Thursday, July 26, 2012

ကဗျာလမ်းအစ လွမ်းသမျှရယ်တဲ့ကုန်စင်


ငယ်ငယ်လေးတည်းက စာပေကို ဝါသနာပါခဲ့တာ ဗီဇလို့ပဲပြောရမလား၊ အကြောင်းကံကြောင့်လို့ပဲ ပြောရမလား၊ မျိုးရိုးမဟုတ်တာတော့ သေချာတယ်။ အမျိုးတွေထဲမှာ စာပေအနုပညာရှင်တစ်ယောက်မှ မပါဘူး။ စာဖတ်တဲ့သူတွေပဲပါတယ်။ ကျွန်တော့်ကျမှ ဖတ်ရုံတင်မက ရေးပါရေးချင်လာတာ တော်တော်ထူးဆန်းတယ်။

ကျွန်တော် လေး ငါးတန်းအရွယ်လောက်တည်းက ကဗျာတွေ လျှောက်စပ်နေခဲ့တာဗျ။ ကလေးကဗျာလေးတွေနဲ့ သူငယ်ချင်းတွေကြားမှာ ကဗျာဆရာဖြစ်ခဲ့တာ ကျွန်တော့်အသက် ၁၂နှစ်ပဲရှိသေးတယ်။
ပြောရင် ယုံမှာမဟုတ်ဘူး။ ၅တန်းကျောင်းသားအရွယ်ဆိုတာ လူပျိုပေါက်ကိုးဗျ။ အချစ်ဆိုတာတွေ မေတ္တာဆိုတာတွေကို အနှစ်မသိသေးရင်သာနေရမယ်၊ အပေါ်ယံသဘောလောက်ကတော့ လာထား အကုန်လေ့လာသိရှိပြီးပြီ။ ကိုယ်မသိတာတွေလည်း အစ်ကိုတော် နောင်တော်ကြီးတွေဆီကတစ်ဆင့် သင်ယူတတ်မြောက်ပြီးပြီ။ ရည်းစားဆိုတဲ့ အဓိပ္ပါယ်ကဘာကိုပြောတယ်၊ စော် ဆိုတာ ကောင်မလေးကိုပြောတာတို့၊ ကွိုင်လေးတို့၊ စကီလေးတို့ စတဲ့ ဗန်းစကားတွေလည်း တတ်မြောက်နေပြီ။ 

ကျွန်တော်က စာတွေနင်းကန်ဖတ်တော့ စကားလုံးတွေက သူများထက်ပိုသိနေတယ်ဗျ။ (ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် လုပ်မိပြီထင်တယ်) ဒီတော့ ၅တန်း၊ ၆တန်းကစပြီး ၁၀တန်းလောက်အထိ သူငယ်ချင်းတွေအတွက် ရည်းစားစာ ရေးရေးပေးရတာ။ သူတို့က ဘယ်လိုခံစားရတယ်ဆိုတာ စကားလုံးနဲ့ မရေးတတ်တော့ ကျွန်တော်က ဆရာကြီးပေါ့ဗျာ။ အလကားတော့ ဘယ်ရမလဲ။ ဝေဖာတစ်ခု ဒါမှမဟုတ် ရခိုင်မုန့်တီ တစ်ပွဲပဲ။

ကျွန်တော်ရေးပေးလိုက်တဲ့ စာတွေကြောင့် ငြိသွားကြတဲ့ အတွဲတွေလည်းရှိသလို ကျွန်တော့်အရေးအသားတွေမှန်း ရိပ်မိသွားကြတဲ့ သူတွေလည်း ရှိကြတယ်။ ထားပါတော့။ ဒါတွေပြန်ပြောရင် ငယ်ကျိုးငယ်နာတွေဖော်သလို ဖြစ်တော့မယ်။ ကျွန်တော်ပြောချင်တာ ကဗျာအကြောင်းပါ။ ကျွန်တော့်ငယ်ဘဝမှာ လျှောက်လှမ်းခဲ့ဖူးတဲ့ ကဗျာလမ်းအကြောင်း ပြောပြချင်တာပါ။ ဆရာကြီး ဇော်ဂျီက ဗေဒါလမ်းပေါ့ဗျာ။ ဟော့ဒီက အာပလာ အပါကတော့ ကဗျာလမ်းဆိုပြီး ရေးလိုက်ပြီ။

၁၉၉၈ ကျွန်တော်ရှစ်တန်းကျောင်းသားအရွယ်မှာ ပထမဆုံးကဗျာစာအုပ်ထုတ်တယ်။ ပေါ့သေးသေးတော့မထင်နဲ့။ အပါ ရဲ့ ကဗျာဝိညာဉ် (တကိုယ်တော်ကဗျာများ) ဆိုပြီး လုပ်တာ။ ခပ်မိုက်မိုက်ပဲ။ အရွယ်က လက်တောက်လောက်ရှိသေးတယ်။ ကဗျာစာအုပ် ကိုယ်တိုင်ပရိုဂျူဆာလုပ်ပြီး ထုတ်တာ။ ဘာကုန်တာမှတ်လို့။ အေဖိုး စာရွယ်တစ်ရွက်ပေါ် လိုင်းချ၊ ကော်လံချပြီး လက်ရေးလှတဲ့ အစ်ကိုဝမ်းကွဲတစ်ယောက်ရဲ့ရည်းစား အစ်မကြီးကို ဘယ်ပြန်ညာပြန် ကျွန်တော့်ကဗျာတွေ ချရေးခိုင်းလိုက် တယ်။ ပြီးတော့ မိတ္တူဆွဲလိုက်တယ်။ အုပ်ရေ ၅၀။ ကဲဘာပြောချင်သေးလဲ။ တစ်အုပ်ကို ၅၀ ကျပ်နဲ့ ပြန်ရောင်းတာနော်။ ရောင်းကောင်းတယ်ဗျ။ ရောင်းကောင်းမှာပေါ့။ ကျွန်တော်တို့က A ခန်းဆိုတော့ A ခန်းက သူငယ်ချင်းတွေရော၊ ပြီးတော့ B ခန်း C ခန်းက ဘော်ဘော်တွေရောကို လိုက်ရောင်းတာ။ ကျွန်တော် တစ်ယောက်တည်း ဖြန့်ချီရေးလုပ်ရတယ် မထင်နဲ့။ သူငယ်ချင်းတွေက အားကိုးရတယ်။ စပ်မိစပ်ရာ ကျွန်တော့်ကဗျာ စာအုပ်ရောင်းပေးကြတယ်။

အဲ့ဒီအရွယ် ကျွန်တော့်အသက် ၁၄နှစ်ထဲက စာပေနဲ့ စီးပွားရှာခဲ့ဖူးတယ်။ ဘာပဲပြောပြော အဲ့ဒီကဗျာစာအုပ်လေး လုပ်ဖြစ်ခဲ့တာက ကျွန်တော့်ဘဝရဲ့ မှတ်တိုင် တစ်ခုပါပဲ။ (စကားစပ်မိလို့ ပြောရအုံးမယ်။ လွန်ခဲ့တဲ့ မေလလောက်က ကျွန်တော့်သူငယ်ချင်း ဘလော့ဂါ မိုးတိမ်ဝါရဲ့အိမ် ရောက်တယ်။ သားတစ်ယောက်အမေဖြစ်နေပါပြီ။ သူ့အိမ်ရောက်တော့ အဲ့ဒီကဗျာစာအုပ်လေးကို ထုတ်ပြတယ်။ အခုချိန်ထိ အပါ့ကဗျာစာအုပ်က အကောင်းပကတိလေးအတိုင်း ရှိနေသေးတာ တွေ့ခဲ့ရတယ်။ မပျောက်မပျက်ပဲ စည်းကမ်းရှိရှိ ငယ်ငယ်တုန်းက ရူးသွပ်မှုတွေကို အောက်မေ့ဖွယ် သိမ်းဆည်းထားတဲ့ သူငယ်ချင်းကို အရမ်းလေးစားမိတယ်။ ကျေးဇူးလည်း တင်မိပါတယ်။ လွန်ခဲ့တဲ့ ၁၄နှစ်ဆိုတဲ့ အဲ့ဒီ အေဖိုးစာရွက်လေးရဲ့ သက်တမ်းက ကျွန်တော့်တို့ အတိတ်ကပုံရိပ်တွေကို ပြန်မြင်ယောင်စေမိပါတယ်။)

“မနက်မိုးသောက် အရုဏ်ရောက်၊ သက် အိမ်ရှေ့ကိုရောက်
နေ့ခင်းမွန်းတဲ့ နေပူထဲ၊ သက် အိမ်ရှေ့မှာပဲ
ညနေ နေဝင် နေထွက်လျှင်၊ သက် အိမ်ရှေ့မှာပင်
ညမိုးချုပ်လို့ လထွက်လာ၊ ကျွန်တော်စောင့်ဦးမှာ။”

လို့ရေးခဲ့တဲ့ ဇွဲကြီးသူ ဆိုသော ကျွန်တော့်ကဗျာလေးက အဲ့ဒီကာလတွေဆီ သတိရမိပါတယ်။ အဲ့ဒီတုန်းက ကျွန်တော်ကြိုက်နေတဲ့ သက်ဆိုသောကောင်မလေးရဲ့ အိမ်ရှေ့မှာ သွားသွားစောင့်ရတာ အမောပဲ။ ခုခေတ်လူငယ်စကားနဲ့ ပြောရရင် ဖွန်သွားကြောင်တာပေါ့ဗျာ။ ကောင်မလေးက ၇ တန်းကျောင်းသူ။ ကျွန်တော်က ၈ တန်းကျောင်းသား။ ပြန်တွေးကြည့်တော့ ရယ်ချင်စရာ။ အခုဖတ်ရင်တော့ ပေါချာချာကဗျာပေါ့ဗျာ။ ဒါပေမယ့် ရှစ်တန်းကျောင်းသား လူပျိုပေါက်လေး တစ်ယောက်ရဲ့ ရင်ထဲက ခံစားချက်တွေကိုတော့ ပေါတယ်လို့ ထင်နိုင်ပါ့မလား။ အဲ့ဒီ ကဗျာတွေကို သူငယ်ချင်းတွေ လက်ထဲ ရောက်အောင် ပို့နိုင်ခဲ့တယ်။ ကျွန်တော်စိတ်ဝင်စားနေတဲ့ ကောင်မလေးဆီလည်း ရောက်အောင် ပေးနိုင်ခဲ့တယ်။ ဒါ အင်မတန်မှ နူးညံ့သိမ်မွေ့တဲ့ ချဉ်းကပ်မှုတစ်ခုပါပဲ။ ရူးသွပ်မှုတစ်ခုလို့လည်း ပြောလို့ရတာပေါ့ဗျာ။

အဲ့ဒီလို ကဗျာစာအုပ်လုပ်တဲ့အကြောင်း ဆရာမတွေသိသွားပြီးတဲ့နောက် ကျောင်းသားစုံညီပွဲတော်ဆိုတာ ၁၉၉၈မှာ မြန်မာတစ်နိုင်ငံလုံး ပထမဆုံးကျင်းပကြတယ်။ ကျွန်တော်တို့ကျောင်းမှာလည်း လုပ်ရတယ်။ ဒီတော့ ကျင်းပရေးအဖွဲ့က နံရံကပ်ကဗျာတွေ၊ ပန်းချီတွေ၊ ဓါတ်ပုံတွေ၊ ပညာပေးဆောင်ပုဒ်တွေလုပ်မယ်ပေါ့။ ကျွန်တော့်လို ကဗျာရူးကို ယုံယုံကြည်ကြည်နဲ့ နံရံကပ်ကဗျာအတွက် ရေးခိုင်းတယ်။ ကျွန်တော် ၂ပုဒ်ရေးပေးဖြစ်တယ်။ တစ်ပုဒ်က ဆရာ၊ ဆရာမတွေရဲ့ နာသုံးနာအကြောင်း၊ တစ်ပုဒ်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအကြောင်း၊ ဆေးလိပ်သောက်တာမကောင်းဖူး ဘာညာပေါ့။ အဲ့ဒီ ကဗျာတွေကို ဆရာမတွေက ဖတ်ပြီး ပြင်ဆင်မွမ်းမံပေးတယ်။ ပြီးတော့ ပွဲတော်မှာ ကပ်ကြတယ်။ မင်းမနိုင် အလယ်တန်းကျောင်းလေးမှာ တက်ခဲ့ကြတုန်းက အဖြစ်အပျက်တွေကို သတိရလိုက်တာ ဗျာ။

ဒီလိုနဲ့ ကျွန်တော်တို့ အထက်တန်းကျောင်းသားအဖြစ် ဒဂုံ ၁ ကိုရောက်ကြတယ်။ ၉တန်းတက်နေရင်း ဝါသနာတူတဲ့ သူငယ်ချင်းတွေနဲ့ ပေါင်းမိတယ်။ ကဗျာစာအုပ်ထုတ်ဖို့ တိုင်ပင်ကြပြန်တယ်။ ကျွန်တော့်သူငယ်ချင်း ထက်ပိုင်ထွန်းဆိုတဲ့ တစ်ယောက်က ကဗျာစာအုပ်ဒီဇိုင်းဆွဲနေတာ အတန်းပိုင်ဆရာမက မိသွားတယ်။ ဒါနဲ့ပဲ ကျွန်တော်တို့ အစီအစဉ်ကို တားတယ်။ ကျွန်တော်တို့ကဗျာသမားအဖွဲ့မှာ ယိုးဒယားရောက်နေတဲ့ သန်းထိုက်ဦးပါတယ်။ USA ရောက်သွားတဲ့ ကျော်ရဲလွင်ပါတယ်။ အဲ့ဒီအချိန်က နိုင်ငံရေးအခြေအနေ သိပ်မကောင်းဘူး။ ၉ လေးလုံး အရေးအခင်းက ကျောင်းသားတွေကို မျက်နှာသာမပေးတဲ့ ကာလဆိုတော့ ဆရာမက သူ့တပည့် ကျွန်တော်တို့ကို ကဗျာစာအုပ်တွေ ထုတ်တာ၊ စာစောင်တွေလုပ်တာဟာ ဘာမဆိုင်ညာမဆိုင် အချောင်ခံရမယ်ဆိုပြီး စိုးရိမ်လွန်တာနဲ့ ကျွန်တော်တို့ အစီအစဉ် ပျက်သွားရတယ်။ ကျွန်တော်တို့က ဆရာမကို ပြောပြပါသေးတယ်။ ကျွန်တော်တို့ရေးထားတဲ့ ကဗျာတွေဟာ ရိုမန်တစ်တွေပါ၊ ဘာ ပိုလက်တစ်မှ မပါပါဘူးလို့။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ရှိစေတော့။ ကျွန်တော်တို့ ကဗျာစာအုပ် မထုတ်ရပေမယ့် ကဗျာတွေကတော့ ဆက်ရေးနေကြဆဲပါပဲ။ ကျောင်းနံရံတွေမှာ သွားရေးကြတယ်။ အတန်းထဲက စာရေးစားပွဲတွေပေါ်မှာ ရေးကြတယ်။ ကျွန်တော်တို့ လူငယ်တွေရဲ့ ကဗျာပိုးက တစ်ကိုယ်လုံးကို စီးဝင်နေပြီ။ ဘယ်လိုမှ တားဆီးလို့မရတော့ဘူး။ ကျွန်တော်တို့ အချင်းချင်း အော်တိုစာအုပ်တွေမှာ ကဗျာတွေ ရေးပေးကြတယ်။ ဒါဟာ လွတ်လပ်မှုမရှိတဲ့ ခေတ်စနစ်အောက်က ကျောင်းသားတွေရဲ့ ထွက်ပေါက်တစ်ခုပါ။ အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့စိတ်ထဲမှာ ဘာနိုင်ငံရေးမှ နားမလည်ဘူး။ ကျွန်တော်တို့နားလည်တာ ကောင်မလေးတွေလှတဲ့အကြောင်းပါပဲ။

ကျွန်တော့်ရဲ့ ကဗျာရောဂါက ဒီအတိုင်း မပျောက်သွားပါဘူး။ ဆယ်တန်းအောင်ပြီးတော့ တက္ကသိုလ်ရောက်တယ်။ အဲ့ဒီမှာ ကဗျာတွေဆက်ရေးတယ်။ တက္ကသိုလ်ဆိုတာကလည်း DAY တက်ရတာဆိုတော့ တစ်နေကုန်ကျောင်းမှာ ထိုင်နေကြရတာ မဟုတ်လား။ ကန်တင်းဆင်းလိုက် စာသင်ချိန် စာသင်ခန်းဝင်လိုက်။ အတန်းမရှိတဲ့အချိန် ကန်ဘောင်မှာ ဝိုင်းဖွဲ့သီချင်းဆိုလိုက်၊ ဆရာ မလာခင် အတန်းထဲထိုင်ရင်း ကဗျာတွေစပ်လိုက်နဲ့ ဟန်ကျနေတာလေ။ ပြီးတော့ ရောင်စုံ အသွေးစုံ အရွယ်စုံ ဆိုဒ်စုံကောင်မလေး ကောင်မကြီး တွေကလည်း ပေါပါဘိသနဲ့ဆိုတော့ ဘာပြောကောင်းမလဲ ကဗျာမြစ်ရေတွေ ဒလဟော စီးဆင်းတော့တာပါပဲ။ မြင်သမျှ တွေ့သမျှ ကဗျာကြီးပဲ။

၂၀၀၂ခုနှစ် ပထမနှစ်စတက်တော့ ပထမဆုံး ဒိုင်ယာရီစာအုပ်ထဲ ချရေးဖြစ်တဲ့ ကဗျာက…
“နေပူကြဲတဲ ကွင်းပြင်ထဲမှာ ပညာရှာကြ တို့ဘဝ ခင်မ သနားလှည့်ပါတော့။
ကားကကြပ်ကြပ် ခရီးဆက်လို့ ကျောင်းတက်နေရ တို့ဘဝ ခင်မ သနားလှည့်ပါတော့။
ကျောင်းတက်မမှန် ရိုးလ်ကောကျန် အဆူခံထိ ငါရှက်မိ၊ လူလုံးမလှ တို့ဘဝ ခင်မ သနားလှည့်ပါတော့။
ငါရွေးတဲ့ကျောင်း ငါဖောက်တဲ့လမ်း ငါ့မှတ်တမ်းမှာ ငါကဗျာစပ်မည် သေသော်မှတည့် သြော်ကောင်း၏။”

ကျွန်တော့်ရင်ထဲက ကျောင်းတက်ရင်းခံစားရတဲ့ အဖြစ်ကို အဲ့လိုကဗျာတစ်ပုဒ်ကောက်ရေးမိလိုက်တယ်။ ဦးပုညက ဆဒ္ဒန်ဆင်မင်းဇာတ်မှာ မျက်နှာငွေလ ရွှင်ပျပျနှင့် ခင်မဝမ်းမြောက်ပါလေတော့လို့ ရေးထားတာ ဖတ်ဖူးတယ်။ ကိုယ့်အလှည့်မှာတော့ ခင်မကို ဝမ်းမမြာက်ခိုင်းတော့ဘူး။ သနားလှည့်ပါတော့လို့ သုံးလိုက်မိတယ်။ တကယ်လည်း ကျွန်တော်တို့ကျောင်းဟာ နေပူကြဲတဲ ကွင်းပြင်ကြီးထဲက အဝေးပို့ခံကျောင်းတစ်ကျောင်းပါပဲ။ ကျောင်းသားကျောင်းသူတွေရဲ့ အဖြစ်က သနားစရာအတိပါ။

ပထမနှစ်မှာ ကဗျာတွေ ရေးဖြစ်တာ များပါတယ်။ ဒုတိယနှစ်ရောက်တော့ သူငယ်ချင်းမြင်းကြီး (အောင်ကျော်မင်း)ရဲ့ ကောင်မလေးက ပိတောက်မြေမဂ္ဂဇင်းမှာ လုပ်နေတယ်။ ကျွန်တော်က ကဗျာဝါသနာရှင်မို့ ကဗျာတွေရေးပြီး သူ့ကိုပေးတယ်။ ပိတောက်မြေ မဂ္ဂဇင်းကလည်း ထွက်ခါစဆိုတော့ ရူးသွပ်ပြန်တာပေါ့။ မဂ္ဂဇင်းမှာ ပါလိုပါငြား ကဗျာတွေ ထိုင်စပ်ရတာ အလုပ်တစ်ခု ဖြစ်လာတယ်။

၂၀၀၃ခုနှစ်က ဆက်တိုက်ဆိုသလို ကဗျာတွေရေးပြီး ကဗျာပိုးက ထိုးထိုးထောင်ထောင်ကြွလာခဲ့တယ်။ စာရေးဆရာတွေကျက်စားရာ လေထန်ကုန်းမှာ သွားထိုင်ဖြစ်တယ်။ ပိတောက်မြေက သူငယ်ချင်းနဲ့ ပတ်သက်ပြီး ကဗျာဆရာ အစ်ကိုကျူးလစ်တို့နဲ့ စကားလက်စုံကျဖြစ်တယ်။ သူတို့ဆီက အိုင်ဒီယာတွေယူရတယ်။ ပညာတွေယူရတယ်။ ကျွန်တော့် ကဗျာတွေက အဆင့်မမှီလို့ထင်ပါရဲ့။ ပိတောက်မြေမှာ တစ်ပုဒ်မှ ဖော်ပြမခံခဲ့ရဘူး။ ဖြစ်လောက်ပါတယ်။ ကျွန်တော့်လို ၁၉နှစ်သား ငနဲလေးတစ်ကောင်ရဲ့ ကဗျာတွေက ဘယ်လောက်များ အဆင့်ရှိမှာမို့လဲ။ ကျွန်တော် အားမလျော့စတမ်း ကဗျာတွေ ဆက်ရေးတယ်။ ဆက်ပို့တယ်။ သူ့ဟာသူ ပါချင်ပါမယ်၊ ရွေးလို့ဖော်ပြရင် ပါမယ်၊ ရေးနေဖို့က ကိုယ့်တာဝန်မဟုတ်လား။
အဲ့ဒီအချိန်မှာပဲ ကျွန်တော်တို့ ကျောင်းမှာ ကဗျာစာအုပ်ထုတ်တာတွေပေါ်လာတယ်။ ကျွန်တော်တို့က တတိယအသုတ် ကျောင်းတော်သားတွေမို့ ရှေ့က စီနီယာနှစ်တန်းပဲရှိတယ်။ သူတို့ကလည်း အရင်က ဘယ်သူမှ မလုပ်ဖူးခဲ့ကြတဲ့ အတွက် ကျွန်တော်တို့နှစ်က အဖွဲ့တစ်ဖွဲ့က စလုပ်တယ်။ သူတို့ကဗျာစာအုပ်ထွက်လာတော့မှ ကျွန်တော်တို့လည်း လုပ်မယ်ဆိုပြီး လူစုကြတယ်။ တစ်ကိုယ်တော်ထက်စာရင် အဖွဲ့နဲ့လုပ်ရတာ ပျော်ဖို့လည်း ကောင်းသလို ရောင်းအားလည်း ကောင်းနိုင်တယ် မဟုတ်လား။ သူ့လူ ကိုယ့်လူဆိုတာ ရှိတယ်လေ။

အဲ့ဒီတုန်းက ကဗျာစာအုပ်လုပ်ရတာ တော်တော်ပင်ပမ်းခံရတယ်ဗျ။ အခု ကိုရီးယားရောက်နေတဲ့ ပုကျင်းရင် (ပြည့်ဖြိုးအောင်) ဆိုတဲ့ သူငယ်ချင်းက ခဲခြစ်နဲ့ သရုပ်ဖော်ပုံတွေ ဒီဇိုင်းဆွဲတယ်။ ဇာဂနာလို့ခေါ်တဲ့ ဥာဏ်ထွဋ်ရဲ့အိမ်က ကွန်ပျူတာမှာ စာစီစာရိုက် လုပ်ကြတယ်။ ခက်တာက အဲ့တုန်းက မြန်မာလို စာစီစာရိုက်ကျွမ်းတာဆိုလို့ နဂါး (ကိုကိုခိုင်) ဆိုတဲ့ကောင်ပဲရှိတယ်။ သူ့ကိုရိုက်ခိုင်းရတယ်။ ကျွန်တော့်အိမ်မှာ တည်းဖြတ်အလုပ်တွေ၊ ဖြတ်ညှပ်ကပ်အလုပ်တွေလုပ်ကြတယ်။ ကျွန်တော်တို့ အဖွဲ့မှာ ဟန်ဇော်လင်းပါတယ်။ မြင်းကြီးလည်း ပါတယ်။ သူ့ကောင်မလေးကလည်း ပါချင်တယ်ဆိုလို့ မိုးမခဆိုတဲ့ ကလောင်နဲ့ ကဗျာတွေပေးတော့ လက်ခံလိုက်တယ်။ မြင်းကြီးကောင်မလေးက ဒဂုံ တက္ကသိုလ်က ဆိုတော့ သူ့ကျောင်းမှာလည်း ရောင်းလို့ရတယ်ပေါ့။ နောက် သူငယ်ချင်းတစ်ယောက်ရဲ့ အစ်မက တာဝ (အရှေ့ပိုင်းတက္ကသိုလ်) မှာတက်နေတာ သူကလည်း ပါချင်တယ်ဆိုတာနဲ့  ပွင့် (Business Law) ဆိုပြီး ဝင်ရေးပါတယ်။ 

စာအုပ်ဖြစ်မြောက်ဖို့ တော်တော်လေးလုပ်ကြရတယ်။ သူများတွေနဲ့လည်း ပုံစံမတူရအောင်၊ ကဗျာတွေကလည်း ထိမိနေရအောင်၊ ပြီးတော့ စာရွက်ရော အဖုံးရော အားလုံးအကောင်းစားတွေပဲသုံးပြီး အမြတ်အစွန်းထက် အနုပညာအားကို ပြကြမယ်ဆိုပြီး လှပသေသပ်တဲ့ ကဗျာစာအုပ်လေးတစ်အုပ် ထုတ်ဖြစ်ကြတယ်။
အဲ့ဒီစာအုပ်နာမည်က (ဖတ်ပြီးပြီလား)တဲ့။ ဖတ်ပြီးပြီလား ကဗျာစာအုပ် ရောင်းကောင်းလွန်းလို့ ပထမ အုပ်တစ်ရာ ကုန်သွားပြီး နောက်ထပ် အုပ်တစ်ရာ ထပ်လုပ်ရတယ်။ ရွာသာကြီးစီးပွားရေးကျောင်း၊ တာဝ၊ ဒဂုံ၊ သန်လျင်ဂျီတီစီကျောင်းတွေမှာ ရောင်းပန်းလှခဲ့တယ်။ သူ့သူငယ်ချင်း ကိုယ့်သူငယ်ချင်း ရောင်းကြတာပေါ့။ ဟိုလို နာမည်ကြီး ကဗျာစာအုပ်တွေ လိုတော့ ဘယ်ဟုတ်ပါ့မလဲ။ ကျွန်တော်တို့က Pro မဟုတ်တဲ့ အပျော်တမ်း ကလောင်သမားတွေပါ။

ကျွန်တော်တို့ စာအုပ်ကိုဖတ်ပြီး အားပေးကြလို့ ပီတိဖြစ်ရတယ်။ ပျော်လည်းပျော်ကြတယ်။ ကျွန်တော်တို့ရဲ့ တက္ကသိုလ်ကျောင်းသားဘဝမှာ မှတ်တိုင်တစ်ခု စိုက်နိုင်ခဲ့ပြန်တယ်။ အဲ့ဒီထဲက ကျွန်တော့်သူငယ်ချင်း ပုကျင်းရင်ရေးတဲ့ ဘီးကုပ်လေး ကဗျာကို လူတိုင်းနှစ်သက်ခဲ့ကြတယ်။ ဒါကြောင့်လည်း အမှတ်တရ ဖော်ပြပေးပါမယ်။

ဘီးကုပ်လေး
ကောင်မလေး
ဘီးကုပ်ဆိုတာ…မင်းနဖူးပေါ်ကို
အနှောက်အယှက်ဖြစ်အောင် ကျလာမယ့်ဆံပင်တွေအတွက်
သန့်ရှင်းမှုကိုယ်စားပြု ပစ္စည်းလေးဆိုရင်…
ကိုယ်ဟာ…ဘီးကုပ်လေးဖြစ်ချင်တယ်။
ကောင်မလေး
ဘီးကုပ်ဆိုတာ…မင်းနဖူးလေးကို
အနာတရဖြစ်အောင် ထိခိုက်မယ့်အရာတွေအတွက်
ကာကွယ်မှုကိုယ်စားပြု ပစ္စည်းလေးဆိုရင်…
ကိုယ်ဟာ…ဘီးကုပ်လေးဖြစ်ချင်တယ်။
ကောင်မလေး
ဘီးကုပ်ဆိုတာ…မင်းနဖူးလေးကို
နေ့စဉ်နေ့တိုင်း ညင်သာစွာရှူရှိုက်နေတဲ့
အနမ်းကိုယ်စားပြု ပစ္စည်းလေးဆိုရင်…
ကိုယ်ဟာ…ဘီးကုပ်လေးဖြစ်ချင်တယ်။
ကောင်မလေး
ဘီးကုပ်ဆိုတာ…မင်းနဖူးလေးအတွက်
အမှန်တကယ်အသုံးမတည့်ပဲ အပျော်သဘောသက်သက်
အသုံးချခံပစ္စည်းလေးဆိုရင်လည်း…
ကိုယ်ဟာ…ဘီးကုပ်လေးတစ်ချောင်းပေါ့ကွယ်။ ။

ကျွန်တော်ရေးတဲ့ လွမ်းသူ့ရင်ခွင် ဆိုတဲ့ ကဗျာရှည်ကတော့ အဲ့ဒီအချိန် အဲ့ဒီကာလ တစ်နိုင်ငံလုံးက ဂျီတီစီကျောင်းသားတွေရဲ့ ခံစားချက်ကို ပုံဖော်နိုင်ခဲ့တယ်။ ဖတ်ပြီးပြီလားကဗျာစာအုပ်ကို ဖတ်ပြီးတဲ့သူတိုင်း၊ ဖတ်ဖူးတဲ့သူတိုင်းသိကြမှာပါ။ နောက်များ အလျင်းသင့်မှပဲ အဲ့ဒီ ကဗျာကို ဘလော့ဂ်စာမျက်နှာထက်မှာ တင်ပြပေးတော့မယ်။

အဲ့ဒီတုန်းက ဒုတိယနှစ် ဂျီတီအိုင်ပြီးလို့ ကွာလဖိုင်းဖြစ်မှ B-Tech တက်လို့ရတယ်။ B-Tech မှာကွာလဖိုင်းထက်ဖြစ်မှ BE တန်းတက်ပြီး BEဘွဲ့ရမှာ။ ကျွန်တော့်ကဗျာထဲက အတိုင်းပါပဲ။ သူငယ်ချင်းတွေ ပြုတ်ကျန်ခဲ့ကြတယ်။ ရေးဖော်ရေးဖက်၊ ကဲဖော်ကဲဖက် ရောင်းရင်းတွေ ဂျီတီအိုင်နဲ့ပဲ အဝေးသင်တက္ကသိုလ်ပြောင်းသွားကြရတယ်။ ဖတ်ပြီးပြီလား ဖန်တီးရှင် တစ်ချို့တောင် ကျောင်းပြောင်းသွားကြရတယ်ဗျာ။ ကျွန်တော်တို့ရွေးတဲ့ ထိုခရီးကား ဝေဝေဝါးဝါးပါပဲ။ အင်ဂျင်နီယာ ဖြစ်ချင်လွန်းလို့သာ တက်ခဲ့ရတာ။ တကယ်တော့ ကြိုးစားနိုင်မှ တော်ကာကျမယ့်ကျောင်းကိုးဗျ။

ကျွန်တော့်ရဲ့ ကဗျာရောင်းရင်းတွေ ကျွန်တော့်အပါးက ခွဲခွာသွားကြပြန်တော့ အားလျော့ဝမ်းနည်းစိတ်တွေနဲ့  ဆက်လျှောက်ခဲ့ရ ပြန်တယ်။ ဒါပေမယ့်လည်း ကျွန်တော်ကဗျာတွေ ဆက်ရေးဖြစ်တယ်။ တတိယနှစ်ကစပြီး ပညာရေးဘက် နဲနဲ အာရုံစိုက်ဖြစ်တယ်။ ပညာရေးဘက် အာရုံစိုက်လိုက်တော့ ကဗျာစာအုပ်ထုတ်တဲ့ဘက်ကို စိတ်မကူးနိုင်တော့ပြန်ဘူး။ နောက်ဆုံးနှစ် ကျောင်းပြီးတဲ့အထိ ဘယ်ကဗျာစာအုပ်မှာမှ ကျွန်တော် မရေးဖြစ်တော့ဘူး။ ကိုယ်ပိုင်ဒိုင်ယာရီလေးထဲမှာပဲ ကာရံတွေ ကာရံမဲ့တွေနဲ့ နှစ်ပါးသွားလေး က ဖြစ်တော့တယ်။

အခုဆို ကျွန်တော်လျှောက်ခဲ့ဖူးတဲ့ ကဗျာလမ်းမှာ ရင်ဘတ်ချင်းအတူတူ၊ ခံစားချက်ချင်းအတူတူ လက်တွဲခဲ့ဖူးတဲ့ သူငယ်ချင်းတွေဟာ တစ်ယောက်တစ်နေရာဆီရောက်ကုန်ကြပြီ။ တစ်ချို့ဆို ရေခြားမြေခြားတိုင်းတပါးမှာ။ တစ်ချို့လည်း ပြည်တွင်းက အဝေးတစ်နေရာမှာ ကျရာတာဝန်ထမ်းရင်း ဘဝလမ်းကို ဆက်လက်ချီတက်နေကြပြီ။
တစ်နေ့ အဲ့ဒီသူငယ်ချင်းတွေနဲ့ ပြန်ဆုံဖြစ်ရင် ဖတ်ပြီးပြီလား ၂ လို့ခေါင်းစဉ်တပ်ပြီး ထပ်ထုတ်ချင်ပါသေးတယ်။ တစ်ခုတော့ပြောချင်တယ်။ ကျွန်တော် စာတွေရေးနေပေမယ့် ကဗျာဟာ ကျွန်တော့်စာပေခရီးရဲ့ ပထမဘဝပါပဲ။ အခုထိလည်း ကဗျာတွေ စပ်နေဆဲ။ ရေးနေဆဲ။ ခံစားချက်တွေ တိုင်ပတ်နေဆဲပါပဲ။ 

ကျွန်တော့်ရဲ့ ရူးသွပ်ခြင်းတွေလို့ပဲဆိုဆို၊ ပေါကြောင်ကြောင်တွေလို့ပဲပြောပြော၊ ခံစားချက်တွေလို့ပဲထင်ထင်၊ ကျွန်တော်ရေးခဲ့ဖူးတဲ့ ကဗျာတွေကို အမှတ်တရဖတ်လို့ရအောင် နောက်ပိုစ့်တွေမှာ တင်ပေးလိုက်ပါမယ်။ သည်းခံပြီးသာ ဖတ်ကြပေရော့။ ဒီတစ်ခေါက်တာ့ ဒီမျှသာ။

အပါ
၁၈-၇-၂၀၁၂



1 comment:

  1. အပါရေ
    မျိုးရိုးမရှိပေမဲ့လဲ
    ကဗျာတွေစာတွေပေါ်ရူးသွပ်ခဲ့ပုံလေးမျက်စိထဲမြင်မိပါရဲ့
    တိုင်ပတ်နေတဲ့ ခံစားချက်တွေကိုအရင်းခံလို့ကဗျာကောင်းတွေများများထွက်လာပါစေ

    ReplyDelete