကိုယ်ရံတော်တပ်မှုးလေး အဖြစ်မှ လည်းကောင်း၊ သူမ၏ ဆောင်ရွက်စရာကိစ္စများဖြစ်သည့် မီတာဆောင်ခြင်း၊
ဖုန်းဘီလ်ဆောင်ခြင်း၊ ယတြာချေခြင်း၊ ဗေဒင်မေးခြင်းစတဲ့ အရေးကိစ္စများကို မညီးမညူ အမြဲလုပ်ပေးရသည့်
အပါးတော်မြဲပီစက်အို အဖြစ်မှလည်းကောင်း အငြိမ်းစားရသွားပါသဖြင့် နေရထိုင်ရတာ ပေါ့ပါးလွတ်လပ်နေပါသည်။
သို့သော်…တကယ်ဆို ချစ်ခဲ့ပြီးမှ လမ်းခွဲဖို့ကို လုံးဝမတွေးကြေးဆိုတဲ့
သီချင်းစာသားလေး ကြားမိတဲ့အခါ၊ မင်းကိုသတိရရင် လျှောက်လည်ဖူးတဲ့နေရာတွေမှာ မင်းအရိပ်တွေတွေ့နေပါတယ်
အနားမှာ မရှိလည်း ဆိုတဲ့သီချင်းလေး နားထောင်မိတဲ့အခါ၊ ဘာရယ်တော့မဟုတ်ဖူး…အလွမ်းလက်ကျန်လေးတွေက
အတိတ်ကို ဆွဲခေါ်သွားပြီး ဒဏ်ရာတွေပေးနေဆဲဖြစ်ပါတော့သည်။ ပြောရင်းတောင် လွမ်းလိုက်တာ
ကောင်မလေးရယ်…နောက်လူရင်မှ ပျော်နိုင်ပါတယ် ငါ့အနားမလာနဲ့တော့၊ အခုလိုပြောတာ မချစ်လို့မဟုတ်ဘူးနော်။
အပါ
၂၂-၁၂-၂၀၁၁
ဟိုက် ငါ့အဖြစ်တိုင်းပါပဲလား...
ReplyDeleteနာတို့က မပြတ်သေးတာပဲရှိတာ...
ဟ ဟ...
သတိရတိုင်း... နောက်လင်ရင်မှာပျော်နိုင်ပါတယ် ငါ့နားလာမချေးနဲ့လို့သာ၃ ကြိမ်ခန့်ကျယ်ကျယ်အော် ဆိုရင်းရတြာချေပါလေ ...
ReplyDeleteခင်မင်လျှက်
မဒိုးကန်
မြတ်ကြည်နဲ့ မြတ်ကြည်ရဲ့ ချစ်သူလည်း အကြိုက်ချင်းမတူကြဘူး။ မြတ်ကြည်ကငါးကြိုက်တယ်။ သူကငါးဆို အနံ့ခံလို့မရဘူး။ သူက လက်ဖက်ကြိုက်တယ်။ မြတ်ကြည်က လက်ဖက်ကို မြင်တာနဲ့ကြောက်တယ်။ ငါဒါကြိုက်လို့ နင်အဲဒါလိုက်ကြိုက်ရမယ်ဆိုတာတော့ မရှိပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်နဲ့ ပေးဆပ်ခြင်း၊ရယူခြင်းတွေထက်၊ နားလည်ခြင်းက အဓိကပါပဲ။ အဲဒါကြောင့်လည်း အခုထိမြဲနေတာပါ။ လူတစ်ယောက်နဲ့တစ်ယောက်မှ မတူတာလေနော်။
ReplyDeleteဘယ်လောက်အကြိုက်တွေ မတူပါစေ.. နားလည်မှုတခုရှိရင် အရာရာပြည့်စုံပါတယ်လေ..
ReplyDeleteနားလည်မှု မပေးနိုင်လို့ ဒီလိုဖြစ်ကြတာပေါ့..
ခုဆို ချစ်သူမရှိဘူးမလား.. အဲ့အနေအထားလေးတိုင်း ခဏနေကြည့်လိုက်.. လွတ်လွတ်လပ်လပ်ဘယ်လောက်မိုက်လဲ :D :D
လင်ခ့်ယူသွားပြီနော်... :D
ကိုထွဋ်၊ မဒမ်ကိုး၊ မြတ်ကြည်၊ Candy အားလုံးကျေးဇူးပါဗျာ။ ကျနော့်အတိတ်က အလွမ်းတွေ အတွက် လက်ကျန်လေးထားပါရစေ။ မနေတတ်မှာ ဆိုးလို့ပါ။
ReplyDelete