Monday, June 4, 2012

ကျွန်တော်နှင့်ဒါရိုက်တာညိုမင်းလွင်



            ဒါရိုက်တာညိုမင်းလွင်ဆိုရင် လူတိုင်းသိကြမယ်ထင်ပါသည်။ လူငယ်ကြိုက် ဖန်စီဇာတ်ကားများကို ရိုက်ကူးတင်ပြ လေ့ရှိတဲ့ ဒါရိုက်တာတစ်ယောက်ပါ။ အရင်က သရုပ်ဆောင်တစ်ယောက် အဖြစ်နဲ့လည်း ပရိသတ်သိခဲ့ပြီးသူ တစ်ယောက်ပါ။ အတွေးကောင်းကောင်း ရိုက်ချက်ကောင်းကောင်းနဲ့ ပရိသတ်အခိုင်အမာရှိထားတဲ့ လူငယ်ဒါရိုက်တာ တစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒါရိုက်တာညိုမင်းလွင်ကို ရုပ်ရှင်လောကသားများနှင့် ရင်းနှီးသူတိုင်းက ကိုညိုလို့ ခေါ်ကြသည်။

            ကိုညိုနဲ့ကျွန်တော် လွန်ခဲ့တဲ့၃နှစ်လောက်က ဆုံဖြစ်ခဲ့ကြသည်။ တွေ့ဆုံဖြစ်တဲ့နေရာက ကိုညို့အိမ်မှာပါ။ ကျွန်တော့်ကို ခေါ်သွားပေးတာက ကိုညိုနဲ့ကျောင်းနေဖက်သူငယ်ချင်း မဖြူပါ။ အစက မဖြူနဲ့ကျွန်တော်လည်း သိပ်မရင်းနှီးပါဘူး။ ကျွန်တော်သူ့ငယ်ချင်းဇာနည်ထက်ရဲ့ အစ်ကို ကိုနေလင်းနဲ့ မဖြူတို့ ကိုညိုတို့က ကျောင်းနေဖက်တွေဆိုတော့ ကိုနေလင်းနဲ့ ပတ်သက်ပြီး မဖြူနဲ့ခင်မင်ခဲ့ကြသည်။ နောက်ပိုင်း မဖြူနဲ့ စာပေအကြောင်းတွေ ပြောရင်း ဆွေးနွေးရင်း ပိုပြီးခင်သွားကြသည်။ တစ်ခုမှတ်မိသေးသည်။ တစ်ရက် မဖြူအိမ်လိုက်သွားပြီး မဖြူစာအုပ်စင်ကနေ ပန်းချီခင်မောင်ရင်ရဲ့ စာအုပ်ကို ဌားလာတာ ယနေ့တိုင် ပြန်မပေးဖြစ်သေးပါ။ မဖြူကတော့ ဆုံးပြီလို့ တွက်ထားမှာ သေချာသည်။ ဒါနဲ့ ကျွန်တော်တို့ စကားတွေ ပြောကြဆိုကြရင်း ကျွန်တော်က စာတွေလည်းရေးတဲ့အကြောင်း၊ အနုပညာကိုဝါသနာပါတဲ့အကြောင်း ပြောဖြစ်ကြသည်။ ပြီးတော့ ဒါရိုက်တာတစ်ယောက် အရမ်းဖြစ်ချင်ကြောင်း ပြောပြတော့ ကိုနေလင်းနဲ့မဖြူက ဒါဆို မင်းကို ကိုညို့ဆီ ပို့ပေးမယ်။ မင်း သူနဲ့လိုက်လေ့လာဆိုပြီး ကျွန်တော့်ကို ကိုညိုမင်းလွင်ဆီ ပို့ပေးခဲ့ကြပါသည်။ ဒီလိုနဲ့ ကျွန်တော်နဲ့ ကိုညို ဆုံဖြစ်ခဲ့ပါသည်။

            ပထမ ကိုညို့ယောက္ခမအိမ်ကို အရင်ရောက်သွားကြသည်။ နေ့ခင်းဘက်တွေဆို ကိုညိုက ယောက္ခမအိမ်မှာ ရှိတတ်သည်။ ကိုညို့မိန်းမ မစန္ဒာလွင်က တရုတ်စာကျူရှင်သင်ပေးနေသည်။ မစန္ဒာလွင် ကျူရှင်ပြီးခါနီးလောက် ကျွန်တော်နဲ့ မဖြူနဲ့ အိမ်ပေါ်ရောက်သွားကြသည်။ ကျွန်တော်တို့နဲ့အတူ ကျွန်တော့်သူငယ်ချင်း ဒေါက်တာငြိမ်းချမ်းဦးလည်း ပါသည်။ (အခုတော့ ကိုဦးက ဂျမေကာမှာ အလုပ်သွားလုပ်နေပါပြီ)။ ကျွန်တော်တို့ ၃ယောက်နဲ့ မစန္ဒာလွင် စကားပြောဖြစ်ကြသည်။ ကိုညို့သမီးလေးကတော့ တီတီတာတာနဲ့ ဆော့နေလေသည်။ ကိုညို့ကို အဲ့ဒီအိမ်မှာ မတွေ့ခဲ့ရ။ မစန္ဒာက သူ့ယောက်ျား ဟိုဘက်လမ်းက သူတို့အိမ်မှာ editing လုပ်နေလို့ ဒီတောင် မလာနိုင်ဘူးလို့ပြောပါသည်။ ကျွန်တော်တို့ကို အဲ့ဒီအိမ် လိုက်သွားကြဆိုပြီး သူက ကိုညို့ဆီ ဖုန်းဆက်ပြောသည်။

            ကျွန်တော်တို့ ကိုညိုရှိတဲ့ဆီ လိုက်သွားကြသည်။ ကိုညိုက အလုံ ကွင်းကျောင်းလမ်းမှာနေသည်။ ကျွန်တော်တို့ ရောက်သွားတော့ ကိုညိုက ဖော်ဖော်ရွေရွေပဲကြိုသည်။ မဖြူနဲ့ကလည်း ကျောင်းနေဖက်မို့ သူငယ်ချင်းတွေဖြစ်နေတော့ ပိုပြီး ရင်းရင်းနှီးနှီးရှိသည်။ သူ တစ်ညလုံး editing လုပ်ထားလို့ မနက်လင်းခါနီးလောက်မှ အိပ်ပျော်သွားကာ ခုဏကမှ နိုးလာတာလို့ ပြောသည်။ ကိုညို့ပုံကြည့်ရတာ လန်းလန်းဆန်းဆန်းသိပ်မရှိဘူး။ သူ့တပည့်တစ်ယောက်ကို ထမင်းကြော်နဲ့ ကြက်ဥကြော် လှန်းမှာပြီး စားနေတုန်း ကျွန်တော်တို့ရောက်သွားခြင်းဖြစ်သည်။

            မဖြူက ကျွန်တော်နဲ့ကိုညို့ကို မိတ်ဆက်ပေးသည်။ တဆက်တည်းမှာပဲ ဒါရိုက်တာဖြစ်ချင်လို့ ကိုညို့ဆီ လိုက်ပို့ပေးတာ ဖြစ်ကြောင်း ပြောပြလိုက်တော့ ကိုညို သဘောကျသည်။ ပြီးတော့ ကိုညိုက စကားတွေ စတင်ပြောတော့သည်။ သူ့ဆီကို ကောင်လေးတွေရော ကောင်မလေးတွေရော တော်တော်များများ ရောက်လာဖူးတယ်လို့ပြောသည်။ သူတို့အားလုံးက ရုပ်ရှင်မင်းသား ဖြစ်ချင်တဲ့လူတွေ မင်းသမီးဖြစ်ချင်တဲ့လူတွေချည်းပဲလို့ဆက်ပြောသည်။ ဒီတစ်ခါပဲ ဒါရိုက်တာဖြစ်ချင်လို့ ရောက်လာတဲ့ကျွန်တော့်ကို သူတွေ့ဖူးပါကြောင်း ပြောရင်းရယ်သည်။

            ပြီးတော့ ကိုညိုနဲ့ရုပ်ရှင် ရိုက်ကွင်းတွေအကြောင်းပြောဖြစ်ကြသည်။ သူ့ရဲ့ ရုပ်ရှင်အပေါ် ခံယူချက်နဲ့ ရိုက်ကွင်းတစ်ခုကို ဘယ်လိုတည်ရတယ်၊ ဘယ်လို အခက်အခဲတွေနဲ့ကြုံရတယ်ဆိုတာမျိုး ရှင်းပြသည်။ များသောအားဖြင့် ကိုညိုရိုက်တဲ့ ဇာတ်ကား တိုင်းကို သူကိုယ်တိုင်ပဲ ဇာတ်ညွှန်းရေးကြောင်း၊ ဇာတ်ညွှန်းဆရာတွေသီးသန့်မခေါ်ကြောင်း၊ဇာတ်ညွှန်းဆရာရှိရင် ကိုယ်လိုချင် သလို ရိုက်လို့မရကြောင်း၊ သူက စိတ်လွတ်ကိုယ်လွတ် လုပ်ကိုင်ရတာကိုပဲ နှစ်သက်ကြောင်းပြောပြသည်။ ကျွန်တော်ကလည်း ကျွန်တော်ရေးထားတဲ့ ဇာတ်လမ်းတွေ အများကြီးရှိပါတယ်၊ ကိုညိုဖတ်ကြည့်ပြီး အဆင်ပြေမယ့်ဟာ ယူသုံးပေါ့လို့ ပြောလိုက်သည်။ ကိုညိုက သဘောတွေကျသည်။ ကျွန်တော့်စာတွေကို ဖတ်ချင်တယ် နောက်နေ့ယူခဲ့ဆိုပြီး ပြောသည်။

            အဲ့ဒီနောက်တော့ ကိုညိုနဲ့ မိသားစုအကြောင်းတွေ ထိုင်ပြောဖြစ်သည်။ ကိုညိုက ကျွန်တော်တို့ကို ကော်ဖီဖျော်တိုက်သည်။ ကျွန်တော်ကလည်း ကိုညို့ရဲ့ အနုပညာအပေါ် ခံယူချက်တွေ၊ အယူအဆတွေနဲ့ ဖန်တီးမှုတွေ အကြောင်း မေးမြန်းဖြစ်သည်။ တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းတစ်ခု ကိုညိုရိုက်ခဲ့တာ အရမ်းကောင်းကြောင်း ကျွန်တော်က ပြောတော့ ကိုညိုကရယ်သည်။ ပြီးတော့
“ကျွန်တော့်ကို ဗိုလ်ချုပ်ကြီးသူရရွှေမန်းက တပ်မတော်နေ့ ညစာစားပွဲမှာ နှုတ်ဆက်ရင်း သူလည်း အဲ့ဒီဇာတ်လမ်းကို ကြည့်မိတာ အရမ်းကောင်းတယ်၊ မင်းတော်တယ်လို့ ချီးမွမ်းခန်းထုတ်သွားတယ်ဗျ”
လို့ သူ့ရဲ့ အသိအမှတ်ပြု ခံရမှုအပေါ် ပြန်လည်ပြောပြပါသည်။  (ထိုစဉ်က ဗိုလ်ချုပ်ကြီးသူရရွှေမန်းသည် တပ်မတော် ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှုးဖြစ်သည်။)

            ကိုညိုမင်းလွင်ဟာ အင်မတန်မှ ပွင့်လင်းတဲ့လူတစ်ယောက်ပါ။ သူ့အကြောင်းတွေကို ပွင့်ပွင့်လင်းလင်းပဲပြောပြသည်။ သူဟာ သူ့အဖေဆီက အနုပညာသွေးပါခဲ့ကြောင်း၊ မိဘတွေက သင်္ဘောသားလုပ်စေချင်သော်လည်း သူက ဒီအနုပညာကို ရူးရူးသွပ်သွပ် လုပ်ချင်လို့ အိမ်ပေါ်က ဆင်းခဲ့ကြောင်း၊ သူနဲ့သူ့မိန်းမ ဘယ်လိုတွေ့ခဲ့တယ်ဆိုတာကအစ သူ့သမီးလေး မွေးလာတဲ့အခါ သူဘယ်လိုခံစားရတယ်၊ သူ့ရဲ့ခံစားချက်တွေနဲ့ သူ့သမီးလေးရဲ့ အနာဂတ်အတွက် ဘယ်လို ပဲ့ကိုင်ပေးမယ် ဆိုတာတွေကို တကယ့်မိတ်ဆွေ ရင်းချာများပမာ ပြောပြလေသည်။ မဖြူပါတာလည်း ပါမှာပေါ့နော်။ ကျွန်တော်ချည်းပဲ သက်သက်ဆို ပြောချင်မှလည်း ပြောမှာပေါ့။ ပြီးတော့ ဒွေး (ကိုသားကြီး) မသေခင်ကနဲ့ သေတဲ့အချိန်က အဖြစ်အပျက် တွေကိုလည်း သူကပြောပြသေးသည်။

            ကျွန်တော်တို့ ၂နာရီနီးပါးလောက် နောက်ဖေး ထမင်းစား စားပွဲမှာ ထိုင်ပြောနေခဲ့ပြီး ကိုညိုက သူညက edit လုပ်ထားတဲ့ ဗီဒီယိုကားကိုပြမယ်ဆိုပြီး Editing ခန်းထဲကိုခေါ်သွားပါသည်။ ကျွန်တော်တို့လည်း ကိုညိုခေါ်ရာနောက်လိုက်သွား ကြသည်။ အခန်းထဲမှာလည်း စက်ပစ္စည်းတွေ ပွစာကျဲနေသည်။ ကြိုးတွေလည်း ရှုပ်ယှက်ခက်နေသည်။ ဒါ အနုပညာဖန်တီးသူတစ်ယောက်ရဲ့ လုပ်ငန်းခွင်ဆိုတာ ကျွန်တော်သဘောပေါက်လိုက်ပါသည်။

            ထူးဆန်းတာတစ်ခုက ကိုညိုသည် သူရိုက်ခဲ့တဲ့ကားတွေကို တစ်ခွေမှသိမ်းမထားခြင်းပင်ဖြစ်သည်။ သူ့ဗီဒိုထဲတွင် နိုင်ငံခြားကားတွေချည်း ပြည့်နေသည်။ လတ်တလော ထွက်တဲ့ကားတွေလည်း ရှိနေသည်။ ကိုညို ဒီအော်ရဂျင်နယ်တွေ ဘယ်လိုဝယ်ရလဲလို့မေးတော့ ကိုညိုကရှင်းပြသည်။
            “မင်းသားမင်းသမီးတွေထဲက ဘယ်သူပဲ နိုင်ငံခြားသွားသွား ကျွန်တော်က အခွေမှာနေကျ၊ ဒီအခွေက နန်းဆုစင်ကာပူက ပြန်လာတုန်းက မှာလိုက်တာ၊ ဒါက ချောရတနာဝယ်လာတာလေ”
ဆိုပြီး တစ်ခွေပြီး တစ်ခွေထုတ်ပြသည်။ ကျွန်တော်က နိုင်ငံခြားကား အကြည့်နည်းတဲ့အကြောင်း ပြောတော့ ကိုညိုက
            “နိုင်ငံခြားကားတွေကို ကြည့်သင့်တယ်ဗျ၊ အဲ့ဒီထဲမှာ သူတို့ ဘယ်လိုဆက်တင်သုံးတယ်၊ ဘယ်လိုမြူးဇစ်သုံးတယ်၊ ဘယ်လို edit လုပ်တယ် ဆိုတာတွေကို လေ့လာနိုင်တယ်ဗျ၊ သူတို့ရိုက်တဲ့ဇာတ်ကားကို ခိုးချဖို့ ပြောတာမဟုတ်ဘူးနော်၊ သူတို့ရဲ့ နည်းပညာဖန်တီးမှုကို လေ့လာအတုယူပြီး ကိုယ်ရော ဘယ်လိုလုပ်ရင် ရမလဲဆိုတာမျိုး ကျွန်တော်တော့ အမြဲတွေးတယ်”

            ကိုညိုက ပြောပြောဆိုဆိုနဲ့ သူ့အခွေတွေ ထည့်ထားတဲ့ တောင်းကြီးကို လှန်းယူလိုက်ပြီး ကျွန်တော့်ကို ကြည့်ချင်တဲ့ ကားယူသွားပြီး ကြည့်လေလို့ ပေးတယ်။ ခဏငှားတာပေါ့ဗျာ။ ပြီးတော့ ကိုညိုက ဆက်ပြောသည်။

            “ကျွန်တော့်ဆီမှာ ဒီထက်များများရှိသေးတယ်၊ မနေ့ကမှ ခိုင်သင်းကြည်က တစ်ထုပ်ကြီး မ သွားလို့ တစ်ချို့ကား ကောင်းတွေ သူ့ဆီပါသွားတယ်ထင်တယ်ဗျ၊ ဒီမှာလည်း ကားကောင်းတွေရှိပါသေးတယ်။ ဒါလေးကြည့်ဖူးလား” လို့မေးတော့ ကျွန်တော်က ခေါင်းခါသည်။ ဒါရောလို့ မေးတော့လည်း ကျွန်တော်က ဟင့်အင်းလို့ဖြေသည်။ ကျွန်တော့်ဘေးက အဖော် နှစ်ယောက်ကတော့ ဝါသနာရှင်အဆင့်တွေမို့ နိုင်ငံခြားကား အကုန်သိသည်။ ကိုညိုမေးသမျှ ကိုဦးက အကုန်ကြည့်ဖူး နေသည်။ မဖြူကလည်း ကြည့်ပြီးသားဖြစ်နေသည်။ ဒီနေရာမှာ ကိုဦး၊မဖြူတို့နဲ့ ကိုညို လေပေးတည့်သွားတော့သည်။ နိုင်ငံခြားကားတွေ အကြောင်း သူတို့ ဝေဖန်ဆွေးနွေးတော့သည်။ အမှန်အတိုင်းပဲ ဝန်ခံပါသည်။ ကျွန်တော် ငယ်ငယ်တည်းက နိုင်ငံခြားကားဆို ဂျိမ်းစဘွန်းကားတွေလောက်သာ ကြည့်ဖြစ်သည်။ ရံဖန်ရံခါ ကြုံမှသာ ဟိုတစ်ကား ဒီတစ်ကား ကြည့်ဖြစ်သည်။ တကူးတက အချိန်ပေးပြီး နိုင်ငံခြားရုပ်ရှင်ကားများ မကြည့်ဖြစ်ပါ။ အဲ့ဒီလို ထိုင်ကြည့်ရမည့်အချိန်မှာ ကျွန်တော် စာအုပ်တစ်အုပ် ဖတ်လိုက်ရ တာက ပိုပြီး အရသာရှိလှသည်။ စာတစ်ပုဒ် ထိုင်ရေးလိုက်ရတာက ပိုပြီး အဓိပ္ပါယ်ရှိပါသည်။

            နိုင်ငံခြားကားတွေအကြောင်း ကိုညိုတို့ပြောဆိုနေချိန်မှာ ကျွန်တော်က ကိုညို့ပန်းချီလက်ရာတစ်ချို့ကို လေ့လာနေမိသည်။ ကိုညိုက ပန်းချီလည်း ဆွဲသည်။ စာလည်းရေးသည်။ ဒီလိုနဲ့ ကျွန်တော်တို့ ပြန်ကြဖို့ ပြင်သည်။ မပြန်ခင် ကိုညို့ရိုက်ကွင်းကို လိုက်ဖို့ ချိန်းသည်။ Myanmar Info Tech မှာ နောက်တစ်ပတ် ရိုက်ကွင်းရှိတယ်ဆိုလို့ ကျွန်တော်နဲ့ ကိုညို ချိန်းလိုက်ကြသည်။ ပြန်ခါနီး ကျွန်တော်က အိတ်ထဲမှာ ပါလာတဲ့ ဒိုင်ယာရီစာအုပ်လေးထုတ်ပြီး
            “ကိုညို ကျွန်တော့်ကို တစ်ခုခု ရေးပေးပါ” လို့ ပြောလိုက်မိသည်။

            ကိုညိုက ကျွန်တော့် စာအုပ်လေးကို ယူပြီး ချက်ချင်းပဲ စာတွေချရေးနေတော့သည်။ ကျွန်တော်တို့ ခဏ စောင့်နေလိုက်သည်။ ကိုညိုက တစ်မျက်နှာနီးပါးလောက် စာရေးပြီးတော့ ကျွန်တော့်ကို ပြန်ပေးသည်။ ကျွန်တော်ကလည်း ကျေးဇူးတင်ကြောင်းပြောပြီး ပြန်ခဲ့သည်။

            လမ်းရောက်မှ ကိုညိုဘာတွေရေးပေးလိုက်ပါလိမ့်ဆိုပြီး ဖတ်ကြည့်မိသည်။ ကိုညို ကျွန်တော့်ကို ရေးပေးလိုက်တဲ့ မူလ လက်ရေးနဲ့စာရွက်ဟာ ကျွန်တော်အသိမ်းလွန်နေ၍ ဒီနေရာမှာ မဖော်ပြပေးနိုင်တာ နားလည်ပေးပါ။ ကျွန်တော့် စာအုပ်စင်ပေါ်က ဖိုင်တစ်ခုခုထဲမှာ ရှိနေလိမ့်မည်ဟုထင်ပါသည်။ ကိုညိုရေးပေးလိုက်တဲ့စာထဲမှာ ကျွန်တော်က ဒိုင်ယာရီစာအုပ်ထုတ်ပြီး တစ်ခုခုရေးပေးပါလို့ ပြောလိုက်တဲ့အချိန်မှာ သူအရမ်းအံ့သြသွားမိကြောင်း၊ သူ့အဖြစ်နဲ့ ထူးဆန်းစွာတိုက်ဆိုင်နေကြောင်း၊ လွန်ခဲ့တဲ့ ဆယ်နှစ် ၁၉၉၈မှာ သူ ဒါရိုက်တာမောင်မျိုးမင်း (ဦးမျိုး)ဆီ ရောက်ခဲ့ကြောင်း၊ ဦးမျိုးဆီမှာ ဒါရိုက်တာဖြစ်ချင်လို့ လေ့လာသင်ယူခွင့်တောင်းခဲ့ဖူး ကြောင်း၊ ဦးမျိုးအိမ်မှာနေပြီး ခိုင်းတာလုပ် ကျွေးတာစား ဘဝနဲ့နေခဲ့ရကြောင်း၊ အဲ့ဒီအချိန်တုန်းက သူ့ဒိုင်ယာရီစာအုပ်လေးကို ထုတ်ပြီး ဦးမျိုးကျွန်တော့်ကို တစ်ခုခုရေးပေးပါလို့ ပြောခဲ့ဖူးကြောင်း၊ အဲ့တုန်းက ဦးမျိုးက နောက်ဆယ်နှစ်ကြာရင် ညိုမင်းလွင်ဆိုတာ နာမည်ကြီး ဒါရိုက်တာတစ်ယောက် ဖြစ်နေလိမ့်မယ်ဆိုပြီး နမိတ်ဖတ်ရေးပေးခဲ့ဖူးကြောင်း၊ ပြီးတော့ ဦးမျိုးက အဲ့ဒီ အချိန်ကျရင် ဒီနေ့မင်းလိုပဲ ဒါရိုက်တာ ဖြစ်ချင်တဲ့ လူတစ်ယောက် မင်းဆီရောက်လာပြီး တစ်ခုခုရေးခိုင်းလိမ့်မယ်လို့ ပြောခဲ့ကြောင်း။ ကိုညို့စာထဲမှာ ရေးထားသည်။

            ပြီးတော့ ကိုညိုက ဆက်ရေးထားသေးသည်။ ဦးမျိုးမင်းပြောသလို အခုဖြစ်သွားတဲ့အတွက် သူအံသြမိကြောင်း၊ ကျွန်တော့်ကိုလည်း နောက်ဆယ်နှစ်အကြာမှာ (အဲ့တုန်းက ၂၀၀၉ ဆိုတော့ ၂၀၁၉ခုနှစ်လောက်မှာပေါ့) နာမည်ကြီး ဒါရိုက်တာ တစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးရင်း ကိုညို့ထိုးမြဲလက်မှတ်လေးနဲ့ သူ့စာကို အဆုံးသတ်ထားပါသည်။

            ကျွန်တော်လည်း ကိုညို့စာကိုဖတ်ပြီး ပီတိလား ကျေနပ်မှုလား ခွန်အားလား ပျော်ရွှင်မှုလား ကြိုးစားချင်စိတ်လား ဘာလား ညာလား မသိ ခံစားခဲ့မိလိုက်တာတော့ အမှန်ပါ။ အဲ့ဒီနောက် ကိုညိုနဲ့ရော သူ့မိန်းမ မစန္ဒာလွင်နဲ့ရော ဖုန်းတွေ ပြောဖြစ်ရင်း ခင်မင်ခဲ့သည်။ ကိုညိုရိုက်ကွင်းတွေ ရှိတဲ့ဆီလိုက်သွားဖြစ်သည်။ ရှူတင်အဖွဲ့သားတွေနဲ့ စကားတွေပြောရင်း ကိုညို့ရဲ့ လုပ်ငန်းခွင်ကို လေ့လာရသည်။ ကိုညိုက သူ့နောက်ကနေ ၆လလောက် အဲ့ဒီလို အရင်လိုက်လေ့လာပါဦးတဲ့။ ဘာလို့လည်းဆိုတော့ ဒီအလုပ်က အချိန်ရော၊ဘဝမှာ ပေးပြီးလေ့လာသင်ယူရတဲ့အလုပ်တဲ့။ ၆လလောက် လေ့လာပါးဝပြီ၊ ဒဏ်ခံနိုင်ပြီဆိုမှ စိတ်ချလက်ချ စလုပ်ပေတော့လို့ ပြောသည်။ အခုတော့ ခြောက်လလောက် ကိုယ့်ကိုကိုယ် စမ်းသပ်ကြည့်ပါတဲ့။ ငါတကယ်ပဲ ဒီလောကထဲ ဝင်တော့မှာလား၊ ဝင်ရဲပြီးလား၊ တွေ့ကြုံရမယ့် အခက်အခဲတွေကို ရင်ဆိုင်နိုင်ပြီလားဆိုတဲ့ စိတ်ကို အရင်ဆုံး ဆောက်တည်ကြည့်ပါလို့ ပြောဆိုဆုံးမပါသည်။

            ဒါကတော့ ဒါရိုက်တာညိုမင်းလွင်ဆိုသော အနုပညာရှင်တစ်ယောက်နဲ့ တွေ့ဆုံခဲ့၊ ရင်းနှီးခင်မင်ခဲ့ပုံပဲဖြစ်သည်။ ကျွန်တော်လည်း ကိုညိုပြောသလိုပဲ ၆လတောင် အစမ်းသပ်မခံလိုက်ရပါဘူး။ မိသားစု ပတ်ဝန်းကျင်ရဲ့ ဝေဖန်လေကန်မှု တွေကြားမှာ အပါဆိုတဲ့ ကောင်လေးတစ်ယောက် လူးလွန့်ခဲ့ရပြီး သိပ်ဖြစ်ချင်ခဲ့တဲ့အလုပ် သိပ်ကျင်လည်ချင်ခဲ့တဲ့ အသိုင်း အဝိုင်းကြားကနေ ကျောခိုင်းခဲ့ရပါသည်။ ကျွန်တော်ကျောခိုင်းလိုက်တာက အနုပညာကို လမ်းခွဲတာမဟုတ်ပါဘူး။ ကျွန်တော် စာတွေအဆက်မပြတ်ရေးနေရင်းနဲ့ အနုပညာနဲ့ မဝေးရအောင် နေနေဖြစ်ပါသည်။ တစ်ခုခေါင်းထဲ ရောက်လာသည်။ ကျွန်တော်ဟာ ဒါရိုက်တာဖြစ်ချင်တယ်သာပြောတာ အခုကျွန်တော် စာတွေပဲရေးဖြစ်နေပါသည်။ ကံကြမ္မာဆိုတာကတော့ မပြောနိုင်ဘူးပေါ့လေ။ အခြေအနေနဲ့ အချိန်အခါပေးရင် သိပ်ချစ်တဲ့ အနုပညာအလုပ်ကို တစ်စိုက်မတ်မတ်လုပ်သွားမှာပါ။  တစ်နေ့နေ့မှာတော့ ကျွန်တော် ကိုညို့ဆီ ပြန်သွားပါဦးမည်။ ။

အပါ

           


           


4 comments:

  1. ကဲ... ဖြစ်ချင်သော ဒါရိုက်တာ ဖြစ်ပါစေလို့ ဆိုတောင်းပေးပါ သဗျား။

    ReplyDelete
  2. နိုင်ငံခြားကားဆို ဟိုကားတော့ကြည့်ဖြစ်ပါတယ်ဗျာ 007 ဟီး ဟီး
    အပါ မမေ့နဲအုံး လူကြမ်းခေါင်းဆောင်လုပ်ချင်တယ်
    တကယ်ပြောတာ အသက်ကြီးလာလေလေ သရုပ်ဆောင်လုပ်ချင်လာလေလေပဲ ဟီး ဟီး ဖွေးဖွေးနဲအရင်ရိုက်မယ်နော် ဒါရိုက်တာအပါ

    ReplyDelete
  3. ပြန်သွားပါရှင်။ကိုယ်တိုင်လည်းစာရေးတော့ တစ်နေ့မှာဒါရိုက်တာကောင်းတစ်ယောက်အဖြစ်လည်း ကျွန်မတို့ မြင်ချင်ပါသေးတယ် အပါ

    ခင်တဲ့
    ဝသုန်

    ReplyDelete
  4. ဆာထွဋ်ပေးတဲ့ဆုနဲ့ပြည့်ချင်ပါတယ်။ ဒါပေမယ့် ဆုကို ရိုးရိုးတောင်းပါ၊ ဆိုပြီးတော့တော့ မတောင်းပါနဲ့။
    ကိုZT ကြီးရေ...ဖွေးဖွေးနဲ့ရိုက်ဖို့ အရင်ဝိတ်ချဖို့တော့လိုမယ်နော့။
    ဝသုန်ရေ...ပြန်သွားဖို့ကြိုးစားနေပါတယ်။ ဒါပေမယ့် ပြန်သွားစရာ ကားခမရှိလို့ နဲနဲလောက် ချေးပါလား။

    ReplyDelete