Tuesday, August 16, 2011

တစ်ခါကရဟန်းဘဝ


ပြီးခဲ့တဲ့နှစ်က တိုင်းတပါးမှာအလုပ်လုပ်ရတာ အဆင်မပြေမှုလေးတွေရှိခဲ့လို့ ရွာပြန်ပြီး ကံဇာတာတွေအရောင်တောက်လာအောင် သာသနာ့ဘောင်ထဲ ရက်တိုခိုလှုံဝင်ရောက်ခဲ့ပါတယ်။ဘုန်းကြီးပြန်ဝတ်တယ်ဆိုပါတော့ဗျာ။ ဘုန်းကြီးကျောင်းကလဲ သိပ်အဝေးကြီးမဟုတ်ပါဘူး။ ကျွန်တော်တို့အိမ်ဘေးတင်ပါ။တစ်ကျောင်းလုံးမှာရှိတဲ့ ဆရာတော်ကြီးကနေ ဦးပဉ္စင်း၊ကိုရင် ဘုန်းကြီးကျောင်းသားတွေအားလုံးနဲ့ကလဲ ဆရာရင်းတကာရင်းတွေလေ။အုတ်တံတိုင်းတစ်ခုပဲခြားတာမဟုတ်လား။
ဒီတော့ ဒုလ္လဘဝတ်ရတာဘာအခက်အခဲမှမရှိဘူး။ မနက်ဆို ကျောင်းကဆရာတော်တွေက အရုဏ်ဆွမ်းကြွသွားကြပြီဆိုရင် ကျွန်တော်တစ်ပါးထဲ အိပ်မောကျရင်းကျန်ခဲ့တာ။ အဲလိုဆို အဖေက အုတ်တံတိုင်းကူးလာပြီး ``ဦးဇင်းရေ ထတော့ အရုဏ်ဆွမ်းဘုန်းပေးဖို့ အိမ်ကိုကြွလာတော့`` လို့လာနှိုးမှပဲ ကမန်းကတန်းထ မျက်နှာသစ်ပြီး ဦးအိမ်သတိရ လုပ်တော့တာပါပဲ။ ဒါတောင်ဆရာတော်ကြီးက ဘုန်းကြီးဝတ်ရင် ဆွမ်းခံစားမှ ဝိနည်းနဲ့ညီတာလို့ဆုံးမလို့ သပိတ်တစ်လုံးပိုက်ပြီး ဆွမ်းခံထွက်တာပေါ့။ ဆွမ်းခံထွက်ရတာလဲ လွယ်တာမှတ်လို့။တစ်အိမ်တက်တစ်အိမ်ဆင်းဝင်ရတာ။ ကျွန်တော်လဲတစ်အိမ်တက်တစ်အိမ်ဆင်းပါပဲ။ အမေ့အိမ်၊ ဘေးက အဘွားအိမ်။ အနောက်က ဘကြီးအိမ်၊ ခေါင်းရင်းက အစ်မဝမ်းကွဲအိမ် တစ်အိမ်တက်တစ်အိမ်ဆင်းပါပဲ။ သိပ်မကြာလိုက်ပါဘူး။ နာရီဝက်ဆို သပိတ်ထဲ ဆွမ်းဟင်း ၁၀မျိုးလောက်ရောက်သွားပါပြီ။ တခါတလေ သပိတ်နဲ့မဆံ့လို့ တူတော်မောင်လေးတွေက ဟင်းခွက်ကိုင်ပြီး ဆွမ်းစားဆောင်အထိလိုက်ပို့ပေးရတာ။

ဘယ်လောက်ကောင်းလိုက်သလဲဒုလ္လဘရဟန်းခံရတဲ့ဘဝ။ကံဇာတာတွေအရောင်တောက်မတောက်တော့မသိဘူး။နိုင်ငံခြားမှာနေရလုပ်ရတဲ့ စက်ရုပ်ဘဝနဲ့ယှဉ်ရင်တော့ တကယ်ပါပဲ ရခဲလေစွဒုလ္လဘ အမှန်ပဲဗျာ။တရားရမရကတော့ မသိဘူး။အိပ်လိုက်စားလိုက်နဲ့ ဇိမ်တော့ကျသား။ ဒါပေမယ့် ညတိုင်းတော့ တရားထိုင်ရတယ်ဗျ။ လက်ထောက်ဆရာတော်က တရားထိုင်ခိုင်းတာနဲ့ မငြင်းသာပဲ အောင့်အီးထိုင်ရတာပေါ့ဗျာ။အဲဒီကာလကလဲ ဘုရားပွဲတွေကျင်းပနေတဲ့လဆိုတော့ ဘုန်းကြီးတွေလဲ အလုပ်တွေရှုပ်နေကြတဲ့လပေါ့ဗျာ။ကျောင်းတိုက်အသီးသီးက ဘုရားပွဲ ပဌာန်းပွဲ အပြီး ဆွမ်းဆန်စိမ်းလောင်းပွဲတွေဆက်တိုက်ရှိနေတော့ ကျွန်တော်တို့ကျောင်းတိုက်ကဘုန်းကြီးတွေလဲ လူခွဲပြီး သက်ဆိုင်ရာကျောင်းတိုက်တွေကိုကြွပေးနေရတယ်လေ။ ဒီလိုနေရင်းနဲ့တစ်နေ့တော့ စာသင်တိုက်တစ်ခုက ပဌာန်းအောင်ပွဲနဲ့ဆွမ်းသိမ်းပွဲအတွက် ကျွန်တော်တို့ကျောင်းတိုက်ကို ပင့်တယ်။ အလှည့်ကျကြွရမယ့် ကိုယ်တော်က ခုဏက ကျွန်တော့်ကို တရားထိုင်ခိုင်းတဲ့ လက်ထောက်ဆရာတော်။ တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီဆရာတော်က နေမကောင်းဖြစ်နေပါရော။ ကျန်တဲ့ကိုယ်တော်တွေကလဲ သူ့နေရာနဲ့သူကြွသွားကြပြီ။နောက်ဆုံး ရဟန်းဆိုလို့ ကျွန်တော်တစ်ပါးပဲကျန်တော့တယ်။ ဒီတော့မထူးဘူး မင်းပဲ ငါတို့ကျောင်းကိုယ်စားပြုကြွပေးပေတော့လို့ဆိုလာတယ်။ အချိန်က နေ့လယ်၃နာရီ။ နေစောင်းမှ ဆွမ်းဆန်စိမ်းလောင်းပွဲကစမှာ။
နေ့ခင်းထဲကဘုန်းကြီးကျောင်းသားတစ်ယောက်ကိုကြိုလွှတ်ပေးထားရတယ်။ ဟိုမှာလုပ်အားပေးဖို့။ ဒါနဲ့ပဲ ကျွန်တော်ကြွရမယ်ပေါ့ဗျာ။ ကြွတာတော့ဟုတ်ပါပြီ၊ ကိုယ်က သင်္ဃံန်းမရုံတတ်တော့အခက်သားလား။ ပြီးတော့ ကိုယ်ကဒုလ္လဘဆိုတော့ စီးတဲ့ဖိနပ်က သြကတ္တီပါအသစ်လေး။ ဘုန်းကြီးဖိနပ်မဟုတ်ဘူး။ ဆရာတော်ကပြောတယ်။မင်းသြကတ္တီပါစီးသွားရင် အသစ်ဆိုတော့ ပရိတ်သတ်တွေနဲ့ မင်းဖိနပ်ပျောက်သွားလိမ့်မယ်တဲ့။ဘုန်းကြီးဖိနပ်ဆို တော်ရုံလူက မယူရဲဘူးတဲ့။ ငါ့ဖိနပ်တရံဝတ်သွားဆိုပြီး ပေးစီးတယ်။ပြီးတော့ သင်္ဃံန်းလဲမရုံတတ်တော့ သူပဲတခါထဲရုံပေးလိုက်တယ်။ ကျွန်တော်လဲ ခပ်တည်တည်နဲ့ ယပ်တောင်တစ်ချောင်းပါတောင်းပြီး ဓမ္မိကာရာမကျောင်းတိုက်ရဲ့ ကိုယ်စားပြုဆရာတော်အဖြစ် ကြွချီသွားတာပေါ့ဗျာ။ ကျောင်းတိုက်ချင်းက သိပ်မဝေးတော့ လမ်းလျှောက်သွားရုံပါပဲ။ ဟိုလဲရောက်ရော ကြိုဆိုရေး ဂေါပကတွေက မေးတယ်။အရှင်ဘုရားက ဘယ်ကျောင်းတိုက်ကလဲဘုရားလို့မေးတော့ကိုယ်ကလဲ အိနြေ္ဒရရပဲ မျက်လွှာလေးအသာချ ဓမ္မိကာရာမကျောင်းတိုက်ကပါလို့ပြန်ဖြေလိုက်တာပေါ့။ အဲ့ဒီတော့ ဂေါပကတွေက ကြိုပြီးရှေ့ပြေးလွှတ်ထားတဲ့ ကျောင်းသားကို ဆူတော့တာပေါ့။ မင်းကျောင်းကဆရာတော်ကြွလာတာဘာလို့ရှေ့ထွက်ပြီးမကြိုရသလဲဆိုပြီးတော့။ သူ့ခင်ဗျာလဲကြောင်စီစီလေးပေါ့ဗျာ။ ကြွလာတဲ့ဆရာတော်ဘုရားက ဘယ်နှယ့်ဒီကိုယ်တော်ဖြစ်နေရပါလိမ့်ဆိုပြီးတွေးနေပုံရတယ်။ကံကောင်းချင်တော့ လူချင်းရင်းနှီးပြီးသားတွေမို့တော်သေးတယ်။ ဒါနဲ့ပဲ ခန်းမထဲရောက်တော့ ကြွလာတဲ့ ဆရာတော်သံဃာတော်တွေ အေးအေးဆေးဆေးနားနေကြပါအုံး ညနေ၄နာရီမှစမှာပါလို့ကြေငြာတော့ ကျန်ကိုယ်တော်တွေက သင်္ဃံန်းတွေဖြေပြီး နားကြတော့တာပေါ့။ကျွန်တော်ပဲ ဒုက္ခရောက်ရတာ။ သင်္ဃံန်းဖြေပြီးနားဖို့ကလဲ ပြန်မဝတ်တတ်တော့ ဒီတိုင်းဆက်ထိုင်နေလိုက်တာပေါ့။ရာသီဥတုကလဲတပေါင်းလမို့ပူအိုက်နေတာ။ချွေးတွေလဲရွှဲလို့ပေါ့။မတတ်နိုင်ဘူး။ကိုယ့်အကြောင်းကိုယ်ပဲသိတယ်။ ဒီသင်္ဃံန်းဖြေလို့မဖြစ်ဘူး။တအောင့်နေတော့ အဲဒီကျောင်းက တာဝန်ခံဦးဇင်းတစ်ပါးကြွလာပြီး ``ကိုယ်တော် ..ပွဲစဖို့အချိန်ကလိုသေးတယ်ဘုရား။ သင်္ဃံန်းဖြေပြီးခဏနားပါအုံးဘုရား``လို့လျှောက်တင်လာတော့ မတတ်သာတဲ့အဆုံး ဝတ်ရုံကြီးဖြေချလိုက်ရတော့တယ်။
မင်္ဂံလာအချိန်လဲရောက်ရော..အခမ်းအနားမှုးကကြေငြာပြီ။
``ကျောင်းတိုက်အသီးသီးမှကြွရောက်လာကြသော ဆရာတော် သံဃာတော်အရှင်သူမြတ်တို့ဘုရား…အခမ်းအနားစတင်တော့မှာဖြစ်လို့ သင်္ဃံန်းများဝတ်ရုံ၍ နေရာယူပေးကြပါဘုရား``လို့လဲကြေငြာလိုက်ရော အဲ့မှာစတွေ့တာပဲ။ ဒုက္ခနဲ့ လှလှနဲ့ တွေ့တယ်ဆိုတာဒါမျိုး။ တခြားကိုယ်တော်တွေက သူ့ဟာနဲ့သူရုံပြီးချိန်မှာ ကျွန်တော်တစ်ပါးထဲ သံဃာစင်ပေါ် ဟိုကြည့်ဒီကြည့်လုပ်နေတုန်း။ အောက်မှာလဲ ပရိသတ်တွေကထိုင်နေကြပြီ။ မထူးပါဘူး၊ဘေးကဘုန်းကြီးတစ်ပါးကို အမှန်တိုင်းပြောပြီး အကူအညီတောင်းရတော့တာပေါ့။ တပည့်တော်က ဒုလ္လဘရဟန်းပါပေါ့ ကျောင်းကဆရာတော်တွေမအားလို့ ကိုယ်စားကြွလာရတာပေါ့ဆိုပြီးပြောပြရတယ်။ဘေးကဘုန်းကြီးကရီတယ်။ပြီးတော့ကျွန်တော့်ကို သင်္ဃံန်းရုံပေးရှာတယ်။
ဟန်ကျပန်ကျဖြစ်သွားတယ်။နောက်အခမ်းအနားစတယ်။ကံကောင်းတာက နာယကဆရာတော်ကြီးက သံဃာတော်တွေကို ရွတ်ခိုင်းတဲ့ပရိတ်က ကိုယ်အလွတ်ရပြီးသားဂါထာတွေမို့ ဟန်မပျက်ခဲ့ဘူး။
အခမ်းအနားပြီးတော့ အလှူရှင်တွေက နေရာယူကြတယ်။ ကျောင်းတိုက်အသီးသီးက ဆရာတော်တစ်ပါးချင်းဆီ ပင့်ပြီး ဆွမ်းဆန်စိမ်းလောင်းကြတာ။ ပါလာတဲ့ကျောင်းသားလေးတွေက အောက်ကစောင့်၊ ဘေးကနေ အထုပ်လေးကိုင်ပြီး လမ်းတလျှောက်လိုက်ကြရတာ။ သိတယ်မလားဆွမ်းဆန်စိမ်းလောင်းလှူပွဲတွေကို။
ဒီတော့တစ်ပါးပြီးတစ်ပါးကြေငြာတယ်။ ဒက္ခိဏာရုံကျောင်းမှဆရာတော်ဘုရားကြွတော်မူပါဘုရား။
တပ်ဦးကျောင်းဆရာတော်ဘုရားကြွတော်မူပါဘုရားပေါ့။ ၆ပါးမြောက်လဲရောက်ရော…ဓမ္မိကာရာမကျောင်းတိုက်မှဆရာတော်ဘုရားကြွတော်မူပါဘုရားလဲဆိုရော…ရင်တွေတဒိတ်ဒိတ်တုန်လာပြီး ခြေတွေလက်တွေကနေချွေးစီးတွေထွက်လာတယ်။ ဘုန်းကြီးတွေကလဲအများကြီး။ပရိတ်သတ်တွေကလဲအများကြီး။ ပြောရရင် ကျွတ်စင်ပေါ့ဗျာ။ အင်း မတတ်နိုင်ဘူး။ ကြုံလာမှတော့ ရင်ဆိုင်ရုံပေါ့လို့နှလုံးသွင်းပြီး မတ်တပ်ရပ် ထွက်ကြွသွားလိုက်တယ်။ ဩော်..ဘုန်းကြီးဝတ်ရတဲ့ဘဝကလဲရင်ခုန်စရာကောင်းသားပဲနော်။
ကျွန်တော်လဲစင်မြင့်ထက်ကနေ ဆွမ်းလောင်းတဲ့နေရာလဲရောက်ရော ဘေးကကျောင်းသားလေးက အော်တိုမက်တစ် ဘေးကနေကပ်လိုက်လာတော့တယ်။ အလှူရှင်တွေကလဲ လက်အုပ်လေးတွေချီပေါ့။တောင်းထဲကိုလှူဖွယ်ပစ္စည်းတွေထည့်လှူကြတာပေါ့။ တချို့ကလဲ ကြည်ညိုကြတာပေါ့ဗျာ။ ဒီကျောင်းတိုက်က ဆရာတော်လေးက ငယ်ငယ်လေးပါလားပေါ့။ ကျွန်တော်ကတော့ မျက်လွှာလေးချ၊ ယပ်တောင်လေးနဲ့ကွယ်ပြီး လူအတန်းကြီးအဆုံးကို မြန်မြန်ရောက်ပါစေလို့ပဲစိတ်ထဲက ရေရွတ်နေမိတယ်။ အတန်းလဲဆုံးရော ဓမ္မာရုံထဲကနေ ထွက်လာရပြီးကိုယ့်ကျောင်းကိုယ်ပြန်ဖို့ ချွတ်ထားတဲ့ ဖိနပ်ဝတ်မယ်လဲဆိုရော…စီးနေကျမဟုတ်သော ဘုန်ကြီးဖိနပ်အား ဘုန်းကြီးအပါးတစ်ရာကျော်ချွတ်ထားတဲ့ စင်တူဖိနပ်တွေကြားအဘယ်သို့ရှာဖွေရပါတော့အံ့။ လူတွေလို အလှူမှာ ဖိနပ်ရှာမတွေ့ရင် တွေ့တဲ့ဖိနပ်ကောက်စွတ်သွားရအောင်ကလဲ ဘုန်းကြီးဖိနပ်တွေဖြစ်နေလေတော့ နောက်ဆုံး ကမ္ဘာမီးလောင် သားကောင်ချနင်း စကားအတိုင်း ကျောင်းသားလေးရဲ့ စင်ကြယ်ဖိနပ်ကို တောင်းပြီး နွေနေပူထဲ ထိုဘုန်းကြီးကျောင်းသားလေးကို ခြေဗလာနဲ့ ပြန်ခိုင်းခဲ့ရတာ…အဲ့ဒီကိုယ်တွေ့ အဖြစ်လေးကိုတော့ ကျွန်တော့်ဘဝတစ်သက် ဘယ်တော့မှ မေ့တော့မှာမဟုတ်တော့ပါဘူးခင်ဗျာ။   ။
                 

1 comment:

  1. ခုမှတွေလို့  တခြားဟာတွေပါလာဖတ်သွားပါတယ်ဗျာ ဒီပို့ လေး က ကောင်းတယ်ဗျာ ကျေးဇူးပါ

    ReplyDelete