Saturday, June 16, 2012

သွေးကပေးတဲ့ဝါသနာ

ဂျပန်မလေး ယုမိစံလို့ ပြောလိုက်ရင် တစ်ချို့တွေက တန်းပြီးသိကြပါတယ်။ ဂျာနယ်ကျော်မမလေးရဲ့ နာမည်ကျော် သွေးဝတ္တုထဲက ဇာတ်လိုက်မင်းသမီးလေးပါ။ ယုမိစံကို ဘာလို့အခုထိ မှတ်မိနေရသလဲဆိုတော့ ကျွန်တော့်ဘဝရဲ့ မှတ်တမ်းတစ်ပုဒ် အစဟာ ယုမိစံကြောင့်ပါလို့ပြောရပါမယ်။ ဒါတင်ဘယ်ကမလဲ မစိန်ကြည်ဆိုတဲ့ နာမည်ကို ကြားတိုင်းလည်း ဒီကနေ့အထိ ရွတ်မိနေသေးတဲ့ သီချင်းလေးတစ်ပုဒ်ရှိပါသေးတယ်။ အဲ့ဒါက “စိန်ကြည်နော် စိန်ကြည် လင်ယူပက်စက်သည် မာစတာကြီး တိုကျိုပြန် ဗိုက်တစ်လုံးနဲ့ကျန်” ဆိုတဲ့ သီချင်းပါ။ 

လွန်ခဲ့တဲ့ ၁၆နှစ် ကျွန်တော် ၁၂နှစ်သားအရွယ်မှာ အဘွားဆီက အဲ့ဒီ သွေး ဝတ္ထုစာအုပ်လေးကို ရခဲ့ပါတယ်။ အဲ့ဒီနေ့က မှတ်မိသေးတယ်။ အဘွားက သူ့ကုတင်ပေါ်မှာ စာအုပ်ဖတ်ရင်း မျက်ရည်လေးတွေ သုတ်နေတာ ကျွန်တော်သတိထားမိလိုက်တယ်။ အဘွားငိုနေတယ်ပေါ့။ ဘာလို့လဲ။ အဘွားငိုနေတာတွေ့တော့ ကျွန်တော်လည်း စိတ်မကောင်းပါဘူး။ ကျွန်တော် အဘွားကုတင်နားသွားကြည့်တော့ အဘွားက စာအုပ်ဖတ်ရင်း ငိုနေတာကိုး။ ကျွန်တော့်ကို မြင်တော့ အဘွားက သူ့မျက်ရည်စလေးတွေကို သိမ်းလိုက်တယ်။ ပြီးတော့ သောက်ရေတစ်ခွက်သွားခပ်စမ်းဆိုပြီး ကျွန်တော့်ကို ခိုင်းတယ်။ ကျွန်တော်ကလည်း သောက်ရေခပ်လာပြီး စပ်စုချင်တော့ အဘွားဘာလို့ ငိုနေတာလဲလို့ မေးမိတယ်။ ဒီတော့ အဘွားက သူ့လက်ထဲက စာအုပ်ကို ကျွန်တော့်လှန်းပေးတယ်။ ရော့ ဒီစာအုပ်ကိုဖတ်ကြည့်။ ဂျပန်မလေးနဲ့ သူ့မောင်လေး ပြန်တွေ့တဲ့ဇာတ်လမ်း၊ အရမ်းသနားဖို့ကောင်းတယ်လို့ပြောပြီး ကျွန်တော့်ကို စာအုပ်ဖတ်ခိုင်းတယ်။ စာအုပ်ကို ကြည့်လိုက်တော့ အထူကြီးပဲ။ ဟာ အဲ့ဒီလောက်များတာ ဘယ်လိုလုပ်ဖတ်နိုင်မှာလဲလို့ အဘွားကို ပြန်ပြောတော့ အဘွားက သူတောင် ၃ကြိမ်ရှိပြီတဲ့၊ ဒါကို ပြန်ပြန်ဖတ်တိုင်း အခုထိငိုရတုန်းပဲတဲ့။ ကဲ ဒီလောက်တောင် ညွှန်းနေမှတော့ ကျွန်တော်ဖတ်မယ်ပေါ့။ ဒါပေမယ့် ကျောင်းစာက တဖက်မဟုတ်လား။ ဝတ္ထုတွေထိုင်ဖတ်ပြီး ကျောင်းစာမကျက်လို့ အမေကဆူမှာလည်း ကြောက်တယ်။ ဘာပဲဖြစ်ဖြစ် အမေဆူတော့လည်း အဘွားနာမည် လွှဲချတာပေါ့။ ဒါအဘွားဖတ်ခိုင်းတာလို့ ပြောလိုက်ရင် အမေဆူရဲမှာ မဟုတ်တော့ဘူးလို့ တွေးပြီး ကျွန်တော် အဲ့ဒီစာအုပ်ကို စဖတ်ဖြစ်ပါတယ်။


နှစ်ပတ်ကြာပါတယ်။ ဝတ္တုတစ်ပုဒ်ကို ၁၅ရက်လောက်ဖတ်တဲ့သူဟာ ကျွန်တော်တစ်ယောက်တည်းရှိမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီသွေးဝတ္ထုဟာ ကျွန်တော့်ဘဝမှာ ပထမဦးဆုံးစဖတ်တဲ့ ဝတ္ထုဖြစ်လို့ပါပဲ။ ကျွန်တော်ငယ်ငယ်ကတည်းက ဖတ်နေကျ ရွှေသွေး၊ တွတ်ပီ၊ မြတ်မင်္ဂလာစတဲ့ စာအုပ်တွေနဲ့ မတူတဲ့ အရေးအသား၊ အဖွဲ့အနွဲ့၊ စကားလုံးတွေဟာ အင်မတန်မှ ဖတ်ချင်အောင် ဆွဲဆောင်ထားပါတယ်။ ကျွန်တော်လက်က မချနိုင်အောင် ဖြစ်ခဲ့ရတယ်။ သို့သော် ကျွန်တော်ဟာ စာဖတ်ချိန်နဲ့ စာကျက်ချိန်ကို နာရီသတ်မှတ်ထားလို့ စာကျက်ရတော့မယ့်အချိန်မှာ ဝတ္ထုစာအုပ်ကို ပိတ်လိုက်ရပါတယ်။ ဒါကြောင့် တစ်အုပ်လုံးပြီးဖို့ ၁၅ရက် နှစ်ပတ်လောက် ကြာသွားပါတယ်။ ဒါ့အပြင် ကျွန်တော်စာဖတ်ရင် ဘယ်တော့မှ ပြီးပြီးရော မဖတ်တတ်လို့ပါ။ စာတစ်ကြောင်းချင်းဆီကို ဖတ်ရင်း မျက်လုံးထဲ ဇာတ်ဝင်ခန်းတွေကို မြင်ယောင်ဖတ်တတ်လို့ပါ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ တခါတရံ စာအုပ်ပေါ်ကနေ မျက်လုံးကိုလွှဲ အဝေးတစ်နေရာကို ကြည့်ငေးရင်း အတွေးနယ်ချဲ့တတ်သော ဝါသနာကြောင့်လည်း ဖြစ်ပါတယ်။

သွေး ဝတ္ထုဟာ စာဖတ်သူကို တကယ်ဆွဲဆောင်တဲ့ ဝတ္ထုတစ်ပုဒ်ပါ။ ဖတ်ဖူးသူတိုင်း သိကြပါတယ်။ ဂျာနယ်ကျော် မမလေးရဲ့ အရေးအသား ပညာကြောင့်လည်း ဖြစ်မှာပါ။ အဲ့ဒီတုန်းက ကလေးဆိုတော့ အဘွားပြောတဲ့အတိုင်းပါပဲ။ ယုမိစံကို သနားလို့ မျက်ရည်တွေတောင် ကျရပါတယ်။ တခြားသူတွေ မြင်ရင် ဟားမှာဆိုးလို့ ခြံထဲက စက္ကူပန်းခြုံအောက်မှာ ခိုးပြီးငိုခဲ့ရတာပါ။ ဇာတ်သိမ်းပိုင်းဟာ ပိုပြီးလွမ်းစရာကောင်းသည်။ အစ်မဖြစ်သူ ဂျပန်မလေးကို လေယာဉ်ကွင်းလိုက်ပို့ရင်း နှုတ်ဆက်တဲ့ အခန်းပါ။ ဆိုင်ယိုနားရား ဆိုတဲ့ စကားလုံးကို အဲ့ဒီမှာ စတင်ကြားဖူးခဲ့တာပါပဲ။ သူ့မောင်လေးဖြစ်တဲ့ မောင်မောင်က လူအုပ်ကြားထဲကနေ မမ မမ လို့လှန်းအော်နေတာကို ယုမိစံကြားနေခဲ့ပါတယ်။ မျက်ရည်တွေ အတောမသတ်ကျရတဲ့ ဇာတ်သိမ်းခန်းပါ။ မကြာခင်ဝေဟင်ထဲ ပြန်တက်တော့မယ့် လေယာဉ်ပျံကြီးက တဖက်၊ မမရေ မမရေ လို့အသံကုန်ဟစ် အော်ခေါ်နေတဲ့ မောင်လေးက တဖက် ဟိုဘက်ပြေးရမလို ဒီဘက်ပြေးရမလို လေယာဉ်ကွင်းထဲ ဗျာများနေတဲ့ ယုမိစံကို မျက်လုံးထဲ မြင်မိပါတယ်။ ဆိုင်ယိုနားရား ဆိုင်ယိုနားရားလို့ ဂျပန်လို အော်ပြောရင်း တံခါးပိတ်ဖို့စောင့်နေတဲ့ လေယာဉ်ကြီးပေါ် ယုမိစံတက်သွားခဲ့ပါတယ်။ မမရေ..သွားတော့..သွားတော့လို့ အော်ပြောရင်း မျက်ရည်တွေစီးကျနေတဲ့ မောင်မောင့်ကိုလည်း မျက်လုံးထဲ မြင်နေမိတယ်။ တကယ့်ကို ခံစားရတဲ့ မောင်နှမဇာတ်လမ်းလေးပါ။ ဝတ္ထုထဲက ဇာတ်ကောင်တွေကို မျက်လုံးထဲမြင်မိပြီး ငိုခဲ့ရတာပါ။ 

ကျွန်တော့်ပထမဆုံး စာပေဆိုတာ ဘာလဲလို့ သိစေခဲ့တဲ့ သိခဲ့ရတဲ့ စာအုပ်မှာပဲ အငိုနဲ့စခဲ့ရတာပါ။ ခံစားချက်နဲ့ ဖတ်ဖြစ်ခဲ့တာပါ။ ဝတ္ထုစာအုပ်ကတော့ ယုမိစံစီးသွားတဲ့ လေယာဉ်ကြီး မိုးပေါ်ပျံတက်သွားတာနဲ့ ဇာတ်သိမ်းသွားပါပြီ။ ဇာတ်မသိမ်းနိုင်သေးပဲ တွေးတွေးပြီး ဝမ်းနည်းနေမိတာက ကျွန်တော်ပါ။ အော် စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေးတို့များ အရေးအသားပိုင်နိုင်လိုက်တာလို့ စဉ်းစားမိတိုင်း လေးလည်း လေးစား၊ အားလည်း အားကျမိပါတယ်။ ဒါကြောင့်လည်း နှစ်ပေါင်း များစွာကြာခဲ့ပေမယ့် ယနေ့တိုင် ဖတ်လို့ကောင်းနေဆဲဖြစ်နေတာပါ။ 

ဒါကြောင့် ကျွန်တော် စာပေကို အလွန်သဘောကျ လေးစားပြီး လေ့လာလိုက်စားဖြစ်ခဲ့ခြင်းဟာ သွေးကပေးတဲ့ ဝါသနာလို့ပဲ ပြောလိုက်ပါရစေ။ သွေးသားအရင်းဖြစ်တဲ့ အဘွားရဲ့ တိုက်တွန်းမှု၊ ဖတ်ဖြစ်တဲ့ စာအုပ်က ဂျာနယ်ကျော်မမလေးရဲ့ သွေးဝတ္ထု။ ဒီတော့ သွေးကပေးတဲ့ ဝါသနာဖြစ်လာခဲ့တာပါပဲ။

3 comments:

  1. အမကိုလဲအမ အဖွားကဖတ်ခိုင်းလို့သာ(မဖတ်ချင်ဖတ်ချင်နဲ့)
    စပြီးဖတ်ခဲ့ရတယ် ခုတော့အရမ်းကိုကြိုက်လို့ဝယ်ထားလိုက်တယ်
    ဂျာနယ်ကျော်မမလေးစာအုပ်၅-၆အုပ်တော့ခုထိရှိနေတုန်းပဲ
    အပါကစာအုပ်ကိုဖတ်ပြီးအဲလိုလေးတွေရေးတတ်တယ်နော်
    အမကတော့အဲလိုမရေးတတ်ဘူး စဉ်းစားပြီးတွေးနေတတ်တာပဲ

    ReplyDelete
  2. အစ်မစံပယ်ရေ...ကျွန်တော်ရေးတဲ့စာတွေ လာဖတ်တဲ့အတွက် ကျေးဇူးပါဗျာ။ ကျွန်တော်က စာဖတ်မှ မဟုတ်ဘူးဗျ၊ ရုပ်ရှင်ကြည့်လည်း ကိုယ်ကြိုက်ပြီဟေ့ဆိုရင် ဇာတ်ဝင်ခန်းတွေကို အလွတ်ရအောင် မှတ်ထားတတ်တာ ဝါသနာပါ။ အစ်မလည်း ဖတ်ထားတဲ့ စာတွေကို ရေးပြီး share ပါဦးဗျာ။ အတွေ့အကြုံလေးတွေ ဖလှယ်ရတာပေါ့။

    ReplyDelete
  3. သိပါ့ဗျား... သိပါ့

    ReplyDelete