Tuesday, August 16, 2011

မြို့ ပြရဲ့ ညဟာ ဒီလိုနဲ့ပဲ….



မြို့ ပြရဲ့ ညတစ်ညကို အိပ်စက်ခြင်းဖြင့် ကျနော်တို့ မဖြတ်သန်းချင်ဘူး။ လင်းထိန်နေတဲ့ နီယွန်မီးရောင်စုံတွေကိုလဲ မစွဲလန်းချင်တော့ဘူး။ ခပ်ဖျော့ဖျော့ မြို့ ပြရဲ့ ညကို သူရော ကျနော်ရော ဖွေရှာမိတယ်။

ကျနော်တို့ ကလက်ကီးမှာ သွားထိုင်ရင်း လေညှင်းခံဖို့ ရွေးချယ်လိုက်ကြတယ်။ ကလက်ကီးဆိုတာ မြစ်ကမ်းစပ်တစ်နေရာပါ။ ရပ်ဖ်ဖဲလ် မိုးမျှော်တိုက်တွေကြား ဝပ်တွားခိုလှုံ စီးဆင်းသွားနေတဲ့ ကုန်းတွင်းမြစ်ကမ်းပါးတစ်ခု။ ဘာပဲပြောပြော ဒီဒေသအတွက် ဒီမြစ်ဟာ ကျနော်တို့ရာဇဝင်ထဲက သတို့သမီးပါပဲ။

မြစ်ရေကိုဖြတ်သန်းတိုက်ခတ်လာတဲ့ လေညှင်းအငွေ့ အသက်တွေကို ရှူရှိုက်လိုက်မှပဲ တစ်နေ့တာ အမောတွေ ပြေလျှော့သွားတော့တယ်။ ကျနော်တို့နှစ်ယောက် လှေခါးထစ်တစ်နေရာမှာ ထိုင်လိုက်ကြတယ်။ ခပ်လှန်းလှန်းမှာ ဘားဆိုင်တန်းတွေကို လျှပ်စစ်ရောင်စုံ ထိန်ထိန်သာလျက် တွေ့နေရသည်။ မြစ်ပြင်ထဲမှာတော့ အပျော်စီးစက်လှေတစ်စီးကို ခရီးသည်မပါပဲ ပျင်းရိစွာ ခုတ်မောင်းနေတာ တွေ့ရမည်။

ကျနော်တို့ ကမ်းပါးကလှေခါးထစ်မှာ ထိုင်ပြီးရုံရှိသေး မောရစ်က ကျနော့ကို ခဏလေးနော်လို့ပြောပြီး ထသွားတယ်။ တအောင့်ကြာတော့ ဗော်ကာတစ်ပုလင်းဝယ်ပြီးပြန်လာတာတွေ့လိုက်ရတယ်။ ပြီတော့ သူကပြောသည်။

ဝ..ငါတို့ဒီတိုင်းထိုင်ရတာအဓိပ္ပါယ်မဲ့လွန်းပါတယ်..ဒါလေးနဲ့မှ..လို့ဆိုပြီး ကျနော့လက်ထဲ ဗော်ကာပုလင်းကို ထိုးပေးလိုက်သည်။ လက်ထဲပုလင်းရောက်ပြီးမှ စဉ်းစားမိသည်။ ဘာနဲ့ဘယ်လို သောက်ကြမှာလဲ။ ပြီးတော့ရော ဘာနဲ့မြည်းမှာလဲ။ မောရစ်လဲ အခုမှသဘောပေါက်သွားပုံရသည်။ ကျနော်တို့နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်လိုက်မိကြသည်။

တကယ်တော့ မောရစ်က မိန်းမသားလေ။ သူဘယ်လိုလုပ်ပြီးနားလည်နိုင်ပါ့မလဲ။ ဒီလိုကိစ္စမျိုးတွေက ယောက်ကျားသားတွေပဲနားလည်နိုင်တဲ့ အပိုင်း။ ဘာပဲပြောပြော အခုတော့ အားလုံးဝယ်ခြမ်းခဲ့ပြီးပြီ။ ကျနော်နဲ့မောရစ် ဗော်ကာတစ်ခွက်ဆီပြိုင်တူမော့လိုက်ကြသည်။ ရင်ထဲ စူးကနဲဖြစ်သွားရုံမှအပ ဘာမှမထူးခြားခဲ့ပါဘူး။

“မောရစ်…မင်းဒီလိုသောက်တတ်တာ ဘယ်အရွယ်လောက်ထဲကလဲ။”
ကျနော်မေးတော့ သူက မဆိုင်းမတွပဲပြန်ဖြေတယ်။
“ဒီကို စရောက်ကတည်းကပဲ။ ယူရော။”
“ငါက ယောက်ကျားလေးပဲ…လူပျိုပေါက်ထဲက အရက်သောက်တတ်နေပြီ။ ဒါနဲ့ နေပါအုံး၊ မင်း က ပဲရစ်ကလား။”
“နိုး။ တို့အိမ်က ဖရန့်နဲ့စပိန်ကြားက နိုင်ငံလေးတစ်ခုမှာလေ။ ယူကြားဖူးချင်မှကြားဖူးမှာပါ။”
“ဘယ်နိုင်ငံလဲပြောပါအုံး။”
“အမ်ဒိုရာ။ ယူကြားဖူးလား။”
“ဟင့်အင်း။ မကြားဖူးဘူး။ အခုမှကြားဖူးတော့တယ်။”
“ယူက မြန်မာကမဟုတ်လား။ တို့ကတော့ ယူ့အကြောင်းတွေကိုသိပြီးပြီ။ ယူက အင်ဂျင်နီယာတစ်ယောက်။ ပင်စင်စားမိဘတွေနဲ့ ညီမတစ်ယောက်အတွက် ထောက်ပံ့နေရတယ်ဆိုတာရယ်။ အခုထိ ရည်းစားတစ်ယောက်မှ မရှိသေးဘူးဆိုတာရယ်။”
“ဟ..တယ်ဟုတ်ပါလားမောရစ်…မင်း ငါ့အကြောင်းတွေကို ဘယ်ကနေသိသွားတာလဲ။”

ကျနော် အရမ်းအံ့သြောမိတယ်။ သူ့လို ဖော်ရိမ်နာ တစ်ယောက်က ကျနော့်အကြောင်းတွေကို သိနေတယ်ဆိုတော့။ ကျနော် သူ့ကိုမေးလိုက်တော့ သူက ဟက်ဟက်ပက်ပက်ရယ်ရှာတယ်။

“အမ်ဒိုရာသူတွေက နိုင်ငံပိစိလေးမှာနေပေမယ့် အမြင်ကျယ်ပါတယ်ရှင်။ ယူနဲ့ အလုပ်တွဲလုပ်ရတော့မယ်ဆိုကတည်းက ယူ့ပရိုဖိုင်တွေကို လေ့လာကြည့်မိတယ်လေ။”

“ဒါမျိုးတွေက ပရိုဖိုင်ထဲမှာ မရှိပါဘူးလေ။ ဒါငါ့ရဲ့  ပါစင်နယ်တွေပဲ။”

မောရစ်က တအံ့သြောဖြစ်နေတဲ့ ကျနော့်ကိုကြည့်ပြီး ရယ်ပြန်တယ်။ ပြီးတော့ ဗော်ကာတစ်ခွက်ဆီ ထပ်ထည့်ကာ သောက်လိုက်တယ်။ မြစ်ပြင်ကို ဖြတ်တိုက်လိုက်တဲ့လေက ခေါင်းထဲဝေ့ဝင်သွားတယ်။
ကျနော်က စီးကရက်တစ်လိပ်ထုတ် မီးညှိဖွာရှိုက်လိုက်တယ်။

“ယူ့သူငယ်ချင်း ဖရန်ကီက တို့ကိုရှင်းပြတာပေါ့။ သူက ယူ့အကြောင်းတွေကောင်းကောင်းသိနေပုံပဲ။”

“ဒီကောင်တခြားရော ဘာတွေပြောသေးလဲ။”

“အင်းပြောသေးတယ်။ လာမယ့် ဒီဇင်ဘာမှာ သူ ယူ့တို့မြို့ ကိုလိုက်လည်မလို့ဆို။ တို့လဲ လိုက်လည်ချင်တယ်။ ရမလား။ တို့ကြားဖူးတယ်။ ယူတို့နိုင်ငံ မြောက်ပိုင်းမှာ တို့ဆီကလိုပဲ ရေခဲတောင်တွေရှိတယ်တဲ့။ အဲ့ဒီကို ရောက်ဖူးချင်တယ်။”

“မင်းတကယ်စိတ်ဝင်စားတယ်ဆိုရင်တော့ ငါခေါ်သွားမှာပေါ့။ ဒါပေမယ့် မင်းမပြောနဲ့ ငါတောင်အဲ့ဒီ ရေခဲတောင်ဒေသဘက် တခါမှမရောက်ဖူးသေးဘူး။”

“အင်း…ဒါဆို တို့မြို့ လေးဆီ ယူ့ကိုခေါ်သွားရင် ယူသိပ်ပျော်မှာပဲ။ ဟိုမှာက ပတ်ပတ်လည် နှင်းတွေဖုန်းနေတဲ့ တောင်မြို့ လေးလေ။ အမ်ဒိုရာလဗီလာလို့ခေါ်တယ်။ ပြောရင်းနဲ့တောင် တို့အိမ်လေးကိုလွမ်းလာပြီ။”

မောရစ်က ကျနော့်လက်ထဲမှ စီးကရက်ဗူးကို လှမ်းယူပြီး ဟန်ကျပန်ကျပဲ တစ်လိပ်ထုတ်သောက်လိုက်သည်။ တကယ်တော့ သူစီးကရက်ကို ရှိုက်တတ်လို့သောက်တာမဟုတ်ပါဘူး။ အိမ်လွမ်းစိတ်တွေကို မီးခိုးငွေ့တွေအဖြစ်အသွင်ပြောင်းပြီး မှုတ်ထုတ်နေခဲ့တာပါ။
ကျနော်က ခုဏကဝယ်လာတဲ့ ဟော့ဒေါ့တစ်ချောင်းကို ထုတ်စားလိုက်သည်။

“တကယ်တော့ ဝေရယ် တို့တွေဟာ ဘယ်လောက်ပဲ ပိုက်ဆံတွေရတဲ့အလုပ်မှာလုပ်နေလုပ်နေ။ အဆင့်မြင့်မြို့ ကြီးတွေမှာနေနေ..တို့တွေအားလုံး အိမ်လွမ်းစိတ်တော့ရှိကြတာပဲနော်။”

“မင်းဘာလို့ဒီကိုလာသလဲမောရစ်။ မင်းအနေနဲ့ ပဲရစ်ဖြစ်ဖြစ် ဘာစီလိုနာမှာပဲဖြစ်ဖြစ် အိမ်နဲ့နီးနီးနားနားမှာပဲ အလုပ်ရှာသင့်တယ်။”

“ဟုတ်ပါတယ်။ဒါပေမယ့် တို့က စိန်ခေါ်မှုတွေကို ကြိုက်တယ်။ တို့အတွက် ဒီစင်ကာပူမှာ စိန်ခေါ်မှုတွေအများကြီးရှိနေတယ်။ အဲဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ယူ့အကူအညီတွေလိုတယ် ဝေ..။”

“ရပါတယ်။ ငါတို့အခု အလုပ်အတူတူ တွဲလုပ်ကြရတော့မှာပဲ။ ငါတတ်နိုင်တဲ့အကူအညီမှန်သမျှပေးဖို့ အဆင်သင့်ပဲ။”

“ဒါနဲ့ ယူကအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး ဘာလို့ ဒီအလုပ်ကို ရွေးခဲ့တာလဲ။ ဒီ ရီဆက်ခ်ျ အလုပ်ကို ဝါသနာပါလို့လား ဒါမှမဟုတ် လစာကြောင့်လား။”

“နှစ်ခုစလုံးကြောင့်ဆိုပါတော့။”

“ဟေ့ ဝေ တို့ ဒီပုလင်းကို ဒီညအပြတ်ဖြတ်ကြတာပေါ့။ တို့ကို စီးကရက်တစ်လိပ်လောက်ပေးပါဦး။”

ကျနော်က သူ့လက်ထဲစီးကရက်ထိုးပေးလိုက်တော့ သူကအရင်သောက်လက်စ လက်ကျန်အလိပ်ကမီးစနဲ့ မီးကူးလိုက်သည်။

“တို့ ယူ့ကို သိချင်တာတစ်ခုလောက်မေးပါရစေ။”
ကျနော်ခေါင်းငြိမ့်ပြလိုက်တယ်။ သူကမေးတယ်။

“ယူ မိန်းမတွေရဲ့ စိတ်ကိုနားလည်လား။”
သူ့အမေးက ထူးဆန်းနေလို့ ကျနော်ကြောင်တောင်တောင်ဖြစ်မိသွားသည်။ပြီးမှ

“ဟင့်အင်း။ နားမလည်လို့ အခုထိ ရည်းစားမရသေးတာပေါ့။”
“တို့စိတ်ကို ခန့်မှန်းကြည့်ပါလား။ ယူ နားလည်သလိုပေါ့။ ဟိုလေ…ယူနဲ့ တို့က ရုံးမှာတွေ့ဖူးတာ တစ်ပတ်လောက်ပဲရှိသေးတယ်ဆိုပေမယ့် အခုလို ရင်းရင်းနှီးနှီး နှစ်ယောက်ထဲ လွတ်လွတ်လပ်လပ်တွေ့ကြတယ်ဆိုတော့။”

“မင်းဘာကို ဆိုလိုတာလဲ မောရစ်”
“တို့ ဆိုလိုတာကို ယူသိမှာပါ”
သူ့အမေးကိုမဖြေခင် ကျနော် ဗော်ကာ နှစ်ခွက်ဆက်တိုက်မော့ချပြစ်လိုက်သည်။ ရင်ထဲ ပူဆင်းသွားမှ အနီးက ရေသန့်ဗူးယူပြီးအားကုန်သောက်ရတော့သည်။

ရုတ်တရက်ကျနော့်အပြုအမူကြောင့် မောရစ်ငေးကြည့်နေရှာသည်။ ပြီးမှ ကျနော့အတွက် ဟော့ဒေါ့တစ်ချောင်းယူပေးသည်။ သူ့ကြည့်ရတာ နဲနဲ ကတုန်ကယင်ဖြစ်သွားပုံပါပဲ။
တကယ်တော့ မြို့ ပြရဲ့ ညဟာ အထီးကျန်ဆန်ပုံပေါ်ပေမယ့် တခါတလေမှာ လေဟာနယ်ထဲရောက်နေသလိုပါပဲ။ အအေးဓါတ် အနွေးဓါတ်တွေနဲ့ သဟဇာတမရှိတဲ့ညမျိုးလဲဖြစ်တယ်။

“တို့ မေးခွန်းကြောင့်များ ယူ တို့ကိုတစ်မျိုးထင်သွားသလားဟင်။”
“မထင်ပါဘူး။”
“မထင်ရင်ဖြေလေ။ တို့ကို ဘယ်လိုမြင်လဲလို့။”

ကျနော်မသိဘူး။ မိန်းမတွေရဲ့  စိတ်ကိုနားလည်ဖို့ ကျနော့်အတွက် တော်တော်အချိန်ယူရပါမယ်။ အခု မောရစ်ကိုရော။ သူနဲ့ကျနော်က မနေ့တနေ့ကမှအလုပ်သစ်မှာ စတင်ရင်းနှီးခဲ့ရတဲ့သူတွေ။
သူကျနော်ကို ရိုးရိုးသားသားမေးသည်ဖြစ်စေ၊ မရိုးမသား ဆန်းဆန်းပြားပြားမေးသည်ဖြစ်စေ၊ ကျနော်ဝန်ခံရမှာက ကျနော့်စိတ်ထဲ မရိုးမသားဖြစ်သွားတယ်ဆိုတာပဲ။

မောရစ်က ဗော်ကာတန်ခိုးနဲ့ ရီဝေစပြုနေတဲ့ သူ့မျက်ဝန်းများဖြင့် ကျနော့်ကို စိုက်ကြည့်နေရှာသည်။ အရှေ့မှ စက်လှေတစ်စီး ဝေါကနဲမောင်းထွက်သွားသံကြားလိုက်ရသည်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အစိုးမရတဲ့ စင်ကာပူမိုးက ရုတ်တရက်ရွာချတော့သည်။
ကျနော်ကနာရီကိုတစ်ချက်ကြည့်မိလိုက်သည်။

“ယူ ပြန်ချင်ပြီလား။ တို့တော့ နဲနဲ ကောင်းနေပြီ။ ဖြစ်နိုင်ရင် တို့ကို အိမ်ပြန်လိုက်ပို့ပေးပါလား ဝေ…။”

မိုးက ဖွဲရာမှ ပိုပိုသည်းလာသည်။ မြို့ ပြညရဲ့ ကောင်းကင်မှာ လျှပ်ပန်းတွေလက်ကနဲ လက်ကနဲ ဖြစ်နေသည်။ မိုးဒေဝါက တဂျိမ်းဂျိမ်းနဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို ဟိန်းဟောက်နေပြန်သေးသည်။
မောရစ်က ကြောက်လို့နဲ့တူသည်။ ကျနော့် လက်မောင်းကို တင်းတင်းကျစ်ကျစ်ဆုတ်ကိုင်ထားတော့၏။

ကိုင်း။ မြို့ ပြရဲ့ ညကတော့ အလှအပတွေနဲ့ ပြွန်းတီးနေလေပြီ။ မောရစ်ရဲ့ ဆံနွယ်စများက ကျနော့် မျက်နှာကို လာလာရိုက်နေတော့သည်။ လေပြေအဝှေ့မှာပေါ့။

လေပြေညှင်းတွေက အလင်းတန်းတစ်ချို့ ကို တာဝန်လွှဲပေးလိုက်ချေပြီ။ မနက်ခင်းမှာ မြို့ ပြညရဲ့  ဗော်ကာနံ့ စီးကရက်နံ့တို့ မပြယ်တပျယ် ရှိနေကြသေးသည်။ မောရစ်ကတော့ အိပ်မောကျနေဆဲ။ အစောဆုံးရထားနဲ့အတူ မြို့ ပြလူသားတို့ ဘူတာရုံထဲ တိုးဝင်လာကြလေပြီ။ ခြေရာ လက်ရာမပျက် ကျနော့် ပုခုံးပေါ်မှီရင်းအိပ်ပျော်နေဆဲကောင်မလေးကို ကြည့်ရင်း သူတို့ သူတို့တွေ ကျနော်တို့နှစ်ယောက်ရှေ့မှ ဖြတ်လျှောက်သွားနေကြတော့သည်။

မြို့ ပြရဲ့ ညဟာ ဒီလိုနဲ့ပဲ………။ ။


၂ရ.၀၂.၂၀၁၁
(၁၄း၀၀)

1 comment:

  1. so touch and awesome !!!
    Your skill is good as writer :) :)

    ReplyDelete