Tuesday, February 21, 2012

ရင်ထဲက သင်္ကြန် အပိုင်း (၄)


နောက်နေ့ မနက် အိပ်ယာ မထခင်ကပင် အိမ်ရှေ့မှ သင်္ကြန်ကားတစ်ချို့ ဖြတ်သွားသံများ ကြားနေရသည်။ ဒီနေ့ အကြိုနေ့ပါလား။ လည်တဲ့သူတွေကလည်း မနက်ကတည်းက ဇွဲကောင်းကောင်းနဲ့ စတင်လည်ကြပြီ။ ရေပက်တဲ့သူတွေက လည်း စောစောစီးစီးထပြီး ခွက်တွေ၊ ပိုက်တွေနဲ့ ပက်ကြပြီ။ ဝီစီသံတွေ၊ ခရာမှုတ်သံတွေ၊ ဟေးဟားရွှင်မြူးပျော်ပါးသံတွေ စီစီညံနေတော့သည်။

အသံလွှင့်ဌာနတွေ၊ရုပ်မြင်သံကြားဌာနတွေနဲ့ မီဒီယာလောကကြီးကလည်း သင်္ကြန်ကို ဝေဝေဆာဆာ ကြိုဆိုနေကြသည်။

“ချိုပြုံးရွှင်သော နှမပျိုရယ်၊ တစ်ကိုယ်လုံးပင်ချော အလှပိုတယ်၊ မြို့ မနဲ့ တစ်မိတည်း ဖွားလို့ ဆိုလောက်တယ်ကွယ်…

အမောက်ကလေး တစ်သသနဲ့ မြှောက်လို့ပြောတာ မဟုတ်ဘူးကွဲ့  …ယဉ်စစနဲ့  မြင်လိုက်ရတာ အဝတ်အစားမှာပင် အလွန်တင့်တယ်…

ထွန်းသစ်စ လရောင်နှယ်… ခိုင်ညာတံပွင့်လန်း ပန်းသို့နှယ်…ရိုးရိုးသားသားနဲ့ ကျုပ်တို့ မြို့ မက ဂုဏ်တင့်တယ်

မြနန္ဒာ နေညို့ ညို့  ရိပ်ကာသန်းတော့ ရွှေမန်းတောင်ရိပ် အတူတူခိုမယ် ပျိုဖြူတွေရယ်…..

မြလေး နန္ဒာ နန္ဒာ နေညို့ ညို့  ရိပ်ကာသန်းတော့ ရွှေမန်းတောင်ရိပ် အတူတူခိုမယ် ပျိုဖြူတွေရယ်…..

မျှော်ခင်းလေး သာပါဘိတယ် နမိတ်ကောင်းယူမယ် နှစ်ဦးသင်္ကြန်တော်ဝယ်….”

ကျနော်တို့ ငယ်ငယ်တည်းက ခေတ်စားလာပြီး ယနေ့တိုင် သင်္ကြန်ပြယုဂ် သီချင်းအဖြစ် ရှင်သန်နေဆဲ မန်းတောင်ရိပ်ခို သီချင်းသံများကို ကြားနေရသည်။

ရိန်းကို ကြည့်လိုက်တော့ အိပ်မောကျနေဆဲ။ ကျနော် အောက်ထပ်ကိုဆင်းသွားတော့ ကိုဌေး၊ မနုနဲ့ ကိုလှခိုင်တို့က သင်္ကြန်တာအိုးအတွက် ပြင်ဆင်နေကြသည်။

“ဟေ့…ဒီနှစ် သိကြားမင်း ဘာစီးဆင်းလဲကွ”

ကျနော်က လှန်းမေးလိုက်တော့ ကိုဌေးက

“လန်ခရူဇာ စီးဆင်းပြီး လက်တစ်ဖက်က အိုင်ပက်သရီးနဲ့ ကျန်တဲ့လက်တစ်ဖက်က အော်ရာမင်းဂျီဆေးဗူးကိုင်ဆင်းတယ်တဲ့ဆရာ”

“တယ်ထူးဆန်းပါလား လင်းစမ်းပါဦး”

Sunday, February 19, 2012

ရင်ထဲက သင်္ကြန် (အပိုင်း - ၃)



အိပ်ကောင်းကောင်းနဲ့ အိပ်လိုက်တာ မနက်၁၁နာရီလောက်မှ နိုးတော့သည်။ ကျနော်နိုးပေမယ့် ကလေးတွေကတော့ မထနိုင်ကြသေး။

အိမ်အောက်မှာ ဖွင့်ထားတဲ့ sky net ရုပ်သံလိုင်းကနေ သင်္ကြန်သီချင်းနဲ့ အက တွေလွှင့်နေသည်။ ကျနော်အပေါ်ထပ်မှ ကြားနေရသည်။

“သင်္ကြန်နှစ်ဦး…တူးပို့တူးပို့…တူးသံ မြူးသာယာ…..သင်္ကြန်မယ်များ တူးပို့တူးပို့ တူးမာရဲ့ နော်ဗျာ…ငွေငန်းသံစုံ တူးပို့တူးပို့ မာပါစေနော်ဗျာ…မယ်တို့ကိုလည်း တူးပို့ တူးပို့ မာပါစေခင်ဗျာ…

“ပိတောက်တွေ ဝင်းလျန်း ရွှေရည်လူး…တူးပို့ တူးလဲ့ဝါ…ညှုင်းလေ ဖြုးဖြူး ဆော်ကာ မြူး တူးပို့တူးသံသာ….သင်္ကြန်ရေ အေးတာ အေးတာ…သင်္ကြန်ရေ အေးတာ အေးတာ…

ရွှဲရွှဲလောင်းတော့ တူးပို့တူးပို့ တူးသံမြူးသည် ချစ်ကြည် သင်္ကြန်ခါ…….ဗေဒီးဘုံ ပတ်ပုံဂျိဂျိ….”

ထိုသင်္ကြန်သီချင်းလေးများကို ကြားတိုင်း မျက်စိထဲမှာ ကျနော်ငယ်ငယ်တည်းက ယနေ့တိုင် မရိုးနိုင် ကြိုက်ရသည့် သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားထဲက သရုပ်ဆောင်တွေနဲ့ မြို့ မတီးဝိုင်းနဲ့ ငွေငန်းကားကြီးကို မြင်ယောင်မိသည်။

ပြီးတော့ အဲ့ဒီကားထဲမှာ အဖေလုပ်တဲ့ စန္ဒရားကိုငြိမ်းမောင် (နေအောင်) က သားလုပ်သူ သက်ထွေး (ဇင်ဝိုင်း) ကို ပြောတဲ့

“မင်း နွယ့်ကို ချစ်တော့ ချစ်ပေါ့ကွာ…ဒါပေမယ့် နှလုံးသား ပါမသွားစေနဲ့” ဆိုတဲ့ စကားကို အရမ်းကြိုက်သည်။

နွယ်အဖြစ်သရုပ်ဆောင်သော (မေသန်းနု) ကို သူ့အမေ ထား (ခင်သန်းနု)ကြောင့် စိတ်နာနေတဲ့ ကိုငြိမ်းမောင် (နေအောင်) က သူ့သား သက်ထွေး (ဇင်ဝိုင်း) နဲ့ သဘောမတူလို့ ပြောလိုက်တဲ့ စကားဖြစ်ပါသည်။

ဇာတ်ညွှန်းဆရာ မြန်မာစာ-ဦးအောင်စိုးဦး ကောင်းတာလည်းပါသည်။ အဲ့ဒိ စကားအသုံးအနှုန်းဟာ တွေးလေလေ နက်နဲလေလေ ဖြစ်သည်။ ထိုစကား၏ အဓိပ္ပာယ်မှာ နှလုံးသားဂလဲ့စားချေချင်သူများအတွက် တွင်တွင်ကြီးသုံးထိုက်သော စကားလုံးဖြစ်ခဲ့သည်။

ပရိသတ်ကို နှစ်ပေါင်းများစွာ ဖမ်းစားထားနိုင်တဲ့ အဲ့ဒီ သင်္ကြန်မိုး ရုပ်ရှင်ကားကို ဘယ်အချိန်ပြပြ ကျနော်ထကြည့် ဖြစ်သေးသည်။

ပြီးတော့ တကယ့် ဂန္နဝင်သင်္ကြန်သီချင်းတွေလည်း အများကြီးပါသည်။ ဒီလိုသီချင်းနဲ့ ဒီလိုရသမျိုးကို အခုကလေးတွေ ခံစားတတ်ပါဦးမလားလို့ တွေးရင်း တီဗီရှေ့မှာ ဝင်ထိုင်လိုက်သည်။

Saturday, February 18, 2012

ရင်ထဲက သင်္ကြန် (အပိုင်း - ၂)



နောက်နေ့ ကြိုတင်စီစဉ်ထားတဲ့ အတိုင်း သီလဝါ Industry Zone နားမှာရှိတဲ့ နိုင်ငံတကာ ကုန်သွယ်ရေးဗဟိုဌာန (International Trade Center) ကိုသွားကြသည်။ လက်မှတ်လုပ်ပြီးသားမို့ ကျနော်တို့ တဖွဲ့လုံး တက်ကြည့်ကြသည်။ ပေါင်းကူးတံတားထိပဲ ပေးတတ်သည်။ မတက်ခင် ရုပ်ရှင်အရင်ကြည့်ရသည်။ ဒီ အဆောက်အဦးကြီး ဘယ်လိုစတင် အုတ်မြစ်ချပြီး ဘယ်လိုတည်ဆောက်ခဲ့သလဲဆိုတာတွေကို မှတ်တမ်းရုပ်ရှင်အနေနဲ့ရော…ပြီးတော့ 3D နဲ့ အဆောက်အဦး ဒီဇိုင်း၊ ရာသီဥတု လေဒဏ်၊ မိုးဒဏ်၊ ငလျင်ဒဏ်တွေကို ဘယ်လိုခံနိုင်ရည်ရှိအောင် တည်ဆောက်ထားတယ် ဆိုတာတွေကို အယ်နီမေးရှင်းပြကွက်တွေနဲ့ အရင်ပြသည်။ ပြီးတော့မှ တသုတ်ချင်းလွှတ်သည်။

ကျနော်တို့ အဖွဲ့မှာ ဇာနည်ထက်တို့ မိသားစု ၃ယောက်၊ ငရဲတို့လင်မယား၊ ရိန်းရယ်၊ စန္ဒီရယ်၊ ဖိုးခန့်ရယ် မောင်ဘုန်း ရယ်၊ ကျနော်ရယ် ပြီးတော့ ကျနော့်တပည့် ကိုဌေးရယ်၊ ပြီးတော့ Disney Land ကို တခါမှ မရောက်ဖူးလို့ လိုက်ချင်တယ် ဆိုသော ကျနော့်သူငယ်ချင်း ဆန်းထွန်းရယ်၊စုစုပေါင်း ၁၂ယောက်သွားကြသည်။

ITC အဆောက်အဦးရဲ့  အထပ်၁၂၀ မှာရှိသော ပေါင်းကူးတံတားပေါ်မှ ရန်ကုန်မြို့ တမြို့ လုံးတင်မက လှိုင်သာယာ၊ ရွှေပြည်သာ စက်မှုမြို့ များအထိမြင်ရသည်။ ထို့ပြင် ဆူးလေMRT အတွင်းမှာ အတက်အဆင်းလုပ်နေသော ခရီးသည်များကို လည်းတွေ့ရသည်။ ပြီးတော့ ဒဂုံတက္ကသိုလ်ဘက်မောင်းသွားသော MRT ကြီးကိုပါ လှန်းမြင်နေရသည်။ အဝေးကြည့် မှန်ပြောင်း ၃လက် ချထားပေးလို့ တန်းစီပြီး ကြည့်ကြရသည်။ မိနစ်၂၀ သာနေခွင့်ပြုလို့ ကျနော်တို့ပြန်ဆင်းလာကြပြီး သန်လျင် Disney Land ဘက်ခရီးဆက်ခဲ့ကြသည်။

Disney Land ရောက်တော့ ရိန်းတို့ စန္ဒီတို့က မစိမ်းပေမယ့် ဖိုးထက်၊ ဖိုးခန့်နဲ့ မောင်ဘုန်းတို့ ကတော့ စိမ်းနေသေးသည်။ ဒါတောင် ဖွင့်ပြီးပြီးချင်း ၁ခေါက်ရောက်ဖူးထားကြလို့ အရမ်းအူကြောင်ကြောင် ဖြစ်မနေခြင်းပင်။

ကလေးတွေနီးပါး ပျော်နေသူများကတော့ ငရဲနဲ့ဆန်းထွန်းဖြစ်သည်။ ငရဲကလည်း သူ့မိန်းမကို တုံတုံနဲ့ ထားခဲ့ပြီး ဆန်းထွန်းနဲ့၂ယောက်သား ကင်မရာတစ်လုံးစီဖြင့် အပျော်တမ်းဖွန်ကြောင်..အဲ..အပျော်တမ်းဓါတ်ပုံလိုက်ရိုက်ကြသည်။ ဆန်းထွန်းက ကျနော့်လိုပဲ လူလွတ်မို့ ပြဿနာမရှိပေမယ့် ငရဲက မယားကြီးငုပ်တုတ် ရှိနေလျက်နဲ့ ကဲတာကတော့ နဲနဲလွန်သလားလို့။ အသက်တွေ၄၀ကျော်နေပေမယ့် ငယ်မူငယ်သွေး ငယ်ဘူး အရှိန်လေးက မပြေ့ တပြေ့ မို့ ကျနော်နားလည်ပေးလိုက်ပါသည်။

ဖိုးခန့်နဲ့မောင်ဘုန်းတို့ကတော့ စန္ဒီ့ နားက မခွာတော့ဘူး။ ညီမလေးကို ညလေး ညလေးနဲ့ မပီတပီခေါ်ရင်း တပူးပူး လုပ်နေတော့သည်။ ဒါကို ရိန်းက သိပ်မကြည်ချင်။ လူငယ်အထာလေးတွေနဲ့ ကလေးတွေရဲ့ ဇာတ်လမ်းကို ကျနော်တို့ ကြည့်နေကြရသည်။

မောင်ဘုန်းက ရေခဲမုန့်ဝယ်လာပြီး စန္ဒီ့ကိုကျွေးတော့ ရိန်းက စန္ဒီ့ ဆီက ရေခဲမုန့်ကို တောင်းစားပြီး ကြိုက်လွန်းလို့ဆိုကာ ပြန်မပေးပဲစားလိုက်သည်။ မောင်ဘုန်းက မကျေမနပ်နဲ့ ဖိုးခန့်ကိုရေခဲမုန့်နောက်တစ်ခု ထပ်ဝယ်ပြီး သွားပေးခိုင်းသည်။ ဖိုးခန့်ကလည်း သူ့ဂွင်ပဲ ဆိုပြီးသွားသည်။ ဒီတစ်ခါ ရိန်းက ဖိုးထက်ကို စန္ဒီ့ဆီက ရေခဲမုန့် သွားတောင်းစားလို့ ပြောပြီး လွှတ်လိုက်သည်။

ကလေးတွေဟာ ဆယ်ကျော်သက်လေးတွေမို့ နှလုံးသားလေးတွေ နုနယ်ကြပါသည်။ စိတ်ဝင်စားစရာတစ်ခုကို တွေ့ရင် ဒါဟာ ရင်ခုန်စရာပဲလို့ ထင်တတ်ကြသည်။ သူတို့စိတ်ထဲမှာ ဦးတည်ချက်က တစ်ခုပဲရှိသည်။ ငါလိုချင်တာရဖို့။ အဲ့ဒီအတွက် သူတို့ တစ်ယောက်နဲ့တစ်ယောက် ငြင်းကြ ခုန်ကြ ပြိုင်ကြ ထိုးကြ ကြိတ်ကြနဲ့ နောက်ဆုံး အချစ်ဆိုတာ ဘာရယ်မှန်းမသိပဲ အသည်းကွဲတာတွေ၊ ဆွေးတာတွေ၊ လွမ်းတာတွေ ဖြစ်လာကြရော။

ခေတ်ဆိုတာကလည်း ရပ်နေတာမှ မဟုတ်တာ။ အမြဲလည်ပတ်နေတာလေ။ အခုဆို ကျနော်တို့ ခေတ် ကုန်သွားပြီ။ သူတို့လေးတွေ ခေတ်ရောက်နေပြီ။ ကျနော်တို့ကတော့ သူတို့ခေတ်လူငယ်လေးတွေရဲ့  ပဲ့ကိုင်ရှင်နေရာကို ရောက်ခဲ့ကြရပြီ။

Thursday, February 16, 2012

ရင်ထဲက သင်္ကြန် (အပိုင်း - ၁)



"နွေတန်ခူးမို့ လေရူးကပွေ
ပန်းပိတောက်တွေ ပင်ယံထက်
ပွင့်ထွက်လို့ဝေ။
သင်္ကြန်ရေ စိုရုံကာပက်ဖျန်း
မာစေ သာစေကြောင်းနဲ့
တောင်းဆုပန်ခြွေ။"


ဤသင်္ကြန်ဇာတ်လမ်းအား ဝေဝေဆာဆာ ဖြစ်စေရန်အလို့ငှာ ကျွန်ုပ်ရောင်းရင်းများ၊ မိသားစုဝင်များ၊ ပတ်သက်ဆက်နွယ်နေသူများနှင့် သူငယ်ချင်းများ၏ အမည်များအား အမှန်တိုင်းဖော်ပြ၍ စိတ်ကူး ကွန့်မြူးထားခြင်းဖြစ်ရာ စာဖတ်သူများအနေဖြင့် ဇာတ်လမ်းသဘောတရားအတိုင်းသာ နားလည် ဖတ်ရှူပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ် ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာစေလိုသောဆန္ဒ စိုးစဉ်းမျှ မရှိပါကြောင်း၊ အမှားအယွင်းများနှင့် မသင့်တော်ရာများ ပါဝင်ခဲ့ပါက စာရေးသူ ကျွန်ုပ်၏ အမှားသာဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
ဤဇာတ်လမ်းတွင် ထည့်သွင်းရေးသားထားသော သူငယ်ချင်းများအားလုံးကို ကြိုတင်ခွင့်ပြုချက်မယူပဲ ဖော်ပြလိုက်သည့်အတွက် ခွင့်လွှတ်ပေးပါရန် ထပ်မံတောင်းပန်အပ်ပါသည်။
စာဖတ်သူများအနေဖြင့် အစ မှ အဆုံးတိုင် အစဉ်လိုက် ဖတ်ရှုသွားခြင်းဖြင့် အပျင်းပြေကြမည်ဆိုပါက ကျွန်ုပ်ရေးရကျိုးနပ်ပါသည်။

လေးစားချစ်ခင်စွာဖြင့်
အပါ
***************************

အပိုင်း (၁)
င်္ကြန်နားနီးတော့ သင်္ကြန်သီချင်းတွေတောင် ကြားနေရပြီ။ ကျနော့်ရုံးခန်း ပြတင်းပေါက်ကနေလှန်းကြည့်လိုက်ရင် ပိတောက်ပင်ကြီး သုံးပင်ကို တွေ့နေရသည်။ အရိပ်ကောင်းကောင်းရသော ထိုပိတောက်ပင်ကြီးများအောက်တွင် taxi ကားဂိတ်ရှိသည်။ ဘီယာဆိုင်ရှိသည်။ ထမင်းဆိုင်လည်းရှိသည်။ တခါတခါ ထီရောင်းတဲ့ကားတွေ ရပ်ပြီး အနားယူအပမ်း ဖြေကြသည်။ သင်္ကြန်နီးပြီဆိုတော့ သင်္ကြန်သီချင်းတွေကို ဖွင့်ထားကြသဖြင့် သင်္ကြန်သီချင်းများကို ကြားကြားနေရသည်။ ထီကားအများစုက ခေတ်သစ်သင်္ကြန်သီချင်းများကို ဝူဖာကောင်းကောင်း စောင်းဘောက်စ်ကောင်းကောင်းနဲ့ အားကုန် ဖွင့်တတ်ကြသော်လည်း မိုးယံရွှေလမင်းရဲ့ထီကားကလေး လာရင်တော့ ဆရာမြို့မငြိမ်းတို့အဉ္စလီမောင်မောင်တို့ရဲ့ မူလလက်ဟောင်း သင်္ကြန်တေးသီချင်းများကို သာသာလေးဖွင့်တတ်သည်။ ထို့ကြောင့် ထိုကားလာပြီဆိုလျှင် ကျနော်သည် အဲယားကွန်းကိုပိတ်ပြီး ပြတင်းတံခါးဖွင့်ကာ ထီကားမှဖွင့်သော သီချင်းများကိုနားထောင်မိသည်။

“အချိန်တန် ဂိမာန် နွေဦးမယ် မငြှိုးတမ်း တောင်ပြန် လေမြူးတယ်…အချိန်ခါဝေဆာ ပွင့်အလှထူးတဲ့ အို ပိတောက်ဖူးရယ်…

သင်္ကြန်ရေအေး အေးမြကြည်တယ် လေးနှမနဲ့ ကျီစယ်လို့ရယ်….အတာရေအေး အေးမြကြည်တယ် …အပြုံးနဲ့ ကြိုကွယ်… မေရယ်…”

Tuesday, February 14, 2012

ဒုတိယလူသို့ပေးစာ


ချစ်တိုင်းလည်းမညား ညားတိုင်းလည်းမချစ်ဆိုတဲ့စကားပုံ ကျနော်ကြားဖူးပါသည်။ ဒါပေမယ့် လက်တွေ့မှာတော့ တခါမှ မကြုံဖူး မဆုံဖူးတဲ့ ခံစားချက်ဆိုးကြီးဖြစ်ပါသည်။ အဟုတ်ပဲလေ..ကိုယ်တကယ်နှစ်နှစ်ကာကာ ချစ်ရတဲ့ ချစ်သူနဲ့ လွဲရတဲ့ဘဝ၊ အဲ့ဒါထက်ဆိုးတာက ကိုယ်မချစ်မနှစ်သက်တဲ့ လူနဲ့ အတူပေါင်းသင်း နေထိုင်ရတဲ့ဘဝ၊ ခေတ်စကားနဲ့ပြောရရင် ဖီးလ်မလာတဲ့ သူနဲ့ ဘယ်လိုပေါင်းရမလဲပေါ့ဗျာ။ ဒီလိုပါပဲ..ခံရခက်တဲ့ အဖြစ်အပျက်တွေဟာ ကျနော်တို့ လူ့ဘောင်မှာ ဝေဒနာဆိုတဲ့ အရာကို ဖန်တီးပေးနေကြတဲ့ အတိတ်အိပ်မက်ဆိုးကြီးတွေပါပဲ။

လွန်ခဲ့တဲ့ ၈နှစ်လောက်က ကျနော်နဲ့ ညီအစ်ကိုလိုနေတဲ့ သူငယ်ချင်းက ကောင်မလေးတစ်ယောက်ကို ကြိုက်တယ်။ အဲ့ဒီ ကောင်မလေးကလည်း ကျနော်တို့ သူငယ်ချင်းတွေထဲကပါပဲ။ အစကတော့ ကျနော်တို့ သူငယ်ချင်းတွေ အုပ်စု ၂စု ကွဲသွားပြီး တစ်ဖွဲ့က ဆော်သြရေးအဖွဲ့၊ တနည်းပြောရရင် အောင်သွယ်ပေးတဲ့အဖွဲ့။ သူငယ်ချင်း အချင်းချင်းကြိုက်သွားတော့ ကောင်းတာပေါ့၊ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲ ကိုယ်ဖိတ်ဆိုပြီး အားပေးကြတယ်။ ကျန်တဲ့အဖွဲ့ကတော့ အားမပေးတဲ့အဖွဲ့၊ အဖျက်သမားအဖွဲ့ပေါ့ဗျာ။ အဲ့ဒီ အဖျက်အဖွဲ့မှာ ကျနော်က ခေါင်းဆောင်။ သူငယ်ချင်း အချင်းချင်းကြိုက်တာ မကောင်းဘူး။ မစားကောင်းတဲ့ အသီးကို စားသလိုဖြစ်မယ်ပေါ့၊ ရေရှည်လက်တွဲ သွားနိုင်ရင်ကောင်းတယ်၊ မတော်လို့များ လက်တွဲ မခိုင်လို့ တယိမ်းတယိုင် ဖြစ်သွားမယ်ဆိုရင် အချင်းချင်းတွေမို့ မျက်နှာပျက်စရာတွေဖြစ်မယ်ပေါ့ စသဖြင့် ပြောကြဆိုကြ ဝေဖန်ကြ လေကန်ကြနဲ့ပဲ နောက်ဆုံး ကျနော့်သူငယ်ချင်းနဲ့ ကောင်မလေး ချစ်သူတွေဖြစ်သွားကြပါလေသတည်းပေါ့ဗျာ။

သြော်..သူတို့ချင်း ချစ်သူတွေဖြစ်သွားကြတော့လည်း ကျနော်တို့က ဝမ်းသာကြပါတယ်။ မုဒိတာပွားပါတယ်။ ဒါမကောင်းတဲ့ အဖြစ်အပျက်မှ မဟုတ်ပဲ။ ချစ်တဲ့သူချင်း လက်တွဲခွင့်ရကြတာ ကြည်နူးစရာပေါ့လေ။ ကျနော်တို့ သူငယ်ချင်းတွေအားလုံး ပျော်ကြရတယ်။ ဘယ်သွားသွား သူတို့စုံတွဲလေးကိုကြည့်ပြီး စကြ နောက်ကြလုပ်ရတာ ကျနော်တို့အဖွဲ့လေးရဲ့  ယဉ်ကျေးမှုလိုကို ဖြစ်လာတော့တာပါပဲ။

Monday, February 13, 2012

အတိတ်အလွမ်းလက်ကျန်


                 
ကျွန်တော်နဲ့သူ လမ်းခွဲလိုက်တာ မကြာသေးပါဘူး။ အကြောင်းပြချက်ကတော့ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ပေါ့ဗျာ။ သူဖြစ်ချင်တာနဲ့ ကျွန်တော်ဖြစ်ချင်တာတွေက အမြဲလိုလို ဆန့်ကျင်ဘက်ဖြစ်နေတတ်တော့ ကျွန်တော်တို့နှစ်ယောက် လမ်းခွဲလိုက်ကြတာ အကောင်းဆုံးပါပဲ။
          တစ်လလောက် သူနဲ့ လုံးဝမတွေ့ဖြစ်တော့ဘူး။ အရင်ကဆို နေ့တိုင်း မတွေ့ရမနေနိုင်ဖြစ်ခဲ့ပေမယ့် အခုတော့ နေသားပဲကျသွားတာလား၊ လွမ်းတာရှိရင် နာတာနဲ့ဖြေဆိုသလို စိတ်နာစရာတွေတွေးပြီး နေနိုင်သွားတာလားတော့ အတိအကျ မပြောနိုင်ဘူး။ သေချာတာကတော့ ကျွန်တော်နဲ့ သူနဲ့ တစ်လလောက် အဆက်အသွယ်မရခဲ့ပါဘူး။
   မမျှော်လင့်ပဲ တစ်နေ့က သူ့ကို ပြန်တွေ့တော့ သူ့ဘေးမှာ တစ်စုံတစ်ယောက်ရှိနေတာကို သတိထားလိုက်မိတယ်။ သူ့ကိုကြည့်ရတာလည်း ပျော်ရွှင်နေပုံပါပဲ။ သူနဲ့ စိတ်သဘောထားချင်း တိုက်ဆိုင်တဲ့သူကို ရှာဖွေတွေ့ရှိသွားပြီပေါ့လို့ပဲ ကိုယ့်ကိုကိုယ်ရေရွတ်လိုက်မိတယ်။
   ပြီးတော့ ပြန်စဉ်းစားမိလိုက်တယ်။ ဝမ်းနည်းနေတာလား ဒါမှမဟုတ် ဟိုရင်အချိန်တွေကို တမ်းတလွမ်းဆွတ်နေတာလားပေါ့။ မဟုတ်ပါဘူး။ ကျွန်တော် သူ့ကို အံ့သြမိတာပါ။ သူပြောခဲ့တဲ့စကားတွေကို ကျွန်တော် အခုထိပြန်ကြားနေသေးတယ်။
          ဘာတဲ့။ ကို့လိုနောက်တစ်ယောက်မရှိနိုင်တော့ဘူးတဲ့။ ပြီးတော့ရှိသေးတယ်။ ကျွန်တော်နဲ့ လမ်းခွဲကာနီး သူပြောခဲ့တာ ဒီတစ်သက် ဘယ်ယောင်္ကျားကိုမှ မယုံချင်တော့ဘူးတဲ့။ ယောင်္ကျားတွေဟာ ယုံကြည်ဖို့မကောင်းတဲ့လူတွေတဲ့။ ဟုတ်မှာပါ။ သူတို့ မိန်းမတွေကသာ ကမ္ဘာပေါ်မှာ ယုံကြည်စရာ အကောင်းဆုံးဆိုတော့ သူဒီစကားပြောတာ မှန်မှာပါ။