Thursday, February 16, 2012

ရင်ထဲက သင်္ကြန် (အပိုင်း - ၁)



"နွေတန်ခူးမို့ လေရူးကပွေ
ပန်းပိတောက်တွေ ပင်ယံထက်
ပွင့်ထွက်လို့ဝေ။
သင်္ကြန်ရေ စိုရုံကာပက်ဖျန်း
မာစေ သာစေကြောင်းနဲ့
တောင်းဆုပန်ခြွေ။"


ဤသင်္ကြန်ဇာတ်လမ်းအား ဝေဝေဆာဆာ ဖြစ်စေရန်အလို့ငှာ ကျွန်ုပ်ရောင်းရင်းများ၊ မိသားစုဝင်များ၊ ပတ်သက်ဆက်နွယ်နေသူများနှင့် သူငယ်ချင်းများ၏ အမည်များအား အမှန်တိုင်းဖော်ပြ၍ စိတ်ကူး ကွန့်မြူးထားခြင်းဖြစ်ရာ စာဖတ်သူများအနေဖြင့် ဇာတ်လမ်းသဘောတရားအတိုင်းသာ နားလည် ဖတ်ရှူပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ် ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာစေလိုသောဆန္ဒ စိုးစဉ်းမျှ မရှိပါကြောင်း၊ အမှားအယွင်းများနှင့် မသင့်တော်ရာများ ပါဝင်ခဲ့ပါက စာရေးသူ ကျွန်ုပ်၏ အမှားသာဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
ဤဇာတ်လမ်းတွင် ထည့်သွင်းရေးသားထားသော သူငယ်ချင်းများအားလုံးကို ကြိုတင်ခွင့်ပြုချက်မယူပဲ ဖော်ပြလိုက်သည့်အတွက် ခွင့်လွှတ်ပေးပါရန် ထပ်မံတောင်းပန်အပ်ပါသည်။
စာဖတ်သူများအနေဖြင့် အစ မှ အဆုံးတိုင် အစဉ်လိုက် ဖတ်ရှုသွားခြင်းဖြင့် အပျင်းပြေကြမည်ဆိုပါက ကျွန်ုပ်ရေးရကျိုးနပ်ပါသည်။

လေးစားချစ်ခင်စွာဖြင့်
အပါ
***************************

အပိုင်း (၁)
င်္ကြန်နားနီးတော့ သင်္ကြန်သီချင်းတွေတောင် ကြားနေရပြီ။ ကျနော့်ရုံးခန်း ပြတင်းပေါက်ကနေလှန်းကြည့်လိုက်ရင် ပိတောက်ပင်ကြီး သုံးပင်ကို တွေ့နေရသည်။ အရိပ်ကောင်းကောင်းရသော ထိုပိတောက်ပင်ကြီးများအောက်တွင် taxi ကားဂိတ်ရှိသည်။ ဘီယာဆိုင်ရှိသည်။ ထမင်းဆိုင်လည်းရှိသည်။ တခါတခါ ထီရောင်းတဲ့ကားတွေ ရပ်ပြီး အနားယူအပမ်း ဖြေကြသည်။ သင်္ကြန်နီးပြီဆိုတော့ သင်္ကြန်သီချင်းတွေကို ဖွင့်ထားကြသဖြင့် သင်္ကြန်သီချင်းများကို ကြားကြားနေရသည်။ ထီကားအများစုက ခေတ်သစ်သင်္ကြန်သီချင်းများကို ဝူဖာကောင်းကောင်း စောင်းဘောက်စ်ကောင်းကောင်းနဲ့ အားကုန် ဖွင့်တတ်ကြသော်လည်း မိုးယံရွှေလမင်းရဲ့ထီကားကလေး လာရင်တော့ ဆရာမြို့မငြိမ်းတို့အဉ္စလီမောင်မောင်တို့ရဲ့ မူလလက်ဟောင်း သင်္ကြန်တေးသီချင်းများကို သာသာလေးဖွင့်တတ်သည်။ ထို့ကြောင့် ထိုကားလာပြီဆိုလျှင် ကျနော်သည် အဲယားကွန်းကိုပိတ်ပြီး ပြတင်းတံခါးဖွင့်ကာ ထီကားမှဖွင့်သော သီချင်းများကိုနားထောင်မိသည်။

“အချိန်တန် ဂိမာန် နွေဦးမယ် မငြှိုးတမ်း တောင်ပြန် လေမြူးတယ်…အချိန်ခါဝေဆာ ပွင့်အလှထူးတဲ့ အို ပိတောက်ဖူးရယ်…

သင်္ကြန်ရေအေး အေးမြကြည်တယ် လေးနှမနဲ့ ကျီစယ်လို့ရယ်….အတာရေအေး အေးမြကြည်တယ် …အပြုံးနဲ့ ကြိုကွယ်… မေရယ်…”

သီချင်းကို ခံစားလို့ကောင်းနေတုန်း ဟမ်းဖုန်းမြည်လာသည်။

“ဟဲလို…အမိန့်ရှိပါ။”

“ဟေ့…အပါ…ငါပါကွ…သူရစိုးပါ။”

“ဟာ သူငယ်ချင်းပြော…မင်းနေကောင်းလား။ သားကြီးရော..ကေခိုင်ရော…ဘယ်လိုလဲ အဆင်ပြေကြတယ်မလား။”

“အေး…အဆင်ပြေပါတယ်ကွာ…မင်းကလည်း မေးလိုက်တာ တစ်ခုချင်းမေးပါကွာ။ ငါလည်း မင်းကို သတိရလို့ ဖုန်းဆက် လိုက်တာ။”

“ငါလည်း…သတိရနေတာ။ မင်းသိတဲ့အတိုင်းပဲ…သတိရတာ စိတ်ပဲရှိတယ်။ လူက အားတယ်ကို မရှိတော့ အွန်လိုင်းလဲ မသုံးဖြစ်ဘူးကွာ။”

စင်ကာပူမှ သူငယ်ချင်းဖြစ်သူ သူရစိုးကြီးဆီမှ ဖုန်းဝင်လာခြင်းဖြစ်သည်။

“ဒီလိုကွ သူငယ်ချင်းရ။ ငါ့သား မင်းတူ ရိန်း သင်္ကြန်ပြန်လာလည်ချင်တယ်ဆိုလို့ကွာ အဲ့ဒါ ရန်ကုန်မှာကလည်း စိတ်ချလက်ချ လွှတ်စရာဆိုလို့ မင်းဆီပဲရှိတာ”

“အေး…ဒါပေါ့ကွ..လွှတ်လိုက်…ဘာမှ မပူနဲ့။ စိတ်ချ။ ငါခေါ်ထားမယ်။ ပျော်သလောက်နေပြီးမှ ပြန်ပါစေပေါ့။”

“ဟုတ်ပါတယ်။ သူ့အဒေါ်တွေအိမ်ဆိုလည်း သိတဲ့အတိုင်း ဒီကောင်က နေတတ်မှာ မဟုတ်ဘူး။ မင်း တူက စင်ကာပူးရီးရမ်း ဖြစ်နေပြီဆိုတော့ ဂျီးကခပ်များများ။ ပြီးတော့ ကွန်ပလိန်းကလဲ များသေးတယ်ကွ။ မင်းအိမ်မှာ တည်းခိုင်းမှပဲ အဆင်ပြေမယ် သူငယ်ချင်း။”

“ရပါတယ်ဆိုကွာ။ ကဲပြော။ ဘယ်နေ့ပြန်လာမှာလဲ။ ငါကိုယ်တိုင် လေဆိပ်မှာ သွားကြိုပြီး အိမ်ခေါ်သွားမယ်။”
“မနက်ဖြန်ညနေရောက်လိမ့်မယ်။ ငါစိတ်ချမယ်သူငယ်ချင်း။”

နောက်နေ့ ကျနော် လေဆိပ်မှာ သူရစိုးသား ရိန်းကို သွားကြိုဖြစ်သည်။ ဒီကောင်က ကျနော်တို့လက်ပေါ်မှာ  လူဖြစ် လာတဲ့ကောင်။ သူ့မိဘတွေနဲ့ ကျနော်က သူငယ်ချင်းတွေ။ ကျောင်းတွေပြီးလို့ ဘွဲ့တွေ မယူခင်ပဲ စင်ကာပူကို ထွက်ခဲ့ကြတော့ လည်းအတူတူ။ မရှိအတူ ရှိအတူ ဘဝတူတွေနဲ့ စင်ကာပူမှာ အလုပ်လုပ်ရင်း အတူတူနေခဲ့ကြတာ နှစ်ပေါင်းမနည်းဘူး။ နောက်တော့ ကျနော်အပါအဝင် သူငယ်ချင်းတစ်ချို့ က မြန်မာပြည်အပြီး ပြန်လာကြတယ်။ သူရစိုးတို့ မိသားစုက ကျန်ခဲ့တယ်။
ကျနော်လေဆိပ်ခန်းမထဲက စောင့်နေတုန်း ဘောင်းဘီအတို အကျီင်္လက်ပြတ် ဝေါကင်းရှူးနဲ့ နေကာမျက်မှန်ကြီးကို ဟန်ကျပန်ကျ တက်လာတဲ့ ဖြူဖပ်ဖြူရော် ဗိုလ်ကပြားရုပ်လေးနဲ့ ချာတိတ်ထွက်လာသည်။

ကျနော့်ကိုတွေ့တွေ့ချင်း သူ့လက်ထဲမှ အထုပ်ကိုပစ်ချပြီး ပြေးလာသည်။

“ဟိုင်း…ဦးပါ..Long time no see, I very missing you. You are still smart.”

ရိန်းက နိုင်ငံခြားမှာမွေး နိုင်ငံခြားမှာကြီးပြင်း အဲ့ဒီမှာပဲ ကျောင်းတက်တဲ့သူဆိုတော့ အင်္ဂလိပ်စကားကို ယဉ်ပါးနေတာ မဆန်းပါဘူး။ ဒါပေမယ့် ပတ်ဝန်းကျင်က လူတွေကတော့ ကျနော့်ကို ကွက်ကြည့် ကွက်ကြည့်။ ဖော်ရိန်နာချာတိတ်လေးနဲ့ ဘယ်လိုများ ပတ်သတ်နေပါလိမ့်ဆိုတဲ့ အတွေးတွေနဲ့။ ဒီကောင်ပုံကလည်း ဖော်ရိန်နာပုံပေါက်နေတာကိုး။

“Me too, Rane. Ohh..now you look like your Dad. Ummmm…you also become a handsome boy. So you need to be careful about the girls, they will surely like you… dude.”

“U Par, guess here, do you know what is it inside?”

“What a suprise?”

ကျနော်က မသိသလိုနဲ့ ပြောလိုက်တော့ ရိန်းကသဘောကျသည်။ တကယ်တော့ သူဘာဝယ်လာမလဲဆိုတာ ကျနော် ပြေးကြည့်တာထက် တွေးကြည့်ရုံနဲ့ သိသည်။ ကျနော့်အတွက် အကြိုက်ဖြစ်စေမယ့် BlueLabel.

“Blue Label!!!! do you like it?”

“Yeah…thanks Rane, မင်းတကယ်တော်တဲ့ကောင်ပဲကွာ”

“ရပါတယ် ဦးပါရယ်။ သားက ဦးပါ ဘာကြိုက်တယ်ဆိုတာ သိပြီးသားပါ။”

ကျနော်တို့နှစ်ယောက် လေဆိပ်မှ အိမ်ပြန်လာခဲ့ကြသည်။ လမ်းတစ်လျှောက် ပြောင်းလဲနေသော မြင်ကွင်းများကို ကြည့်ပြီး ရိန်းတစ်ယောက် အံ့အားသင့်နေသည်။

“တော်တော်ကြီး ပြောင်းလဲသွားပြီနော် ဦးပါ။ သားဒီကို ၁၀နှစ်သားလောက်က နောက်ဆုံးရောက်ဖူးတယ်။ အဲ့ဒီတုန်းက ဒီလောက်မဟုတ်သေးဘူးနော်။”

“ဒါပေါ့ သားရာ…တဖြည်းဖြည်းချင်းတော့ တိုးတက်လာတာပေါ့။ အခုဆို သားပဲ အသက်၂၀ လူပျိုကြီးဖြစ်နေပြီပဲ။ အရာရာ ဟာ ပြောင်းလဲနေတာပဲသား…အရင်က ရန်ကုန်မြို့ ကြီးနဲ့ အခုရန်ကုန် သားပဲယှဉ်ကြည့်ဦး။ မနက်ဖြန်ကျရင် သားကို MRT နဲ့ ရွှေတိဂုံဘုရားကို လိုက်ပို့မယ်။”

“ဒီကMRT တွေက စင်ကာပူကလောက်ကောင်းပါ့မလား ဦးပါ။ သားတို့တော့ သတင်းတွေထဲမှာ ကြည့်ရတာ ရန်ကုန်ကလူတွေ ရထားတောင်ကောင်းကောင်း မစီးတတ်ကြသေးဘူးဆို။”

“ဒါကတော့ကွာ…ဦးတို့လူမျိုးတွေက တသက်လုံး မြို့ပတ်ရထားစီး၊ လိုင်းကားတိုးစီးပြီး စပယ်ယာနဲ့မှ စီးလာကြတာကိုး။ အခုတော့ အီလက်ထရောနစ်စနစ်တွေနဲ့ အီးစလင့်ကတ်တွေသုံးပြီး စီးကြရတော့ နဲနဲတော့ အခက်ဖြစ်တာပေါ့။ ဒါအထင်သေး စရာမဟုတ်ဘူး။ လူဆိုတာ သင်ရင်တတ်ပါတယ်ကွာ။ ဦးတို့ မင်းအဖေတို့တွေ စင်ကာပူစရောက်ခါစကလည်း ဒီလိုပဲလေ။ မစီးတတ်ကြဘူး။ အလွဲလွဲ အမှားမှားတွေပေါ့။”

“မင်းအဖေဆို SBS Transit ကဂိတ်ဆုံးဝင်လာတဲ့ ကား ပါကင်ထိုးဖို့သွားတဲ့နောက်လိုက်ပြီး ဟိုးထားဟိုးထားနဲ့ ပြေးလိုက်ဖူးတယ်ကွ။ ပြီးတော့ ဦးတရုတ်ကြီးဆို လေဆိပ်ကဆင်းဆင်းချင်း သူ့အိမ်ကို ဖုန်းဆက်တာ…ဦးပါတို့က taxi နဲ့သွားကြိုကြတော့ သူက ကားမှန်ကိုချချပြီး ခေါင်းလေးပြူထွက်ရင်း ကြားလားကြားလားနဲ့ ရန်ကုန်ကို ဖုန်းခေါ်တာ taxi မောင်းတဲ့လူက ညီလေးရေ…ဒါစင်ကာပူ ကားထဲကနေ ထိုင်ပြီး အေးဆေးပြောလည်းလိုင်းမိတယ်ဆိုမှ သူရှက်ကိုးရှက်ကန်း ဖြစ်သွားတာ။ အဲ့ဒါမျိုးတွေပေါ့ကွာ။ ဦးပါတို့ အဖွဲ့တွေ တအားရယ်ရတာ။ အတွေ့အကြုံတွေကလည်း အများကြီးပဲ။ သားကို အေးဆေးပြောပြတာပေါ့ကွာ။”

ပြောရင်းဆိုရင်း ကျနော်တို့ အိမ်ရောက်ကြပြီ။ အိမ်ရှေ့မှာ အသင့်စောင့်နေသော တပည့်ဖြစ်သူ ကိုဌေးက ခြံတံခါး ဖွင့်ပေးပြီး ကားပေါ်ကမဆင်းခင် ကားတံခါး လာဖွင့် ပေးသည်။

“ကဲ..သားရိန်း။ ဘာမှ အားမနာနဲ့ ဒါဦးပါအိမ်။ သားနဲ့ဒီက လူတွေနဲ့မိတ်ဆက်ပေးမယ်..လာ။”
ကျနော်တို့ ဧည့်ခန်းထဲရောက်တော့ ကိုဌေးကို လူစုဖို့ခေါ်ခိုင်းလိုက်သည်။

“ကဲ..အားလုံးပဲ။ ဒါ ကျနော့်ရဲ့တူတော်မောင်။ နာမည်က ရိန်းတဲ့။ စင်ကာပူမှာနေတာ။ ဒီနှစ် သင်္ကြန်လည်ဖို့ ရောက်လာတာ။ သူဘာပဲလိုလို အဆင်ပြေအောင် လုပ်ပေးလိုက်ကြ။ ပြီးတော့ မနု တလက်စတည်းမှာထားမယ်။ ငါးဟင်းတွေ ငါးပိရည်တွေ ထမင်းဝိုင်းပေါ်မတင်နဲ့တော့။ ဒီကောင်ကြီးက အဲ့ဒါတွေမစားဘူး။ သြော်…ကိုလှခိုင်..တကယ်လို့ ကျနော်မအားရင် ရိန်းအပြင်သွားချင်တယ် ဘာတယ်ဆိုရင် Mark ll ယူသွားပြီး လိုက်ပို့ပေးလိုက်ကြားလား။”

အားလုံးနဲ့ပြောဆိုပြီးတော့ ရိန်းနေမယ့် အခန်းလိုက်ပြသည်။

“ဦးပါ…ဘဘတို့ရော မတွေ့ပါလား”

“အေးကွ ဘဘရော ကြီးကြီးရော အန်တီရော သင်္ကြန်ဆိုတရားစခန်းဝင်ကြတယ်လေ…ဦးပါတို့ရဲ့ ဆရာတော်က စစ်ကိုင်းမှာ တရားစခန်းပွဲသွားလုပ်လို့ လိုက်ဝင်ကြဆိုတာနဲ့ သားအမိသားအဖ ၃ယောက်လုံးပါသွားကြတာ။ ဦးပါ လိုက်ပို့ပေးပြီး တစ်နေ့ကမှ ပြန်လာတာ”

ရိန်းကို အခန်းထဲထိလိုက်ပို့ရင်း လွတ်လွတ်လပ်လပ်နေဖို့ပြောဆိုကာ ကျနော်လည်း ရေမိုးချိုးအနားယူဖြစ်သည်။
ည၇နာရီလောက်ကျမှ ညစာစားဖို့ ထွက်လာကြသည်။ အင်းယားလမ်းထိပ်က GoldenVilla ဟိုတယ် ၃၇လွှာမှာရှိတဲ့  ရွှေဘဲ စားတော်ဆက်သို့ ထွက်ခဲ့ ကြသည်။

“ဒီတိုက်ကြီးတွေက ဆောက်လိုက်တာ မြန်တယ်နော်ဦးပါ။”

“အေးပေါ့ကွ။ မင်းတို့ စလုံးမှာပဲ မိုးမျှော်တိုက်ကြီးတွေရှိတာ မဟုတ်ပါဘူးကွာ။ ဦးပါတို့ဆီမှာလည်း ရှိပါတယ်။”

ထိုစဉ် ဟမ်းဖုန်းမြည်လာလို့ ကြည့်လိုက်တော့ ဇာနည်ထက်ဖြစ်နေသည်။

“ပြော သူငယ်ချင်း မင်းတို့ ဘယ်နားရောက်နေပြီလဲ”

“ငါတို့ အခုမှ ထွက်လာမှာ ငရဲတို့လင်မယားရော ဘယ်အချိန်ရောက်မယ်ပြောလဲ”

“အားလုံးကိုတော့ ၈နာရီချိန်းထားတာပဲ။”

“အေး..ငါတို့ ၁၅မိနစ်လောက်နေရင်ရောက်ပြီ”

ကျနော် ဖုန်းချလိုက်တော့ ရိန်းကမေးသည်။
“ဘယ်သူတွေလာဦးမှာလဲ ဦးပါ”

“ဦးဇာနည်တို့သားအမိသားအဖ ၃ယောက်ရယ်၊ ဦးရဲလင်းဇော်တို့ လင်မယားရယ်။ ပြီးတော့ အရမ်း ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ရယ်။”

“ဟင်..အရမ်းချစ်စရာကောင်းတဲ့ ကောင်မလေး ဟုတ်လား။ ဘယ်သူလဲဦးပါ သားသိလား။”

“သားသိတဲ့ထဲကပဲ”

“ဘယ်သူလဲ…လာနောက်နေပြန်ပြီ။ သားကို မစားနဲ့နော်”

“သြော်…ဦးပါက သားကို နောက်ပါ့မလား။ ကိုယ့်တူလေးနဲ့ သင့်တော်မယ်ထင်လို့ ဦးပါက တကူးတကဖိတ်ထားရတာ။ ကောင်မလေးက ခေသူမဟုတ်ဘူးနော် ကိုယ့်လူ။ မော်ဒယ်လ်ဂဲလေး။”

“ဦးပါ…မဟုတ်ကဟုတ်ကတွေ လျှောက်စီစဉ်ထားတာလား သားသိတယ်နော်။ ဒယ်ဒီနဲ့မာမီသိရင် မလွယ်ဘူး။”

“အောင်မလေး…ကိုလူပျို…တွေးလိုက်တာဘယ်ထိရောက်သွားတာလဲကွ…ဦးပါက မင်းကို ဒါမျိုးစီစဉ်ပေးပါ့ မလားဟ။ ကဲ ရောက်တော့မယ်။ ဟိုရောက်မှ ဆက်ပြောကြတာပေါ့။”

ကျနော်တို့နှစ်ယောက် GoldenVilla Hotel ရဲ့ ၃၇ထပ်မြောက်ကို ဓါတ်လှေခါးနဲ့တက်ခဲ့ကြသည်။
“ဥင်္ီးပါ..ဒီဟိုတယ်ကြီးက ဘယ်နှစ်ထပ်လဲဟင်”

“၄၈ထပ်ရှိတယ်…ဒါရန်ကုန်မြို့ မှာ ပထမဆုံးစဆောက်တဲ့ အထပ်အမြင့်ဆုံး ဟိုတယ်ပဲ။ အခုတော့ သူ့ထပ်မြင့်တာတွေ ပေါ်လာပါပြီကွာ။ မနက်ဖြန်သားကို ရန်ကုန်တင်မကဘူး..အရှေ့တောင်အာရှမှာပါ အမြင့်ဆုံးဖြစ်တဲ့ နိုင်ငံတကာကုန်သွယ်ရေး ဗဟိုဌာန ITC အဆောက်အဦးပေါ် လိုက်ပို့မယ်။”

“အင်း…ကောင်းတယ်။ အဲ့ဒါကရော ဘယ်နှစ်ထပ်လဲ။”

“၁၈၆ထပ်မြင့်တယ်။ သား မလေးရှား KL က ပက်ထရိုးနက်စ်တာဝါရောက်ဖူးတယ်မလား။ အဲ့ဒီလို ဒီဇိုင်းမျိုးပဲ။ ဒါပေမယ့် သူ့ထက်မြင့်တယ်။ အထပ်၁၂၀မှာ ပေါင်းကူးတံတားရှိတယ်။ ပက်ထရိုးနက်စ်ကမှ ၄၄လွှာမှာပဲရှိတာကွ၊ ဦးပါတို့ အိုင်တီစီအပေါ်ကို တက်ချင်ရင် မနက်၇နာရီဆို လက်မှတ်အလကားဝေတယ်။ နိုင်ငံခြားသားတွေဆို တအားလာလည်ကြတာ။ မနက်၉နာရီလောက်ဆို လက်မှတ်ကုန်ပြီ။ တနေ့ကို လူ ၃၀၀ ပဲ ပေးတက်တယ်သားရဲ့ ။”

“အဆောက်အအုံက ခိုင်ရဲ့ လား။ တော်ကြာ…”

“ဦးပါတို့ဆောက်တာ မဟုတ်ဘူးလေ။ ဒါ အမေရိကန်က ရှယ်ယာလာလုပ်ပြီး ပြင်သစ် အာခီတက်တွေနဲ့ ဒီဇိုင်းဆွဲပြီး အားလုံးပူးပေါင်းဆောက်ကြတာ။ ၅နှစ်ကြာတယ်။”

“အင်း…ဒါဆို သားတို့မနက်အစောကြီးထပြီး တန်းစီရမှာပေါ့နော်။”

“မလိုပါဘူး။ ဦးပါက စီးပွားရေးလုပ်ငန်းရှင်များအသင်းမှာ ပါတယ်လေ။ အချိန်မရွေးဖုန်းဆက်ပြီး လက်မှတ် လုပ်ခိုင်းလို့ ရတယ်။”

ကျနော်တို့ ရွှေဘဲစားတော်ဆက်ထဲရောက်တော့ ငရဲတို့ လင်မယားကရောက်နေကြပြီ။ ရိန်းကို တွေ့တော့ ငရဲက
“ဟာ…သူရစိုးပေါက်စပဲကွ…ငါတို့ရေကြောင်းစတက်တုန်းက မင်းအဖေရုပ်နဲ့ တပုံစံထဲပဲကွ…ရိန်းက အသားဖြူတော့ ပိုချောသွားတယ်။”

“ဦးရဲ …မတွေ့တာကြာပြီနော်။ ဟိုတခေါက် သဘောင်္ဆင်းတော့ အိမ်ကိုဝင်လာပြီးတည်းက မတွေ့တော့တာနော်”

“အေးလေ။ ဦးလည်း ပြန်တက်မယ် တက်မယ်နဲ့ မတက်ဖြစ်သေးတာ။ မင်းအမေရော…အရင်လိုပဲဖက်တီးကြီးပဲမလား”

“ဟုတ်တယ်…မာမီကို ဝိတ်ချပါလို့ပြောလည်း မရဘူး။ အဆီအစိမ့် အရမ်းကြိုက်တာ”

“အေးကွာ…ဒီမှာ လာမယ်တစ်ယောက်…မင်းအန်တီမိုးလဲ အရမ်းအဆီစားတယ်။ မကြာခင် မင်းအမေကေခိုင်လို ဖက်တီးမကြီး ဖြစ်လာတော့မှာ”
ငရဲစကားကြောင့် ကျနော်တို့အားလုံးရယ်လိုက်ကြသည်။


ထိုစဉ် ဇာနည်တို့မိသားစုရောက်လာကြသည်။
“ဟာ…လာပါပြီဗျာ။ Celebrities Family” ဟု ငရဲကလှန်းပြောလိုက်သည်။

ဟုတ်ပါသည်။ ဇာနည်ထက်တို့မိသားစုက အမြဲတမ်း အပျံအလန်စားတွေဝတ်တတ်ကြသည်။ အကောင်းဆုံးတွေပဲ သုံးတတ်ကြသည်။ နောက်ဆုံးပေါ်ပစ္စည်းများနဲ့ အဆက်မပြတ်ရှိသောကြောင့် သူတို့မိသားစုကို celebrities’ မိသားစုလို့ တင်စားခေါ်ဝေါ်ကြရသည်။

“ရိန်း…လူကောင်ကြီးကို ထွားလာလိုက်တာ ကြည့်ဦး။ အန်တီတို့ကို မှတ်မိလား။”

တုံတုံက ရိန်းကိုကြည့်ပြီး ပြောသည်။

“မှတ်မိပါတယ် တီတုံရယ်…ဒါနဲ့ ဖူးဖူးလေး US သွားတယ်ဆို။ ဖိုးထက်ကဘာလို့ မလိုက်သွားတာလဲ”

“မင်းညီက ဆယ်တန်းစာမေးပွဲရှိနေတော့ လိုက်လို့မရဖြစ်သွားတာလေ။ သူ့မှာလိုက်ချင်တာ ကိုယ်တပိုင်းကို သေလို့။ ဟိုက အန်တီပိပိကလည်း ၂ယောက်လုံးကို လိုက်လာစေချင်တာ။

ဇာနည်ထက်က သူ့သားနဲ့ တုံတုံ့ကြားကခုံမှာ ဝင်ထိုင်လိုက်ရင်း သက်ပြင်းတချက်ချသည်။
သူ့မိန်းမက မျက်စိနဲ့စွေကြည့်လိုက်တော့မှ
“မဟုတ်ပါဘူးကွာ…ကလေးတွေတောင် ဒီအရွယ်ကြီးတွေဖြစ်လာပြီဆိုတော့ ငါတို့တောင် မငယ်တော့ပါလားဆိုပြီး အံ့သြလို့သက်ပြင်းချမိတာပါ။”

“ဒါအံ့သြစရာမှမဟုတ်ပဲ။”

ကျနော်ကပြောရင်း မီနူးကတ်ကို တုံတုံနဲ့ ငရဲတို့လင်မယားဆီ တစ်ဖက်တစ်အုပ် ပေးရင်း စားစရာတွေမှာဖို့ ပြောလိုက်သည်။ ပြီးတော့ ဇာနည်ထက်ဖက်လှည့်ရင်း

“ဒါလောကဓမ္မတာပဲလေ ကိုထက်ရာ…ဇရာဆိုတာ တားထားလို့ရတဲ့အရာမှ မဟုတ်ပဲ။ တစ်နေ့အိုမယ် နာမယ် သေမယ်…သေခြင်းတရားဆိုတာ ငွေခင်းပြီးတားလို့ရတဲ့အရာမှ မဟုတ်တာ”

“ကဲ…တော်ပါတော့ အပါရာ…မင်းပါးစပ်က တရား တရားနဲ့ ပြီးရင် မင်းပဲ ရှေ့ဆုံးကကဲတာ…လူငယ်တွေတောင် နေရာမရဘူး။ သိလား ရိန်း…မင်း ဦးပါက သင်္ကြန်ဆို ကလေးတွေထက် ဆိုးတယ်။ သူ့ပဲ ထိန်းနေရတာ။”

ဇာနည်ထက်က အဲ့ဒီလိုပြောတော့ ရိန်းက ရယ်သည်။ ပြီးတော့ ဇာနည်ထက်ဘေးမှာ ခပ်ကုပ်ကုပ်လေးထိုင်နေတဲ့ ဖိုးထက်ကို ဟုတ်လားဆိုပြီးမေးလိုက်သည်။

ဖိုးထက်က မဝံ့မရဲဖြင့် ခေါင်းငြှိမ့်ပြခါနီး ကျနော့်ကို တချက်လှန်းကြည့်သည်။ ကျနော်က မင်းပြောလေ ဆိုတဲ့ မျက်နှာဘေးနဲ့ နေပြလိုက်တော့ ဖိုးထက် ပြောရခက်သွားသည်။ ဒါကိုသိတဲ့ ငရဲက
“ဖိုးထက် မင်းက ဘာလို့ ဦးပါကို လှန်းကြည့်ရတာလဲ။ ဟုတ်ရင်ဟုတ်တယ်ပြောလိုက်ပေါ့။ ဘာလဲ ဦးပါနဲ့ မင်းက အပေးအယူရှိတယ်ပေါ့။”

“ဘယ်ကသာ အပေးအယူရမှာလဲ ငရဲရယ်…ဒီနှစ် သင်္ကြန်မလည်ရဘူးလို့ပြောထားတာ အဲ့ဒါ အပါကို သူစစ်ကူတောင်းထားတယ်လေ။ ဒီတော့ သူ့ဆရာသမားကို သူဘယ်မကောင်းပြောရဲမလဲ။”

“သြော် ဒီလိုလား တုံ” ဟု ငရဲမိန်းမ မမိုးက မသိသေးသောအသံဖြင့် ကောက်ချက်ချသည်။

“မမိုးရေ…သူတို့ လင်မယားက ကလေးကို သက်သက်အနိုင်ကျင့်တာ…သူတို့တုန်းကတော့ သင်္ကြန်ဆို ဗုံးပေါက်တာတောင် လည်တယ်လေ…အခု သူတို့ကလေးကျမှ စာမေးပွဲအောင်ဖို့ အဓိဠာန်ဝင်ရမယ်တွေ၊ ကိုရင်ဝတ်ရမယ်တွေ လုပ်တာ၊ ဟေ့ ဒီမယ်…စာမေးပွဲဆိုတာ ယတြာတွေ အဓိဠာန်တွေနဲ့ မဆိုင်ဘူး။ သားဖိုးထက် မင်းဖြေနိုင်တယ်မလား၊ ဒါဆိုပြီးပြီ အောင်တယ်”

ကျနော်တို့ စားစရာတွေမှာ ပြီးတော့မှ ရိန်းက
“ဦးပါ…ဦးပါပြောထားတဲ့ အရမ်းချစ်စရာကောင်းတဲ့ ကောင်မလေးဆိုတာ မလာသေးဖူးလား”

ရိန်းက ကျနော့်နား ကပ်ပြီး တီးတိုးလေးမေးသည်။ ကျနော် သဘောကျပြီး ရယ်လိုက်တော့ ကျန်တဲ့လူတွေက ဘာလဲဆိုပြီး မေးကြသည်။

“ဒီလိုကွာ ငါက သူ့ကိုပြောတယ်။ ဒီည dinner ကို အရမ်းချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်လဲ ဖိတ်ထားတယ် လာလိမ့်မယ်လို့ အဲဒါပြောထားတာ အခု မလာသေးဘူးလားဆိုပြီး ဒီကောင်ကမေးလို့ ငါလည်း သဘောကျပြီး ရယ်မိတာ”

ကျနော့်စကားဆုံးတော့ ဇာနည်ထက်က ထုံးစံအတိုင်း မျက်မှောင်ကြီးကျုံ့ ပြီး စဉ်းစားသည်။ ပြီးတော့မှ
“သြော် မင်း…”

“အေးလေ…ငါကအဲ့လို စီစဉ်ထားတာ”

ကျနော်နဲ့ ဇာနည်ထက်နဲ့ နှစ်ယောက်ပြောတာကို ကျန်တဲ့လူတွေက သဘောမပေါက်ဖြစ်နေကြသည်။ တုံတုံ ကသူ့ယောက်ကျားကို ကပ်မေးသည်။ သိသွားတော့ ပြုံးသည်။ တုံတုံကို မမိုးက ထပ်ပြီးမေးသည်။ သိသွားတော့ ငရဲကို တဆင့် ပြန်ပြောပြသည်။

ရိန်းကတော့ ဘာမှ နားမလည်ဟန်ဖြင့် ကြောင်တောင်လေးဖြစ်နေသည်။

ခဏနေတော့ ကျနော့်ဆီ ဖုန်းဝင်လာသည်။
“အေး…သမီး…ဦးပါတို့ရောက်နေပြီ။ တက်ခဲ့တော့။”

ကျနော်ဖုန်းပြောရင်း ရိန်းကို လှန်းကြည့်မိတော့ ရင်တွေခုန်နေသယောင်ဖြစ်နေသည်။ ရှေ့မှာ ချထားတဲ့ အအေးခွက်ကြီးကို ယူမော့လိုက်သည်။ ပြီးတော့ ခပ်လှန်းလှန်းမှာ ရှိနေတဲ့ မြေပဲပန်းကန်ကို လှန်းဆွဲနေသည်။ ဂဏာမငြိမ် ဖြစ်နေသော ရိန်းကို…

“ကဲ..ရိန်း…ကောင်မလေးလာပြီ။ သွားကြို။”

ဗျာ…ဆိုတဲ့အသံနဲ့အတူ ရိန်းရဲ့ မျက်နှာပြင်တစ်ခုလုံး ရဲဗလောင်းခပ်သွားသည်။
“သားမှ မသိတာ။ပြီးတော့ မြင်လည်း မမြင်ဖူးဘူး။”

“မင်းသိပါတယ်။ သွားပါ။ ဓါတ်လှေခါးထိပ်မှာ သွားစောင့်နေ။ ကောင်မလေးကို တွေ့လိုက်တာနဲ့ မင်းမှတ်မိသွားလိမ့်မယ်။”
ကျနော်တို့ အတင်းလွှတ်၍သာ ရိန်းထသွားရသည်။ မသွားချင် သွားချင်ဖြစ်နေသည်။
ကောင်မလေးသည် ဓါတ်လှေကားတံခါးပွင့်တာနဲ့ ဘေးဘီဝဲယာကို မကြည့်ပဲ ဆိုင်ထဲသို့တန်းတန်းမတ်မတ် လျှောက်လာသည်။

ရိန်းက ဓါတ်လှေကားဘေးမှာ ရပ်နေရင်း ရုတ်တရက် ဖြတ်သွားသော ကောင်မလေးနဲ့ မွေးပျ့ံနေသော ရေမွှေးနံ့တို့ကို သတိထားလိုက်မိသည်။ ထို့နောက် ချက်ချင်းမှတ်မိသွားသည်။ ကောင်မလေးနောက်မှ အတင်းပြေးလိုက်ရင်း

“ဟဲ့…လဲ့စန္ဒီထွဋ်…နင်..ဦးထွဋ်ကြီးသမီး မဟုတ်လား”

“ဟယ်…ကိုရိန်း…ဘယ်ကဘယ်လို ဒီပြန်ရောက်နေတာလဲ”

“အံမယ် နင်ကများ ငါ့မေးနေသေးတယ်။ နင်ကရော လန်ဒန်မှာ ကျောင်းသွားတက်နေတယ်ဆိုပြီး ဘယ်လိုဖြစ်လို့ ဒီမှာရောက်နေတာလဲ။”

“စန္ဒီက ခွင့်နဲ့ပြန်လာတာလေ။ ဘွားဘွားနဲ့လည်း မတွေ့တာကြာပြီဆိုတော့ အလည်ပြန်လာတာ။ ကိုရိန်းကရော…တစ်ယောက်ထဲလား။ ဦးသူရစိုးတို့ အန်တီကေခိုင်တို့ရောပါလား။”

“မပါဘူးဟ။ ငါဒီမှာ ရန်ကုန်သင်္ကြန်ကဲဖို့ ဦးပါဆီလာတာ။”

“ဒါဆို ကိုရိန်းက ဦးပါဆီမှာ နေတာလား။”

“အေး ဟုတ်တယ်။ အခုတောင် ဦးပါတို့က နင်လာမယ်ဆိုတာကို ငါ့ကို ဒိုင်လျှိုလုပ်နေကြတာ။ ငါ့ကို ဘယ်သူလဲ မပြောပဲ ဓါတ်လှေကားရင်းမှာ သွားကြိုဆိုလို့ လာစောင့်နေတာ။ အရမ်းလှတဲ့ ကောင်မလေး တစ်ယောက်လာလိမ့်မယ်ဆိုလို့ ရင်ခုန်ပြီးစောင့်နေတာ။”

“ဟင်…ဘာလဲ ဒါဆို စန္ဒီကိုမြင်တော့ အရမ်းလှတဲ့ကောင်မလေးလဲ မဟုတ်ဘူးဆိုပြီး စိတ်ညစ်သွားတယ်ပေါ့”

“အင်း…ဒါပေါ့…ဘယ်ကပေစုတ်စုတ်ကောင်မလေးလဲလို့ကြည့်နေတာ”

“သွား…မခေါ်တော့ဘူး။ သူများကို ပေစုတ်စုတ်လေး ဘာလေးနဲ့ အကျင့်ကို မကောင်းဘူး။”

“ဟားဟား…အလကားစတာပါ စန္ဒီရာ…တကယ်တော့ စန္ဒီက ဦးပါတို့ပြောသလို အရမ်းချစ်စရာကောင်းတဲ့ ကောင်မလေးမဟုတ်ဘူး။ အရမ်းလှ အရမ်းချောတဲ့ ကောင်မလေးပါ။ တကယ်ပြောတာ စန္ဒီ…အရမ်းလှလာတယ်။ ငါနဲ့ အပြင်မှာ မတွေ့တာ ၃နှစ်လောက်ရှိပြီနော်။ facebook ထဲမှာတော့ ဓါတ်ပုံတွေကြည့်ရပါတယ်။ အပြင်မှာ ပိုလှတယ်သိလား။”

“မုန့်ဝယ်ကျွေးမယ်နော်…ကိုရိန်းက ဓါတ်ပုံထဲမှာ ပဲကြီးပဲ..ဟိဟိ..အပြင်မှာကျတော့…”

“အပြင်မှာကျတော့ ဘာဖြစ်လဲ…အရမ်းခန့်ညားနေတယ်မလား…ဟားဟား…နင်ကလည်းဟာ စလုံးကိုလှည့်ဝင်လာ ပြီးရော…transit နဲ့ ငါတို့ အတူတူပြန်လို့ရတာပေါ့။”

“အင်းနော် ဟုတ်သားပဲ…စန္ဒီက direct flight နဲ့တန်းပြန်လာတာ…ကိုရိန်းတို့ဆီလာလည်ချင်ပါတယ်။ ဒါပေမယ့် ဖေဖေတို့ကလည်း စင်ကာပူပြန်မရောက်တော့ စန္ဒီလည်း ရှန်ဟိုင်းဘက်ပဲရောက်တော့တယ်။ သတိတော့ရပါတယ်။ စန္ဒီတို့ လာလည်တုန်းက ကိုရိန်းတို့ အိမ်မှာပဲ တည်းရတာလေ။ အဲ့တုန်းက ကိုရိန်းက စန္ဒီကို အဖက်တောင် မလုပ်ဘူး။ ကျောင်းနဲ့ ကစားကွင်းနဲ့ ဂိမ်းနဲ့တင် အချိန်ကုန်နေပြီးတော့များ။”

“အဲ့တုန်းက စန္ဒီက ကလေးကိုး။”

“အခုလည်း ကလေးပါပဲနော်။”

“အခုတော့ စန္ဒီက ကလေးမဟုတ်တော့ပါဘူးကွာ။ နတ်မိမယ်လေး ဖြစ်နေပါပြီ။”

ကျနော့်ကောင် သွားတာကြာနေလို့ ဟိုကလေးမလေးလည်း ရောက်မလာ ရိန်းလည်း ပြန်ပေါ်မလာ၍ ကျနော်ထလိုက်ရတော့သည်။ ဒီတော့မှ ဘသားချောက ဆိုင်ဝင်ပေါက်ရှေ့မှာ ကလေးမလေးနဲ့ ၂ယောက်သား လေတွေပစ်နေလိုက်ကြတာများ အစကတော့ သူပဲ မသွားချင်သလို သွားချင်သလိုဖြစ်နေပြီး အခုတော့ ကျနော်လည်း အနားရောက်သွားရော မောင်မင်းကြီးသားက မျက်နှာပိုးသတ်လိုက်တာ မြန်သည်။ မခုတ်တတ်တဲ့ ကြောင်လေးလို ပေကလပ် ပေကလပ်နဲ့ ကြည့်နေသည်။

ကလေးမလေးက ကျနော့်ကိုလည်းမြင်ရော အပြေးအလွှားပဲ လက်တစ်ဖက်ကို လာချိတ်ပြီး

“ဦးပါ…ကိုရိန်းက မကောင်းဘူးသိလား…သမီးကို ပေစုတ်စုတ်လေးလို့ပြောတယ်”
ကလေးတွေက ကျနော့်ကိုဆို သူတို့ဦးလေးအရင်းတစ်ယောက်လိုပဲ သဘောထားကြသည်။ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ချစ်ကြောက်ရိုသေ ဆက်ဆံကြသည်။

“ဘာ…ရိန်း…မင်းက သူ့ကို အဲ့သလိုပဲ ပြောလား”

“သားက နောက်လိုက်တာပါ ဦးပါရာ…ကြည့် စန္ဒီ…နင့်ကိုငါ ခုဏက ပြန်ပြောတယ်လေ။”

ဒီတော့ ကျနော်က ဘာပြန်ပြောတာလဲဆိုတဲ့ အကြည့်နဲ့ ကလေးမလေးကို ကြည့်လိုက်တော့ ကလေးမလေးက ခေါင်းကလေး ငုံ့ပြီး

“နတ်မိမယ်လေးတဲ့”

ဟေ….ဆိုပြီးတော့ ကျနော့်မျက်လုံးအစုံသည် အပေါ်ဘက်ပြေးကပ်သွားပါတော့သည်။

ဒီကလေးမလေးဆိုလည်း သူ့ကိုမွေးဖို့ ထွဋ်ကြီးနဲ့လဲ့ရည် ရန်ကုန်ပြန်လာကြတယ်လေ။ ကျနော်တို့ပဲ သွားစောင့်ပေးကြ၊ ကူညီကြနဲ့ စန္ဒီလေးကို ၆လသမီးအထိ ရန်ကုန်မှာ လဲ့ရည်နဲ့ထားတာ။ နောက် ကလေးနဲနဲကြီးမှ ထွဋ်ကြီးအလုပ်ရှိတဲ့ ရှန်ဟိုင်းကို လိုက်သွားကြသည်။ နောက်ပိုင်း ၁နှစ် တစ်ခါ ပြန်ပြန်လာကြသည်။ ပြန်လာတိုင်းလည်း ကျနော်တို့တွေ ခရီးထွက်ကြ စားကြသောက်ကြနဲ့ ပျော်ပျော်ပါးပါးပဲ နေဖြစ်ကြသည်။ စန္ဒီ ၁၄နှစ်သမီးလောက်ရောက်တော့ တစ်ယောက်တည်းပြန်လာတတ်ပြီ။ အဲ့ဒီအခါ ကျနော်ပဲ ကြိုပို့ လုပ်ပေးရသည်။ သူ့အဘွားက အသက်ကြီးပြီဆိုတော့ ဘယ်မှ မသွားနိုင် မလာနိုင်နဲ့မို့ နေရာတကာ ဦးပါကိုပဲ ချောဆွဲတတ်ကြသည်။

ချောဆွဲတတ်ကြတယ်ဆိုလို့ ကြုံတုန်း ဟိုကောင် ဖိုးထက်အကြောင်းပြောရဦးမည်။ ဒီကောင်က အားလုံးထက် ကျနော့်အပေါ်ပိုပြီး ဗိုလ်ကျသည်။ ပိုပြီးလည်း ဒုက္ခပေးသည်။ ကျန်တဲ့ကလေးတွေနဲ့ယှဉ်ရင် သူကအနီးကပ်မို့ ပိုပြီးအနိုင်ကျင့်ခံရသည်။ သူ့မိဘတွေထက် ကျနော်က သူ့အနွံအတာ ပိုခံရသည်။

ဘယ်လောက်များဆိုးသလဲဆိုရင် ကျောင်းမှာ မျောက်လိုဆော့လွန်းလို့ မိဘခေါ်ခိုင်းရင် ကျနော်က သူ့အဖေဖြစ်သွားသည်။ ကျောင်းမှာ စာမေးပွဲကျလို့ မိဘခေါ်ရရင် ကျနော်က သူ့အဖေဖြစ်ရပြန်သည်။ နောက်ဆုံး ပိုက်ဆံကုန်သွားတာပဲဖြစ်ဖြစ် တစ်ခုခုလိုချင်တာပဲ ဖြစ်ဖြစ် ပူဆာရင် သူ့မိဘတွေကို မပူဆာပဲ ကျနော့်ကို ပူဆာသည်။ တလောကလည်း ဂိမ်းစက်အသစ်လိုချင်တယ်ဆိုလို့ ဝယ်ပေးလိုက်မိတာ ကျနော့်မှာ ပိုက်ဆံလည်း ကုန်သေး၊ သူ့အမေ ဒေါ်တုံတုံရဲ့ အပြောအဆိုလည်း ခံရသေးသည်။

သူ့သားကို စာမေးပွဲနီးနေတာ ဒီဂိမ်းစက်ကြီး ဝယ်ပေးရမလား ဆိုပြီး ကျနော့်ကို ဘာပြောတယ်မှတ်လဲ စာမေးပွဲ ကျလို့ကတော့ ၂ယောက်စလုံး အိမ်ပေါ်မတက်နဲ့တော့တဲ့။ ကောင်းရော။ ကိုယ့်ထမင်းကိုယ်စား၊ ကိုယ်အလုပ် ကိုယ်လုပ်ပြီး ကိုယ့်ပိုက်ဆံနဲ့ကိုယ် သူ့အိမ်ပေါ်ကနေ နှင်ချခံရတာတော့ ရင်နာတယ်။

အဲ့ဒါ မင်းကို အလိုလိုက်လို့ ငါ အပြောခံရတာဆိုတော့ မောင်မင်းကြီးသား ဖိုးထက်က ပြန်ပြောတယ်။ သားရော ဦးပါရော ဒီအိမ်ပေါ်မတက်ရတော့ရော ဘာဖြစ်လဲတဲ့။ ဦးပါအိမ်ကြီး တစ်လုံးလုံးရှိနေတာပဲတဲ့။ ကဲ မှတ်ကရော။ သားစာမေးပွဲအောင်အောင် ကြိုးစားပါ့မယ်လို့ မပြောဘူး။ ကျနော့်အိမ်မှာ လိုက်နေမယ်လို့ပြောတယ်။ သူ့အဖေသာ သိရင်သတ်မှာ။ အဖေကျော် ပထွေးလွမ်းတယ်ဆိုပြီး။ ကဲ…ထားပါတော့။

ကျနော်ကိုက တရုတ်အန်းကုန်း ဦးတီပွား ဝင်စားတာနေမှာ။ ကလေးတွေကို ချစ်တတ်တာကိုး။ ရန်ကုန်မှာတင် ဖိုးထက် တစ်ယောက်တည်းလားဆိုတော့ မဟုတ်ဖူး။ နောက်ထပ် ဆရာသမား ၂ကောင် ၇ှိသေးတယ်။ တစ်ယောက်က ကျနော့် သူငယ်ချင်း မင်းသူရဲ့ တူ၊ ကျနော်တို့နဲ့ မောင်နှမလိုနေတဲ့ မင်းသူအစ်မ မမို့ရဲ့ သားဖိုးခန့်နဲ့ ကျနော့်ငယ်ပေါင်းရဲဘော်ကြီး ပြောမနာဆိုမနာ သူငယ်ချင်း ဝါဝါဝင်းရဲ့ သား မောင်ဘုန်း ဆိုတာ။ ၂ကောင်လုံးက တပ်ရင်းမှုးသားတွေ။ အတွဲကလည်း ညီပါ့။ အဖေချင်းကလည်း တပတ်စဉ်ထဲ သူငယ်ချင်း၊ သား၂ယောက်ကလည်း အသက်သိပ်မကွာတော့ ပေါင်းမိကြတယ်။ အဲ့ဒီထဲမှာ ဖိုးထက် ကနည်းနည်းငယ်တော့ သူတို့၃ယောက်စုံရင် အကြီး၂ကောင်က ဖွန်ကြောင်ဖော် ဖွန်ကြောင်ဖက်။ ဖိုးထက်က သင်တန်းသား။

တစ်ခါလည်း ဖိုးခန့်နဲ့မောင်ဘုန်း ကောင်မလေးတစ်ယောက်ကို ပြိုင်တူလိုက်တာ ကောင်မလေးက သူငယ်ချင်း ၂ယောက်မှန်းလည်း သိရော ပြဿနာတွေတက်။ နောက် ရှင်းကြလင်းကြ ငိုကြ ယိုကြ အသည်းတွေကွဲကြ အော်ဟစ်ပေါက်ကွဲကြနဲ့ အားလုံးသော ပွဲစဉ်တွေကိုတော့ ကျနော် ပါလေရာ ဦးပါကြီးရဲ့ ခြံထဲမှာပဲ ကျင်းပကြတာပေါ့။ နောက်ဆုံး သောက်ကြ မူးကြ မှောက်ကြတော့လည်း ဒီကောင်ကြီး ကျနော်ကပဲ တာဝန်ခံပြီး သူတို့ မိဘတွေကို ဖုံးရ ဖိရ လိမ်ရ ခေါက်ရတာပေါ့။ ဘယ်နေ့တော့ တပ်ရင်းမှုး ၂ယောက်ရဲ့  ပစ်စတိုစာ မိမလဲမသိသေးဘူး။ ခက်တယ်။ 

ကျနော်တို့ အဲ့ဒီနေ့ညက အားရပါးရစားကြသောက်ကြပြီး နောက်နေ့ သန်လျင်ဘက်မှာဖွင့်ထားတဲ့ Disney Land ကိုသွားလည်ကြဖို့ သဘောတူလိုက်ကြသည်။



3 comments:

  1. သင်္ကြန်ကတော့ လိုပါသေးတယ်..
    အကြို ဖတ်ရတော့လည်း ကောင်းတာပေါ့.. :)

    ReplyDelete
  2. နောက်ထပ် ၁၆နှစ်ကို တပ်မမှူးလောက် လုပ်ပါဟယ်.. ဟိဟိ.. ရွှတ်..ဖတ်.

    ReplyDelete
  3. သိင်္ဂါကျော်..ကျေးဇူးပါ။ ကော်ဖီနဲ့မှတ်စုရေ...တပ်ရင်းမှုးကတော်လောက်နဲ့ပဲ အခု Post မှာကျေနပ်ပေးပါ။ နောက်မှ စစ်သေနာပတိ ကတော် နေရာကနေ ထည့်ရေးပေးပါ့မယ်နော်။ ဆော်ရီးပါလို့။

    ReplyDelete