၂၀၀၈
မေ ၂ရက်နေ့ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ပါသည်။ သတင်းတွေထဲက ကြည့်ပြီး
စိတ်မကောင်းဖြစ်ရသည်။ ကျွန်တော့်ရန်ကုန်က အိမ်ကို ဖုန်းဆက်ဖို့ ကြိုးစားသော်လည်း ဖုန်းလိုင်းများ၊
ဓါတ်အားလိုင်းများ ပြတ်တောက်သွား၍ မိသားစုနဲ့ ဘယ်လိုမှ အဆက်အသွယ်မရခဲ့ပါဘူး။ ကျွန်တော်တို့
သူငယ်ချင်းများအားလုံး နာဂစ်သတင်းကို စင်ကာပူသတင်းတွေ၊ အင်တာနက်တွေပေါ်ကနေ အဆက်မပြတ်
နားစွင့် နေခဲ့ကြရုံမှအပ ဘာမှ မတတ်နိုင်။ သို့သော် ကျွန်တော့်သူငယ်ချင်း ဇာနည်ထက်ကတော့
သူတို့ကုမ္ပဏီက သဘောင်္ဆယ်တဲ့ ကုမ္ပဏီမို့ အဲ့ဒီအချိန် ဂျပန်က သင်္ဘောကြီး တစ်စင်း မုတ္တမပင်လယ်ကွေ့နား
သောင်တင် သွားလို့ သင်္ဘောဆယ်ယူရေးလုပ်ကြဖို့ အကြောင်းဖန်လာခဲ့သည်။ ဇာနည်ထက်က အထုပ်အပိုးပြင်ပြီး
ချက်ချင်းပဲ သူတို့ (Smit International) ကုမ္ပဏီအလုပ်ကိစ္စနဲ့ ပြည်တော်ပြန် ဝင်ခွင့်ရသွားသည်။
ဒီတော့မှ ဇာနည်ထက်နဲ့ ရန်ကုန်က မိသားစုများဆီ သတင်းစကားပါးရတော့သည်။
စင်ကာပူသတင်းစာများမှာ
ပါလာတဲ့ပုံတွေ စာတွေကို ကြည့်ရင်း ဖတ်ရင်း အားမလို အားမရတွေလည်း ဖြစ်ရသည်။ ကြေကွဲဖွယ်
ဖြစ်ရပ်ဆိုးကြီးကို ရင်နာစရာတွေ့နေခဲ့ရသည်။ မြစ်ဝကျွန်းပေါ်က ကျွန်တော်တို့ ပြည်သူတွေ
ဘယ်လောက်များ ဒုက္ခရောက်နေကြမလဲလို့ တွေးရင်းပင် စို့နစ်ရပါသည်။ မေလကုန်မှာ ကျွန်တော်တို့
Queenstown Community ရဲ့ Toastmaster ပုံမှန်အစည်းဝေးရှိနေသည်။ တိုက်တိုက် ဆိုင်ဆိုင်
အဲ့ဒီအချိန်တုန်းက QTMC (Queenstown ToastMaster Club) အလုပ်အမှုဆောင်အဖွဲ့ရဲ့ ပညာရေးတာဝန်ခံ
(vice president-education) ဖြစ်တဲ့ Ms. Joann Koo က ဖုန်းဆက်လာသည်။ ဒီတစ်ခေါက်လည်း
ကျွန်တော့်ကို နောက်ထပ် level 7 project တစ်ခုလုပ်ဖို့ ပြောသည်။ သူစီစဉ်ထားတဲ့ တစ်ယောက်က
အလုပ်ကိစ္စနဲ့ oversea ထွက်ရမှာမို့ ကျွန်တော့်ကို အစားထိုးလေသည်။ ကျွန်တော်က တလောလေးကမှ
Level 6 ငြိမ်းချမ်းရေးနိုဗယ်ဆုအကြောင်း (ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်များအကြောင်းဟောပြောခဲ့မှုကို
ခုန်တိုက်ခဲ့ဖူးသော တိမ်စိုင်များအကြောင်း အပိုင်း-၁ မှာ ဖတ်ရှုနိုင်ပါသည်။) ပြောခဲ့ပြီးပြီမို့
တစ်လတောင်မခြားသေးဖူး ထပ်ပြီး အလုပ်များဦးမှာကို တွေးပူမိသွားသည်။ ပရောဂျက်တစ်ခုလုပ်မယ်
ဟောပြောရမယ်ဆိုရင် ပြောရမယ့်အကြောင်းအရာနဲ့ ပတ်သက်ပြီး data ကောက်ရတာဟာ အာရုံနောက်စရာကောင်းသလို
အများရှေ့မှာ အင်္ဂလိပ်လို ပြောနိုင်ဖို့ လေ့ကျင့်ယူရတာကလည်း အချိန်ပေး ကျက်မှတ်ရသေးသည်။
သူများတွေလို အကြောင်းအရာ ခေါင်းထဲထည့်ပြီး လက်တန်းပြောနိုင်တဲ့ အဆင့်မရောက်သေးတော့
အများကြီး အပင်ပန်းခံရသည်။ အောက်လိုင်းထုတ်ရသည်။ ကျက်ရသည်။ စင်မြင့်မကြောက်တော့ပေမယ့်
on the stage မှာ အလွတ်ပြောရမှာမို့ အထေ့အငေါ့ မရှိအောင် ကြိုတင်ပြင်ဆင်မှု လုပ်ရသည်။
Ms Joann Koo က အတင်းတိုက်တွန်းလာ၍ ကျွန်တော်လည်း မငြင်းသာတဲ့အဆုံး လက်ခံလိုက်ရသည်။
ဒီတခါ
level 7 က action ဦးစားပေးရမယ့် အဆင့်ဖြစ်လာသည်။ ပရိသတ်တွေရှေ့မှာ ဟန်နဲ့ပန်နဲ့ ကိုယ်ပြောတဲ့
အကြောင်းအရာအပေါ် သရုပ်ဆောင်ရင်း ပြောပြရမယ့်အဆင့်ဖြစ်သည်။ မလွယ်တော့ မလွယ်ပါ။ ဒါပေမယ့်
ကျွန်တော်က လုပ်ပါမယ်လို့ ဂတိပေးခဲ့ပြီးပြီ။ Joann ကကျွန်တော့်ဆီ ဖုန်းထပ်ဆက်သည်။ လိုအပ်တဲ့အကူအညီတောင်းပါ။
သူပေးမယ်၊ ဘယ်အကြောင်းအရာမျိုးပဲဖြစ်ဖြစ် အချက်အလက်တွေ သူရှာဖွေ စုဆောင်းပေးပါမယ်လို့
ပြောလာသည်။ သူ့လိုပဲ ဥက္ကဌဟောင်း တစ်ဦးဖြစ်တဲ့ Ms.Eng Zee Lin က သူလည်းကူညီမယ်လို့
ပြောသည်။ ကျွန်တော်လည်း ဘာအကြောင်းပြောရမယ် ဆိုတာ လုံးဝ မစဉ်းစားရသေးပေ။
တစ်ရက်
ကျွန်တော်ရုံးရောက်တော့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ Sue Cheng ဆိုတဲ့အမျိုးသမီးကို
ကျွန်တော့်အခက်အခဲ ပြောပြဖြစ်သည်။ သူနဲ့ကျွန်တော်က ဘေးချင်းကပ်ထိုင်ကြတာဆိုတော့ အလုပ်လုပ်ရင်း
စကားပြောနေကြဖြစ်သည်။ ဒီတော့ စုချိန်းက ကျွန်တော့်ကို နင်တို့မြန်မာပြည်က နာဂစ်အကြောင်းပြောပါလားလို့
အကြံပေးသည်။ ရုတ်တရက်စဉ်းစားမိရင် ဒီလောက်ကြေကွဲစရာ အဖြစ်ဆိုးကြီးအကြောင်း ကျွန်တော်
ဘယ်လို ပြောထွက်ပါ့မလဲ။ ပြီးတော့ သိတဲ့အတိုင်း ပြောတဲ့ အကြောင်းအရာပေါ်မှာ action ပါလုပ်ရမှာဆိုတော့
တော်တော် မလွယ်တဲ့အချက်ပဲလို့ ထင်လိုက်သည်။
စုချိန်း
(Sue Cheng) က ဆိုင်ကလုန်းနာဂစ်ဟာ လတ်တလော ပေါ်ပြူလာဖြစ်နေတာမို့ နင့်အနေနဲ့ ရွေးပြီး
ပြောပြနိုင်မယ်ဆိုရင် ပြီးတော့ ကိုယ့်နိုင်ငံက အဖြစ်အပျက်အပေါ် အဝေးကနေ ဘယ်လောက်စိုးရိမ်
ပူပန်နေရတယ်၊ နေမထိ ထိုင်မသာ ဖြစ်နေရတယ် ဆိုတာတွေကို နင် ကောင်းကောင်းကြီး action လုပ်ပြလို့ရတာပေါ့ဟု
ပြောရင်း ကျွန်တော့်အတွက် သူလည်း ဝိုင်းကူပေးမယ်လို့ဆိုလာပါသည်။ ကျွန်တော် စုချိန်းပြောတာကြားတော့
အသိကလေး ပွင့်သွားသည်။ ဟုတ်တယ်။ ဒီအကြောင်းအရာကို ရွေးခြယ်ခဲ့ရင် လူစိတ်ဝင်စားမယ်လို့
ယုံကြည်လိုက်သည်။
အဲ့ဒီအချိန်ကစလို့
ကျွန်တော်သည် အချက်အလက် စုဆောင်းရေးများ လုပ်တော့သည်။ ရုံးက စင်ကာပူ Straight Time
သတင်းစာတွေက မြန်မာ့နာဂစ်အကြောင်း ရေးသားထားတာတွေကို ဖတ်ပြီး အချက်အလက်ထုတ်ရသည်။
TodayNews သတင်းစာတွေကို အဟောင်းတွေပြန်လိုက်ရှာပြီး အဲ့ဒီထဲက အရေးအသားတွေကို ရှာဖွေရသည်။
တစ်ချို့ dictionary ထဲမှ ရှာမရသော ကျွန်တော်မသိသော စကားစုများကို အဓိပ္ပါယ်ကောင်းကောင်းသိနိုင်ရန်
စုချိန်းကိုမေးမြန်းရသည်။ သူမက ကျွန်တော့်ထက် အင်္ဂလိပ်စာပိုကောင်းတယ်မဟုတ်လား။ ဒီလိုနဲ့
အချက်အလက်ပြည့်စုံလောက်တဲ့အခါ အပြောကျင့်ရပြန်သည်။ အလုပ်မှာဆို နေ့ခင်း ထမင်းစားချိန်ပြီးတာနဲ့
တစ်ကိုယ်တော် အပြောကျင့်လုပ်ငန်းစဉ် စတင်သည်။ တစ်ခါတစ်ရံ GM ကြီးက လာလာနားထောင်လို့
ရှက်ပြီး ဆက်မကျင့်ဖြစ်တော့ပေ။ အိမ်မှာဆိုလည်း ကျွန်တော်စုဆောင်းထားသော သတင်းစာထုပ်ကြီး
မှာမနည်းမနောပင်။
အစည်းအဝေးကျင်းပတဲ့နေ့က
ကျွန်တော် ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေအပြည့်ဖြစ်နေသည်။ အရင်တခေါက်ကလို ရင်တွေ တဒိတ်ဒိတ်
မခုန်တော့ပေ။ အခမ်းအနားမှုးက ထုံးစံအတိုင်း ကျွန်တော့် အကြောင်းနိဒ္ဒါန်းပျိုးပြီး စင်ပေါ်
ဖိတ်လိုက် ပါသည်။ ဒီကနေ့ ကျွန်တော့်ကို Evaluation လုပ်မယ့်သူက ကျွန်တော်တို့
Queenstown Toastmaster ရဲ့ Founder လည်းဖြစ်၊ ပထမဆုံးဥက္ကဌလည်း ဖြစ်ခဲ့တဲ့ Mr.Oak
Sing Tong ဆိုသူဖြစ်သည်။ ပွဲမစခင်မှာ ဘယ်သူက ဝေဖန်ရေးလုပ်မယ်ဆိုတာ ကြိုအကြောင်းကြားထား၍
Sing Tong နဲ့ကျွန်တော် စကားပြောဖြစ်ကြသည်။ သူက ကျွန်တော်ပြောမယ့် script ကိုမိတ္တူ
တောင်းသည်။ ကြိုဖတ်ထားချင်တယ်ဆို၍ ကျွန်တော်ပေးလိုက်သည်။
ကျွန်တော်ပြောမယ့်
ခေါင်းစဉ်က Please Help (ကျေးဇူးပြု၍ကူညီပါ) ဖြစ်သည်။ စစချင်း သင်္ကြန်အကြောင်းကို စတင်ပြောပြသည်။
ရိုးရာသင်္ကြန်ပွဲကို နှစ်စဉ် မြန်မာတွေ ဘယ်လိုဆင်နွှဲတယ်ဆိုတာ ပရိသတ်ကို တဝါးဝါးဖြစ်အောင်
ကျွန်တော် ဂစ်တာတီးပြ၊ ခွက်စောင်းခုပ်ပုံလုပ်ပြ၊ ရေပိုက်နဲ့ပတ်ပုံလုပ်ပြ၊ အများစုသိထားတဲ့
ထိုင်းက ဆုန်ခရမ်သင်္ကြန်နဲ့ ဆင်တူပဲဆိုတာရှင်းပြနဲ့ ကိုယ်ကို ယိမ်းလိုက် နွဲ့လိုက်နဲ့
ပြောလည်းပြော သရုပ်လည်းဆောင်ပြတော့ အောက်ကပရိသတ် မြူးနေကြသည်။ အဲ့ဒီလို အချိန်မှာ ကျွန်တော်က
After the happy water festival, 2 week later, one giant dragon who has killed a
lot of people came out from the sea လို့အစချီပြီး နာဂစ်ဆိုင်ကလုန်း မြန်မာပြည်ကို
စတင်ဝင်ရောက်ခဲ့ပုံကို ခံစားချက်အပြည့်နဲ့ ပြောပြလိုက်သည်။ ပြီးတော့ ပရိသတ်နဲ့
communication ပိုင်းအရ မေးခွန်းလည်း မေးခဲ့ရသေးသည်။ ငါဘယ်လောက်ထိ စိုးရိမ်ခဲ့ရတယ်၊
ခံစားနေရတယ်ဆိုတာ မင်းတို့သိရဲ့လားလို့ မေးခွန်းမေးလိုက်ချိန်မှာ ခန်းမတစ်ခုလုံး ငြိမ်သက်ပြီး
နားထောင်နေကြတော့သည်။ ကျွန်တော်က အမေ့ဆီကို ဖုန်းဆက်တဲ့အခါ ဖုန်းလိုင်းမမိတမိနဲ့ သတင်းမေးဖြစ်ပုံ
ကိုလည်း သူတို့ကို သရုပ်ဆောင်ပြခဲ့သေးသည်။
Hello…hello..mum..do u hear? How’s
everything in Yangon? I’m so so so worry for family.
ကျွန်တော်က
ရင်ထဲကခံစားချက်အတိုင်း လက်တွေ့အဖြစ်အပျက်အပေါ် သဏ္ဍာန်လုပ် သရုပ်တူအောင် သရုပ်ဆောင်ြ
ပရင်း ပရိသတ်အားလုံးရဲ့ ရင်ကို စွဲကိုင်လှုပ်နိုင်ခဲ့ပါသည်။ နောက်ဆုံးတော့ ဒီလိုအခြေအနေမျိုးမှာ
ငါတို့နိုင်ငံဟာ နိုင်ငံတကာ အကူအညီတွေ အများကြီးလိုအပ်နေတဲ့ အကြောင်းပြောပြလိုက်ပြီး
ခန်းမထဲမှာ ရှိနေတဲ့ လူတွေအားလုံးကလည်း မြန်မာ ပြည်သူတွေရဲ့ ခံစားနေရတဲ့ ဒုက္ခတွေကို
စာနာနားလည်ပေးပြီး တတ်နိုင်သလောက် ကူညီပေးကြပါလို့ပြောရင်း အဆုံးသတ်လိုက်ပါသည်။
တကယ်တော့
ကျွန်တော် ဒီနာဂစ်အကြောင်းပြောခြင်းသည် အလှူခံရန် ရည်ရွယ်ချက်မရှိပါ။ အလှူငွေရလိုစိတ်နဲ့
ပြောခဲ့တာလည်း မဟုတ်ပါ။ သဘောရိုးနဲ့ စင်ကာပူ NGO တွေမှာ ပါဝင်ကူညီပေးကြဖို့ သူ့နိုင်ငံသားတွေကို
အသိပေးလိုက်တဲ့ သဘောလောက်သာ ဖြစ်သည်။ ကျွန်တော့်ဝေဖန်ရေးဆရာ Mr Oak Sing Tong ကကျွန်တော်ပြောသွားတဲ့
speech အသွားအလာအရ ပထမဆုံး သင်္ကြန်အကြောင်းပြောရင်း ပျော်စရာတစ်ခုကို ဖန်တီးပြသွားကြောင်း၊
ပြီးမှ ဧရာမနဂါးကြီးတစ်ကောင် ပင်လယ်ထဲကထွက်လာပြီး လူတွေကို ဝါးမျိုသွားတဲ့အကြောင်းပြောသွားသဖြင့်
ပရိသတ်ကို ရုတ်တရက် ခံစားချက်ပြောင်းလဲပစ်စေခဲ့ကြောင်း၊ အမေနဲ့ဖုန်းပြောတဲ့အကြောင်း
သရုပ်ဆောင်ပြသွားတာကလည်း ရင်ကိုထိပါကြောင်း၊ ဒါပေမယ့် တစ်ချို့စကားလုံးများ မသဲကွဲကြောင်း၊
စကားလုံးအသံထွက်များ မပီပြင်ကြောင်း၊ ပရိသတ်ကို ဝမ်းနည်းစေချင်လို့သုံးတဲ့ စကားလုံးဟာ
အသံထွက် အမှားကြောင့် ဝမ်းမနည်းလိုက်ရပဲ ပြီးသွားခဲ့ကြောင်း၊ တစ်ချို့မှာ အကြောင်းအရာကို
စိတ်ဝင်စားမှုထက် speaker ရဲ့ action ကိုသာ ကြည့်ပြီး စိတ်ဝင်စားနေခဲ့ကြတာဖြစ်ကြောင်း၊
ဒီထက်ပိုပြီး စကားလုံးများ ပီပြင်အောင်၊ ပရိုနာမ်ဇေးရှင်းကောင်းအောင် ကြိုးစားလိုက်မယ်ဆိုရင်
အတိုင်းအတာတစ်ခုထိ အောင်မြင်နိုင်မှာ ဖြစ်ကြောင်း ဝေဖန်ပြောကြားသွားပါသည်။
Oak
Sing Tong ဟာတကယ့် သဘာရင့် ဝါရင့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သလို သူ့ရဲ့ ဝေဖန်အကြံပြုချက်များဟာ
မှတ်သားလောက်ပါသည်။ အသေးစိတ်ဆန်ပြီး Speaker တစ်ယောက်ထဲကိုပဲ လေ့လာနေခြင်းမျိုးမလုပ်ပဲ
audience တွေရဲ့အခြေအနေကိုပါ ရိပ်ဖမ်းနိုင်ခဲ့ပြီး ခြုံငုံသုံးသပ်ပြသွားတာ အရမ်းကောင်းပါသည်။
ဒါကြောင့်လည်း ဆုပေးတော့ the best speaker ဆုကို တစ်ခြားတစ်ယောက်က ရရှိသွားကာ the
best evaluator ဆုကို Sing Tong ကရရှိသွားသည်။ အခမ်းအနားပြီးတော့ Sing Tong ကဦးဆောင်ပြီး
အစည်းအဝေးတက်ရောက်လာသူများထံမှ အလှူငွေ ကောက်ခံပေးကာ ကျွန်တော့်အား ပေးအပ်ခဲ့သည်။ ကျွန်တော်က
ငါမင်းတို့ဆီက အလှူခံတာ မဟုတ်ဘူးလို့ပြောပြီး ငြင်းပေမယ့် အားလုံးက မြန်မာပြည်မှာ ဒုက္ခရောက်နေတဲ့
မင်းတို့မိသားစုအတွက်ပါ လက်ခံပေးပါလို့ ဆိုလာတဲ့အတွက် လက်ခံယူခဲ့ရသည်။ စုစုပေါင်း စင်ကာပူဒေါ်လာ
၁ထောင်ကျော်ရရှိခဲ့သည်။
နောက်နေ့
ကျွန်တော် မြန်မာပလာဇာမှာ ဖွင့်ထားတဲ့ နာဂစ်အကူအညီပေးရေးအလှူခံဌာနမှာ ဒေါ်လာ ၅၀၀ သွားလှူလိုက်ပါသည်။
ကျန်တဲ့ပိုက်ဆံတွေကိုတော့ ရန်ကုန်မှာ အိမ်ခေါင်မိုးသွပ်တွေ၊ သံတွေ အဆမတန်ဈေးနဲ့ ဝယ်ပြီး
ပြန်လည်ပြုပြင်ရေးတွေ လုပ်နေရတဲ့ ကျွန်တော့်မိသားစုထံ ပို့ပေးလိုက်ပါသည်။
အမေ…အဲ့ဒါ
သားချွေးနဲစာအစစ်ပါလို့ ဖုန်းထဲကပြောရင်း ဘယ်လိုမှ မဖော်ပြတတ်သောခံစားချက်က ရင်ထဲမှာ
နေရာယူထားလိုက်သည်။ ဒီ ပရောဂျက်အတွက် ချွေးတွေပြန်ခဲ့ရ၊ စိတ်မောလူမောနဲ့ ပင်ပမ်းခဲ့ရသမျှ
ပင်ပမ်းရကျိုးနပ်တယ်လို့ပဲ ပြောရမလား၊ စင်ကာပူလို နေရာမှာ စကားလေးပြော ဝမ်းနည်းချင်ယောင်ဆောင်ပြီး
အလှူခံတောင်းလိုက်သလို ဖြစ်သွားမလား၊ တကယ်ဒုက္ခရောက်နေတဲ့ လူတွေအတွက် ဒေါ်လာ၅၀၀ လှူပြီး
တစ်တောင့် တစ်နေရာကနေ အကူအညီ ပေးနိုင်ခဲ့တယ်လို့ပဲ ယူဆရမလား ဘာမှန်းမသိတဲ့အရာတစ်ခု
ရင်ထဲမှာ ခံစားခဲ့ရပါသည်။ ။
အပါ
၃-၆-၁၂
ဘယ်လိုပဲဖြစ်ဖြစ်ပါ
ReplyDeleteအလှူတော့အထမြောက်ခဲ့ရပြီလေ
တကယ်ဒုက္ခရောက်တဲ့သူတွေကိုအမြဲကူညီနိုင်ပါစေလို့
ဟုတ်ကဲ့ပါ။ ကွန်မန့်ပေးတဲ့အတွက် ကျေးဇူးပါဗျ။
Delete