မပြော
မရှိနဲ့။ ဟောတစ်ယောက် ဟောတစ်ယောက် ရောင်းထွက်သွားတာ လမ်းထိပ် ဘိန်းမုန့်ဆိုင်က ဘိန်းမုန့်တွေလိုပဲ။
အပတ်တိုင်း မင်္ဂလာဆောင်တွေ တက်ရောက်ချီးမြှင့် အားကျနေရသည်။ တစ်ခါတစ်လေ တစ်ပတ်၂ခုသွားရသေးသည်။
အရောင်းထိုင်းနေတာကတော့ ကျနော်ကိုယ်တိုင်ပဲဖြစ်သည်။ အကြည်တော်ကတော့ ဝါရင့်အရောင်းထိုင်းကို
အရောင်းသွက်အောင် လုပ်သွားနိုင်ခဲ့သည်။ ကျွန်တော်ကတော့ FM ရေဒီယိုလိုင်းတွေမှာ ကြော်ငြာထည့်ပြီး
အရောင်းထုတ်ရမလို ဖြစ်နေသည်။
ဝယ်သူအကြိုက်
ဗလာမပါ ကံစမ်းမဲ ထည့်ပြီးရောင်းတယ် ထားဦး ကျနော်ပိုင်တဲ့ ဘီယာဗိုက်မှ အပ တခြား ပေးစရာလည်း
မရှိသလောက်ကုန်ပြီ။ သူများတွေ ပြောပြောနေတဲ့ အမေပေးတဲ့လယ်တစ်ကွက် ဆိုတာလည်း ကျွန်တော့်မှာ
မရှိဆိုတော့ ကံစမ်းမဲပေးဖို့က ခက်သားကလား။
မြန်မာပြည်ပြန်ရောက်ကာစက
iphone4 နဲ့ ipad2 နဲ့၊ ကျော့ကျော့မော့မော့လေး၊ လက်ထဲမလဲ လက်ကျန် ငွေရား ဒေါ်လာ ၂၀၀၀လောက်နဲ့
စလုံးပြန်ကြီး ဟန်ကျနေခဲ့တာလေ။ အခုတော့ အလုပ်လက်မဲ့ ဘဝနဲ့ အငြိမ်းစားယူပြီး ထိုင်စား
လာတာ ၃လ ကျော်သွားပြီဖြစ်သည်။ မိဘတွေကို အပူမကပ်ချင်တာနဲ့ ၇ှိစုမဲ့စု ပစ္စည်းလေးတွေ
ထုခွဲသုံးဖြုန်းလိုက်တာ ဘာဆို ဘာမှ မကျန်တော့ပဲ အဲ့ဒီ ပစ္စည်းတွေကိုယ်စား ဗိုက်တစ်လုံးအဖတ်တင်ကျန်ရှိခဲ့ပါသည်။
အထင်တော့ မသေးနဲ့။ ကျွန်တော့်သူငယ်ချင်း ကျော်လင်းထက် ပြောသလို ဒီဗိုက်က နယ်နယ်ရရ ဗိုက်
မဟုတ်ဘူး။ သူဌေးဗိုက်တဲ့။ ပိုက်ဆံရှိ လူတန်းစားလောက်မှာပဲ ဒီလို ဘီယာဗိုက်ရှိနိုင်တာတဲ့။
သူပြောတော့လည်း ဟုတ်သလိုလိုနဲ့။
ကဲ…ဒီတော့
ဘယ်လိုလုပ်ပြီး အစွံထုတ်နိုင်တော့မလဲ ကိုယ့်လူတို့ရေ။ အစွံထုတ်ဖို့ အစုတ်တွေ အရင်ထွန်ရမလို
ဖြစ်နေပြီ။ လယ်ကွင်း အစုတ်အပြတ်တွေမှာ လယ်သွားထွန်တာကို ပြောတာပါ။ (တမျိုးတွေးလည်း
မတတ်နိုင်ဘူးနော့)။
ကျနော့်အဖြစ်က
တကယ်တန်းကျတော့ နာမည်ကြီး ထမင်းငတ်ဘဝပါ။ ဟိုကောင်မလေးနဲ့ လိုလို၊ ဒီကောင်မလေးနဲ့ လိုလို၊
ဘာလိုလိုတွေ အတွက်နဲ့ ငွေတွေကုန် အချိန်တွေကုန်ပြီး အခုလည်းကျရော ဘယ်ခွေးတစ်ကောင် ကြောင်တစ်မှီးမှ
သောက်ဂရုစိုက်ကြတော့တာမဟုတ်ဘူး။ (ဒေါသကြောင့် နည်းနည်း ရိုင်းသွားရင် ခွင့်လွှတ်ပါနော်။)
အရင်က ကိုကိုခေါ်ခဲ့တဲ့ သူတွေ အခုလမ်းတွေ့ရင် ရယ်တောင်မပြချင်တော့ဘူး။ ဘယ်ပြချင်တော့မလဲ
ကျွန်တော်က ပြန်လာခါစနဲ့မှ မတူတော့တာ။ ပြန်လာခါစတုန်းကတော့ လက်ထဲ ငွေရွှင်တယ်မလား။ ကြိုက်တာပြော
အကုန်ရစေမယ်။ မတော်တရော် ကာတီးရားက ကွင်းလေးတွေ၊ ကြိုးလေးတွေကိုတော့ မပြောနဲ့ပေါ့။
တော်ရုံ ဝှိုက်ဂိုးလောက်ကတော့ ဈေးမမေးဘူး။ ရော့ယူလိုက်ပဲ။
ကျန်စစ်သားမင်းကြီးလို
လက်တစ်ဖက်က ကျောက်သံပတ္တမြားတွေပေး၍ လက်တဖက်က အဝတ်အထည်တို့ကို ပေးအံ့ဆိုသလို ကျွန်တော်
ကျန်စစ်မင်းကြီးထုံး နှလုံးမူခဲ့တာလေ။ လက်တစ်ဖက်က ပလက်တီနမ်တို့ကို ဆင်မြန်းပေး၍ ကျန်တဖက်က
သူလေးတို့အတွက် ဝယ်ပေးထားသမျှ ဘရမ်းနယူးအဝတ်အထည်များကို ကိုင်ပေးခဲ့တာပေါ့။ အခုတော့
သူလေးတို့က ကျွန်တော့်ကို မြင်ရင် ရှောင်သွားကြသည်။ ရည်ရွယ်ချက် ၂ခုတော့ရှိမည်။ ပထမတစ်ချက်က
ကျွန်တော် ဘာမှ မပေးနိုင်တော့၍ ဖြစ်ပြီး ဒုတိယတစ်ချက်က ပေးပြီးသားတွေ ပြန်တောင်းမှာ
ဆိုး၍ဖြစ်မည်။ ဝေးသေး။ ဘယ်တော့မှ ပေးပြီးစလစ် နံပါတ်တစ်လို့ ကျွန်တော့်ကို အော်ပြောစရာမလိုဘူး။
တသက်လုံး ပေးပြီးပစ္စည်း ပြန်တောင်းတတ်တဲ့ကောင် မဟုတ်ဘူး။ ကြီးဒေါ်ကြီးကို လိုချင်လည်းပြော၊
ပေးဦးမှာ။ ဘယ်တော့မှ ပြန်မတောင်းဘူး။ (ကြီးဒေါ်ရေ စိတ်မဆိုးနဲ့နော် လမ်းကြုံလေး ဈေးဗန်းခင်းလိုက်လို့)။
အလုပ်အကိုင်မရှိလို့ နှိမ်ချင်ကြတဲ့သူတွေလည်း ဒုနဲ့ဒေး ပေါ်လာတာ အွန်လိုင်းပေါ် ဘလော့ဂ်ဂါတွေရောက်လာသလိုပဲ။
မွစာကိုကြဲလို့။
ဒါပေမယ့်။
ရပါတယ်။ ကျနော်ကလည်း လူသာ အမွဲခံသွားမယ်။ မာနတော့ အမွဲမခံနိုင်ဘူး။ အလုပ်လုပ်မှာပေါ့။
နိုင်ငံခြားမှာတောင် အပင်ပန်းခံလုပ်လာနိုင်သေးတာပဲ။ ဒီမှာ ဘာအကြောင်းလဲဗျာ။ ကျနော်က
ဟိုမှာ မလုပ်နိုင်တော့လို့ ပြန်လာတာ မဟုတ်ဘူး။ မတော်တရော်တွေနဲ့ ညားပြီး ဘဝသေသွားမှာ
စိုးလို့ ကျနော့်မိဘများက အတင်းပြည်တော်ပြန် လာခိုင်းလို့ပြန်လာရခြင်းဖြစ်သည်။ သမ္မတကြီးလှန်းခေါ်လို့
ပြန်လာတာလည်း မဟုတ်ဘူးနော်။ ဒါတော့ချင့်ယုံပေါ့ဗျာ။ (ချုံရင့်လာရင်တော့ မြွေဝင်အောင်းနေမယ်
ခုတ်ပစ်လိုက်ပါတော့)။
အိမ်ကလည်း
ကျနော့်ကို အလုပ်တစ်ခု လုပ်စေချင်သည်။ ကျနော်ကလည်း လုပ်ချင်သည်။ သို့သော် မိန်းမကလည်း
လိုချင်နေသည်။ အဲ့ဒါလည်း လုပ်ချင်တဲ့ အထဲမှာပါသည်။ အိမ်ကို ပူဆာတော့မှပဲရမည်။ ကိုယ့်အစွမ်းအစနဲ့ကတော့
ဘယ်လိုမှ ဂေါ်မစွံနိုင်တော့ဘူးဆိုတာသိသည်။
အမေက
သူ့သားရဲ့ ဆန္ဒ နှစ်ခုလုံးပြည့်အောင် လမ်းထဲက ဖိနပ်ဆိုင်ပိုင်ရှင် အေမီနဲ့ ပေးစားဖို့စီစဉ်သည်။
အေမီက တစ်ဦးတည်းသောသမီး။ ကိုယ်ပိုင်လုပ်ငန်းရှိပြီးသားမို့ ကျနော် ထွေထွေထူးထူး အလုပ်ရှာနေစရာမလိုတော့ပေ။
သူတို့ဆိုင်မှာ တစ်ခါတည်း ကောင်တာဝင်ထိုင်ပြီး စီမံခန့်ခွဲရေးဝင်လုပ်လိုက်ရုံပဲဖြစ်သည်။
ရေကန်အသင့် ကြာအသင့်၊ ငါးပိရည်အသင့် တို့စရာအသင့်ပေါ့။ တစ်ချက်ခုတ် နှစ်ချက်ပြတ်၊ စုပ်ကော
လာဘ်ကော ဝင်မယ့်ကိန်း။ ဒါ့အပြင် အေမီတို့က သားအမိ နှစ်ယောက်ထဲမို့ အားကိုးရမယ့် ယောင်္ကျားတစ်ယောက်လိုချင်နေကြတာ
တစ်ရပ်ကွက်လုံးသိသည်။ အဘွားကြီးကို ဂေါ်နေတဲ့ ဘဲကြီးတွေလည်း ထုနဲ့ဒေးရှိသလို အေမီကို
လိုက်နေတဲ့ ဘဲလေးတွေလည်း အများသား။ ဘဲလေးတွေကတော့ မျက်စိကောင်းတော့ သမီးရော အမေရောကို
သဲသဲကွဲကွဲ မြင်ကြပေမယ့် ဘဲကြီးတွေကတော့ အသက်ကြီးလာလို့တဲ့ မျက်စိမကောင်းကြတော့ဘူးနဲ့တူတယ်။
အမေနဲ့သမီးအတူလျှောက်လာရင် အမေရော သမီးရော နှစ်ယောက်စလုံးကို ဝါးချင်ချင်လို့ဆိုကြသည်။
ဟိုစကားပုံသိတယ်မလား။ ခေါင်ထိ အကုန်စားဆိုတာလေ။
ကျနော့်အမေရဲ
့ ပိုင်ချက်ကတော့ ကြိုတင်မဲ ကောက်စရာမလိုဘူး။ ဖယောင်းတွေ သုတ်ထားစရာမလိုဘူး။ ရာနှုန်းပြည့်
လေးစားလောက်သည်။ ၂ရက် ၃ရက်အတွင်းမှာ ပဲ ကျနော်တို့ မိသားစု အေမီတို့သားအမိဆီ သွားပြီး
အရီးတောင်းလက်ဖက် လုပ်ငန်းနဲ့ အပြိုင် သမီးတောင်း သမက်လျှောက် လုပ်ငန်းကြီး အကောင်အထည်ဖော်တော့သည်။
အဲ့ဒါမှ
ဂွကျတော့သည်။ (နဂိုတည်းကလည်း ဂင်တိုတိုမို့ ဂွကကျပြီးသားပါ)။ အေမီဆိုတာက ကျနော်နဲ့
၁၀နှစ်လောက်ကွာသည်။ ပြီးတော့ ကျနော် လူပျိုပေါက်အရွယ် ကျောင်းတက်ရင်းစီးဖို့ ဖိနပ်သွားဝယ်စဉ်မှာ
သူက နှပ်ချေးတွဲလောင်းလေးပင်ရှိသေးသည်။ ကျနော်တို့က သူ့ကို အိမ်နာမည် ကစ်ကစ်ဟုခေါ်သည်။
အေမီ ငယ်ငယ်က ဝဝကစ်ကစ်လေးမို့ အဲ့လိုခေါ်ခြင်းဖြစ်သည်။ အခုတော့ အဲ့ဒီ ကောင်မလေးဟာ ယဉ်တစ်ကိုယ်မယ်
လှသွေးကြွယ်လို့ အပျိုဖျန်းကလေးပင် ဖြစ်နေလေပြီ။
(အလုံးအထည်လေးနဲ့ ပွတ်လုံးသဖွယ်…အဲအဲ ယောင်လို့…ကိုယ်လုံးကိုယ်ထည်က ဖွံဖြိုးတယ်လို့
ပြောချင်တာပါ)။ ကျနော့် အသက်အရွယ် ဗိုက်ပူနံကား လူကြီးတစ်ယောက်ကို သူ့လို မိန်းမလှလေးတစ်ယောက်
ကလက်ထပ်ရမည်ဆိုတော့။
ကျနော်သာ
သူ့နေရာမှာဆိုရင် ဒီလို အလုပ်မရှိ အကိုင်မရှိ၊ ဗိုက်ပူဖင်ကောက် ဘဲနာကြီးကို ဘယ်လိုနည်းနဲ့မှ
မပေါင်းသင်းနိုင်ဘူး။ ခဏတာမဟုတ်၊ ညတိုင်း အတူတူအိပ်ရမယ့် အဖြစ်ကို တွေးရင်း ကြက်သီးပင်ထမိသည်။
သူကလေးက ဂျိုလီလိုနှုတ်ခမ်း၊ ဘရစ်တနီလို မျက်နှာပေါက်၊ ရှက်ကီယာဘော်ဒီနဲ့ အွန်စောလို
အသားကလေးက ဝင်းနေတာလေ။ ဘဲနာကြီးက မိုက်တိုင်စန်ဘော်ဒီ၊ ကင်ဂျုံအန်မျက်နှာပေါက်နဲ့ ဒရော့ဘာအသားအရေ
ပိုင်ဆိုင်ထားတာဆိုတော့ တွေးသာကြည့်ပေတော့။ မင်္ဂလာဦးညမှာကတည်းက စလွဲလိုက်မယ့် ဖြစ်ချင်း။
သွေးထွက်အောင်မှန်သလို သွေးတိတ်အောင် လွဲမှာ။ သတို့သားကို မြင်ပြီး နှလုံးသွေးတွေတိတ်၊
ရင်ခုန်သံတွေရပ်ပြီး သတို့သမီး အသက်ရှူရပ်သွားနိုင်သည်။ ဂယ်ပြောတာနော်။
အဲ့…အဲ့ဒါ
ကိုယ့်ကိုကိုယ့်ပဲလေ ဆိုတဲ့အတွေးလေးဝင်လာမှ နည်းနည်း အသက်ရှူပြန်ချောင်သွားပြီး စိတ်ထဲက
ကြိတ်ပျော်နေမိသည်။ စားရကံကြုံတော့ မုတ်ဆိတ် ပျားစွဲပေါ့။ ကျေးဇူးကြီးပါပေ့ မွေးသမိခင်ရယ်။
မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်လေ လို့သီချင်းလေးတောင် ညည်းလိုက်မိသေးသည်။
ကျနော့်မိဘတွေနဲ့
အေမီ့အမေ တွေ့ကြ ဆုံကြ စကားလက်ဆုံကျ ကြပြီးတော့ အေမီနဲ့ ကျနော်ပင် အဲ့ဒီ ကိစ္စ ၁ နာရီ
ကြာအောင်မဆွေးနွေးရသေးခင် ချက်ချင်း မင်္ဂလာပွဲရက်တွေဘာတွေ သတ်မှတ်ပြီးဖြစ်ကုန်ကြလေပြီ။
အင်တာနက်ခေတ်မှာ အချစ်ရေး အချစ်ရာတွေလည်း မြန်ကုန်ပြီ။ သစ္စာတွေ မေတ္တာတွေက ရွှေမန်းသဘင်ဇာတ်အဖွဲ့ထဲမှာပဲ
ကျန်တော့တာ။ အခုခေတ်က ဒေါင်းလုတ် လုပ်မလား၊ အပ်ဒိတ်လုပ်မလား၊ စက္ကန့်ပိုင်းအတွင်း စဉ်းစား
Yes နဲ့ No တစ်ခုဖြေရုံပဲ။ ရှည်ရှည်ဝေးဝေး သုံးနှစ် သုံးမိုးများတောင် စောင့်စားကာ
ချစ်ခဲ့သူမို့ဆိုတာ ရီရီသန့်လောက်ပဲ ကျန်တော့မယ်။ အိုင်လပ်ဖ်ယူ (I Love You) ဆိုတာ
၂၀ရာစုအထိ သုံးခဲ့တဲ့ အချစ်သင်္ကေတစကား ဒီဘက်ခေတ်မှာ အိုင်လိုပ်က်ယူ (I Like You) ဖြစ်သွားပြီ။
အချစ်နဲ့ သဘောကျမှုဟာ မတူတော့ဘူး။ ချစ်တဲ့သူက တရားဝင် ကာမပိုင်ဖြစ်ပြီး သဘောကျတဲ့သူတိုင်းနဲ့
ကားလိုက်ကာ နောက်ကွယ်မှာ လပ်ဖ်ဆင်းတွေ တခန်းပြီး တခန်းရိုက်နေကြပြီ။
အစီစဉ်ရှိတော်မူပြီးသည့်
အတိုင်း မင်္ဂလာပွဲအတွက် ပြင်ကြဆင်ကြနဲ့ ပင်ပမ်းနေတုန်း တစ်ညနေခင်းမှာတော့ ကျနော့်ထံ
ချာတိတ်တစ်ယောက် ရောက်လာသည်။ အဲ့ဒီချာတိတ်က ကျနော့်ကို စကားအေးဆေး ပြောချင်ပါတယ်ဆိုပြီး
ချိန်းလို့ သွားတွေ့ဖြစ်တော့ သူကပြောသည်။ သူနဲ့ အေမီ ချစ်သူတွေ ဖြစ်နေတာ ကြာပြီဖြစ်ကြောင်းနဲ့
အခု အေမီမှာ သူနဲ့ရထားတဲ့ ကိုယ်ဝန်ရှိနေလို့ ဖြစ်နိုင်ရင် ကျနော့်ကို နောက်ဆုတ်ပေးဖို့
လာတောင်းပန်ရှာသည်။ သူလည်း အေမီ့ကို မကြာခင် ခိုးပြေးတော့မှာ ဖြစ်ကြောင်း အသိပေးလာသည်။
အေမီက မပြောရဲလို့ ကျွန်တော်ကိုယ်တိုင် လာပြောရတာပါဆိုပြီး လျှောက်ထားလာတော့သည်။
ထိုသူငယ်လေးရဲ
့စကားကိုကြားတော့ ကျနော် အရမ်းတုန်လှုပ်သွားသည်။ ဒါဟာ တကယ့်အဖြစ်မှန်လား။ လုပ်ဇာတ်လားဆိုတာ
သေချာသိဖို့ အရေးကြီးသည်။ အကယ်၍ တကယ်ဖြစ်နေခဲ့လျှင် ကျနော်ကံသီတယ်လို့ပဲ ဆိုမလား ကံနိမ့်လို့
ဒီလို အဖြစ်မျိုးနဲ့ တိုးတယ်လို့ ပဲဆိုမလား။ အတွေးပေါင်းများစွာနဲ့ ကျနော် ငေးငေါင်နေမိသည်။
မိန်းမသွားတောင်းတဲ့ နေ့က အေမီ့ အမေကြီးပြောတဲ့ စကားတွေကို ပြန်ကြားယောင်နေမိသည်။
“သမီးလေးက တဖြေးဖြေး အရွယ်လေးရလာတော့ ဒီပတ်ဝန်းကျင်က
မတော်တရော်တွေနဲ့ တွေ့သွားမှာ ဆိုးလို့…”
“ဟိုလေ..ဖြစ်နိုင်ရင် ကျမကတော့ မင်္ဂလာကိစ္စကို
ချက်ချင်းပဲ အကောင်အထည်ဖော်ချင်တယ်….”
“သမီးလေးနဲ့ မသန်း သားနဲ့ဆို လိုက်ဖက်ညီတယ်လေ။
သမီးလေးက ငယ်တော့ မသန်းသားက ဦးဆောင်ဦးရွက် ပြုရမှာနော်…”
“ကျမကတော့ သမီးလေး နေရာကျသွားတာ မြင်ရရင်ပဲ
သေပျော်ပါပြီ မသန်းရယ်”
“…………….”
“………………….”
“…………………………..”
ဟာဂျာ။
လူရွှင်တော် ကျော်ထူးလိုပဲ လက်နှစ်ဖက် ကြက်လို တောင်ပံခတ်ရင်း အော်လိုက်ချင်တယ်။ အက်ဆာဆာ..။
ဒါတကယ်ပဲ ဒီဇာတ်လမ်းရှိနေခဲ့လို့များ ငါ့ကို နွားဖြစ်ခိုင်းတာလားဟင်။ ဒါမှမဟုတ် ရိုးသားတဲ့
ငါတို့မိသားစုကို ခုတုံးလုပ်ပြီး သူတို့ရဲ့ မဖုံးနိုင် မဖိနိုင် ကိစ္စတွေကိုဖြေရှင်းကြတာလား။
နွားတကောင်ဝယ်ရတာ တယ်လွယ်ပါလားလို့ ထင်နေကြမှာပဲနော်။
ငါနွားဖြစ်တော့မလို့ပေါ့။
ကံသီပေလို့ပေါ့ ကြီးဒေါ်ရယ်။
ကျနော်၊
အမေ့ကို ဒီကိစ္စတွေပြောပြလိုက်တော့ အမေလည်း တော်တော်ဒေါသဖြစ်သွားသည်။ ချက်ချင်းသွားမေးမယ်
ဆိုပြီး လုပ်သည်။ ဒီလိုနဲ့ ကိစ္စတွေအားလုံး ဗူးပေါ်သလိုလည်းပေါ်သွားရော အေမီတို့လည်း တစ်ရှက်က
နှစ်ရှက်တွေဖြစ် သွားသည်။ ကျွန်တော်တို့ရဲ့ နွားအရောင်းအဝယ်ပွဲကြီးလည်း သွားမဖြီးလိုက်ကြရပဲ
အံကြိတ်ရင်းနဲ့ ပြီးသွားတယ်။
အခုတော့လည်း
အေမီလေး သူ့ဘဲနဲ့ ခိုးရာလိုက်ပြေးသွားပါပြီ။ ကောင်းပါတယ်။ ကောင်လေးက မွန်မွန်ရည်ရည်လေး။
လက်ပွေ့ဂျာနယ်ရောင်းနေတဲ့ ချာတိတ်လေးပါ။ ဘော်ဒီတောင့်တောင့် ရုပ်ခပ်ဖြောင့်ဖြောင့်ပါပဲ။
အချစ်ဆိုတာလည်း ဆန်းကြယ်တယ်မဟုတ်လား။ အေမီလို အလှရှင်လေးနဲ့ ဒီချာတိတ်လေး ချစ်ရည်လူးနိုင်ကြတာ
ရှေးဘဝ ကုသိုလ် ထင်ပါရဲ့။ လူမှန်နေရာမှန်ဆိုတာ သူတို့အတွက် ပြောတာဖြစ်မည်။ ကျွန်တော်လည်း
ရှေးဘဝဆုတောင်း ကောင်းခဲ့တယ် ထင်ပါ့။ လှည်းကြိုးဝင်ထမ်းရတော့မလို့။ ခပ်သီသီ လေးပဲလိုတော့တယ်
ကြီးဒေါ်ရယ်။ နို့မို အခုလောက်ဆို ဗိုက်ပူနံကားကြီး ကျွန်တော် ဝမ်းဘဲ ဝမ်းဘဲနဲ့ နွားလို
ကုန်းအော်ပြီး ဟိုနာမည်ကြီး ကလေးချော့တေးသီချင်းလေး ဆိုနေရလောက်ပြီ။
ဘာတဲ့
“ကိုယ့်သွေးလည်း မဟုတ် ကိုယ့်သားလည်း မဟုတ် ကိုယ့်အမျိုးလည်း မဟုတ်ပေ” ဆိုတဲ့သီချင်း
ဆိုရင်း ကလေးထိန်းနေရမှာမြင်ယောင်မိသည်။ ကံသီပေလို့ ပေါ့ကြီးဒေါ်ရေ….ကံသီပေလို့။ ။
Ko par pu Kyi yae, Is it Real or Story?
ReplyDeleteဟေ... ဒီလို အဖြစ်အပျက်မျိုး တစ်ဂယ်ရှိတယ်လား အပါ...
ReplyDeleteကံသီပေလို့...ကံသီပေလို့ကွယ်။ မယုံရင်တော့ ပုံပြင်လို့ပဲ မှတ်ကြပေရော့။
ReplyDeleteဟီး ဟီး တွင်းဟောင်းရေကြည် အေးမြသည်တယ် မပင်းပန်းဘူးပေါ့ဗျာ တိန် တွင်းဟောင်းများတဲခေတ်ကြီးဗျာ
ReplyDeleteဟိုက်ရှား ခင်ဗျားရဲ့လွဲချက် (သို့) မထမ်းလိုက်ရတဲ့ထမ်းပိုး ဖတ်လို့ကောင်းလိုက်တာဗျာ
ReplyDeleteကျွန်တော့်မှာ ခင်ဗျားးနဲ့အေမီလေး ညားသွားမလားတွေးပီး ကန်မလေးငယ်ငယ်လေး ဂေါ်တော့မယ်ထင်နေထှာာ အခုတော့
ထမ်းပိုးလွဲကြီးပေါ့ ဒါလည်းလွဲကောင်းပါတယ် နို့မို့ ဟိ မြင်ယောင်သေးရဲ့း)း)
comment ပေးကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးပါ။ ကံသီပေလို့ comment ပေးနိုင်တာဗျို့ ...သိတယ်မလား။ နို့မိုဆို အခု ကလေးချော့သိပ်နေရမှာဗျ။ ဟားဟား။
ReplyDelete