ကျနော်ငယ်ငယ်က ကောသလ္လမင်းအိပ်မက် ၁၆ ချက်ဆိုတာ လူကြီးတွေ ပြောပြောနေလို့သာ ကြားဖူးနေခဲ့သည်။ ထိုအချက်တွေက ဘာတွေလဲ ဘယ်လိုအကြောင်းအရာတွေလဲ ဆိုတာ လုံးဝမသိခဲ့ပါ။ လေ့လည်းမလေ့လာခဲ့ပါ။ ရှေးမြန်မာ လူကြီးတွေရဲ့  ဆုံးမစာပေတွေထဲက တစ်ခုပဲလို့ စိတ်မှာထင်ခဲ့မိ၏။ ကောသလ္လမင်းကြီး သူ့ဟာသူ အိပ်ယာထဲ မက်ချင်တာ မက်တာကို ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောနေကြ ဆိုနေကြတာ ပါကလားလို့ ထင်မှတ်ခဲ့၏။
သို့သော် တကယ်တမ်း ဖတ်ကြည့် လေ့လာကြည့်မိတော့မှ ကောသလ္လမင်းရဲ့  အိပ်မက်တွေဟာ နှစ်ပေါင်းရာကျော်ကို ကြိုတင်မြင်တွေ့ပြီး ဟောကိန်း ထုတ်ခဲ့တာပါလား၊ ဒီကနေ့ ၂၁ရာစု လူသားတွေအတွက် ကြိုတင်နိမိတ် ဖတ်ခဲ့တာပါလား ရယ်လို့ တအံ့တသြောဖြစ်မိပါသည်။ အရမ်းလည်း လေးစားမိသွားပါသည်။ ထို့ကြောင့် ကျနော့်မိတ်ဆွေများလည်း ကျနော့်လိုပဲ ကြားတော့ကြားဖူးပါရဲ့  ဘာမှန်းမသိဖြစ်နေကြမယ့်အစား ကောသလ္လမင်းကြီးရဲ့  အိပ်မက်(၁၆)ချက် ကို လေ့လာ သိရှိနိုင်စေရန် ဖော်ပြလိုက်ရပါသည်။
(၁) နန်းရင်ပြင်ရှေ့ဝယ် နွားနက်ကြီးလေးကောင် ဝှေ့မည်ဟန်ပြင်ပြီးမှ မဝှေ့ပဲ ရှောင်လွှဲသွားကြသည်ဟု မြင်မက်ခြင်းသည်
တရားမစောင့်သော လူတို့လက်ထပ် ထွန်ယက်စိုက်ပျိုးချိန်မှာ မိုးရွာမည့်ဟန် ဆင်ပြီးမှ မရွာပဲပျောက်ကွယ်သွားခြင်းဟု အဓိပ္ပာယ်ရသည်။
(၂) အရွယ်နှင့်မမျှ ငယ်ရွယ်သော သစ်ပင်တို့သည် သီးကြကုန်၏ဟု မြင်မက်ခြင်းသည်
ကိလေသာ ရာဂ ထူပြော၍ အရွယ်မရောက်ခင် အိမ်ထောင်ပြုကာ ကလေးများရကြ၏ဟု အဓိပ္ပာယ်ရသည်။
(၃) နွားမကြီးတို့သည် မွေးဖွားစ နွားမလေးတို့၏ နို့ကို စို့ကြသည်ဟု မြင်မက်ခြင်းသည်
ဂရုဂါရဝ တရား ပျက်ပြားသော ကာလကြီး၌ သားသမီးငယ်တို့ထံ မိဘများ ရိုကျိုးခိုကပ်နေရခြင်းကို ဆိုလိုသည်။
(၄) ခွန်အားဗလ ပြည့်စုံသော နွားကြီးများကိုပယ်ပြီး နုပျိုသောနွားငယ်များကို ဝန်ကြီးများ တင်ကာ ရုန်းစေခြင်း ဟု မြင်မက်ခြင်းသည်
နောင်အခါ ကြီးသောအမှုကိစ္စတာဝန်များအား လူကြီးများကိုပယ်ပြီး ငယ်ရွယ်သူတို့ကိုသာ ကျဉ်းကျပ် ဆုံးဖြတ်စေလိမ့်မည် ဟု ဟောပြသည်။
(၅) ဦးခေါင်းနှစ်လုံးရှိသော မြင်းသည် နှစ်ဘက်သော ဦးခေါင်းဖြင့် အစာစားသည်ဟု မြင်မက်ခြင်းသည်
နောင်အခါဝယ် တရားစီရင်ရာ ဌာနများ၌ နှစ်ဦးသူတို့ထံမှ လာဘ်ယူပြီး ထင်ရာမြင်ရာကို ဆုံးဖြတ် လိမ့်မည် ဟု ဟောပြသည်။
(၆) အဖိုးတစ်သိန်းတန် ရွှေခွက်ဝယ် ကျင်ငယ်စွန့်ပါလော့ဟု မြေခွေးအား ပေးသည်ဟုမြင်မက်ခြင်းသည်
ဆုတ်ယုတ်သော ကာလဝယ် အမျိုးမမှန်သော်လည်း အဖိုးတန်သမီးရတနာကို သိမ်းယူပါရန် ဒူးတုပ်ကာ ဆက်သရလိမ့်မည်ဟု အဓိပ္ပာယ်ရသည်။
(ရ) ကျစ်ဆဲဖြစ်သော ကြိုးလွန်းအဖျားကို မြေခွေးငယ်က ခိုး၍စားနေသည်ဟု မြင်မက်ခြင်းသည်
နောင်အခါဝယ် အမျိုးသမီးတို့သည် ကိုယ်ကျင့်တရားပျက်၍ ဆိတ်ငြိမ်ရာ ဌာန၌ ငယ်ရွယ်သူတို့နှင့် ပျော်မြူးလိမ့်မည်ဟု ဟောပြသည်။
(၈) လူတို့သည် ရေမရှိ အိုးငယ်များရံသော ရေပြည့်အိုးကြီးကိုသာ ရေလောင်းကြသည်ဟု မြင်မက်ခြင်းသည်
မိမိတို့တွင် ရိက္ခာမပြည့်စုံသော်လည်း ကိုယ်ပိုင်ပစ္စည်းကို အာဏာပိုင်တို့ထံ ပို့ဆောင်ပေးကြရလိမ့်မည်ဟု ဆိုလိုသည်။
(၉) အနားကြည်၍ အလယ်နောက်သော ရေကန်၌ သတ္တဝါတို့ ရေသောက်ကြသည်ဟု မြင်မက်ခြင်းသည်
နောင်အခါ မြို့ ရွာအလယ်၌ အခွန်နှိပ်စက်လွန်း၍ မြို့ စွန်ရွာဖျားသို့ ပြောင်းရွေ့ နေကြလိမ့်မည်ဟု ဆိုလိုသည်။
(၁၀) တစ်အိုးထဲနှင့် ချက်သောထမင်းသည် ပျော့လွန်း မာလွန်း သင့်ရုံအားဖြင့် သုံးမျိုးသုံးစား ကျက်သည်ဟု မြင်မက်ခြင်းသည်
တရားပျက်သော ကာလဝယ် မိုးကွက်ကြားရွာခြင်းကြောင့် လယ်ယာ ညံ့ခြင်း ဖျင်းခြင်း ကောင်းခြင်းဟု သုံးမျိုးသုံးစား ကွက်ကြားသီးပွင့်မည်ဟု အဓိပ္ပာယ်ရသည်။
(၁၁) တစ်သိန်းတန် ဆန္နကူး ပတ္တမြား စိန်တို့ကို ရက်တက်ပုတ်ရည်နှင့် လဲစားသည်ဟု မြင်မက်ခြင်းသည်
တရားပျက်သော ကာလဝယ် မြတ်ဘုရား၏ တရားတော်ကို ပစ္စည်းဥစ္စာရရှိရန် ရည်မှန်း၍ လှည့်လည်ဟောပြောလိမ့်မည်ဟု ဆိုလိုသည်။
(၁၂) အချည်းနှီးသော ဗူးတောင်းတို့သည် ရေလယ်၌ နစ်မြှုပ်ကြသည်ဟု မြင်မက်ခြင်းသည်
နောင်သောကာလမှာ အနှစ်မရှိ သူယုတ်တို့၏စကားကိုသာ လူများနှစ်သက်၍ လက်ခံအတည်ပြုကြလိမ့်မည်ဟု ဟောပြသည်။
(၁၃) မြွေကြီးကို ဖားငယ်က ကိုက်ဖြတ်စားသောက်နေသည်ဟု မြင်မက်ခြင်းသည်
နောင်အခါ ကိလေသာ အလိုသို့လိုက်၍ မိမိထက် ငယ်ရွယ်သူတို့နှင့် ပေါင်းသင်းနေထိုင်ခြင်းကြောင့် အနိုင်ခံရလိမ့်မည်ဟု ဟောပြသည်။
(၁၄) ကျောက်ဖျာကြီးသည် လှေအသွင်ကဲ့သို့ ရေပြင်အလယ်၌ ပေါ်နေသည်ဟု မြင်မက်ခြင်းသည်
ဆုတ်ယုတ်သော ကာလဝယ် သူတော်ကောင်းတို့၏ စကားကို လူတို့မနှစ်မြို့ ပဲ ရှောင်လွှဲပယ်စွန့်ကြလိမ့်မည်ဟု အဓိပ္ပာယ်ရသည်။
(၁၅) ယုတ်မာသောကျီးကို ရွှေဟင်္သာများက ခြံရံကြသည်ဟု မြင်မက်ခြင်းသည်
တရားပျက်ချိန်၌ အကျင့်တရားနှင့် ပြည့်စုံသော သူတော်ကောင်းတို့သည် သူယုတ်မာတို့ထံ မှီခို ခယ၍နေကြရလိမ့်မည်ဟု ဆိုလိုသည်။
(၁၆) ကျားသစ်တို့ကို ဆိတ်များက လိုက်လံကိုက်သတ်စားကြသည်ဟု မြင်မက်ခြင်းသည်
နောင်ကာလ၌ သူယုတ်မာတို့သည် မင်းမျှောင် စိုးကပ်ပြုလုပ်၍ သူတော်ကောင်းများကို ညှင်းပမ်းနှိပ်စက်ကြလိမ့်မည်ဟု အဓိပ္ပာယ်ရသည်။
အထက်ပါ အချက် (၁၆) ချက်စလုံးသည် ဒီနေ့ခေတ်အခါတွင် အမှန်တကယ်ဖြစ်ပျက်လာနေခဲ့ပါပြီ။ ဤကောသလ္လမင်းကြီး၏ အိပ်မက်များသည် ခေတ်ကို ကြိုတင်ဟောကိန်းထုတ်ခဲ့ခြင်းဖြစ်သည်။ မိတ်ဆွေများအနေဖြင့် မိမိတို့ဝန်းကျင်၌ ဖြစ်ပျက်နေသော အကြောင်းတရားများအပေါ် မူတည်၍ စိတ်တိုင်းကျ တွေးနိုင် မြင်နိုင် သိရှိနိုင်ကြပါစေရန် ရေးသားတင်ပြလိုက်ရပါတော့သည်။
၁၉-၈-၁၁
No comments:
Post a Comment