သူငယ်ချင်းရေ…
အာဇာနည်နေ့က မင်းငါ့ဆီဖုန်းဆက်တော့ ငါတို့
သူငယ်ချင်းနှစ်ယောက် မတွေ့တာလည်း ကြာပြီမို့ အလာပ သလာပတွေ ပြောဖြစ်ကြတာ ပြောမကုန်အောင်ပဲကွာ။
ငါဖြင့် မင်းကို အားနာလို့သာ စကားစဖြတ်လိုက် ရတယ်။ ပြောစရာတွေ မေးစရာတွေ ရှင်းပြစရာတွေက
အများသားလား။ မင်းတို့ အိုဗာဆီးကနေ ဖုန်းခေါ်ခတွေ ဈေးကြီးမှန်းသိလို့ တိုတိုတုတ်တုတ်နဲ့
လေကြော ဖြတ်လိုက်ရတယ်လေ။ အားတော့မရဘူးပေါ့ကွာ။ စကားတွေက ထပ်ပြောချင်နေတုန်းပဲ သူငယ်ချင်းရေ။
အဲ့ဒီနေ့က မှတ်မှတ်ရရ အာဇာနည်နေ့ဖြစ်နေတော့
မင်းနဲ့ငါ အာဇာနည်နေ့အကြောင်းတောင် ပြောဖြစ်သေးတယ်မဟုတ်လား။ မင်းက ငါ့ကိုပြောတယ်။ အာဇာနည်ကုန်းသွားပြီး
အလေးမပြုဖူးလားတဲ့။ မင်းစကားကြားတော့ ငါ နည်းနည်း အောင့်သက်သက် ဖြစ်မိတယ်ကွာ။ ဘာလို့လဲဆိုတော့
မင်းပြောမှ ငါ့ကိုယ်ငါ ရှက်မိလို့ပဲ။ ငါက ရန်ကုန်မှာနေတဲ့ ရန်ကုန်သားဆိုတော့အာဇာနည်နေ့
အာဇာနည်ကုန်းသွားပြီး ငါတို့ရဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို မမေ့မလျော့ အလေးပြုပြီး
ဂါရဝပြုသင့်တယ်မဟုတ်လား။ ငါသိပ်ရှက်ပါတယ် သူငယ်ချင်းရယ်။ မင်းကို ဖုန်းထဲကမို့ မသွားဖြစ်ပါဘူးကွာလို့ပဲ
ခပ်လွယ်လွယ်ပြောခဲ့ပေမယ့် ငါ့ရင်ထဲမှာတော့ တနုပ်နုပ်နဲ့ ခံစားမိတယ်။ ပါးစပ်ကသာ တိုင်းပြည်ချစ်စိတ်ရှိတယ်တွေ၊
မျိုးချစ်စိတ်ရှိတယ်တွေ လျှောက်ပြောနေပေမယ့် တကယ့်လက်တွေ့မှာတော့ ငါတို့တိုင်းပြည်ကို
တကယ်ချစ်တဲ့၊ ငါတို့နိုင်ငံကို တကယ်ကောင်းစားစေချင်တဲ့၊ မျိုးချစ်စိတ်အပြည့်နဲ့ အသက်ကိုတောင်
ပဓာနမထားပဲ တိုင်းပြည်လွတ်လပ်ရေးအတွက် လုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင်ကြီးတွေကို ကိုယ်တိုင်သွားပြီး
အလေးပြုဖို့ကျတော့ ခြေလှန်းတောင် မလှန်းနိုင်ခဲ့မိဘူး။ တစ်နှစ်မှာ တစ်ရက်ပဲ ပြုလုပ်တဲ့
အာဇာနည်နေ့ကို ငါဘာလို့ မသွားခဲ့မိပါလိမ့်ဆိုပြီး အတွေးတွေက တောင် ရောက်လိုက် မြောက်
ရောက်လိုက်ကွာ။ အရင်နှစ်တွေက ချုပ်ခြယ်မှုတွေ၊ တားဆီးမှုတွေရှိနေခဲ့လို့ မသွားဖြစ်တာကို
ထားပါတော့။ ဒီနှစ်တော့ ရုပ်မြင်သံကြားကတောင် မလွှင့်စဖူး တိုက်ရိုက်လွှင့်ပြီး နိုင်ငံတော်အဆင့်
ဒုသမ္မတကြီးကိုယ်တိုင် တက်ရောက် အလေးပြုခဲ့တဲ့ နှစ်ကျမှ ငါမသွားဖြစ်ခဲ့ပြန်ဘူး။ မင်းသာရှိရင်
တို့သူငယ်ချင်းနှစ်ယောက် တောင်ဘက်မုဒ်နားက ဘုရားစောင်းတန်းမှာ သွားထိုင်စောင့်ပြီး
အများနည်းတူ ဝင်လို့ရတာနဲ့ အလေးပြုဖို့ ချီတက်သွားကြမှာကွ။
အခုတော့ အလုပ်မအားတာကို ဗန်းပြရမလား၊ အဖော်ကောင်းမရှိတာကိုပဲ
ဗန်းပြရမလား၊ စိတ်သာရှိပြီး လူမလိုက်နိုင်တဲ့ ငါ့ဘဝကိုပဲ အပြစ်တင်ရမလားမသိတော့ဘူးကွာ။
မင်းအပြစ်ပြောလည်း ခံရမှာပဲ သူငယ်ချင်းရေ။ စိတ်သာ အဓိကပါလို့ မင်းငါ့ကို ပြောမှာ ငါသေချာသိတယ်။
အဲ့ဒီနေ့က ဖုန်းထဲမှာတော့ မင်းငါ့ကို ဘာအပြစ်မှ မပြောသွားလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်
မင်းငါ့ကို မေးခွန်းတစ်ခုတော့ မေးခဲ့တယ်။ ဘာရည်ရွယ်ချက်နဲ့မှ မေးတာမဟုတ်မှန်းငါသိပါတယ်။
ဒါပေမယ့် ငါ့ရင်ထဲမှာတော့ မင်းမေးခွန်းက အရမ်းအရေးကြီးတယ်လို့ ခံယူမိတယ်။
“အခုနောက်ပိုင်း ကလေးတွေ အာဇာနည်နေ့ကို ကောင်းကောင်းသိသေးရဲ့လား”
လို့မင်းမေးခဲ့တယ်။ ငါကလည်း “ကလေးတွေ သိပ်မသိတော့ဘူးကွ” လို့ပဲ လွယ်လွယ်ဖြေလိုက်တယ်။
ပြီးပြီးရော အမေးနဲ့ ပြီးပြီးရော အဖြေပေါ့ကွာ။ ဒါပေမယ့် မပြီးနိုင်ပဲ ကျန်ခဲ့တာက ငါ။
မင်းကို ဒီအကြောင်းလည်း ပြောပြချင်လို့ စာရေးလိုက်တာပဲ သူငယ်ချင်း။
မင်းနဲ့ငါ ဖုန်းပြောပြီးတဲ့နောက် ငါ့တူတော်မောင်တွေကို
ငါခေါ်ပြီးမေးကြည့်တယ်။ အာဇာနည်နေ့ကိုသိလားလို့။ သူတို့က သိပါတယ်လို့ဖြေကြတယ်။ ဒီတော့
မဆိုးဘူးလို့ ယူဆမိတယ်သူငယ်ချင်းရေ။ ကလေးတွေ အာဇာနည်နေ့ကို သိကြသေးတယ်ပေါ့။ ဘာဖြစ်လို့
အာဇာနည်နေ့လို့ ခေါ်တာလဲရော သိကြလားလို့မေးတော့ သိဘူးတဲ့။ ပြက္ခဒိန်မှာ အာဇာနည်နေ့ရေးထားလို့
ကျောင်းပိတ်ရက် ဆိုပြီး မှတ်ထားတာတဲ့။ ငါ့နဖူး ငါရိုက်မိတယ်သူငယ်ချင်း။ သူတို့သိတဲ့
အာဇာနည်နေ့ဆိုတာ ကျောင်းပိတ်ရက်ဆိုတာပဲ သိကြတာကိုး။
သူတို့ကို အပြစ်မတင်ခင် ငါ့ကိုယ်ငါ အရင်သုံးသပ်မိတယ်။
သူတို့ဟာ ငါ့တူတွေဖြစ်ပြီး ဘာလို့ ဒီလို အဖြစ်မျိုးရှိနေရပါလိမ့်လို့ စဉ်းစားမိတယ်။
ငါ့တူတော်မောင်တွေဆိုလို့ မင်းစိတ်ထဲ ငါ့ညီမလေး ယောက်ျားရသွားပြီ ထင်ဦးမယ်။ မဟုတ်ဘူး
သူငယ်ချင်းရေ။ ငါ့အစ်မ ဝမ်းကွဲတစ်ယောက်ရဲ့ သားတွေပါ။ မင်းကို ရှင်းအောင်လည်း ပြောပြထားရသေးတယ်။
တော်ကြာနေ နောက်ကားတောင် ကျော်တက်သွားပြီ အခုထိ ရှေ့ကားကြီး စက်မနှိုးနိုင်သေးဘူးလားလို့
မေးမှာ ကြိုသိတယ် သူငယ်ချင်း။ ငါတို့က ငယ်ပေါင်းတွေမဟုတ်လား။ မင်း ပါးစပ်ဟတာနဲ့ အူဘယ်နှစ်ခွေရှိတယ်ဆိုတာ
တက်အပ်ပြောနိုင်တယ်။ ထားပါတော့။ အာဇာနည်နေ့အကြောင်းလေး ဆက်ရအောင်။
သူတို့က အာဇာနည်နေ့ကို မသိဘူးဆိုတော့ ငါကပဲ ရှင်းပြရတာပေါ့။ အာဇာနည်နေ့ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းတို့
လုပ်ကြံခံရပြီး ကျဆုံးခဲ့ရတဲ့ နေ့ကို ခေါ်တာလို့ ပြောပြရတယ်။ ပြီးတော့ ငါကဆက်မေးလိုက်တယ်။
အာဇာနည်ခေါင်းဆောင်ကြီး ဘယ်နှစ်ယောက်လဲ ဆိုတော့ တူတော်မောင် အကြီးကောင်က ၆တန်းမို့
သွက်သွက်လက်လက်ပဲ ဖြေတယ်။ ၉ယောက်တဲ့။ မှန်သွားလို့ ဝမ်းသာမိတယ်။ တော်သေးတာပေါ့။ ဒါလေးတော့
သိကြသေးသားပဲဆိုပြီး ချီးကျူးမယ်လုပ်တုန်း နောက်ထပ် မေးခွန်းမှာ တက်တက်စင်အောင် လွဲတော့တာပဲ
သူငယ်ချင်းရေ။
ငါကမေးလိုက်တယ်ကွာ။ ပြောစမ်းပါဦး.. အဲ့ဒီကိုးယောက်နာမည်တွေဆိုတော့
အငယ်ကောင်က စောဒက တက်တယ်။ သားမသင်ရသေးဘူးတဲ့။ မသင်ရသေးဘူးလို့ ပြောတဲ့ကောင်က ၂တန်း။
ရှိစေတော့။ ဒီကောင်မသိတာ အရေးမကြီးဘူး။ ကျန်တဲ့ နှစ်ကောင် သိသင့်နေပြီ။ တစ်ကောင်က ၄တန်း၊
တစ်ကောင်က ၆တန်း။ လေးတန်းကျောင်းသားက စပြောတယ်။ အာဇာနည်ခေါင်းဆောင်ကြီး ၉ဦးက ပထမဆုံးဗိုလ်ချုပ်အောင်ဆန်းတဲ့။
ဟုတ်လိုက်လေလို့ ကောင်းချီးပေးလိုက်တယ်။ ခြောက်တန်းကောင်က သူသိတယ်ဆိုတဲ့ မျက်နှာဘေးနဲ့
သူ့ညီဖြေတာကို ကြည့်ပြီး နားထောင်နေတယ်။ လေးတန်းကောင်က ဆက်ပြောတယ်။ နောက်တစ်ယောက်ကမန်းတော့
မန်းပဲတဲ့။ ဘာမန်းလဲမသိဘူးဆိုပြီး ခေါင်းကုပ်တော့ အကြီးကောင်က အားရဝမ်းသာ ဝင်ထောက်တယ်။
မန်းဘခိုင်လေကွာတဲ့။ ညီကိုနှစ်ယောက် ပူးပေါင်းအဖြေထုတ်နိုင်ကြလို့ ငါဘာမှ မပြောသေးပါဘူး။
မှန်တယ်။ နှစ်ယောက်ရှိပြီ။ နောက်ထပ် ခုနစ်ယောက်ကျန်သေးတယ် ဆက်ပြောပါဦးဆိုတော့ အငယ်ကောင်က
ဆက်ပြောတယ်။ ဝန်းသိုစော်ဘွားကြီးတဲ့။ ကဲ သူငယ်ချင်းရေ…ငါမပြောဘူးလား။ တက်တက်စင်အောင်
လွဲပါပြီလို့။ ဒီတစ်ခါ ကိုယ့်နဖူး ကိုယ်မရိုက်ချင်တော့ဘူး။ မင်းဆီက လက်တောင်းပြီး အငှားရိုက်ခိုင်းလိုက်ချင်တော့တယ်ကွာ။
ငါ့မှာ ငိုအားထက် ရယ်အားသန်ပေါ့။ ဆူရခက် ဆဲရခက်ဆိုတာ
ဒါမျိုးမဟုတ်လား။ ဆူရ ဆဲရအောင်ကလည်း သူတို့လေးတွေ တကယ်မသိတဲ့ အဖြစ်ကို ငါဆူလို့ ဆဲလို့လည်း
ဘာထူးမှာလဲ။ မသိသေးတာကို သိအောင် ပြောပြဖို့ပဲ ငါလုပ်ရတော့တာပေါ့။ ဒါပေမယ့် မင်းသိတဲ့
အတိုင်း ငါက ပွစိပွစိနဲ့တော့ လုပ်တတ်တယ်လေ။ မင်းတို့ကောင်တွေ ဒါလေးတောင် မသိကြဖူးလား။
ကိုယ့်တိုင်းပြည်ရဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ နာမည်တွေကိုတောင် အလွတ်မရကောင်းလားဆိုပြီး
တူတောင်မောင် တွေရဲ့ ခေါင်းကို နှစ်ချက်ဆီ ထုပစ်လိုက်တယ်။ သူတို့ကတော့ ပြုံးစိစိပဲ။
ငါ့ကို ဟာသတောင် လုပ်နေသေးတယ်။ ငါဖြင့် ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။
မိုင်းပွန်စော်ဘွားကြီးကို ဝန်းသိုစော်ဘွားကြီးနဲ့
မှားပြောတယ်ကွာ။ နာမည်ထည့်မပြောကြသေးခင် ငါပဲ ရှင်းပြလိုက်ရတယ်။ ငါရှင်းပြတော့ လျှာလေးတွေ
တစ်လစ်နဲ့ ဟုတ်သားပဲဆိုပြီး လက်ခံကြတယ်။ နောက်တစ်ယောက်ပြော ဆိုတော့ ၆တန်းကောင်က သူသိတယ်ပေါ့ကွာ။
ငါ့ကိုပြောတယ်။ ဦးဘချိုတဲ့။ ဟုတ်တယ်။ တော်တယ်။ မှန်တယ်။ ငါက သူဖြေတာ မှန်သွားလို့
ချီးမွမ်းတော့ သူလည်း ပျော်သွားတယ်။ နောက်တစ်ယောက်ဆက်ပြော ဆိုတော့ ဒီးဒုတ်ဦးဘချိုတဲ့ကွာ။
ငါက ပြောပြီးပြီလေ။ နောက်တစ်ယောက်ပြောခိုင်းတာဆိုတော့ သူတို့က ငြင်းတယ်။ ဒါနောက်တစ်ယောက်တဲ့။
ခုဏက ဦးဘချို၊ အခုက ဒီးဒုတ်ဦးဘချိုတဲ့သူငယ်ချင်းရေ။ မင်းမရယ်ပါနဲ့။ မင်းငါ့တူတော်မောင်တွေ
တော်ကြောင်း ကြားပြီး ရယ်နေပြီ မဟုတ်လား။ ငါက ဦးဘချိုဆိုတာ ဒီးဒုတ်ဦးဘချိုပေါ့ဟလို့
ပြောလဲပြော ထုလဲထုထည့်လိုက်တယ်။ ဒီတော့ သူတို့က ငါ့ကို ဘာပြန်ပြောတယ်မှတ်လဲ။ မနက်က
တီဗီမှာ သေချာကြည့်ထားတာ၊ လွမ်းသူ့ပန်းခွေမှာ ဦးဘချိုလို့ပဲရေးထားတယ်တဲ့။ အင်း ကလေးတွေဆိုတော့လည်း
ဒီးဒုတ်ဆိုတာ ဂျာနယ်အမည်ကို အစွဲပြုပြီးပေးထားမှန်း သိမှမသိကြပေပဲ။ သူတို့ကြားဖူးတာ
ဒီးဒုတ်ဦးဘချို၊ မနက်က ပန်းခွေထဲမှာ ရေးထားတာ ဦးဘချို။ အဲ့ဒီနာမည်နှစ်မျိုးကြားမှာ
ကလေးတွေ ဒွိဟဖြစ်ကုန်ကြတာပဲ သူငယ်ချင်း။ ငါသေချာရှင်းပြလိုက်ပါတယ်။
ဒါနဲ့ပဲ ဆက်မေးဖြစ်တော့ သခင်မြကို မှန်အောင်ပြောနိုင်တယ်။
ဦးအုန်းမောင်ကို မှန်အောင် ပြောနိုင်တယ်။ ဒါပေမယ့် ဦးဘဝင်းနဲ့ ဦးရာဇာတ်ကို သူတို့
မေ့နေကြတယ်။ ဘယ်လိုမှ မစဉ်းစားနိုင်လောက်အောင်ကို မေ့နေကြတယ်။ ကလေးတွေ စာကြေပုံများ
ပြောပါတယ်။ တကယ်တော့ ဒါတွေဟာ စာထဲမှာ ပါလို့ ကျက်ထားရမှာထက် ဗဟုသုတအဖြစ် ဦးနှောက်ထဲ
အရိုးထဲ အသားထဲ စိမ့်ဝင်နေအောင် မှတ်သားထားရမယ့် နာမည်တွေနဲ့ အကြောင်းအရာတွေမဟုတ်လားသူငယ်ချင်းရာ။
သူတို့မသိလို့ ငါပြောပြလိုက်ပါတယ်။ ဦးဘဝင်းဆိုတာ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစ်ကိုကြီးပေါ့လို့။ ဝန်ကြီးဖြစ်ပြီး တစ်လကျော်ကျော်ပဲရှိသေးတယ်
ညီလေးနဲ့အတူ ကျဆုံးခဲ့ရရှာတာပေါ့ကွာလို့ ပြောပြတော့ သူတို့ စိတ်ဝင်တစား နားထောင်ကြတယ်။
နောက်တစ်ယောက်ကျတော့ ဆရာကြီးဦးရာဇာတ်အကြောင်း သူတို့ကို ပြောပြဖြစ်ပြန်တယ်။ မန္တလေးမှာ
အမျိုးသားကျောင်း ကျောင်းအုပ်ကြီးလုပ်ခဲ့ပြီး ပညာရေးဝန်ကြီးဖြစ်လာတာပေါ့လို့ ပြောပြရတယ်
သူငယ်ချင်းရေ။
နောက်ဆုံး တစ်ယောက်ကိုပြောပါဦးဆိုတော့ သူတို့ပြောတာ
မှန်တော့မှန်ပါတယ်။ မမှန်ဘူးလို့လည်း ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ သူတို့ပြောတဲ့
နောက်ဆုံးတစ်ယောက်က ရဲဘော်ဘထွေးတဲ့ကွာ။ ကြားရုံနဲ့တင် ရယ်ချင်တယ်။ ရဲဘော်ကိုထွေးလည်း
ငါ့တူတော်မောင်တွေနဲ့ကျမှ ရဲဘော်ဘထွေးဖြစ်တော့တယ်။ ဒါပေမယ့် ငါပြန်စဉ်းစားမိတယ်။ ရဲဘော်ကိုထွေး
သာသက်ရှိထင်ရှားရှိဦးမယ်ဆိုရင် ကျဆုံးတုန်းက အသက် ၁၈နှစ် ဆိုတော့ အခု ၆၅နှစ်ထည့်ပေါင်းရင်
၈၃နှစ်တောင်ရှိပြီပဲ။ ဘထွေးဖြစ်နေလောက်ပါပြီလို့ ကိုယ့်ကိုကိုယ် ဖြည့်တွေးပေးလိုက်ရတယ်သူငယ်ချင်းရေ။
ရဲဘော်ကိုထွေး (အဲ…သူတို့ပြောတဲ့ ရဲဘော်ဘထွေး)
က ဘာလဲသိလားလို့မေးလိုက်တယ်။ ငါဖြေစေချင်တာက သက်တော်စောင့်ပါလို့ ဖြေစေချင်တာ။ ဘယ်သူဘယ်ဝါရဲ့
သက်တော်စောင့်ဆိုတာကို ထားဦး။ မမေးသေးဘူး။ ဒါပေမယ့် သူငယ်ချင်းရေ..ရွှေဥာဏ်ရှင် ငါ့တူတော်မောင်တွေဖြေလိုက်တာ
ရဲဘော်ကိုထွေးက စစ်သားတဲ့။ ကဲ…ကောင်းရောကွာ။
ဒီအကြောင်းတွေ ပြောရတာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို
ဖြစ်တယ်။ ရှက်လည်း ရှက်တယ်။ ငါ့တူတော်မောင်တွေနဲ့ ငါက ၅နှစ်လောက် ဝေးနေတာမဟုတ်လား။
ငါနိုင်ငံခြားစထွက်သွားတုန်းက အကြီးဆုံးကောင် မူလတန်းစတက်တုန်းပဲရှိသေးတယ်။ သူတို့ကို
ငါအများကြီး ပြောပြစရာတွေရှိသေးတယ်သူငယ်ချင်းရေ။ အခုတောင် မင်းမေးလိုက်တဲ့ မေးခွန်းကြောင့်
ငါလက်တွေ့ စမ်းသပ်ကြည့်တာ။ တကယ်တော့ ငါ့တူတော်မောင်တွေလို ကလေးတွေ အများကြီးပဲနေမှာ။
အာဇာနည်နေ့ကိုတောင် ကောင်းကောင်းမသိကြတော့တဲ့ ငါတို့နောက်က မျိုးဆက်တွေကို ငါတို့ ဘယ်လိုပုခုံးပြောင်းပေးကြမလဲ။
အနာဂတ်ဟာ လူငယ်တွေလက်ထဲမှာဆိုတာ မင်းလည်းသိပါတယ်။ အဲ့ဒီလူငယ်တွေလက်ထဲကို နိုင်ငံတော်ကြီး
ထိုးအပ်ကြရမှာ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ သမိုင်းရာဇဝင်ကိုတောင်မှ မသိကြတော့တဲ့
လူငယ်တွေရဲ့လက်ထဲမှာ ငါတို့နိုင်ငံရဲ့ အနာဂတ်ကို ဘယ်လို စိတ်ချရပါ့မလဲကွာ။ ကမ္ဘာနဲ့ချီပြောဖို့ ဝေးပြီပေါ့ကွာ။
ကောင်းပါပြီ သူငယ်ချင်းရေ…မင်းလည်း အလုပ်က
ခပ်များများဆိုတော့ ငါ့စာကိုဖတ်ဖို့ အချိန်တွေပေးထားရတာ အားနာပါတယ်။ ငါလည်း ဒီအကြောင်းတွေကို
ပြောပြချင်နေတာ အခုတော့ ပြောပြပြီးပြီ။ ငါ့တူတော်မောင်တွေကိုတော့ ငါအများကြီး ပြောပြရတော့မယ်။
သူတို့မသိသေးတာတွေ အရမ်းများနေတယ်။ ဘာလို့မသိတာလဲဆိုပြီး အရင်းစစ်တော့ အမြစ်ပေါ်တာပဲ။
အသုံးမကျတဲ့ စနစ် ဆိုးအောက်မှာ သူတို့လေးတွေ
ခါးစည်းခံနေကြရတာကိုပဲ လက်ညှိုးထိုးချင်ပါတယ်။ ငါတို့တုန်းကလည်း ခံခဲ့ကြရတာပါပဲ။ ဒါပေမယ့်
ငါတို့က ဆရာကောင်းသမားကောင်းတွေနဲ့ သင်ခဲ့ရတယ်။ တွေ့ခဲ့ရတယ်။ ငါတို့ကို စာဖတ်ဝါသနာပါအောင်၊
ငါတို့ကို စနစ်ဆိုးအောက်က ရုန်းထွက်နိုင်အောင်၊ အသိပညာခွန်အားတွေ ပေးနိုင်တဲ့ ဆရာသမားတွေနဲ့
ကြုံခဲ့ရသေးတယ်။ ကံသီပေလို့လို့ပဲ ပြောရမှာပေါ့။ လက်ကျန်ပညာရှင်တွေကို မှီလိုက်ပေလို့။
အခုခေတ်ဆရာတွေကတော့ကွာ…မင်းလည်းသိတဲ့အတိုင်းပဲ။ ပြောမနေတော့ပါဘူး။ ပြောနေလည်း ထူးမှ
မထူးတော့ပဲ။ အင်း..သူငယ်ချင်းရေ…ဒီတစ်ခေါက်တော့ ဒီမျှနဲ့ပဲ တော်လောက်ပြီထင်တယ်။ နောက်တစ်ခေါက်ကျမှ
ငါ့တူတော်မောင်တွေကို ငါပြောပြဖြစ်တဲ့ အကြောင်းအရာ မင်းဆီစာလှန်းရေးတော့မယ်ကွာ။
ငါ့သူငယ်ချင်း လုပ်ငန်းကိုင်ငန်း အဆင်ပြေချောမွေ့ပါစေလို့
ဆုတောင်းပေးပါတယ်။
မင်းရဲ့
အပါ
၂၈-၇-၂၀၁၂
ပိုစ့်ကောင်လေးပါလား အပါရေ..
ReplyDeleteအဲတာတွေအားလုံးကိုမြန်မာနိုင်ငံသားတိုင်းသိသင့်ဖတ်သင့်ပါတယ်
ReplyDeleteဗဟုသုတလဲအများကြီးရတယ်
ပိုစ့်ကောင်းလေးပါပဲအပါရေ
ဟုတ်ပါတယ်။ခုခေတ်ကလေးတွေကတော့ တော်တော်များများ မသိကြတော့ပါဘူး။
ReplyDelete