Friday, June 1, 2012

ပါတော်မူခန်း

          ကျွန်တော် သမိုင်းကြောင်းကို ပြန်လှန်တာတော့ မဟုတ်ပါဘူး။ ရင်ထဲမှာ မချိတင်ကဲ ဖြစ်ရလွန်းလို့ပါ။ တစ်နေ့က ပျင်းပျင်းရှိတာနဲ့ ယူကျု့ကနေ ပါတော်မူခန်း ဗီဒီယိုဖိုင်လေး ပြန်ကြည့်ဖြစ်ပါသည်။ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္ထုကို ဆရာချစ်ဦးညိုဇာတ်ညွှန်းရေးပြီး ဒါရိုက်တာကြည်စိုးထွန်းရိုက်တဲ့ သူ့ကျွန်မခံပြီ ရုပ်ရှင်ဇာတ်ကားကြီးထဲက ဇာတ်ဝင်ခန်းပါ။ အဲ့ဒီရုပ်ရှင်ဇာတ်ကားကြီး ရုံတင်တော့ ၁၉၉၇ခုနှစ် ကျွန်တော်(၇)တန်းကျောင်းသားအရွယ်ပဲ ရှိပါသေးသည်။ ရန်ကုန်မြို့က သမ္မတရုပ်ရှင်ရုံမှာ အမေတို့နဲ့ သွားကြည့်ကြတာ မှတ်မိနေသေးသည်။ ထိုဇာတ်ကားကြီး ရိုက်ကူးနေကတည်းက မြဝတီရုပ်မြင်သံကြားကနေ လျှပ်တပြက်ရိုက်ချက်ဆိုပြီး ဘယ်လိုတွေ ရိုက်ကူးနေကြတယ် ဘယ်သူတွေက ဘယ်ဇာတ်ရုပ်ကနေ ပါဝင်သရုပ်ဆောင်ကြမယ် စသဖြင့်ပေါ့လေ ရုပ်ရှင်ကို ညွှန်းကြတာ၊ ပရိသတ်ကို စိတ်ဝင်စားအောင် ကြော်ငြာကြတာပေါ့။ လူတွေကလည်း မြန်မာရာဇဝင်ကားကြီးလည်းဖြစ်၊ နာမည်ကြီး သရုပ်ဆောင်တွေကလည်း ပါဆိုတော့ ပိုပြီးစိတ်ဝင်စားကြသည်။

          ကျွန်တော်ပြောချင်တာက ထိုရုပ်ရှင်ကားကြီးကို သွားကြည့်တဲ့အချိန်တုန်းက မြန်မာ ပြည်သူပြည်သားတွေရဲ့ ရင်ထဲမှာ ခံစားချက်တစ်ခု ရရှိခဲ့ကြတယ်လို့ယုံပါသည်။ ဇာတ်ကားတစ်ကားလုံးရဲ့  အထွတ်အထိပ်လို့ ပြောလို့ရတဲ့ ပါတော်မူခန်းဟာ ရုပ်ရှင်ကြည့်ပရိသတ်တွေရဲ့ နှလုံးသားကို ရိုက်ခတ်စေခဲ့ပါသည်။ ရင်ကို ထိစေခဲ့တယ်လို့ ပြောရင်လည်း ရသည်။ ကျွန်တော်လည်း ထိုဇာတ်ဝင်ခန်းအရောက်မှာ ရင်ထဲ စို့တတ်လာခဲ့ကာ မျက်ရည်များပင် ကျရောက်လာတဲ့အထိ ခံစားခဲ့ရသည်။ ကျွန်တော်တစ်ယောက်ထဲမဟုတ်။ ထိုဇာတ်ဝင်ခန်းကို ကြည့်လိုက်ကြရသူတိုင်း ဝမ်းနည်းကြရသည်။

          တကယ်တော့ ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ ငိုရတဲ့အခန်းကတော့ ပါတတ်စမြဲပါပဲ။ သို့ပေမယ့် ဒီပါတော်မူ ဇာတ်ဝင်ခန်းကတော့ အဓိပ္ပာယ်များစွာနဲ့ ဝမ်းနည်းမိကြခြင်းဖြစ်သည်။ အဆိုတော်ကြီးကိုမင်းနောင်နဲ့အဖွဲ့က ပါတော်မူသီချင်းကို ရင်နင့်အောင်ဆိုပြထားပြီး ဂီတလုလင်ဦးကိုကိုက နောက်ခံတီးလုံးတီးပေးထားတာကို နားထောင်ရင်း သီပေါဘုရင်နဲ့မိသားစု ဂေါဝိန်ဆိပ်ကို ဆင်းကြတဲ့မြင်ကွင်းဟာ ပရိသတ်တွေရဲ့ နှလုံးသားကို ထိစေတဲ့ ပြသချက်ပါပဲ။ အဲ့ဒီမှာ စုဖုရားလတ်က မြင်းလှည်းပေါ်ကနေ မြတောင်ကျောင်းတိုက်ရှေ့အရောက်မှာ အော်လိုက်တဲ့ အသံက ပိုပြီး ကြေကွဲစရာကောင်းတော့သည်။

          အရှင်ဘုရား တပည့်တော်မတို့ သွားပါပြီဘုရား လို့အော်ပြောလိုက်ပါသည်။ တစ်ချိန်တည်းမှာပဲ မြတောင်ကျောင်းတိုက်ပေါ်မှာ ကိုရင်လေးတွေနဲ့အတူ ကလေးငယ်လေးတစ်ယောက်က မျက်ရည်တွေ တသွင်သွင် စီးကျရင်း လက်အုပ်လေးချီကာ သူ့အရှင်နှစ်ပါးကို နောက်ဆုံးဦးတင်ရှိခိုးပြီး နှုတ်ဆက်လိုက်တဲ့ မြင်ကွင်းကလည်း ကျွန်တော်တို့ရင်ကို ထိစေခဲ့တာပါပဲ။ ထိုကလေးငယ်လေးဟာ တစ်ခြားသူမဟုတ်ပါဘူး။ နောင်တစ်ချိန်မှာ ကျွန်တော်တို့ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးဗိသုကာ စာဆိုတော် ဆရာကြီးသခင်ကိုယ်တော်မှိုင်းပဲဖြစ်ပါသည်။ အဲ့တုန်းက ဘုန်းကြီးကျောင်းသားလေး မောင်လွန်းအနေနဲ့ အရှင်နှစ်ပါးပါတော်မူခြင်းကို မျက်ဝါးထင်ထင် တွေ့ရှိခဲ့ရသူ ဖြစ်ပါသည်။

          ထိုပါတော်မူဇာတ်ဝင်ခန်းမှာပဲ နန်းတွင်းတပ်မှုးတွေအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား ၃ယောက်ဖြစ်သော ကျော်သူ၊ကျော်ရဲအောင်၊လွင်မိုးတို့ကို တွေ့ရပါသည်။ အရှင်နှစ်ပါး ဂေါဝိန်ဆိပ်ကိုဆင်းတဲ့အခါ ကျော်ရဲအောင်က မခံမရပ်နိုင်ဖြစ်ပြီး လုမယ်ကွာလို့ပြောလိုက်ပါသည်။ ဒီတော့ဘေးက ဗိုလ်သူရိန်အဖြစ်သရုပ်ဆောင်တဲ့ ကျော်သူနဲ့ လွင်မိုးတို့က လှန်းဆွဲထားလိုက်ကြပါသည်။ အဲ့ဒီနောက် တဆက်တည်းမှာပဲ အမျိုးသမီးအဆိုတော်ရဲ့  သီချင်းလေးထွက်လာပါသည်။

          အမရပူရ စံဌာနေ၊ မန္တလာမြေ၊ အရှင်နှစ်ပါးကတော့ ဘယ်တော့မှ ပြန်မလာတော့ပါပေ။ ဆိုပြီး ရှိုက်သံအပြည့်နဲ့ ဆိုပြလိုက်တာ ကြည့်နေတဲ့သူအပေါင်း ဝမ်းမနည်းပဲဘယ်နေနိုင်မလဲဗျာ။

          ကိုယ့်ထီးကိုယ့်နန်း၊ကိုယ့်အရှင် ကိုယ့်သခင်နဲ့နေလာခဲ့တဲ့လူတွေ အခုတော့ ကိုယ့်အရှေ့မှာပင် အရှင်နှစ်ပါးကို ဖမ်းဆီးခေါ်ဆောင်သွားတာတွေ့ကြရတော့ အဲ့ဒီအချိန် အဲ့ဒီနေရာမှာ အသက်ရှင်ရပ်တည်နေကြတဲ့ မြန်မာပြည်သူ ပြည်သားတွေရဲ့ ရင်ထဲ ဘယ်လောက်များ ရင်ထုမနာ ကြေကွဲနေကြလိမ့်မလဲလို့တွေးမိပါသည်။ ဒီနေရာမှာ ကျွန်တော်စဉ်းစားမိတာ တစ်ခုရှိပါသည်။ အဲ့ဒီလိုအခြေအနေမျိုးမှာ သူ့ကျွန်မခံပြီလို့ကြွေးကြော်ပြီး ကိုယ့်ဘုရင်ကို အတင်းဝင်လုပါတော့လား။ သေမယ်ဆိုတာသိပေမယ့် တစ်ယောက်တည်းအားနဲ့တော့ မဟုတ်ဘူးပေါ့။ စစ်သည်တော် သူရဲကောင်း ရဲမက်ဗိုလ်ပါတွေ အများကြီးကျန်နေသေးတာပဲ။ ဘာလို့ အညံ့ခံပြီး သူ့ကျွန်အဖြစ် တိုင်းတပါးကို ထည့်လိုက်ရမှာလဲ။ လုပေါ့။

          မင်းက အဲ့သလိုပြောရအောင် မင်းသာအဲ့တုန်းက အဲ့နေရာမှာဆိုရင်ရော ကိုယ့်အသက်ကို အသတ်ခံရမှာ သိရဲ့နဲ့ မဖြစ်နိုင်တာသိသိကြီးနဲ့ ဝင်လုပါ့မလားလို့ မေးကောင်းမေးကြပါလိမ့်မည်။ ကျွန်တော်သာ ပါတော်မူတဲ့အချိန် အသက်ရှင်ခွင့်ရှိနေခဲ့မယ်ဆိုရင် ဝင်လုမှာပဲ။ ကိုယ်တစ်ယောက်ထလုပ်လိုက်ရင် နောက်က လိုက်ပါလာမယ့် လူတွေက အသင့်ရှိပြီးသား။ အဲ့သလိုလုပ်လိုက်ရင် အင်္ဂလိပ်တွေက သေနတ်တွေနဲ့မို့ ပစ်မှာပဲ။ ပစ်စမ်းပါစေ။ လူဆိုတာ နှစ်ခါသေရိုး ထုံးစံမှမရှိပဲ။ သူတို့ချည်းပဲ ပစ်နိုင်တာမှ မဟုတ်ပဲ။ ကိုယ့်လူတွေကလည်း အဲ့ဒီ ကုလားဖြူတွေဆီက သေနတ်တွေကို အတင်းဝင်လုပြီး ရရာလက်နက်ဆွဲကိုင် တော်လှန်ပစ်ကြရမှာ။ သီပေါဘုရင်တို့ မိသားစုလည်း သေကောင်းသေကြမယ်။ သေချင်မှလည်းသေမယ်။ သေသွားရင်တောင် ကိုယ့်မြေ ကိုယ့်ရပ်ကိုယ့်ဌာနေမှာ နယ်ချဲ့ကို အညံ့မခံပဲ အသက်အသေခံသွားတဲ့ ဘုရင်ဆိုပြီး ရာဇဝင်မှာ သမိုင်းကြောင်းလှလှကြီး ကျန်ရစ်ခဲ့မှာပါ။

          ဇာတ်ဝင်တေးပါတော်မူသီချင်းမှာတောင် ဦးမင်းနောင်က သေသော်မှတည့် အော်ကောင်း၏ လို့ ဆိုပြနေသေးတာပဲ။ သေသွားတာကမှ ပိုပြီး မွန်မြတ်ပါဦးမည်။ အခုတော့ အညံ့ခံပြီး လိုက်သွားရတာ ရင်နာစရာကောင်းပါဘိ။ ဝင်လုတဲ့သူတွေကိုလည်း စဉ်းစားဥာဏ်မရှိဘူး၊ ပညာနည်းတယ်၊ လက်နက်ချင်းမမျှတဲ့ ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်ရကောင်းလားလို့ ဘယ်သူကမှ အပြစ်မတင်ပါဘူး။ သီပေါဘုရင် မိသားစုကတော့ သူတို့အသက်တွေသေရလို့ အဲ့လိုထင်ကောင်းထင်ကြမည်။ ဒါပေမယ့် ရာဇဝင်မှာတော့ ကိုယ့်ဘုရင်နဲ့ မိဖုရားကို တိုင်းတပါးကျွန်သဘောက်အဖြစ် မထည့်လိုက်နိုင်လို့ အသက်ကိုစွန့်ြ့ပီး ဝင်လုခဲ့တဲ့ သူရဲကောင်းအဖြစ် မှတ်တမ်းကျန်ခဲ့မှာပါပဲ။

          ထို့ပြင် အင်္ဂလိပ်တပ်တွေက ဘယ်လောက်များ များများစားစားရှိတာမှတ်လို့။ ကျွန်တော်တို့မှာ တစ်နိုင်ငံလုံး ရှိနေတာပါ။ ရဟန်းရှင်လူ ကျားမ မရွေး သူ့ကျွန်မခံလိုတဲ့ စိတ်ကလေးနဲ့သာ အသက်စွန့်ပေးခဲ့ကြမယ်ဆိုရင် သီပေါဘုရင်ကြီး ရတနာဂီရိအကျဉ်းထောင်စံအိမ်မှာ နန်းကျဘုရင်အဖြစ် စံမြန်းခဲ့ရမှာမဟုတ်ဘူး။ သမီးတော်လေးတွေလည်း တံခါးစောင့် ကုလားမယား ဖြစ်ပြီး ကုလားမျိုးရိုးတွေဖြစ်ကုန်မှာမဟုတ်ဘူး။ နန်းစဉ်ကျောက်မျက်ရတနာတွေကို မတော်မတန်ဈေးတွေနဲ့ ရောင်းစားပြီး အိမ်စရိတ်ဖြေရှင်းခဲ့ရမှာ မဟုတ်ဘူး။ ဘုရင်ကြီး နတ်ရွာစံတော့ သရဏဂုံတောင် တင်ခွင့်မရတဲ့ အဖြစ်မျိုး ကြုံရမှာမဟုတ်ဘူး။ နောက်ဆုံး အင်မတန်မှ သမိုင်းအစဉ်အလာ ကြီးမားခဲ့တဲ့၊ ကုန်းဘောင်မင်းဆက် ဘုရင်တစ်ပါးရဲ့ အုတ်ဂူဟာ ကုလားပြည်ဂျောင်ဂျိုဂျောင်ဂျားက နွားချေတွေ၊ လူဆင်းရဲတွေရဲ့ အညစ်အကြေးတွေကြား၊ မြက်ရိုင်းတွေကြားမှာ မထင်မရှားလေး တည်ရှိနေခဲ့မှာ မဟုတ်ဘူး။

          ဒါနဲ့ပတ်သက်ပြီး စာရေးဆရာ ဦးဘုန်း (ဓာတု) ရဲ့  စာပေဟောပြောပွဲ တစ်ခုမှာ ဆရာက ဘယ်လိုပြောခဲ့သလဲဆိုတော့ သီပေါဘုရင်ကို ဝေဖန်ထောက်ပြသွားခဲ့ပါသည်။ အင်္ဂလိပ်စစ်ဗိုလ်က သူရိယသင်္ဘောပေါ် တက်ခိုင်းတဲ့အခါ ငါကွ သူရဲကောင်း၊ မင်းတို့နောက်တော့မလိုက်ဘူး၊ ငါ့တိုင်းပြည်ကနေ တဖဝါးမှ မခွာနိုင်ဘူးကွဆိုပြီး အဲ့ဒီအင်္ဂလိပ်စစ်ဗိုလ်ဆီက သေနတ်ကိုလု၊ ကိုယ့်ရဲမက်တွေကို ငြာသံပေးလို့ သူ့ကျွန်မခံပြီဆိုတဲ့ကြွေးကြော်သံကို ဟစ်ကြွေးကာ ပြန်လုပ်လိုက်ရမှာ။ ပြန်ချလိုက်ရမှာ။ အဲ့လိုလုပ်လို့ ဟိုဘက်က ပစ်သတ်လို့သေလည်း သူရဲကောင်း၊ မသေပဲ ကျန်လည်း သူရဲကောင်း ဘယ်ဘက်ကကြည့်ကြည့် သူရဲကောင်းဖြစ်ရမယ့် အနေအထားကို သီပေါဘုရင် မဖန်တီးနိုင်ခဲ့ဘူး။ အဲ့ဒီလို စဉ်းစားဥာဏ်နည်းခဲ့လို့၊ စိတ်ဓါတ်မရှိခဲ့လို့၊ ကင်းဝန်မင်းကြီးလို ပညာတတ်စကားနားမထောင်ပဲ၊ ဘာစစ်ရေးပရိယာယ်မှ မကြွယ်တဲ့ မိန်းမလုပ်သူ မိဖုရားရဲ့ စကားနားထောင်ခဲ့လို့ ကျွန်တော်တို့နိုင်ငံ နှစ်ပေါင်း ၆၀ကျော် သူ့ကျွန်အဖြစ် နွံနစ်ခဲ့ကြရသည်။ ကိုလိုနီနယ်ချဲ့ တို့ရဲ့  သြဇာအာဏာအောက်မှာ တစ်မျိုးသားလုံး ပြားပြားဝပ်နေခဲ့ကြရသည်။

          ဒါတွေဟာ ရာဇဝင်မှာ ကျန်ရစ်ခဲ့တဲ့ ဘယ်လိုမှ ပြန်ပြင်လို့မရတော့တဲ့ သမိုင်းသင်ခန်းစာတွေပဲဖြစ်ပါသည်။ သူ့ကျွန်မခံပြီ ရုပ်ရှင်ဇာတ်ကားကြီးကတော့ အရှင်နှစ်ပါး ပါတော်မူသွားတဲ့အခါ ဇာတ်သိမ်းသွားပါသည်။ ကြည့်ရသူတိုင်း ရင်မှာ မချိတင်ကဲနှင့် ဖြစ်ခဲ့ကြရတာကတော့ သူ့ကျွန်မခံပြီလို့သာပြောတယ် သူ့ကျွန်ဖြစ်သွားတာကို ရိုက်ပြသွားတာကိုးဆိုတဲ့ အချက်ပဲဖြစ်ပါသည်။

          မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့ဟာ သမိုင်းထဲက သမိုင်းသင်ခန်းစာတွေကို ယူပြီး အနာဂတ်အတွက် ပြင်ဆင်မွမ်းမံကြရပါမည်။ ကျွန်တော်ရေးဖူးတဲ့ ပညာမြင့်မြင့် ရာဇဝင်လှလှ သမိုင်းကြောင်းကောင်းကောင်း ဆိုတဲ့ ဆောင်းပါးအတိုင်း လူတိုင်းဟာ ပါတော်မူခန်းကို ကြည့်ပြီး ဝမ်းနည်းမျက်ရည်ကျနေရတော့မယ့်အချိန် မဟုတ်တော့ပါဘူး။ ပညာတတ်အောင် လုပ်ကြရပါမည်။ ပညာဆိုတာ ဆင်ခြင်တုံတရား၊ အကောင်းအဆိုးကို ခွဲခြားသိမြင်နိုင်တဲ့ ဥာဏ်ဖြစ်သည်။ ကိုယ်လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်ကို လုပ်ရပါမည်။ အညံ့ခံလိုတဲ့စိတ်၊ ပျော့ညံ့တဲ့စိတ်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသား မချရဲတဲ့စိတ်ရှိနေသမျှ ကာလပတ်လုံး ဘယ်တော့မှ တိုးတက်မှာ မဟုတ်ပါဘူး။ ပြီးတော့ သူရဲကောင်းစိတ်ဟာ အရမ်းအရေးကြီးပါသည်။ အနစ်နာခံနိုင်ရမည်။ စတေးခံရဲရမည်။ အရာအားလုံးကို အစွန့်လွှတ်ခံရဲရမည်။ ဘယ်သူသေသေ ငတေမာရင် ပြီးရော စိတ်မျိုး မထားသင့်ပါ။        

          ထို့ကြောင့် ကျွန်တော်တို့သည် ပညာတတ်အောင် သင်ကြဖို့လိုသည်။ ပညာသည် တော်လှန်ရေးလုပ်ရာမှာလည်းကောင်း၊ စစ်တိုက်ရာမှာလည်းကောင်း၊ တိုင်းပြည်တည်ဆောက်ရေး လုပ်ရာမှာလည်းကောင်း၊ လှုမှုဆက်ဆံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်များမှာ လွန်စွာမှ အသုံးတည့်ပါသည်။ ပညာဖြင့် အရာရာကို ထိုးထွင်းသိမြင်နိုင်ပါသည်။ ထိုကဲ့သို့သော ပညာဖြင့် မိမိတိုင်းပြည်ရဲ့တိုးတက်ရာတိုးတက်ကြောင်းကို ဆောင်ရွက်နိုင်ကြပါသည်။ ထို့ပြင် မိမိတိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရပါမည်။ ထို့ပြင် ရရှိပြီးသော လွတ်လပ်ရေးကို စစ်မှန်သော ဒီမိုကရေစီနည်းဖြင့် ခိုင်မြဲသည်ထက် ခိုင်မြဲအောင် ကြိုးစားရပါမည်။
          သမိုင်းပါမောက္ခ ဆရာကြီးဒေါက်တာသန်းထွန်းပြောသွားသလို သမိုင်းသင်တာ မအ အောင်လို့ ဆိုစကားအတိုင်း ကျွန်တော်တို့ဟာ ဘယ်လောက်ပဲ ခေတ်မီသိပ္ပံပညာရပ်တွေနဲ့ ရှေ့သို့ချီတက်နေစေကာမူ သမိုင်းစာပေတွေကိုတော့ မမေ့ထားသင့်ပါဘူး။ သမိုင်းထဲက သင်ခန်းစာတွေကို ယူပြီး အကျိုးရှိရှိ အသုံးချတတ်ဖို့လိုပါသည်။
          အချုပ်ဆိုရလျှင် ကျွန်တော်သည် အထက်ပါစာမျိုးတွေရေး၊ အတိတ်ဖြစ်ရပ်ကို ချီးခြောက်ရေနှူးပြီး ဟိုလူ့အပြစ်တင် ဒီလူ့အပြစ်တင်နဲ့ မတတ်တခေါက်ဥာဏ်လေးနဲ့ သမိုင်းကိုဝေဖန်တဲ့ကောင်၊ ပညာ ပညာနဲ့ တစ်ပညာထဲ ပညာနေရအောင် မင်းကရော ပညာဘယ်လောက်တတ်လို့ အသိဥာဏ် ဘယ်လောက်ရှိလို့လဲဟု မေးလာခဲ့ရင် ကျွန်တော်အမှန်အတိုင်းပဲ ဝန်ခံပါမည်။ ကျွန်တော် ဘာကောင်မှ မဟုတ်ပါ။ အင်မတန်မှ အရည်အချင်းရှိတဲ့ ပညာတတ်တစ်ယောက်လည်း မဟုတ်ပါ။ သို့သော် အပါဆိုသော ကလောင်အမည်ခံ ကျွန်တော်ရေးသားသော စာပေများသည် စာဖတ်သူအတွက် အသိတစ်ခု၊ အတွေးတစ်ခု၊ ဗဟုသုတတစ်ခု ပေးနိုင်ရန် ရည်ရွယ်၍ စာရေးနေသော လူ့ငနဲတစ်ကောင်သာ ဖြစ်ပါသည်။ ကျွန်တော့်စာများကို ဖတ်ရှုပြီး အကျိုးရှိနိုင်ခဲ့မည်ဆိုက ကျေနပ်ပါသည်။
          တစ်ခုတော့ပြောပါရစေ။ သမိုင်းဆိုတာ ကောင်းအောင်လုပ်ခဲ့ရင် ကောင်းတာပဲအပြောခံရမှာဖြစ်ပြီး သမိုင်းကို မကောင်းအောင် ဖန်တီးခဲ့ရင်တော့ မကောင်းတဲ့အတိုင်း အပြောခံနေရမှာပဲဆိုတာကို သိထားကြဖို့ လိုပါသည်။ ပါတော်မူခန်း အဖြစ်မျိုး နောက်ဘယ်တော့မှ မကြုံရပါစေနဲ့ဘုရား။ ။

အပါ
၂-၆-၁၂

5 comments:

  1. သူ့ကျွန်မခံပြီနဲ့ ပါတ်သတ်လို့ ဆရာ ချစ်ဦးညို ဟောပြောပွဲက ဟာသလေးတစ်ခုကို သွားသတိရမိတယ်။ ပါတောင်မူခန်းဆိုတာက ပြည်သူတွေ ဘ၀ရှင်မင်းတရားပါတော်မူသွားတာကို ၀မ်းနည်းပက်လက်နဲ့ ဖြစ်နေရမယ့်အချိန်၊ ဒါကို ရုပ်ရှင်ထဲပါအောင်ရိုက်ရမှာ။ သဘာဝကျဖို့လိုတယ်။ ဒီတော့ ပြည်သူအဖြစ် သရုပ်ဆောင်ရမယ့်လူတွေကို ဆရာချစ်ဦးညိုက ဟောတယ်... ဆရာက အဟောကောင်းလေတော့ သရုပ်ဆောင်ရမယ့်လူတွေ မျက်ရည်စတွေနဲ့ မျက်နှာလေးတွေက ညှိုးကုန်တာပေါ့။ ဒီတော့မှ ဒါရိုက်တာက စရိုက်တယ်။ တစ်ကယ် သဘာဝကျတယ်။ ဒါပေမယ့် အဲ့ဒီအထဲမှာ ရထားလုံးဘေးကလိုက်တဲ့ အင်္ဂလိပ်တွေအဖြစ်သရုပ်ဆောင်ကတဲ့ကောင်ကပါ ငိုနေတာ။ ဟ... မြန်မာဘုရင် ပါတော်မူတာ နင်က ဘာဖြစ်လို့ ကြားထဲက ၀င်ငိုရတာတုန်းဆိုတော့ ... အာ ကျွန်တော်လည်း လူပဲ.. ဒီလို ၀မ်းနည်းစရာတွေ ဆရာက ဟောတော့.. ကျွန်တော်လည်း ငိုချင်တာပေါ့ဗျ လို့ ဆိုလေသတဲ့။

    ReplyDelete
  2. မှတ်သားလောက်ပါပေရဲ့ ဆရာAHရယ်။ အခုလို ထပ်ပိုးဖြည့်ရေးပေးတဲ့အတွက် ဆရာ့ကိုကျေးဇူးပါ။

    ReplyDelete
  3. သီပေါ အသျှင် ရဲ့ အပြစ်မပာုတ်ပါဘူး ကင်းဝန်မင်းကြီးက အသျှင်နှစ်ပါး ကို သတ်ဖို့ကြံပြီးသားပါ သီပေါအသျှင်က ရွှေဘို ကို တတ်ပြီး ခုခံဖို့ကြံ တယ် ကင်းဝန် က ဖျက်တယ် နောက်ဆုံး နန်းတော်ကနေ ခုခံဖို့လုပ်တယ် အဲ့မှာ ကင်းဝန်က အင်္ဂလိပ်တွေကို မခုခံရ ခုခံသူ သူပုန် ဆိုပြီး အသျှင့် အမိန့်ပုံစံနဲ့ အမိန့်ထုတ်လိုက်တယ် အသျှင်နန်းမတော်ဖုရား နဲ့ ဘာမှမဆိုင်ပါဘူး အသျှင်နန်းမတော်ဖုရား က စစ်တိုက်တယ်ဆို တာ ဒီအတိုင်း ငြိမ်ခံနေလည်း အင်္ဂလိပ် ကသိမ်းမှာပဲ သိမ်းမယ့်အတူတူ တိုက်မယ်ဆိုပြီး နန်းမတော် မယ်နုရဲ့သွေးပီပီ ခုခံပြီး တိုက်ခိုက်ခဲ့တာပါ အဲ့ဇာတ်ကားမှာ သမိုင်းကြောင်းကို ပြင်ထားတာတွေရှိတယ် ကုန်းဘောင်သမိုင်းကို လေ့လာတဲ့သူတွေပဲသိတယ် ပြင်ထားတယ်ဆိုတာကို ပာာကွက်က ဘာလဲဆိုတော့ အသျှင် နှစ်ပါးပါတော်မူတော့ မြန်မာဘုရင်ဆိုတာ နန်းပြင်ထွက်ရင် ထီးဖြူကိုးချက်မိုးပေးရတယ် နန်းကျဘုရင်ဆိုရင် ရှစ်ချက် အခု က နှစ်ချက်ပဲမိုးပေးတယ် ပြီးတော့ သမီးတော်နှစ်ပါးဖြစ်တဲ့ အသျှင်ထိပ်စုမြတ်ဖုရားကြီးနဲ့ အသျှင်ထိပ်စုမြတ်ဖုရားလတ် ကဘွားတော် ဆင်ဖြူမရှင် ဘွဲ့ခံ အလယ်နန်းမိဖုရားကြီး တို့ရဲ့ ဗီရို လှည်းပေါ်မှာ ထိုင်တာ အဲ့ရုပ်ရှင်မှာ ကကျတော့ သမီးတော်နှစ်ပါးက အသျှင်နှစ်ပါးနဲ့ထိုင်တယ် စုဖုရားလတ်ရှင်းတမ်း နဲ့ ကုန်းဘောင်မပာာရာဇဝင် ပြီးတော့ ရတနာပုံ နိဂုံး ကိုလေ့လာကြည့်ပါ မှားနေတာတွေကို တွေ့ရလိမ့်မယ်

    ReplyDelete
  4. သီပေါ အသျှင် ရဲ့ အပြစ်မပာုတ်ပါဘူး ကင်းဝန်မင်းကြီးက အသျှင်နှစ်ပါး ကို သတ်ဖို့ကြံပြီးသားပါ သီပေါအသျှင်က ရွှေဘို ကို တတ်ပြီး ခုခံဖို့ကြံ တယ် ကင်းဝန် က ဖျက်တယ် နောက်ဆုံး နန်းတော်ကနေ ခုခံဖို့လုပ်တယ် အဲ့မှာ ကင်းဝန်က အင်္ဂလိပ်တွေကို မခုခံရ ခုခံသူ သူပုန် ဆိုပြီး အသျှင့် အမိန့်ပုံစံနဲ့ အမိန့်ထုတ်လိုက်တယ် အသျှင်နန်းမတော်ဖုရား နဲ့ ဘာမှမဆိုင်ပါဘူး အသျှင်နန်းမတော်ဖုရား က စစ်တိုက်တယ်ဆို တာ ဒီအတိုင်း ငြိမ်ခံနေလည်း အင်္ဂလိပ် ကသိမ်းမှာပဲ သိမ်းမယ့်အတူတူ တိုက်မယ်ဆိုပြီး နန်းမတော် မယ်နုရဲ့သွေးပီပီ ခုခံပြီး တိုက်ခိုက်ခဲ့တာပါ အဲ့ဇာတ်ကားမှာ သမိုင်းကြောင်းကို ပြင်ထားတာတွေရှိတယ် ကုန်းဘောင်သမိုင်းကို လေ့လာတဲ့သူတွေပဲသိတယ် ပြင်ထားတယ်ဆိုတာကို ပာာကွက်က ဘာလဲဆိုတော့ အသျှင် နှစ်ပါးပါတော်မူတော့ မြန်မာဘုရင်ဆိုတာ နန်းပြင်ထွက်ရင် ထီးဖြူကိုးချက်မိုးပေးရတယ် နန်းကျဘုရင်ဆိုရင် ရှစ်ချက် အခု က နှစ်ချက်ပဲမိုးပေးတယ် ပြီးတော့ သမီးတော်နှစ်ပါးဖြစ်တဲ့ အသျှင်ထိပ်စုမြတ်ဖုရားကြီးနဲ့ အသျှင်ထိပ်စုမြတ်ဖုရားလတ် ကဘွားတော် ဆင်ဖြူမရှင် ဘွဲ့ခံ အလယ်နန်းမိဖုရားကြီး တို့ရဲ့ ဗီရို လှည်းပေါ်မှာ ထိုင်တာ အဲ့ရုပ်ရှင်မှာ ကကျတော့ သမီးတော်နှစ်ပါးက အသျှင်နှစ်ပါးနဲ့ထိုင်တယ် စုဖုရားလတ်ရှင်းတမ်း နဲ့ ကုန်းဘောင်မပာာရာဇဝင် ပြီးတော့ ရတနာပုံ နိဂုံး ကိုလေ့လာကြည့်ပါ မှားနေတာတွေကို တွေ့ရလိမ့်မယ်

    ReplyDelete
    Replies
    1. ကွန်မန့်ရေးပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ အခုလိုဆွေးနွေးချက်တွေဟာ ကျွန်တော်တို့စာရေးသူများအတွက် အားဆေးတွေဖြစ်ပါတယ်။

      Delete