Tuesday, August 16, 2011

ကြောင်သားဟင်းစားမိသူများ


        ကျနော်တို့တက္ကသိုလ်ဒုတိယနှစ်လောက်တုန်းကသျှားကြီးလို့ခေါ်တဲ့ဘော်ဒါတစ်ယောက်ရှိတယ်။ ဒီကောင့်ပုံက မင်းသားသျှားညိုနဲ့တူတယ်။ လူကပိန်ပိန်ရှည်ရှည် မျက်မှန်ကလဲတပ်ထားတော့ ဘော်ဒါတွေအားလုံးက သျှားညိုလို့အမည်ပေးထားပြီး နောက်တော့ သျှားကြီးဖြစ်သွားတယ်။ အဲ့ဒီ သျှားကြီးဆိုတဲ့ကောင်က အိမ်ကထည့်ပေးလိုက်တဲ့ ထမင်းချိုင့်နဲ့ပဲထမင်းစားတယ်။ သူကဆေးလိပ်တော့ကြိုက်တယ်။ သူ့ကိုခင်ရင် ထမင်းကျွေးစရာမလိုဘူးတဲ့။ ဆေးလိပ်တစ်လိပ်ပဲတိုက်ပါတဲ့။ ကျနော်တို့ကလဲ သူ့ကို ဆေးလိပ်ပဲတိုက်တယ်။ ပြီးရင်ဂစ်တာတီးခိုင်းတယ်။ ဒီကောင်ကြီးက အတီးကောင်းအဆိုကောင်းဗျ။

           ကျနော်တို့တွေထဲက တစ်ယောက်ယောက်ဖွန်ကြောင်တော့မယ်ဆိုရင် သျှားကြီးမပါပဲနဲ့ကိုမဖြစ်တာ။ သူ့ဆေးလိပ်တိုက်ပြီး ကောင်မလေးအတန်းဘေး ဂစ်တာသံပေးရင်း သွားသွားကြူကြရတာ။
တစ်နေ့တော့ သျှားကြီးတစ်ယောက် ဘော်ဒါတစ်ဗွေရဲ့ ကောင်မလေးအတန်းရှေ့ ဂစ်တာလိုက်တီးပေးနေတုန်း ကျနော်တို့တွေကလဲ ရှမ်းကိုးမီးရှုံးပြီးလက်ထဲ ထမင်းဖိုးတောင်မကျန်တော့တဲ့ အချိန်နဲ့သွားတိုက်ဆိုင်ပါလေရော။ ကျနော့်ကောင်တွေက ထမင်းဘူးဆို ထိုင်နေကျ ကန်တင်းမှာပဲထားထားခဲ့ကြတာ။ ကိုင်း ဘာပြောကောင်းမလဲ သျှားကြီး ထမင်းဘူးဖွင့်ကြည့်စူးစမ်းကြတော့ ဆိတ်သားနဲ့အာလူးဆီပြန်အနံ့လေးသင်းကထဲတက်လာတယ်။ ဒီတော့ ဗိုက်ကလဲဆာဆာနဲ့ တစ်ခါထဲအုပ်ထည့်ပစ်လိုက်ကြတာ။  ဒါပေမယ့် ခြေရာလက်ရာ မပြတ် ဒီကောင့်ထမင်းဘူးထဲ ကန်တင်းဘေးကမြက်တွေနဲ့ အုတ်ခဲကျိုးတွေထည့်ပြီး ဟန်မပြတ် ပြန်ထားလိုက်ကြတာပေါ့။

    တအောင့်နေတော့ သျှားကြီးတို့ ဖွန်ကြောင်အဖွဲ့တွေ ကန်တင်းထဲဝင်လာကြတယ်။ စော်ကိုလိုက်နေတဲ့ကောင်က မျက်နှာကြီးဖြီးလို့။ သျှားကြီးကလဲ လေလေးတချွန်ချွန်နဲ့။ ပြီးတော့ ဗိုက်ဆာလာကြဟန်တူတယ်။ ထမင်းဘူးတွေဖွင့်ပြီးစားကြဖို့ပြင်တော့ ကျနော်တို့လဲ မသိမသာ ဆိုင်ထဲကထွက်လာခဲ့ကြတယ်။
ဆက်ထိုင်နေရင် တရားခံမိဖို့များတယ်လေ။ ဒါကြောင့်စတေးရှောင်ခဲ့ကြတာ။


ခပ်လှန်းလှန်းတောင်မရောက်သေးဘူး။ ခုဏက ဖွန်ကြောင်သူငယ်ချင်းကပြေးလိုက်လာပြီး ဟေ့ကောင်တွေ သျှားကြီးကိုလာချော့ကြပါဦးဆိုပြီးအတင်းဆွဲခေါ်လာရော။ ကျနော်တို့လဲ ပြဿနာတော့စပြီလို့သိလိုက်တယ်။ ဒါနဲ့ပဲ  ကန်တင်းထဲဝင်လိုက်တော့ တဟင့်ဟင့်နဲ့ ထမင်းဘူးကိုကိုင်ပြီး ငိုနေသော သျှားကြီးကိုတွေ့လိုက်ရတယ်။ ဟာ သျှားကြီး ဘယ်လိုဖြစ်လို့လဲကွာ ပြောပါဦးဆိုပြီး မသိချင်ယောင်ဆောင်ပြီးမေးလိုက်တယ်။ သျှားကြီးက ရှိုက်ကြီးတငင်နဲ့ပြန်ဖြေတယ်။ ငါဒီနေ့ ယတြာချေဖို့ အမေကိုယ်တိုင် အိမ်ကကြောင်ကလေးကိုသတ်ပြီး ငါ့အတွက် ကြောင်သားဟင်းချက်ပေးလိုက်တာ။ ငါကပြောပါတယ်..အမေရယ် သားတို့က ထမင်းစုစားကြတော့ သားကြောင်သားဟင်းကြီး စားတာလူတွေသိကုန်မှာပေါ့လို့ပြောတော့ အမေက စိတ်မပူပါနဲ့တဲ့ ကြောင်သားက ဆိတ်သားနဲ့ခပ်ဆင်ဆင်ပါတဲ့ သားအတွက်အာလူးလေးနဲ့ရောပြီး ဆိတ်သားနဲ့တူအောင်ချက်ပေးလိုက်မယ်ဆိုပြီး ငါ့အမေကကွာ ငါ့ယတြာအတွက် သေချာလုပ်ပေးလိုက်တာ။

     အခုတော့ အဟင့် အဟင့် အီးအီး။

ဒီကောင့်ဆီက အဲ့ဒီစကားလဲကြားရော ကျနော်တို့ ကိုယ့်လည်ချောင်းကိုယ် ပြန်ပွတ်မိလိုက်ကြတယ်။ ကျနော့်သူငယ်ချင်းတစ်ယောက်က ကောက်ကာငင်ကာထပြီးမေးလိုက်တယ်။ သျှားကြီး မင်းကဘာအတွက်ယတြာချေတာလဲကွ။ ဒီတော့ မောင်သျှားကြီးက ပြန်ဖြေရှာတယ်လေ။ ငါ့ကို တစ်ခုလပ် တစ်လင်ကွာ မုဆိုးမတွေနဲ့ ဒီနှစ်ထဲအိမ်ထောင်ကျကိန်းရှိလို့ ဗေဒင်ဆရာက ရှောင်ရှားတဲ့အနေနဲ့ ကြောင်သားစားပေးပါဆိုလို့ကွာ။ အခုတော့ ငါယတြာလေးလဲပျက်ပါပြီကွာ။အင်း တစ်ခုတော့ရှိတယ်ကွ။ အဲဒီကြောင်သားကို စားပြီးရင် တစ်ပတ်ရေမချိုးရဘူးတဲ့။ ကြောင်တွေကရေကြောက်တော့ တကယ်လို့ရေချိုးမိရင် အဲ့ဒီ ယတြာကကျိုးပြီး တကယ်ဖြစ်ရောတဲ့ကွ။ ငါတော့အမေ့ကို ဒီညထပ်ချက်ခိုင်းပြီး မြန်မြန်ယတြာပြန်ချေမှပဲ။ နို့မို့ တစ်ခုလပ် တစ်လင်ကွာ မုဆိုးမတွေနဲ့ တကယ်ညားသွားနိုင်တယ်လေ။ သျှားကြီးက တမင်ပဲ ပညာပေးချင်လို့ ဇာတ်လမ်းဆင်တာလား အဟုတ်ကြီးပဲ ဗေဒင်ယတြာအတိုင်းပြောတာလား ဘာလားညာလားတော့ မသိဘူး။ ကျနော်တို့ကောင်တွေ တစ်ပတ်တိတိရေမချိုးဖြစ်ခဲ့ကြတာတော့ သျှားကြီးသိချင်မှသိမယ်ဗျာ။

(သူငယ်ချင်းသျှားကြီးသို့ အမှတ်တရ)။

၂၅-၀၂-၂၀၁၁
(၂၂း၅၀)



No comments:

Post a Comment