Tuesday, February 21, 2012

ရင်ထဲက သင်္ကြန် အပိုင်း (၄)


နောက်နေ့ မနက် အိပ်ယာ မထခင်ကပင် အိမ်ရှေ့မှ သင်္ကြန်ကားတစ်ချို့ ဖြတ်သွားသံများ ကြားနေရသည်။ ဒီနေ့ အကြိုနေ့ပါလား။ လည်တဲ့သူတွေကလည်း မနက်ကတည်းက ဇွဲကောင်းကောင်းနဲ့ စတင်လည်ကြပြီ။ ရေပက်တဲ့သူတွေက လည်း စောစောစီးစီးထပြီး ခွက်တွေ၊ ပိုက်တွေနဲ့ ပက်ကြပြီ။ ဝီစီသံတွေ၊ ခရာမှုတ်သံတွေ၊ ဟေးဟားရွှင်မြူးပျော်ပါးသံတွေ စီစီညံနေတော့သည်။

အသံလွှင့်ဌာနတွေ၊ရုပ်မြင်သံကြားဌာနတွေနဲ့ မီဒီယာလောကကြီးကလည်း သင်္ကြန်ကို ဝေဝေဆာဆာ ကြိုဆိုနေကြသည်။

“ချိုပြုံးရွှင်သော နှမပျိုရယ်၊ တစ်ကိုယ်လုံးပင်ချော အလှပိုတယ်၊ မြို့ မနဲ့ တစ်မိတည်း ဖွားလို့ ဆိုလောက်တယ်ကွယ်…

အမောက်ကလေး တစ်သသနဲ့ မြှောက်လို့ပြောတာ မဟုတ်ဘူးကွဲ့  …ယဉ်စစနဲ့  မြင်လိုက်ရတာ အဝတ်အစားမှာပင် အလွန်တင့်တယ်…

ထွန်းသစ်စ လရောင်နှယ်… ခိုင်ညာတံပွင့်လန်း ပန်းသို့နှယ်…ရိုးရိုးသားသားနဲ့ ကျုပ်တို့ မြို့ မက ဂုဏ်တင့်တယ်

မြနန္ဒာ နေညို့ ညို့  ရိပ်ကာသန်းတော့ ရွှေမန်းတောင်ရိပ် အတူတူခိုမယ် ပျိုဖြူတွေရယ်…..

မြလေး နန္ဒာ နန္ဒာ နေညို့ ညို့  ရိပ်ကာသန်းတော့ ရွှေမန်းတောင်ရိပ် အတူတူခိုမယ် ပျိုဖြူတွေရယ်…..

မျှော်ခင်းလေး သာပါဘိတယ် နမိတ်ကောင်းယူမယ် နှစ်ဦးသင်္ကြန်တော်ဝယ်….”

ကျနော်တို့ ငယ်ငယ်တည်းက ခေတ်စားလာပြီး ယနေ့တိုင် သင်္ကြန်ပြယုဂ် သီချင်းအဖြစ် ရှင်သန်နေဆဲ မန်းတောင်ရိပ်ခို သီချင်းသံများကို ကြားနေရသည်။

ရိန်းကို ကြည့်လိုက်တော့ အိပ်မောကျနေဆဲ။ ကျနော် အောက်ထပ်ကိုဆင်းသွားတော့ ကိုဌေး၊ မနုနဲ့ ကိုလှခိုင်တို့က သင်္ကြန်တာအိုးအတွက် ပြင်ဆင်နေကြသည်။

“ဟေ့…ဒီနှစ် သိကြားမင်း ဘာစီးဆင်းလဲကွ”

ကျနော်က လှန်းမေးလိုက်တော့ ကိုဌေးက

“လန်ခရူဇာ စီးဆင်းပြီး လက်တစ်ဖက်က အိုင်ပက်သရီးနဲ့ ကျန်တဲ့လက်တစ်ဖက်က အော်ရာမင်းဂျီဆေးဗူးကိုင်ဆင်းတယ်တဲ့ဆရာ”

“တယ်ထူးဆန်းပါလား လင်းစမ်းပါဦး”


“လန်ခရူဇာစီးပြီး ဆင်းလာတယ်ဆိုတော့ တိုင်းသူပြည်သားတွေ ဒီနှစ်ပိုပြီး သွားလမ်းလာလမ်းတွေကောင်းမယ်၊ ပိုပြီးချမ်းသာကြွယ်ဝမယ်ဆိုတဲ့ သဘောပဲ၊ အိုင်ပက်သရီးကိုင်လာတာကတော့ အရင်က ခွေးသားရေပတ်နဲ့မှတ်တဲ့နေရာမှာ အခု အဆင့်မြင့်သွားတဲ့သဘော အိုင်ပက်နဲ့မှတ်ပြီး စကြာဝဠာတိုက်တစ်သောင်းကို ဝိုင်မက်စ်ကွန်ယက်နဲ့ချိတ်ထားတာဆရာ၊ လူယုတ်မာတွေအတွက် အခုမှတ် အခုချက်ချင်း နက်ပ်ဝက်နဲ့ ယမမင်းဆီတိုက်ရိုက်လှန်းအကြောင်းကြားနိုင်ပြီဆရာ၊ နောက်တစ်ဖက်က အော်ရာမင်းဂျီဆေးဗူးကိုင်လာတယ်ဆိုတာ ကမ္ဘာသူကမ္ဘာသားတွေ ဒီနှစ်ထဲ ကျန်းမာရေး ချူချာမယ်ဆိုတဲ့ သဘောပေါ့ဆရာ၊ အထူးသဖြင့် တာစားခံရတဲ့သူတွေ သတိထားရမယ်ဆရာ…”

“ဒီနှစ်ဘယ်သူတာစားလဲ”

“ကြာသပတေး”

“ဟေ…..ဒါဆို ငါသတိထားရမှာပေါ့ဟုတ်လား။ တခြားရော ဘာတွေထူးသေးလဲကွ”

“သိပ်မစိုးရိမ်ပါနဲ့ ဆရာရယ်…ကြာသပတေးတာစားတယ်ဆိုပေမယ့် ဒီနှစ်က နဲနဲထူးတယ်ဗျ”

“ဘာထူးတာလဲ ပြောစမ်းပါ”

ကျနော်က တကယ်သိချင်ဇောနဲ့ ထပ်မေးတော့ ကိုဌေးက ရယ်ကြဲကြဲလုပ်သည်။ ဒီတော့ မနုက် “အို…ကိုဌေးရယ်…ဆရာ့ကို သက်သက်နောက်နေပြန်ပြီ။ အလကားပါ ဆရာရယ်…ကိုဌေး ပေါက်ကရတွေ လျှောက်ပြော နေတာ။ သင်္ကြန်စာ ဘယ်နားနေမှန်းတောင် သူသိတာမဟုတ်ဘူး။ ဒီနှစ် သင်္ကြန်စာအရ သိကြားမင်းက ရွှေသမင်စီးပြီး ဆင်းတယ် ဆရာ။ ဆရာဖတ်ချင်ရင် ကျမ သင်္ကြန်စာဝယ်ထားတာရှိတယ်၊ ဆရာဖတ်ကြည့်”

ဒီတော့မှ ကျနော်လည်း ကော်ဖီသောက်ရင်း မနုပေးတဲ့ သင်္ကြန်စာကို အစ အဆုံးထိုင်ဖတ်ဖြစ်တော့သည်။ သင်္ကြန်စာအရကတော့ ဒီနှစ် ကြာသပတေးတွေ တာစားမယ်ဆိုပဲ။ ကျနော်ကလည်း ကြာသပတေးသားမို့ ဂရုတော့စိုက်ရမည်။

တအောင့်နေတော့ ရိန်းအောက်ထပ်ကို ဆင်းလာသည်။ ကျနော်နဲ့အတူ ကော်ဖီဝင်သောက်သည်။ အဲ့ဒီအချိန် မန္တလေး FM မှ သင်္ကြန်အကြိုနေ့ အန္တရာယ်ကင်း ပရိတ်တရားတော် လွှင့်နေသည်။

ရိန်းက ကျနော့်ရှေ့မှာ မတုန်မလှုပ် စကားမပြောပဲထိုင်ရင်း ကော်ဖီသောက်နေသည်။

“ဟေ့ကောင်ကြီး အကြိုနေ့မနက် အသံတောင် မထွက်ပါလား။ ဘာတွေဖြစ်နေလဲ ဦးပါကိုပြောစမ်း”

ကျနော်မေးလိုက်တော့မှ ရိန်းက

“ဦးပါ…ရင်ခုန်ဖူးလားဟင်”

“ဘာ…ဘာ…ဘာရယ်…”

“ဦးပါ ရင်ခုန်ဖူးလားလို့သားမေးတာ”

“ခုန်ဖူးတာပေါ့ကွ”


“ဒါဆို ရင်ခုန်ရင် အချစ်လားဟင်”

ရိန်းက အဲ့ဒီမေးခွန်းတွေမေးလာတော့ ကျနော်ပင် အံ့သြရသည်။ ဒီကောင်လေး မနက်စောစော စီးစီး ဘာစိတ်ကူးတွေ ပေါက်လာပါလိမ့်။

“ရင်ခုန်ရင်အချစ် ဆိုတာက ထူးအိမ်သင်သီချင်းကွ…ဟားဟား..ဦးပါထင်တာက ရင်ခုန်ရုံနဲ့တော့ အချစ်လို့ မခေါ်လောက်ဘူးကွ”

“ဒါဆို သတိရခြင်းကရော အချစ်ဖြစ်နိုင်လား”

“ဟင့်အင်း…သတိရတာကတော့ နာကျည်းရင်လည်း သတိရနေတတ်တာပဲ။ အချစ်မဖြစ်ဘူးလေ”

“သူ့ပုံရိပ်၊ သူ့အသံ၊ သူ့အမူအယာတွေကို အမြဲတမ်း မြင်ယောင်နေတာကရော အချစ်လား”

“ဒါလည်း မဟုတ်သေးဘူးကွ၊ မင်းကို ရှင်းအောင်ပြောပြရရင် အချစ်ဆိုတာ နှာခေါင်းရောဂါပဲ”

“ဗျာ…ဒါဆို နှာဖူးကျခြင်းကို အချစ်လို့ ဦးပါကဆိုလိုတာလား”

“ဟာ…ဘယ်ကသာကွာ ဦးပါပြောတဲ့ နှာခေါင်းရောဂါဆိုတာ နှာချေချင်တဲ့အခါ မချေပဲ ပျက်သွားတဲ့ ခံစားချက်လိုမျိုးကို ပြောတာ”

“ဘာဆိုင်လို့လဲဗျာ”

“အေး…အဲ့ဒါကို မင်းတို့သတိမထားမိလို့ပေါ့ကွ။ ဆိုင်တာပေါ့။ နှာချေခါနီးရင် လူက အားယူပြီး ချေမယ်လုပ်ပြီးကာမှ မချေပဲဖြစ်သွားရင် တစ်မျိုးကြီးပဲ မနေဘူးလား။ ခေါင်းထဲ ဆစ်ကနဲ ကြင်သွားသလို၊ လည်ချောင်းထဲ ယားသွားသလို၊ နားတွေပူထူသွားသလို အဲ့ဒီလို ခံစားချက်မျိုးကို အချစ်လို့ခေါ်တယ်…နေမထိ ထိုင်မသာ ဖီလင်ပေါ့ကွာ”
“ဟာ…ဦးပါလုပ်မှ သားတော့ ပိုရှုပ်ကုန်ုပြီ။ ဦးပါရဲ့  အချစ် ဒက်ဖနေးရှင်းက မြင့်နေတယ် သားလိုက်မမီတော့ဘူး။ ဦးပါပဲ နှာချေချင်တာတွေ မချေချင်တာတွေနဲ့ အချစ်ကို စာဖွဲ့နေပေတော့။ သားကတော့ အချစ်ကို ကိုယ့်ဟာကိုယ်ပဲ အဓိပ္ပာယ် ဖွင့်လိုက်တော့မယ်။ အချစ်ဆိုတာ မျှော်လင့်ခြင်းပဲ။

လူတွေဟာ အချစ်ကို မျှော်လင့်ရာကနေ ရယူခြင်းတွေ၊ စွန့်လွှတ်ခြင်းတွေ၊ ပိုင်ဆိုင်ခြင်းတွေ၊ ကြေကွဲခြင်းတွေ၊ အထီးကျန်ခြင်းတွေဖြစ်လာကြတာ။ အဲ့ဒါတွေရဲ့  အစကနဦးက မျှော်လင့်ခြင်းပဲ။ လူတိုင်း အချစ်ကို မျှော်လင့်ပိုင်ခွင့်ရှိတယ်။ လွတ်လွတ်လပ်လပ် မျှော်နေခွင့်ရှိတယ်။ Living with Hope လို့ခေါ်တယ်။ မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတာ။

သားလည်း စန္ဒီ့ ဆီက အချစ်ကို မျှော်လင့်ရင်းနဲ့ အသက်ရှင်နေရတာပါ။ သားရဲ့ ရှင်သန်ခြင်းဟာ စန္ဒီ့ ကြောင့်ပါပဲ”

“ဟိုက်ရှားလပတ်။ တယ်ပြောင်မြောက်တဲ့ ဒိုင်ယာလော့တွေနဲ့ အချစ်မဟာကဝိကြီးပါလား”

“ဒီနေ့ အကြိုနေ့မှာ သိကြားမင်းကြီးဆင်းလာတယ်။ သိကြားမင်းကြီးကို သတ်သေထားတိုင်တည်ပြီး သားပြောရဲတယ်။ သားစန္ဒီ့ကို ချစ်တဲ့အချစ်တွေဟာ ဘယ်အရာနဲ့မှ နှိုင်းလို့မရဘူး”

ရိန်းနှုတ်မှ အဲ့ဒီလို စကားသံတွေထွက်လာတော့ ကျနော့်မျက်စိထဲ ကေခိုင်မျက်နှာကြီးရယ်၊ လဲ့ရည် မျက်နှာကြီးရယ်ကို အနှေးကွက် အမြန်ကွက်တွေနဲ့ တစ်ယောက်ပြီး တစ်ယောက် ပေါ်လိုက် ပျောက်လိုက်နဲ့ မြင်ယောင်လာမိတယ်။ ပြီးတော့ သူတို့ ယောက်ကျားတွေ၊ သူရစိုးနဲ့အောင်ထွဋ်။ ခပ်ပြုံးပြုံးကြီးတွေ လုပ်ပြီး ကျနော့်ကို ကြည့်နေကြတဲ့ အဲ့ဒီနှစ်ယောက်ရဲ့  မျက်နှာဘေးကြီးတွေကိုလည်း မြင်လာမိတယ်။

ရိန်းက ဆက်ပြောနေသည်။

သူလည်း သူ့ဖီးလ်နဲ့သူ ပြောနေသလို ကျနော်လည်း ကျနော့် အတွေးနဲ့ကျနော် မျောနေတော့သည်။ ထိုအချိန်မှာပဲ အိမ်ရှေ့မှ သင်္ကြန်ကားတစ်စီး ဖြတ်သွားသည်။ ထိုကားပေါ်မှ ခေတ်သစ်သင်္ကြန်သီချင်းတစ်ပုဒ်ကို ဟစ်ကြွေးသွားကြသည်။

“နှစ်ဟောင်းကြီးလည်း ကျန်ခဲ့ပြီ…ရို့ ရို့ …

အချစ်ဟောင်းကြီးလည်း ချန်ခဲ့ပြီ…ဟေး….

အဘိုးကြီးလည်း အချစ်သစ်တွေ့ပြီ.. အဘွားကြီးလည်း အချစ်သစ်နဲ့…ကဲနေပြီ…ကဲနေပြီ…ရို့ ရို့ …

ပျော်စရာသင်္ကြန်ပွဲ…ဘာမှ မတွေးနဲ့… ကဲသာကဲ… နွှဲသာနွှဲ…ဆွဲသာဆွဲ…ဟေ့…”

အသံသေးအသံကြောင်များနဲ့ အော်ဟစ်သွားကြသော သင်္ကြန်ကားများဆီ လှန်းမျှော်ရင်း ကျနော်တို့ ငယ်ငယ်က စွဲလန်းခဲ့ရသော သီချင်းလေးကို ပြန်လည်တမ်းတ ညည်းဆိုမိလိုက်သည်။

“နှစ်သစ်ကူးလို့ အချစ်ဦးကိုရှာဖွေ…ဘယ်အရပ်ဌာနေ…ဘယ်ဆီများ သွားပါလိမ့် နေစိမ့်တဲ့သူရေ….

ပန်းပိတောက်ဝါတွေ ပန်းပိတောက်ဝါတွေ…ရွှေရည်လူး ဖူးပွင့်ခဲ့ပြီလေ…အချစ်ဦး မေရေ….ပန်းပွင့်ကို လှန်းလင့်ကာချွေ.. ပေးချင်လှပေ……အော်….. ပေးချင်လှပေ….

ချစ်သူ ချစ်သူ မဉ္စူ ချစ်ဇမ္ဘူဒီမြေ…ကုန်ကာဆုံးစေတော့…တွေ့အောင် မောင်ရှာမလေ….

မြတ်ဘုရားထံပါးမှာ တည်ထားသက်သေ…တောင်းဆုချွေ…တောင်းဆုချွေ….”

ကျနော်က သီချင်းလေးညည်းရင်း ခုန်ကလေးခေါက်ရင်း မြူးလာတော့ ရိန်း စိတ်ညစ်သွားပုံပေါ်သည်။ သူမခံစား တတ်သော သီချင်းနဲ့ ကျနော်က ဖျော်ဖြေနေ၍ သူဆက်မထိုင်လိုတော့ပေ။ ကျနော့်နားမှ မသိမသာ ထသွားသည်။

ကျနော်လည်း သူ့အရိပ်အခြေကို အကဲခတ်ကြည့်လိုက်တော့ မောင်မင်းကြီးသားက စန္ဒီဆီ ဖုန်းသွားဆက်နေခြင်း ဖြစ်သည်။

“ကိုယ်တို့ နေ့ခင်း၁နာရီလောက် လာခေါ်မယ်။ စန္ဒီ အိမ်မှာပဲ စောင့်နေနော်…အဘွားကို မှာခဲ့ဦး ညနေစောင်းမှ ပြန်ရောက်မှာလို့။ ဒီနေ့ မဏ္ဍပ်ဖွင့်ပွဲပဲဆိုတော့ စောမှာပါ”

ရိန်းက စန္ဒီ့ ကို ညနေ မဏ္ဍပ်ဖွင့်ပွဲလိုက်ခဲ့ဖို့ ခေါ်သံကြားမှ ကျနော်လည်း ကိုယ့်အလုပ်ကိုယ် သတိပြန်ရတော့သည်။ ဒီနေ့ ကျနော့်မဏ္ဍပ် ညနေ၃နာရီ ဖွင့်ပွဲလုပ်မှာပဲလေ။

ကျနော်နဲ့ရိန်း စန္ဒီ့ ကို သူ့အိမ်မှာ ဝင်ခေါ်ပြီး မဏ္ဍပ်ရောက်တော့  ၂နာရီထိုးပြီ။ ကိုဧကိုတစ်ယောက် အလုပ်များ နေသည်။ ထို့အတူ သူ့တပည့်အောင်သူလည်း ဟိုပြေးဒီပြေး ဖြစ်နေသည်။ မဏ္ဍပ်ပေါ်မှာတော့ ရေပက်ကြမယ့်သူတွေ ရောက်နေကြပြီ။ ခန့်မှန်း၁၀၀ကျော်လောက်ရှိမည်။ အကြိုနေ့မို့ တစ်ချို့ ကလည်း မလာကြဘူး။

ကျနော်လည်း မဏ္ဍပ်ပေါ်တက် စစ်ဆေးစရာရှိတာတွေ စစ်ဆေးသည်။ DJ ဘီလူးနဲ့ သောမတ်စ်တို့က မနက်ကတည်းက ရောက်နေကြပြီး စက်တင်ချိန်နေကြသည်။ ကျနော့်ကိုတွေ့တော့ လာနှုတ်ဆက်ကြသည်။ ခဏနေတော့ မယ်ချိုသာ ရောက်လာသည်။ မဏ္ဍပ်ပေါ်က ကောင်မလေးတစ်ချို့  ချိုသာနားကပ်သွားကြသည်။ ကောင်လေးတွေကလည်း အနားမှာ မယောင်မလည် လုပ်နေကြသည်။ ဧကိုက ချိုသာ့အတွက် ကိုယ်ရံတော် လုံခြုံရေးသမား ၂ယောက်ကို ဘေးမှာ ရံခိုင်း ထားလိုက်သည်။

ချိုသာက ကျနော့်ကို တွေ့တော့ အနားမှာရှိတဲ့ ရေခဲစိမ်ဘီယာပုံးထဲက ရေကို ရေခွက်နဲ့ခပ်ပြီး လာလောင်းသည်။

“ဦးပါကို သင်္ကြန်ရေအခုမှပဲ ပက်ရတော့တယ်…ချိုသာ အရင်ဆုံးပက်တာ မဟုတ်လား”

ကျနော်လည်း ချိုသာလောင်းလိုက်တဲ့ ရေခဲရေကြောင့် စိမ့်ကနဲ ဖြစ်သွားမိသည်။

“ညည်းကလည်း အေးလိုက်တာဟာ…” လို့ပြန်ပြောတော့ ချိုသာက ရယ်သည်။ ပြီးတော့

“ဦးပါ…ချိုသာ ဘာမှ မစားရသေးဘူး…ဘာစီစဉ်ထားလဲ”

“လုပ်ပြီ။ ပွဲဖြင့် မစသေးဘူး အစားစားဖို့က အရင်…ဘာမှ မစီစဉ်ထားဘူး ကိုယ့်အစီအစဉ်နဲ့ ကိုယ်စားကြရမှာ”
“ဟာ….ဦးကလည်း…” ဆိုပြီး ချိုသာက ကျနော့်လက်မောင်းကို အတင်းဆွဲသည်။ ထိုအချိန်မှာပဲ ပပဝတီနဲ့ သူ့သူငယ်ချင်း ၂ယောက် မဏ္ဍပ်ပေါ်တက်လာကြသည်။

“ဟေ့…ဦးလက်ကို အခုလွှတ်…ဒီလို လုပ်လို့ရမလားကွ”

ပပဝတီက မယ်ချိုသာ့ကို လှန်းအော်ရင်း ကျနော့်နားရောက်လာသည်။ ကျနော်တို့က DJ စင်နားမှာမို့ အားလုံးရဲ့ အနောက်မှာ ဖြစ်သည်။ တစ်ချို့ ကလည်း ကျနော်တို့ကို ရပ်ကြည့်နေကြသည်။

ပပဝတီက ကျနော့်ကျန်လက်တစ်ဖက်ကို ဆွဲပြီး

“ဦးပါ…ဒီမှာလေ..ဒါ စဝ်သိုက်အောင်…ဒါကတော့ ဦးပါသိပြီးသားပါ။ နဒီလေ”

ကျနော်လည်း ပပမိတ်ဆက်ပေးတော့ ရှမ်းလေးနဲ့ နဒီတို့ကို ပြန်နှုတ်ဆက်လိုက်သည်။

“အေးကွာ…၃နာရီထိုးရင် ဖွင့်ပွဲလုပ်မယ်။ လမ်းပေါ်မှာပဲ ဖဲကြိုးဖြတ်တာပေါ့။ လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူလာလိမ့်မယ်။ ပြီးတော့ မြို့ နယ်အုပ်ချုပ်ရေးမှုးလည်း လာမယ် ညည်းတို့ ၄ယောက်က ဖဲကြိုးကိုင်ကြနော်”

“ဟုတ်ကဲ့…” သူတို့ တစ်ညီတစ်ညွတ်တည်း ခေါင်းငြှိမ့်ကြသည်။

“သြော်…လာလာ သားရိန်းနဲ့သမီးစန္ဒီ…မင်းတို့နဲ့ မိတ်ဆက်ပေးမယ်”

ကျနော်က ရိန်းနဲ့စန္ဒီ့ ကို အနားခေါ်လိုက်သည်။ ပြီးမှ ဟို ၄ယောက်ဖက်လှည့်ပြီး

“ဒါ ဦးပါရဲ့  ဒူးမနာ သားနဲ့သမီးပေါ့…ဦးပါသူငယ်ချင်းတွေက မွေးတာ…သူက ရိန်းတဲ့ စင်ကာပူမှာနေတယ်၊ သူလေးက စန္ဒီတဲ့ ယူကေမှာ ကျောင်းတက်နေတာလေ..”

“ကြည့်စမ်း…ဦးပါက လူပျိုကြီး ကလေး၂ယောက်အဖေပေါ့ ဟုတ်လား”

ပပစကားကြောင့် သူတို့ဝိုင်းရယ်ကြသည်။

“၂ယောက် မကဘူးဟေ့…နောက်လာဦးမယ်…ဦးပါမှာ မိန်းမမရပဲ မွေးလာတဲ့ ကလေးတွေ အများကြီးပဲ”

ချိုသာက ဝင်ပြောလိုက်သည်။

“ကဲ သားရိန်းနဲ့စန္ဒီ…ဒါက အကယ်ဒမီမယ်ချိုသာတဲ့။ သူက ပပဝတီ၊ သူက နဒီနန္ဒာ၊ သူက စဝ်သိုက်အောင် အားလုံးက နာမည်ကြီးတွေကြီးပဲ”

“ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်”

ကလေးတွေက ပြန်နှုတ်ဆက်ကြသည်။ ထိုစဉ် ကိုဧကိုက အပြေးရောက်လာသည်။

“ဆရာ…ဦးစည်သူနဲ့အုပ်ချုပ်ရေးမှုးရောက်လာပြီ.”

ကျနော်လည်း ဧကိုနဲ့ မဏ္ဍပ်အောက်လိုက်သွားပြီး လူကြီးတွေကိုသွားကြိုရသည်။ အချိန်ကြည့်လိုက်တော့ ၃နာရီထိုးဖို့ ၁၀မိနစ်။ သူတို့ကို ရုံးဝန်းထဲက မြက်ခင်းမှာ ခဏထိုင်ခိုင်းရသည်။ ထို့နောက် ဧည့်သည်တွေ တဖွဲဖွဲရောက်လာကြသည်။

၃နာရီထိုးတော့ ဧကိုက စရတော့မလားလို့လာမေးသည်။ ကျနော်လည်း စမယ်ဆိုပြီး မဏ္ဍပ်ရှေ့ထွက်ခဲ့ကြသည်။ အားလုံးကြိုစီစဉ်ထားတဲ့အတိုင်းပဲ အခမ်းအနားမှုး DJ ဘီလူးက ကြေငြာပြီး လွှတ်တော်ကိုယ်စားလှယ်ဦးစည်သူနဲ့ အုပ်ချုပ်ရေးမှုးတို့နဲ့အတူ ကျနော်လည်း ဖဲကြိုးဖြတ်ဖွင့်ပေးလိုက်ရာ မဏ္ဍပ်ပေါ်မှ ရေပန်းအလှတွေနဲ့ လမ်းပေါ်ကို ရေတွေဖြန်းပက်တော့သည်။ ထို့အတူ DJ အဖွဲ့ရဲ့  ခေတ်မီ ဒီဇိုင်းအသစ်နဲ့ မြူးဇစ်သံက ထွက်လာသည်။

“မြူးကြွတဲ့တေးသံ ပျံ့ လွင့်လို့နေ…ကူးပြောင်းစ တန်ခူးလေမှာ…တစ်ယောက်တစ်လက်နဲ့လှန်းကာ ဖြန်းပက်ကြစဉ်..ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ…

ခေါင်းကလေးမော့လို့ … ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ…

ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ပွဲမှာ ငုံနေရှာတဲ့ ပန်းပိတောက်ဖူးတွေလည်း….

ရာသီအချိန်မီ လှန်းပွင့်ခဲ့တဲ့ ပိတောက်ကို ပန်ဆင်ကာလေ လှသထက်တင့်မှာမို့….

မိုးပြေးနဲ့ အရောက်လာ ပန်းပွင့်ဖို့ရာ…ကူးပြောင်းစ တန်ခူးလေမှာ…

ပွဲဖျက်တဲ့မိုးလို့ မပြောကြရအောင် ….သင်္ကြန်မိုးလေးရေ…စိုရုံဖြန်းပက်အုံး…

မိုးပြေးလေးရေ…သင်္ကြန်မိုးပြေးရေ…စိုရုံ ဖြန်းပက်အုံး။”

သင်္ကြန်မိုးသီချင်းကို ပုံစံအသစ် တီးလုံးအသစ်တွေနဲ့ ဒီဂျေတီးလုံးတွေ ရောနှောပြီး ဖန်တီးထားတာ အရမ်းမြူးပြီး အရမ်းနားထောင်လို့ကောင်းသည်။ မဏ္ဍပ်တစ်ခုလုံး အသက်ဝင်လေပြီ။ ဒါ…သင်္ကြန်ကို ကြိုဆိုလိုက်ခြင်းပင်။ ကလေးတွေ ပျော်ကြပါစေတော့။

အားလုံး အကြိုနဲ့မှာပဲ အတော်လေး ပျော်သွားကြသည်။ မနက်ဖြန် ဒီ့ထက်ပို စည်ကားပေလိမ့်မည်။ ကျနော့် ဘော်ဒါတွေလည်း ဖိတ်ထားလို့ရောက်လာကြလိမ့်မည်။

အကျနေ့မနက်စောစော ကျနော်နဲ့ ရိန်း Breakfast စားပြီး မဏ္ဍပ်သို့ထွက်လာကြသည်။ ၇နာရီပဲ ရှိသေးသည်။ လူတွေတော်တော်ရောက်နေပြီ။ မြို့ ထဲမှာလည်း မဏ္ဍပ်တစ်ချို့ ရေ စတင် ပက်နေကြပြီ။ ကျနော်တို့ ရောက်ပြီး မကြာခင်ပဲ ဇာနည်ထက်တို့မိသားစု ၄ယောက်လုံးရောက်လာသည်။ ငရဲတို့လင်မယား။ဆန်းထွန်း၊ မမို့နဲ့ ဖိုးခန့်တို့သားအမိ (သူ့ယောက်ကျားက နေပြည်တော်မှာတာဝန်ကျနေ၍ ရန်ကုန်မှာမရှိ)၊ ဝါဝါတို့မိသားစု (ဝါဝါ့ယောက်ကျား တပ်ရင်းမှုးကြီးက ရန်ကုန်ကို အလုပ်ကိစ္စ နဲ့ရောက်နေ၍ အတူတူပါလာသည်။ မောင်ဘုန်းကတော့ သူ့အဖေပါလာ၍ နဲနဲဘူနေသည်။)၊ ပြီးတော့ ကိုဝင်းထွေးတို့လင်မယား (သူ့သား၂ယောက်က လူကြီးတွေနောက် လျှောက်မလိုက်တော့ပေ။ ဒါကြောင့် ကိုဝင်းထွေးနဲ့ မနီ ၂ယောက်ပဲ ရောက်လာသည်။)၊ နောက် နှစ်ပေါင်းများစွာ ကွဲကွာနေပြီး ဒီနှစ်သင်္ကြန်လည်ဖို့ ကနေဒါကနေ ပြန်ရောက်လာတဲ့ ကျနော့်သူငယ်ချင်း ဒေါက်တာဖြိုးကျော်သက်တို့ စုံတွဲလည်းဖိတ်ထားလို့ ရောက်လာကြသည်။

ဒီနေ့ မဏ္ဍပ်ပေါ်မှာ လူပြည့်နေသည်။ ပပဝတီတို့အဖွဲ့က DJ စင်နားက သီးသန့်နေရာမှာ နေရာယူရင်း ကခုန်နေကြသည်။ အောက်က သင်္ကြန်ကားတွေက အရူးအမူးအော်ကြသည်။ ကျနော်တို့မဏ္ဍပ်ရှေ့မှာ စုပြုံပြီး မင်းသား မင်းသမီးတွေကို ရပ်ကြည့်နေကြသော လူအုပ်ကြီးပင် မနည်းမနောရှိသည်။ ကားတွေလည်း ပိတ်ကုန်ပြီ။ တစ်လမ်းလုံးမှာ ကျနော်တို့မဏ္ဍပ်ရှေ့ လူအစည်ဆုံးဖြစ်နေ၏။ DJ ဆရာကြီး ၂ယောက်ရဲ့  အစွမ်းနဲ့ စူပါမင်းသမီးလေးတွေကြောင့် ကျနော်တို့မဏ္ဍပ်သည် ပိုမြူး ပိုသွက် ပိုလန်းနေတော့သည်။

ကျနော်တို့ လူတစ်စုက အနောက်ဘက်ရုံးဝန်းထဲက မြက်ခင်းမှာ စားပွဲဝိုင်းနဲ့ စားကြသောက်ကြ စကားစမြည် ပြောဖြစ်ကြသည်။ ကလေးတွေကတော့ မဏ္ဍပ်ပေါ်မှာ ဆော့နေကြသည်။

ကျနော့် ငယ်သူငယ်ချင်းကြီး ဖြိုးကျော်သက်က ရန်ကုန်သင်္ကြန် အဲ့သလောက် ပြန်စည်ကားနေတာကို တအံ့တသြော ဖြစ်နေသည်။ သူရန်ကုန်သင်္ကြန်နဲ့ ကင်းကွာနေတာ ၁၅နှစ်လောက်ရှိနေပြီ။

ဆန်းထွန်းကတော့ ဘယ်သူတွေ ဘာပြောပြော ချထားတဲ့ ဆာတေးတွေကို တချောင်းပြီး တချောင်း ကိုက်နေတော့သည်။ ကိုဝင်းထွေးကြီးကလည်း မဏ္ဍပ်ပေါ်ပြန်တက်ပြီး ကောင်မငယ်လေးတွေနဲ့ ဒွန့်ချင်နေသော်လည်း သူ့အုပ်ထိန်းသူကြီးက ဘေးက ပါနေ၍ မလှုပ်သာပဲ ဖြစ်နေသည်။ ငရဲကတော့ မော့သည်။ နည်းနည်းထွေမှ ကောင်းမှာကွ လို့ပြောရင်း စွတ်တင်နေသည်။ သူ့မိန်းမက ပြောသည်။

“ရှင်သောက်နေပုံက နည်းနည်းထွေအောင်မှ မဟုတ်ပဲ…မြန်မြန်မှောက်အောင်လုပ်နေသလိုပဲ…အေးနော်…ရှင်မူးပြီး မှောက်သွားလို့ကတော့ ကျမက မဏ္ဍပ်ပေါ်တက်ပြီး တွေ့တဲ့တစ်ယောက်နဲ့ ကဲနေမှာ…ရှင့်နားမှာ ထိုင်စောင့်နေမယ် မထင်နဲ့”

ဒီလိုပြောလိုက်တော့ ငရဲ နည်းနည်း တွန့်သွားသည်။ ပြီးမှ

“ဘာ…မင်းက လင်ကြီး ငုတ်တုတ် ရှိနေလျက်နဲ့ လင်ငယ်နဲ့ ကဲချင်သေးတယ်ဟတ်လား။ သေနာမ..ငါလုပ်လိုက်ရ”

ပြဿနာက စပြီ။ အဲ့ဒီမှာ စတွေ့သည်။ ကိုဝင်းထွေးကလည်း ဒီအချိန်ဟာ ဂွင်ပဲဆိုပြီး ငရဲကို ထူလိုက်သည်။

“လာပါ ညီလေးရာ..ရန်မဖြစ်ပါနဲ့..ကိုယ်လင်မယားတွေ သင့်သင့်မြတ်မြတ်ပေါ့” ဟုပြောရင်း မဏ္ဍပ်ပေါ် အတင်းဆွဲခေါ်သွားသည်။ သူက မဏ္ဍပ်ပေါ်မှာ က ချင် ကဲချင်နေတဲ့လူလေ။ ဒါသူ့အတွက် မဟာ အခွင့်အရေး ဂွင်ကြီးပဲ။

ကိုဝင်းထွေးနဲ့ ငရဲတို့က သူတို့အကြံနဲ့သူတို့ ပျောက်သွားကြပြီ။ ဝိုင်းမှာ မချိတင်ကဲ ကျန်ခဲ့သူက ဇာနည်ထက်။ သူလည်း လွတ်လပ်မှုကိုရှာချင်နေပုံရသည်။ ဒီတော့ ဖြိုးကျော်သက်ကို မျက်စလှန်းပစ်သည်။ ဖြိုးကျော်သက်ကလည်း အရိပ်ပြရင် အကောင်တင်မက အသိုက်တစ်ခုလုံးပါ မြင်တတ်သူမို့ သူ့မိန်းမနားကပ်ပြောသည်။

“ကိုယ်တို့ ဟိုဘက်မဏ္ဍပ်အခြေအနေ သွားလေ့လာဦးမယ်…သူတို့တွေ ဘယ်လိုပုံရှိလဲဆိုတာသိရအောင်”

ဖြိုးကျော်သက်က ပြောရင်းထသည်။ ပြီးမှ

“ကိုထက် လိုက်ခဲ့လေကွာ…” ဟုဆိုကာ ကိုထက်ကိုခေါ်လိုက်သည်။ ဖြိုးကျော်သက် ကခေါ်တော့ တုံတုံလည်း ဘာမှ မပြောသာပဲ မသိသလိုနေလိုက်ရသည်။ သို့သော် စိတ်မချတဲ့မျက်လုံးဖြင့် ကိုထက်ကို တစ်ချက်ကြည့်လိုက်သည်။ အဲ့ဒီအကြည့် ကို ကျနော်ပဲ သတိထားမိလိုက်သည်။

သူတို့တွေ ဥာဏ်နီ ဥာဏ်နက်နဲ့ မိန်းမတွေနားက ပျောက်သွားတာကိုကြည့်ရင်း ကျနော်သဘောကျမိသည်။

ဒါ လွတ်လပ်သူနဲ့ ချုပ်နှောင်ခံရသူတို့ရဲ့  ကွဲပြားသော အချက်ပင်။ ဒီအချိန်မှာ ကျနော် ထသွားချင်လည်းရသည်။ 
အရက်ကို မှောက်အောင် သောက်ချင်လည်းရသည်။ ဘယ်သူ့မျက်နှာမှ ကြည့်စရာမလို။ ဆန်းထွန်းလည်း ထိုနည်း၎င်းပင်။

“ကိုထင်…ချဗျာ…ဟေ့…ဧကိုရေ…မင်းအစ်မတွေအတွက် ကော့တေးသွားယူခဲ့စမ်း”

နောက်ဆုံး ဝိုင်းမှာ ကျနော်ရယ် ဆန်းထွန်းရယ် ဝါကြီးယောက်ကျားကိုထင်ရယ် ၃ယောက်ပဲ သောက်မယ့်လူ ကျန်သည်။ ကျန်တာ မိန်းမတွေချည်းပဲ။ ကျနော်ပါ ထပ်ပျောက်ရင် သူတို့ချည်းပဲ မဖြစ်။ သူတို့ လင်တော်မောင်တွေ လွတ်လွတ်လပ်လပ် ကဲနိုင်အောင် ကျနော်က သူတို့ကို ထိန်းပေးထားရင်း စကားဖောင်ဖွဲ့နေရသည်။

ဘယ်လိုပင် စကားဖောင်ဖွဲ့နေသော်လည်း စိတ်ကတော့ မဏ္ဍပ်ပေါ်ရောက်နေပြီ။

“ခဏ ထိုင်ကြအုံးဟာ…ငါ ဟိုကောင်တွေနောက် လိုက်ကြည့်အုံးမယ်…”

ကျနော်က ပြောရင်း ကိုထင်နဲ့ ဆန်းထွန်းကို မျက်စပစ်ပြီး တစ်ပါတည်းခေါ်လိုက်သည်။ သူတို့ ၂ယောက်စလုံး ငေါက်ကနဲ ထလိုက်လာကြသည်။ ကျနော်တို့ မဏ္ဍပ်ပေါ်အရင် တက်သွားသည်။ မဏ္ဍပ်ပေါ်ကလူတွေရော အောက်ကလူတွေရော တစ်ဟေးဟေးနဲ့ ဝုန်းဒိုင်းကြဲနေ၍ ဘာများလဲဆိုပြီး ကြည့်မိရာ ငရဲမှာ အင်္ကျီမရှိတော့ပေ။ ပပဝတီတို့နားက တိုင်မှာ ပတ်ပြီးကပြအသုံးတော်ခံနေတာကို အံဖွယ်တွေ့လိုက်ရသည်။ ငရဲ အဲ့လောက် အကကောင်းမှန်း အရင်က မသိခဲ့။ ကိုဝင်းထွေးကြီးက ငရဲကနေတဲ့နေရာအောက်နားမှာရှိတဲ့ စင်ပေါ်ကနေ မီးသတ်ပိုက်ကို သိမ်းပိုက်ရင်း ဘောင်ပေါ်တက် စတန့်ထွင်ပက်ပြနေတော့သည်။ DJ ကလည်း လူရင်းတွေမို့ သူတို့၂ယောက်အတွက် အထူးတီးလုံးတွေ ဖွင့်ပေးထားသည်။ ကလေးတွေဖြစ်တဲ့ မောင်ဘုန်းတို့ ဖိုးခန့်တို့ပင် သူတို့၂ယောက်ကို ကြည့်ပြီး သဘောတွေကျနေကြသည်။

ဆန်းထွန်းက ငရဲ ကနေတာကို မြင်တော့ ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။ ငရဲ က ဆန်းထွန်းအသံကြားတော့ အတင်းလာဆွဲခေါ်ပြီး သူနဲ့အတူ တိုင်ပတ်အက ကခိုင်းသည်။ ဆန်းထွန်း ဒုက္ခများတော့၏။ ငရဲက မူးရင် ဘာမဆိုလုပ်ရဲသွားပြီ။ ဒါကိုလည်း သူငယ်ချင်းတွေက သိသည်။ အခုတော့ ဆန်းထွန်းပါ ငရဲနဲ့အတူ တိုင်ပတ်နေရလေပြီ။

သူတို့၂ယောက်ကိုကြည့်ပြီး အားလုံးက အားပေးကြသည်။ ကျနော့်ဘေးမှ တပ်ရင်းမှုးကြီး ကိုထင်ကတော့ ရှက်နေသည်။ အကွယ်လေးကပဲ ကြည့်သည်။ DJ ဘီလူးဆီမှ အသံထွက်လာသည်။

“ဒီမဏ္ဍပ်က ကလေးတွေ ဘာလုပ်မှာလဲ…အန်ကယ်ကြီးတွေတောင် ကဲ….နေပြီ…ကဲမှာလား”

ဘီလူးက မေးတော့ အားလုံးက ဝိုင်းအော်သည်။

“ကဲ..မယ်”

“ကဲမယ်ဆို ကောင်လေးတွေက အင်္ကျီချွတ်…ကောင်မလေးတွေလည်း ချွတ်ရဲတဲ့သူ ချွတ်”

“ဝေး…ဟေး….ဟေး….”

“အလကားစတာနော်…ကောင်မလေးတွေမချွတ်နဲ့…အားလုံး READY ပဲလား…”

READY…ဟုအော်ကြတဲ့ ယောက်ကျားလေးအများစုမှာ ကိုယ်ဗလာနဲ့ဖြစ်နေကြပြီ။ အပေါ်အင်္ကျီတွေမရှိတော့ပေ။

DJဘီလူးက READY ဆိုတာနဲ့ နောက်ဆုံးပေါ် တီးလုံးနဲ့ sound effect ကို ခပ်ကျယ်ကျယ်လေး ဖွင့်ထည့်လိုက်ရာ မဏ္ဍပ်ကြီးတစ်ခုလုံး သိပ်ကနဲ သိပ်ကနဲ နဲ့ယိမ်းထိုးလှုပ်ရှားလာတော့သည်။

ထိုစဉ် ကိုထက်နဲ့ ဖြိုးကျော်သက် ကျနော့်နောက်ရောက်လာကြသည်။

“အပါ…ကြည့်လဲလုပ်ဦး။ အကျနေ့ပဲရှိသေးတယ်…ပြိုသွားမယ်။”

“ရပါတယ်ကွာ…ခိုင်ပါတယ်…ဟေ့ကောင်တွေ ဟိုမှာ ကြည့်စမ်းပါဦး…”

ကျနော်က ငရဲ၊ ဆန်းထွန်းနဲ့ ကိုဝင်းထွေးတို့ ကဲနေတာကို ပြလိုက်တော့ ကိုထက်တို့ သဘောကျသွားသည်။ အဲ့ဒီအချိန်မှာပဲ ပပဝတီက ကျနော့်ဆီရောက်လာသည်။

“ဦးပါ…လာလေ..နဲနဲလောက် တွန့်ပြပါဦး” ဟုဆိုကာ သူတို့အဖွဲ့နား အတင်းဆွဲခေါ်တော့သည်။ DJ ဘီလူးကလည်း ဒါကိုမြင်တော့ အော်သည်။

“သူငယ်ချင်းတို့ရေ…ကျနော်တို့ အော်ဂနိုက်ဇာကြီး ကဲပြီနော်…ဝမ်း တူး သရီး” ဆိုပြီး တီးလုံးတစ်မျိုး ပြောင်းလိုက်သည်။

ကလေးတွေကလည်း ကျနော်နဲ့ မင်းသမီးတွေနဲ့ ကနေတာကို ကြည့်ပြီး ပျော်နေကြသည်။ ကျနော်ကလည်း တစ်ယောက်တည်း ဘယ်ကမလဲ။ အဖော်တွေခေါ်ရတာပေါ့။ ကိုထက်၊ ဖြိုးကျော်သက်နဲ့ ကိုထင်တို့ကို မရမက အတင်း ဆွဲခေါ်ကသည်။ ကိုထင်က မလာရဲဖြစ်နေ၍ မယ်ချိုသာက အတင်းသွားဆွဲသည်။ ဖြိုးကျော်သက်ကိုတော့ နဒီက တွဲထားသည်။ ပပဝတီက ကိုထက်ကို လက်မောင်းစုတ်ထားသည်။ ပြီးတော့ တီးကွက်နဲ့ ဟန်ချက်ညီအောင် အလိုက်သင့် ကကြသည်။

အဖေတွေ ကဲနေတာမြင်တော့ သားတွေဖြစ်တဲ့ မောင်ဘုန်း၊ ဖိုးခန့်နဲ့ ဖိုးထက်တို့ ကျနော့်နားရောက်လာသည်။

“ဦးပါ…အမေတို့တွေ့ရင် ပြဿနာ အကြီးကြီး တက်မှာနော် ကြည့်လုပ်ဦး”

“နေပါစေကွာ…တစ်နှစ်တစ်ခါကဲရတာ…လွတ်လွတ်လပ်လပ်ပေါ့ကွာ…သူတို့ပျော်နေတော့ မင်းတို့တောင် ပိုပြီး ကဲလို့ကောင်းသေးတယ်..ဒါနဲ့ ရိန်းရော..”

ကျနော်က ရှေ့မှာ အာရုံရောက်နေပေမယ့် နောက်ကြောင်းကိုတော့ မျက်ခြေပျက်မခံ။ သို့သော် အခုတော့ ကျနော်မေးတာ နဲနဲ နောက်ကျသွားပြီ။

“ကိုရိန်းနဲ့ စန္ဒီ မဏ္ဍပ်အောက်ဆင်းသွားတယ်…”

“ဟေ…ဘယ်သွားမယ်ပြောလဲ”

“ကော်ဖီသွားသောက်မယ်လို့တော့ ပြောသွားတာပဲ”

ကျနော် မဏ္ဍပ်အောက်လိုက်ရှာသည်။ အနီးအနားမှာလည်း ကော်ဖီဆိုင်က မရှိ။ ကျနော် စိတ်တွေပူလာသည်။ ဘုရား ဘုရား။ သူတို့ ကော်ဖီဆိုင်ပဲ သွားတာ ဖြစ်ပါစေ။

မဏ္ဍပ်ပေါ်ပြန်တက်ပြီး ကျနော့်ရဲဘော်တွေဖြစ်တဲ့ မောင်ဘုန်း၊ဖိုးခန့်နဲ့ ဖိုးထက်တို့ကို လူရှာလွှတ်ရလေပြီ။ သင်္ကြန်မှာတောင် ရတက်မအေးရပါလား။ တာဝန်ယူချင်အုံး အပါ။ မင်း တာဝန်ယူချင်အုံး လို့ပဲ ကိုယ့်ကိုကိုယ် ပြန်ဆဲမိတော့သည်။

ဖိုးထက်ကို လွှတ်တော့ သူ့ညီမ ဖူးဖူးကကျနော်နဲ့ ကျန်ခဲ့သည်။ သူ့ကို ပပဝတီနဲ့နဒီတို့ဆီ အပ်ထားပြီး မဏ္ဍပ်အောက်မှာ ရဲဘော်တွေဆီက သတင်းကို သွားနားစွင့်နေရသည်။

ရိန်းနဲ့ စန္ဒီတို့ ဟမ်းဖုန်းတွေကို အဆက်မပြတ်ခေါ်နေပေမယ့် ဆက်လို့မရ။ သင်္ကြန်ဆိုတော့လည်း ရေဝင်မှာစိုးလို့ စက်တွေ ပိတ်ထားကြတာပဲဖြစ်မည်ဟု ကိုယ့်ကိုကိုယ် ဖြည့်တွေးလိုက်သည်။

ကလေးတွေ ပြန်ရောက်လာကြသည်။ ဘယ်မှာမှ မတွေ့ဘူးလို့ ပြောကြသည်။ မဏ္ဍပ်ကြီးပေါ်မှာ ပျော်နေသူတွေက ခုန်ပေါက်နေကြသည်။ ကျနော့် ရင်တွေလည်း ကစုန်ဆိုင်းနေသည်။ ခေါင်းတွေပူထူလာသည်။ မဏ္ဍပ်နောက်က ခြံထဲ ရင်ပူစွာ ဝင်သွားမိသည်။ ကျနော့် အမူအယာကို မြင်တော့ ဝါဝါက စမေးသည်။

“အပါ…မျက်နှာကြီးမကောင်းပါလား။ ဘာဖြစ်လို့လဲ”

“အင်း ပြောရမှာလဲ ခက်ခက် မပြောပြန်လဲ မဖြစ်ဟာ”

“ဟဲ့…ဘာတွေဖြစ်လာလို့လဲ…ပြောစမ်းပါဦး”

မမို့က စိုးရိမ်တဲ့လေသံနဲ့ ထပ်မေးသည်။

“ရိန်းနဲ့စန္ဒီ ပျောက်နေလို့”

“သြော်…ဒါများ အပါရယ်…သူတို့ ဟိုနားဒီနားလျှောက်ကြည့်နေကြတာဖြစ်မှာပေါ့။ နင်ကလည်း”

ဝါဝါက ဖြေသိမ့်စကားဆိုသည်။ သို့သော် တုံတုံက အကြောင်းသိမို့

“ဟိုနားဒီနားဆိုရင်တော့ ပြဿနာမရှိဘူး ဝါရေ…တော်ကြာ..သိတယ်မလား…ခေတ်ကာလ သားသမီးတွေက”

“သြော်…ဂလိုလား…ဝါတကယ်မသိတာ…”

သူတို့ချင်း ပြောဆိုသံကြားရကာမှ နဂိုက စိတ်ပူဓါတ်ခံသည် ပို၍ အရှိန်ကောင်းလာသည်။ စီးကရက်တစ်လိပ်ကို ထုတ်ပြီး မီးညှိဖွာရှိုက်လိုက်သည်။ တစ်ဖွာ နှစ်ဖွာပဲရှိသေးသည် မဏ္ဍပ်ပေါ်မှ ရေမှုန်တစ်ချို့ လွင့်စင်လာ၍ သောက်နေသော စီးကရက်ပေါ် တည့်တည့်ကျသည်။ ကျနော်လည်း ဒေါသဖြစ်ဖြစ်နဲ့ စီးကရက်ကို ကောက်ပေါက်လိုက်သည်။ ထိုစဉ် ခြံဝန်းထဲသို့ ရိန်းနဲ့ စန္ဒီ ၂ယောက်သား ကော်ဖီခွက်တွေကိုင်ရင်း ဝင်လာသည်။

သူတို့၂ယောက်ကိုတွေ့တော့ ကျနော် ပျော်လည်းပျော်သွားသလို ဒေါသလည်း ဖြစ်နေ၍ အော်လိုက်မိသည်။

“မင်းတို့က ငါ့ကို ရှိတယ်လို့ရော ထင်သေးရဲ့ လား ဘယ်သွားမယ် ဘယ်လာမယ်ဆိုတာကိုတော့ နည်းနည်းပါးပါး အကျိုးအကြောင်း ပြောသွားမှပေါ့ကွ။ အခုတော့ မင်းတို့၂ယောက်ပျောက်လို့ ဘယ်လိုက်ရှာရမှန်းကို မသိဘူး”

ကျနော်အဲ့သလို ပြောဆိုတော့လည်း သူတို့၂ယောက် မျက်နှာငယ်လေးတွေနဲ့ဖြစ်သွားကြသည်။ ကိုင်လာတဲ့ ကော်ဖီဗူးလေးတွေကို တုံတုံ့ဆီ လှန်းပေးရင်း သူတို့ကျနော့်ရှေ့မှာ ရပ်နေကြသည်။

အခုလိုပြောဆိုရတော့လည်း စိတ်ထဲမကောင်းပါဘူး။ ကျနော်က နဂိုကတည်းက ကလေးတွေကို ဆူချင် ဟောက်ချင် တဲ့ကောင်မဟုတ်တော့ ကိုယ်လည်း စိတ်မကောင်းဖြစ်ရသည်။

အကျနေ့မနက်ခင်း သင်္ကြန်အခင်းအကျင်းကတော့ အဲ့ဒါပါပဲ။ နေ့ခင်း ထမင်းစားနားကြသည်။ ကျနော့်ရုံးခန်းထဲမှာပဲ မိတ်ဆွေတစ်ချို့ နားနားနေနေ နေကြသည်။ တရေးတမော အိပ်ကြသည်။

ညနေပြန်စတော့ ကိုဝင်းထွေးကြီးကစပြီး အရေးဆိုသည်။ ကားလည်ထွက်ကြရအောင်တဲ့။ ကျနော်တို့ ဆန္ဒမဲကောက်ကြည့်တော့ ၇ မဲ ၆မဲနဲ့ ကိုဝင်းထွေးကြီးရှုံးသည်။ မိန်းမတွေက ကားထွက်မလည်ချင်ကြပေ။ အေးရာအေးကြောင်း ခြံထဲမှာ ထိုင်ပြီး စားသောက် စကားပြောပဲ နေချင်သည်။ ကျနော်တို့ချည်းပဲ ကားလည်ထွက်မှာကိုလည်း သူတို့ စိုးရိမ်ကြသည်။

ကလေးတွေကတော့ မဏ္ဍပ်ပေါ်မှာ ရေကစားရင်း ကရင်းခုန်ရင်း ပျော်နေကြသည်။ ကျနော်တို့လည်း ကလေးတွေဆီတလှည့်သွားလိုက်၊ ခြံထဲပြန်လာလိုက်နဲ့ သင်္ကြန်အကျနေ့က နေဝင်သွားသည်။ ညနေစောင်းတော့ အားလုံးလမ်းခွဲကြသည်။ ရိန်းက ကျနော့်ကို ခွင့်တောင်းသည်။ သူတို့ သူငယ်ချင်းတွေ ညစာသွားစားပြီးမှ ပြန်လာပါရစေ ဆိုလို့ ကျနော်ခွင့်ပြုပေးလိုက်ရသည်။ ရိန်းက ကားမောင်းခွင့်ပါတောင်းလို့ လိုက်လျောလိုက်ရပြန်သည်။ သင်္ကြန်ရက်ပဲလေ…ဘာမှ မဖြစ်လောက်ပါဘူးဆိုပြီး စိတ်ဖြေလိုက်သည်။ ဒါပေမယ့် ကျနော့်ရဲ့စိတ်မချတတ်သော အကျင့်က ဖျောက်လို့မရ။ ကျနော့် တပည့် ကိုဌေးကို ကလေးတွေနောက်က လိုက်ကြည့်ဖို့ တာဝန်ပေးရတော့သည်။

သူတို့ ပျော်ပျော်ရွှင်ရွှင်ပဲ ကျနော့်ရှေ့မှ ထွက်သွားကြသည်။ ရိန်းက ကားကိုကျွမ်းကျင်နိုင်နင်းစွာမောင်းသွားသည်။

ကျနော့်ကို မယ်ချိုသာတို့က ညစာလိုက်ကျွေးဖို့ပြောတာနဲ့ ကျနော်လည်း သူတို့နဲ့ ပါခဲ့ရပြန်သည်။

ကျနော် အိမ်ပြန်ရောက်တဲ့အထိ ရိန်းပြန်မရောက်သေးပေ။ ကိုဌေးဆီ လှန်းဆက်တော့ ကျန်တဲ့ကလေးတွေကတော့ ပြန်ကြပြီ။ ရိန်းက စန္ဒီကို လိုက်ပို့ပေးနေတယ်လို့ပြန်ဖြေသည်။ တပည့်ကြီး ကိုဌေးရှိလျှင် ကျနော်စိတ်ချရပြီ။ တနေကုန် ပင်ပမ်းထားလို့ အိပ်ယာစောစော ဝင်လိုက်သည်။

မနက်ရောက်တော့ ရိန်းကိုမတွေ့။ ကျနော် အောက်ထပ်ဆင်းလာတဲ့အထိ ဒီကောင့်ကိုရှာမတွေ့။ ကျနော့်အတွေးထဲ ဒိန်းကနဲ ဖြစ်ရပြန်သည်။





No comments:

Post a Comment