Tuesday, August 16, 2011

ကျနော်နှင့်ဗမာစကား


ကျနော့်သူငယ်ချင်း ဘုန်းပြည့်ရဲ့  ကျွန်တော်၊တရုတ်ပြည်နှင့်ယင်း၏အမှတ်တရများ ဆိုတဲ့ စာစုလေးကိုဖတ်ပြီး သဘောကျလွန်းလို့ လွန်ခဲ့တဲ့၃နှစ် ၂၀၀၈ခုနှစ်လောက်က ကျနော်ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဟာသအဖြစ်အပျက်လေးတစ်ခုကို သတိရမိတယ်။
အဖြစ်အပျက်ကဒီလို။ စာဖတ်သူတို့လဲသိတဲ့အတိုင်း မလေးရှားကိုခရီးသွားမယ်ဆို အစစအရာရာ သတိဝိရိယရှိကြရတယ်။ ဟိုမှာက သာမန်ခရီးသွားမပြောနဲ့ သူ့ထဲမှာနေနေတဲ့လူတွေတောင် သိပ်စိတ်ချရတာမဟုတ်ဘူး။ အလုအယက်ကလဲပေါပ။ နေ့ခင်းကြောင်တောင် ပေါ်တင်ဓါးပြတိုက်ချင်တိုက်တာ။ မြန်မာတွေဆိုပိုလို့တောင်ဆိုးသေး။ ဟိုမှာရှိနေတဲ့ over stay တွေက ပတ်စ်ပို့ up-to-date ကိုရွှေထက်ဈေးပေးပြီးတော့ကိုလိုချင်ကြတာ။ သူတို့လိုလူုတွေအတွက် ပတ်စ်ပို့အသစ်တစ်ခုရခဲ့မယ်ဆိုရင် သူ့ဂွင်နဲ့သူ ဓါတ်ပုံလဲ၊ နာမည်ပြောင်းစတဲ့ ကလိမ်ကကျစ်လုပ်ငန်းစဉ်တွေကအဆင်သင့်ပြည်တော်ပြန်နိုင်အောင် စီမံပေးနိုင်တယ်။ တနည်းပြောရရင် အောက်လမ်းကပြန်ရမယ့်အစား အပေါ်လမ်းကပြန်လို့ရသွားတာပေါ့။ ဒီတော့…မလေးရှားကို ခရီးသွားတော့မယ်ဆိုတော့ သွားဖူးလာဖူးတဲ့လူတွေကိုမေးမြန်းစုံစမ်းပြီးသွားရတာပေါ့ဗျာ။ ကျနော်သွားမှာကလဲ စင်ကာပူကနေကွာလာလမ်ပူ ကို အိပ်စ်ပရပ်ကားနဲ့ကိုးဗျ။ မှာတဲ့လူတွေကလဲ ပတ်စ်ပို့ကို ကိုယ်နဲ့မကွာအမြဲထားပါတို့၊ အပြင်သွားမယ်ဆိုရင် ဘယ်တော့မှတစ်ယောက်ထဲမသွားပါနဲ့ အနည်းဆုံး ဒေသခံတစ်ယောက်လောက်တော့ ခေါ်သွားပါတို့ စသည်ဖြင့်ပေါ့ဗျာ။ ဒီလိုနဲ့ပဲ ကျနော် KL ရောက်သွားတယ်ပေါ့။
ကျနော်ရောက်တော့ ည ၇ နာရီကျော်လောက်ရှိပြီ။ လာကြိုဖို့ပြောထားတဲ့လူကလဲ ဘယ်သူဘယ်ဝါမှန်းမသိ။ မိတ်ဆွေတစ်ယောက်ရဲ့ ညီလေးလာကြိုမယ်ဆိုလို့ ဖုန်းနဲ့ပြောဖူးပေမယ့် အပြင်မှာက တစ်ခါမှမမြင်ဖူးလေတော့ ခက်သား။ ကျနော်စီးလာတဲ့ကားဂိတ်ဆုံးနားမှာ တစ်ချို့ သော မလေး တွေကို မျက်လုံးစိမ်းတွေနဲ့ စတွေ့ရတော့တာပဲ။ စားတော့ ဝါးတော့မယ့်ပုံတွေ။ (ဒါ…ကျနော့်စိတ်ထဲက ကြောက်စိတ်ကြောင့်ထင်တာပေါ့ဗျာ..တကယ်ဟုတ်ချင်မှလဲဟုတ်မှာပါ။)
ပြီးတော့ သူတို့စိတ်ထဲမှာ ဒီကောင် စင်ကာပူကလာတဲ့ကောင်…ရှန်မယ့်ပုံပဲလို့တွေးကောင်းတွေးနေမှာပေါ့။ ကျနော်လဲ လာကြိုမယ့်ညီလေးဆီ ဖုန်းဆက်လိုက်တော့ သူက အလုပ်ထဲမှာပဲရှိသေးလို့ လာမကြိုနိုင်သေးဘူးတဲ့။ အစ်ကို အအေးဆိုင်တစ်ဆိုင်ဝင်ပြီး ခဏစောင့်နေပါတဲ့။ taxi တော့လုံးဝမငှားလိုက်နဲ့တဲ့။ အစ်ကို တစ်ခါထဲ အီစိမ့်သွားလိမ့်မယ်တဲ့။ အင်းသူထက်ပြောမှပဲ ကျနော်လဲ ပိုကြောက်လာတယ်။ ငါ့နှယ်နော်…ဘာကြောင့်များ ဒီကိုတစ်ယောက်ထဲထွက်လာမိရပါလိမ့်လို့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မိတယ်။ ဒါပေမယ့် အားတော့တင်းလိုက်တယ်။ ငါယောက်ကျားပဲ။ ဘာကြောက်စရာရှိလဲ…ဘာလဲ ညာလဲပေါ့။ ပြောမယ့်သာပြောနေတာ ဖင်မလုံကျောချမ်းကြီးပါ။
ဟိုချာတိတ်ကလေးကိုလဲဘယ်လိုသွားပြီးအပြစ်တင်မလဲ။ ကိုယ်ကအချိန်မတော်ကြီးရောက်လာတာ။ သူကလဲ အလုပ်တဖက်နဲ့ဆိုတော့ ပြောရခက်သား။ ပြီးတော့နေမှာကလဲ သူ့အိမ်မှာ။ ဒီတော့ စောင့်နေရုံမှအပ ဘာများတတ်နိုင်ဦးမှာလဲ။ နာရီဝက်လောက်နေတော့ ကောင်လေးဖုန်းပြန်ဆက်ပြီးရောက်လာတယ်။ အဲ့ဒီတော့မှ စိတ်ထဲမှာ ဟင်းကလေးချနိုင်တယ်။ ဒီလိုနဲ့ ကောင်လေးအိမ်ရောက်ခဲ့ကြတယ်ပေါ့ဗျာ။ ကျနော့်ကို သူ့အခန်းဖော်သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးတယ်။ ပြီးတော့ ကျနော့်ကိုမှာတယ်။ အစ်ကိုတဲ့ ဒီနားဝန်းကျင်မှာ ဗမာတွေကြီးပဲတဲ့။ အစ်ကိုကိုစကားလျောဖောလျောလာလုပ်တာပဲဖြစ်ဖြစ်၊ မိတ်လာဆက်တာပဲဖြစ်ဖြစ် အစ်ကိုလုံးဝ နားမထောင်နဲ့။ ဖြစ်နိုင်ရင် အစ်ကို ဗမာလိုလုံးဝမပြောမိစေနဲ့တဲ့။ ပြောမိရင် သူတို့က အစ်ကိုကို လှည့်စားသွားလိမ့်မယ်။ မယုံမရှိနဲ့တဲ့။
အင်း။ ခက်ရော။ ဗမာတွေကြားမှာနေပြီး ဗမာလိုမပြောပါနဲ့ဆိုတာကတော့ ရင်ထဲတစ်မျိုးပဲ။ ဒါကလဲ သူ့ရာဇဝင်နဲ့သူကိုး။ ကိုယ်က ဘာမှမသိတဲ့လူုဆိုတော့ သိတဲ့လူပြောတာ နာခံရမှာပဲ။ ဒီအချိန်မှာ သူတို့က နယ်ခံ။ ကျနော်က ဧည့်သည်။
ဒီလိုနဲ့ နောက်နေ့မနက်ရောက်တော့ ကျနော်ပြောပြချင်တဲ့ဟာသအဖြစ်အပျက်လေးစတော့တာပါပဲ။ ကျနော်ကလဲ ကျနော်ပဲလေ။ ချာတိတ်ကလေးတွေက အတန်တန်မှာရက်သားနဲ့ စလုံးမှာ ကျန်ရစ်တဲ့ တစ်ယောက်သောသူလေးနဲ့မှ မချက်ရရင် မနေနိုင်တာကြောင့် ချက်တင်ဆိုင်လိုက်ရှာဖို့ အောက်ဆင်းခဲ့တယ်။ ညီလေးတွေပြောလို့ တစ်လမ်းကျော်မှာရှိတယ်ဆိုတာနဲ့ ဟန်ကျပန်ကျ လွယ်အိတ်လေးလွယ်ပြီး သူတို့မနိုးခင်ထွက်လာခဲ့တယ်။ ပတ်စ်ပို့လဲကိုယ်နဲ့မကွာပေါ့။ လမ်းထိပ်လဲရောက်ရော စ ပါလေရော။ ဘဲကြီးတစ်ဗွေက ဟေ့ညီလေး…ဟေ့ညီလေးဆိုပြီး ကျနော့်ကို စစမ်းတယ်။ ကျနော်ကလဲ လူလယ်ပါ။ လုံးဝမသိချင်ယောင်ဆောင်ပြီး ကိုယ့်လမ်းကိုယ်ဆက်တယ်။ တစ်ကွေ့အရောက်မှာ နောက်တစ်ယောက်နဲ့ထပ်တွေ့တယ်။ ဒီတစ်ခါ သူက အရင်တစ်ယောက်လိုညီလေးမခေါ်တော့ပဲ ကျနော့်ဆီ တိုက်ရိုက်လာပြီး အစ်ကိုမီးခြစ်ခဏလောက်ဆိုပြီး အကြောင်လာရိုက်တာပေါ့ဗျာ။ ကိုယ်ကလဲဘယ်ရမလဲ လုံးဝလှည့်မကြည့်ပဲခပ်သွက်သွက်လေးဒိုးလိုက်တာပေါ့။ ပြီးမှ ကျောချမ်းနေရတယ်။ နောက်ကနေလိုက်လာပြီး ဓါးနဲ့များထောက်လိုက်လို့ကတော့ဆိုတဲ့အတွေးနဲ့ ရသမျှဂါထာမဏ္ဍန်တွေရွတ်နေရတယ်။ ဒီလိုနဲ့ net ဆိုင်ရောက် ချက်စရာရှိတာချက်၊ နဲနဲလဲအားရသွားရော ထပြန်။ အပြန်လမ်းမှာ ခုဏက ငနဲနဲ့ထပ်ဆုံတယ်။ ဒီတစ်ခါသူက ကျနော့်နားကပ်လာပြီး မေးတယ်။ အစ်ကိုကရွှေလားတဲ့။ ဟင်း။ ဘယ်လောက်ပဲ စလုံးလို ဝတ်စားထား ပြင်ဆင်ထားထား ကျနော့်ဥပဓိကိုက ဗမာရုပ်ပေါက်နေမှတော့ သူတို့ရိပ်စားမိမပေါ့။ ဒါပေမယ့် ကိုယ်က ဗမာလိုနားမလည်ဟန်လုပ်ပြီး ပြန်မပြောရင် သူတို့ဘာလုပ်နိုင်မှာမှတ်လို့။ ဒင်းတို့က တစ်နည်းမဟုတ်တစ်နည်းနဲ့ ချဉ်းကပ်ချင်နေတာ။ ရွှေရွှေချင်း ကပ်မြှင်းချင်ကြတာ။ ကိုယ်ကငတုံးမှမဟုတ်ပဲ။ ကျနော့်များဘာမှတ်နေလဲ။ ဗမာလိုမပြောရဘူးလို့မှာထားတာ လုံးဝမှတ်မိတယ်။ အဲ့ဒီငနဲက အစ်ကိုကရွှေလားလို့မေးတော့ ခပ်တည်တည်ပဲ ဖြေလိုက်တယ်။ NO လို့။ ဟီးဟီး။ မှတ်ပလား။ နာတွ။ NO တစ်လုံးက ရင်းဂစ် ၁၀၀ ကုန်သွားတယ်။ ဟဲဟဲ။ အဲ့ဒါ ကိုယ်တွေ့ပဲဗျာ။ စာဖတ်သူတို့လဲ မှတ်ထားပေါ့။ နောက်များ မလေးရှားသွားမယ်ဆိုရင် NO လို့အရမ်းမဖြေကြနဲ့နော်။    ။

2 comments:

  1. ဪ။ ဒုက္ခပဲ။ ပြန်ဖြေနေသေးတယ်။ ဘလော့လေးကို အချိန်ရရင်ဆက်ရေးပါဦး။ အားပေးနေပါတယ်။ :D

    ReplyDelete