ထိုနေ့မနက်က သူဆုံးပြီဆိုတာ ကြားလိုက်ရတယ်။
မယုံချင်ဘူး။ ကောလဟလလို့ပဲ ထင်မိတယ်။ မဖြစ်ပါစေနဲ့လို့လည်း ဆုတောင်းမိတယ်။ ဒါပေမယ့်
သူဆုံးသွားတာကတော့ အသေအချာပါပဲ။
အင်တာနက်စာမျက်နှာတွေပေါ် သူ့သတင်းတွေ ရောက်လာတယ်။
ဓါတ်ပုံတွေနဲ့ ဖော်ပြလာကြတယ်။ ကြေကွဲစွာ လက်ခံ လိုက်ရပါတယ်။ သူသေဆုံးသွားခဲ့ပါပြီ။
ရင်ထဲမှာ ဘယ်လိုမှ ဖော်မပြတတ်အောင် ခံစားခဲ့ရပါတယ်။
သူဟာ အချိန်မတိုင်မီ ကြွေလွင့်ခဲ့တဲ့ ကြယ်တစ်ပွင့်ပါ။
အကြွေစောတဲ့သူမို့ နှမြောမိတာလည်းပါတယ်။ လူကိုနှမြောတာထက် သူ့အနုပညာကို ပိုပြီး နှမြောတယ်။
သူဟာ အနုပညာသမားကောင်း၊ သရုပ်ဆောင်ကောင်းတစ်ယောက်ပါ။ သူရဲ့ သရုပ်ဆောင်မှုတွေဟာ ပီပြင်လွန်းတယ်။
သူဟာ mood အပြည့်နဲ့ သရုပ်ဆောင်တတ်တဲ့ မင်းသားတစ်ယောက်ပါ။ ဒရမ်မာကားတွေကို ပိုင်နိုင်စွာသရုပ်ဆောင်တတ်သူ၊
သူငိုရင် ပရိသတ်ငိုရတယ်၊ သူရယ်ရင် ပရိသတ်ရယ်ကြတယ်၊ သူ့ကြည့်တဲ့ ညှို့မျက်ဝန်းတွေထဲ
ပရိသတ်မျောပါကြရတယ်၊ သူဟာ အဲ့သလောက် အနုပညာဈာန်ကောင်းခဲ့တဲ့သူပါ။
သူရဲ့ သရုပ်ဆောင်ကောင်းချက်ကို အသိအမှတ်ပြုပေးခဲ့တာက
အမေ့ခြေရာဇာတ်ကားပါ။ ၁၉၉၇ခုနှစ်အတွက် တစ်ခုတည်းသော အကယ်ဒမီကို သူရရှိခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားမှာ
သေသွားပြီဖြစ်သော မိခင်ရဲ့ ခြေထောက်ကို ပါးနဲ့ကပ်ပြီး ငိုပြခဲ့တဲ့ ဇာတ်ဝင်ခန်းကြောင့်
ပရိသတ်ရော ဆင်ဆာအဖွဲ့ကပါ သူ့ကို အကယ်ဒမီ မပေးပဲမနေနိုင်အောင် ရင်ကိုထိစေခဲ့ပါတယ်။ ဘာကြောင့်များအဲ့သလောက်
သရုပ်ဆောင် ပီပြင်ရတာပါလိမ့်။ တကယ်တော့ အမေ့ခြေရာဇာတ်ကား မရိုက်ခင်မှာပဲ သူ့ရဲ့ အမေကွယ်လွန်ခဲ့ပါတယ်။
ဒါကြောင့် အမေ့ခြေရာရုပ်ရှင်မှာ သူဟာ တကယ့်ခံစားချက်ကို သဏ္ဍာန်လုပ် သရုပ်တူအောင်လုပ်ပြ
နိုင်ခဲ့တဲ့အတွက် သူ့ဘဝရဲ့ မှတ်တိုင် တစ်ခုတည်းသော အကယ်ဒမီဆုကို ရယူနိုင်ခဲ့တာပါ။
သူဟာ နောက်ပိုင်းမှာ ဟာသကားများကို ရိုက်လာခဲ့ပါတယ်။
တခါတလေ မရယ်ရတဲ့ ဟာသကားတွေ ရိုက်လာလို့ အင်တာဗျူးမေးတဲ့သူက သူ့ကိုမေးပါတယ်။ စူပါမင်းသားဖြစ်ပြီး
ပေါကြောင်ကြောင်ကားတွေ ဘာကြောင့် လက်ခံရိုက်ကူးခဲ့တာလဲပေါ့။ သူပြန်ဖြေတယ်။ စူပါမင်းသားက
ပေါကြောင်ကြောင်ကားမှ မဟုတ်ဘူး။ ဘာကားရိုက်ရိုက် ပိုက်ဆံရတယ်။ ဟောဟိုက မီးထိုးမှန်ထိုး
ထရော်လီတွန်း စက်အဖွဲ့သားတွေက တစ်နေ့လုပ်မှ တစ်နေ့စားရတယ်။ သူတို့အတွက် ကျုပ်တို့က
ဇာတ်လမ်းမရွေးပဲ ရိုက်ပေးနေကြတာ။ စူပါမင်းသားပါတဲ့ ကားမှ ကြည့်ချင်ကြတဲ့ ခင်ဗျားတို့
ပရိသတ်အတွက်ပါ။ ကျုပ်တို့က တစ်ကားရိုက်ပြီး တစ်လလောက်ထိုင်စားလို့ရပေမယ့် သူတို့က တစ်နေ့လုပ်မှ
တစ်နေ့စားရတဲ့ ဘဝတွေလေဗျာလို့ သူကြင်လည်တဲ့ သူ့အသိုင်းအဝိုင်းက အောက်လက်ငယ်သားတွေဘဝကို
စာနာပေးခဲ့တဲ့ ဂရုဏာရှင် မင်းသားပါ။
သူ့မိတ်ဆွေ ဒါရိုက်တာတစ်ယောက် အကယ်ဒမီရတဲ့အခါ
စင်မြင့်မှာ ပြောသွားတာသတိရမိတယ်။ ဒီဇာတ်ကားရိုက်ရင် ခင်ဗျား အကယ်ဒမီရမယ်လို့ မင်းသားကပြောပါတယ်တဲ့။
ဒါရိုက်တာကလည်း မင်းသားကို ခင်ဗျားလည်းရနိုင်တယ်လို့ ပြန်ပြောတော့ မင်းသားကပြောတယ်တဲ့၊
ကျုပ်က တစ်ခုရပြီးပြီ။ လုံလောက်ပါပြီတဲ့။ မရသေးတဲ့ လူတွေရပါစေဆိုပြီး ပြောခဲ့လို့ သူ့မိတ်ဆွေ
ဒါရိုက်တာက လွမ်းဆွတ်သတိတရ ကျေးဇူးတင်စကားထဲ ထည့်ပြောသွားခဲ့တာပါ။ အဲ့ဒီကားနဲ့ သူပြောသလိုပဲ
တစ်ခါမှ မရသေးတဲ့ သူ့တပည့်တစ်ယောက် အကယ်ဒမီရသွားခဲ့ပါတယ်။ အဲ့ဒီကားက မျှော်လင့်ခြင်းများစွာ။
သူဟာ သူ့ဦးလေးဖြစ်သူ နာမည်ကြီးမင်းသားတစ်ယောက်ရဲ့
အနုပညာမျိုးရိုးက ပေါက်ဖွားလာသူဖြစ်ပေမယ့် ကိုယ်တိုင်ကြိုးစား အားထုတ်မှု မရှိပဲနဲ့တော့
ပရိသတ်ရလာမှာ မဟုတ်ပါဘူး။ သူဟာ စတင်နာမည်ကြီးကာစမှ သေဆုံးတဲ့အထိ စူပါမင်းသားအဖြစ် ရပ်တည်သွားခဲ့သူပါ။
သူ့ကို အနီးကပ် ပါရမီ ဖြည့်ပေးခဲ့သူကတော့ သူ့ဇနီးပါ။ မင်းသားမဖြစ်ခင်ကတည်းက သမီးရည်းစားဖြစ်ခဲ့၊
လက်ထပ်ခဲ့ကြတဲ့ ငယ်ပေါင်းတွေပါ။ သူနာမည်မကြီးခင်မှာ နာမည်ကြီးသရုပ်ဆောင်တွေရဲ့ အဖတ်မလုပ်ချင်မှု၊
အရောမဝင်ချင်မှု တွေနဲ့ ခံစားခဲ့ရသမျှ သူ့နှလုံးသားကို သူ့ဇနီးကပဲ အားပေးနှစ်သိမ့်ခဲ့ရတာပါ။
သူဟာ မခံချင်စိတ်နဲ့ ကြိုးစားနိုင်ခဲ့လို့ သူလိုချင်တဲ့ အောင်မြင်မှုကို လှမ်းကိုင်နိုင်ခဲ့တာပါ။
သူဟာ ရန်ကုန်စက်မှုတက္ကသိုလ်ဆင်း အင်ဂျင်နီယာတစ်ယောက်လည်းဖြစ်တယ်။
ဒါပေမယ့် အင်ဂျင်နီယာအလုပ်ထက် အနုပညာအပေါ်မှာ ပိုပြီးရူးသွပ်ခဲ့သူပါ။ သူဟာ သီချင်းတွေလည်း
ဆိုခဲ့သူပါ။ သူ့သီချင်းတွေဟာ လူသိနည်းခဲ့ပေမယ့် သူ့အသံနဲ့ ဖန်တီးခဲ့တဲ့ သူ့အနုပညာကတော့ကျန်ရစ်ခဲ့ပါတယ်။
သူဟာ သက်ရှိထင်ရှားမရှိတော့သည့်တိုင် စီးတီးFM ဧည့်ခံပွဲညမှာတော့ သူ့သူငယ်ချင်း အမျိုးသမီးအဆိုတော်နဲ့
တွဲပြီး ဘယ်တော့မှ မမေ့ဘူး ဆိုတဲ့သီချင်းကို ဆိုပြသွားပါသေးတယ်။ ဟုတ်ပါတယ်။ သူ့ကို
အားလုံးက ဘယ်တော့မှ မမေ့ပါဘူး။
သူဟာ ပန်းချီကိုလည်း ရူးသွပ်ခဲ့သူပါ။ စိတ်ထဲမှာ
ဖြစ်ပေါ်လာတဲ့ ခံစားချက်ကို ပန်းချီကားတစ်ကား ရေးဆွဲလေ့ရှိပါတယ်။ သူ့ပန်းချီတွေကို သူသေပြီးမှပဲ
ပြပွဲလုပ်နိုင်ခဲ့ပါတယ်။
သူဟာ သေဆုံးချိန်မှာ အသက် ၄၂နှစ်ပဲ ရှိပါသေးတယ်။
သူ့နာရေးသတင်းဟာ တစ်နိုင်ငံလုံးကို ပျံ့နှံ့ပြီး ပရိသတ်အားလုံး ဝမ်းနည်းပူဆွေးခဲ့ကြရပါတယ်။
နိုင်ငံတကာရောက် မြန်မာတွေလည်း သူ့သတင်းကို ကြားပြီး စိတ်မကောင်း ဖြစ်ခဲ့ကြရပါတယ်။
သူ့ရိုက်ခဲ့တဲ့ကားတွေ၊ သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ဇာတ်လမ်းတွေနဲ့ သူ့အကြောင်း ရေးထားတဲ့
စာစောင်၊ မဂ္ဂဇင်းတွေ ရောင်းအားတက်သွားခဲ့ပါတယ်။ သူ့ဈာပနမှာ အလွန်များပြားတဲ့ ပရိသတ်ရဲ့
လိုက်ပါပို့ဆောင်မှုကို ရှောင်ရှားနိုင်ဖို့ အာရုဏ်တက်ချိန် မနက် ၄နာရီမှာ သဂြိုလ်ခဲ့ရပါတယ်။
ဒါတောင် ညအိပ်စောင့်ကြတဲ့ သူ့ကိုချစ်သော ပရိသတ်ရယ်၊ သူ့ရောင်းရင်း အနုပညာရှင်တွေရယ်နဲ့
တိုးမပေါက်အောင် စည်ကားခဲ့ပါတယ်။
သူ့ကိုချစ်တဲ့ အနုပညာအသိုင်းအဝိုင်းက လူတွေလည်း
သူ့ကို ဆုံးရှုံးလိုက်ရလို့ အရမ်းနှမြောခဲ့ကြရတယ်။ သူကတော့ သူချစ်တဲ့ အနုပညာနဲ့ သူ့ပရိသတ်တွေကို
နှုတ်မဆက်ပဲ ရုတ်တရက် ခွဲခွာသွားခဲ့ပါတယ်။ သူရိုက်လက်စ၊ လုပ်လက်စ ရုပ်ရှင်ကားတွေနဲ့
အနုပညာအလုပ်တွေ အားလုံး တိုးလို့တန်းလန်းဖြစ်ကုန်ကြပါတယ်။
တစ်ချို့က လူစားထိုးပြီး ဆက်ရိုက်ကြသလို၊ တစ်ချို့က
ဇာတ်ညွှန်းကို ပြန်ပြင်ရိုက်ခဲ့ကြရပါတယ်။ ဘယ်လိုပဲ ဖန်တီးဖန်တီး သူပါဝင်ခဲ့တဲ့ ရုပ်ရှင်တွေကတော့
ပရိသတ်ကို ဖမ်းစားထားနိုင်ဆဲပါပဲ။
လာမယ့် ဇူလိုင် ၁၁ ရက်နေ့မှာ သူကွယ်လွန်ခြင်း
၅နှစ်ပြည့်ခဲ့ပါပြီ။ ဒါပေမယ့် သူ့အသံ၊ သူ့ဟန်၊ သူ့အမူအယာ၊ သူ့စတိုင်နဲ့ သူ့နာမည်ကတော့
ဒီကနေ့ထိ မသေသေးပါဘူး။ သူလိုလူဟာလည်း တစ်ခေတ်မှာ တစ်ယောက်ပေါ်ထွန်းလာ တဲ့ ငွေကြယ်ပွင့်တစ်ပွင့်ဖြစ်ခဲ့ပါတယ်။
သူကတော့
လေအဝေ့မှာ ပျယ်လွင့်ခဲ့ရတဲ့ ကြယ်တစ်ပွင့် ဒွေး (သို့မဟုတ်) ညှို့တတ်သော ပင်လယ်။
။
ဟုတ်တယ်အပါရေ
ReplyDeleteဒွေးက သရုပ်ဆောင်အရမ်းကောင်းတယ်
အသက်ဝင်တယ် အမလဲဒွေးကိုကြိုက်တယ်
ကိုသားကြီးက ကိုသားကြီး အောက့်မေ့ဖွယ်ရေးထားလို့ အောက်မေ့စွာ ဖတ်သွားပါတယ်ဗျာ။
ReplyDeleteအစ်မစံပယ်လည်း ကိုသားကြီးပရိသတ်ထင်တယ်။ ကျွန်တော်က ခရေစီကိုဖြစ်တာဗျ။ ကျွန်တော်ခရေစီဖြစ်တဲ့သူတိုင်းက အသေစောကြတယ်။ ကိုငှက်လည်း ကျွန်တော်သိပ်ကြိုက်တာ။ သေတာပဲ။ အခု ဘယ်သူ့ကို ခရေစီလုပ်ရမလဲ စဉ်းစားနေတာ။ (ဟဲဟဲ)
ReplyDeleteဆရာထွဋ်ရေ...အောက်မေ့စွာဖတ်သွားလို့ ကျေးဇူးပါဗျာ။
သူဆုံးတုန်းက အွန်လိုင်းပေါ်ကဘဲသိလိုက်ရတယ်။ ယုံတောင်မယုံနိုင်ဘူး။
ReplyDelete