Wednesday, August 24, 2011

အသည်းကွဲ ဗီလိန်

          တကယ်တန်းပြန်စဉ်းစားကြည့်တော့ ကျနော် အသည်းကွဲခဲ့တာရော ဟုတ်ရဲ့လား။ အသည်းကွဲတယ်ဆိုတာက ချစ်ကြပြီးမှ လမ်းခွဲခဲ့ရလို့။ ကျနော်က မချစ်ရသေးပဲလမ်းခွဲခဲ့ရတာပါ။

          ရှင်းရှင်းပြောရရင် ကျနော်က ဗာစကိုဒကားမား အမေရိကတိုက်ကို စတင်တွေ့ရှိခဲ့သလို ခင်သပြေလေး ကို ကျနော် စတင်တွေ့ရှိ ကြိုက်ခဲ့မိတာပါ။ ခင်သပြေဆိုတာက ကျနော်တို့သူငယ်ချင်း မိကျော့ရဲ့ ညီမတဝမ်းကွဲ။ သူက နယ်မှာနေတာ။ ရန်ကုန်သင်္ကြံန်ဆော့ရအောင် မိကျော့တို့အိမ်မှာလာနေတာလေ။ ကောင်မလေးက ချစ်ဖို့အလွန်ကောင်းတယ်။ မျက်နှာလေးတွေ ပါးလေးတွေကပြည့်ပြည့်ဖြိုးဖြိုးဖောင်းဖောင်းလေး။

          ပြီးခဲ့တဲ့ ၂နှစ်က ခင်သပြေ ရန်ကုန်ကိုတစ်ခေါက်လာဖူးတယ်။ အဲ့တုန်းထဲက မိကျော့ခေါ်လာလို့ ကျနော်စတွေ့ဖူးတာ။ အဲ့တုန်းက မြတ်သူဆိုတဲ့ကောင် မွေးတောင်မမွေးသေးဘူး။ အဲ့လေ။။။အဲ့ကောင် သူ့ မိသားစုတွေနဲ့ တောင်ကြီး ခရီး ထွက်သွား တာလေ။ အခုတော့ သူနဲ့ ကျနော်က ပြိုင်ဘက်တွေဖြစ်ရပြီ။ ခင်သပြေကို အပြိုင်ပိုးတယ်လို့သာပြောရတာ။ တကယ်တော့ ဘယ်လိုပြောရမလဲ။ မြတ်သူ ကျနော့်ကို ဂွင်ကျော်အကြောင်ရိုက်ပြီးလုသွားတာပါ။ ဟိုဟာမလေးကလဲ မြတ်သူကို ပိုပြီး ဦးစားပေး သလိုလိုပါပဲ။

          ကျနော့်မှာတော့ မိကျော့က အပ်နှင်းထားတဲ့ တာဝန်အရ ခင်သပြေလေးကို စောင့်ရှောက် ရတာအမော။ သင်္ကြံန်ဆိုတော့ သိတဲ့အတိုင်း ငမူးငရူးတွေက ခပ်များများရယ်လေ။ ကိုယ်အပါအဝင်ပေါ့။ ဒါပေမယ့် ကျနော်က ဥယျာဉ်မှုးကြီးပေါ့ဗျာ။ ပန်းလေး အလှမပျက်အောင် ကာကွယ်ပေးရတဲ့သူပါ။ အဲ့တုန်းကတော့ ခင်သပြေလေးက ငယ်သေးတယ်။ ဒါပေမယ့် အရွယ်လေး ငယ်ပေမယ့် လှသွေးလေး ကြွယ်သူမို့ ကျနော့်ရင်တွေခုန်စေခဲ့တာ အမှန်ပါပဲ။ စိတ်ကူးတွေလဲ ယဉ်ပေါ့။ ကျနော်က သင်္ကြံန်မင်းသား။ ခင်သပြေက သင်္ကြံန်မင်းသမီးလေး။

          မှတ်မှတ်ရရ..အဲ့ဒီနှစ်သင်္ကြံန်အတက်နေ့ညနေက သူချမ်းတယ်ဆိုလို့ ကျနော်ဝတ်ထားတဲ့ အင်္ကျီံချွတ်ပြီး သူ့ကိုပေးဝတ်ခဲ့တာ ကျနော့်မှာ ကိုယ်တုံးလုံးချွတ်နဲ့ အအေးပက်ပြီးနောက်နေ့ နှစ်ဆန်းတစ်ရက် အဖျားတက်ခဲ့ရပါရောလား။

          ကဲ…ဒါတွေထားပါတော့။ အခုတော့ ခင်သပြေလေးက မြတ်သူမှမြတ်သူ။ ကျနော် အတန်တန်မှာပါတယ်။ ဒီနှစ် မိကျော့ ညီမလေး ငါတို့နဲ့ သင်္ကြံန်အတူ လည်လိမ့်မယ်။ မင်းတို့ကောင်တွေ ဂွင်မလုကြေးလို့ ပြောထားပေမယ့် တကယ်တန်း မိကျော့လဲ မိတ်ဆက်ပေးရော ကျနော့ကောင်တွေရဲ့ မျက်လုံးတွေ မရိုးသားဘူး။ အဲ့ဒီထဲမှာ မြတ်သူဆိုတဲ့ကောင်က အဆိုးဆုံး ကောင်မလေးတွေကို ချုပ်တဲ့နေရာမှာ အချုပ်တန်း ဆရာဖေက အဘခေါ်ရလောက်အောင် အစွမ်းထက်တဲ့ကောင်။
ရပါတယ်။ လုပ်ပါ။ ဒီနှစ်သင်္ကြံန်မှာ ကျနော်မင်းသားမဖြစ်တော့ဘူးဆိုတာသိပြီ။ ဒီတော့ မင်းသားမဖြစ်မှတော့ ဗီလိန်လုပ်မယ်။ မစားရတဲ့အမဲ သဲနဲ့ပက်ပစ်ဖို့ အကြံထုတ်ရမယ်။ အောက်တန်းကျလိုက်တဲ့ အကြံ။ ဘာပဲဖြစ်ဖြစ် ဖြစ်သမျှကံ ပြီးမှပဲခံတော့မယ်လို့ဆုံးဖြတ်လိုက်တယ်။

          သင်္ကြံန်အကျနေ့မဏ္ဍပ်ပေါ်မှာ ကောင်မလေးဘေးမှာပဲကပ်နေတဲ့ မြတ်သူကိုကြည့်ပြီး အကုသိုလ်တွေရနေမိတယ်။ ဘယ်လိုမှ မခံစားနိုင်ဘူး။ နှစ်ယောက်သား ပြုံးနေလိုက်ကြတာ။ တတွတ်တွတ်နဲ့ ဘာတွေပြောလို့ ဘာတွေဖောနေလဲမသိဘူး။

          ဒီတော့ ဂွင်စင်ပြီး မြတ်သူကို ကောင်မလေးဘေးကနေ ပ ထုတ်လိုက်တယ်။ ပြီးတော့ ကျနော်က ကောင်မလေးနား သွားထိုင်လိုက်တယ်။ ကောင်မလေးကြည့်ရတာ ချမ်းနေပုံလေး။ ကျနော်က ညီမလေးချမ်းနေလားပေါ့။ သူကလဲ အင်းပေါ့။ ဒီတော့ ကျနော်က အစ်ကိုတို့ ကော်ဖီသွားသောက်ကြတာပေါ့လို့ပြောပြီး ကောင်မလေးကို မဏ္ဍပ်ပေါ်ကအောက်ခေါ်သွားလိုက်တယ်။ အင်းယားလမ်းဆိုတာကလဲ သင်္ကြံန်ဆို လူရော ကားရော ကြပ်ညက်နေတဲ့လမ်းလေ။ ကောင်မလေးကလှတော့ ပုရိသတွေက လာလာထိကြသေးတယ်။ မဖြစ်ဘူး။ ကောင်မလေးလက်ကို ဖမ်းဆုတ်ကိုင်လိုက်ပြီး ရှေ့ကနေ မားမားမတ်မတ် ဖြတ်ကျော်ခဲ့တာ။ အရသာရှိလိုက်တဲ့ဖြစ်ခြင်း။

          ကဲ..မင်းဘာတတ်နိုင်သေးလဲ မြတ်သူ…ဌဲဌဲဌဲ..
ရုပ်ရှင်ထဲက ဗီလိန် မင်းသားကြီး ဦးကျောက်လုံး ရယ်သံနဲ့ 
ရယ်ပစ်လိုက်တယ်။ ကောင်မလေးနဲ့အတူ ရေစိုစိုမှာ ကော်ဖီပူပူလေးသောက်ရတာ အိပ်မက်တစ်ခုလိုပါပဲ။ ပျော်ဖို့ကောင်းလိုက်တာ။

          ကျနော်တို့ မဏ္ဍပ်ပေါ်ပြန်ရောက်တော့ မိကျော့က ကျနော့်ကို ရယ်ကြဲကြဲနဲ့ပြောတယ်။

         “အပါနော် ငါသိတယ်။ နင်ငါ့ညီမလေးကို ဘယ်ခေါ်သွားတာလဲ။ ရုတ်ရုတ်တော့လုပ်မယ် မကြံနဲ့နော်။”
          “အေးပါဟာ။ ငါကလုပ်စရာလား။ တခြားကောင်တွေကိုသာ နင်စိတ်ပူရမှာ။”
အဲ့လိုပြောတော့ မြတ်သူက ကျနော့ပုခုံးကို နောက်ကနေလာသိုင်းဖက်ရင်း ဝင်ပြောတယ်။

          “လုပ်ပါသားကြီးရာ…မင်းလုပ်ပါ။” ခနဲ့တဲ့တဲ့လေသံနဲ့ပြောတာလေ။
အဲ့လိုပြောပြောပြီး သူကပဲလုပ်လုပ်သွားလို့ ခံနေရတာများပြီ။ ဒီတခါတော့ စစ်ကို မကြေငြာပဲတိုက်လိုက်တယ်။

          နောက်နေ့ ကားလည်ကြတော့ မြတ်သူကို ကားမောင်းခိုင်းလိုက်တယ်။ ဒါမှ ဒီကောင် ခင်သပြေနား ကပ်လို့မရမှာ။ ကျနော်က ကိုယ်ရံတော် တပ်မှုးလေးပေါ့။ လာစမ်း မီးသတ်ပိုက် ကာပေးလိုက်တယ်။ လာစမ်း ခွက်စောင်း ခံပေးလိုက်တယ်။ ခင်သပြေလေး ဘာမှ မဖြစ်စေရဘူး။ ဒါပေမယ့် ကျနော့်တစ်ကိုယ်လုံးကတော့ နာကျင်ကိုက်ခဲနေတယ်။ အဲဒီတနေကုန် ခင်သပြေလေးအနားမှာပဲ နေနေရလို့ ကြိတ်ပျော်နေခဲ့တာ။

          သင်္ကြံန်ပြီးသွားတော့ ကောင်မလေးဆီ ဖုန်းတွေဆက်ဖြစ်တယ်။ စကားတွေပြောဖြစ်တယ်။ တစ်နေ့မှာ ကောင်မလေးက မေးလို့ ဘာသီချင်း ကြိုက်လဲဆိုတော့ ကျနော်က လေးဖြူရဲ့  သံယောဇဉ်ကို ကြိုက်တယ်လို့ပြောမိတယ်။
          နောက်နေ့ မြတ်သူနဲ့ကျနော်တွေ့တော့ ဒီကောင်က အဲ့ဒီသီချင်းကိုသူ့ကားပေါ်မှာ ဖွင့်ပြပြီး မင်းအကြိုက်လေးတွေ ဖွင့်ထားတယ်နော်လို့ ကျနော့်ကို စပ်ဖြဲဖြဲနဲ့ပြောတယ်။
          ဒါသက်သက်စော်ကားတာ။ ကျနော့်ကိုသက်သက်ကြောတာ။ သူတို့ချင်းအဆက်အသွယ်ရှိတယ်..ကျနော်နဲ့ ခင်သပြေ ပြောသမျှ သူပြန်သိရတယ် ဆိုတဲ့အကြောကြီးနဲ့။ ဘယ်ရမလဲ။ ကျနော်က ဗီလိန်ပဲ။ ဗီလိန်ပီပီ တစ်ခုခုတော့ထောင်ပြရမှာပဲ။ အဲလေ။ နဂါးမှန်းသိအောင် အမောက်တော့ ထောင်ပြရမှာပဲ။ ဒါမှလန့်မှာ။

          ကောင်မလေးနဲ့ ဖုန်းပြောတဲ့အခါ မြတ်သူရဲ့  အရှုပ်တော်ပုံတွေကို စီကာပတ်ကုံးပြောပြ။ ဒင်းရှုပ်ခဲ့သမျှ ပွေခဲ့သမျှတွေကို ဟုတ်တာရော မဟုတ်တာရော ရောပြီးပြောပြ။ ကောင်မလေးများ မြတ်သူကို စိတ်ကုန်သွားမလား။ လန့်သွားမလားလို့ ဗီလိန်အကျင့်ကျင့်ကြည့်တာ။

          ဌဲဌဲဌဲ…မင်းဘာတတ်နိုင်သေးလဲမြတ်သူ။ မလုပ်ချင်လို့ကြည့်နေတာ။

          သိပ်မကြာလိုက်ပါဘူး။ကောင်မလေးနဲ့မြတ်သူ အပြင်မှာ ချိန်းတွေ့ကြတဲ့ အဆင့်ရောက်သွားကြတယ်။
ကျနော်ပြုသမျှ ဗီလိန်ဇာတ်က သူတို့အတွက် အောင်သွယ်ချက်တောင်ဖြစ်သွားတယ်။ မြတ်သူဆိုတဲ့ကောင် ဘယ်လိုများချုပ်လိုက်လဲ မသိတော့ပါဘူး။ အဲ့သလောက်ဆို ကျနော်သဘောပေါက်သင့်ပြီ။
ကောင်မလေးကို အိမ်ပျက်ကြီးတစ်ခုထဲ အတင်းဖမ်းခေါ်သွား။ ပြီးတော့ ကြိုးတွေတုပ် ချုပ်။ ပြီးရင် ဓါးမြှောင်ကြီး လယ်ပင်းနားကပ်ထောက်လို့ အခုတော့မင်းဘာတတ်နိုင်သေးလဲ ခင်သပြေ…မင်းငါ့ကို ချစ်မလား မချစ်ဘူးလားပြော…ဌဲဌဲဌဲ

          ရုပ်ရှင်ထဲကအတိုင်း ကြာကူလီလေသံနဲ့ အဲ့လိုလုပ်ဖို့စိတ်ကူးကြည့်တယ်။ ဒါမှ ဗီလိန်ပီသမပေါ့။ အင်း။ ဒါပေမယ့် အချစ်ဆိုတာ လုပ်ယူလို့ရတဲ့အရာမှ မဟုတ်ပဲ။ ဖန်တီးလို့လဲ ရကောင်းတဲ့အရာ မဟုတ်ပါဘူးလေ။
လူတစ်ယောက်အတွက် အချစ်ဟာ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ရှိပြီးသားပါ။

          ကျနော်အရာရာကို နားလည်လိုက်ပါပြီ။ ကျနော့ကို မချစ်သော မိန်းမတစ်ယောက်ကို ဆက်ချစ်နေမယ့်အစား သူချစ်တဲ့ ယောင်္ကျာံးတစ်ယောက်ကို ပေးချစ်လိုက်တာက ကျနော်ကုသိုလ်ရပါတယ်။ ပြီးတော့ ကျနော့်အတွက်လဲ ကိုယ်ချစ်ထက် သူချစ်ကို ရှာဖွေဖို့ ပြင်ဆင်ရမယ်လေ။
          
          ငါစင်ကာပူထွက်ဖို့အားလုံးစီစဉ်ပြီးပြီ။
          ကျနော်သူငယ်ချင်းတွေအားလုံးကိုအကြောင်းကြားလိုက်တယ်။ အဲ့ဒီနေ့က ၇န်ကုန်လေဆိပ်မှာ ဘော်ဒါတွေ အားလုံး လိုက်ပို့နှုတ်ဆက်ကြတယ်။
          
          ကျနော့်ပခုံးကို ပုတ်ရင်း မြတ်သူက..
          “မရည်ရွယ်ပါဘူးကွာ။…ကောင်မလေးကိုက ငါ့ကို…”
          “တော်ပြီ ဆက်မပြောပါနဲ့တော့ မြတ်သူရာ…ဒီဇာတ်လမ်းမှာ မင်းက မင်းသားဖြစ်ခဲ့တာပါ။ ငါကတော့ အသည်းကွဲဗီလိန်ဖြစ်သွားတာပေါ့။”
    
          အားလုံးကိုနှုတ်ဆက်ရင်း............
          ဆစ်အဲလေယာဉ်ကြီးပေါ်သို့ ကျနော့်ခြေလှမ်းများ မလှမ်းချင် လှမ်းချင်ဖြင့်။
------------------------------။------------------------------------------------
၂၄.၄.၂၀၁၁
(၁၇း၀၀)

2 comments:

  1. dar ka dot dagal phit kae. tae. zat lann pal...:)

    ReplyDelete
  2. ohhh........i didn't know that "mellone" will be that good in writing :) anyway..hope you are alright now....

    ReplyDelete