(ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂၊ အမှတ် ၉၇၊ (၇၊ဇွန်၊၂၀၁၂၊ကြာသပတေးနေ့) ထုတ်၌ဖော်ပြပါရှိသော ဆောင်းပါး။
ဆရာလူထုစိန်ဝင်းရဲ
့ဆောင်းပါးတစ်ပုဒ်ကိုဖတ်လိုက်ရသည်။ ဆရာက ဘာရေးထားသလဲဆိုတော့ သတင်းစာဆရာနဲ့စာရေးဆရာဟာ
တူမလိုနဲ့မတူဘူးဆိုတာကို ရေးထားပါသည်။ သတင်းစာဆရာဆိုတာကတဲ့ တွေ့တာ မြင်တာ၊ ကြားတာကို
မခြွင်းမချန် ဟုတ်တိုင်းမှန်စွာရေးရပါမယ်။ ဖွဲ့နွဲ့ပြီးမရေးရပါဘူး။ လိုရင်းကို စာဖတ်သူ
ခြုံငုံမိအောင် ဒဲ့ဒိုးရေးရပါမယ်။ ချု့ံလို့မရသလို ချဲ့ ကားရေးလို့လည်း မရပါဘူး။ ပြောချင်တာကို
မသွယ်ဝိုက်ပဲ ပြောရဲ ရေးရဲ တင်ပြရဲ ရပါမယ်။ မိမိခံစားမိသလို ခံစားပြီးလည်း မရေးရပါဘူး။
မိမိခံစားချက်ကို ရှေ့တန်းမတင်ရပါဘူး။ မိမိသဘောထား ထင်မြင်ယူဆချက် အတိုင်းလည်း စာဖတ်သူကို
မရေးပြရပါဘူး။ သတင်းသမားဆိုတာ အရှိကို အရှိအတိုင်းရေး ရမယ်။ အမှန်တရားကို သကာစမ်းပြီး
လှပအောင် တန်ဆာဆင်ရေးဖွဲ့လို့လည်း မရပါဘူး။ သတင်းကို သတင်းလိုရေးသင့်တယ်။ သတင်းကို
ဝတ္ထုတစ်ပုဒ်လို စိတ်ကူးယဉ်ပြီးမရေးရပါဘူးတဲ့။
စာရေးဆရာကျတော့
အဲ့သလိုမဟုတ်ဘူး။ တွေ့တာ မြင်တာ ကြားတာကို အတွေးလေးကွန့်မြူးလို့ ပရိသတ်ကို အသောအနှော
အလွမ်းအမောလေးတွေနဲ့ တန်ဆာဆင်ရေးဖွဲ့ကြရတယ်။ မိမိခံစားမိသလို အများသူငှာကိုလည်း အဲ့ဒီအတိုင်းလေး
ခံစားရအောင် အရေးအသားအတတ်ပညာနဲ့ ဖန်တီးကြရတယ်။ စာပန်းချီခြယ်သပြီး အရောင်အသွေးစုံအောင်
ရေးကြရတယ်။ ပြီးတော့ စိတ်ကူးလည်းယဉ်လို့ရတယ်။ အတွေးလည်းကွန့်လို့ရတယ်။ ဟုတ်တာရော မဟုတ်တာရော
စာဖတ်တဲ့ပရိသတ် လက်ခံနိုင်လောက်မယ့် ဇာတ်လမ်းဇာတ်ကွက်မျိုးရေးလို့ရတယ်။ ဒီတော့ သတင်းရေးဆရာရော
စာရေးဆရာရော အားလုံးစာရေးဆရာတွေ ဖြစ်လင့်ကစား မတူတဲ့စာပေသမားတွေဖြစ်တယ်။ သတင်းရေးဆရာက
အဖြစ်အပျက်တစ်ခုကို ထိန်ချန်ရေးသားခွင့် မရှိပေမယ့် စာရေးဆရာတစ်ယောက်အနေနဲ့ မြှုပ်ကွက်ဆိုတာကို
ထားပိုင်ခွင့် ရေးပိုင်ခွင့်ရှိပါတယ်။
အထက်ပါအကြောင်းအရာတွေကတော့
ဆရာလူထုဦးစိန်ဝင်းရေးတဲ့ ဆောင်းပါးဖတ်ပြီး ကျွန်တော်နားလည်မိသော၊ ခံစားမိသော သတင်းရေးဆရာနဲ့
စာရေးဆရာတို့ကြားမှ တူမယောင်နဲ့ ကွဲတဲ့ အချက်တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ဆရာက ဆက်ပြီးပြောတယ်။
တူတာတစ်ခုတော့ရှိပါတယ်တဲ့။ အဲ့ဒါကတော့ လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲကြတဲ့အခါ၊ တော်လှန်ရေးလုပ်ကြတဲ့အခါ၊
ဒီမိုကရေစီနိုင်ငံတော်ထူထောင်တဲ့အခါ သတင်းစာဆရာရော၊ စာရေးဆရာရော အားလုံးဟာ ကလောင်လက်နက်နဲ့
တိုင်းပြည်နဲ့ လူမျိုးအတွက် အုတ်တချပ်သဲတပွင့် ပါဝင်တိုက်ပွဲဝင်ကြတာကတော့ အတူတူပါပဲတဲ့။
ကျွန်တော် နားလည်သလိုပြောရရင် သတင်းစာဆရာရော စာရေးဆရာရောဟာ စာပေလုပ်သားတွေဖြစ်သလို
စာပေရဲဘော်ရဲဘက်တွေလည်း ဖြစ်ကြပါတယ်။ ကျွန်တော်တို့ ဒီနေ့ စာတွေရေးနေကြတယ်ဆိုတဲ့နေရာမှာ
ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ကြည့်တယ်။ ငါ သတင်းရေးသမားလား၊ ဝတ္ထုရေးသမားလားလို့အမြဲမေးကြည့်ရတယ်။
တခါတခါ ကိုယ်သိတဲ့ သတင်းကို သိတဲ့အတိုင်းရေးလိုက်ချင်ပေမယ့် ဟိုလူ့ငဲ့ရ ဒီလူ့ငဲ့ရနဲ့
ဟိုလိုရေးပြန်လည်း မကောင်း ဒီလိုရေးပြန်လည်း မကောင်းနဲ့ နောက်ဆုံး သိတဲ့ အမှန်တရားကို
သတင်းလို မရေးဖြစ်ပဲ နာမည်တွေပြောင်း ပတ်ဝန်းကျင်တွေပြောင်းပြီး ဇာတ်လမ်းတစ်ပုဒ်လို
ဝတ္ထုတိုတစ်ပုဒ်လို ပုံမှားရိုက်ပြီး ရေးလိုက်ရတာတွေ ဒုနဲ့ဒေးပါပဲ။
ကိုယ်ရေးလိုက်တဲ့အကြောင်းအရာက
လွတ်လပ်တဲ့နိုင်ငံမှာ လွတ်လွတ်လပ်လပ် ဖော်ပြခွင့်မရတာတွေလည်း ကြုံရတယ်။ ဒီတော့ စာသာရေးရတယ်။
ရေးပြီးသမျှတွေကို ဒီတိုင်းသိမ်းထားရတာတွေလည်း များလှပါပြီ။ ကျွန်တော်တို့နိုင်ငံမှာ
အခုဆိုရင် စာပေလွတ်လပ်ခွင့်တွေ အထိုက်အလျောက်ရလာပါပြီ။ တစ်ချို့ နေရာတွေမှာဆို ဆင်ဆာလွတ်လပ်ခွင့်တွေလည်း
ရှိလာပါပြီ။ ပုဂ္ဂိုလ်ရေးမပုတ်ခက်ရင်၊ နိုင်ငံတော်ကို အသရေပျက်စေမယ့် စာသားမျိုး၊ ပြက်လုံးမျိုးမဟုတ်ရင်
မိမိနှစ်သက်သလို လွတ်လပ်စွာရေးသားနိုင် ပြက်လုံးပျက်နိုင်ပါပြီ။ ဂျာနယ်တော်တော်များများလည်း
လွတ်လပ်သော စာပေခေတ်ကို ကြည်နူးစွာ လက်ခံကြိုဆိုကြပါသည်။
ဒီနေရာမှာ
ကျွန်တော်တစ်ခု ပြောချင်တာရှိသည်။ တစ်ချို့ ဂျာနယ်များသည် ပရိသတ်ကို တင်ပြချင်ဇော များတာပဲလား၊
သတင်းဦး သတင်းထူးကို တခြားဂျာနယ်တွေထက် အရင် ပါချင်တာပဲလား၊ ဒါမှ မဟုတ် ဂျာနယ်ထွက်
ပြီးရော ဖတ်ချင်တဲ့လူ ဖတ်ဆိုပြီး မျက်နှာလွဲ ခဲပစ်လုပ်လိုက်တာပဲလား ဘာလား မသိပါဘူး။
ကျွန်တော်ဖတ်မိတဲ့ ဂျာနယ်တစ်ချို့ မှာ မြန်မာစာ စာလုံးပေါင်းသတ်ပုံတွေ မှားနေတာလည်း
တွေ့ရသည်။ နိုင်ငံရေးရာပိုင်း မနှံ့စပ် မကျွမ်းကျင်သော ဂျာနယ်လစ်တွေရဲ့  အလွဲလွဲ အမှားမှား
သမိုင်းအထောက်အထားတွေကိုလည်း တွေ့ရပါသည်။ ထိုကဲ့သို့ သတင်းရေးတဲ့သူတွေမှားယွင်းစွာ
ဖော်ပြနေခြင်းကို ဝါနုသူများ၊ အတွေ့အကြုံမရင့်သေးသူများ၊ ဗဟုသုတ အားနည်းသူများလို့
မှတ်ယူပြီး ခွင့်လွှတ်နိုင်သော်လည်း ထိုအကြောင်းအရာ သတင်း၊ ဆောင်းပါး စတာတွေကို ဂျာနယ်မှာ
ဖော်ပြရတဲ့ တာဝန်ခံစာတည်းများ၊ အယ်ဒီတာများအနေနဲ့ သတိချပ်သင့်ပါသည်။ မိမိတို့ ဂျာနယ်
ရောင်းအားကောင်းဖို့ တစ်ခုတည်း၊ သတင်းစုံဖို့တစ်ခုတည်းကို အာရုံမစိုက်ပဲ မိမိတို့ဖန်တီးတဲ့
စတုတ္ထမဏ္ဍိုင်ဟုခေါ်သော မီဒီယာအဆင့်အတန်း မြင့်မားဖို့ အရည်အသွေးပြည့်ဝဖို့ အထူးဂရုစိုက်စေလိုပါသည်။
နောက်ဆုံး
ကျွန်တော်ပြောလက်စနဲ့ ပြောလိုက်ချင်တာက ဂျာနယ်တွေမှာ စာမျက်နှာခွဲတဲ့ စနစ်ဖြစ်ပါတယ်။
မြန်မာလူမျိုးတွေအတွက်စာဆိုတာ ရှေ့မှသာ နောက်ကို ဖတ်သွားရခြင်းဖြစ်ပါသည်။ နောက်မှ
ရှေ့သို့ ပြန်ဖတ်ရတဲ့စာသည် အလွန်ရုပ်ဆိုးပါသည်။ နေရာ အခက်အခဲ ကော်လံအခက်အခဲ ရှိသည်ထားဦး၊
စာဖတ်ပရိသတ်ကိုတော့ လေးစားစွာဖြင့် ဖော်ပြပေးစေချင်ပါသည်။ တစ်ချို့ ဂျာနယ်တွေသည် နောက်ကျောဖုံးမှ
ခေါင်းကြီးပိုင်းများကို အတွင်းစာမျက်နှာသို့ ညွှန်းတာ ဖြစ်သင့်ပေမယ့် စာမျက်နှာ ၃၀
ကျော် ၄၀ လောက်က စာကို ရှေ့စာမျက်နှာ ၁၀-၂၀သို့ ပြန်လွှဲတာမျိုးများ ရှိနေပါသည်။ တစ်ချို
့နေရာတွေမှာ သတင်းတစ်ပုဒ် ဆောင်းပါးတစ်ပုဒ်ကို စာမျက်နှာတစ်ခုတည်း ကော်လံအပြည့် ဖော်ပြလို့ရပါလျက်နှင့်
ရှေ့စာမျက်နှာတွေ နောက်စာမျက်နှာတွေကို ပြန်ညွှန်းဖော်ပြထားတာဟာ စာဖတ်ပရိသတ်အတွက် လွန်စွာ
စိတ်အနှောက်အယှက်ဖြစ်မိပါသည်။ ထို့ကြောင့် တာဝန်ခံပုဂ္ဂိုလ်ကြီးများ အနေဖြင့် နာမည်သာ
တာဝန်ခံနေရာမှာ ဖော်ပြထားခြင်းမျိုးမလုပ်ပဲ မိမိတို့၏ ဂျာနယ်များ ခေတ်မီ၍ အရည်အသွေးပြည့်သော
ဂျာနယ်တစ်စောင်ဖြစ်ဖို့ပါ တာဝန်ခံပေးစေလိုပါသည်။
ဒီနေရာမှာ
ကျွန်တော်တို့ လူထုခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ သတ္တိနဲ့ပတ်သက်တဲ့ စကားကို
သွားသတိရမိပါသည်။ မဟုတ်တာလုပ်နေတာကို သိရဲ့ သားနဲ့ ဟုတ်ပါတယ်လို့တော့ မပြောစေချင်ပါဘူးတဲ့။
မဟုတ်တာလုပ်နေတာကို သိနေ၊ ကြားနေ၊ မြင်နေရဲ့ နဲ့ ဟုတ်ပါတယ်လို့ ပြောမယ့်အစား ဟုတ်ပါတယ် မှန်ပါတယ်လို့ မပြောပဲ နေတာ ပြည်သူတွေ ပထမအဆင့် လုပ်ယူရမယ့်
သတ္တိမွေးခြင်းပါတဲ့။ ကျွန်တော်တို့ ပြည်သူတွေဟာ အကြောက်တရား ကြီးကြသူတွေပါ။
တော်ရုံ မပြောရဲ မဆိုရဲ အာ မခံရဲတဲ့ သူတွေပါ။ မဟုတ်ကဟုတ်ကတွေ လုပ်နေလည်း ဟုတ်တယ် မှန်တယ်လို့
ပြောခိုင်းရင် ကြောက်ပြီး ပြောကြတာပါပဲ။ ပြဿနာရှည်ရှည်မဖြစ်ချင်ကြဘူး။ နားအေးရင် ပြီးရော
ပြောလိုက် ထောက်ခံလိုက်ကြတာများတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က ပြောတာ။ မဟုတ်တာ
လုပ်နေတာ သိသိကြီးနဲ့ ဟုတ်ပါတယ်လို့ မပြောကြပါနဲ့တဲ့။
အဲ့ဒီကနေ တဆင့်တက်ရင် မဟုတ်တာ မမှန်တာ လုပ်နေတာကို သိရင်၊ မြင်ရင်၊ ကြားရင်
အဲ့ဒါက မဟုတ်ဘူး၊ မမှန်ဘူးလို့ ပြောရဲရပါမယ်။ ထောက်ပြရဲရပါမယ်။ အဲ့ဒီလို ပြောရဲတဲ့
သတ္တိမျိုး မွေးနိုင်ရပါမယ်။ အဲ့ဒါ ဒုတိယအဆင့် သတ္တိပါ။
ကျွန်တော်တို့ဟာ အမှားမြင်ရင် အမှန်ပြင်ပေးဖို့ တော်တော်ဝန်လေးခဲ့ကြတာပါ။ ကျွန်တော်တို့
ဖြတ်သန်းခဲ့ရတဲ့ သက်တမ်းတစ်လျှောက် မှန်ကန်ရင် ကွဲကြတာများတယ်လေ။ အမှန်တရားကို ထုတ်ဖော်ပြောဆိုဖို့
မဝံ့ကြတဲ့ခေတ်မှာ လူဖြစ်ခဲ့ကြရတာကိုး။ ဒါကြောင့် အခုလို ပွင့်လင်းမြင်သာမှု ရှိလာတဲ့ခေတ်မှာ
ကျွန်တော်တို့ရဲ့  ရှေးရှေးကရှိခဲ့တဲ့ အကြောက်တရားတွေကို ဖယ်ခွာချသင့်ပါပြီ။ နိုင်ငံတော်သမ္မတကြီး
ဦးသိန်းစိန်ကတောင် ရှေးရိုးစွဲအယူရှိသူတွေ၊ နောက်ကြောင်းပြန်လှည့်လိုသူတွေကိုတော့
အနာဂတ်မြန်မာပြည်ခရီးမှာ ချန်ထားခဲ့ရပါမယ်လို့ အတိအလင်းပြောထားပါတယ်။
နောက်ဆုံး
အမေစုက ဘာဆက်ပြောလည်းဆိုတော့ ပထမအဆင့်နဲ့ ဒုတိယအဆင့်ကို ကျော်ဖြတ်ပြီးရင် တတိယအဆင့်က လူတိုင်း မှန်မှန်ကန်ကန် လုပ်ကြဖို့ပြောပါတယ်။
ပြည်သူတွေအားလုံး မှန်မှန်ကန်ကန်နဲ့အလုပ် လုပ်ကြမယ်ဆိုရင် ကျမတို့မြန်မာပြည်ကြီး မတိုးတက်လာစရာ
အကြောင်းမရှိဘူးလို့ ပြောပါတယ်။
ခေတ်မီသော
ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီ ချီတက်နေသောကာလ၌ စတုတ္ထမဏ္ဍိုင်ဖြစ်သော မီဒီယာသည် အရေးပါသော
အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ပြည်သူများအနေဖြင့် တစ်နေ့ထက်တစ်နေ့ မဂ္ဂဇင်း ဂျာနယ်များကို
အချိန်နဲ့တပြေးညီ ဖတ်ရှုနေကြပါသည်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးမှအစ အုပ်ချုပ်ရေး၊
ဥပဒေပြုရေး၊ တရားစီရင်ရေး အလယ် စစ်ရေး၊ ငြိမ်းချမ်းရေး အဆုံး လေ့လာလိုသူ စိတ်ဝင်စားသူတွေ
အများကြီးရှိနေပါပြီ။ ထို့ကြောင့် ခေတ်မီသော နိုင်ငံနှင့် ခေတ်မီသော ပြည်သူများ အတွက်
မီဒီယာသည် ဗဟုသုတနှင့် ပညာပေးသော အလုပ်ကို တာဝန်ယူရသူများပီပီ စာဖတ်သူပြည်သူလူထုအား
မှန်မှန်ကန်ကန်၊ တိတိကျကျနဲ့ ခိုင်လုံသော သတင်းများသာ ပေးစွမ်းနိုင်ကြပါစေကြောင်း ဤနေရာမှ
ခံစားမိသလို ရေးသားတင်ပြလိုက်ရပါသည်။
အပါ
အရမ်းကောင်းသောPostပါ ။
ReplyDeleteအပါအိမ်နဲနီးနီးလေးပါ....... ဟီး ဟီး
စာမူခရရင်း ဘီယာလိုက်တိုက်ပါ :D :D
ရှယ်ဘဲ ရှယ်ဘဲ.. ဒီလို အနှစ်လေးတွေ များများ လွှတ်ပါ ဆရာရဲ့.... ဖတ်ချင်လို့ပါ။
ReplyDeleteဟုတ်ပါတယ် မှန်ပါတယ်လို့ မပြောပဲ နေတာ ပြည်သူတွေ( ပထမအဆင့်) လုပ်ယူရမယ့် သတ္တိမွေးခြင်းပါတဲ့
ReplyDeleteပြောရဲတဲ့ သတ္တိမျိုး မွေးနိုင်ရပါမယ်။ အဲ့ဒါ (ဒုတိယအဆင့်)သတ္တိပါ
(တတိယအဆင့်)က လူတိုင်း မှန်မှန်ကန်ကန် လုပ်ကြဖို့ပြောပါတယ်
အဲဒီလိုအဆင့် ၃ ဆင့်ခွဲပြီးပြောသွားတာလေးကိုအရမ်းကိုကောင်းတယ်
လင့်ခ် လေး ယူသွားပါတယ်ရှင်
ReplyDeleteမှတ်သားစရာပဲ
ReplyDeleteတို့မြန်မာတွေက တကွက်ကောင်းလေ ကိုယ့်တကွက်ပဲကြည့်ကြတာဗျို့း)
ကွန်မန့်တွေပေးထားတဲ့အတွက် ကျေးဇူးတွေတင်ပါတယ်။ နိုင်ငံရေးစာပေများကတော့ ပြည်တွင်းဂျာနယ်တိုက်တွေကို ပို့နေတာများပါတယ်။ ဖော်ပြခံရရင်တော့ ဘလော့ဂ်စာမျက်နှာပေါ်တင်လိုက်ပါ့မယ်။
ReplyDelete