၁၃-၁-၂၀၁၄ နေ့ထုတ် ဒီလှိုင်းဂျာနယ် အတွဲ(၃)၊ အမှတ်(၂) လူငယ်ကဏ္ဍမှာ ဖော်ပြပါရှိသည့် "လူငယ်ခေါင်းဆောင်တွေကိုဘယ်လိုရွေးချယ်ကြမလဲ" ဆောင်းပါး။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ
့ အားသစ်လောင်းမယ့် လူငယ်ညီလာခံတွေကို မကြာမီ တစ်နိုင်ငံလုံးအနှံ့ ကျင်းပကြတော့မှာ
ဖြစ်ပါတယ်။ လူကြီးညီလာခံများတုန်းကလို ရပ်/ကျေးအဆင့်ကနေ စတင်တာမျိုးမဟုတ်ပဲ မြို့နယ်
အဆင့်ကနေ စတင်ရွေးချယ်ကြမှာဖြစ်ပါတယ်။ မြို့နယ်၊ခရိုင်၊ပြည်နယ်/တိုင်း၊ဗဟိုဆိုတဲ့ အဆင့်(၄)ဆင့်ကို
ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လူငယ်များဟာ NLD ရဲ့ မျိုးဆက်သစ်များ၊ အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းများ
ဖြစ်ကြပါတယ်။
ထိုမျိုးဆက်သစ်ခေါင်းဆောင်လောင်းလေးများဖြစ်ကြတဲ့
လူငယ်တွေမှာ ရိုးသားရမယ်၊ ပွင့်လင်းရမယ်၊ ရဲရင့်ရမယ်၊ ထက်မြက်ရမယ်၊ တက်ကြွရမယ် စတဲ့
အခြေခံအချက်တွေနဲ့ ပြည့်စုံနေဖို့လိုပါတယ်။ ပညာတတ်ခြင်း၊ မတတ်ခြင်း၊ ချမ်းသာခြင်း၊
ဆင်းရဲခြင်းတွေနဲ့ တိုင်းတာပြီး လူငယ်တွေကို ရွေးချယ်ရမှာမဟုတ်ပါဘူး။ ဘယ်သူက ပါတီအတွက်
အလုပ်လုပ်ပေးနိုင်စွမ်းရှိသလဲ၊ ဘယ်သူက ကိုယ့်မြို့နယ်၊ ကိုယ့်ဒေသ၊ ကိုယ့်ပြည်နယ်/တိုင်း
ဖွံ့ဖြိုးရေးအတွက် ဘယ်လောက်အကောင်အထည်ဖော်ပေးနိုင်မလဲ၊ ဘယ်သူက နိုင်ငံရေးအတွေးအခေါ်ကောင်းသလဲ၊
ဘယ်သူက ဒီမိုကရေစီအလေ့အကျင့်တွေနဲ့ ပိုပြီးရင်းနှီးကျွမ်းဝင်သလဲ၊ ဘယ်သူကဆင်ခြင်တုံအသိတရားနဲ့ပြည့်စုံသလဲ၊
ဘယ်သူက လူငယ်ထုကြားမှာ ဦးဆောင်ဦးရွက်ပြုပြီး ခေါင်းဆောင်အင်္ဂါရပ်နဲ့ညီညွတ်သလဲ ဆိုတာတွေနဲ့
လူငယ်ခေါင်းဆောင်တွေကို အမှတ်ပေးရွေးချယ်တတ်ကြဖို့လိုပါတယ်။
အဖွဲ့ချုပ်လူငယ်ညီလာခံရဲ့သဘောသဘာဝအရ
လူငယ်ခေါင်းဆောင်များကို လူငယ်များကသာ ရွေးချယ် တင်မြှောက်ရမှာဖြစ်ပါတယ်။ မြို့နယ်အတွင်းမှာရှိတဲ့
လူငယ်တွေက မဲဆန္ဒပေးပြီး မိမိတို့မြို့နယ်ကို ဦးဆောင်မယ့် လူငယ်လုပ်ငန်းအဖွဲ့ဝင်တွေကို
ရွေးချယ်ပေးကြရမှာဖြစ်ပါတယ်။ ထိုကဲ့သို့ရွေးချယ်တဲ့အခါ လူငယ်အချင်းချင်း ဘယ်သူက ဘယ်လိုအရည်အချင်းရှိတယ်၊
ဘယ်သူက ဘယ်နေရာမှာထူးချွန်ထက်မြက်တယ်၊ ဘယ်သူကတော့ဖြင့် ပါတီအတွက် အားကိုးထိုက်တယ်ဆိုတာကို
သိထားကြဖို့အရေးကြီးပါတယ်။ ဒါဆို လူငယ်တွေအချင်းချင်း အမှတ်ပေးနိုင်ဖို့ ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့တွေက
စီစဉ်ပေးရမှာဖြစ်ပါတယ်။ ဒါမှသာလည်း လူငယ်တွေဟာ သူတို့အချင်းချင်း တွေ့ကြ၊ ဆုံကြ၊ အတူတူတွဲဘက်လုပ်ကိုင်ကြ၊
ဆွေးနွေးတိုင်ပင်ကြနဲ့ တစ်ယောက်နဲ့တစ်ယောက် အကဲခတ်လေ့လာနိုင်ကြမှာလည်း ဖြစ်ပါတယ်။
မြို့နယ်အဆင့်ဆိုတဲ့နေရာမှာ
သက်ဆိုင်ရာရပ်ကွက်အသီးသီးက လူငယ်တွေအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက်သိထားကြဖို့၊ လေ့လာအကဲခတ်နိုင်ကြဖို့အရေးကြီးပါတယ်။
ဒါမှသာ မြို့နယ်အဆင့် အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေကို မြို့နယ်တွင်းကလူငယ်တွေက
အကောင်းဆုံးရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ထိုနည်းတူ ခရိုင်အဆင့် ရွေးချယ်နိုင်ဖို့ ခရိုင်ကိုယ်စားလှယ်အဖြစ်အရွေးခံရတဲ့
လူငယ်တွေ တစ်ယောက်အကြောင်း တစ်ယောက်သိထားဖို့ လိုပါတယ်။ ထိုမှတဆင့် ပြည်နယ်/တိုင်းအဆင့်ကို
ရွေးချယ်ကြတဲ့အခါ လူငယ်တွေဟာ မိမိတို့ ပြည်နယ်/တိုင်းကို ဦးဆောင်မယ့် လူငယ်ခေါင်းဆောင်ရဲ့
အရည်အချင်းအစစ်အမှန်ကို လေ့လာသုံးသပ်အကဲခတ်ဖို့ဆိုတာဟာ ကာလတို အတွင်းမှာ ဘယ်လိုလုပ်ပြီး
ဖြစ်နိုင်ပါ့မလဲ။ အချိန်အားဖြင့် တစ်လ၊နှစ်လအတွင်းနဲ့ ကိုယ့်ကိုဦးဆောင်မယ့်လူကို မဲထည့်
ရွေးချယ်ဖို့ဟာ အင်မတန်ခက်ခဲတဲ့လုပ်ငန်းပဲဖြစ်ပါတယ်။ ပြည်နယ်တစ်ခုလုံး၊ တိုင်းတစ်တိုင်းလုံးမှာရှိတဲ့
လူငယ်တွေ တစ်ယောက်နဲ့တစ်ယောက် အရည်အချင်းသိရှိနေဖို့ဆိုတာဟာ နဂိုမူလအစကတည်းက အဖွဲ့ချုပ်မှာ
တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြတဲ့ လူငယ်တွေအချင်းချင်းပဲ သိနိုင်မှာဖြစ်ပါတယ်။ တစ်ချို့လူငယ်အသစ်ကလေးများအတွက်
သူတို့မှာရှိတဲ့ ထိုက်သင့်တဲ့အရည်အချင်းတွေနဲ့ ရောက်သင့်ရောက်ထိုက်တဲ့နေရာတွေမှာ တာဝန်ယူနိုင်ဖို့
အခွင့်အရေးဟာ အလွန်နည်းပါးနေမှာ အသေအချာပါပဲ။ အရင်လူဟောင်းလူငယ်များကသာ အဖွဲ့ချုပ်ရဲ့
လူကြီး၊ လူလတ် အသွယ်သွယ်နဲ့ ရင်းနှီးပြီးသား၊ အဖွဲ့ချုပ်လုပ်ငန်းစဉ်နဲ့မူဝါဒတွေကို
သိရှိနားလည်ပြီးသားမို့ သူတို့သာလျှင် တာဝန်ခံအဆင့်၊ တွဲဘက်တာဝန်ခံအဆင့်ဆိုတဲ့ နေရာတွေမှာ
ရောက်ရှိမှာမလွဲဧကန်ဖြစ်နေပါတယ်။
တကယ်လည်းအရည်အချင်းရှိတဲ့သူ၊
တကယ်လည်း အဖွဲ့ချုပ်အတွက်ရော၊ သက်ဆိုင်ရာနယ်မြေအတွက်ရော အားကိုးလောက်တဲ့သူဆိုရင် အထူးအထွေပြောစရာမလိုပေမယ့်
တစ်ချို့လူငယ်များဟာ အဖွဲ့ချုပ်မှာ အနေကြာ၊ လူသိများသော်လည်း တကယ်တန်းလုပ်ငန်းပိုင်းဆိုင်ရာ၊
ခေါင်းဆောင်တစ်ယောက်ရဲ့စွမ်းရည်ပိုင်းဆိုင်ရာတွေမှာ အားနည်းနေသူဖြစ်ခဲ့ပါလျှင် ပြဿနာရှိနိုင်ပါတယ်။
လူကြီးတွေနဲ့ရင်းနှီးလို့၊ လူသိပိုများလို့၊ နေ့တိုင်းအဖွဲ့ချုပ်ရုံးမှာ ရှိနေခဲ့လို့
သူ့ကိုသာပဲ တာဝန်ခံ ခေါင်းဆောင်အဖြစ်ရွေးချယ်လိုက်ကြမယ်ဆိုရင် အရည်အချင်းမရှိတဲ့သူ
ဦးဆောင်မှုနောက်မှာ တကယ်အရည်အချင်းရှိတဲ့ လူငယ်မျိုးဆက်သစ်လေးတွေ လိုက်ကြရတော့မှာဖြစ်ပါတယ်။
ဒါကြောင့် အမေဒေါ်အောင်ဆန်းစုကြည်ပြောလေ့ရှိတဲ့စကားကို ကိုးကားပြောရရင် ကိုယ်ဘယ်လောက်အနစ်နာခံ
ခဲ့တယ်၊ ဘယ်လောက်ပေးဆပ်ခဲ့တယ်ဆိုတာတွေကို မပြောပါနဲ့တော့၊ ကိုယ်ဘယ်လောက်လုပ်ပေးနိုင်မလဲ၊
ဘယ်လောက် စွမ်းဆောင်နိုင်မလဲဆိုတာသာ အဓိကကျပါတယ်။ ကိုယ်မလုပ်နိုင်တဲ့အလုပ်တစ်ခုကို
မက်မော ဖက်တွယ်ပြီး မစွန့်လွှတ်ပဲထားတာထက် လုပ်နိုင်မယ့်သူကို လွှဲပြောင်းပေးအပ်ပြီး
ဦးဆောင်ခိုင်းတာဟာ ခရီးရောက်ပါတယ်။
ဒါကြောင့် ဗဟိုအဆင့်မှာ
တာဝန်ပေးအပ်မယ့် လူငယ်တွေကို ဘယ်လိုရွေးချယ်ကြမလဲဆိုတာ အရမ်းအရေးကြီးပါတယ်။ ဗဟိုအဆင့်လူငယ်တွေဟာ
အမေဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့အတူတွဲပြီး တာဝန်ယူ လုပ်ကိုင်ရမယ့်
လူငယ်ခေါင်းဆောင်တွေဖြစ်ပါတယ်။ အရွေးမှားလို့မဖြစ်ပါဘူး။ ခပ်ညံ့ညံ့ရွေးမိရင် ခပ်ညံ့ညံ့ခေါင်းဆောင်တွေပဲရလာမှာဖြစ်ပါတယ်။
အရည်အချင်းရှိပြီး ပါတီအပေါ်လေးစားသစ္စာရှိတဲ့သူဖြစ်ဖို့ရယ်၊ တာဝန်ယူမှု တာဝန်ခံမှုကို
နားလည်တဲ့သူဖြစ်ဖို့ရယ်၊ လုပ်ငန်းကျွမ်းကျင်တဲ့ သူဖြစ်ဖို့လိုတယ်ဆိုတာကို အဖွဲ့ချုပ်ရဲ့
လူငယ်ထုအားလုံးသိထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိမိတို့ဟာ လူငယ်ခေါင်းဆောင်ဆိုသူတွေကို
မဲပေးရွေးချယ်ရမှာ ဖြစ်လို့ပါပဲ။
ဗဟိုအဆင့်လူငယ်ခေါင်းဆောင်တွေရွေးချယ်တဲ့အခါ
ပြည်နယ်နှင့်တိုင်းအသီးသီးက တက်လာတဲ့ ဗဟိုလူငယ်ညီလာခံကိုယ်စားလှယ်များထဲမှ ရွေးချယ်ရမှာဖြစ်လို့
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူငယ်အချင်းချင်း
အရည်အချင်းတွေသိအောင် ဘယ်လိုစီမံဆောင်ရွက်ရမလဲဆိုတဲ့ အဓိကအရေးအကြီးဆုံးအချက်ကို အဖွဲ့ချုပ်
လူငယ်ညီလာခံကျင်းပရေးကော်မရှင်အဆင့်ဆင့်အနေနဲ့ စဉ်းစားထားကြဖို့လိုပါတယ်။ ကချင်ပြည်နယ်က
လူငယ်တစ်ယောက်နဲ့ တနင်္သာရီတိုင်းက လူငယ်တစ်ယောက် တစ်ဦးနဲ့တစ်ဦး သိဖို့အလှန်းဝေးပါတယ်။
ကယားပြည်နယ်က လူငယ်တစ်ယောက်ကို ရန်ကုန်တိုင်းကလူငယ်တစ်ယောက်က သိရှိထားဖို့ အလှန်းဝေးပါတယ်။
တစ်ယောက်နဲ့တစ်ယောက် အရည်အချင်းမသိပဲ ဘယ်သူက ဘယ်သူ့ကိုမဲထည့်ရမှာလဲ။ အရည်အချင်းသိတာ
မသိတာ ခဏထားပြီး တစ်ဦးနဲ့တစ်ဦး မသိကြပဲ ဗဟိုလူငယ်အဆင့်ကို ဘယ်နည်းဘယ်ပုံရွေးချယ်ကြမလဲဆိုတာ
အဖြေထုတ်သင့်ပါပြီ။ လူငယ်ညီလာခံကျင်းပရေးကော်မရှင်များက မိမိတို့တာဝန်ယူကျင်းပပေးရမယ့်
လူငယ်ညီလာခံတွေမှာ အရည်အချင်းရှိတဲ့ လူငယ်လူကောင်းများ မှန်မှန်ကန်ကန် လူမှန်နေရာမှန်ဖြစ်နိုင်ဖို့
အကောင်းဆုံးလုပ်ငန်းစဉ်များ ရေးဆွဲပြီး အကောင်အထည်ဖော်သင့်ပြီဖြစ်ပါကြောင်း တိုက်တွန်းလိုက်ရပါသည်။
ဝေဖြိုးဟန်(အင်းစိန်)
No comments:
Post a Comment