ကျွန်တော်တို့
တက္ကသိုလ်စတက်တော့ မိဘပေးတဲ့နာမည်အစား နာမည်အသစ်တွေ ကင်ပွန်းအတပ်ခံကြရတာ ထုံးစံ ဖြစ်လာတယ်။
ကောင်မလေးတွေကိုလည်း ဒီလိုပဲ နာမည်အသစ်တွေနဲ့ ကင်ပွန်းတပ်ပေးပြီး စကားဝှက်အဖြစ်သုံးခဲ့ကြတယ်။
ကောင်မလေးတွေကျတော့
သူတို့အပြုအမူနဲ့ စတိုင်ပေါ်မူတည်ပြီး ကျောင်းသားတွေသတိထားမိတဲ့ ဝေါဟာရနဲ့ နာမည်တပ်ပေးကြတယ်။
အင်္ဂလိပ်မတွေစောင်းလေ့ရှိတဲ့
ဦးထုပ်ကို စောင်းစောင်းလာတတ်တဲ့သူကို ဖော်ရိန်နာ လို့ခေါ်လိုက်ကြတယ်။ အင်္ကျီမှာ နက်ပ်တိုင်တပ်ပြီး
ဝတ်လာတတ်တဲ့သူကိုတော့ ကြောင်လျှာသီးလို့ အမည်ပေးလိုက်တယ်။ ဆံပင်ပုံစံရော မျက်နှာလေးကပါ
ဂျပန်မလေးနဲ့တူတဲ့တစ်ယောက်ကိုတော့ ဂျပန်မလို့ပဲ ခပ်ရိုးရိုးပေးထားလိုက်တယ်။
ကိုယ်လုံးကထွားရတဲ့အထဲ
ဆံပင်ကို ကြက်ဆံမီးနှစ်ဘက်ကျစ်လာတတ်တဲ့သူကို ကာတွန်းထဲက ရှင်ဂွမ်းဂွိနဲ့တူလို့ ဂွိလို့
အတိုကောက်ခေါ်လိုက်ကြတယ်။ ပြီးတော့ သူ့နှာဖူးထက်မှာ အမြဲတမ်းဘီးကုပ်ရောင်စုံလေးတွေနဲ့
အလှပြင်လာတတ်တဲ့ ကောင်မလေးကိုတော့ ဘီးကုပ်လေးလို့ တင်စားခေါ်ကြတယ်။
တိရစ္ဆာန်နာမည်အပေးခံရတဲ့
ကောင်မလေးတွေရှိသေးတယ်။ မျက်နှာလေးတွေက အကောင်ရုပ်လေးတွေနဲ့ ဆင်လို့ ပေးလိုက်ကြတာ။
ကြွက်ကလေး၊ ဝက်ကလေး၊ ကြောင်၊ ယင်ကောင် စသည်ဖြင့်ပေါ့လေ။ ဒီကနေ့ထိလည်း အဲ့ဒီနာမည်တွေ
အတိုင်းခေါ်ဝေါ်ပြောဆိုနေကြတုန်းပါပဲ။ စိတ်မဆိုးကြပါဘူး။ တစ်ချို့လည်း အိမ်ထောင်တွေတောင်
ကျကုန်ပြီ။ ဒီနာမည်ကတော့ အတူတွဲလျက်ရှိနေဆဲ။
ကောင်မလေးတွေရဲ့
နာမည်တွေက သိပ်မဆိုးဝါးပေမယ့် ယောင်္ကျားလေးတွေရဲ့ နာမည်တွေကတော့ တစ်ခုမှ အကောင်းမရှိဘူး။
ရယ်တဲ့အခါ
မြင်းလို ရယ်တတ်တဲ့ကောင်ကို မြင်းကြီး။ အသားမဲတူးနေတဲ့ကောင်ကတော့ ကျွဲကြီးပဲ။ ဘာလုပ်လုပ်
နှေးကွေးလွန်းတဲ့ကောင်ကျတော့ လိပ်ကြီး။ မျက်နှာက ဖားပြုတ်နဲ့တူလို့ ဖားပြုတ်လို့အခေါ်ခံရတဲ့ကောင်လည်း
ရှိတယ်။ ကောင်မလေးတွေနား တစာစာကပ်ပြီး လိုက်တတ်လို့ စာကလေးလို့ခေါ်တဲ့ကောင်လည်းရှိတယ်။
ဖဲကစားတိုင်း အမြဲရှုံးတဲ့သူက ဖွတ်ကြီးဖြစ်လာတယ်။ နားရွက်ကားတဲ့ကောင်က နဂါးဖြစ်လာပြီး၊
နဲနဲလေးမှ အငြိမ်မနေတတ်ပဲ လက်ဆော့တတ်တဲ့ကောင်က မျောက်ကြီးဖြစ်သွားတယ်။
စကားမပီတဲ့ကောင်တစ်ယောက်လည်းရှိတယ်။
ဒီကောင်က န နဲ့ င နဲ့ မကွဲဘူး။ ဒီကောင့်ကို စချင်နောက်ချင်ရင် အဆိုတော်အငဲကို ပြောကြည့်စမ်းဆိုရင်
ဒီကောင်က အနဲလို့ပဲထွက်တယ်။ ဒါကြောင့် ဒီကောင့်နာမည် အနဲဖြစ်သွားတယ်။
ကျွန်တော်တို့သူငယ်ချင်းတွေထဲမှာ
တောခွေးလို့အခေါ်ခံရတဲ့ကောင်လည်းရှိသလို စနိပ်လို့အခေါ်ခံရတဲ့ကောင်လည်း ရှိတယ်။ သူငယ်ချင်းမွတ်စလင်တွေလည်းပါတော့
သူတို့နာမည်တွေကိုလည်း ကြည့်ဦး။ ဘင်လာဒင်တို့ ကုလားလေးတို့ စသည်ဖြင့်အခေါ်ခံကြရတယ်။
တစ်ယောက်မှကတော့ စိတ်မဆိုးကြဘူး။ လှန်းခေါ်ရင်တောင် ဟေ့လို့ ပြန်ထူးကြသေးတာ။
ပြီးတော့ရှိသေးတယ်။
ဘောလုံးကန်ရင် အပြေးအရမ်းသန်တဲ့ကောင်ကို ကပ္ပလီလို့ခေါ်တယ်။ မျက်မှန်တပ်ထားတော့ လူရွှင်တော်
အရိုင်းနဲ့တူနေလို့ အရိုင်းလို့ခေါ်ခံရတဲ့ကောင်ရှိသလို မင်းသားသျှားညိုနဲ့တူလို့ သျှားညိုလို့ခေါ်ရင်း
သျှားကြီးအမည်တွင်သွားတဲ့ ကောင်လည်းရှိတယ်။
အီတလီက
ဘောလုံးသမား တော့တီကို ခရေဇီဖြစ်လွန်းတဲ့ကောင်ကျတော့ သူ့နာမည် တော့တီဖြစ်သွားတယ်။ နဲနဲနွဲ့တဲ့ကောင်ကျတော့
နာမည်ရှေ့မှာ မိန်းကလေးနာမ်စား မိ ဆိုတာတပ်ခေါ်ရင်း မိကျော်လို့နာမည်တွင်သွားတဲ့ သူလည်းရှိသလို
မမထိုက်လို့ နာမည်တွင်သွားတဲ့သူတွေလည်းရှိတယ်။
မြို့နာမည်ကို
အစွဲပြုပြီးခေါ်ခံရတဲ့ သူငယ်ချင်းတွေလည်း ရှိသေးတယ်။ ကျောက်တန်းကလာတတ်တဲ့ ကျောင်းသားကို
ကျောက်တန်းလို့ပဲ ခေါ်လိုက်ကြပြီး ခရမ်းကလာတတ်တဲ့ ကျောင်းသူကျတော့ မခရမ်းလို့ ခေါ်လိုက်ကြတယ်။
သုံးခွသူလေးကိုလည်း သုံးခွလို့ခေါ်လိုက်ပြန်တယ်။ မင်္ဂလာတောင်ညွန့်ကလာတတ်တဲ့ ကောင်ကျတော့
တွန့်ညောင်လို့ ခေါ်ကြပြန်တယ်။
တခါ
နာမည်တွေမသိခင်က အတန်းထဲရောက်ရောက်ချင်း အလွယ်တကူ မှတ်လွယ် သိလွယ်လို့ ခေါ်လိုက်ကြတဲ့
နာမည်တွေကလည်း အခုထိ အဲ့ဒီအတိုင်း တွင်နေဆဲပါပဲ။ ပထမနှစ်မှာ စခေါ်ခဲ့ပေမယ့် နောက်ဆုံးနှစ်ပြီးတဲ့အထိ
အဲ့ဒီအတိုင်း အခေါ်ခံခဲ့ရတဲ့ နာမည်တွေက ရိုးဝမ်း၊ ရိုးတူး၊ ရိုးသရီးဆိုတဲ့ကောင်တွေပါပဲ။
ကျွန်တော်တို့
ပထမနှစ်စတက်တဲ့အချိန်တုန်းက မြဝတီက တရုတ်သိုင်းကားတွေ အားကောင်းကောင်း ပြနေတဲ့ အချိန်မို့
တရုတ်သိုင်းကားထဲက နာမည်တွေကလည်း ကျွန်တော်တို့ သူငယ်ချင်းတွေကြား အခေါ်ခံခဲ့ရပါတယ်။
ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကတော့ ပုကျင်းရင်ဆိုတဲ့ သိုင်းမင်းသားနဲ့တူလို့ သူ့နာမည်
ပုကျင်းရင် ဖြစ်သွားတယ်။ ရုပ်နဲနဲဆိုးတဲ့ ကောင်မလေးကိုတော့ မေချောက်ဖုန်လို့ခေါ်လိုက်ကြတယ်။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ ပေါင်ချိန်တို့၊ ပါကျဲတို့၊ ယစ်ထုပ်ကြီးတို့ဆိုတာတွေလည်း
ပေးခဲ့ကြသေးတယ်။
ကျွန်တော်နဲ့
ကဗျာရေးဖော်ရေးဖက် သူငယ်ချင်းတစ်ယောက်ကျတော့ အမြဲဂတုံးတုန်းထားလို့ သိတဲ့အတိုင်းပဲ
သူ့နာမည် ဇာဂနာလို့တွင်သွားတာပေါ့။ ပြီးတော့ တက္ကသိုလ်ကျောင်းသားဘဝဆိုတာ ဖဲလောကနဲ့ ကင်းတာမှမဟုတ်ပဲ။
ဒီလိုဆိုတော့ ဖဲဝိုင်းတွေမှာ ရိုက်တိုင်းရှုံးတဲ့ကောင်ကို ရိုက်တိုင်းနိုင်တဲ့ကောင်တွေက
အချဉ်ပဲဆိုပြီး နာမည်တွေပေးကြတယ်။ များများရှုံးသွားတဲ့ကောင်က အချဉ်ကြီးမို့ ကျွဲကောသီး၊
နဲနဲရှုံးသွားတဲ့ကောင်က အချဉ်လေးမို့ သံပုရာသီးလို့ အမည်သမုတ်လိုက်ကြတယ်။
ကျွန်တော်ရေးပြနေတဲ့
နာမည်တွေနဲ့လူတွေဟာ တကယ့်အပြင်လောကထဲမှာရှိနေတဲ့သူတွေပါ။ ယနေ့ ဘွဲ့တွေရပြီးကြလို့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ
ဖြန့်ကျက်ရောက်ရှိနေကြတဲ့သူတွေလည်း ပါပါတယ်။ ကျွန်တော့်အနီးမှာ ရှိနေကြဆဲ သူငယ်ချင်းတွေလည်းပါသလို
ကျွန်တော်နဲ့ ကျောင်းပြီးသွားကတည်းက အဆက်အသွယ်ပြတ်သွားတဲ့ သူတွေလည်း ပါပါတယ်။
သူတို့နာမည်တွေချည်းပဲ
ပြောပြနေလို့ ဘယ်ပြည့်စုံပါ့မလဲ။ ကျွန်တော့်ကိုလည်း သူတို့ဝိုင်းပေးထားတဲ့ နာမည် ပြောပြရဦးမယ်။
ကျွန်တော်က ကံကောင်းတာပဲလား၊ အတန်းခေါင်းဆောင်ဖြစ်နေလို့ပဲလားမသိဘူး။ တစ်ချို့က အီးစီလို့ခေါ်ကြတယ်။
ကိုအီးစီကြီးဆိုပြီးလည်း ခေါ်ကြတယ်။ ဒါက ကျွန်တော်တို့ မေဂျာကသူငယ်ချင်းတွေခေါ်တာ။ ဒါပေမယ့်
နောက်ပိုင်း ကျွန်တော့်ကို တက္ကသိုလ်တစ်ခုလုံးက မေဂျာတူတွေရော၊ မေဂျာမတူတဲ့ သူတွေရော၊
ဆရာ၊ ဆရာမတွေရော၊ ကန်တင်းက ပိုင်ရှင်၊ စားပွဲထိုး၊ အဖျော်စရာတွေရော၊ ကျောင်းစောင့်တွေ၊
သန့်ရှင်းရေးတွေရော၊ ဖယ်လ်ရီဒရိုက်ဘာ၊ စပယ်ယာတွေရော အားလုံးသိတဲ့ နာမည်ကတော့ ဝင်းဦး
ဆိုတာပါပဲ။
ကျောင်းစတက်တက်ချင်း
အတန်းမစခင်အချိန်တွေမှာ ကျွန်တော်တို့ မေဂျာက သူငယ်ချင်းတွေ အခန်းဘေးက အုတ်ကန်ဘောင်တွေမှာထိုင်ရင်း
ဂစ်တာတစ်လက်နဲ့ သီချင်းညည်းလေ့ရှိကြပါတယ်။ အဲ့ဒီအခါ ကျန်တဲ့သူတွေက ခေတ်ပေါ်တေးတွေဆိုကြပေမယ့်
ကျွန်တော့်အလှည့်မှာတော့ ဆိုလိုက်မိတာက တိမ်လွှာမို့မို့လွင် ဖြစ်နေပါတယ်။ ပြာရီမှိုင်းကာ
မို့မို့ ညို့ညို့ညိုလွင်…အစချီပြီးဆိုပြလိုက်တော့ အားလုံးကောင်းချီးဝိုင်းပေးကြတယ်။
နောက်နေ့တွေမှာ
ကျွန်တော့်ကိုတွေ့တော့ ပြာရီမှိုင်းကာမို့မို့ကြီး လုပ်ပါဦးဆိုပြီး ပွဲတောင်းကြတယ်။
ဒီလိုနဲ့ ဝင်းဦးသီချင်းတွေ ဆိုပြရင်း နောက်ပိုင်း သူငယ်ချင်းတွေအားလုံးက လမ်းတွေ့ရင်
ဝင်းဦးလို့ခေါ်လိုက်ကြတော့တယ်။
ကျွန်တော့်ကျမှ
အကောင်းပြောတယ်ဖြစ်ဦးမယ်။ တကယ်ပြောတာပါ။ အဲ့ဒီ ဝင်းဦးဆိုတဲ့ နာမည် အခုထိ ကျောင်းမှာ
ကျန်ခဲ့တယ်လို့ပြောရင် ယုံပါ့မလား။ မယုံမရှိနဲ့။ တစ်ချိန်ကတော့ သန်လျင် ဂျီတီစီပေါ့၊
အခုတော့ သန်လျင်နည်းပညာ တက္ကသိုလ်ပေါ့ အဲ့ဒီက ကန်တင်းတစ်ခုမှာ ကျွန်တော့်နာမည်နဲ့ ဟင်းတစ်ပွဲရှိနေပါတယ်။
မိတ်ဆွေတို့ အကြောင်းသင့်လို့ အဲ့ဒီ ကျောင်းထဲရောက်ခဲ့ရင် မှာစားလိုက်ပါ။ ကန်တင်းနာမည်က
အင်ဖန်နတီ။ ဘာဟင်းလဲလို့ မပြောပြတော့ဘူး။ သိချင်ရင် ဝယ်စားလို့ပဲပြောလိုက်ချင်ပါတယ်။
လွန်ခဲ့တဲ့
ဆယ်နှစ် သန်လျင်ဂျီတီစီ စတက်ကတည်းက ယခုတိုင် ပြန်တွေ့ရင် မှတ်မိနိုင်ကြတဲ့ နာမည်ဆန်းများပိုင်ရှင်
သူငယ်ချင်းအားလုံးကို လွမ်းလျက်၊ တမ်းတလျက်၊ သတိတရ မှတ်မိသလောက် ပြန်လည်ဖော်ကျူးလိုက်ရပါသည်။
တစ်ချို့ကိုလည်း မေ့ကောင်းမေ့နေပါ၍ ဒီစာထဲမှာ မပါခဲ့သော်လည်း ရင်ထဲမှာ အစဉ်သတိရလျက်ပါ။
ဒီစာကို ဖတ်ရင်း သူငယ်ချင်းများ အားလုံး ကြည်နူးနိုင်ကြပါစေ။
အပါ
၁၇-၇-၂၀၁၂
ဝင်းဦး တစ်ပွဲလောက်ဗျို့... :P
ReplyDeleteအပါတို့ကျောင်းတက်တုန်းကအကြောင်းလေးနဲ့ နာမည်ဆန်းဆန်းလေးတွေပေးတဲ့
ReplyDeleteအကြောင်းဖတ်ပြီးငယ်ငယ်က သူငယ်ချင်းတွေကိုသတိရနေတာ
အမတို့လဲအဲလိုပဲ နာမည်တွေပေးခဲ့ဖူးတယ်
ဘာဟင်းလဲ သိချင်တယ်
ReplyDeleteရန်ကုန်ပြန်ေ၇ာက်မျ သန်လျင်က နည်းကညာကျောင်းသွားပြီး မှာစားကြည့်ရမှာ .. အဲ .. ဝင်းဦး တစ်ပွဲလို့ မှာရမှာလား အီးစီတစ်ပွဲလို့ မှာရမှာလား ..အဲ့ဒါကလေး ပြောဦးလေ
ReplyDeleteဝင်းဦးတစ်ပွဲလို့သာမှာလိုက်။ စားချင်စဖွယ်လေးတွေ့ရလိမ့်မယ်။ တကယ်တော့ အင်ဖန်နတီကန်တင်းမှာ အဲ့ဒီဟင်းက ရောင်းတာမဟုတ်ဘူး။ သူတို့ဖာသာ ချက်စားတဲ့ဟင်း။ ကျွန်တော်က တောင်းတောင်းစားရင်း ကျွန်တော်စားတာမြင်ပြီး ကျန်တဲ့လူတွေကပါလိုက်တောင်းစားကြတာ။ သူတို့က အလွယ်ပဲလေ။ အဘရေ...ဝင်းဦးဟင်းလေးလုပ်ပါဦးနဲ့ ဟန်ကျနေတာ။ နောက်တော့ ဆိုင်ရှင် အဘကြီးက မဖြစ်ချေဘူး။ ဒီပုံနဲ့ဆို မွဲမယ်။ ကန်တင်းထိပ်က အစားအစာကြော်ငြာဘုတ်မှာ ဟင်းပွဲတစ်မျိုးတိုးမှ ရတော့မယ်ဆိုပြီး ဝင်းဦးတစ်ပွဲ..၅၀ကျပ်ဆိုပြီး ရေးထည့်လိုက်တာ အခုတော့ ဘယ်ဈေးလည်းမသိဘူး။ ဟိုတစ်လောက ကျောင်းထဲရောက်တဲ့ သူငယ်ချင်းပြောတာတော့ ဝင်းဦးဟင်းက ရောင်းနေရတုန်းပဲတဲ့။ ရောက်ရင်သွားစားလိုက်နော်။
ReplyDelete