မယှိပညာ၊
ဤလူ့ရွာ၌
ကျမ်းစာနီတိ၊
တတ်မသိက
မျက်စိစုံကန်း၊
လူဖြစ်ဆန်းမျှ
ပေါက်ပန်းပမာ၊
မှတ်တို့ရာ၏။
(မဃဒေဝ)
ကျွန်တော်တို့သည်
နိုင်ငံတော်ကို ဖွံဖြိုးတိုးတက်အောင် တည်ထောင်ကြရမည့် လူငယ်မျိုးဆက်များဖြစ်သည်။ အနာဂတ်
နိုင်ငံတော်ကို ပုခုံးပြောင်းတာဝန် ထမ်းဆောင်ရန် ယနေ့လူကြီးများထံမှ လက်ဆင့်ကမ်းပေးအပ်လာမည့်
တာဝန်နှင့်ဝတ္တရားများကို နိုင်ငံသားတစ်ယောက်တွင် ရှိသင့်ရှိအပ်သော အရည်အချင်းများဖြင့်
လက်ခံရယူနိုင်ရန် အရေးကြီးပါသည်။ ထို့ကြောင့် အထက်ပါ မဃဒေဝ ကဗျာကို အမှီပြု၍ လောကနီတိနှင့်
ပြည်သူ့နီတိတို့တွင် နိုင်ငံသားတစ်ယောက်၏ အရည်အချင်း၊
တာဝန်နှင့် ဝတ္တရားများကို ထည့်သွင်းဖော်ပြထားပါသည်။
ယဉ်ကျေးမှုမရှိသော
ခေတ်တွင် အသက်ရှင် နေထိုင်ခဲ့ကြသော လူရိုင်းတို့လက်ထပ်က တာဝန်ဝတ္တရားဟူ၍ ပြောပလောက်အောင်
မည်မည်ရရ မရှိခဲ့ပါ။ တိုးတက်ယဉ်ကျေးလာသောအခါ လူမျိုးနှင့် နိုင်ငံ၏ အဆင့်အတန်းပေါ်လိုက်၍
နိုင်ငံသားများအပေါ် ကျရောက်သော တာဝန်ဝတ္တရားများမှာ များစွာ ကျယ်ဝန်းလာခဲ့ပါသည်။
တာဝန်နှင့်ဝတ္တရားဟူသော
စကားမှာ သဘောတရား အားဖြင့် ခြားနားပါသည်။ အချိန်ရှိသမျှ အမြဲတမ်း လုပ်ကိုင် ဆောင်ရွက်
ရသော အရာကို ဝတ္တရား ဟုခေါ်ပြီး တခါတရံမှ
ပေါ်ပေါက်လာပြီး မလုပ်လျှင် မဖြစ်နိုင်လောက်အောင် အရေးကြီးသော အရာကို တာဝန် ဟုခေါ်သည်။
ထို့ကြောင့်
တာဝန် သည် ဝတ္တရား ထက် ပို၍ အရေးကြီးသည်ဟု သိနားလည်ထားရမည်။ ဝတ္တရား ပျက်ကွက်သောသူ
တစ်ဦးတစ်ယောက် အတွက် ၎င်းနှင့်အတူ အနည်းငယ်မျှသော သူတို့သာလျှင် နစ်နာ၍ တာဝန် ပျက်ကွက်ခဲ့လျှင်ကား
တစ်မျိုးသားလုံးနှင့် တစ်နိုင်ငံလုံးပါ နစ်နာပျက်စီးတတ်၏။
တာဝန်ဝတ္တရားကို
လေးစားလိုက်နာတတ်သူများသည် မိမိနေအိမ် မိသားစု တာဝန်ဝတ္တရားများ၊ မိမိကျောင်း၏ တာဝန်ဝတ္တရားများ၊
မိမိအလုပ်ဌာန၏ တာဝန်ဝတ္တရားများ၊ မိမိမြို့ရွာ ရပ်ကွက်၏ တာဝန်ဝတ္တရားများ၊ မိမိနိုင်ငံတော်၏
တာဝန်ဝတ္တရားများ စသည်ဖြင့် ဆင့်ကဲဆင့်ကဲ လူမှုဆက်ဆံရေး တိုးတက်ကျယ်ပြန့်လာသည်နှင့် အမျှ
ပိုမို တိုးတက် များပြား ကျယ်ဝန်းလာပေမည်။
နိုင်ငံသားများ၏
တာဝန်နှင့် ဝတ္တရားများတွင် အကြီးလေးဆုံးတာဝန်မှာ နိုင်ငံတော်၏ ဥပဒေများကို လေးစားလိုက်နာ
ဆောင်ရွက်ခြင်းနှင့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်းပင်ဖြစ်သည်။ ဥပဒေကို
ကိုယ်ထိလက်ရောက် ရိုသေလေးစားခြင်းဖြင့် အများ၏ ကောင်းကျိုးကို ကိုယ်ထိလက်ရောက် လုပ်ကိုင်သည်နှင့်
ထပ်တူထပ်မျှပင် ဖြစ်ပေသည်။
နိုင်ငံသားတို့သည်
နိုင်ငံတော်၏ တာဝန်ကို ဝေပုံကျထမ်းဆောင်၍ ဝတ္တရားအလိုက် ခံစားထိုက်သော အခွင့်အရေး တို့ကို
ခံစားပိုင်ခွင့်ရှိသည်။ ထို့ကြောင့် နိုင်ငံသားအဖြစ် ခံယူရရှိသူမှန်သမျှ နိုင်ငံတော်၏
တာဝန်ကို ထမ်းဆောင်ရမည့် တာဝန်၊ နိုင်ငံတော်က ပေးစွမ်းနိုင်သော အခွင့်အရေးဟူသမျှကို
ခံစားရမည့် တာဝန်ရှိသည်ဟု မှတ်ယူရပေမည်။ အကယ်၍ နိုင်ငံသား တစ်ဦးမှာ ထိုတာဝန်များ ပျက်ကွက်ခဲ့သော်
တရားဥပဒေအရ နိုင်ငံသား ဖြစ်ခွင့် ရနေစေကာမူ နိုင်ငံသား ဖြစ်ထိုက်သော အရည်အချင်း မရှိဟု
မှတ်ယူသင့်သည်။
နိုင်ငံသားတိုင်း၌
နိုင်ငံသားဖြစ်ထိုက်သော ဂုဏ်အင်္ဂါ အရည်အချင်းများ ရှိကြပါသလောဟု စိစစ်ကြည့်ပါမူ အရေအတွက်
ယုတ်လျော့သွားမည်မှာ ယုံမှားဖွယ် မရှိချေ။ နိုင်ငံတစ်ခု၏ ယဉ်ကျေးမှု အဆင့်အတန်းမှာ ဂုဏ်အင်္ဂါနှင့်
ပြည့်စုံသော နိုင်ငံသား အရေအတွက် အနည်းအများပေါ်တွင် အထောက်အထားပြုတန်ရာ၏။
နိုင်ငံသား
ပီသစေရန် ရှိသင့်သော ဂုဏ်အင်္ဂါ အရည်အချင်းများမှာ အရေအတွက်အားဖြင့် များပြားလှပေရာ အဓိက
အားဖြင့် အသိဥာဏ်ပြည့်စုံစေ၍ အကောင်းအဆိုး
အကျိုးအပြစ်တို့ကို ဝေဖန်ပိုင်းခြားတတ်သော ဥာဏ်ရှိရမည်ဖြစ်သည်။ သို့မှ လူထူ မဖြစ်ပဲ လူထု ဖြစ်ပေမည်။
ဒီမိုကရေစီခေတ်တွင်
လူထု၏ ဆန္ဒမှာ အရေးကြီးသော အစိတ်အပိုင်းဖြစ်၍ ကောင်းကျိုး မကောင်းကျိုးမှာ လူထု၏ အသိဥာဏ်ပေါ်တွင်
များစွာ မူတည်ပေသည်။ ထို့ပြင် မိမိကိုယ်ကို ထိန်းသိမ်း စောင့်စည်းတတ်ခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း၊
စိတ်သဘောထားကြီးခြင်း၊ စည်းကမ်းသေဝပ်ခြင်း၊ ရိုသေကျိုးနွံခြင်း စသည့် ကိုယ်၊နှုတ်၊ နှလုံး
သုံးပါးစလုံး စောင့်စည်း ထိန်းသိမ်းနိုင်သော အရည်အချင်းများလည်း ရှိရမည်ဖြစ်သည်။
နိုင်ငံသားဆိုသည်မှာ
နိုင်ငံတော်ကို တန်ဖိုးထား လေးစားခြင်း၊ အများအကျိုးအတွက် စိတ်ရောကိုယ်ပါ ဆောင်ရွက်ခြင်း၊
တရားဥပဒေအရ လိုက်နာဆောင်ရွက်ခြင်း၊ အသိဥာဏ်နှင့် ယှဉ်၍ ရိုးသား ဖြောင့်မတ်စွာ ကျင့်ကြံနေထိုင်ခြင်း
စသည့် ပြည်သူ့တာဝန်များကို သိရှိနားလည်ရမည်။ သိရှိနားလည်သလို လိုက်နာကြရမည့် အပြင်
နိုင်ငံတော်၏ အကျိုးစီးပွား ပျက်ပြားစေမည့် ပြည်တွင်းရန်၊ ပြည်ပရန်ဟူသမျှကို ကာကွယ်
တွန်းလှန် တိုက်ဖျက်ရမည်။ နိုင်ငံတော်၏ ကာကွယ်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးအတွက် မိမိစွမ်းဆောင်နိုင်သည့်ဘက်မှ
ပါဝင်ဆောင်ရွက်ရမည်။
အချုပ်အားဖြင့်
ဆိုရသော် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် သွေးချင်းများဖြစ်သည့် တိုင်းရင်းသား လူမျိုးအားလုံးသည်
တစ်ညီတစ်ညွတ်တည်း ပူးပေါင်းလက်တွဲလျက် နိုင်ငံတော် ဖွံဖြိုးတိုးတက်ရေးအတွက် သားစဉ်
မြေးဆက် ဆောင်ရွက်လိုသော စိတ်ဓါတ်များ အမြဲမပြတ် ရှင်သန်ကိန်းအောင်းနေစေရန်၊ မွေးမြူထိန်းသိမ်း
လမ်းညွှန်သွားကြရန် အထူး လိုအပ်ကြောင်းပါခင်ဗျာ။ ။
အပါ
No comments:
Post a Comment