Tuesday, August 16, 2011

ကျော့


အနောင့်ခြေလှမ်းတွေကိုမှီအောင် ကျော့အတင်းလိုက်နေရတယ်။ အနောင်ကလမ်းလျှောက်တာအရမ်းမြန်တာပဲ။ ပြီးတော့သူကပြောသေးတယ်။
မင်းလမ်းလျှောက်တာ တော်တော်နှေးတာပဲ တဲ့။
နှေးမှာပေါ့။ ကျော့က သူ့လိုယောက်ကျားမှမဟုတ်ပဲ။ ပြီးတော့ ဒေါက်ဖိနပ်ကလဲစီးထားရသေးတယ်လေ။ အဲ့ဒီ ဒေါက်ဖိနပ်ကြောင့်ပဲ သူ ကျော့ကို တင်းနေတာဖြစ်မယ်။ သူက ကျော့ထက် အရပ်ပုတယ်လေ။ သူနဲ့ အပြင်သွားမယ်ဆို ဘယ်တော့မှ ဒေါက်မြင့် စီးလို့မရဘူး။ ကျော့လဲ မစီးပါဘူး။ ဒါပေမယ့် ဒီနေ့က သူ့သူငယ်ချင်းမင်္ဂလာဆောင်မို့ ကျော့စီးလိုက်မိတာ။ သူမကြိုက်မှန်းသိပေမယ့် ကျော့ကလဲ ဒေါက်ဖိနပ်ဆို အသေစီးချင်တဲ့မိန်းမလေ။
ကျော့တို့ မင်္ဂလာခန်းမထဲရောက်တော့ အနောင့်သူငယ်ချင်းတွေနဲ့ တစ်ဝိုင်းထဲထိုင်ကြရတယ်။ အနောင်ကတော့ သူ့မိတ်ဆွေတွေနဲ့ တွေ့ရလို့ကတော့ အားလုံးကို မေ့နေတတ်တယ်။ အခုလဲ သူ့ဘေးမှာ ကျော့ရှိနေတာကို သူမေ့နေတယ်ထင်တယ်။ သူ့သူငယ်ချင်းတစ်ယောက်က သတိပေးမှ မိတ်ဆက်ပေးရကောင်းမှန်းသူသတိရတယ်။

“ဒါ..ငါ့အမျိုးသမီးလေ။ ခင်မေကျော့တဲ့။”

သူမိတ်ဆက်ပေးပုံကြီးက အသက်မဲ့နေသလိုပဲ။ ပြီးတော့ ကိုယ့်မိန်းမကို ပွဲထုတ်ရကောင်းမှန်းလဲ မသိဘူး။ ကျော့ဆိုရင် ဘယ်တော့ပဲဖြစ်ဖြစ် ကျော့အသိုင်းအဝိုင်းထဲမှာ သူ့ကိုမိတ်ဆက်ပေးရင် သူများတွေအထင်ကြီးအောင်လို့

“ဒါ..ကျော့အမျိုးသား ကိုနောင်ရိုးချစ်လေ။ ဆောက်လုပ်ရေးပစ္စည်းနဲ့ပတ်သက်လို့ ဝယ်ချင်တယ် ငှားချင်တယ်ဆိုရင် အနောင့်ကိုပြောလို့ရတယ်။ Construction လောကမှာတော့ ENSURE ဆောက်လုပ်ရေးပစ္စည်းရောင်းဝယ်ရေးဆို မသိတဲ့လူမရှိသလောက်ပဲလေ။”

အဲ့သလိုခပ်ကြွားကြွားလေး ပြောတတ်လွန်းလို့လဲ တစ်ချို့ ဆို ကျော့ကို မကြွားစိန်လို့ခေါ်ကြတယ်။ ခေါ်ပါစေပေါ့။ ကျော့က အမှန်ကို အမှန်အတိုင်းကြွားတာပဲ။ မဟုတ်တာတွေလျှောက်ဖြီးနေတာမှမဟုတ်ပဲလေ။ ကိုယ့်ယောက်ကျားက စီးပွားရေးသမားတစ်ယောက်၊လုပ်ငန်းရှင်တစ်ယောက်ဆိုတာအားလုံးသိအောင်တော့ပြောရမယ်။ ကျော့ယူထားတာ အချာပင် မဟုတ်ဘူးဆိုတာကိုလဲ တစ်နည်းနည်းနဲ့သိအောင်ပြောရတာလေ။
အခုတော့ သူ့မိတ်ဆွေတွေကြားမှာ ကျော့ကို မိတ်ဆက်ပေးပုံက ခပ်တုံးတုံးကြီး။ ဒီတော့ ဘယ်ရမလဲ။ ကျော့က ဒီတိုင်းတော့ငြိမ်မနေဘူး။ ကိုယ်ဘာလဲဆိုတာ ကိုယ်ဟာကိုပဲပြန်မိတ်ဆက်လိုက်တယ်။

“တွေ့ရတာ ဝမ်းသာပါတယ်။ အနောင့်သူငယ်ချင်းတွေကလဲ ကျော့သူငယ်ချင်းတွေပါပဲ။ ကျော့က အလုပ်သမားဆေးရုံမှာလောလောဆယ်တာဝန်ကျနေတယ်။ ကိစ္စရှိတယ်ဆိုရင်အချိန်မရွေးလာခဲ့ကြပါ။ ကျော့တတ်နိုင်တဲ့ဘက်ကကူညီပါ့မယ်။”

အဲ့လိုပြောလိုက်တော့မှ သူ့မိတ်ဆွေတွေက ကျော့ကို ဆရာဝန်တစ်ယောက်မှန်းသိသွားကြတာလေ။ အမျိုးသမီးတစ်ယောက်ကဆို

“ကျော့က ဆရာဝန်ဆိုတော့ ကိုနောင်ရိုးကြီးကို ဆေးတော့ပုံမှန်တိုက်ပေးပါနော်…သူကတခါတခါ ထထဖောက်ပြီး ဈေးတွေတင်လွန်းလွန်းလို့။ အဝယ်တော်တွေ စိတ်ညစ်ရတယ်ရှင်။”

သူ့မိတ်ဆွေအားလုံး တဟားဟားနဲ့ရယ်လိုက်ကြတယ်။
အဲ့ဒီနေ့က အိမ်ပြန်တော့ ကားပေါ်မှာ အနောင်က ကျော့ကိုအခုလိုပြောတယ်။

“မင်းတို့မိန်းမတွေက လူစုံရင်နဲနဲလေးတော့ကြွားလိုက်ရမှနော်”

“ကြွားတာမဟုတ်ပါဘူး အနောင်ရယ်…အရှိကိုအရှိအတိုင်းပြောပြတာပါ။ ပကာသနလေး အရှိန်အဝါလေးနဲနဲပြမှလဲ လူတွေက တော်ကာကျတာလေ။”

အနောင်ကတော့ဘာမှဆက်မပြောတော့ပါဘူး။ ဒါပေမယ့် ကျော့ကတော့ စကားတွေ အများကြီးပြောချင်နေသေးတယ်။

နောက်နေ့ အနောင်ရော ကျော့ရော ကိုယ့်အလုပ်နဲ့ကိုယ် မအားကြတော့ဘူး။ အနောင်ကလဲ ဆိုင်မှာလိုတာတွေ နယ်ပို့ရမယ့်ဟာတွေ ပြီးတော့ ဝယ်ပြီးလှောင်ထားရမှာတွေ စတဲ့ စတဲ့အလုပ်တွေနဲ့ ရှုပ်နေခဲ့တယ်။ ကျော့ကလဲ ဆေးရုံအုပ်အသစ်ရောက်လာလို့ ဆေးရုံနဲ့ပတ်သက်ပြီင်္း သူသိချင်တဲ့အချက်အလက်တွေမေးတိုင်းဖြေနိုင်အောင် ပြင်ဆင်နေရတာနဲ့ လင်မယားနှစ်ယောက် အေးဆေးမတွေ့ဖြစ်တာတောင်တစ်ပတ်လောက်ရှိပြီ။
မနက်ဆို အနောင့်အတွက် Breakfast ပြင်ပေးပြီး အနောင်နိုးလာတာနဲ့ မျက်နှာသစ် ရေချိုးဖို့အဆင်သင့်လုပ်ပေးရတယ်။ ပြီးတော့ မီးဖိုချောင်ထဲခဏဝင် အိမ်ဖော်အဒေါ်ကြီးနဲ့ အနောင်စားချင်တာလေးတွေကူချက်။ တအောင့်နေတော့ အနောင်နဲ့အတူ Breakfast စားတယ်။ အနောင်အိမ်ကနေဆိုင်ကို သွားပြီဆိုတော့မှ ရေချိုးပြင်ဆင်ပြီးဆေးရုံထွက်ခဲ့ရတာ။ ဒါနေ့စဉ်ပုံမှန်လည်ပတ်နေကျပဲ။ အနောင့်ကား ဖြစ်ဖြစ် ကျော့ကားဖြစ်ဖြစ် တစ်စီးစီင်္း workshop ပို့ထားရတဲ့နေ့ဆို မနက်ခင်း တက်သုတ်ရိုက်ရတယ်။ ကမန်းကတန်းလုပ်ရတယ်။ ဘာလို့လဲဆိုတော့ အနောင်က ကားယူသွားမှာဆိုတော့ ကျော့ကို ဆေးရုံဝင်ပို့ပေးမှာလေ။ အဲ့ဒီင်္နေ့လေးပဲ ကျော့ပျော်တယ်။ ကိုယ့်ယောက်ျား ကားမောင်းပို့တဲ့အလုပ်ကိုသွားရတာအရမ်းဇိမ်ရှိတာပဲ။ ညနေဆိုလဲ သူလာကြိုတယ်။ အဲလိုနေ့မျိုးတွေဆို ကျော့တို့နှစ်ယောက် အိမ်မှာ ထမင်းမစားကြတော့ဘူး။ အပြင်မှာပဲစားဖြစ်ကြတာများတယ်။ တခါတလေ လမ်းကြုံလေး သူ့မိဘတွေအိမ်သွားစားရင်သွားစား။ ဒါမှမဟုတ် သူ့ငယ်သူငယ်ချင်းလင်မယား ကိုမောင်မောင်တို့အိမ်သွားလည်ရင်လည်…အဲ့လိုလေးအချိန်ဖြုန်းတတ်ကြတယ်။ ကျော့မိဘတွေကတော့ နိုင်ငံခြားမှာဆိုတော့ တစ်နှစ်တစ်ခေါက်တွေ့ဖို့တောင်မလွယ်ပါဘူး။

အဲ့ဒီနေ့မနက်ကတော့ စောစောစီးစီးထပြီး ဘုရားပန်းတွေလဲ။ ဘုရားရှိခိုး။ ပြီးတာနဲ့ အနောင့်အတွက် သွားတိုက်ဆေး သွားပွတ်တံ သဘက် အားလုံးပြင်ဆင်ပေးထားလိုက်တယ်။ နောက် မနက်စာ စားဖို့ ခြံစောင့်ဦးလေးကိုအဝယ်လွှတ်လိုက်တယ်။ အနောင်ကြိုက်တဲ့ ရွှေတောင်ခေါက်ဆွဲ။ အဒေါ်ကြီးကို အနောင့်အတွက်နွားနို့လေးကြိုခိုင်းပြီး ကျော့ကတော့ ပေါင်မုန့်ကို ဂျင်မ်သုတ်ပေးနေဖြစ်တယ်။
တအောင့်နေတော့ အနောင်နိုးလာတယ်။ ရေမိုးချိုးပြီးအောက်ဆင်းလာတော့ အနောင့်ကို ကျော့ပြုံးပြလိုက်မိတယ်။ ခါတိုင်းလဲ ပြုံးပြနေကျပဲမို့ အနောင်ကတော့ သိပ်သတိမူမိမှာမဟုတ်ပါဘူး။ ကျော့ကသာ ကိုယ့်အကြောင်းနဲ့ကိုယ်။
စားပွဲဝိုင်းမှာထိုင်မိကြတယ်ဆိုရင်ပဲ ကျော့ကစမေးလိုက်တယ်။

“အနောင် ဒီနေ့ဘာနေ့လဲ သိလား”
“စနေနေ့လေ။”
“သြော် စနေနေ့ကတော့ အနောင်ပြောမှလား ကျော့လဲသိတာပေါ့”
“အင်း ဒီနေ့ မေလ ၇ ရက်နေ့..ဘာဖြစ်လို့လဲ။”
“မေ ၇ ကဘာနေ့လဲလို့မသိတော့ဘူးလား”
ကျော့ပြောတော့ သူ နဲနဲစဉ်းစားနေလိုက်တယ်။ ကျော့စိတ်မရှည်တော့ဘူး။
“အနောင်နဲ့ကျော့ လက်ထပ်ခဲ့တာ ဒီနေ့ ၅ နှစ်ပြည့် Anniversary လေ။ အနောင်မေ့နေပြီလား။”
“သြော် ဟုတ်သားပဲကွ။ ကိုယ်လဲ အလုပ်တွေများနေတာနဲ့ ဒီနေ့ကိုမေ့နေတာ။ ကဲဆိုစမ်းပါဦး ဒေါက်တာခင်မေကျော့။ ဘာတွေများ ထူးထူးခြားခြားစီစဉ်ထားသေးလဲ။”

အနောင်က သူတစ်ခုခု လိုက်လျောတော့မယ်ဆိုရင် ကျော့ကို ဒေါက်တာခင်မေကျော့ဆိုပြီး အဲ့လိုလေးခေါ်တတ်တယ်။ ဒီလိုဆိုတော့ ကျော့အရမ်းပျော်မိတယ်။ အနောင့်ဆီက ကျော့အတွက်ရှိနေတဲ့ အချိန်ကို ကျော့ကောင်းကောင်းအသုံးချရမယ်။ သူက Business man မဟုတ်လား။ အချိန်ကခပ်ရှားရှားရယ်။

“ဒီနေ့  ကျော့တို့ဘုရားသွားကြမယ် အနောင်။ ပြီးတော့ ဟော့ပေါ့သွားစားကြမယ်လေ။”
“ပြီးတော့..”
အနောင်က အဲ့လိုဆက်မေးလာတော့ ကျော့တောင်အံသြမိတယ်။ တကယ်ပဲ အနောင်ဒီနေ့ ကျော့အတွက် အချိန်တွေပေးတော့မှာလား။
“အနောင်ကဘယ်သွားချင်သေးလို့လဲ။”
“ဘယ်မှ မသွားချင်ပါဘူး။ ကျော့သွားချင်တဲ့ဆီလိုက်ပို့ပေးမလို့မေးတာပါ။”
“တကယ်”

ကျော့ ကလေးလေးတစ်ယောက်လို အနောင့်ကိုမေးလိုက်မိတယ်။ အနောင်က ခေါင်းငြှိမ့်ပြတယ်။ ပျော်လိုက်တာအနောင်ရယ်။ ဒါ ကျော့ ၅နှစ်အတွင်း ပထမဆုံးကြားလိုက်ရတဲ့ အနောင့်ရဲ့  စိတ်လိုလက်ရ လိုက်လျောမှုပါ။ ဘယ်တော့မှ အချိန်ပို မရှိတဲ့ အနောင်။ ပြီးခဲ့တဲ့ နှစ်တွေကလဲ ခရီးထွက်နေတာနဲ့။ အိမ်မှာပဲ ထမင်းအတူတူစားပြီးကျင်းပလိုက်ရတာနဲ့။ ပျင်းပျင်းရိရိကုန်ဆုံးသွားခဲ့တာချည်းပါပဲ။
အခုတော့။

ကျော့တို့ ဘုရားပေါ်က အောင်မြေမှာ ထိုင်ပြီးရှိခိုးလိုက်ကြတယ်။ ကျော့သိချင်တာလေးတစ်ခု အနောင့်ကို မေးမိတယ်။

“အနောင် ဘုရားမှာ ဘာဆုတောင်းလဲဟင်။”

ဒီတော့ အနောင်က စေတီစိန်ဖူးတော်ဆီ မျှော်ကြည့်ရင်း

“ချစ်စရာအရမ်းကောင်းတဲ့ သားလေး ဒါမှမဟုတ် သမီးလေးတစ်ယောက်လောက်ရရင် သေပျော်ပါပြီလို့။”
“ဟင်..အနောင်ရယ်”

အနောင့်ဆုတောင်းကြောင့် ကျော့အသည်းနှလုံးတွေ တစ်ဆစ်ဆစ်နဲ့ ကျင်တတ်လာခဲ့ရတယ်။ ပြီးတော့ မျက်ရည်တွေလဲ အလိုလို စီးကျခဲ့တယ်။ ဘုရားပေါ်မှာမို့ ထိန်းထားပေမယ့် ကျော့ မခံစားနိုင်တော့ဘူး။ ငိုချလိုက်မိတယ်။
အနောင်က ကျော့ကို သိုင်းဖက်ရင်း ဘုရားပေါ်ကနေ ဆင်းခဲ့ကြတယ်။ ကားပေါ်ရောက်တော့မှ

“စိတ်မကောင်း မဖြစ်ပါနဲ့ကျော့ရယ်။ ကိုယ့်ဆုတောင်းကြောင့် ကျော့ဝမ်းနည်းသွားရတာ ကိုယ်တောင်းပန်ပါတယ်။”

အနောင်က ကျော့နှဖူးထိပ်ကို သူ့လက်ကလေးနဲ့ ပွတ်ပြီး တစ်ချက်နမ်းတယ်။ ကျော့ကတော့ ဘာစကားမှဆက်မပြောနိုင်သေးပဲ စို့နစ်နေဆဲ။
အနောင်က ဟော့ပေါ့ဆိုင်ကို မောင်းသွားတယ်။ ဒါပေမယ့် ကျော့ မစားချင်တော့ဘူး။ ကျော့ အိမ်ပဲပြန်ချင်တော့တယ်။ ပြီးတော့ အားရပါးရကြီး အော်ငိုလိုက်ချင်သေးတယ်။

“ကျော့တို့အိမ်ပဲပြန်ကြရအောင်နော်။”
“ဘာလို့လဲကျော့…ဒီနေ့က ကိုယ်တို့ရဲ့  ၅နှစ်ပြည့် anniversary လေ။ ပျော်ပျော်နေမှပေါ့ ဒေါက်တာခင်မေကျော့ရယ်”
“ကျော့ဘယ်လိုလုပ်ပြီး ပျော်ရမှာလဲအနောင်ရယ်။ အိမ်ထောင်ရှင်မိန်းမသားတစ်ဦးအနေနဲ့ ကိုယ့်ခင်ပွန်းတောင်းတတဲ့ ရင်သွေး မွေးမပေးနှိင်တဲ့ ဘဝဟာ ဘယ်လောက်များ ကြေကွဲစရာကောင်းလိုက်မလဲလို့။”

“ကိုယ်က သက်သက်ဆုတောင်းလိုက်တာပါကွာ…ကိုယ်သိသားပဲ ကျော့”

“ဒါပေမယ့်အနောင်ရယ်…တွေးကြည့်ရင် မိသားစုဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျော့တို့မပါသလိုခံစားရတယ်။ ကျော့ဘယ်လိုလုပ်ပေးရမလဲဟင်။ အနောင့်မျိုးဆက်အတွက် အနောင် ကျော့နဲ့ကွာရှင်းပြီး နောက်အိမ်ထောင်ပြုချင်လဲ ကျော့ အနောင့်ကို ကြည်ကြည်ဖြူဖြူခွင့်ပြုပါတယ်။”

“တော်တော့ကျော့…မင်းဒီစကားတွေ ဒီမှာပဲရပ်..နောက်ဘယ်တော့မှဆက်မပြောနဲ့..မင်းပြောသလိုဆို ကိုယ်ကပဲ ကလေးလိုချင်လို့ နောက်မိန်းမတစ်ယောက်ယူရမယ်ဖြစ်နေပြီ။ ဒီမယ်ကျော့..ကျော့အဲ့စိဒင့်ဖြစ်ကတည်းက ကိုယ့်စိတ်ကိုကိုယ်ဖြေပြီးသားပါ။ ကိုယ်တို့ဒီတစ်သက်ရင်သွေးမရနိုင်တော့ဘူးဆိုတာသိပြီးသား။”

အနောင့်ဆီကစိတ်ဖြေပြီးသားပါလို့ကြားရပေမယ့် ကျော့ကတော့ အဲ့ဒီနေ့ကအဖြစ်အပျက်တွေကိုအခုထိပြန်မြင်နေမိသေးတယ်။
ကျော့တို့လက်ထပ်ပြီး ဟန်းနီးမွန်းခရီးထွက်ကြရင်း မေမြို့ အတက်လမ်းမှာ ကားမှောက်ခဲ့တာ။ မန္တလေးဆေးရုံပေါ်မှာ တစ်လလောက်နေခဲ့ရတယ်။ တကယ်လို့သာ အဲဒီနေ့က အနောင်မောင်းနေတဲ့ကားကို ကျော့မောင်းမယ်ဆိုပြီးမပူဆာမိခဲ့ရင်…
ကျော့တွေးရင်းတွေးရင်း ငိုမိပြန်တယ်။

“အနောင်”
“ပြောလေ ကျော့”
“ကျော့လေ…အနောင့်ကို အရမ်းချစ်တယ်။ အနောင်လဲ ကျော့ကို ချစ်တယ်မလားဟင်။”

အနောင်က ခေါင်းငြှိမ့်ပြတယ်။
“ကျော့ကို ဘယ်တော့မှ တစ်ယောက်ထဲထားမသွားပါနဲ့နော်။”
အနောင်က ကျော့လက်ကလေးနှစ်ဘက်ကို သူ့ရင်ဘက်ပေါ်တင်ပြီး
“အနောင့်ဘဝမှာ သားတွေသမီးတွေမရှိရင်နေပါစေ။ ဟော့ဒီက နှလုံးသားအထူးကု ဒေါက်တာမကြီးမရှိရင်တော့ အနောင်အသက်ဆက်ရှင်နိုင်မှာမဟုတ်ဘူးကွာ။”

အနောင်က ကျော့ကို မင်္ဂလာနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဒေါက်ဖိနပ်လှလှလေးတရံဝယ်ပေးပါတယ်။ ပြီးတော့ သူက Postcard လေးတစ်ခုဝယ်ပြီး စာလေးတစ်ကြောင်းရေးလိုက်တယ်။
ယနေ့မှစ၍ ကျော့အား ဒေါက်ဖိနပ်စီးခွင့်ပြုလိုက်သည်….တဲ့။

၇.၅.၂၀၁၁
(၁၁း၁၈)

No comments:

Post a Comment