ကျွန်တော်တို့အသက်အရွယ်က
သုံးဆယ်ဆိုတော့ လူကြီးလဲမဟုတ်၊ လူငယ်လဲမဟုတ်၊ အလယ်ကျနေတဲ့အရွယ်မို့ လူလယ်တွေလို့ပဲ
ဆိုပါတော့။ အသက်အားဖြင့် မကြီးလွန်း မငယ်တော့တဲ့အတွက် လောကမှာ အတင့်တယ်ဆုံးအရွယ်ပါ။
ငယ်ရွယ်တဲ့ကလေးဘဝဆိုရင်လဲ လုပ်ချင်တာ လုပ်ခွင့်မရသေးတာနဲ့၊ မလုပ်နိုင်မကိုင်နိုင်သေးတာနဲ့၊
လုပ်ကွက်မပေးတာနဲ့ လူရာမဝင်ခဲ့ပါဘူး။ လူကြီးဖြစ်သွားပြန်ရင်လဲ၊(လူကြီးဆိုတာ အသက်အရွယ်ကြီးရင့်သွားတဲ့အခါကိုပြောတာပါ)
ဟိုဟာမလုပ်နိုင်တော့၊ ဒီဟာမလုပ်နိုင်တော့၊ ဟိုဆိုလဲ မသွားနိုင်၊ ဒီကိုလဲ မလာနိုင်၊
အမြဲလိုလို လေးလံလာတာမို့ ဘာလုပ်လုပ် နှေးကွေးသွားရပြန်ပါတယ်။ ဒါကြောင့် အလယ်အလတ်တန်းစား
အသက်အရွယ်ပိုင်ဆိုင်ထားတဲ့ ကျွန်တော်တို့ဟာ ဘဝမှာ လုပ်သင့်လုပ်ထိုက်တာ၊ လုပ်ချင်တာ၊
လုပ်နိုင်တာအားလုံးကို တင့်တင့်တယ်တယ် ရဲရဲဝံ့ဝံ့ လုပ်ဆောင်နိုင်ကြဖို့ အရေးကြီးပါတယ်။
အဓိကပြဿနာကတော့
မိသားစုရေးပါပဲ။ တနည်းပြောရရင် အိမ်ထောင်ရေးပါပဲ။ ကျွန်တော်တို့အရွယ်ဟာ အိမ်ထောင်ပြုဖို့
အသင့်တော်ဆုံးနဲ့ အခါအခွင့်အကောင်းဆုံးဖြစ်ပါတယ်။ အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ်
ဒီလို အရွယ်မှာ အိမ်ထောင်ရေးတစ်ခုကို ကောင်းကောင်းမွန်မွန် ထူထောင်နိုင်ထားပြီဆိုရင်
လောကမှာ တစ်ဝက်နည်းပါး ပြည့်စုံသွားပြီလို့ ယူဆနိုင်ပါတယ်။ မှန်လဲမှန်ပါတယ်။ လူဆိုတာ
မွေးပြီးရင် သေကြရမှာပဲ။ မသေခင်မှာတော့ ကိုယ့်မျိုးဆက်တစ်ဆက်ကို လောကထဲ ရှင်သန်ကျန်ရစ်အောင်
ဖန်တီးပေးခဲ့သင့်ပါတယ်။ ဒါမှသာ မျိုးရိုးစဉ်ဆက်ဆိုတဲ့ ဂုဏ်ဒြပ်ကို ထိန်းသိမ်းထားနိုင်မှာ
ဖြစ်ပါတယ်။
တစ်ဦးတည်းသော
သားသမီးများက ပိုလို့အရေးကြီးပါတယ်။ မိဘမျိုးရိုးကို ဆက်လက်ရှင်သန်သွားဖို့ မိမိတစ်ဦးထဲမှာ
တာဝန်ရှိနေပါတယ်။ မိမိကသာ အိမ်ထောင်ပြုဖို့ နှောင့်နှေးကြန့်ကြာနေခဲ့မယ်၊ မစဉ်းစားနိုင်သေးဘူးဆိုခဲ့ရင်
အချိန်နှောင်းတဲ့အခါ မျိုးဆက်ပြတ်မှုနဲ့ ရင်ဆိုင်သွားရနိုင်ပါတယ်။ ထို့အတွက် ကျွန်တော်တို့အရွယ်၊
လူလတ်တန်းအရွယ်မှာ အဓိက အရေးအကြီးဆုံး လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းတာဝန်ဟာ အိမ်ထောင်ပြုခြင်းပါပဲ။
ဒီအရွယ် ဒီကာလမှာ အိမ်ထောင်ပြုဖို့ စောသေးတယ်လို့ ထင်နေခဲ့သူတွေဟာ ကိုယ့်ကိုကိုယ် အချစ်လွန်ကဲနေသူတွေ၊
အတ္တများသူတွေ၊ တစ်ကိုယ်ကောင်းဆန်တတ်သူတွေသာ ဖြစ်ပါတယ်။
အိမ်ထောင်မှု၊
ဘုရားတည်၊ ဆေးမှင်စုတ်ထိုး ဤသုံးမျိုး ပြန်ဖျက်ဖို့ရန် ခက်လှသည်တဲ့။ အိမ်ထောင်ပြုခြင်းဟာ
ဘုရားစေတီတစ်ဆူ တည်သလို၊ ဆေးမှင်ကြောင်စုတ်ထိုးသလို ပြုပြီးရင် ပြန်ဖျက်ဖို့ မလွယ်တဲ့ကိစ္စဖြစ်ပါတယ်။
အိမ်ထောင်တစ်ခုကို တည်ထောင်တော့မယ်ဆိုရင် အစစ အရာရာ ဘက်ပေါင်းစုံက တွေးတောကြံဆ ပြင်ဆင်ပြီးမှသာ
ပြုလုပ်သင့်ပါတယ်။ အမျိုးသမီးများအနေနဲ့ မိမိ ပေါင်းသင်းနေထိုင်ရမယ့် အိမ်ထောင်ဖက်ဟာ
မိမိဘဝတစ်လျှောက်လုံးကို နွေးထွေးကြင်နာနိုင်တဲ့သူလား၊ မိမိဘဝ အေးချမ်းလုံခြုံအောင်
ထားပေးနိုင်မယ့်သူလား၊ စားဝတ်နေရေး ရတက်အေးရတဲ့သူလား စသည်ဖြင့် ဝေဖန်ပိုင်းခြားသုံးသပ်
လေ့လာပြီးမှ ရွေးချယ်သင့်ပါတယ်။ မျက်စိစုံမှိတ်ပြီး အချစ်တစ်ခုတည်းကို ကိုးကွယ်လို့
တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ နေရ၊ ထမင်းရည်ပူပဲ သောက်ရသောက်ရဆိုတာ သီချင်းအနေနဲ့ပဲ
နားထောင်ကောင်းပါတယ်။ လက်တွေ့မှာတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ တစ်ချို့များကျတော့လဲ
သွားမပါရင်နေ ကားပါရင်ပြီးရောဆိုတဲ့ မိန်းကလေးများလဲ ရှိပါသေးတယ်။ ဘဝမှာ ချမ်းသာကြီးပွားမှုတစ်ခုတည်းနဲ့လဲ
သာယာတဲ့အိမ်ထောင်ရေးကို တည်ဆောက်နိုင်မယ်လို့ မထင်လိုက်ကြပါနဲ့။
အမျိုးသားများဘက်ကကြည့်ရင်လဲ
မိမိကြင်ဖော်ဟာ အိမ်မှုကိစ္စနိုင်နင်းတဲ့သူဖြစ်ရမယ်ဆိုတဲ့ ရှေးရိုးဖော်မြူလာကြီးကို လက်ကိုင်ထားတာ
မလုပ်သင့်တော့ပါဘူး။ တကယ်တော့ ပုခက်လွှဲသောလက်များဟာ ကွန်ပျူတာကိုင်နေကြပါပြီ။ မိမိဘဝ
လက်တွဲဖော်ဟာ စိတ်ရင်းစေတနာကောင်းမွန်ပြီး ဘာသာတရား၊ ယဉ်ကျေးမှုနဲ့ ဟိရိသြတပ္ပတွေကို
နားလည်တဲ့သူဖြစ်ဖို့သာ အရေးကြီးပါတယ်။ ပညာတတ်ခြင်း၊ မတတ်ခြင်း၊ ရုပ်ရည်လှပချောမောခြင်း၊
မချောခြင်းတွေဟာ သာယာတဲ့အိမ်ထောင်ရေးရဲ့ အဓိက သော့ချက်တွေမဟုတ်ပါဘူး။ မိမိအိမ်ထောင်ဖက်ဟာ
ခင်ပွန်းသည်ရှာဖွေတဲ့ဥစ္စာကို စီးတဲ့ရေ ဆယ်တဲ့ကန်သင်းလို စုစု ဆောင်းဆောင်း သိုသိုသိပ်သိပ်
စီမံခန့်ခွဲတတ်ဖို့လိုပါတယ်။ နှစ်ဦးစလုံး ရှာဖွေရတယ်ဆိုရင်လဲ ဇနီးဖြစ်သူဟာ မီးဖိုချောင်ကို
နိုင်နိုင်နင်းနင်း ထိန်းချုပ်တတ်တဲ့သူဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီဘက်ခေတ် အမျိုးသားများအတွက်
မိန်းမလှ၊ မိန်းမချောတွေဆိုတာ အချိန်မရွေး၊ နေရာမရွေး၊ အသက်အရွယ်မရွေး ရှာဖွေတွေ့ကြုံနိုင်ပါတယ်။
အိမ်ထောင်ရှင်မကောင်းတစ်ယောက်ကို ရဖို့ အမျိုးသား အများစု မျှော်လင့်တတ်ကြပါတယ်။ ကဲချင်သလောက်
ကဲတတ်ကြပေမယ့် အချိန်တန် အရွယ်တန်တော့ အိမ်ထောင်ပြုမယ်ဟေ့ ဆိုရင် အချောအလှ နတ်မိမယ်လေးတွေထက်
ခုဏကပြောခဲ့တဲ့အတိုင်း အိမ်ထောင်ရှင်မကောင်းပီသတဲ့ သူမျိုးကိုသာ ၎င်းတို့ရဲ့ အိမ်သူအဖြစ်
ရွေးချယ်လိုက်ကြတာများပါတယ်။
ကျွန်တော့်ပတ်ဝန်းကျင်မှာ
ညီကိုမောင်နှမတွေ၊ သူငယ်ချင်းတွေ အိမ်ထောင်ပြုကြ၊ သားသမီးတွေမွေးကြနဲ့ ဟောတစ်ယောက်
ဟောတစ်ယောက်ပါပဲ။ သူတို့ သူတို့တစ်တွေဟာ လောကရဲ့တာဝန်တွေကို ကိုယ်စီ ထမ်းဆောင်သွားကြတာ
ဖြစ်ပါတယ်။ လူ့တာဝန်ကို ထမ်းရွက်နေကြတာလဲဖြစ်ပါတယ်။ လူရယ်လို့ ဖြစ်လာမှတော့ လူဖြစ်အောင်
ကျင့်ကြံနိုင်ရမယ် မဟုတ်လား။ လူဖြစ်အောင် လူလုပ်ကြရမယ်မဟုတ်လား။ ဒီတော့ လူတစ်ယောက်ဖြစ်လာပြီး
လူဖြစ်အောင် မကြံနိုင်သေး၊ လူမလုပ် နိုင်သေးတဲ့ လူပျိုကြီး၊ အပျိုကြီးများကတော့ လောကမှာ
ရှင်သန်နေရတာ ခံစားချက်မဲ့လွန်းပါတယ်။ ချစ်တတ်တဲ့နှလုံးသားတစ်စုံ ပါရှိနေပါလျက် မချစ်တတ်သေးဘူးဆိုရင်တော့
တစ်ခုခု လွဲနေပါပြီ။ ဒါမှမဟုတ် အချစ်သည် ပူလောင်မှုသဘောဆောင်၏ လို့ တရားတော်လာတွေနဲ့
လုံးထွေးရစ်ပတ်နှောင်ဖွဲ့ခံထားရပြီဆိုရင်လဲ သေချာတာတစ်ခုကတော့ အချစ်ကြောင့် ခံစားခဲ့ရဖူးလို့ပဲ
ဖြစ်မယ်။ ဟုတ်တယ်လေ။ အချစ်က ပူသလား အေးသလား ချိုသလား ခါးသလားဆိုတာ ဘာမှမလုပ်ပဲ ဘာမှမခံစားရပဲ
ဘယ်သူ သိနိုင်မှာလဲ။ ခံစားဖူးလို့သာ ပတ်သက်ဖူးလို့သာ အချစ်သည် ပူလောင်၏၊ အချစ်သည် ချိုမြိန်၏၊
အချစ်သည် ခါးသက်၏ ဆိုတာတွေ ဖြစ်လာတာပေါ့။
ကျွန်တော်တို့အရွယ်ဟာ
အချစ်ကို ရှေ့တန်းတင်ရမယ့်အရွယ် မဟုတ်တော့ပါဘူး။ အချစ်ကို ကိုးကွယ်နေရမယ့် သူတွေလဲ
မဟုတ်တော့ပါဘူး။ အချစ်ကို ကိုယ်ချစ်ထက် သူချစ်နဲ့ သာယာချိုမြိန်မှုကို ရှာဖွေရတော့မယ့်
အရွယ်ဖြစ်လာခဲ့ပါပြီ။ စန္ဒရားဦးလှထွဋ် သီချင်းလို ကမ္ဘာပေါ်မှာ လူတိုင်း စကားကြီးနှစ်ခွန်းကို
ပြောဖူးကြတယ်…အဲ့ဒါဟာ ချစ်တယ်တဲ့။ အဘိုးကလဲ အဘွားကို ချစ်တယ်ပြောမှာပဲ။ အဖေကလဲ အမေ့ကို
ချစ်တယ် ချစ်တယ်နဲ့။ ကိုယ်ကလဲ မင်းကို ပြောပါမယ် ချစ်တယ်။ အဲ့ဒီသီချင်းလေးကို ကျွန်တော်
ရင်ဘတ်နဲ့ခံစားပြီး အလွန်သဘောကျ နှစ်ခြိုက်ပါတယ်။ စာသားလေးတွေကလဲ ထိမိလွန်းပါတယ်။ ဦးလှထွဋ်က
ဆက်ဆိုပြန်တော့ ( နှလုံးသားရေးမို့ကွယ်….ဦးနှောက်ကလေးနဲ့ မတွေးတော့ဘူး…ချစ်တာပဲ နားရည်လည်)တဲ့။
ဒီနေ့ ၂၁ရာစုခေတ်မှာ ချစ်တာပဲ နားရည်လည်သွားလုပ်လို့ကတော့ နားကားသွားမယ်သာမှတ်။ ဆရာဦးလှထွဋ်ရဲ့
သီချင်းလေးဟာ အချစ်သီချင်းဖြစ်လို့ နားထောင်ရ ခံစားရတာ အလွန်အရသာရှိခဲ့ပါတယ်။ သို့သော်
လက်တွေ့မှာတော့ အချစ်ရေးဟာ နှလုံးသားရေးမို့ ဦးနှောက်နဲ့မစဉ်းစားပဲ ချစ်တာပဲ ဦးစားပေးလိုက်ရင်
ငါးပါးမှောက်သွားပါလိမ့်မယ်။ ဦးနှောက်နဲ့စဉ်းစား၊ အသိဥာဏ်နဲ့တွေးတောပြီး ဖြစ်ချင်တာထက်
ဖြစ်သင့်တာကို၊ လုပ်ချင်တာထက်၊ လုပ်သင့်တာကို၊ ရွေးချင်တာထက်၊ ရွေးသင့်တာကို ရွေးတတ်ကြဖို့
အရေးကြီးလှပါတယ်။
ကျွန်တော်တို့ခေတ်ဟာ
အချစ်ဆိုတဲ့ဝေါဟာရနောက်မှာ ကာမဂုဏ်တွေ၊ စည်းစိမ်တွေ၊ အာဏာပါဝါတွေ ကပ်ငြိတွယ်လာ တဲ့ခေတ်ဖြစ်နေပါပြီ။
တစ်ယောက်နဲ့တစ်ယောက်ချစ်လိုက်ကြဖို့ လွယ်ကူလျင်မြန်သွားပါပြီ။ သုံးနှစ်သုံးမိုးများတောင်
စောင့်စားကာ ချစ်ရသူမို့ ဆိုတာ သီချင်းပဲရှိတော့တယ်။ ဖေ့ဘွတ်တွေ၊ တွစ်တာတွေ၊ ဂျီတော့တွေ၊
ဗိုက်ဘာတွေနဲ့ သမီးရည်းစားညတွင်းချင်း ဖြစ်လို့ရပါတယ်။ ကမ္ဘာတောင်ခြမ်းနဲ့မြောက်ခြမ်း၊
အရှေ့ကမ္ဘာနဲ့အနောက်ကမ္ဘာ အွန်လိုင်းချစ်သူတွေဖြစ်ပြီး ချိန်းကြ တွေ့ကြ ဆုံကြ ညားကြလေသတည်းတွေလဲ
အများကြီးရှိနေခဲ့ပါပြီ။ အတည်ယူကြခြင်း၊ မယူကြခြင်း၊ လူကုန်ကူးခံရခြင်း၊ မယားငယ်၊ လင်ငယ်၊
အမြှောင် အစွယ် ဖြစ်ကြခြင်းတွေကတော့ ကာယကံရှင်တွေပေါ်မှာပဲ မူတည်ပါတယ်။ ခေတ်စနစ်အလိုက်
ပြောင်းလဲသွားပြီ ဖြစ်တဲ့ ချစ်ခြင်းပုံသဏ္ဍာန်၊ အိမ်ထောင်ရေးစတိုင်တွေကို ကျွန်တော်တို့
အမှီလိုက်ကြမှာလား၊ အတုယူကြမှာလား၊ ကိုယ့်မူ ကိုယ့်ဟန် ကိုယ့်ရိုးရာ ယဉ်ကျေးမှုအတိုင်းပဲ
ကိုင်စွဲကျင့်သုံးကြမလားဆိုတာ သေချာစဉ်းစားဖို့လိုပါတယ်။
ဒီဘက်ခေတ်လူပျို
အပျိုတွေ ပေါများလာကြတယ်။ အိမ်ထောင်ပြုသူနည်းပါးလာတယ်ဆိုတာ ကမ္ဘာနဲ့အဝှမ်းမှာ ကြုံတွေ့နေရပြီဖြစ်တဲ့
စိန်ခေါ်မှုတွေပါပဲ။ အင်္ဂလိပ်လို Living Together လို့ခေါ်တဲ့ မြန်မာလို အတူနေထိုင်ပေါင်းသင်းခြင်းဟာ
အိမ်ထောင်မပြုလိုသူတွေအတွက် တီထွင်ပေါ်ပေါက်လာတဲ့ စကားပဲဖြစ်ပါတယ်။ ခေတ်မီတိုးတက်တယ်လို့ပြောကြတဲ့
နိုင်ငံတော်တော်များများက ဆယ်ကျော်သက် လူပျို အပျိုတွေဟာ အရွယ်ရောက်လာတာနဲ့အမျှ မိဘအုပ်ထိန်းမှုအောက်ကနေ
ရုန်းထွက်သွားကြလေ့ရှိပါတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ကိုယ့်ဝင်ငွေကိုယ်ရှာ၊
ကိုယ့်စားရိတ်ကိုယ်သုံးပြီး တစ်ဦးတည်းဘဝကို ဖြတ်သန်းကြလေ့ရှိပါတယ်။ အမှီအခိုကင်းတဲ့စိတ်၊
မိဘလွှမ်းမိုးမှုမခံရတဲ့စိတ်၊ တစ်ယောက်တည်း နေတဲ့အခါ ဖြစ်လာ ကြုံလာ ရင်ဆိုင်လာရမယ့် အခက်အခဲ
ဒုက္ခတွေကို ကိုယ့်ဟာကိုယ် ဖြေရှင်းဆောင်ရွက်တတ်လာတဲ့စိတ် အစရှိတဲ့ လူသားတစ်ယောက်ရဲ့ကောင်းကျိုးရလဒ်တွေကိုတော့
သူတို့ပိုင်ဆိုင်နိုင်ကြတာ အမှန်ပါပဲ။ သို့သော် လွတ်လပ်မှုဆိုတဲ့ မသိစိတ်မှာ နေချင်သလိုနေတတ်ခြင်း၊
အိပ်ချင်တဲ့သူနဲ့အိပ်တတ်ခြင်း၊ လုပ်ချင်တာကိုလုပ်တတ်ခြင်းတွေကတော့ တစ်ကိုယ်ရေစာရိတ္တနဲ့
ယဉ်ကျေးမှုကို ဆုံးရှုံးလိုက်ရခြင်းပဲဖြစ်ပါတယ်။ လူသားအခွင့်အရေးအရ မိမိဘဝကို မိမိဘာသာ
စီမံနိုင်ခွင့်၊ ရွေးချယ်ပိုင်ခွင့်၊ မည်သူတစ်ဦး တစ်ယောက်ကမှ ချုပ်ကိုင်စီမံခြင်းမရှိစေရ
ဆိုတဲ့ လူသားအခွင့်အရေးတွေကို အပြည့်အဝသုံးနိုင်ကြပေမယ့် တစ်ခါတရံမှာ ခေတ်ရဲ့သားကောင်တွေဖြစ်သွားတတ်ကြပါတယ်။
လွတ်လပ်မှုဆိုတဲ့
Freedom ကို Discipline ဆိုတဲ့စည်းကမ်းနဲ့ အနားသတ်နိုင်မယ်ဆိုရင် လောကကြီးဟာ လူသားတွေအတွက်
ပျော်မွေ့ရာ နတ်ဘုံနတ်နန်းတစ်မျှပါပဲ။ ကျွန်တော်အထက်မှာပြောခဲ့တာက အိမ်ထောင်ပြုဖို့အရွယ်ရောက်နေတဲ့
လူတွေဟာ အိမ်ထောင်ပြုဖို့ ဝန်မလေးကြပါနဲ့။ အိမ်ထောင်ပြုတော့မယ်ဆိုရင်လဲ အချစ်ကို ဦးစားပေးပြီး
ထင်ရာဆိုင်းခြင်းကို ရှောင်ကြဉ်ကြပါ။ ဦးနှောက်နဲ့ချင့်ချိန်စဉ်းစားပြီးမှ ဘဝတစ်သက်တာ
အကောင်းဆုံးကို ရွေးချယ်ကြပါ။ အိမ်ထောင်မပြုနိုင်ကြသေးတဲ့ကာလမှာလဲ အနောက်တိုင်းယဉ်ကျေးမှုကို
တုသင့်တာတု၊ ပြုသင့်တာပြုပြီး မိမိတို့ ဘိုးဘွားဘီဘင် အစဉ်အဆက်က ထားရှိခဲ့ကြတဲ့ ရိုးရာဓလေ့
ယဉ်ကျေးမှု အသွင်သဏ္ဍာန်တွေကို ထိန်းသိမ်းနိုင်ကြပါစေ။ သူများမိုးခါးရေသောက်တိုင်း ကိုယ်လိုက်မသောက်ကြပါနဲ့။
သူများတွေ တိုက်နဲ့ကားနဲ့နေနိုင်တိုင်း ကိုယ်လိုက်မနေချင်ကြပါနဲ့။ သူများတွေ ရွှေတွဲလွဲ
စိန်တွဲလွဲဆွဲနိုင်တိုင်း ကိုယ်လိုက်ပြီး မဆွဲချင်ကြပါနဲ့။ သူများဆီဒိုးနားတိုင်း ကိုယ်မဒိုးနားချင်ပါနဲ့။
သူများ ထရိတ်ဒါးတိုင်း ကိုယ်မဒါးကြပါနဲ့။ သူများ ခြောက်ပွဲတိုင်း ကိုယ်လိုက်ခြောက်မပွဲကြပါနဲ့။
ကျားဟာကျား၊ ဖားဟာဖားပါပဲ။ ကျားခုန်နိုင်သလို ဖားခုန်နိုင်ချင်မှ ခုန်နိုင်မှာပါ။ အဲ့ဒီအတွက်လဲ
ယူကျုံးမရ ဖြစ်နေဖို့မလိုပါဘူး။ သူက ကျားမို့ ခုန်အားရှိပေမယ့် ကိုယ်ကဖားမို့ ဒီလောက်ပဲခုန်နိုင်တာ
ဘာသိက္ခာမှ ကျစရာမရှိပါဘူး။ အချိန်တန်တော့လဲ ကျားကြီးလဲ ဇီဝိန်ချုပ်၊ ဖားကလေးလဲ ဇီဝိန်ချုပ်၊
နိဂုံးချင်းအတူတူ ကိုယ့်အရွယ်၊ ကိုယ့်ပမာဏ၊ ကိုယ့်ခွန်အားကို အမြဲပြန်ကြည့်ပြီး ကိုယ်နိုင်တဲ့ဝန်သာ
ကိုယ်ထမ်း၊ ကိုယ်အခြေအနေကိုယ်သိ၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ကိုယ် နေတတ်၊ စားတတ်၊ ဆက်ဆံတတ်ကြပါစေ။
No comments:
Post a Comment