Friday, August 26, 2011

မြို့ ကလေးရယ် လွမ်းမိတယ်


          ကျနော် ဒီမြို့ လေးကို ရောက်ခဲ့တာ ၄နှစ်ကျော်ပါပြီ။ ဒီမြို့ ကလေးဟာ ကျနော့်ဇာတိမြို့ ရဲ့  သုံးပုံ ပုံ တစ်ပုံစာပဲ ရှိပါသည်။ ဒီမြို့ ကလေးမှာ ချယ်ရီတွေ မပွင့်ပါ။ ကြက်ခြံ၊ နွားခြံ၊ ဝက်ခြံတွေလည်း မရှိပါ။ ကော်ဖီပင်တွေလည်း မတွေ့ရပါ။         ဒါပေမယ့်ဒီမြို့ လေးမှာ လိုချင်တာ အကုန်ရနေပါသည်။

          ကျနော် ဒီမြို့ လေးကို ချစ်သည်။ သံယောဇဉ်လည်း ဖြစ်မိသည်။ ဒီမြို့ လေးမှာ နေရတာ လုံခြုံတယ်လို့ ကိုယ့်ကိုကိုယ် ခံစားမိသည်။ ကျနော့်ဇာတိမြို့ ကလို အရက်မူးပြီး လမ်းပေါ် အော်ဆဲနေတတ်သူတွေလည်း မရှိပါ။ မီးပွိုင့်မှာ မုန့်ဖိုးတောင်းတတ်တဲ့ ပီကယ်ကြီးတွေလဲ မရှိပါ။ ညကြီးသန်းခေါင် အိပ်ရေးပျက်အောင် ဧည့်စာရင်း လာစစ်မယ့် ပုဂ္ဂိုလ်တွေလဲ မရှိပါ။ ပြီးတော့ လူလူချင်းကြည့်ပြီး အတင်းအဖျင်းပြောမယ့်သူတွေလည်း မရှိပါ။

ထူးခြားတာက ဒီမြို့ လေးမှာ ဖုန်ဆိုတာ မရှိဘူး၊ ခြင်တွေလဲမရှိဘူး။ နေရာတိုင်းမှာ စိမ်းစိုနေတတ်သည်။ တစ်ခုတော့ရှိသည်။     ဒီမြို့ ကလေးက ခပ်တည်တည်နေတတ်သည်။ စည်းကမ်းကြီးသည်။ သူ့ရင်ခွင်မှာ နွေးထွေးစွာ ခိုလှုံခွင့် ပေးထားပြီး သူ့ကို ဖြစ်ကလဲ့စမ်းလုပ်လို့မရ။ တွေ့ရာနေရာ အမှိုက်ပစ်လို့မရ။ ဆေးလိပ်သောက်လို့မရ။ အပေါ့အလေး သွားလို့မရ။ 

          သူကသန့်သန့်ရှင်းရှင်း နေလေ့ရှိတဲ့မြို့ ။ ဒီမြို့ မှာနေခွင့်ရသူတွေအတွက် သူက အားလုံးအဆင်ပြေအောင် စီစဉ်ပေးပြီးသား။ မိုးရွာမှာ နေပူမှာ ရာသီဥတုကို လေ့လာစရာမလိုဘူး။ ကျနော့်ဇာတိကမိဘများလို အပြင်သွားခါနီး သားရေ မိုးတွေလာတယ် ထီးယူဖို့ မမေ့နဲ့လို့ အထူးတလည် မှာစရာမလိုဘူး။ နေရာတိုင်းမှာ အမိုးနဲ့လျှောက်လမ်းတွေရှိသည်။ ပြီးတော့ အပြင် သွားတော့မယ်ဆိုရင် အမေတို့မေးနေကျစကား သားရေ အကြွေလဲသွားဦး ကားပေါ်မှာ အတန်ကြီးပေးလို့ စပယ်ယာ အဟောက်ခံနေရမယ် ဆိုတာမျိုး ဒီမြို့ ကလေးမှာ မလိုဘူး။ ဒီမြို့ လေးရဲ့  လမ်းပန်းဆက်သွယ်ရေးနဲ့  သယ်ယူပို့ဆောင်ရေးဟာ အလွန်အဆင်ပြေ လွယ်ကူချောမွေ့ ပါသည်။

          ဒီမြို့ လေးရဲ့  လူနေမှု အဆင့်အတန်းကလည်း မြင့်သည်။ မြို့ ကလေး ဟုသာဆိုသည်။ တိုက်အမြင့်ကြီးတွေပေါသည်။ ရှော့ပင်းမောတွေပေါသည်။ ဒီမြို့ လေးမှာ အသုံးအဆောင် ပစ္စည်းအဆန်းတွေ၊ နည်းပညာအသစ်အဆန်းတွေ၊ ဒီဇိုင်းအဆန်းတွေပေါသည်။ အဲ့ဒီအသစ်အဆန်းတွေအတွက် ဒီမြို့ ကလေးဟာ အလုပ်ကြိုးစားနေရသည်။ အလုပ်လုပ်နေသူတွေကို သူချစ်သည်။ သူ့ဆီမှာနေပြီး သူ့ကို တိုးတက်အောင်၊ သန့်ရှင်းလှပအောင် နေပေးသူတွေကို သူလေးစားသည်။ ဒါပေမယ့် ဒီမြို့ ကလေးက သဘောကောင်းပြီး ဒေါသကြီးသည်။ အမှားတစ်ခုခု ကျူးလွန်မိလျှင် သူ့ဆီမှာ ခိုလှုံခွင့်မပြုတော့ပေ။ ဒါကြောင့် ဒီမြို့ လေးမှာ နေတဲ့သူအားလုံး အမှားဖြစ်မှာ အရမ်းကြောက်ကြသည်။

          ထိုအကြောက်တရားများကြောင့် ဒီမြို့ ခံတွေဟာ ဘာကိုမှ လက်တဲ့မစမ်းကြပေ။ အဲကွန်းပျက်လည်း မပြင်တတ်။ တီဗီပျက်လည်း မပြင်တတ်။ ရေဘုံဘိုင် ပျက်လည်း ဖြုတ်ပြီး မကြည့်တတ်။ ယုတ်စွအဆုံး ကုတင်တိုင်ကျိုးရင်တောင် သံနဲ့ပြန်ရိုက်ပြီး မပြင်တတ်။ သူတို့တွေအတွက် ဒီမြို့ လေးဟာ အဆင်သင့်တွေကြီးဖြစ်အောင် စီစဉ်ပေးထားခဲ့တာကိုး။ တကယ်တော့ ဒီမြို့ လေးရဲ့  စေတနာတွေဟာ သူတို့အပေါ်အပြည့်ပါ။ ကျနော်တို့ဇာတိမှာဆို ကိုယ့်တိုက် ကိုယ့်အိမ် သန့်ရှင်းရေး ကိုယ်တွေပဲလုပ်ကြရတာလေ။ သန့်ရှင်းရေး စနေနေ့တိုင်း လုပ်အားပေးဆိုပြီး တစ်အိမ်တစ်ယောက် ထွက်ကြရတာလေ။          ဒီမြို့ ကလေးကတော့ သူ့ဟာသူ လုပ်ပေးရှာသည်။ သူ့မြို့ ခံတွေကို အညစ်အပတ်ပေးမခံဘူး။

           ဒီမြို့ ကလေးမှာ စားရေးသောက်ရေးလည်း အဆင်ပြေသည်။ တရုတ်စာ၊ ကုလားစာ၊ မလေးစာ၊ အင်ဒိုစာ အကုန်ရသည်။ ကျနော့်အကြိုက်တွေကတော့ တရုတ်စာမှာဆို ကြက်ဆီထမင်းကို ကြိုက်သည်။ ဈေးလဲချိုသည်။ စားလို့လည်းကောင်းသည်။ ပြီးတော့ မလေးစာထဲက မီဂိုရင်းလို့ခေါ်တဲ့ မလေးရှားခေါက်ဆွဲကြော်ကို ကြိုက်သည်။ အင်ဒိုစာ အရမ်ပန်ညပ် လို့ခေါ်တဲ့ ထမင်းနဲ့ ကြက်အမွကြော် ကတော့ကျနော့်အကြိုက်ဆုံး အစားအစာတစ်ခုပါပဲ။ ကုလားစာတော့ ကျနော်မကြိုက်ပါ။ ရံဖန်ရံခါ မိတ်ဆွေကုလားတွေနဲ့ အတူလိုက်စားဖြစ်ရင်တောင် ပလာတာတစ်ချပ်ပဲစားဖြစ်သည်။ ဒါတောင် မွေးကတည်းက ပလတာစားလာခဲ့ပေလို့။

          ဒီမြို့ ကလေးမှာ ကော်ဖီအကောင်းစားတွေလဲ သောက်လို့ရသည်။ ကျနော်တို့လို လက်ရွေးစင်ကော်ဖီနဲ့ ကြီးပြင်းခဲ့ရတဲ့လူတွေ အတွက် ဒီကကော်ဖီတွေဟာ ရိုးတွင်းချဉ်ဆီထိ စိမ့်ဝင်သွားလောက်အောင် ကောင်းသည်။ လက်ဖက်ရည်ကိုတော့ တကူးတက ဆိုင်ကောင်းကောင်းထိုင်ပြီး မသောက်တတ်ပါ။ ကြုံတဲ့ နေရာတစ်နေရာမှာ တရုတ်လို တေးကားတိုက် လို့မှာလိုက်ရင် ကျနော်သောက်ချင်တဲ့ ချိုစိမ့်လက်ဖက်ရည်တစ်ခွက် သောက်ရတော့တာပါပဲ။ ဒါပေမယ့် ကျနော်က အဲ့ဒီတေးကားတိုက်ထက် တီးတာရစ် လက်ဖက်ရည်ဆိုင်တွေက ဂျင်ဂျာတီးကို ပိုပြီး အာသီသရှိသည်။

          ဒီမြို့ ကလေးဟာ ကျနော်တို့လို ဧည့်သည်မြို့ သားတွေအတွက် အင်တာတိန်းမန့် ကောင်းကောင်း လုပ်ပေးတဲ့ ချစ်စရာကောင်းတဲ့ မြို့ ကလေးပါ။ ရုပ်ရှင်ရုံတွေ၊ မြူးဇစ်ဘားတွေနဲ့  ညကလပ်တွေ အစုံစီစဉ်ပေးထားပါသည်။ သူ့ဆီလာတဲ့သူတွေ မပျင်းရအောင် ဒီမြို့ လေးရဲ့ ဆွဲဆောင်မှု တစ်ခုပေါ့။ ဒါတင်မကပါဘူး။ ဝါသနာပါသူတိုင်းအတွက် ကာစီနိုရုံကြီးတွေလဲ ဆောက်ပေးထားသေးတယ်။ ကျနော်တို့ ဇာတိမှာဆို ဘုရားပွဲရှိမှ တရားဝင်ဆော့လို့ရတဲ့ ခြောက်ကောင်ဂျင်တို့၊ ဖဲကစားတာတို့ အစရှိတဲ့ အလောင်းကစားနည်းပေါင်းစုံကို ဒီမြို့ ကလေးမှာ စည်းစနစ်တကျ တရားဝင်ဆော့ခွင့်ပြုထားပါသည်။

          ဒီမြို့ ကလေးရဲ့  အကောင်းဆုံးတွေထဲက တစ်ခုကတော့ ဆက်သွယ်ရေးစနစ်ပါပဲ။ ကျနော့်ဇာတိမှာလို ဖုန်းပြောဖို့ နေရာလိုက်ရွှေ စရာမလိုပါဘူး။ ကားတံခါးမှန်ဖွင့်ပြီးမှလည်း ပြောဖို့မလိုပါဘူး။ အချိန်မရွေး၊ နေရာမရွေး လျှင်မြန်စွာ ဆက်သွယ်နိုင်ပါသည်။ ရုံးသွားရင်းပဲဖြစ်စေ၊ ကျောင်းသွားရင်းပဲ ဖြစ်စေ၊ ဈေးသွားရင်းပဲ ဖြစ်စေ ကိုယ်နဲ့အတူ ကမ္ဘာကြီးကိုပါ တစ်ပါတည်းခေါ်သွားလို့ရသည်။ အင်တာနက်စနစ်ရဲ့ အားကောင်းသော နည်းပညာရပ်ကြောင့် ဒီမြို့ ကလေးဟာ ကမ္ဘာပေါ်မှာ နေချင်စဖွယ် အကောင်းဆုံးမြို့ ကလေးရယ်ပါ။

          ပြီးတော့ ဒီမြို့ ကလေးမှာ ရှိတဲ့ ဘယ်လုပ်ငန်းမဆို ဝန်ဆောင်မှုဆားဗစ် အပြည့်ရှိသည်။ အငှားယာဉ်စီးဖို့ လမ်းပေါ်ထွက်တားစရာမလိုဘူး။ အခန်းထဲကနေ ဘွတ်ကင်လှမ်းလုပ်လိုက်ရုံပဲ။ လိုင်းကားစီးဖို့လဲ ကားမှတ်တိုင်မှာ ကိုယ်စီးချင်တဲ့ကားကို အကြာကြီးစောင့်နေဖို့မလိုဘူး။ အွန်လိုင်းကနေ စစ်ကြည့်လိုက်တာနဲ့ ဘယ်ကားနံပါတ် ဘယ်အချိန်ရောက်မယ်ဆိုတာ အတိအကျဖော်ပြပြီးသား။ ကိုယ်က အလျှင်လိုလို့ မစောင့်နိုင်ရင် ရထားစီးပြီးသွားလို့ရသည်။ ဘူတာရုံတွေမှာလည်း ဘယ်ရထားက ဘယ်နှမိနှစ်မှာ ရောက်မယ်၊ ဘယ်ဘူတာကနေ ဘယ်ဘူတာကို ဘယ်လောက်ကြာမယ်ဆိုတာ အစအဆုံး ဖော်ပြနေသည်။ ဒါတင်ဘယ်ကမလဲ၊ ဒီမြို့ ကလေးရဲ့  ဓလေ့က နေ့စဉ်ထုတ်သတင်းစာကို ဘူတာရုံတွေမှာ အလကားဝေပေးနေတာလေ။ မနက်ရုံးသွားရင်း ရထားစီး ကားစီးရင်း သတင်းစာလေးဖတ်သွားရုံပါပဲ။ ဒါတောင် လွန်ခဲ့တဲ့ ၂နှစ်လောက်က လိုင်းကားတွေပေါ်မှာ တီဗီလိုင်းပါသေးသည်။ ကျနော်တို့လို သတင်းစာကိုင်ဖတ်ရမှာ ပျင်းတဲ့လူတွေအတွက် ကားပေါ်မှာ ရုံးသွားရင်း သတင်းကြည့်သွားလို့ရသည်။ အခုတော့ ကားတွေပေါ်မှာ တီဗီလိုင်းများ မပြတော့ပါ။ ဒါပေမယ့် ကျနော်တို့မှာ ဖုန်းတွေရှိသည်။ ထိုဖုန်းတွေဖြင့် ကမ္ဘာကြီးကို တံခါးဖွင့်ကြည့်လို့ရနေသည်။

          ဒီမြို့ ကလေးမှာ ကျနော်နေလာခဲ့တာ ၄နှစ်ကျော်ခဲ့ပါပြီ။ ဒီမြို့ လေးနဲ့ ဒီမြို့ ကလူတွေ အကြောင်းကိုလည်း ကောင်းကောင်းသိနေခဲ့ပါပြီ။ ဒီမြို့ ကလူတွေဟာ ကျနော့်ဇာတိက လူတွေထက် နေမှုထိုင်မှုအဆင့်မြင့်ကြပေမယ့် ယဉ်ကျေးမှုအရ၊ ကိုယ်ချင်းစာတရားများအရ၊ ကျနော့်ဇာတိက လူတွေလောက် အဆင့်မမြင့်ကြတာတော့ အမှန်ပင်ဖြစ်သည်။ ဒီမြို့ မှာ မွေး၊ ဒီမြို့ မှာ ကြီးပြင်းကြရတဲ့ ကလေးတွေဟာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် အသိတရားနဲ့ ဂါရဝေါစ နိဝါတောစ ဆိုတာတွေ မရှိကြတော့ပေ။ လူကြီးသူမကို ရိုသေရကောင်းမှန်း၊  ကိုယ့်ထက်အသက်အရွယ်ကြီးသူတွေအပေါ် ရိုသေရကောင်းမှန်း သူတို့နားမလည်ကြပေ။ သူတို့အသိမှာ သူတို့တွေမနက်မိုးလင်းတာနှင့် အရာအားလုံး အဆင်သင့် လောကကြီးကို တွေ့နေကြရသည်။ သူတို့အတွက် ဒေသန္တရဗဟုသုတသည် အင်တာနက်ထဲမှာရှာလို့ရနေသည်။ ကျနော်တို့ ငယ်ငယ်က အပြင်သွားတိုင်း အဖေကသင်ပေးသည်။ ဘေးဘီဝဲယာကိုကြည့် လေ့လာ၊ ဘယ်နေရာမှာ ဘာ၇ှိတယ်။ ဘယ်အရာတွေ ပြောင်းလဲနေလည်းကြည့်၊ မရှင်းတာ မသိတာရှိရင် အဖေ့ကိုမေး စသည်ဖြင့် ကျနော့်မျက်လုံး၊ ကျနော့်ဦးနှောက်နဲ့ ကျနော့် အသိဥာဏ်ကို အဲ့ဒီလိုဖွင့်ပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကျနော့်အသိဥာဏ်တွေထဲတွင် ဘယ်နေရာ၊ဘယ်ဒေသ၊ဘယ်ကာလမျိုးပဲရောက်ရောက် စူးစမ်းသိချင်တဲ့စိတ်၊ လေ့လာမှတ်သားလိုတဲ့စိတ် ပါနေခဲ့သည်။ သို့သော် ဒီမြို့ ကလေးက လူငယ်တွေအဖို့ ရှည်ရှည်ဝေးဝေး တွေးနေ ငေးနေ မှတ်သားနေစရာမလို။ သူတို့ဆီမှာ အလိုအလျှောက် ဖွေရှာမွှေနှောက်ပေးမယ့် အင်တာနက်ဆိုတာကြီးရှိသည်။ ကျနော်တို့ဇာတိမှာလို တာမွေသွားချင်ရင် ၃၉ စီးရမယ်၊ အင်းစိန်ဆို ၄၈ စီးရမယ်ဆိုပြီး အထူးအထွေမှတ်ထားစရာမလိုဘူး။ ဒီမြို့ ကလူတွေအတွက် အခုသွားချင်တဲ့နေရာကို အခုချက်ချင်း အင်တာနက်ကရှာလိုက်တာနဲ့ ဘယ်မှတ်တိုင်ကနေ ဘယ်ကားနံပါတ်စီး၊ ဘယ်မှတ်တိုင်မှာဆင်းရမယ်ဆိုတာသိနေပြီ။

          ဒီလောက်အဆင်သင့်ဖြစ်လွန်းတဲ့မြို့ ကလေးက လူတွေဟာ ကိုယ်ချင်းစာတရားနည်းပါးကြတာ မဆန်းပါဘူး။ သူတို့အတွက် မီးမရှိလို့ မှောင်ထဲမှာ နေနေရတဲ့ဒုက္ခ၊ ရေမလာလို့ အိမ်သာထဲရေမရှိတဲ့ဒုက္ခ၊ ဘတ်စ်ကားကြပ်ကြပ်မှာ တိုးစီးရတဲ့ဒုက္ခ၊ မိုးရွာလို့ ဗွက်ထပြီး ခြင်တွေကိုက်တဲ့ဒုက္ခ၊ အဲဒီလို ဒုက္ခတွေသူတို့မခံစားကြရဘူး။ သူတို့ခေါ်တဲ့ ဒုက္ခဆိုတာ ကားတွေများလွန်းလို့ လမ်းမကြီးတွေပေါ် ကားတွေပိတ်တဲ့အခါ၊ ကွန်ပျူတာ(သို့) ဆိုရှယ်နက်ဝေါ့တွေ ဗိုင်းရက်စ် ကိုက်တဲ့အခါ၊ ဘောနပ်ကာလ အလကားရတဲ့ပိုက်ဆံ မှန်းထားတာ ၆ လ၊ ရတော့ ၃လ အဲ့ဒီအချိန်အခါမျိုးတွေဟာ သူတို့အသည်းကွဲ မတတ်ခံစားရတဲ့ ဒုက္ခတွေဖြစ်သည်။

          ဒါပေမယ့် ဒီမြို့ လေးကလူတွေသည် အလုပ်တော့လုပ်ကြသည်။ အလုပ်လုပ်မှ ဝင်ငွေရမည်။ ဝင်ငွေရှိမှ လိုချင်တာအားလုံး အဆင်သင့်ရနိုင်မည်။ ဒါကြောင့် သူတို့တွေရဲ့ ဘဝဟာ စက်ရုပ်ဆန်ကြသည်။ မနက်မိုးလင်းကတည်းက သူ့တိုင်ပင်နဲ့သူ အံဝင်ဂွင်ကျ လှုပ်ရှားခဲ့ကြတာ ညနေစောင်း မိုးချုပ်ကာနီးထိ နေ့စဉ်တစ်ပုံစံတည်း ဖြတ်သန်းနေကြရသည်။ ဒါကြောင့် သူတို့တွေရဲ့ မိသားစု ဘဝများဟာလည်း သူစိမ်းဆန်ကြသည်။ သားသမီးနဲ့ မိဘ ကျနော်တို့ဇာတိက မိသားစုများလို လက်ရည်တစ်ပြင်တည်း ထမင်းဝိုင်းအတူစားကြဖို့ ဆိုတာ အတော်ခက်ခဲပါသည်။ အလုပ်မှာပဲ အချိန်တွေကုန်တတ်တဲ့ ဖခင်ဆီမှ အနမ်းတစ်ပွင့်ရဖို့ သားသမီးတွေအတွက် ထီထိုးကြရသလိုပင်။ ကံကောင်းလျှင်ရမည်။

          ဒီမြို့ လေးရဲ့  မိအိုဖအို များကရော သားသမီးတွေရဲ့  ဂရုတစိုက် ပြုစုလုပ်ကျွေးမှုကို ခံကြရသတဲ့လား။ ဝေးပါသည်။ မိုးလင်းကနေ မိုးချုပ် အလုပ်လုပ်နေကြရတဲ့ ဒီမြို့ လေးရဲ့  သားသမီးတွေဟာ ဘယ်မှာများ မိအို ဖအိုကြီးများအတွက် စကားပြောပေးချိန်၊ နှိပ်နယ်ပေးချိန်၊ လက်သည်း ခြေသည်း ညှပ်ပေးချိန် ရှိပါ့မလဲ။ ဒါကြောင့် တစ်ချို့ အဘိုးကြီး အဘွားကြီး များဟာ တိုက်အောက်က ခုံဝိုင်းများမှာ ဖြစ်စေ၊ ကန်တင်းက စားပွဲဝိုင်းလေး တစ်ခုမှာ ဖြစ်စေ အထီးကျန်စွာ အချိန်တွေကို ကုန်လွန်နေကြရသည်။ ဒါ ဒီမြို့ လေးရဲ့  အထီးကျန်ယဉ်ကျေးမှု ပန်းချီကားတစ်ချပ်ပါ။

          ဒီမြို့ ကလေးမှာ ကျနော်အနေကြာလာတာနဲ့အမျှ ဒီမြို့ လေးရဲ့  ကောင်းကွက် ဆိုးကွက်များကို ကြည့်တတ် မြင်တတ်လာပါသည်။ ကောင်းကွက်များကြောင့် ဒီမြို့ ကလေးကို ချစ်မိ သံယောဇဉ် ဖြစ်မိသလို ဆိုးကွက် ပျော့ကွက် များကြောင့်လည်း ဂရုဏာသက်မိပါသည်။

          ဘာပဲပြောပြော ဒီမြို့ ကလေးကတော့ သူ့ဂီတနဲ့ သူ၊ သူ့သံစဉ်နဲ့သူ သူလှိုင်းလုံးများနဲ့သူ တရွေ့ရွေ့သွားနေဆဲပါပဲ။ ရောက်လာသူတွေကိုကြိုပြီး ပြန်သွားသူတွေကိုနှုတ်ဆက်နေဆဲပါ။ သူ့နှလုံးသားက မာတယ်ထင်ရပေမယ့် သူ့မှာ အလွမ်းဓါတ်ခံတွေအပြည့်ရှိနေပါသည်။ သူဟာ ကျနော့်လို ဧည့်သည်တစ်ယောက်ကို နွေးထွေးစွာ ခေတ္တ တည်းခိုခွင့် ပေးခဲ့ပြီး သူ့မှာရှိတဲ့ အသိ၊ နည်းပညာနဲ့ စီမံခန့်ခွဲမှုလို့ ခေါ်တဲ့ အတွေ့အကြုံတွေကို ရယူခွင့်ပြုခဲ့သည်။ သူပိုင်တဲ့ သူ့ဂုဏ်ဒြပ်တွေနဲ့ ကျနော့်ဘဝကို ပင့်တင်ပေးခဲ့သည်။ ကျေးဇူးရှိတဲ့ ဒီမြို့ လေးကို ကျနော် မချစ်ပဲမနေနိုင်ပါ။ ဒီမြို့ လေးကြောင့် ကျနော့်အနာဂတ်တွေ လမ်းစပွင့်ခဲ့ရသည်။ ရေရှည် မနေလိုပေမယ့် ကာလတိုတစ်ခု နေထိုင်မယ့်သူတွေအတွက် ဒီမြို့ လေးဟာ အကောင်းဆုံးနေရာတစ်ခုပင်ဖြစ်သည်။

မနက်ဖြန်ဆို ဒီမြို့ ကလေးနဲ့ ခွဲရပါတော့မည်။ ကျနော်တော့ ဒီမြို့ လေးကိုလွမ်းနေရဦးမည်ထင်ပါသည်။


၂၆-၈-၁၁
(ညနေ ၄း၃၅မိနစ်)

5 comments:

  1. အရမ်းကောင်းတဲ့ ပိုစ့်လေး very perfect လုံးဝကို ထိထိမိမိနဲ့ ဒီမြို့လေး သရုပ်ဖော်သွားနိုင်တယ်။ ခံစားချက်ချင်းလည်း အရမ်းတူတယ်။ ဒီမြို့လေးကို စွန့်ခွာသွားနိုင်တဲ့ အခွင့်အရေး ရသွားတဲ့သူမို့လည်း အားကျမိတယ်။ ကံကောင်းပါစေလို့ ဆုတောင်းပါတယ်။
    ဆက်လက်ရေးသားပါဦး… ကျနော် ဘလော့မှာလည်း လင့်ခ်ချိတ်ထားခွင့် ပြုပါနော်။

    ReplyDelete
  2. စာထဲမှာမျောသွားတယ်
    ပြီးတော့လဲသူကိုယ်တိုင်ဒီမြို့လေးကခွါတော့မယ်နော်
    အဲဒီမြို့လေးက?

    ReplyDelete
  3. ထွက်ခွင့်ရတုန်း ထွက်လိုက်ပါ..လည်ပြန်ကြည့်နေရင် ခရီးဖင့်နေလိမ့်မယ် :)

    ReplyDelete
  4. အရေးအသားညက်ပါဘိ...သံယောဇဉ်နည်းတဲ့ ဦးဟန်ကြည်တောင် မြို့ကလေးကို အတော်ချစ်သွားတယ်...စိတ်ပိုင်းနဲ့ ရုပ်ပိုင်း အတူဖွံ့ဖြိုးဖို့ဆိုတာကတော့လည်း ခက်ပါရဲ့...ဒါပေမယ့် ရုပ်ပိုင်းဖွံ့ဖြိုးမှု လောက်လောက်လားလားမရှိသေးတဲ့ ရွှေပြည်မှာတောင် စိတ်ပိုင်းဖွံ့ဖြိုးမှု ကျသည်ထက်ကျနေမှဖြင့် မြို့ကလေးကို နားလည်ပေးရမှာပေါ့လေ...

    ReplyDelete
  5. ကွန်မန့်ပေးကြတဲ့ မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဆက်လက် ရေးသားနေဆဲမို့ ဆက်လက် အားပေးကြပါအုံးခင်ဗျာ။

    ReplyDelete