ချစ်တိုင်းလည်းမညား ညားတိုင်းလည်းမချစ်ဆိုတဲ့စကားပုံ
ကျနော်ကြားဖူးပါသည်။ ဒါပေမယ့် လက်တွေ့မှာတော့ တခါမှ မကြုံဖူး မဆုံဖူးတဲ့ ခံစားချက်ဆိုးကြီးဖြစ်ပါသည်။
အဟုတ်ပဲလေ..ကိုယ်တကယ်နှစ်နှစ်ကာကာ ချစ်ရတဲ့ ချစ်သူနဲ့ လွဲရတဲ့ဘဝ၊ အဲ့ဒါထက်ဆိုးတာက ကိုယ်မချစ်မနှစ်သက်တဲ့
လူနဲ့ အတူပေါင်းသင်း နေထိုင်ရတဲ့ဘဝ၊ ခေတ်စကားနဲ့ပြောရရင် ဖီးလ်မလာတဲ့ သူနဲ့ ဘယ်လိုပေါင်းရမလဲပေါ့ဗျာ။
ဒီလိုပါပဲ..ခံရခက်တဲ့ အဖြစ်အပျက်တွေဟာ ကျနော်တို့ လူ့ဘောင်မှာ ဝေဒနာဆိုတဲ့ အရာကို ဖန်တီးပေးနေကြတဲ့
အတိတ်အိပ်မက်ဆိုးကြီးတွေပါပဲ။
လွန်ခဲ့တဲ့ ၈နှစ်လောက်က ကျနော်နဲ့
ညီအစ်ကိုလိုနေတဲ့ သူငယ်ချင်းက ကောင်မလေးတစ်ယောက်ကို ကြိုက်တယ်။ အဲ့ဒီ ကောင်မလေးကလည်း
ကျနော်တို့ သူငယ်ချင်းတွေထဲကပါပဲ။ အစကတော့ ကျနော်တို့ သူငယ်ချင်းတွေ အုပ်စု ၂စု ကွဲသွားပြီး
တစ်ဖွဲ့က ဆော်သြရေးအဖွဲ့၊ တနည်းပြောရရင် အောင်သွယ်ပေးတဲ့အဖွဲ့။ သူငယ်ချင်း အချင်းချင်းကြိုက်သွားတော့
ကောင်းတာပေါ့၊ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲ ကိုယ်ဖိတ်ဆိုပြီး အားပေးကြတယ်။ ကျန်တဲ့အဖွဲ့ကတော့
အားမပေးတဲ့အဖွဲ့၊ အဖျက်သမားအဖွဲ့ပေါ့ဗျာ။ အဲ့ဒီ အဖျက်အဖွဲ့မှာ ကျနော်က ခေါင်းဆောင်။
သူငယ်ချင်း အချင်းချင်းကြိုက်တာ မကောင်းဘူး။ မစားကောင်းတဲ့ အသီးကို စားသလိုဖြစ်မယ်ပေါ့၊
ရေရှည်လက်တွဲ သွားနိုင်ရင်ကောင်းတယ်၊ မတော်လို့များ လက်တွဲ မခိုင်လို့ တယိမ်းတယိုင်
ဖြစ်သွားမယ်ဆိုရင် အချင်းချင်းတွေမို့ မျက်နှာပျက်စရာတွေဖြစ်မယ်ပေါ့ စသဖြင့် ပြောကြဆိုကြ
ဝေဖန်ကြ လေကန်ကြနဲ့ပဲ နောက်ဆုံး ကျနော့်သူငယ်ချင်းနဲ့ ကောင်မလေး ချစ်သူတွေဖြစ်သွားကြပါလေသတည်းပေါ့ဗျာ။
သြော်..သူတို့ချင်း ချစ်သူတွေဖြစ်သွားကြတော့လည်း
ကျနော်တို့က ဝမ်းသာကြပါတယ်။ မုဒိတာပွားပါတယ်။ ဒါမကောင်းတဲ့ အဖြစ်အပျက်မှ မဟုတ်ပဲ။ ချစ်တဲ့သူချင်း
လက်တွဲခွင့်ရကြတာ ကြည်နူးစရာပေါ့လေ။ ကျနော်တို့ သူငယ်ချင်းတွေအားလုံး ပျော်ကြရတယ်။
ဘယ်သွားသွား သူတို့စုံတွဲလေးကိုကြည့်ပြီး စကြ နောက်ကြလုပ်ရတာ ကျနော်တို့အဖွဲ့လေးရဲ
့ ယဉ်ကျေးမှုလိုကို ဖြစ်လာတော့တာပါပဲ။
ချစ်သူတွေဖြစ်ကြတဲ့ အချိန်မှာ
ဘဝလက်တွဲဖော်အဖြစ် တသက်လုံး သတ်မှတ်ပြီးပြီဆိုရင် အဓိကကျတဲ့ အချက်က တစ်ယောက်နဲ့တစ်ယောက်
အပြန်အလှန် နားလည်မှုရှိရေးပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် ယုံယုံကြည်ကြည် သစ္စာရှိရှိ မြဲမြံတဲ့မေတ္တာအိမ်ကလေးတစ်လုံးကို
တည်ဆောက်သွားကြရမှာလေ။ ကောင်လေးနဲ့ ကောင်မလေး၊ အမျိုးသားနဲ့အမျိုးသမီး၊ ဖိုနဲ့မဆိုတဲ့
ဝိသေသအောက်မှာ အချင်းချင်း တန်ဖိုးထားလေးစားပြီး အနာဂတ်ပန်းတိုင်ကို ချီတက်ကြရမှာလေ။
မတူညီတဲ့ ဘဝနှစ်ခုပေါင်းစပ်ဖို့ဆိုတာက
လွယ်တာမှတ်လို့။ အသွင်သဏ္ဍာန်မတူတာတွေကို တူအောင်၊ အမြင်မတူတာတွေကိုလည်း တူအောင် ညှိနှိုင်းတိုင်ပင်
ဆောင်ရွက်ကြရတာကိုးဗျ။
ကျနော့်သူငယ်ချင်းစုံတွဲကတော့
၂နှစ်ကြာ သမီးရည်းစားအဖြစ် လူသိရှင်ကြား တွဲခဲ့လာခဲ့ သွားခဲ့ပြီးကာမှ ဟော အခု တစ်ယောက်မျက်နှာ
တစ်ယောက်မကြည့်ချင်လောက်အောင်ကို ဖြစ်ကြရပြီ။ မစားကောင်းတဲ့အသီး စားပြီး အခုတော့ သူတို့
အဆိပ်တက်ကြပြီ။ အချစ်ကြီးလို့ အမျက်တွေကြီးခဲ့ကြပြီ။
ကျနော့်သူငယ်ချင်းက ကျနော့်ကို
ပြောတယ်။ သူ့အဖြစ်က ဟီယိုရှီးမားလိုပါပဲတဲ့။ အနုမြူဗုံး အကြဲခံလိုက်ရပါတယ်တဲ့။ ကောင်မလေးက
သူ့ကို အနုနည်းလေးနဲ့ ရက်စက်သွားပြီတဲ့။ အရွယ်အစားသေးပေမယ့် အားအလွန်ပြင်းတဲ့ ဗုံးဟာ
သူ့ခန္ဓာကိုယ် တစ်ခုလုံး ရစရာမရှိလောက်အောင် ကြေမွသွားခဲ့ရပါပြီတဲ့ဗျာ။
သူကအဲ့လိုပြောတော့ ကျနော်နည်းနည်းစဉ်းစားမိတယ်။
သူ့ဟာသူနေရင်းထိုင်ရင်းတော့ အနုမြူဗုံးထကြဲစရာအကြောင်းမရှိပါဘူး။ ဒီတော့ မင်းဘက်ကလည်း
တစ်ခုခု အမှားရှိလို့သာ ဖြစ်မှာပါပေါ့။ ပုလဲဆိပ်ကမ်းကိုသာ မတိုက်ခဲ့ဘူးဆိုရင် သူတို့လည်း
အဲ့လောက်လုပ်စရာအကြောင်းရှိမှာ မဟုတ်ပါဘူးလို့ ကျနော်ကပြန်ပြောရတယ်။ ကျနော့်သူငယ်ချင်းကတော့
အသည်းတွေကွဲရင်း အရက်တွေစွဲနေပြီပေါ့ဗျာ။
ဒါဟာ အစကတော့ ခပ်ပေါ့ပေါ့ပါပဲ။
ဘာမှ မဖြစ်စလောက် ကတောက်ကစလေးရယ်ပါ။ တယောက်နဲ့ တယောက် အခန့်မသင့်လို့ ညှိမရတာလေးတွေကနေ…အမှိုက်ကစ
ပြဿဒ်မီးလောင်ဆိုသလိုမျိုး ဖြစ်ခဲ့ရတာပါ။ ဒီလိုကိစ္စမျိုးကြတော့ ကျနော်တို့လည်း ဘယ်လို
ဝင်ကူလို့ရနိုင်ပါ့။ နှစ်ဦးနှစ်ဘက် ဘယ်သူမှားလို့ ဘယ်သူမှန်မှန်း ဘယ်သူသိနိုင်မှာတဲ့လဲ။
ကျနော့်သူငယ်ချင်းကတော့ အချစ်ကို
နတ်ဘုရားလိုကိုးကွယ်၊ သံယောဇဉ် အမျှင်တန်းတွေ ရစ်ပတ်နွယ်လို့ ချစ်လျက်နဲ့ မပစ်ရက်ဖြစ်နေခဲ့တာပေါ့။
ပစ်ရမှာလည်း အဆီတဝင်းဝင်း စားရမှာလည်း သဲတရှပ်ရှပ်ဖြစ်နေရှာတာပေါ့။ ကောင်မလေးဘက်ကတော့
ဘယ်လိုနေသလဲ မသိပေမယ့် ကျနော်တို့ ယောက်ကျားလေးတွေချင်းကျတော့ ဘီယာဆိုင်ထိုင်လို့ ရင်ဖွင့်ရင်း
နားလည်ပေးနိုင်တာဆိုလည်း အင်းပေါ့၊ နားမလည်နိုင်တာဆိုလည်း မဟုတ်သေးပါဘူးပေါ့၊ ဒါကတော့
ဖြစ်သင့်လို့ဖြစ်တာ၊ ဟိုဟာကတော့ မဖြစ်သင့်ပဲ ဖြစ်တာ စသဖြင့်တော့ တိုင်ပင်ဖြစ်ကြသေးတာပါပဲ။
ဘယ်လောက်ပဲ ချစ်ပါတယ်ပြောပြော၊
ဖူးစာကံရွာလည်မှ ပေါင်းကြရမှာ မဟုတ်လား။ ကျနော့်သူငယ်ချင်း အဖြစ်က သူပြောသလိုပါပဲ။
ဟီရိုရှီးမားဖြစ်ခဲ့ပါပြီ။ အသည်းနှလုံးတွေ အစိတ်စိတ် အမွှာမွှာ ကွဲကြေခဲ့ရပါပြီ။ နာတာရှည်
ဝေဒနာတစ်ခု သေရာပါသွားတော့မှာပါ။ ကောင်မလေးဘက်က ဘယ်လိုမှ ပြန်လည်လက်ခံစရာ အကြောင်းမရှိတော့တဲ့
အခြေအနေတရပ်ကို သိလိုက်ရပြီးတဲ့နောက်မှာတော့ ကျနော့်သူငယ်ချင်းဟာ အေးချမ်းမေဖြစ်ခဲ့ရပြန်ပါတယ်။
တစ်စစီကျိုးပဲ့ သွားပါပြီ။
တစ်နေ့သော ညနေခင်းတွင် ကျနော်နဲ့
သူငယ်ချင်း တွေ့ဖို့ ချိန်းကြသည်။ ထုံးစံအတိုင်း ဘီယာဆိုင်မှာပေါ့။ သောက်ရင်းပြောရင်း
နည်းနည်း အရှိန်ရလာတော့မှ ကျနော့်သူငယ်ချင်းက ကျနော့်ကို သူ့အိတ်ထဲမှာ အသင့်ပြင်ဆင်လာပြီး
ဖြစ်တဲ့ စာအိတ်လေး တစ်အိတ် ထုတ်ပေးတယ်။ ပြီးတော့ သူကပြောတယ်။ ငါ ဒီစာအိတ်လေးကို ဟိုတစ်ယောက်ဆီ
ပို့ချင်တယ်ရမလားလို့မေးတယ်။ ကျနော်က ဘာစာအိတ်လဲပေါ့၊ ဘယ်သူ့ဆီပို့မှာလဲလို့ပြန်မေးတော့
ကျနော့်သူငယ်ချင်းက စာအိတ်ပေါ်မှာရေးထားတဲ့ လိပ်စာကို လက်ညှိုးထိုးပြတယ်။ ကျနော် မသိတဲ့
လူတစ်ယောက်နာမည်နဲ့ လိပ်စာ။ သူက ဖြစ်နိုင်ရင် အဲ့ဒါလေးငါ့ကို စာတိုက်ကပို့ပေးပါလို့ပြောတာနဲ့
ကျနော်လည်း အေးပေါ့။ သူ့မိတ်ဆွေတစ်ယောက်ယောက်ဆီ စာပို့တာပဲဖြစ်မှာပါလို့ ခပ်ရိုးရိုးလေးတွေးပြီး
အိတ်ထဲထည့်သိမ်းထားလိုက်တယ်။
ဒီလိုနဲ့ ကျနော်တို့ သူငယ်ချင်းနှစ်ယောက်
လမ်းခွဲကြတယ်။ နောက်နေ့ စာထည့်ဖို့ စာတိုက်ကိုရောက်တယ်။ စာတိုက်ရောက်တော့မှ စာအိတ်ကမပိတ်ရသေးတာတွေ့လို့
အထဲကစာရွက်ခေါက်လေးကိုသေချာ ပြန်ပြင်ထည့်ပေးမယ်ဆိုပြီး ထုတ်ကြည့်လိုက်တော့ စာရွက်လေးထဲမှာ
ရေးထားတာ ကဗျာတစ်ပုဒ်ဖြစ်နေတာသိလိုက်ရသည်။ ကျနော်လည်း စပ်စုချင်ခြင်းများစွာဖြင့် ထိုကဗျာလေးကိုဖတ်ကြည့်မိလိုက်သည်။
“ကျွန်ုပ်အား တရားဝင်စိန်မခေါ်ပဲ
ရာထူး ညာဖြောင့်လက်သီးတစ်လုံးဖြင့်
အလစ်ကိုထိုးနှက်ပြီး
ဒိုင်ပွဲရပ်ဖြင့်
မတရားအနိုင်ယူသွားခဲ့သော
လူကြီးမင်း ဒုတိယလူ…သို့။
သင်သည် အချစ်ကို စိုက်ကြည့်သောအခါ
အချစ်၏ မျက်လုံးသူငယ်အိမ်ထဲတွင်
သင် နားမလည်သော အဓိပ္ပာယ်များ
ရှိနေပါလိမ့်မည်။
သင်က အချစ်ကို ယုယရန်
ကြိုးစားသောအခါ
အချစ်သည် တဖက်သို့လှည့်၍
သင်မမြင်အောင် ပြုံးပါလိမ့်မည်။
သင်က အချစ်ကို နမ်းသောအခါ
သင့်နှုတ်ခမ်းနှင့်
အချစ်နှုတ်ခမ်းတို့ အကြားတွင်
လေဟာနယ်တစ်ခု ဖြစ်ပေါ်၍
နေပါလိမ့်မည်။
အချစ်၏ လက်ဝဲဘက် ရင်အုံကို
ဓါတ်မှန်ရိုက်ကြည့်ခဲ့လျှင်
အချစ်၏ နှလုံးသားထဲ၌
ဝှက်ထားသည့်
ပြုံးနေသော ကျွန်ုပ်၏
ဓါတ်ပုံလေးကို
သင်အံ့သြစွာ တွေ့ရပါလိမ့်မည်။
အို…မိတ်ဆွေကြီး ဒုတိယလူ…
ချန်ပီယံ သရဖူကို
ဆွတ်ခူးခဲ့သော်လည်း
စံချိန်သစ်တင်နိုင်သူ
မဟုတ်သော သင်သည်
မြစ်ရေအလျင်နှင့်
အပြေးပြိုင်နေသော
သတ္တဝါကလေးသာ
ဖြစ်ပါတော့သည်တကား။”
ထို ကဗျာသည် ဆရာမင်းလူ၏
“ကျွန်ုပ်ရဲ့  လက်တုံ့ပြန်ခြင်း” ဆိုသော ကဗျာဖြစ်သည်။ ကျနော်ပင် ထိုကဗျာကို ဖတ်လိုက်ရလျှင်ရခြင်း ကောင်းကောင်းခံစားမိသည်။ ပြီးတော့ ကျနော့်သူငယ်ချင်းရဲ
့ ခံစားချက်ကိုလည်း တော်တော်စာနာမိလိုက်သည်။ အချစ်ဆိုတာလည်း တစ်ခါတစ်ခါ နားလည်ရခက်တဲ့
ကဗျာ၊ အဖြေရှာမရတဲ့ ပုစ္ဆာပါပဲလား။
အပါ
၁၆-၁၂-၁၁
ဒီ အကြောင်း တွေ ကို သေချာ သိရအောင်လို့ ငါပြန်လာရင်တော့ မင်းတို့ကိုတဝိုင်းပေးမှဖြစ်တော့မယ်။
ReplyDeleteနှစ်ဝိုင်းပေးရမယ် stephen ဘာလို့လဲဆိုတော့ တစ်ဝိုင်းက ဒီဇာတ်လမ်းအတွက်၊ နောက်တစ်ဝိုင်းက မောင်ရင့် ဘက်ချလာနိုက်အတွက်...ok?
ReplyDeleteမှတ်မိနေခဲ့တာတော့..M3Food မှာ သီချင်းဆိုတုန်းက.."နောက်လူရင်မှာပျော်နိုင်မှာပါ..ငါ့နားမလာနဲ့တော့.. ဒီလိုပြောတာ မချစ်လို့ မဟုတ်ဘူးကွာ" ဆိုတဲ့ သီချင်းလေးကို လည်ချောင်းရိုးထောင်လောက်နီးပါး ဆိုခဲ့တဲ့ သူငယ်ချင်းလေး ..
ReplyDeleteအခုတော့ Rဇာနည်သီချင်းကို ပြောင်းဆိုသင့်ပြီ.. "နောက်ထပ်လာချင်လာပါ.. မထူးဆန်းတော့ပါ..နှလုံးသားထဲမှာ .. ဒီဒဏ်ရာတွေဟာ..၀ဋ်ရှိလို့သာ ခံစားခဲ့ရတာ .. ဘယ်သူ့ကိုမှလည်း အပြစ်မတင်ရက်တော့ပါ"
သူငယ်ချင်းလေး..ပျော်ရွှင်နိုင်ပါစေကွယ်..
stephen တစ်ဝိုင်းပေးတဲ့နေ့ ကော်ဖီနဲ့မှတ်စုလေးလည်း လာခဲ့လေ...သတင်းအစုံအလင်မှာ....ဒန်ဒန့်ဒံ..
ReplyDelete