(နိုင်ငံရေးဂျာနယ် The Politics Journal အမှတ်၂၃တွင် ဖော်ပြပါရှိသည့် စာရေးသူ၏ ၄ပုဒ်မြောက် ပုံနှိပ်ဆောင်းပါး- နိုင်ငံရေးသမားကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင်- ဖြစ်ပါတယ်။)
အားလုံးသိကြတဲ့အတိုင်း ဆရာဝန်တစ်ယောက်၊ အင်ဂျင်နီယာတစ်ယောက်
ဖြစ်လာဖို့ဆိုတာ မလွယ်ပါဘူး။ သက်ဆိုင်ရာတက္ကသိုလ်အသီးသီးမှာ အနည်းဆုံး ၅နှစ်၊ ၆နှစ်
ပညာသင်ကြားပြီးမှ ဖြစ်လာရတာပါ။ ပညာပြည့်ဝတော့မှ အင်ဂျင်နီယာဆိုလည်း အဆောက်အဦတွေ လမ်းတွေ
တံတားတွေဆောက်လုပ်ခွင့်ရမယ်။ ဆောက်လုပ်နိုင်တယ်။ ဆရာဝန်ဆိုလည်း လူနာတွေကို ရောဂါရှာဖွေ
စမ်းသပ်နိုင်မယ်၊ ဆေးကုသခွင့်ရနိုင်တယ်။ ပညာရပ်တစ်ခုကို ဂရုတစိုက် သင်ယူလေ့လာပြီးမှ
လုပ်တတ်ကိုင်တတ်ပြီဆိုမှ ကိုယ့်ကိုကိုယ် အင်ဂျင်နီယာတစ်ယောက်ပါ၊ ဆရာဝန်တစ်ယောက်ပါလို့
ပြောနိုင်ကြပါတယ်။ လူအများကလည်း လက်ခံကြပါတယ်။ ဒါဟာ အင်ဂျင်နီယာမှ ဆရာဝန်မှ မဟုတ်ပါဘူး။
မည်သည့် ပညာရပ်မဆို သေချာလေ့လာသင်ယူပြီးမှသာ ပညာရှင်တစ်ယောက်အဖြစ် ခံယူသင့်ပါတယ်။ လုပ်ငန်းခွင်မှာ
တကယ်ပညာတတ်တဲ့လူနဲ့ အပြောပဲရှိ လက်တွေ့မတတ်တဲ့ လူဟာ အသိအသာကြီး ကွာခြားပါတယ်။
ထို့အတူ နိုင်ငံရေးသမားလို့ ကိုယ့်ကိုကိုယ် ခံယူထားကြတဲ့သူတွေကရော
ဘယ်လောက်အတိုင်းအတာအထိ နိုင်ငံရေးပညာ လေ့လာပြီးကြပြီလဲ၊ သင်ယူပြီးခဲ့ကြပြီလဲ၊ အတွေ့အကြုံတွေ
ဘယ်လောက်များခဲ့ပြီးပြီလဲဆိုတဲ့ မေးခွန်းအမေးခံကြရပါတယ်။ နိုင်ငံရေးအကြောင်း တောက်တိုမယ်ရ၊
ဟိုစပ်စပ် ဒီစပ်စပ်သိပြီး စကားအပြောကောင်းရုံ၊ ဆွေးနွေးနိုင်ရုံနဲ့ နိုင်ငံရေးသမားပါလို့
ကိုယ့်ကိုကိုယ် ခံယူထားကြတဲ့သူတွေလည်းရှိပါတယ်။ အဲ့ဒီလူတွေကို တိုင်းပြည်အတွက် အလုပ်လုပ်ခိုင်းဖို့
ဖြစ်ပါ့မလား။ နိုင်ငံရေးစင်မြင့်ပေါ်တင်ပြီး ထောက်ခံအားပေးလို့ ဖြစ်ပါ့မလား။ နိုင်ငံရေးဆိုတာ
တကယ့်ကို နက်နက်နဲနဲ လေ့လာရမယ့် အရာပါ။ နိုင်ငံခြားတိုင်းပြည်များမှာတော့ နိုင်ငံရေးကို
ဘာသာရပ်တစ်ခုအနေနဲ့ တက္ကသိုလ်၊ ကောလိပ်တွေမှာ သင်ကြားပေးနေပါတယ်။ အရည်အချင်းရှိတဲ့သူတွေကို
မွေးထုတ်ပြီး အနာဂတ်နိုင်ငံရေးဇာတ်ခုံမှာ ဝင်ရောက်ကပြနိုင်ဖို့ အစကတည်းက လေ့ကျင့်ပေးထားခဲ့ပါတယ်။
အတွေ့အကြုံကောင်းကောင်း၊ အလေ့အကျင့် ကောင်းကောင်းနဲ့ ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေးမျိုးဆက်တွေဟာ
နိုင်ငံရေးသမားကောင်းဆိုတဲ့ဂုဏ်ဒြပ်ကို တန်ဖိုးထားကြပါတယ်။
နိုင်ငံရေးသမားဆိုတာ မှန်အောင်နေရမှာဖြစ်ပြီး မှားရင်လဲ
မှားတဲ့အကြောင်း ဝန်ခံရဲရမှာဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် တာဝန်ယူမှု တာဝန်ခံမှုရှိရမှာဖြစ်ပါတယ်။
ဆုံးဖြတ်ချက်တွေဟာလည်း ပြတ်သားဖို့လိုပါတယ်။ Yes or No တစ်ခုပဲဖြစ်ရပါမယ်။ အထူးသဖြင့်
လွှတ်တော်အမတ်တွေအဖြစ် နိုင်ငံရေးသမားလုပ်နေကြသူတွေဟာ အဆိုတစ်ခုကို ထောက်ခံရင်ထောက်ခံ၊
ကန့်ကွက်ရင်ကန့်ကွက်၊ ကြားနေမဲပေးပြီး ရေငုံနှုတ်ပိတ်နေကြတာဟာ နိုင်ငံရေးသမားကောင်းပါလို့
မဆိုထိုက်ပါဘူး။ အဲ့ဒီလို အမတ်ကို မဲပေးခဲ့ကြတဲ့ ပြည်သူတွေအတွက် နစ်နာပါတယ်။ တလောလေးကလည်း
လွှတ်တော်နာယကက ရေငုံနှုတ်ပိတ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်များကို သတိပေးခဲ့ရတဲ့အကြောင်း
ကြားရပါတယ်။ ကိုယ့်ယုံကြည်ချက်၊ ကိုယ့်ခံယူချက်ကို အခိုင်အမာ တည်ဆောက်ပြီး ကိုယ်ဘယ်လို
ရပ်တည်မလဲဆိုတဲ့အပေါ် စဉ်းစားထားသင့်ပါတယ်။ ဟိုလိုလို ဒီလိုလို လုပ်နေမယ်ဆိုရင် ယုံကြည်ချက်မခိုင်မာရာ၊
ဆုံးဖြတ်ချက် မပြတ်သားရာရောက်ပါတယ်။ ဘယ်ကနေပဲရွေးရွေး၊ ဘယ်လိုနည်းနဲ့ပဲရောက်ရောက်၊
လွှတ်တော်ထဲမှာကိုယ်စားလှယ်အဖြစ် ပါဝင်ပြီဆိုကတည်းက နိုင်ငံရေးသမားဖြစ်ပြီလို့ ယူဆကြစေလိုပါတယ်။
ပြည်သူကရွေးကောက်လို့ပဲဖြစ်ဖြစ်၊ ကာချုပ်က တော်ကောက်လို့ပဲဖြစ်ဖြစ်
ဘဘကြီး၊ ဘဘလေး၊ ဘဘငယ်၊ ဆရာ့ ဆရာကြီးတွေရဲ့ အရှိန်အဝါကြောင့် လွှတ်တော်ထဲ ယောင်ချာချာရောက်လာတဲ့သူတွေပဲဖြစ်ဖြစ်
အားလုံးဟာ နိုင်ငံကိုယ်စားပြု အမတ်တွေဖြစ်ကြပြီ၊ ဥပဒေပြုရေးမဏ္ဍိုင်ရဲ့  အစေအပါးတွေဖြစ်ကြပြီဆိုကတည်းက
နိုင်ငံရေးသမားတွေဖြစ်ကြပါပြီ။
ကိုယ်ယုံကြည်တဲ့အချက်ပေါ်မှာ ယုံကြည်ချက်အတိုင်း ဝေဖန်တာဟာ
နိုင်ငံရေးသမားတွေရဲ့ အလုပ်ပါပဲ။ ဟိုလူဒီလူ ချစ်အောင်ပြောပေးတာ၊ ထောက်ခံတာမျိုး၊ ဟိုလူဒီလူမုန်းမှာဆိုးလို့
ဘာမှမပြောပဲနေတာမျိုးတွေဟာ နိုင်ငံရေးသမားကောင်း မပီသပါဘူး။ ကိုယ်မှန်တယ်ထင်ရင် ထောက်ခံရဲရပါမယ်၊
မှားနေတယ်လို့ထင်ရင်လဲ ကန့်ကွက်ရဲရပါမယ်။ ဥပဒေအထက်မှာ ဘယ်သူမှမရှိရပါဘူး။ ဥပဒေပြုလွှတ်တော်မှာ
ပါဝင်နေတဲ့သူတွေဟာ တစ်စုံတစ်ယောက်ကို ကြောက်နေရမယ်၊ အားနာနေရမယ်၊ မလွန်ဆန်ရဲဖြစ်နေရမယ်ဆိုရင်
ဥပဒေအထက်မှာ ထိုပုဂ္ဂိုလ်၊ ထိုဆရာကြီး ရှိနေပြီလို့ ပြောရမလို ဖြစ်နေပါပြီ။ ဥပဒေအထက်မှာ
လွှတ်တော်ရှိနေလားလို့ပြောတဲ့ ဒေါက်တာဆိတ်ဖွားကိစ္စကလည်း မရှင်းမရှင်းနဲ့ ပြီးသွားကာစရှိပါသေးတယ်။
ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံတစ်ချို့ က နိုင်ငံရေးသမားတွေဟာ
ပြောစရာရှိတာ၊ ဝေဖန်စရာရှိတာတွေကို ပြတ်ပြတ်သားသား ပြောဆိုဝေဖန်ကြပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့
တစ်ယောက်ဟာ ရန်သူတွေလို မဆက်ဆံကြပါဘူး။ အပြောမှားလို့ အရေးယူခံရတာလည်း မရှိပါဘူး။ လွှတ်တော်ထဲမှာ
အတိုက်အခံပါတီကလူနဲ့ နှုတ်ဆက်စကားပြောမိလို့ အရေးယူအပြစ်ပေးခံရတာလည်းမရှိပါဘူး။ နိုင်ငံရေးသမားကောင်းတွေအတွက်
အကောင်းဆုံးနဲ့ အထင်ရှားဆုံးသာဓကကို ပြရရင်တော့ ၂၀၀၈ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲအကြောင်းနဲ့
အိုဘားမား၊ ဟီလာရီကလင်တန်တို့ဟာ စံပြုထိုက်တဲ့ နိုင်ငံရေးသမားကောင်းတွေ ဖြစ်တယ်ဆိုတာလက်တွေ့မြင်ခဲ့ရတာပါပဲ။
ပြိုင်ဘက်တွေဖြစ်ခဲ့ပေမယ့် လုပ်ဖော်ကိုင်ဖက်ကောင်း တွေအဖြစ် အကောင်းဆုံးလုပ်ပြနိုင်ခဲ့တာဟာ
အတုယူစရာကောင်းပါတယ်။
နင်ဘာလဲ၊ ငါဘာလဲနဲ့ မာန်တက်ပြီး သူ့အောက်မို့လို့ ငါ့အထက်မို့လို့
ဆိုတဲ့ ခပ်ကြောင်ကြောင်အတွေးတွေဟာ နိုင်ငံရေးသမားကောင်းတွေမှာ မရှိသင့်ပါဘူး။ လက်တွဲလို့ရရင်
လက်တွဲကြရပါမယ်။ ကိုယ် မဦးဆောင်နိုင်တဲ့ အခါ ဦးဆောင်သူရဲ့နောက်မှာ ကောင်းကောင်းမွန်မွန်လိုက်နိုင်ဖို့လိုပါတယ်။
ခေါင်းဆောင်ကောင်းမဖြစ်ရင် နောက်လိုက်ကောင်းဖြစ်ဖို့ လိုပါတယ်။ နောက်လိုက်ကောင်း မဖြစ်ခဲ့ရင်
ဘယ်တော့မှလည်း ခေါင်းဆောင်ကောင်း ဖြစ်လာမှာ မဟုတ်ပါဘူး။
လူတိုင်းနိုင်ငံရေးကို စိတ်ဝင်စားရပါမယ်။ လေ့လာရပါမယ်။
အဲ့ဒီကတဆင့်တက်ရင် နိုင်ငံရေးသမားလုပ်တော့မယ်ဆိုရင် ပိုပြီး လေ့လာရမယ်။ သင်ယူရမယ်၊
မှတ်သားရမယ်၊ အရင်ဆုံး ခံယူချက်နဲ့စိတ်ဓါတ်ကို ပြုပြင် မွမ်းမံရပါမယ်။ လူတိုင်းဟာ အမြဲလိုလို
နိုင်ချင်ကြတာ ဓမ္မတာပါ။ အနိုင်လိုချင်ရင် အရှုံးကိုလည်း ရင်ဆိုင်ရဲရပါမယ်။ ရှုံးနိမ့်တဲ့အခါမှာလည်း
အရှုံးကောင်းဖြစ်အောင် နိုင်ငံရေးသမားကောင်းပီသအောင် စိတ်ထား ထားတတ်ဖို့ လိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅မှာ မျှတစွာယှဉ်ပြိုင်နိုင်ဖို့
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ပေးစေလိုကြောင်း ပြောပါတယ်။ သူရဦးရွှေမန်းကလည်း သမ္မတဝင်ပြိုင်မယ်လို့ပြောပြီး
ပြိုင်ပွဲတိုင်းမှာ အနိုင်ရမှ ကျေနပ်သူလို့ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပေးပြီး
ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်လို့ သမ္မတမဖြစ်ခဲ့ရင်တောင် အဲ့ဒီရလဒ်ကို လက်ခံပေးမယ်လို့ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေမပြင်ပဲ ရွေးကောက်ပွဲ ဝင်လို့မှ ဒုသမ္မတရာထူးပဲရမယ်ဆိုရင်တော့
တရားမျှတမှုမရှိနိုင်ဘူးလို့ဆိုပါတယ်။ ဒါကြောင့် တရားမျှတတဲ့ ရွေးကောက်ပွဲမှာ အနိုင်အရှုံးဆိုတာထက်
နိုင်ငံရေးသမားကောင်းတွေရဲ့  ယှဉ်ပြိုင်ခြင်းသာ မဓာနဆိုတဲ့ စိတ်ထားကို တွေ့ရဖို့ မျှော်လင့်ပါတယ်။
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ဟာ တကယ့်ကို ပြုပြင်ပြောင်းလဲရေးအတွက်
စိတ်အားထက်သန်စွာ လုပ်ကိုင် ဆောင်ရွက် နေတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ မြန်မာပြည်ကြီး
အမှန်တကယ် ဖွံဖြိုးတိုးတက်တာကို လိုလားတောင့်တနေတဲ့ ပြည်သူတွေ အတွက် သဘောထားကြီးစွာ၊
အမျှော်အမြင်ကြီးစွာနဲ့ ဆောင်ရွက်ခဲ့တာတွေကိုလည်း အားလုံးအသိပဲဖြစ်ပါတယ်။ မြစ်ဆုံဆည်ကိစ္စမှစတင်ပြီး
နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးခဲ့တာ၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အတိုက်အခံပါတီဖြစ်သော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပါတီမှတ်ပုံတင် ပြန်တင်ခွင့်ရအောင် ဖန်တီးပေးခဲ့တာ။
ကြားဖြတ်ရွေးကောက်ပွဲများကို တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်အောင် အဖက်ဖက်က
စီစဉ်ဆောင်ရွက်ပေးခဲ့တာတွေဟာ နိုင်ငံရေးဇာတ်ခုံမှာ အင်မတန်မှ ချီးကျူးထောပနာ ပြုခံခဲ့ရလောက်တဲ့အထိ
အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုက်အခံပါတီက မဲအများဆုံးရပြီး
အောင်ပွဲခံသွားတဲ့အခါမှာလည်း ပြုပြင်ပြောင်းလဲရေးအတွက် ဒုတိယအဆင့် မဟာဗျူဟာအကောင်အထည်ဖော်ရေး
အစည်းအဝေးမှာ ပြည်သူတွေအနေနဲ့ မိမိတို့ကို သဘောမကျတော့တဲ့အကြောင်း ပြသလိုက်ခြင်းဖြစ်တယ်လို့
ပြောကြားလိုက်ပါတယ်။ ဒါကြောင့် ပြုပြင်ပြောင်းလဲရေးတွေ အထူးအလေးပေး လုပ်ဆောင်သင့်ပြီလို့လည်း
ပြောကြားခဲ့ပါတယ်။
အရှုံးကို လက်ခံပြီး ဘာကြောင့်ရှုံးရတယ်၊ ဘာတွေလိုအပ်နေပြီဆိုတာကိုသိအောင်လုပ်ဖို့
လမ်းညွှန်ခဲ့တာဟာ တကယ့်နိုင်ငံရေးသမားကောင်း ပီသတယ်လို့ ပြောရမှာပါပဲ။ ထိုနည်းအတူ လွှတ်တော်တက်ရေး
မတက်ရေးနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမည်နဲ့
လေးစားလိုက်နာပါမည်ဆိုတဲ့ စကားရပ်အပေါ် အငြင်းပွားနေမှုများကို ဒေါ်အောင်ဆန်းစုကြည်ဟာ
တိုင်းရင်းသားပါတီအားလုံးရဲ့မျက်နှာ၊ ရွေးကောက်ပွဲမှာ အနိုင်ရအောင် မဲထည့်ပေးခဲ့ကြတဲ့
မဲဆန္ဒရှင် ပြည်သူတို့ရဲ့မျက်နှာကို ကြည့်ပြီး လွှတ်တော်ထဲဝင်ခဲ့ကြတာဟာလည်း နိုင်ငံရေးသမားကောင်းတို့ရဲ့
အပြုအမူတွေပဲ ဖြစ်ပါတယ်။
ဒါကိုတစ်ချို့ က ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရကြိုးဆွဲရာနောက်
လိုက်ကနေပြီလို့ ဝေဖန် ကြပါတယ်။ လွှတ်တော်ထဲသွားထိုင်လိုက်လို့ထိထိရောက်ရောက် ဘာမှ မလုပ်နိုင်တော့ဘူးလို့
လေကန်ကြပြန်ပါတယ်။ တစ်ချို့ ကလည်း ဒေါ်အောင်ဆန်းစုကြည်သွားနေတဲ့လမ်းကို ပျက်လိုပျက်စီး
မဟုတ်မဟတ်တွေပြောဆို ပုတ်ခတ်ကြပါတယ်။ စစ်တပ်ကို ဆက်ဆံတာ ပျော့ပျောင်းလွန်းတယ်လို့ဆိုကြတယ်။
လက်ပံတောင်းတောင်ကိစ္စမှာ ဓါးခုတ်ရာ လက်ဝင်လျှိုပြီး အာဏာရှင်တွေဘက်က ရပ်တည်ပေးခဲ့တယ်လို့
ပြောကြဆိုကြပြန်တယ်။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ 
ရပ်တည်မှုကို အပြစ်တင်စောခဲ့ကြပြန်ပါတယ်။
နိုင်ငံရေးသမားကောင်း မှန်ရင် စိတ်ထားမြင့်မြတ်ဖို့လည်း
အရေးကြီးပါတယ်။ တစ်ဦးနဲ့တစ်ဦး၊ တစ်ပါတီနဲ့ တစ်ပါတီ ပုတ်ခတ်ပြောဆိုခြင်း၊ မထိတထိ ပြောဆိုခြင်းတွေကို
အတတ်နိုင်ဆုံးရှောင်ရှားသင့်ပါတယ်။ တိုင်းပြည်ကောင်းအောင်၊ ဖွံဖြိုးတိုးတက်အောင် ဘယ်လိုပူးပေါင်းလုပ်ဆောင်ရင်
ကောင်းမလဲဆိုပြီး စားပွဲဝိုင်းဆွေးနွေးပွဲတွေနဲ့ ပါတီချင်း အတူလုပ်ဆောင်ကြရင် အတိုင်းထက်အလွန်
တံခွန်နဲ့ ကုက္ကားပါ။ သမ္မတကြီးဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ မတူတာတွေဖယ်၊
တူတာတွေပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ မြင့်မြတ်တဲ့ခံယူချက်ကို အကောင်အထည်ဖော်နိုင်ခဲ့လို့
ယနေ့ ကမ္ဘာ့အလယ်မှာ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများကို ဝမ်းပမ်းတသာ ကြိုဆိုနေကြတာပဲဖြစ်ပါတယ်။
မကြာသေးမီကာလက ကမ္ဘာ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဟာ
မြန်မာနိုင်ငံကိုရောက်လာပြီး အကူအညီ အထောက်အပံ့တွေအများကြီး ပေးသွားတာဟာလည်း ဖြစ်ပေါ်တိုးတက်မှုတွေထဲက
အထိရောက်ဆုံး တိုးတက်မှုပါပဲ။ အခုဆိုရင် အမေရိကန်နဲ့ အနောက်ဥရောပနိုင်ငံတွေ၊ အီးယူ၊
အာဆီယံနဲ့ အရှေ့အာရှနိုင်ငံတွေရော နိုင်ငံတကာက သံတမန်တွေ မြန်မာပြည်ထဲ မှိုလိုပေါက်အောင်
ရောက်လာနေကြပါတယ်။ ရင်းနှီးမြှုပ်နှံဖို့ အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့စတာတွေနဲ့
ကျန်းမာရေး၊ ပညာရေး၊ ဆင်းရဲမှုပပျောက်ရေးစတာတွေကို ဘက်ပေါင်းစုံက ကူညီချင်တဲ့သူတွေ ထောက်ပံ့ချင်တဲ့
သူတွေကလည်း ဒုနဲ့ဒေးပါပဲ။ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး တတိုင်းပြည်လုံး ငြိမ်းချမ်းရေးရအောင်
ဖော်ဆောင်နေတဲ့ ကဏ္ဍတွေမှာလည်း ပါဝင်ကူညီပေးကြဖို့ တာဆူနေကြပါတယ်။
နိုင်ငံဖွံဖြိုးတိုးတက်ဖို့ခြေလှမ်းတွေ လှမ်းနေတဲ့အချိန်၊
စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတော်ဖြစ်အောင် ခေါင်းဆောင်ကောင်းတွေ ကြိုးပမ်းဆောင်ရွက်နေတဲ့
အချိန်မှာ မလိုလားအပ်တဲ့ အတားအဆီး အနှောက်အယှက်တွေ မရှိဖို့ အရေးကြီးပါတယ်။ နိုင်ငံရေးသမားတွေဟာ
တစ်ယောက်နဲ့တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပြစ်တင်ရှုတ်ချတာမျိုး၊ တိုက်ရိုက်ဝေဖန်တိုက်ခိုက်တာမျိုး
မလုပ်မိကြဖို့ လိုပါတယ်။ နိုင်ငံရေးကို ပရိယာယ်ကြွယ်ဝစွာ အမျှော်အမြင်ကြီးစွာ လုပ်ကိုင်တတ်ဖို့လိုပါတယ်။
နိုင်ငံရေးကို လူမျိုးရေး၊ ဘာသာရေးတွေနဲ့ရောထွေးပြီး ပြည်သူတွေကြား အငြင်းပွားမှုမျိုးတွေ
ဖန်တီးတာဟာ နောက်ကြောင်းပြန်လိုသူတွေကို အားပေးရာရောက်ပါတယ်။ နွားကွဲရင် ကျားဆွဲပါလိမ့်မယ်။
ထို့ပြင် မိမိစိတ်ခံစားချက်၊ ပုဂ္ဂိုလ်ရေးအမြင်မကြည်လင်ချက်တွေကို ရှေ့တန်းတင်ပြီး လွတ်လပ်စွာပြောဆိုရေးသားခွင့်ရှိတဲ့
စတုတ္ထမဏ္ဍိုင် မီဒီယာကို ခုတုံးလုပ်နေကြခြင်းဟာ တိုင်းပြည်အတွက်လည်းအကျိုးမရှိ၊ မိမိအတွက်လည်း
အကျိုးမရှိ၊ တစ်ပါးသူအတွက်လည်း အကျိုးမရှိ၊ ဘယ်ဘက်ကမှ အကျိုးမရှိတဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။
ဒါ့အပြင် စာဖတ်အားကောင်းလာတဲ့ ပြည်သူလူထုကြားမှာ၊ နည်းပညာအသိဥာဏ် ကြွယ်ဝလာတဲ့ ပြည်သူတွေကြားမှာလည်း
သို့လောသို့လော အတွေးတွေနဲ့ အကောင်းမြင်ဝါဒများမှ အဆိုးမြင်ဝါဒဘက် ကူးပြောင်းသွားခဲ့မယ်ဆိုရင်
အင်မတန်မှ နစ်နာဆုံးရှုံးမှုကြီးတစ်ရပ်နဲ့ ရင်ဆိုင်ရပါလိမ့်မယ်။
ဒါကြောင့် နိုင်ငံရေးသမားလို့ ခံယူထားတဲ့သူတွေဟာ ဘယ်သူပဲဖြစ်ဖြစ်
ဘယ်ရာထူးကြီး ဘယ်ပုဂ္ဂိုလ်ကြီးပဲဖြစ်ဖြစ် မိမိတို့ဟာ နိုင်ငံရေးသမားကောင်းပီသကြောင်း
ပြသဖို့ အပြုသဘောဆောင်တဲ့ စိတ်ကိုမွေးပါ၊ ငါဘာလဲ နင်ဘာလဲဆိုတဲ့ အဆိုးမြင်ဝါဒကို မေ့ပါ၊
အချင်းချင်း အပြန်အလှန်လေးစားပြီး တိုင်းပြည်နဲ့လူမျိုးကောင်းစားရေးအတွက် ကိုယ်ကျိုးမဖက်
အနစ်နာခံ ဆောင်ရွက်ပေးနိုင်ခဲ့မယ်ဆိုရင် နိုင်ငံရေးရည်ပြည့်ဝပြီး လူထုလေးစားတဲ့ နိုင်ငံရေးသမားကောင်းတွေ
ဖြစ်လာမှာ မလွဲမသွေဖြစ်ပါသည်။ ။
ဝေဖြိုးဟန်
(အင်းစိန်)
No comments:
Post a Comment