မွန်တီဂိုဘေးတဲ့လား အောင်..
ဆရာဝန်တစ်ယောက်အတွက် မွန်တီဂိုဘေးမှာမှ အလုပ်ရှိနေတာလား အောင်..
အောင်ကအဲ့ဒီ ဂျမေကန်လူနာတွေအတွက် စံပယ်တို့ လမ်းမတော်က အုတ်နီနီကျောင်းထဲမှာ ခန့်ခန့်ကြီး Convocation Dinner စားခဲ့တာလားဟင်။
ပြီးတော့ သထုံလမ်းက ကျောင်းဆောင်မှာ စာသင်ခဲ့တာကလဲ မွန်တီဂိုဘေးမှာ စာမေးပွဲဖြေဖို့ပေါ့ဟုတ်လား။
တခါတခါ စံပယ် မစဉ်းစားတတ်တော့ဘူးအောင်။ နာဂစ်ဖြစ်တုန်းက အောင်တို့ စံပယ်တို့ ဟောက်စ်ဆာဂျင်အဖွဲ့တွေ ဧရာဝတီဒုက္ခသည်တွေဆီ တက်ညီလက်ညီသွားခဲ့ကြတာ၊ စာနာမှုနဲ့ ဖေးကူခဲ့ကြတာ..အဲ့ဒီ မှတ်တမ်းဓါတ်ပုံလေးတွေပြန်ကြည့်တော့ အောင်တို့ သူငယ်ချင်းတွေရဲ့ အပြုံးတွေဟာလေ..အရမ်းလှတယ်အောင်။ စေတနာဆရာဝန်တွေရဲ့ ပီတိအပြုံးလေးတွေပေါ့အောင်။ မိဘမဲ့သွားတဲ့ ကလေးတွေကိုကြည့်ပြီ စံပယ်တို့ မိန်းမသားတွေမျက်ရည်မစယ်နိုင်ဖြစ်ကြရသလို သားသမီးတွေမရှိတော့တဲ့ အမေအိုကြီးတွေကိုမြင်တော့ အောင်တို့တောင် မျက်ရည်ကျခဲ့ကြသေးတယ်လေ။
အောင်ရယ်…အဲ့ဒီလို သနားစရာကောင်းတဲ့ စံပယ်တို့ လူမျိုးတွေရဲ့  ကျန်းမာရေးလိုအပ်ချက်ကို ပစ်ပြီး ကပ္ပလီတွေရဲ့  ဘဝ ကျန်းမာရွှင်လန်းရအောင် ဆေးကုပေးနေရတဲ့ ဒေါ်လာစား ဆရာဝန်ကြီး အဖြစ် အောင်တကယ် အသွင်ပြောင်းခဲ့တယ်နော်။
စံပယ်တို့မြို့ လေးမှာတော့ အောင်တို့ဆီကလောက် လစာမရပေမယ့် စံပယ်ပျော်တယ်။ ကိုယ့်လူမျိုးတွေရဲ့  ကျန်းမာရေးကို စံပယ်တို့လို ဆရာဝန်တွေကမှ မစောင့်ရှောက်ရင် ဘယ်သူလာစောင့်ရှောက်မှာလဲအောင်။
အောင်ပို့လိုက်တဲ့ ဓါတ်ပုံတွေ စံပယ်ကြည့်ရပါတယ်။ အောင်တို့တွေ အရမ်းပျော်နေကြတာကိုမြင်ရလို့ စံပယ်ဝမ်းသာပါတယ်။ ဘာပဲပြောပြော ရောက်တဲ့အရပ်မှာ ပျော်သလိုနေကြရတာ အကောင်းဆုံးပါပဲ။
ကင်းစတမ်မြို့ လို တောင်ပြာတန်းတွေ၊ တောင်ကုန်းနီနီတွေဝိုင်းနေတဲ့ ကမ်းရိုးတန်းမြို့ ကလေးဟာ စံပယ်တို့ရခိုင်ပြည် စစ်တွေ၊ကျောက်ဖြူတို့နဲ့ ဘာများကွာလို့လဲအောင်ရယ်။ ပြီးတော့ အောင်အခုနေနေတဲ့ မွန်တီဂိုဘေးက Cornwall Regional Hospital ကြီးက အောင် သက်တ်အမ်ဘီကနေဟောက်စ် အထိသွားခဲ့တဲ့ ရန်ကုန်ဆေးရုံကြီးထက်တော့သာမှာပေါ့လေ။ ဒါပေမယ့်အောင်ရယ်…အောင့်ကို ဆရာဝန်တစ်ယောက်အဖြစ် ပထမဆုံးနေရာပေးခဲ့တဲ့ ရန်ကုန်ဆေးရုံကြီးကိုတော့ အောင်မမေ့လိုက်ပါနဲ့နော်။
အောင်ရေ…စံပယ့်ကို အောင်က စပွန်ဆာပေးပြီး အဲ့ဒီကိုခေါ်မယ်လို့ပြောတော့ စံပယ့်အိမ်ကသွားချင်သွားလို့ပြောတယ်အောင်။ အောင်နဲ့အတူ မွန်တီဂိုဘေးမှာနေရမယ်ဆိုတော့ စံပယ့်ကိုစိတ်ချတယ်တဲ့အောင်။
ဒါပေမယ့်အောင်ရယ်…စံပယ်လေ မွန်တီဂိုဘေးထက် ရှေ့လ ပိုစတင်ပြောင်းရမယ့် ကလောမြို့ ကိုပဲရွေးလိုက်ပါတယ်။ ကလောမြို့ မှာ စံပယ့်ကို အားကိုးတကြီးစောင့်နေကြမယ့် လူနာတွေဆီ စံပယ်သွားမယ်အောင်။
အောင်ကတော့ မွန်တီဂိုဘေးကနေ လန်ဒန်ဖြစ်ချင်ဖြစ်မယ်။ ကယ်လီဖိုးနီးယားဖြစ်ချင်ဖြစ်မယ်။ အောင့်အနေနဲ့ စာမေးပွဲတွေ တစ်ခုပြီးတစ်ခုဖြေရင်း အောင်လိုချင်တဲ့ ပန်းတိုင်ရောက်အောင် သွားပါအောင်ရယ်။
စံပယ်..အောင့်ကိုချစ်ပါတယ်။ ချစ်လို့လဲ ဆေးကျောင်းစတက်ကတည်းကဖေဖေ မေမေတို့ကိုအသိပေးပြီး အောင်နဲ့ လက်ထပ်ဖို့အထိရည်ရွယ် တွဲခဲ့တာပေါ့။ အောင်က ကျောင်းပြီးလို့ ဂျမေကာသွားတော့မယ်လို့ဆိုပြန်တော့ ကိုယ်ချစ်သူရဲ့ ရှေ့ရေး တက်လမ်းကို စံပယ်မတားရက်ခဲ့ဘူး။ အောင်တို့မိသားစုက အောင့်ကို ကမ္ဘာကျော်ဆရာဝန်ကြီးဖြစ်စေချင်တာလေ။ ဒီမှာနေပြီး မီးမလာ ခြင်ကိုက် တောထဲမှာ ဆေးကုစားနေမယ့်သားကို အောင့်မိဘတွေအမြင်ရက်ဘူးထင်တယ်နော်။ ဟုတ်ပါတယ်လေ။ ဘယ်မိဘမဆို ကိုယ့်သားသမီးကို ဆင်စီးပြီး မြင်းရံတာပဲ မြင်ချင်ကြမှာပေါ့။
အဲ့ဒီနေ့ကအောင်နဲ့ စံပယ် ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှာ သွားထိုင်ရင်းစကားပြောဖြစ်ကြတာ စံပယ်မှတ်မိသေးတယ်။ အောင်က အာဘောင်အာရင်းသန်သန်နဲ့ နိုင်ငံခြားသွားရတော့မယ့်အကြောင်းဝေဝေဆာဆာပြောနေခဲ့တယ်လေ။
စံပယ်ကတော့ အောင်နဲ့ခွဲရမှာမို့ မပျော်နိုင်ခဲ့ပါဘူး။
“ ဟိုရောက်ရင် အရင်ဆုံးစာမေးပွဲအောင် အောင်ကြိုးစားမယ်၊ ပြီးရင် ဆေးရုံကောင်းကောင်းမှာ အလုပ်ရအောင် ကြိုးစားရမယ်။ နဲနဲအဆင်ပြေရင်တော့ ကားတစ်စီးလောက်ဝယ်မှဖြစ်မယ်လေ။ ဟိုမှာ သွားရလာရတာ ကားမရှိရင် ဒုက္ခရောက်တယ်တဲ့။ နောက်ပြီး ဂျမေကာကနေ နောက်တဆင့်ကူးရမယ်။ အင်္ဂလန်ကို ဝင်နိုင်အောင် လုပ်မယ်ကွာ။ အင်္ဂလန်က ကမ္ဘာပေါ်မှာ ဆေးပညာအကောင်းဆုံးလေ။ ကိုယ်တော့ကြိုးစားရမယ့်အရာတွေကြီးပဲ။ ရှေ့လျှောက် ဒီလိုအချိန်ပိုတွေတောင်ရှိမှာမဟုတ်တော့ဘူး။”
အောင်ပြောသွားတဲ့ ကြိုးစားရမယ့်အရာတွေထဲမှာ စံပယ့်အတွက်တစ်ခွန်းမှ မပါသွားဘူးအောင်။ စံပယ်နဲ့ အောင် ဘယ်တော့လောက်လက်ထပ်ကြမယ်ဆိုတဲ့ မျှော်လင့်ချက်အလင်းရောင်လေးတောင် မပေးခဲ့ဘူးအောင်ရယ်။ အောင်အတွက် အောင့်ဘဝအတွက် အောင်ဖြစ်ချင်နေတာတွေအတွက် အောင်ဦးစားပေးနေသေးသရွေ့  စံပယ်နဲ့အောင် ဘယ်လို နီးစပ်ကြပါ့မလဲအောင်ရယ်။
အခုတော့အောင့်ဆီက စံပယ့်ကို လိုက်ခဲ့ဖို့ခေါ်စာရောက်လာခဲ့တယ်။ စံပယ်က ငြင်းတော့ အောင်ပြောတဲ့စကားက
“မင်းဒီကို လိုက်မလာဘူးဆိုရင်တော့ ကိုယ်နဲ့ဝေးရလိမ့်မယ်။ ကိုယ်ကတော့ပြန်လာမှာမဟုတ်ဘူး” တဲ့လား။
ရပါတယ်အောင်ရယ်။ အောင်ပြန်မလာတော့ဘူးဆိုတာ စံပယ်အစောကြီးကတည်းကသိပြီးသားပါ။
အောင့်အနေနဲ့ ဂျမေကာမှာ တာဝန်ရှိတဲ့ဆရာဝန်တစ်ယောက်ဖြစ်နေပြီပဲ။ အောင် အဲ့ဒီကဆေးရုံပေါ်မှာ ပျော်နေပြီဆိုတာလဲ စံပယ်နားလည်ပါတယ်။ ပြီးတော့ အောင်တို့ သူငယ်ချင်းတွေအားလုံးနီးပါးကလဲ အဲ့ဒီရောက်နေကြပြီပဲ။ လူစုံတက်စုံနဲ့ ပျော်နေကြမယ်ဆိုတာလဲ စံပယ်သိပါတယ်။
စံပယ်ကတော့ ကလောကိုမနက်ဖြန်သွားတော့မယ်အောင်ရယ်။ မြန်မာပြည်အနှံ့အပြားမှာ ကျန်းမာရေးစောင့်ရှောက်ဖို့လိုအပ်နေတဲ့ တိုင်းရင်းသားတွေကို စံပယ်တို့ဆေးတက္ကသိုလ်ဆောင်ပုဒ်လေးအတိုင်း
ဥပဌာနံ၊ အနုကမ္ပာ၊ ဒယာ
ဥပဌာနံ
စိတ်ရော ကိုယ်ပါ ယုယုယယ ပြုစုကုသပါမည်။
အနုကမ္ပာ
ကိုယ်ချင်းစာတရားလက်ကိုင်ထားလျှက်ပြုစုကုသပါမည်။
ဒယာ
လူလူချင်းညှာတာထောက်ထားသောအသိဖြင့်ပြုစုကုသပါမည်။
အဲဒီဆောင်ပုဒ်အတိုင်း နှလုံးသွင်းပြီး စံပယ်တာဝန်ကျတဲ့နေရာမှာ အကောင်းဆုံးကြိုးစားမယ်အောင်။
အောင်တို့လဲ အမိကျောင်းတော်ကြီးရဲ့ ကျေးဇူးကို အမှတ်ရတဲ့တစ်နေ့ စံပယ်တို့ဆီပြန်လာခဲ့ပါအောင်။
အခု စံပယ် ဒီစာရေးနေတုန်း အောင်ဆိုဆိုပြနေကျ အဆိုတော်ခင်မောင်ထူးရဲ့  မောင့်ဆေးကျောင်းသူဆိုတဲ့သီချင်းလေး စီးတီးအက်ဖ်ဖန်ကလွှင့်နေတယ်အောင်ရယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ လွမ်းမိလိုက်တာကွယ်။
“ရည်မှန်းချက်တွေ ပြည့်စုံပြီးရင်…ကျေးလက်နဲ့တောရွာလေးမှာ အချစ်ကသွားပြီး
ပျော်ရွှင်စွာဆေးကုပေးပါ တို့အမြင်ချင်ဆုံးပဲ
မင်းလေးကဆရာဝန်ဖြစ်ရင်မုန်းမှာလားကွယ်…..”။
××××××××××××××××××××××××××××××××××××××××××××××××××××
(ဂျမေကာရောက်သူငယ်ချင်းများအတွက်အမှတ်တရရေးဖွဲ့ ပါသည်။)
၇-၅-၂၀၁၁
(၁၆း၄၈)
:'(
ReplyDelete