Tuesday, August 16, 2011

အမူးသမားတစ်ယောက်ရဲ့ ဖီလင်


ကျနော်ဖတ်နေတဲ့ ချက်နည်းပြုတ်နည်း ဟင်းဖတ်ပါအောင် ခိုးစားနည်းစာအုပ်..အဲလေ..ဟောနည်းပြောနည်း ကိုယ့်ဘက်ပါအောင်စည်းရုံးနည်း ဆိုတဲ့ ဆရာဖေမြင့်ရဲ့ စာအုပ်ကို အတင်းဖယ်ပြီး ပါးစပ်ဝကို အရက်ခွက်လာတေ့တဲ့ သူငယ်ချင်း။ သူ့ကြည့်တော့ ပုတီးလည်ပင်းဆွဲပြီး ညကြီးမိုးချုပ် နေကာမျက်မှန်ကြီးတပ်ထားသည်။ ဘုမသိဘမသိမို့ တေ့ပေးလျှင် ဝင်အောင်ကစ်တတ်တဲ့ သောက်ကျင့်ကပါနေတော့ အရင်ဆုံး ဖန်ခွက်ထဲကဟာလေး အကုန်မော့ချပြီးမှ သူငယ်ချင်းဖြစ်သူကိုမေးရသည်။ ဘာလုပ်တာတုန်းဟု။ သူကပြန်မဖြေပဲ စာရွက်တစ်ရွက် ထုတ်ပြသည်။ ဆရာဖေမြင့်စာအုပ် ဘေးချပြီး သူထိုးပေးတဲ့စာရွက်ကောက်ဖတ်ကြည့်တော့…
“ဇာတာရှင် အဆိုးအညံ့တွေကိုကာဘာဖြစ်အောင် နေကာမျက်မှန်တပ်ပြီး…ကံဇာတာတောက်အောင် ပုတီးလည်ဆွဲ၍ အချစ်ရေးကံကောင်းဖို့ အချစ်ဆုံးသူငယ်ချင်းကို သူအကြိုက်ဆုံး အစားအသောက်တစ်ခု အံသြသွားအောင် ရုတ်တရက်ကျွေးမွေးလိုက်ပါ။ အသင် အကျိုးထူးပေးပါလိမ့်မည်။” ဆိုတဲ့ ဗေဒင်ယတြာစာရွက်။
ဟိုက်..ကျေးဇူးကြီးလိုက်တဲ့ ဗေဒင်ဆရာ…PR တစ်ခါလျှောက်တစ်ခါကျပြီး လစာပါတိုးသလို၊ ရေဆာနေချိန် ရေတွင်းထဲကျသလို အခုလို အာသီသ ပျင်းပျနေတုန်း တစ်ခွက်တစ်ဖလားလောက်မော့လိုက်ရတာ ဘာနဲ့မှ မလဲနိုင်တဲ့ Feel…ရှက်ကီရာနဲ့ ညအိပ်လိုက်ရသလိုပါပဲ။ ကျေးဇူးပဲသူငယ်ချင်း။ မင်းအချစ်ရေးကံကောင်းပါစေ။
ကျနော်ဆုတောင်းပေးလိုက်တော့ အဲ့ကောင်ကြီး အတော်ပျော်သွားပုံရသည်။ သွားကြီးတွေဖြီးလို့။ ကျနော့်ကိုပြုံးပြုံးဖြီးဖြီး လုပ်ရင်းကြည့်နေသည်။ စိတ်ထဲမသင်္ကာံစရာဖြစ်ချင်လာလို့ ရုပ်တည်နဲ့ တစ်ချက်မေးလိုက်သည်။
“ငါ့ဘာလို့စိုက်ကြည့်ပြီး ဖြီးနေရတာလဲ”   
“ယောက်ဖ” 
“ဘာကွ”
ဒီကောင်က ရာရာစစ ကျနော့်ကို ယောက်ဖလို့ ကောက်ခါငင်ကာ ထခေါ်တော့ ဒီကောင့်ရဲ့ အကြံကို သိပြီးသားမို့ ကိုယ့်ဒေါသ ကိုယ်မထွက်ခင် တောက် ပြင်းပြင်းတချက်ခေါက်လိုက်မိသည်။
“ဆောရီးကွာ ခုဏကမင်းကိုတိုက်တဲ့ အရက်ထဲမှာ အိပ်ဆေးတွေထည့်ထားတယ်ကွ။ အိပ်ပျော်အောင် အိပ်ကွာ။ မနက်ကျရင် မင်းဆက်သောက်ဖို့ ဟိုးမှာကြည့်စမ်း….”
သူကကျနော့်ကို လက်ညှိုးထိုးပြပေမယ့်မျက်လုံးထဲ ဝါးတားတားဖြစ်လာရာမှ ဘာမှမသိရတော့ပေ။
မနက်လင်းတော့ လည်ပင်းမှာ ပုတီးနဲ့စာတစ်စောင်ဆွဲရက်သားဖြစ်နေသည်။ ဘာစာပါလိမ့်လို့ သိချင်ဇောနဲ့ဖတ်ကြည့်လိုက်ရာ…
“ယောက်ဖ မင်းညီမ လမင်းကို ငါခိုးပြေးသွားပြီ..ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ..ခွင့်မလွှတ်လဲ ဂရုမစိုက်ပါ။
မင်းရဲ့  ယောက်ဖအသစ်စက်စက်..
ကျန်ကျောင်း။”

အောင်မလေးဗျ…အမယ်မင်းရဲ့ လုပ်ရက်လေခြင်း အဟင်း အဟင်း။ သူငယ်ချင်းအရင်းကြီးမို့ မလုပ်လောက်ဘူးထင်တာ…
အခုတော့ သောက်ကျိုးနဲပါပေါ့။ အဲ့ဒါတွေသိလို့ အဖေနဲ့ အမေ့ကို ပြောပါတယ်။ ညီမလေးကို ဒီ မလွှတ်ပါနဲ့လို့… မရဘူး.. အတင်းလွှတ်တယ်။ ဒီမှာက ယောက်ကျားလေးသူငယ်ချင်းတွေက ယုံရတာမဟုတ်ဘူး။ အခုတော့…
ဂလု..ဂလု…မောနင်းပက်လေးရှိနေတာပဲ တော်သေးတော့တယ်။ ညီမကို ခိုးပြေးတဲ့ သူခိုးက ဒီလိုကျတော့လဲ တော်သား။ CHIVAS တစ်လုံးနဲ့ ဝက်သားခြောက်တွေစီစဉ်ပေးသွားတာ တကယ်ချစ်ဖို့ကောင်းတယ်။ ဒါတောင် ညီမတစ်ယောက်ပဲရှိလို့။ သုံးယောက်လောက်များရှိရင်..ဟာကွာ…ယောက်ဖတွေပြုစုသမျှ မိန့်မိန့်ကြီး ထိုင်ဘုန်းပေးရုံပဲ…အဟ။ အဟင်း။ အဟင့် အဲ..တကယ်တော့ အခု ဒုက္ခနဲ့တွေ့ပြီ။ အိမ်ကို ဘယ်လိုပြောရမလဲ။ အစ်ကိုတစ်ယောက်လုံးရှိတာတောင် ညီမခိုးရာလိုက်ပြေးတာ မသိရကောင်းလားလို့ ဆူရင်တော့ခက်ပြီ။ မဖြစ်ဘူး။ ဒင်းတို့ကိုရအောင်ခွဲရမယ်။ မဖြစ်ဖြစ်တဲ့နည်းနဲ့ကို ခွဲရမယ်။ ဟိုကောင် ခွေးမသားကျန်ကျောင်းကလဲ နှမချင်းမှ ကိုယ်ချင်းမစာ၊ ဘော်ဒါကန့်ကို ဗုံးခွဲချင်တဲ့ကောင်။ ဟိုကောင်တွေကရော…ဘာလို့မတားကြတာလဲ။ ရေခြားမြေခြား မိဝေးဖဝေးမှာ တစ်အိမ်ထဲနေကြရတဲ့သူငယ်ချင်းတွေ ဒါလောက်လေးတောင် အားမကိုးကြရဘူး။ အခု အဲ့ဒီ တကောင့်သားတွေရော ဘယ်ရောက်သွားကြပါလိမ့်။ ညကမှ တစ်အိမ်လုံးရှိကြသေးတယ်။ အဲ…စာတစ်စောင်တွေ့ပြန်ပြီဟ။ ဘာပါလိမ့်။
“သူငယ်ချင်း…ဒေါသဖြစ်မယ်ဆိုရင် တစ်ခွက်လောက်အရင်ချလိုက်ကွာ…မင်းညီမ လမင်းနဲ့ ဟိုကောင်ကျန်ကျောင်း အခုလောက်ဆို ဖူးခက်မှာ ပူးကပ်နေကြလောက်ပြီကွ…ဟားဟားဟား…စိတ်မဆိုးပါနဲ့ကွာ…ငါတို့ အကောင်းဆုံး စီစဉ်ပေးထားပါတယ်။ အခုတော့ စင်ကာပူမှာ မင်းတစ်ယောက်ထဲ ချန်ပြီးထားခဲ့ရလို့ စိတ်မကောင်းပါဘူးကွာ။ ငါတို့အားလုံး ဖူးခက်ရောက်နေကြပြီ။”
သြော်..ကောင်းလိုက်ကြတာ။ လူယုတ်မာတွေ…ခွေးသတောင်းစားတွေ…တာရိုးကသွားတွေ…ငါ့ကို လက်နှီးစုတ်လို သုတ်ချင် သလိုသုတ်၊ လုပ်ချင်သလိုလုပ်ပြီး ဒီလို စော်လကားမော်လကားသွားကြတယ်ပေါ့လေ။
ရတယ်ကွ…ရတယ်။ ငါဆိုတဲ့ကောင်ကလဲ သူများက တဲ့ဖဲပစ်ရင်တောင် ဂျိုကာရအောင်ဆွဲပြီးမှ ဒေါင်းတတ်တဲ့ကောင်ပဲ။ နည်းတဲ့သတ္တိမှမဟုတ်တာ။ တွေ့ကြသေးတာပေါ့ကွာ။ အဲ့ကောင်တွေရဲ့  ရှိသမျှ ရည်းစားတွေဆီ ဖုန်းဆက်။  facebook ပေါ်ကနေ မကောင်းသတင်းတွေလွှင့်ဖို့ ကွန်ပျူတာရှေ့ထိုင်လိုက်တယ်ဆိုရင်ပဲ gtalk မှာ အမေရောက်နေသည်။ ကျနော့်ကိုမြင်တော့ အမေဖုန်းခေါ်သည်။
“ဟဲ့သားကြီး နေကောင်းလား။ မင်းညီမလေးရော”
“အမေ”
“ဟေ”
“ဟို”
“ဟဲ့ ဘာဖြစ်နေတာတုန်း”
“ဒီလိုရှိတယ်အမေ”
“ဟဲ့ ဘယ်လိုရှိတာလဲ”
ဒုက္ခနဲ့လှလှနဲ့ကတော့တွေ့ပြီ။ အမေ့ကိုဘယ်လိုရှင်းပြရပါ့မလဲ။ ဂလု…ဂလု…မထူးပါဘူး။ လက်ကျန်လေးအရင်မော့ပြီးရဲဆေး တင်လိုက်မှပဲ အာသွက်လျှာသွက်ပြောရဲသွားမှာ။
“အေ့…” ဟိုက်..လေဂျင်သံ။ အမေကြားသွားပြီ။
“ဟဲ့ ငမူး..ငရူး…စောစောစီးစီး လေဂျင်တက်နေပြီလား…သေချင်လို့လား အရက်သမားဖြစ်နေပြီလားဟင်။ အစ်ကိုလုပ်ပြီး မူးနေမှတော့ ကိုယ့်ညီမလေးကို ဘယ်လိုစောက်ရှောင့်မလဲ”
“ဟုတ်ပါတယ်အမေ…သားကြောင့်ပါ…သားကိုခွင့်လွှတ်ပါ…ဟို..ဟို..ဟိုလေ”
“ဟဲ့ တာရာ..ဘာတွေဖြစ်နေတာတုန်း အမေနဲ့စကားပြောတာ တဟိုဟိုနဲ့ ရဲစခန်းမှာ အမှုစစ်ခံနေသလိုပဲ”
“မဟုတ်ဘူး အမေရဲ့  ဟုတ်တယ် ဟိုဟို”
“လာပြန်ပြီလား ဒီဟိုဟို ပြောစရာရှိ ပွင့်ပွင့်လင်းလင်းပြောစမ်း။ ဘာပြောစရာရှိလို့လဲ။ ဘာလဲ နင်ရည်းစားရနေပြီလား။ မထားနဲ့မပြောပါဘူး…ထားပါ။ ဒါပေမယ့် မင်းညီမလေးက ကလေးဆိုတော့ အတုမြင် အတတ်သင်”
“အမေ…ညီမလေးက အတုမြင် အတတ်သင် ဟုတ်လား”
“ဟုတ်တယ်လေ..မင်းက ရှေ့ကနေ မဟုတ်တာလုပ်ရင် သူကနောက်ကလိုက်လုပ်မှာပေါ့”
အမယ်မင်းရဲ့ ။ အရပ်ကတို့ရေ…ကြားလို့မှကောင်းကြသေးရဲ့ လားလို့။ ကျနော့်အဖြစ်ကို ဘယ်လိုရှင်းပြရပါ့မလဲ။
ကဲမထူးပါဘူး။ အခုမပြောလဲ နောက်ပြောရမှာပဲ…ကဲ..ပြောမယ်ကွာ…
“အမေ…လမင်း ခိုးရာလိုက်သွားပြီဗျ မနေ့ညက”
“ငမူးရေ..မူးမူးရူးရူးနဲ့ ဘာတွေလျှောက်ပြောနေတာတုန်း…ကိုယ့်ညီမကို အဲ့လိုမျိုး မှိုချိုးမျှစ်ချိုးပြောစရာလားဟဲ့ အရက်သမားရဲ့ ”
အဟီး။ လုပ်ကြပါဦးဗျာ..ဘယ်လိုရှင်းပြရမလဲ…ခက်ပြီ။
“ကဲ သားကြီးရေ..အမေလုပ်စရာတွေရှိလို့ နောက်မှဆက်ပြောကြတာပေါ့..ညီမလေးကိုခေါ်လိုက်…အမေခဏပြောချင်လို့။”
“ညီမလေး လင်နောက်လိုက်သွားပါပြီဆိုမှ…အမေရဲ့  ဟီးဟီးဟီး”
“သြော် ခက်တော့တာပဲဒီငမူးနဲ့တော့….မင်းလဲ ဘယ်တော့မှ စကားအတည်မပြောဘူး”
ကျနော်ဘယ်လိုရှင်းပြရှင်းပြ မယုံကြည်တဲ့ အမေ့အတွက် ပိုပြီးဒုက္ခရောက်ရပြီ။ မဖြစ်ဘူး။. နာမှသာနာရော…ကိုယ့်ညီမတော့ ကိုယ်ရအောင်ပြန်ဆွယ်ရမှာပဲ။ အင်း…ဟိုကောင်တွေပြောသလို ဖူးခက်မှာ ပူးကပ်နေ…တောက်…မတွေးတာပဲကောင်းတယ်။ ဒင်းတို့ ဒီပဲပြန်လာရမှာ..ပြန်လာပါစေအုံး…တွေ့မယ်။ တာရာအကြောင်း ကောင်းကောင်းသိစေရမယ်ကွ။
“ကိုကြီး”
“သွား…ငါ့ကိုလာမခေါ်နဲ့” အဲ..ဘယ်ကအသံလဲဟ။ ကျနော်ရုတ်တရက်ကြားလိုက်သည့် ကိုကြီး ဆိုသောအသံ။ ဒါလမင်းရဲ့ အသံ။ အိမ်ထဲကပဲလာတဲ့အသံ။ ကျနော် ကွန်ပျူတာရှေ့ကထပြီး ဧည့်ခန်းထဲ လျှောက်သွားလိုက်တယ်ဆိုရင်ပဲ…
“ကိုကြီး”
“ဟင်…နင်..နင်…ဘယ်လိုလုပ်ပြီး ဒီအခန်းထဲရောက်နေတာလဲ။”
ကျနော်တွေ့လိုက်ရသူမှာ ညီမလေးမဟုတ်ပါ။ ကျနော် အံ့အားသင့်လည်း သင့်လောက်သည်။ လမင်း သူငယ်ချင်းကဘယ်လိုဖြစ်ပြီး အိမ်ထဲ တံခါးဖွင့်သံမကြားပဲ ဘာလို့ရောက်နေရတာပါလိမ့်။
“ကိုကြီး”
“ဟာ..ဘာလို့ တကိုကြီးထဲကိုကြီးနေရတာတုန်း…ညည်းကဘယ်လိုလုပ်ပြီး ဒီရောက်နေရတာလဲ”
“ကိုကြီးပဲ သမီးကို ချစ်လှပါချည်ရဲ့ ဆိုပြီး ညက အတင်းခေါ်လာတာလေ… အခုတော့… နင်ဘယ်လိုရောက်လာတာလဲလို့မေးပြီပေါ့လေ..အဟင့် အဟင့်”
အလိုလေး။ ရှုပ်ကုန်ပြီ။ ဘာတွေလဲ…ညက သူ့ကိုခိုးလာတယ်ဟုတ်လား…မဟုတ်သေးပါဘူး။ တခုခုတော့လွဲနေပြီ။ ငါဘာမှသတိမရတော့ပါလား။ အဲ…ဟုတ်ပြီ။ တခုတော့ သတိရပြီ။ ငါဖတ်နေတဲ့ ဖေမြင့်စာအုပ်။ အဲ့ဒီစာအုပ်ဖတ်နေတုန်း ဟိုကောင်…ငါ့ကိုလုပ်သွားတာ။ အကွက်ဆင်သွားတာ။
“နေပါဦး…ညည်းကို ငါကခိုးလာတယ်ပြောရအောင် ညည်းနဲ့ငါနဲ့က ဘယ်လိုများပတ်သက်ခဲ့ဖူးလို့လဲ”
“ကိုကြီးပဲ သမီးကို ချစ်တယ် လက်ထပ်ပါရစေဆို”
“ဘယ်တုန်းကလဲ”
“ညက”
ဟိုက်…ဒုက္ခော…ငါမူးနေတာလား…ရူးနေတာလား…ဒါမှမဟုတ် သတိလစ်ပြီး ဝိညာဉ်က တခြားကမ္ဘာရောက်နေတာများလား။ အဖြေမရ။ စဉ်းစားမရတဲ့ အဆုံး…တခွက်ထပ်ချပြီး ခေါင်းအေးအေးထား ပြန်တွေးကြည့်ဦးမှပဲ။ ဂလု…ဂလု…အေ့
“ကိုတာရာ…ကိုတာရာ”
ကျနော့်နာမည်ကို အဆက်မပြတ်ခေါ်နေသံကြားလို့ ခေါင်းထောင်ကြည့်လိုက်မိသည်။
“ဘယ်သူလဲ…ဘာလဲကွ…ဘာလုပ်မလို့ ငါ့နာမည်ခေါ်နေရတာလဲ…သေချင်လို့လား။”
“ကိုတာရာ…ကိုတာရာ…”
မဟုတ်သေးပါဘူး။ ဒါမိန်းကလေးတစ်ယောက်ရဲ့ အသံ။ဘာလို့ ဆက်တိုက်ခေါ်နေရတာလဲ။ မျက်လုံးဝိုးတဝါးကြားကပြူးပြဲကြည့်မိတော့…ဟာ…နောက်တစ်ယောက်။ ဒါကျတော့ ဟိုကောင် မိုးသီးရဲ့ ရည်းစား။
“ကိုတာရာ ကိုမိုးရော ကိုမိုးရောလို့”
“ဟဲ့ နင့်ဘဲက ဖူးခက်သွားတယ်လေ။ နင့်ကိုမခေါ်သွားဘူးလား။ ငါ့ညီမကိုတော့ ဟိုမအေဘေးကျန်ကျောင်း မ သွားပြီ။ ငါအရမ်းစိတ်ညစ်နေတယ်ဟာ။ ဒါနဲ့ နင်ကရော ဘာလဲ ငါညက ခိုးလာမိပြန်ပြီလား။”
“ဟာ ကိုတာရာကြီးကလဲ မူးမူးရူးရူးနဲ့ ဘာတွေလျှောက်ပြောနေတာလဲ…သင်းသင်းနဲ့ ကိုမိုး မနက်ကပဲ ဖုန်းဆက်ချိန်းပြီး ဒီနေ့ စား ပွဲ သောက်ပွဲရှိတယ် အိမ်လာခဲ့ဆိုလို့ လာတာလေ..ဒါနဲ့ လမင်းကို ကိုကျန်ကျောင်း ခိုးသွားလို့ဟုတ်လား။”
“အေးလေ…အေ့…ဝေါ့…ဟုတ်..အေ့..ဟုတ်တယ်လေ။ နင်သိလို့လား”
“သိတယ်လေ…ကိုတာရာကြီးစိတ်တွေဆိုးပြီး ဖူးခက်ကို ဆူနာမီထပ်သွားပါစေ ဆုတောင်းနေတာ မဟုတ်လား… အဲ…ဟုတ်လောက်ဘူးထင်တယ်။ ကိုတာရာလဲ ညက လမင်းသူငယ်ချင်း စုစု ကိုခိုးလာတယ်မဟုတ်လား။ ဟိဟိ။”
သူပြောမှ ပိုဆိုးကုန်တော့သည်။ ဘာကို ဘယ်လိုမှ နားမလည်နိုင်တော့ပေ။ ကျနော် နားမလည်ပဲ အူကြောင်ကြောင်ဖြစ် နေပုံကိုကြည့်ရင်း သင်းသင်းတစ်ယောက် အချက်ပြလိုက်သည့်အခါ…happy birthday သီချင်းသံနဲ့ သံပြိုင် သီဆိုရင်း အိမ်ထဲ ဝင်လာကြသော ကျနော့်ညီမ လမင်း။ ဟိုကောင် ကျန်ကျောင်းနဲ့ မိုးသီး။ ပြီးတော့ စုစု။ ပြီးတော့ စုစု အစ်ကို ကျနော်တို့ သူငယ်ချင်းဖိုးချို။ အားလုံး လူစုံတက်စုံပါလာကြသည်။
“ဟေ့ကောင် တာရာ..ဒီနေ့ မင်းနှစ်ဆယ့်ခွန်ပြည့်တဲ့မွေးနေ့လေ…မင်းကိုငါတို့အားလုံးက တမင်နောက်ချင်ပြောင်ချင်လို့ အခုလိုအကွက်ချပြီးစီစဉ်လိုက်တာကွ…စိတ်ဆိုးပါနဲ့နော်။”
ကျန်ကျောင်းစကားကိုကြားတော့ ဘာပြောလို့ပြောရမှန်းမသိအောင် ဝမ်းသာသလို ဝမ်းနည်းသလိုဖြစ်ရသည်။ ပြီးတော့ လမင်းကို ကြည့်ပြီးမေးလိုက်မိသည်။
“ညီမလေး…နင် ကျန်ကျောင်းနဲ့ ခိုးရာလိုက်မသွားပါဘူးနော် ဟုတ်တယ်မလား”
ကျနော့်စကားအဆုံးမှာတော့ ရယ်သံလှေုာင်သံများ ထွက်ပေါ်လာပါတော့သည်။
“ကိုကြီးက အရက်သောက်ရမယ်ဆို ကိုယ့်ညီမကို ဘာဖြစ်ဖြစ်ပစ်ထားပြီး မူးနေတာ။ gtalk မှာလဲ အမေ့အသံမှန်းမသိ လမင်းအသံမှန်းမသိ။ ပြီးတော့ စုစုကိုလဲ ခိုးလာမှန်း ဘာမှန်းတောင်မသိလောက်အောင် အရက်ကို အဲ့လောက် သောက်ရသလား…အမေနဲ့တိုင်ပြောမယ်။
“ဟဲ့ ဟဲ့ မလုပ်နဲ့နော်…ဟာ..တိုင်ချင် တိုင်တော့ဟာ…ဟေ့ကောင် တွေ မထူးပါဘူးကွာ…လာကြ…
ငါ့မွေးနေ့မှာ တခွက် တဖလား cheer”
ကျနော့်ရဲ့  မထူနိုင်သေးသောခေါင်းနှင့် မကြည်လင်သေးသော ဦးနှောက်များအတွက် Birthday Beer လေးကချိုမိန်မှုများစွာနဲ့ လန်းဆန်းအားအင်များဖြစ်ထွန်းစေဖို့။   ။


(၅-၉-၂၀၀၈)

1 comment: