Tuesday, August 16, 2011

ထိန်းသိမ်းရမည့် မြန်မာ့မဟာဂီတအမွေ



မဟာဂီတလို့ခေါ်ကြတဲ့  သီချင်းကြီး သီချင်းခံတွေက ရှေးက ဂီတစာဆိုပညာရှင်ကြီးတွေဖြစ်ကြတဲ့ မြဝတီမင်းကြီးဦးစ၊ ပြင်စည်မင်းသား၊ လှိုင်ထိပ်ထား၊ အနောက်နန်းမတော်မမြကလေး၊ မင်းကြီးကတော်ခင်ဆုံ စသူတို့ ရေးဖွဲ့ထားခဲ့ကြတဲ့ အမျိုးသားယဉ်ကျေးမှု ဂီတအမွေ (Classics-ကလပ်ဆစ်)တွေပါ။ ဒါတွေကို တလေးတစား မြတ်မြတ်နိုးနိုးနဲ့ ထိန်းသိမ်းထားရမှာပါ။
ဒီခေတ် ဒစ္စကိုဂီတ၊ ရပ်ခ်ဂီတတွေက ယူငင်တီးမှုတ်တာကို တစ်ချို့ လူငယ်တွေက “ချောင်ထိုးထားလို့ ဖုန်တက်နေရတဲ့ ရှေးသီချင်းတွေကို ပြန်လည်ဆန်းသစ်တာပဲ” လို့ ပြောချင်ပြောကြလိမ့်မယ်။ ဒီပုံစံနဲ့ ပြန်လည်ဆန်းသစ်တာကိုတော့ အမျိုးသားယဉ်ကျေးမှု အမွေပစ္စည်းရယ်လို့ သိသူတိုင်းက ကျေနပ်လက်ခံသဘောတူမယ်မထင်ပါဘူး။
ဥရောပမှာ ဗီသိုဘင်တို့၊ ရှိုပင်တို့၊ မိုးဇက်တို့ ဆိုတဲ့ ဂီတဝိဇ္ဇာဓိုရ်ကြီးတွေ ရေးဖွဲ့ခဲ့တဲ့ ဂီတတွေရှိပါသည်။ ဒါကို နှောင်းလူတွေက တကယ့်တခမ်းတနား မှန်စီရွှေချထားရုံမက တရိုတသေ တီးမှုတ်သည်။ တရိုတသေ နားထောင်ကြပါသည်။ ပေါ့ပ်မြူးဇစ်လို့ခေါ်တဲ့ ခေတ်ပေါ်ဂီတက သူ့လမ်းနဲ့သူပဲသွား၏။ ကလက်စစ် လို့ခေါ်တဲ့ မဟာဂီတကို တို့လဲ မ တို့သလို ထိလဲ မ ထိခဲ့ပါ။
သတင်းစာဆရာမကြီး အမေလူထုဒေါ်အမာ ဂျာမဏီရောက်ခဲ့စဉ်တုန်းက သူ့ကို ဂျာမဏီမိတ်ဆွေတွေက ဂီတပွဲရှိလို့ လက်မှတ်ဝယ်ထားတယ် လိုက်ခဲ့ပါဆိုပြီး အတင်းခေါ်တော့ အမေလဲ ဘာလင်မြို့ ပေါ်က နာမည်ကြီးပြဇာတ်ရုံကြီးတစ်ရုံမှာ လိုက်နားထောင်ခဲ့ရဖူးသည်။ အမေမာက ဘာပြောလဲဆိုတော့ ကျမတို့ဆီမှာ ဆိုင်းနားထောင်ရအောင်ဟေ့ ဆိုရင် ဖိနပ်ဖင်ခုထိုင်ပြီး (ဒါကအရင် အမေမာတို့ခေတ်ကပါ။ အခုတော့ မြို့ ပေါ်မှာဆို ပလပ်စတစ်ထိုင်ခုံတွေနဲ့ဖြစ်နေပါပြီ။ နယ်တွေမှာတော့ ဖိနပ်ဖင်ခုထိုင်တဲ့ ဓလေ့ရှိနေပါသေးသည်။) ပါလာတဲ့ ယပ်တောင်ခတ်ရင်း ဆေးလိပ်တစ်တိုနဲ့ လမ်းပေါ်ထိုင်နားထောင်ကြတာမဟုတ်လား။ သူတို့ဆီမှာ လမ်းဘေးတင် ဒီလိုအလကားမရဘူး။ မိတ်ဆွေတွေက လက်မှတ်ကို ၂ရက်ပဲကြိုဝယ်မိလို့ ရုံထဲမှာ နေရာက အလယ်လောက်မှာပဲရတယ်။ ရှေ့နားဆီက မရတော့ဘူး။ အထဲဝင်တော့မယ်ဆိုတော့ အစီအစဉ်စာရွက်တစ်ရွက်ကို နှစ်ဒေါ်လာလောက်ပေးပြီး ဝယ်ခဲ့ရသေးတယ်။ အတီးနားထောင်ဖို့ ဝင်လာတဲ့ ပရိသတ်က လူငယ်လူရွယ် မိန်းမငယ်လေးတွေကစပြီး အဘိုးအို အဘွားအိုကြီးတွေအထိ အရွယ်မျိုးစုံပါတယ်။ နားထောင်သူ ပရိသတ်မှာ တစ်ဝက်လောက်က ဂီတစာအုပ်ထူကြီးတွေကို ပိုက်လို့။ ဂီတပညာသင် ကျောင်းသား ကျောင်းသူတွေလဲ လာနားထောင်ကြဟန်တူသည်။ တီးတဲ့ဝိုင်းက လူ၁၅၀ ထက်မနည်းပါတဲ့ သီစုံတီးဝိုင်းကြီး။ အဲ့ဒီဝိုင်းက မဟာဂီတမှာပါတဲ့ ဘယ်သူဖွဲ့ ခဲ့တဲ့ ဘာဂီတ အပိုဒ်ဘယ်လောက်ကို တီးပါမယ်လို့ ကြေငြာတာနဲ့ တပြိုင်နက် ဂီတစာအုပ်ကြီးတွေပါလာတဲ့ လူတိုင်းက အဲ့ဒီစာမျက်နှာကိုရွေးလှန်တယ်။ လှန်ပြီး စူးစူးစိုက်စိုက်နားထောင်ရင်း၊ စာအုပ်ထဲမှာ ခဲတံတစ်ချောင်းနဲ့ လိုက်တို့ လိုက်ရေး လိုက်မှတ်ကြသေးတယ်။ လူထုဒေါ်အမာက အိပ်မငိုက်အောင် မနည်းသတိထားပြီး နားထောင်နေရပေမယ့် သူတို့လူတွေမှာတော့ အင်မတန် စူးစိုက်မှုမျိုးနဲ့ ပညာယူတဲ့လူတွေက ယူနေကြတယ်။ အငမ်းမရ အာရုံခံတဲ့ လူတွေကလည်း လုံးစေ့ပတ်စေ့ ပီတိအပြည့်နဲ့ မျက်စိမှိတ်ပြီး အာရုံခံနေကြတယ်။
အဲ့ဒီ တီးဝိုင်းအဖွဲ့ကြီးရဲ့  တီးမှုတ်ပြတဲ့ ဂီတရဲ့  ဖွဲ့စည်းမှု ဘယ်လောက်ထိ အထက်တန်းကျတယ်ဆိုတာကို နားမလည်ခဲ့ပေမယ့် သူတို့ခံစားတတ်၊ ခံစားနိုင်တဲ့သူတွေ လေးစားမြတ်နိုးပုံက ကြီးကျယ်လွန်းလို့ ကိုယ်ပါ အရိပ်နင်းမိပါ့ဆိုတာမျိုးဖြစ်ခဲ့ရတယ် ဆိုပြီး ဆရာမကြီး အမေလူထုဒေါ်အမာက သူရေးခဲ့တဲ့ မြန်မာ့မဟာဂီတစာအုပ်ထဲမှာ ဖော်ပြထားပါတယ်။
ဆက်လက်ပြီး ဆရာမကြီးက ကျနော်တို့ဆီမှာ ကိုယ့်အမျိုးသားရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ဒီလိုတရိုတသေ မထားရှိပဲ နှောင်းလူတွေက ကြိုက်သလိုပြုပြင်လိုက်ကြမယ်ဆိုရင် အားလုံးပျက်စီးကုန်ပါမယ်လို့ စိုးရိမ်တကြီးပြောခဲ့ပါသေးတယ်။
ကိုယ်ကြိုက်ရာကို လုပ်ပါ။ ကိုယ့် နားမှာ ”သာ”တယ်ဆိုရင် ဘာကိုပဲတီးတီး၊ ခေါက်ခေါက်၊ မှုတ်မှုတ်၊ သူ့ခေတ်နဲ့သူ သာယာတယ်ဆိုရင် ပြီးတာပါပဲ။ ဒါပေမယ့် ရှေးကတည်းက ရှိခဲ့ ထားခဲ့တဲ့ အမျိုးသားအမွေ အမျိုးသား ယဉ်ကျေးမှုကြီး တွေကိုတော့ မတို့ထိသင့်ပါဘူးလို့လည်း အကြံပြုသွားပါသေးတယ်။
တကယ်တော့ ကျနော်တို့ ဒီဘက်ခေတ် ၂၁ရာစုမှာ ဂီတဟာ အသွင်သဏ္ဍာန်တစ်မျိုးပြောင်းနေခဲ့ပါပြီ။ လူငယ်ထုကြားမှာ မဟာဂီတ သီးချင်းကြီး သီချင်းခံတွေဟာ မှေးမှိန်လာခဲ့ပါပြီ။ ကျနော်တို့ မြန်မာ့ဂီတမှာရော မဟာဂီတသီချင်းကြီးတွေ နေရာရှိပါသေးရဲ့ လားစဉ်းစားစရာပါ။ ရှေးသီချင်းကြီးတွေကို မြတ်မြတ်နိုးနိုး သီဆိုတီးမှုတ်ခဲ့ကြ၊ ဖော်ထုတ်ထိန်းသိမ်းခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေဟာလည်း အချိန်ကာလရဲ့ တိုက်စားဝါးမျိုမှု့ကြောင့် အလွန်နည်းပါးကုန်ပြီ။
ဖြစ်နိုင်ရင် မြန်မာလူမျိုးတိုင်း လူမျိုးတိုင်း ဘယ်နေရာ ဘယ်ဒေသမှာပဲ ရောက်နေနေ ရှိနေနေ ကိုယ့်အမျိုးသားယဉ်ကျေးမှု ရိုးရာ အမွေအနှစ်တွေကို ထိန်းသိမ်းတတ်ဖို့ အရေးကြီးပါတယ်။
နိုင်ငံရပ်ခြားမှာ ကျင်းပပြုလုပ်တဲ့ ကျောင်းကပွဲတွေ၊ ပဒေသာကပွဲတွေ၊ ရန်ပုံငွေပွဲတွေ၊ ဘယ်ပွဲပဲလုပ်လုပ် မြန်မာ့မဟာဂီတ သီချင်းကြီးတစ်ပုဒ်စ နှစ်ပုဒ်စ ထည့်သွင်းဖျော်ဖြေခြင်းဖြင့် ရိုးရာအမွေကို ထိန်းသိမ်းစောင့်ရှောက်သင့်လှပါတော့သည်။

၁၇-၈-၁၁။

No comments:

Post a Comment