ဒီရက်ပိုင်းတွေထဲ အပါတစ်ယောက် အလုပ်တွေရှုပ်နေတာပဲလား၊
အရှုပ်တွေလုပ်မိနေတာပဲလားတော့ မသိဘူး။ အားတယ်ကို မရှိဖြစ်နေတယ်။ မအားတော့ အွန်လိုင်းပေါ်လည်း
မရောက်ဖြစ်ဘူးပေါ့။ အွန်လိုင်းပေါ်အရောက်ကျဲသွားတော့ မိတ်ဆွေ ဘလော့ဂါကြီးတွေရဲ့ စာကောင်းပေမွန်တွေနဲ့လည်း
အလှန်းဝေးနေရတာပေါ့ဗျာ။
တကယ်တော့ အပါ အလုပ်များနေခြင်းရဲ့ အခြေခံအကြောင်းရင်းကတော့
လုပ်ချင်တာတွေများနေတာပါပဲ။ သိတဲ့အတိုင်း အပါက နာမည်နဲ့လိုက်အောင် နေရာတကာ ပါတတ်တယ်မဟုတ်လား။
ပါတတ်တယ်ဆိုတာကလည်း ပါချင်တိုင်းပါလို့ ရတာမှမဟုတ်ပဲ။ ပါခွင့်ရှိလို့၊ ပြောရရင် ပါနိုင်တဲ့အခွင့်အရေးရသူမို့
ပါနေရတာကိုးဗျ။
စင်ကာပူမှာနေတဲ့ သူငယ်ချင်းမိသားစုက ရန်ကုန်မှာ
တိုက်ခန်းဝယ်ချင်တော့ အပါ့ပဲကိုယ်စားလှယ်လွှတ်တယ်လေ။ အပါက သူတို့ဝယ်ချင်တဲ့ တိုက်ခန်းတည်ရှိရာကို
သွားကြည့်ပြီး အဆုံးအဖြတ်ပေးရတာပေါ့။ အပါ့ပါးစပ်က အိုကေဆိုပြီး မီးစိမ်းပြရင် သူတို့ဝယ်မယ်၊
အပါကသာ ခေါင်းခါရင် သူတို့မဝယ်ဘူး။ ဒီနည်းနဲ့ သူငယ်ချင်းမိသားစုအတွက် ကျောက်မြောင်းဘက်မှာ
တိုက်ခန်းလှလှလေးတစ်ခု ဝယ်ဖြစ်သွားအောင် အပါတို့ ကူညီစောင်မပေးနိုင်ခဲ့တယ်။
အဲ့သလိုပဲ ရန်ကုန်မှာရှိတဲ့ သူငယ်ချင်းစုံတွဲက
သူတို့မင်္ဂလာဆောင်အတွက် အပါ့ကို ကိုယ်စားလှယ်ခန့်ထားပြန်တယ်။ သူတို့ပရီဝယ်ဒင်ဓါတ်ပုံရိုက်တာကစလို့၊
ဖိတ်စာကိစ္စတွေ၊ စီစဉ်စရာကိစ္စတွေကို အပါနဲ့ တိုင်ပင်ကြတယ်။ အပါက တတ်နိုင်သမျှ အကြံဥာဏ်တွေပေးတာပေါ့။
လုပ်ပေးနိုင်တဲ့ အပိုင်းကို အပါတာဝန်ယူလုပ်ပေးရတယ်။ သူတို့သွားလေရာ အပါ့ကို ခေါ်တယ်။
ညစာစားပွဲ ကန်တော်ကြီးစောင်းက ရွာရယ်လ်ဂါးဒင်းမှာလုပ်ရင် အပါက ပရက်စန်တာလုပ်ပေးရဦးမယ်တဲ့။
သူတို့မင်္ဂလာဆောင်ပွဲက ၄ပွဲ။ ဆီဒိုးနားမှာစေ့စပ်ပွဲ၊ ဆယ်တောင်ပြည့် ဘုန်းကြီးကျောင်းမှာမင်္ဂလာဦးဆွမ်းကျွေးပွဲ၊
ထရိတ်ဒါးမှာဧည့်ခံပွဲ၊ ရွာရယ်လ်ဂါးဒန်းမှာညစာစားပွဲ အဲ့ဒီပွဲတွေကျင်းပဖို့က ၄လပဲလိုတော့တယ်။
သူတို့ပဲ စိတ်လှုပ်ရှားရတာ မဟုတ်ဘူး။ အပါလည်း စိတ်လှုပ်ရှားရတယ်။ အဲ့ဒီလို ပွဲတွေနဲ့
လက်ထပ်မင်္ဂလာကြီး တခမ်းတနား အထမြောက်သွားဖို့ ဘယ်လိုတွေ ရင်ဆိုင်ကျော်လွှားကြရဦးမလဲမသိသေးဘူး။
ပိုက်ဆံရှိ လူတန်းစားတွေရဲ့ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာဆောင်တွေဟာ ထောင့်စေ့အောင် စီစဉ်ဆောင်ရွက်နိုင်မှတော်ကာကြတာမဟုတ်လား။
ဒီကြားထဲ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေကြတဲ့
အပါ့ငယ်သူငယ်ချင်းတွေ၊ မိတ်ဆွေတွေက မြန်မာပြည်ပြန်လာပြီး မင်္ဂလာပြန်ဆောင်တိုင်း အပါ့ဆီ
ဖုန်းဆက်အကူအညီတောင်းကြတယ်။ လုပ်ပါဦး။ ဝိုင်းကူပါဦးနဲ့။ အပါလည်း မင်္ဂလာဆောင်ကိုယ်စားလှယ်ကြီးလုံးလုံးကို
ဖြစ်လို့။ ဒါတင်ဘယ်ကမလဲဗျာ။ ပြန်လာတဲ့သူတွေက သူတို့နဲ့အမိမြေက ရောင်းရင်းတွေ ဂဲလ်သားရင်းပွဲလုပ်ချင်တော့လည်း
အပါ့ပဲ အော်ဂနိုက်ဇာခန့်ကြတယ်။ အပါက ဆော်သြရေးမှုးလည်း လုပ်ရသေးတယ်။
ဒါတင်ပဲလား မဟုတ်သေးဘူးခင်ဗျ။ ယူပြီးကြတဲ့
ဘော်ဒါတွေရဲ့ သားတွေသမီးတွေမွေးနေ့တွေအတွက်လည်း အပါ ပါရပြန်တယ်။ သူတို့ပွဲမှာ အပါမပါရင်
ပျင်းစရာကောင်းလို့တဲ့။ အပါ ပါမှပွဲစည်တာတဲ့လေ။ အပါကလူရွှင်တော်လည်း လုပ်ရတယ်။ အပါနဲ့စကားပြောဖူးတဲ့သူတိုင်း
ကောင်းကောင်းသိကြတယ်လေ အပါ့အာဝဇွန်းက ဘယ်လောက်ရွှင်တယ် ဆိုတာ။ တစ်ချို့ သူငယ်ချင်း အစ်မတွေကအစ
သူတို့သားသမီးမွေးနေ့တွေမှာ ကလေးတွေပျော်အောင် အပါက ဂိမ်းမာစတာလုပ်ပေးဖို့ တောင်းဆိုကြပြန်သေးတယ်။
ဒီတော့ အပါ့မှာ အလုပ်တွေရှုပ်နေတာလား အရှုပ်တွေလုပ်နေတာလား
မသိနိုင်အောင်ပါပဲ။ ပြန်စဉ်းစားကြည့်တော့ ဒီလိုတွေလုပ်ပေးနေရတာ၊ ဒီလိုတွေလုပ်စေချင်ကြတာ၊
ဒီလိုတွေလုပ်ဖို့အကူအညီတောင်းခံရတာတွေဟာ နည်းနည်းနောနော အဆင့်မဟုတ်ဘူးပဲ။ ကိုယ့်ကို
ယုံကြည်လို့၊ ကိုယ့်ကိုစိတ်ချလို့၊ ကိုယ့်အရည်အချင်းကို သိလို့ပဲဖြစ်မှာပါလေဆိုပြီး
ကုသိုလ်ဖြစ် ကူညီဖြစ်တယ်။ ကူညီရတာကိုပဲ ဂုဏ်ယူမိတယ်။ ပျော်တောင်ပျော်သေး။ ဝါသနာကိုကမသေးတာ။
အပါ့မှာ သူများအလုပ်တွေကြီးပဲလုပ်နေရတာလားလို့
မေးရင် မဟုတ်ပါဘူးလို့ဖြေချင်တယ်။ အပါ့အလုပ်တွေကလည်း အပါမှ မလုပ် ဘယ်သူလုပ်ပေးမှာလဲ။
အပါ့မှာ ဆေးဆိုင်ဖွင့်ရောင်းနေတော့ ကိုယ်ပဲပိုင်ရှင်၊ ကိုယ်ပဲဝန်ထမ်း၊ ကိုယ်ပဲအဝယ်တော်၊
ကိုယ်ပဲအရောင်းစာရေး။ အပါ့အဖေကြီးက ကူညီထိုင်ပေးရှာပါတယ်။ ဒါပေမယ့် လူကြီးဆိုတော့ ဆိုင်ထိုင်ပေးရုံကလွဲပြီး
တခြားဘာလုပ်ပေးနိုင်မှာလဲ။ ပြီးတော့ ပိုခက်တာက အပါရောင်းနေတာ ကျန်းမာရေးအတွက် အသုံးပြုရတဲ့
ဆေးမျိုးစုံလေ။ အင်္ဂလိပ်ဆေး၊ တိုင်းရင်းဆေးနဲ့ ဆေးကိရိယာပစ္စည်းတွေဆိုတော့ အဖေကြီး ဘယ်နားလည်မှာလဲ။
ဒါပေမယ့် အပါအပြင်သွားတဲ့အခါ အဖေကြီးက မိတ်မပျက်ရအောင် ဆိုင်ဖွင့်ပေးထားပြီး ထိုင်ရောင်းပေးတယ်။
လင်ဇီးတို့၊ ပါရာစီတမောတို့ ဒီကိုဂျင် ဘိုင်အိုဂျပ်စစ်လောက်ကတော့ အဖေကြီးရောင်းတတ်တယ်။
တခြားဟာတွေလာဝယ်ရင် အဖေကြီး ချွေးပြန်တော့တာပဲ။
ဒီတော့ ကျွန်တော့်မှာ အားတဲ့အချိန်တွေဆို စာအုပ်တစ်အုပ်နဲ့
အဖေကြီးကို ဆေးအမျိုးအမည်တွေခွဲပေးပြီး နေရာပြထားရတယ်။ ရောင်းတတ်တာရောင်း၊ မရောင်းတတ်တာ
မရောင်းနဲ့လို့လည်း မှာထားရတယ်။ အရင်က အရောင်းဝန်ထမ်း သူနာပြုဆရာမ နှစ်ယောက်ခန့်ထားတယ်။
တစ်ယောက်ကို ၄သောင်းပေးပြီး မနက်တစ်ယောက် ညနေတစ်ယောက် နှစ်ဆိုင်းခွဲပေးထားတာ။ ဝန်ထမ်းဆိုတဲ့
သဘောကလည်း သိတဲ့အတိုင်းပဲလေ။ ပိုင်ရှင်တွေ သဘောကောင်းရင် ကောင်းသလို အခွင့်အရေးယူကြတာမလား။
အချိန်တွေမတိကျချင်ဘူး။ ပြီးတော့ အဓိက ပြဿနာက လစာကိစ္စ။ အစိုးရက ဝန်ထမ်းတွေအားလုံးကို
၃သောင်းစီ အပိုဆောင်းပေးလိုက်တော့ သူတို့လှုပ်ရွလှုပ်ရွဖြစ်လာတယ်။ အပါက သူဌေးကြီးမဟုတ်ပါဘူး။
လေးနှစ်လေးမိုး တိုင်းတပါးမှာ နွားလိုရုန်း စက်ရုပ်လိုနေပြီး ချစ်တီးလိုစုဆောင်းခဲ့တာလေးနဲ့
အရင်းအနှီးလုပ် စီးပွားရှာနေသူပါ။ သူတို့ကို လစာမတိုးပေးနိုင်ဘူး။ နောက်ဆုံး အပါဆုံးဖြတ်ချက်ချလိုက်တယ်။
ဖြစ်ချင်ရာဖြစ်၊ ငါကိုယ်တိုင်ပဲလုပ်တော့မယ်၊ လစာမပေးရရင် ဝင်ငွေကာမိမှာပဲဆိုပြီး ကိုယ့်ကိုကိုယ်ခြေချုပ်ချ
လုပ်ခဲ့တာ။ ဝန်ထမ်း၂ယောက်လုံးကို မထားတော့ဘူး။
အပါ့လုပ်ရပ်က မိသားစုတွေလည်း ပင်ပမ်းရတယ်။
အပါမို့ ကိစ္စရှိလို့အပြင်သွားရင် အဖေသော်လည်းကောင်း အမေသော်လည်းကောင်း ဆိုင်မှာ ငုပ်တုတ်ပေါ့။
ကံကောင်းတာလေးတစ်ခုတော့ရှိတယ်။ ဆိုင်ဆိုတာကလည်း အပါတို့မိသားစုပိုင် ဆိုင်ခန်းတွေထဲက
တစ်ခုပဲဆိုတော့ အိမ်ရှေ့တင်ပဲလေ။ အဝေးကြီးမဟုတ်တော့ အဖေတလှည့် အမေတလှည့် ရံဖန်ရံခါ
အပါ့ဦးလေးတွေ အဒေါ်တွေတလှည့် အရပ်ကူပါ လူဝိုင်းပါနဲ့ အပါ့ဆေးဆိုင်လေးကို ရပ်တည်နေခဲ့ရတာ။
အပါ့ကိုယ်ပိုင်အလုပ်ဆိုတော့ အပါစိတ်ချမ်းသာပါတယ်။
ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုဘူး။ ဘယ်သူ့ကိုမှလည်း ကြောက်စရာမလိုဘူး။ အပါလုပ်နိုင်ရင်
လုပ်နိုင်သလောက် အကျိုးခံစားရမှာပဲ။ အပါ့အတွက် အလုပ်ပိတ်ရက်ဆိုတာ မရှိတော့ပေမယ့် အပါဟာ
ထိန်းချုပ်ခံအလုပ်သမားတစ်ယောက်တော့ မဟုတ်တော့ဘူးပေါ့။
အပါ့မှာ အဲ့ဒီဆေးဆိုင်လုပ်ငန်းနဲ့အတူတွဲပြီး
တခြားအလုပ်ကလည်း ရှိသေးတယ်။ အဲ့ဒါက စာရေး စာဖတ်အလုပ်ပဲ။ အပါ့အတွက်တော့ စိတ်ချမ်းသာစရာတွေထဲက
တစ်ခုပါပဲ။ ကိုယ်ပိုင်အလုပ်လေးလည်း လုပ်ရင်း ဝါသနာပါတာလေးလည်း လုပ်ရင်း အပါ့ဘဝလေးကို
ကျေနပ်ချင်စရာ ဖြစ်လာတယ်။ အပါ့မှာ စာရေးချိန်နဲ့ စာဖတ်ချိန်ကို တော်တော်လေး အသုံးပြုခွင့်ရလာတယ်။
အပါရေးသမျှ စာတွေကို အပါ့ဘလော့ဂ်စာမျက်နှာမှာ တင်သင့်တာတင်သလို၊ မဂ္ဂဇင်း ဂျာနယ်တိုက်တွေဆီလည်း
ပို့သင့်တာ ပို့နိုင်ခဲ့တယ်။ တစ်ချို့ ဂျာနယ်တွေမှာ အပါ့ဆောင်းပါးလေးတွေပါလာခဲ့တယ်။
အပါက စာရေးနေရရင် စာဖတ်နေရရင် ပျော်နေတဲ့လူကိုးဗျ။
အပါ့စိတ်ထဲမှာ အမြဲတမ်းလိုလို စာတွေစီနေမိတယ်။ အပါ့ ပတ်ဝန်းကျင်မှာ အမြင်မတော်တာတွေ၊
အပါတို့ လူ့အသိုင်းအဝိုင်းကြားမှာရှိနေတဲ့ အဆင်မပြေမှုတွေ၊ အပါတို့နိုင်ငံရဲ့ ခေတ်သစ်
စနစ်သစ် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ၊ အပါသိသမျှ အပါတတ်သမျှ အပါနားလည်သမျှ စာအဖုံဖုံရေးပြီး
ပြည်သူ့အတွက် တင်ဆက်နေရတာကို အပါကျေနပ်တယ်။ အပါ့စာမူတွေကို အယ်ဒီတာချုပ်တွေက ရွေးသည်ဖြစ်စေ၊
မရွေးသည်ဖြစ်စေ အပါကတော့ ဆက်ရေးနေမှာပဲ။ အဲ့ဒါနဲ့ပတ်သက်ပြီး စာရေးဆရာကြီးလယ်တွင်းသားစောချစ်ကို
စာရေးဆရာကြီး တက်တိုး ပြောခဲ့တဲ့စကားလေးကို အပါအမြဲတမ်းမှတ်မိနေခဲ့တယ်။ စာမူတွေ တစ်ပုဒ်ပြီးတစ်ပုဒ်
ပို့နေသော်လည်း အရွေးမခံရဖြစ်နေလို့ စိတ်ပျက်နေတဲ့ ဆရာကြီးလယ်တွင်းသားစောချစ်က ဆရာကြီးတက်တိုးနဲ့
ဆုံတော့ သူ့ခံစားချက်ကို ရင်ဖွင့်မိပါတယ်။ စာရေးဆရာဖြစ်ချင်လွန်းလို့ စာတွေရေးပြီး
မဂ္ဂဇင်းတိုက်တွေဆီ ပေးပို့နေပေမယ့် အခုထိ တစ်ပုဒ်မှ ပါမလာသေးဘူးလို့ ပြောလိုက်တယ်။
ဒီတော့ ဆရာကြီးတက်တိုးက ပြောတယ်။ စာရေးဆရာဖြစ်ချင်ရင် စာရေးနေဖို့ပဲလိုတယ်တဲ့။ စာရေးနေရမှာက
မင်းတာဝန်၊ စာမူတွေ အဆက်မပြတ်ပို့နေရမှာက မင်းတာဝန်၊ ရွေးတာမရွေးတာက သူတို့တာဝန်၊ ကိုယ်ဖြစ်ချင်တာ
စာရေးဆရာဆိုရင် စာရေးဆရာဆိုတာ စာရေးနေရမှာပဲကွလို့ ပြန်ပြောခဲ့တာလေးကို အပါသတိအမြဲရပါတယ်။
အပါလည်း အဲ့ဒီအဆုံးအမထုံးနှလုံးမူလို့ စာတွေရေးတယ်။
ဆက်တိုက်ရေးတယ်။ ဂျာနယ်တိုက်တွေဆီပို့တယ်။ အဲ့သလို လုပ်နေတော့ အပါ့မှာ ဘာပြဿနာနဲ့ ကြုံရသလဲဆိုရင်
အပါ့ဘလော့ဂ်မှာ စာတွေမတင်ဖြစ်တာပါပဲ။ အခုနောက်ပိုင်း အပါရေးလိုက်သမျှဟာ ဂျာနယ်တိုက်တွေဆီပဲ
ဦးတည်ရောက်ရောက်သွားလို့ အပါ့မူလအရင်းအမြစ် ဘလော့ဂ်စာမျက်နှာထက် အသစ်မတင်နိုင်ပဲဖြစ်နေခဲ့တာပေါ့။
အပါရှက်ပါတယ်။ အပါသစ္စာဖောက်သလိုဖြစ်နေမိတယ်။
အသစ်မြင်လို့ အဟောင်းကိုစွန့်ပယ်တာလည်း မဟုတ်ပါဘူး။ အပါအထက်မှာ ရေးပြခဲ့သလိုပဲ၊ အပါဟာ
အင်မတန်မှာ အလုပ်ရှုပ်နေတဲ့ကောင်ပါ။ ဒီတော့ အပါ့ခေါင်းထဲမှာ စာတစ်ပုဒ်ပေါ်လာတိုင်း ချရေးလိုက်တယ်။
ချရေးလိုက်တိုင်းလည်း အပါပထမဆုံးစဉ်းစားမိတာက ဘလော့ဂ်မှာ ပိုစ့်တင်ဖို့ပါ။ သို့သော်
ရေးလိုက်တဲ့ အကြောင်းအရာက တော်တော်ရှည်သွားတဲ့အခါ နှမြောပြီး ဂျာနယ်တိုက်ဆီရောက်သွားတာပါပဲ။
တကယ်တော့ အပါ့အတွေးတွေဟာ ဘေးချော်နေသလားမသိပါဘူး။
ဘလော့ဂ်စာမျက်နှာနဲ့ မဂ္ဂဇင်း၊ ဂျာနယ် စာမျက်နှာ ဘာများကွာနေပါလိမ့်။ အမှန်အတိုင်းပြောရရင်
ဘလော့ဂ်စာမျက်နှာဟာ လွတ်လပ်ပါတယ်။ ရေးချင်သလို ရေးလို့ရပါတယ်။ တွေးချင်သလိုတွေးပြီး
ခံစားမိသလိုစာဖွဲ့လို့ရတဲ့နေရာ၊ ရင်ဖွင့်လို့ကောင်းတဲ့နေရာဖြစ်ပါတယ်။ ဘလော့ဂါအချင်းချင်း
အပြန်အလှန်အားပေးကြ၊ ကွန်မန့်တွေပေးကြ၊ အကြံဥာဏ်တွေပေးကြနဲ့ အင်မတန်ပျော်စရာ ကောင်းတဲ့
အသိုက်အဝန်းတစ်ခုပါပဲ။ ဘလော့ဂါတစ်ယောက်ချင်းစီရဲ့ ခံစားချက်တွေ၊ အရေးအသားတွေကို ဖတ်ရှုပြီးတဲ့
အခါမှာလည်း ကိုယ့်ခံစားချက်နဲ့တိုက်ဆိုင်တာပဲဖြစ်စေ၊ ကိုယ်မသိသေးတဲ့အကြောင်းအရာကို
သိလိုက်ရတာပဲဖြစ်စေ ချက်ချင်းဆိုသလို စာရေးသူ ဆောင်းပါးရှင် (သို့) ကဗျာဆရာကို နှစ်သက်ကြောင်း၊
ကြိုက်ကြောင်း၊ ဖတ်လို့ကောင်းကြောင်း၊ ခံစားရကြောင်း စတဲ့ အကြောင်းချင်းရာမျိုးစုံနဲ့
တုံ့ပြန်နိုင်ကြပါတယ်။
ဂျာနယ်တစ်စောင်မှာ ဆောင်းပါးတစ်ပုဒ်ပါလာပြီ
ဆိုရင်တော့ နာမည်ကြီးဖို့ မကြီးဖို့ထက် မိမိရေးလိုက်တဲ့ စာအပေါ်မှာ တာဝန်ခံနိုင်မှုဆိုတာ
ရှိရပါပြီ။ မိမိရဲ့ဆောင်းပါး သို့မဟုတ် ကဗျာ သို့မဟုတ် ကာတွန်းတစ်ပုဒ်ဟာ အများပြည်သူအကျိုးငှာ
ကောင်းမွန်လက်ခံနိုင်သောအကြောင်းအရာဖြစ်ဖို့လည်း လိုပါတယ်။ ဒါ့အပြင် နိုင်ငံနဲ့ချီပြီး
ဂျာနယ်တွေ ထုတ်လုပ်ဖြန့်ချိနေတာ ဖြစ်လို့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ
စိုးမိုးရေးကို အနှောင့်အယှက်ဖြစ်စေမယ့် စာတွေလည်း မဖြစ်ရပါဘူး။ ဒါတင်ပဲလားဆိုတော့
မဟုတ်သေးဘူး။ အရေးအကြီးဆုံးက ပုဂ္ဂိုလ်ရေးထိခိုက်ပျက်စီးစေမယ့်ဟာမျိုး၊ အဖွဲ့အစည်းတစ်ခုအပေါ်
ပြစ်တင်ရှုံချရေးသားထားတာမျိုးတွေလည်း မဖြစ်ဖို့လိုပါတယ်။ ဒီထက်ပိုအရေးကြီးပြီး သတိထားရတာက
တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေမယ့်အရေးအသားမျိုးဖြစ်ပါတယ်။ ဒီတော့ ဂျာနယ်တွေအတွက်
စာမူတွေရေးတဲ့ အခါ မီဒီယာကျင့်ဝတ်ဟာ အရေးပါလာပါတယ်။
အဲ့ဒီမီဒီယာကျင့်ဝတ်နဲ့ပတ်သက်ပြီး စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာက
တွဲလျက်ရှိနေပြန်ပါတယ်။ နေရာတကာမှာ အကန့်အသတ်အချုပ်အခြယ်တွေနဲ့ဆို လုပ်ရကိုင်ရ ပြောရဆိုရ
ရေးရသားရတာတွေဟာ ဘောင်ထဲက ဖြစ်နေတဲ့အတွက် စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုပြီး တောင်းဆိုလာကြတာလည်းဖြစ်ပါတယ်။
ဒီကနေ့ အပါတို့ စာရေးနေကြတဲ့ ပြည်တွင်းဂျာနယ်တွေမှာ စာနယ်ဇင်းလွတ်လပ်ခွင့်ဟာ အပြည့်အဝမရရှိသေးပါဘူး။
ဒါပေမယ့် အပါတို့ရေးချင်တဲ့ အကြောင်းအရာ ပြောချင်တဲ့ကိစ္စတွေအတွက် လွတ်လပ်ပေါ့ပါးစွာ
ပြောနိုင်ဆိုနိုင် ရေးနိုင်တဲ့နေရာက ဘလော့ဂ်စာမျက်နှာထက် မှာပဲဖြစ်ပါတယ်။ အပါတို့ ရေးချင်သလို
ရေးလို့ရတယ်။ ဝေဖန်ချင်သလို ဝေဖန်လို့ရတယ်။ ဘယ်အဖွဲ့အစည်း၊ ဘယ်အစည်းအရုံး၊ ဘယ်လူကြီး၊
ဘယ်တရားရုံးကိုမှ ကြောက်စရာမလိုပါဘူး။ အပါတို့ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ဖန်တီးထားတဲ့
အပါတို့ဘလော့ဂ်တွေဟာ စာနယ်ဇင်းလွတ်လပ်ခွင့်အပြည့်ရကြပါတယ်။
ပြီးခဲ့တဲ့နှစ်တွေမှာ ပြည်တွင်းနိုင်ငံရေးအခြေအနေတွေအရ
လူတိုင်း အင်တာနက်ဆိုတာကြီးကို လွတ်ကျရင် ကွဲသွားနိုင်တဲ့ဟာကြီးလားလို့ ထင်နေကြ တွေးနေကြရတုန်းအချိန်နဲ့
အခုအချိန်ကို နှိုင်းယှဉ်ကြည့်လိုက်ရင် လူတွေ အသိဥာဏ်ဖွင့်လာကြပြီ၊ ဗဟုသုတတွေရှိလာကြပြီ၊
ပိတ်နေတဲ့ နား မျက်စိတွေ ပွင့်လာကြပြီဆိုတာ သိသာပါတယ်။ ထို့ပြင် အားလုံး စာဖတ်ခြင်းကို
ပိုပြီးလုပ်လာကြတယ်။ စာတွေဖတ်မှ အသိအမြင်ကြွယ်မယ်ဆိုတဲ့ သဘောတရားကို နားလည်လာကြပါပြီ။
ဒါ့ကြောင့် စာအုပ်တွေ၊ မဂ္ဂဇင်းတွေနဲ့ ဂျာနယ်တွေကို လူတိုင်းကိုင်ဖတ်လာကြသလို အင်တာနက်မှတဆင့်
ဘလော့ဂါတို့ရဲ့ စာတွေကိုလည်း ဖတ်ရှုနိုင်လာကြပါပြီ။
သို့ပါ၍ အပါတို့ ဘလော့ဂါတွေအနေနဲ့ အရင်က လူနည်းစုစာဖတ်ပရိသတ်အတွက်လောက်သာ
စဉ်းစားခဲ့ကြသော်လည်း ယခုအခါ စာဖတ်အားကောင်းလာသော လူများစုစာဖတ်ပရိသတ်တွေအတွက် မိမိတို့ရဲ့
စာတွေဟာ အကျိုးပြုစာအမျိုးအစားတွေဖြစ်ဖို့ အထူးဂရုစိုက်ကြစေချင်ပါတယ်။ မိမိတို့ရေးလိုက်တဲ့စာကို
ဖတ်မိတဲ့ စာဖတ်ပရိသတ်တစ်ယောက်အတွက် ရသတစ်ခုကို ဖန်တီးပေးစွမ်းနိုင်ဖို့ ကြိုးစားရပါမယ်။
အပြုသဘောဆောင်တဲ့ ဘလော့ဂါရပ်ဝန်းကို အတူတကွတည်ဆောက်နိုင်ကြဖို့ တိုက်တွန်းလိုပါတယ်။
အပါစောစောက စကားပလ္လင်ခံခဲ့တယ်မလား။ နာမည်နဲ့လိုက်အောင်
နေရာတကာပါတတ်ပါတယ်လို့။ အခုလည်း ကိုယ့်ထမင်းကိုယ်စားပြီး ဂျီးတော်နွားကျောင်းလိုက်ဦးမယ်။
အပါကိုယ်၌က မနေတတ်မထိုင်တတ်ဆိုတော့ သူများတွေအမြင်မှာ ဒီကောင်က ဆရာကြီးလုပ်ရအောင် ဘာကောင်လဲလို့မေးရင်
အပါဟာ ဘာမှမဟုတ်တဲ့ အညတရစာရေးဝါသနာအိုးတစ်ယောက်ပါ။ စာရေးနေရရင် ပျော်နေတဲ့ကောင်၊ ကျေနပ်နေတဲ့ကောင်ပါ။
အခုလည်း အပါက စာရေးနေရရင် ပျော်နေလို့ ရေးမိရေးရာရေးချလိုက်တာ၊ အဆုံးသတ် ကိုယ်ဘာတွေရေးလိုက်သလဲပြန်ဖတ်မိတော့မှ
အော်..အပါက ဘလော့ဂါရပ်ဝန်းကြီးကို လွတ်လပ်တိုင်း မလွတ်သွားရအောင် ပြောနေမိပါလားဆိုပြီး
ကျေနပ်မိရပြန်ပါတယ်။ ကိုင်း…အပါစကားကြောရှည်နေတုန်း ဆေးဝယ်မယ့်သူလာလို့ ထရောင်းလိုက်ဦးမယ်။
အားလုံး နှာစေးခြင်း ကင်းဝေးကြပါစေ။ ။
အပါ
၁၄-၇-၂၀၁၂
ရောက်တယ်အပါရေ.....၊သူငယ်ချင်းတွေကိုကူညီရင်း၊ဆေးရောင်းရင်း၊စာရေး
ReplyDeleteစာဖတ်လုပ်နေတဲ့ အပါ့ ကိုမြင်ယောင်ကြည့်သွားတယ်ဗျိုးးးးးးးးးး။