Saturday, July 28, 2012

သူငယ်ချင်းဆီသို့ရေးသောစာ (၂)- အာဇာနည်မဖြစ်လိုက်သူတွေအကြောင်း

သူငယ်ချင်းရေ…
ပြီးခဲ့တဲ့ တစ်ခေါက်က အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ နာမည်နဲ့ပတ်သက်ပြီး ငါ့တူတော်မောင်တွေအကြောင်း ရေးခဲ့တယ်။ ဒီတစ်ခေါက်လည်း ငါ့တူတော်မောင်တွေကို ပြောပြဖြစ်တဲ့ အာဇာနည်မဖြစ်လိုက်ရတဲ့သူတွေအကြောင်း မင်းဖတ်ရအောင် ရေးလိုက်ပြန်ပြီကွာ။ ဒီအကြောင်းတွေ မင်းသိပြီးသားဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ဘယ်အချိန်ဖတ်ဖတ် စိတ်ဝင်စားစရာတွေပြန် ပြန်ဖြစ်တယ်သူငယ်ချင်း။ ငါကိုယ်တိုင်ကလည်း သမိုင်းကြောင်းဆိုရင် စိတ်ဝင်တစားရှိတော့ ငါ့တူတော်မောင်တွေကို ပြန်ပြောပြ နိုင်တာပေါ့ကွာ။

ဒီလိုသူငယ်ချင်း။ ငါ့တူတော်မောင်တွေက မင်းသိတဲ့အတိုင်း ကျောင်းစာနဲ့ပဲ နပန်းလုံးနေကြရတာလေ။ အပြင်ဗဟုသုတရှာဖို့ သူတို့မှာ အချိန်အားတယ် မရှိဘူး။ မင်းတို့ ငါတို့ ငယ်ငယ်ကဆို ကျောင်းစာလုပ်ပြီးတာနဲ့ နေ့စဉ်ထုတ်သတင်းစာကို ကောက်ကိုင်ပြီး ဖတ်တော့တာပဲ။ တွေ့သမျှစာအုပ်ယူယူဖတ်တော့ စာပေဗဟုသုတတွေရခဲ့တာပေါ့။ ငါဟိုတစ်ခေါက်က ပြောခဲ့သလို ဆရာကောင်းသမားကောင်းတွေနဲ့လည်း ကြုံခဲ့ ဆုံခဲ့ရတယ်ဆိုတော့ ငါတို့အသိဥာဏ်မှာ စာဖတ်မှ ဖြစ်မယ်၊ စာတတ်မှ လူရာဝင်မယ်ဆိုပြီး မှတ်သားနိုင်ခဲ့ကြတယ်။ အခုခေတ်ကလေးတွေကတော့ သူတို့ပညာရေးနဲ့ သူတို့ လှုပ်ရှားနေရတာ။ ကျောင်းပြီးရင် ကျူရှင်၊ ကျူရှင်ပြီးရင် ကျောင်းနဲ့ သနားလည်း သနားပါတယ်ကွာ။ ကဲပါ။ ဒါတွေထားပါတော့။ သူတို့ကို ပြောပြဖြစ်တဲ့ အာဇာနည်မဖြစ်လိုက်ရတဲ့သူတွေဘက် လှည့်ရအောင်။

အာဇာနည်မဖြစ်လိုက်ရတဲ့သူတွေဆိုတာ ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက် စနေနေ့မနက်မှာ လုပ်ကြံခံရပြီး ကျဆုံးသွားကြရတဲ့ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့အတူ အတွင်းဝန်များရုံးမှာ အစည်းအဝေးတက်ခဲ့ကြတဲ့ သူတွေကို ပြောတာပါ။ ကလေးတွေနားလည်အောင်ပြောရတော့ အသတ်မခံလိုက်ရပဲ လွတ်သွားတဲ့သူတွေပေါ့လို့ ပြောပြရတယ်။ သူတို့တွေက ဝန်ကြီးဦးဘဂျမ်း၊ ဝန်ကြီးပျော်ဘွယ်ဦးမြ၊ ဝန်ကြီး ဦးအောင်ဇံဝေနဲ့ အတွင်းဝန်ဦးရွှေဘော်တို့ပဲ ဖြစ်တယ်။ အသက်ကို ကံကစောင့်တယ်လို့ပဲပြောရမလား၊ ဥာဏ်စောင့်တယ်လို့ပဲ ပြောရမလား၊ ဒီနေရာမှာ သူတို့လေးယောက် လွတ်မြောက်သွားပုံကတော့ အကြောင်းချက်နှစ်ခုစလုံးကြောင့်ပါပဲ။ ကံကောင်းတာလည်း ဟုတ်သလို၊ ဥာဏ်ကောင်းတာလည်း ဟုတ်တယ်။ 

ငါပြောပြတော့ ကလေးတွေငြိမ်ပြီးနားထောင်နေကြတယ်ကွာ။ သူတို့အတွက် တကယ့်ကို ဂန္ဓဝင်ဇာတ်လမ်းကြီးဖြစ်နေရှာတယ်။ ဒါနဲ့ပဲ ငါကဆက်ပြောဖြစ်တယ်။ ဇာတ်ကြောင်းလေးကိုလည်း ရှင်းပြရသေးတယ်မဟုတ်လား။ စစ်ဌာနချုပ် လက်နက်တိုက်ကနေ လက်နက်ပစ္စည်းတွေပျောက်သွားတဲ့အကြောင်း ဗိုလ်ချုပ်ကို အသိပေးကြတယ်။ ပြီးတော့ ဗိုလ်ချုပ်ရဲ့ လုံခြုံရေးကိုလည်း အထူးစိုးရိမ်ခဲ့ကြတယ်။ ပြီးတော့ ဗိုလ်ချုပ်ကိုလုပ်ကြံမယ်ဆိုတဲ့ သတင်းတွေကလည်း ပျံ့ နှံ့နေတယ်။ ဒါကြောင့် အဲ့ဒီတုန်းက ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းက ပြည်ပခရီးသွားနေလို့ ပျော်ဘွယ်ဦးမြက ပြည်ထဲရေးဝန်ကြီးတာဝန်ပါ ပူးတွဲကိုင်ထားရတယ်။ ပျော်ဘွယ်ဦးမြက ဗိုလ်ချုပ်ကိုပြောတယ်။ လုပ်ကြံမယ့်သတင်းတွေရတယ်။ ဗိုလ်ချုပ်သတိထားပါဆိုတော့ ငါတို့ဗိုလ်ချုပ်က ဘာပြန်ပြောတယ်မှတ်လဲ။ မလိုပါဘူးတဲ့။ ကျုပ်က တိုင်းပြည်ကောင်းအောင် စေတနာထားပြီးလုပ်နေတာ၊ ကျုပ်လိုလူကို လုပ်ကြံမယ့်သူမရှိနိုင်ဘူးဆိုပြီး လူထုအပေါ်ယုံကြည်မှုတွေ အရမ်းများသွားတယ်။ လူထုဆိုတဲ့ နေရာမှာ အာဏာကို လိုချင်မက်မောတဲ့ လူတစ်စုကို ငါတို့ဗိုလ်ချုပ် မမြင်မိလိုက်ဘူး။ သိရင်လည်း သိမှာပေါ့လေ။ ဒါပေမယ့် အဲ့သလောက်ကြီး ဆိုးဝါးလိမ့်မယ်လို့ သူထင်ထားပုံမရဘူး။ သူ့ကိုလည်း အဲ့သလောက် ရက်ရက်စက်စက်ကြီး သတ်ပစ်လိုက်မယ်လို့ တွေးထားပုံမရဘူး။ သူ့စိတ်ထဲမှာ အရာရာကို ဆွေးနွေးညှိနှိုင်း အဖြေရှာရင် ပြဿနာပြီးနိုင်ပါတယ်လို့ တထစ်ချ ယုံကြည်ခဲ့တာလေ။ 

ငါပြောတာတွေကို နားထောင်နေတဲ့ တူတော်မောင်တွေရဲ့ မျက်ဝန်းထဲမှာ ဘာဆက်ဖြစ်တော့မလဲဆိုပြီး သိချင်တဲ့အရိပ် အရောင်တွေပေါ်နေကြတယ်။ ရုပ်ရှင်ဇာတ်ကားကြည့်သလို နောက်တစ်ခန်းမှာ ဘာများဖြစ်တော့မလဲ ဖြစ်တော့မလဲနဲ့ မျက်တောင်မခတ် ကြည့်နေသလိုပဲ။ ငါကလည်း ကလေးတွေအကြိုက်ကို သိတယ်လေ။ မြည်သံစွဲအလင်္ကာတွေပါ သုံးပြီး ပြောပြတာကိုး။ ဒါနဲ့ ငါဆက်ပြောတယ်။ ပျော်ဘွယ်ဦးမြကြီးက ဗိုလ်ချုပ်ကိုပြောလို့မရတော့ ဗိုလ်ချုပ်ရဲ့ ကိုယ်ရေးအရာရှိ (အပါးတော်မြဲ) ဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း) နဲ့ တိုးတိုးတိတ်တိတ် တိုင်ပင်ပြီး အတွင်းဝန်များရုံး အဝင်အထွက်နားမှာ တပ်စိတ်တစ်စိတ်ကို ကင်းပုန်းအဖြစ် ချထားလိုက်တယ်။ ဗိုလ်ချုပ်မမြင်အောင်ပေါ့။

ကံဆိုးချင်တော့ ဗိုလ်ချုပ်ကမြင်ဖြစ်အောင်မြင်သွားတယ်။ အင်မတန်မှ မျက်စိလျှင် နားပါးတဲ့လူမဟုတ်လား။ ဒီတော့ ဗိုလ်ထွန်းလှကိုခေါ်မေးတယ်။ ဗိုလ်ထွန်းလှကလည်း မလိမ်ဝံ့တာကြောင့် အမှန်အတိုင်းပြောပြလိုက်ရတယ်။ ဗိုလ်ချုပ်က ချက်ချင်းပဲ ဝန်ကြီးပျော်ဘွယ်ဦးမြရုံးခန်းကိုလွှတ်ပြီး လုံခြုံရေးတပ်စိတ်ကို ပြန်ရုတ်သိမ်းခိုင်းလိုက်တယ်။
အဲ့ဒီလို လုပ်လိုက်တာဟာ သူ့ကြမ္မာသူဖန်တီးသွားတယ်လို့ပဲ ပြောရမလိုဖြစ်နေပြီ သူငယ်ချင်းရေ။ ကလေးတွေကိုတော့ ဒီစကားငါမပြောခဲ့ပါဘူး။ ဗိုလ်ချုပ်ရဲ့ အင်မတန်မှရိုးဖြောင့်တဲ့ စိတ်ဓါတ်၊ ပြည်သူလူထုအပေါ် သူ့စိတ်နဲ့နှိုင်းပြီး ယုံကြည်ခဲ့တဲ့စိတ်ဓါတ်၊ ရန်သူကို ရန်သူလို့မမြင်ပဲ တွေ့ဆုံဆွေးနွေး အဖြေရှာလို့ရမယ့်သူလို့မြင်ခဲ့တဲ့စိတ်ဓါတ်၊ အဲ့ဒီစိတ်ဓါတ်တွေကြောင့် သူရေတိမ်နစ်ခဲ့ရတာ အသည်းနာစရာကောင်းလိုက်တာကွာ။ သိပ်နှမြောဖို့ကောင်းတယ်။

အခွင့်အရေးကိုချောင်းနေတဲ့ ဂဠုန်ဦးစောက သူ့လူတွေကို လွှတ်ပြီးစောင့်ကြည့်ခိုင်းတယ်။ အဲ့ဒီနေ့ မနက် ဗိုလ်ချုပ်အိမ်ကမထွက်ခင် သခင်မြကလှန်းပြီးဖုန်းဆက်တယ်။ စိတ်တွေလည်းလေးနေတယ်။ သတင်းတွေကလည်း အရမ်းပျံ့နေတယ်။ အခြေအနေသိပ်မကောင်းဘူး။ အစည်းအဝေးကို ရက်ရွှေ့ကြရအောင်လို့ လှန်းပြောတယ်။ သိတဲ့အတိုင်း ဒါဆိုဒါမှ ကြိုက်တဲ့ ငါတို့ဗိုလ်ချုပ်က လက်မခံဘူး။ ဘာမှမဖြစ်နိုင်ပါဘူး။ အစည်းအဝေးလုပ်စရာရှိတာ လုပ်မယ်ဆိုပြီး ဇွတ်အတင်း သွားခဲ့တာ။ မသွားခင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က မနက်စာစားဖို့ ကော်ဖီဖျော်ပေးပြီး ခွက်ထဲ ထည့်ပေးတာ ကော်ဖီခွက် လွတ်ကျကွဲသွားတယ်။ ဘာလို့လည်းဆိုတော့ ဒေါ်ခင်ကြည်ဟာ သခင်မြဆီက ဖုန်းကြားပြီး စိုးရိမ်စိတ်တွေ များနေတာလေ။ ကတုန်ကယင်တွေဖြစ်နေတော့ ကော်ဖီခွက် ကွဲသွားတယ်။ နမိတ်က အဲ့ဒီထဲက ပြနေပြီ။

ဂဠုန်ဦးစောကလည်း မနက်၁၀နာရီ အစည်းအဝေး စမယ်ဆိုတာသိတာနဲ့ လူသတ်သမားတွေကို စစ်ဂျစ်ကားတစ်စီးနဲ့ စစ်ယူနီဖောင်းတွေဝတ်ပြီး လွှတ်လိုက်တယ်။ အဲ့ဒီအချိန်မှာ ဗိုလ်ချုပ်တို့ဝန်ကြီးအဖွဲ့ကလည်း ကက်ဘိနက်လို့ခေါ်တဲ့ ဝန်ကြီးအစည်းအဝေးလုပ်တာပေါ့။ ဗိုလ်ချုပ်က ဂငယ်ပုံ အစည်းအဝေးစားပွဲရဲ့ ထိပ်ဆုံးမှာထိုင်တယ်။ ဘယ်ဘက် (လက်ဝဲဘက်)မှာ အတွင်းဝန်ဦးရွှေဘော်၊ ဝန်ကြီးဦးဘဂျမ်း၊ ဝန်ကြီးဦးအောင်ဇံဝေ၊ ဝန်ကြီးပျော်ဘွယ်ဦးမြ၊ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်းတို့ အစဉ်လိုက်ထိုင်ကြတယ်။ ညာဘက် (လက်ယာဘက်) မှာ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ ဦးရာဇာတ်၊ မန်းဘခိုင် အစဉ်လိုက်ထိုင်နေကြတယ်။

လူသတ်သမားတွေက အစည်းအဝေးခန်းတံခါးကိုဖွင့်ဝင်လာတယ်။ ပြီးတော့ စားပွဲတဘက်ထိပ်မှာ ဒူးထောက်ပြီး ရှေ့တည့်တည့်က ဗိုလ်ချုပ်အောင်ဆန်းကို ကျည်၁၃ချက်ဆက်တိုက်ပစ်တယ်။ ရက်ရက်စက်စက်ကိုလုပ်တာ။ ဗိုလ်ချုပ်က ထိုင်နေရာကထ လက်ကာပြပြီး နေပါဦး နေပါဦးဆိုပြီး လှန်းပြောဖို့ပဲရှိသေးတယ် ပြောချိန်တောင်မရလိုက်ဘူး။ အစည်းအဝေးခန်းမထဲ ကျည်ပစ်သံတွေ၊ ယမ်းငွေ့တွေနဲ့ ဆူညံပြီး မှောင်ပိန်းနေတယ်။ လူသတ်သမားတွေက လက်ယာဘက် စားပွဲမှာထိုင်နေတဲ့ ဝန်ကြီးတွေကို သည်းကြီးမဲကြီးပစ်နေချိန် လက်ဝဲဘက်စားပွဲက ဝန်ကြီးတွေ လှုပ်ရှားချိန်ရလိုက်ကြတယ်။ ဗိုလ်ချုပ်ဘေးမှာထိုင်နေတဲ့ အတွင်းဝန်ဦးရွှေဘော်နဲ့ ဝန်ကြီးပျော်ဘွယ်ဦးမြတို့နှစ်ယောက်က ဝုန်းကနဲထ အနောက်ဘက် ပြတင်းပေါက်ကနေ တဇက်မိတ်နားကပ်လျှောက်ပြီး တဘက်ကဦးရွှေဘော်ရဲ့အခန်းထဲထွက်ပြေးလွတ်မြောက်သွားကြတယ်။ အဲ့ဒီအခန်းထဲကနေ ဘုရင်ခံချုပ်ဆီ ဖုန်းဆက်ပြီး အကြောင်းကြားခဲ့ကြတာ။

တချိန်ထဲမှာပဲ ဝန်ကြီး ဦးဘဂျမ်းက သူ့ဘေးနားကပ်ရက်ထိုင်တဲ့ ဝန်ကြီးဦးအောင်ဇံဝေ လက်ကိုအတင်းဆွဲပြီး စားပွဲအောက်မှာ ဝမ်းလျားမှောက်နေလိုက်ကြတယ်။ ကလေးတွေနားလည်အောင်ပြောရရင်တော့ သေချင်ယောင်ဆောင်လိုက်ကြတယ်ပေါ့ကွာ။ လူသတ်သမားတွေက စားပွဲမှာထိုင်နေတဲ့သူတွေကို ကုန်အောင်ပစ်ပြီးတဲ့အချိန်မှာ စားပွဲအောက်မှာ လဲကျနေကြတဲ့သူတွေကို သေချာအောင် ထပ်ပစ်လိုက်သေးတယ်။ ဝန်ကြီးဦးဘဂျမ်းရဲ့ လက်သန်းတစ်ချောင်း ကျည်ဆံမှန်သွားသေးတယ်။ မပြောပလောက်တဲ့ ဒဏ်ရာလေးပါပဲ။ 

လုပ်ကြံခံရသူတွေထဲမှာ မသေသင့်ပဲ သေခဲ့ရတာကတော့ လမ်းပန်းဆက်သွယ်ရေးတတိယအတွင်းဝန် ဦးအုန်းမောင်ပါပဲ။ လုပ်ကြံမှုကြီးမဖြစ်ခင်မိနစ်ပိုင်းအလိုကမှ အစည်းအဝေးခန်းထဲ ဝင်လာပြီး ဗိုလ်ချုပ်နားမှာ အစီရင်ခံစာတစ်စောင် တင်ပြနေတုန်း ဝုန်းဒိုင်းဆိုပြီး လူသတ်သမားတွေဝင်လာကာ အပစ်ခံလိုက်ရတာပါပဲ။ 

အာဇာနည်မဖြစ်လိုက်ရတဲ့သူတွေထဲမှာ ဝန်ကြီးစောစံဖိုးသင်လည်းပါသေးတယ်။ သူက ဧရာဝတီတိုင်းဘက်ခရီးထွက်နေရာက ကက်ဘိနက်အစည်းအဝေးအမှီ ပြန်လာတာ။ လမ်းမှာ သူ့တူမတစ်ယောက် မင်္ဂလာဆောင်ပွဲ မတက်မဖြစ် တက်နေရလို့ ခရီးစဉ်နောက်ရွှေ့လိုက်ရတာ။ ဒါပေမယ့် ကက်ဘိနက်နေ့အမှီ ရောက်အောင်ပြန်ခဲ့မယ်ဆိုပြီး ပြန်လာတာ သင်္ဘောက ထပ်နောက်ကျနေပြန်တယ်။ ဒီတော့ သူက သူ့လက်ထောက် အတွင်းဝန်ဦးစိုးတင့်ကို သူ့ကိုယ်စား အစီရင်ခံစာ ဝင်တင်ပေးပါဆိုပြီး သံကြိုးရိုက်လိုက်တယ်။ အဲ့ဒီနေ့က ဦးစိုးတင့်ရုံးခန်းမှာ ဦးအုန်းမောင်လည်း ရှိတယ်။ ကက်ဘိနက်စတော့ သူတို့တွေက အလှည့်ကျမှ ဝင်တင်ရမှာမို့ အခန်းထဲကပဲစောင့်ရတယ်။ ဦးအုန်းမောင်က ဦးစိုးတင့်ကိုပြောတယ်။ ဒီနေ့ သူဝင်တင်ပါရစေ။ သူရေးထားတဲ့ အစီရင်ခံစာ ဗိုလ်ချုပ်ကို ရှင်းပြချင်လို့ဆိုပြီး သူဝင်သွားတာ။ ကဲ ကံများ ဘယ်လောက် ဆန်းကြယ်သလဲနော်။ မသေချင်တဲ့သူများကျတော့ ကံကိုကဖယ်တာ။ သေချင်တဲ့သူကျတော့လည်း ကြံဖန်သေရတာ။ တကယ်တော့ ဝန်ကြီးစောစံဖိုးသင်သာ အချိန်မီပြန်ရောက်လာမယ်၊ အစည်းအဝေးတက်မယ်ဆိုရင် သူလည်း လုပ်ကြံခံရတဲ့ အထဲ ပါချင်ပါသွားမှာ။ ပြီးတော့ သူပြန်မရောက်လို့ သူ့တပည့် ဦးစိုးတင့်ကို အစည်းအဝေးတက်ခိုင်းပြန်တော့လည်း ဦးစိုးတင့်သာ အဲ့ဒီအချိန်ဝင်သွားရင် သူလည်း အသတ်ခံရမှာ။ အခုတော့ ဦးအုန်းမောင်က အာဇာနည်ဖြစ်သွားတယ်။

သေနတ်သံတွေတိတ်ဆိတ်သွားပြီးနောက် ဦးဘဂျမ်းနဲ့ ဦးအောင်ဇံဝေတို့ လဲနေရာက ထလာပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ကြတယ်။ တခန်းလုံး ယမ်းငွေ့တွေ မီးခိုးငွေ့တွေနဲ့ဖြစ်နေတယ်။ သွေးနံ့တွေလည်းရနေတယ်။ ဗိုလ်ချုပ်ကတော့ စားပွဲထိပ်မလှန်းမကမ်းကြမ်းပြင်မှာ တုံးလုံးလဲလျက် ငြိမ်သက်နေပါပြီ။ ပွဲချင်းပြီးဆိုတာမျိုးပေါ့။ လက်ယာဘက်က သခင်မြလည်း သူ့ကုလားထိုင်ဘေးက ကြမ်းပြင်မှာ လဲကျသေဆုံးနေရှာပြီ။ ဦးဘဝင်း၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇာတ်နဲ့ မန်းဘခိုင်တို့က သူတို့ထိုင်မြဲ ကုလားထိုင်တွေပေါ်မှာ ခေါင်းငိုက်စိုက်ကျလျက် အားလုံးငြိမ်သက်နေကြပြီ။ ဒီးဒုတ်ဦးဘချိုနဲ့ ဦးရာဇာတ်ကတော့ အသက်ငွေ့ငွေ့ကျန်နေသေးတယ်။ နဲနဲလှုပ်လှုပ်နေတယ်။ ပျော်ဘွယ်ဦးမြရဲ့ ကုလားထိုင်ဘေးမှာထိုင်တဲ့ မိုင်းပွန်စော်ဘွားကြီး ကတော့ ကုလားထိုင်မှာထိုင်ရက် သူ့ရှေ့က စားပွဲပေါ်လက်ထောက်ထားပြီး ပါးစပ်ထဲက သွေးတွေစီးကျနေရှာတယ်။ 

သူငယ်ချင်းရေ…ငါ့တူတော်မောင်တွေ အသက်ရှူဖို့တောင်မေ့နေကြတယ်။ ငါ့စကားမှာ မျောပြီး စိတ်ဝင်စားနေခဲ့ကြတယ်ကွာ။ ဒါဟာ သမိုင်းအစစ်ပဲ။ ဘယ်လိုမှ ဖျောက်ပစ်လို့မရတော့တဲ့ သမိုင်းကြောင်းပဲ။ ကလေးတွေ၊ ယနေ့လူငယ်တွေရင်ထဲမှာ၊ လူငယ်တွေရဲ့ အသိမှတ်ဥာဏ်ထဲမှာ ဒီဖြစ်စဉ်တွေ ဒီဇာတ်ကြောင်းတွေ သိနေသင့်တယ်။ သိထားသင့်တယ်မဟုတ်လား။ ငါတို့လည်း အဲ့ဒီခေတ်ကို မီခဲ့လို့မဟုတ်ပါဘူး။ စာတွေဖတ်ခဲ့လို့ လေ့လာခဲ့လို့ ဒီလိုတွေ သိနေခဲ့တာပဲ။ ကလေးတွေကို အဲ့သလိုမျိုး လေ့လာလိုက်စားစေချင်တယ်။ အလကား ဂိမ်းဆော့ရင်း၊ ကိုရီးယားကားကြည့်ရင်း၊ လက်ဖက်ရည်ဆိုင်ထိုင်ရင်း အချိန်တွေဖြုန်းနေမယ့်အတူတူ အကျိုးရှိတဲ့ စာအုပ်တွေကို ဖတ်စေချင်တယ်။

ဇူလိုင်၁၉ရက် မနက် ၁၀နာရီ ၃၇မိနစ်မှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံတော်လုပ်ကြံမှုကြီးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ဝန်ကြီး ၆ဦး၊ အတွင်းဝန်တစ်ဦး၊ သက်တော်စောင့်တစ်ဦး စုစုပေါင်း၉ဦးလုပ်ကြံခံခဲ့ရတယ်ဆိုတာရယ်၊ ဘယ်သူတွေ ဘယ်လိုလွတ်မြောက် သွားကြတယ်။ ဘယ်သူတွေကတော့ ကံသွေဖယ်လို့ လုပ်ကြံမခံလိုက်ရတယ်၊ ဘယ်သူက လုပ်ကြံတယ်၊ ဘယ်သူတွေက သေနတ်နဲ့ပစ်ခဲ့တယ်ဆိုတဲ့ ငါတို့ နိုင်ငံအတွက် မသိမဖြစ်သိသင့်တဲ့ သမိုင်းအထ္ထုပတ္တိကို ငါတို့မျိုးဆက်တွေ သိအောင် လက်ဆင့်ကမ်းပေးရမယ်လေ။ 

သူငယ်ချင်းရေ…ငါ့တူတော်မောင်တွေကတော့ ငါ့ကို နောက်နေ့တွေမှာလည်း အဲ့လိုမျိုးစိတ်ဝင်စားစရာအကြောင်း ပြောပြပေးပါလို့ တောင်းဆိုလာကြပြီကွ။ ငါကလည်း သူတို့မတောင်းဆိုရင်တောင် အတင်းဂုတ်ဆွဲနားထောင်ခိုင်းပြီး ပြောပြဖို့ ပြင်နေတာပါ။ သူတို့လေးတွေ အသိပညာ ဗဟုသုတတိုးအောင် ငါ့မှာ တာဝန်ရှိနေပြီသူငယ်ချင်း။ ငါ့တူတော်မောင်တွေလို မသိနားမလည်ကြသေးတဲ့ ကလေးတွေကိုလည်း ငါတတ်နိုင်သလောက် ပြောပြချင်တယ်၊ ရှင်းပြချင်တယ်ကွာ။ အခွင့်သာတဲ့ တစ်နေ့ပေါ့။ သမိုင်းသင်တာ မ အ အောင်လို့လို့ ဆရာကြီးဒေါက်တာသန်းထွန်းစကား ငါရင်ထဲမှာ အမြဲမှတ်ထားတယ် သူငယ်ချင်း။ 

ဒီတစ်ခေါက်တော့ ဒီမျှနဲ့ပဲ အဆုံးသတ်တော့မယ်။ သူငယ်ချင်း လုပ်ငန်းကိုင်ငန်းတွေ အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပါတယ်။

မင်းရဲ့
အပါ

Friday, July 27, 2012

သူငယ်ချင်းဆီသို့ရေးသောစာ (၁)


သူငယ်ချင်းရေ…
အာဇာနည်နေ့က မင်းငါ့ဆီဖုန်းဆက်တော့ ငါတို့ သူငယ်ချင်းနှစ်ယောက် မတွေ့တာလည်း ကြာပြီမို့ အလာပ သလာပတွေ ပြောဖြစ်ကြတာ ပြောမကုန်အောင်ပဲကွာ။ ငါဖြင့် မင်းကို အားနာလို့သာ စကားစဖြတ်လိုက် ရတယ်။ ပြောစရာတွေ မေးစရာတွေ ရှင်းပြစရာတွေက အများသားလား။ မင်းတို့ အိုဗာဆီးကနေ ဖုန်းခေါ်ခတွေ ဈေးကြီးမှန်းသိလို့ တိုတိုတုတ်တုတ်နဲ့ လေကြော ဖြတ်လိုက်ရတယ်လေ။ အားတော့မရဘူးပေါ့ကွာ။ စကားတွေက ထပ်ပြောချင်နေတုန်းပဲ သူငယ်ချင်းရေ။

အဲ့ဒီနေ့က မှတ်မှတ်ရရ အာဇာနည်နေ့ဖြစ်နေတော့ မင်းနဲ့ငါ အာဇာနည်နေ့အကြောင်းတောင် ပြောဖြစ်သေးတယ်မဟုတ်လား။ မင်းက ငါ့ကိုပြောတယ်။ အာဇာနည်ကုန်းသွားပြီး အလေးမပြုဖူးလားတဲ့။ မင်းစကားကြားတော့ ငါ နည်းနည်း အောင့်သက်သက် ဖြစ်မိတယ်ကွာ။ ဘာလို့လဲဆိုတော့ မင်းပြောမှ ငါ့ကိုယ်ငါ ရှက်မိလို့ပဲ။ ငါက ရန်ကုန်မှာနေတဲ့ ရန်ကုန်သားဆိုတော့အာဇာနည်နေ့ အာဇာနည်ကုန်းသွားပြီး ငါတို့ရဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို မမေ့မလျော့ အလေးပြုပြီး ဂါရဝပြုသင့်တယ်မဟုတ်လား။ ငါသိပ်ရှက်ပါတယ် သူငယ်ချင်းရယ်။ မင်းကို ဖုန်းထဲကမို့ မသွားဖြစ်ပါဘူးကွာလို့ပဲ ခပ်လွယ်လွယ်ပြောခဲ့ပေမယ့် ငါ့ရင်ထဲမှာတော့ တနုပ်နုပ်နဲ့ ခံစားမိတယ်။ ပါးစပ်ကသာ တိုင်းပြည်ချစ်စိတ်ရှိတယ်တွေ၊ မျိုးချစ်စိတ်ရှိတယ်တွေ လျှောက်ပြောနေပေမယ့် တကယ့်လက်တွေ့မှာတော့ ငါတို့တိုင်းပြည်ကို တကယ်ချစ်တဲ့၊ ငါတို့နိုင်ငံကို တကယ်ကောင်းစားစေချင်တဲ့၊ မျိုးချစ်စိတ်အပြည့်နဲ့ အသက်ကိုတောင် ပဓာနမထားပဲ တိုင်းပြည်လွတ်လပ်ရေးအတွက် လုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင်ကြီးတွေကို ကိုယ်တိုင်သွားပြီး အလေးပြုဖို့ကျတော့ ခြေလှန်းတောင် မလှန်းနိုင်ခဲ့မိဘူး။ တစ်နှစ်မှာ တစ်ရက်ပဲ ပြုလုပ်တဲ့ အာဇာနည်နေ့ကို ငါဘာလို့ မသွားခဲ့မိပါလိမ့်ဆိုပြီး အတွေးတွေက တောင် ရောက်လိုက် မြောက် ရောက်လိုက်ကွာ။ အရင်နှစ်တွေက ချုပ်ခြယ်မှုတွေ၊ တားဆီးမှုတွေရှိနေခဲ့လို့ မသွားဖြစ်တာကို ထားပါတော့။ ဒီနှစ်တော့ ရုပ်မြင်သံကြားကတောင် မလွှင့်စဖူး တိုက်ရိုက်လွှင့်ပြီး နိုင်ငံတော်အဆင့် ဒုသမ္မတကြီးကိုယ်တိုင် တက်ရောက် အလေးပြုခဲ့တဲ့ နှစ်ကျမှ ငါမသွားဖြစ်ခဲ့ပြန်ဘူး။ မင်းသာရှိရင် တို့သူငယ်ချင်းနှစ်ယောက် တောင်ဘက်မုဒ်နားက ဘုရားစောင်းတန်းမှာ သွားထိုင်စောင့်ပြီး အများနည်းတူ ဝင်လို့ရတာနဲ့ အလေးပြုဖို့ ချီတက်သွားကြမှာကွ။ 

အခုတော့ အလုပ်မအားတာကို ဗန်းပြရမလား၊ အဖော်ကောင်းမရှိတာကိုပဲ ဗန်းပြရမလား၊ စိတ်သာရှိပြီး လူမလိုက်နိုင်တဲ့ ငါ့ဘဝကိုပဲ အပြစ်တင်ရမလားမသိတော့ဘူးကွာ။ မင်းအပြစ်ပြောလည်း ခံရမှာပဲ သူငယ်ချင်းရေ။ စိတ်သာ အဓိကပါလို့ မင်းငါ့ကို ပြောမှာ ငါသေချာသိတယ်။ အဲ့ဒီနေ့က ဖုန်းထဲမှာတော့ မင်းငါ့ကို ဘာအပြစ်မှ မပြောသွားလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် မင်းငါ့ကို မေးခွန်းတစ်ခုတော့ မေးခဲ့တယ်။ ဘာရည်ရွယ်ချက်နဲ့မှ မေးတာမဟုတ်မှန်းငါသိပါတယ်။ ဒါပေမယ့် ငါ့ရင်ထဲမှာတော့ မင်းမေးခွန်းက အရမ်းအရေးကြီးတယ်လို့ ခံယူမိတယ်။

“အခုနောက်ပိုင်း ကလေးတွေ အာဇာနည်နေ့ကို ကောင်းကောင်းသိသေးရဲ့လား” လို့မင်းမေးခဲ့တယ်။ ငါကလည်း “ကလေးတွေ သိပ်မသိတော့ဘူးကွ” လို့ပဲ လွယ်လွယ်ဖြေလိုက်တယ်။ ပြီးပြီးရော အမေးနဲ့ ပြီးပြီးရော အဖြေပေါ့ကွာ။ ဒါပေမယ့် မပြီးနိုင်ပဲ ကျန်ခဲ့တာက ငါ။ မင်းကို ဒီအကြောင်းလည်း ပြောပြချင်လို့ စာရေးလိုက်တာပဲ သူငယ်ချင်း။

မင်းနဲ့ငါ ဖုန်းပြောပြီးတဲ့နောက် ငါ့တူတော်မောင်တွေကို ငါခေါ်ပြီးမေးကြည့်တယ်။ အာဇာနည်နေ့ကိုသိလားလို့။ သူတို့က သိပါတယ်လို့ဖြေကြတယ်။ ဒီတော့ မဆိုးဘူးလို့ ယူဆမိတယ်သူငယ်ချင်းရေ။ ကလေးတွေ အာဇာနည်နေ့ကို သိကြသေးတယ်ပေါ့။ ဘာဖြစ်လို့ အာဇာနည်နေ့လို့ ခေါ်တာလဲရော သိကြလားလို့မေးတော့ သိဘူးတဲ့။ ပြက္ခဒိန်မှာ အာဇာနည်နေ့ရေးထားလို့ ကျောင်းပိတ်ရက် ဆိုပြီး မှတ်ထားတာတဲ့။ ငါ့နဖူး ငါရိုက်မိတယ်သူငယ်ချင်း။ သူတို့သိတဲ့ အာဇာနည်နေ့ဆိုတာ ကျောင်းပိတ်ရက်ဆိုတာပဲ သိကြတာကိုး။ 

သူတို့ကို အပြစ်မတင်ခင် ငါ့ကိုယ်ငါ အရင်သုံးသပ်မိတယ်။ သူတို့ဟာ ငါ့တူတွေဖြစ်ပြီး ဘာလို့ ဒီလို အဖြစ်မျိုးရှိနေရပါလိမ့်လို့ စဉ်းစားမိတယ်။ ငါ့တူတော်မောင်တွေဆိုလို့ မင်းစိတ်ထဲ ငါ့ညီမလေး ယောက်ျားရသွားပြီ ထင်ဦးမယ်။ မဟုတ်ဘူး သူငယ်ချင်းရေ။ ငါ့အစ်မ ဝမ်းကွဲတစ်ယောက်ရဲ့ သားတွေပါ။ မင်းကို ရှင်းအောင်လည်း ပြောပြထားရသေးတယ်။ တော်ကြာနေ နောက်ကားတောင် ကျော်တက်သွားပြီ အခုထိ ရှေ့ကားကြီး စက်မနှိုးနိုင်သေးဘူးလားလို့ မေးမှာ ကြိုသိတယ် သူငယ်ချင်း။ ငါတို့က ငယ်ပေါင်းတွေမဟုတ်လား။ မင်း ပါးစပ်ဟတာနဲ့ အူဘယ်နှစ်ခွေရှိတယ်ဆိုတာ တက်အပ်ပြောနိုင်တယ်။ ထားပါတော့။ အာဇာနည်နေ့အကြောင်းလေး ဆက်ရအောင်။
သူတို့က အာဇာနည်နေ့ကို မသိဘူးဆိုတော့  ငါကပဲ ရှင်းပြရတာပေါ့။ အာဇာနည်နေ့ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရပြီး ကျဆုံးခဲ့ရတဲ့ နေ့ကို ခေါ်တာလို့ ပြောပြရတယ်။ ပြီးတော့ ငါကဆက်မေးလိုက်တယ်။ အာဇာနည်ခေါင်းဆောင်ကြီး ဘယ်နှစ်ယောက်လဲ ဆိုတော့ တူတော်မောင် အကြီးကောင်က ၆တန်းမို့ သွက်သွက်လက်လက်ပဲ ဖြေတယ်။ ၉ယောက်တဲ့။ မှန်သွားလို့ ဝမ်းသာမိတယ်။ တော်သေးတာပေါ့။ ဒါလေးတော့ သိကြသေးသားပဲဆိုပြီး ချီးကျူးမယ်လုပ်တုန်း နောက်ထပ် မေးခွန်းမှာ တက်တက်စင်အောင် လွဲတော့တာပဲ သူငယ်ချင်းရေ။ 

ငါကမေးလိုက်တယ်ကွာ။ ပြောစမ်းပါဦး.. အဲ့ဒီကိုးယောက်နာမည်တွေဆိုတော့ အငယ်ကောင်က စောဒက တက်တယ်။ သားမသင်ရသေးဘူးတဲ့။ မသင်ရသေးဘူးလို့ ပြောတဲ့ကောင်က ၂တန်း။ ရှိစေတော့။ ဒီကောင်မသိတာ အရေးမကြီးဘူး။ ကျန်တဲ့ နှစ်ကောင် သိသင့်နေပြီ။ တစ်ကောင်က ၄တန်း၊ တစ်ကောင်က ၆တန်း။ လေးတန်းကျောင်းသားက စပြောတယ်။ အာဇာနည်ခေါင်းဆောင်ကြီး ၉ဦးက ပထမဆုံးဗိုလ်ချုပ်အောင်ဆန်းတဲ့။ ဟုတ်လိုက်လေလို့ ကောင်းချီးပေးလိုက်တယ်။ ခြောက်တန်းကောင်က သူသိတယ်ဆိုတဲ့ မျက်နှာဘေးနဲ့ သူ့ညီဖြေတာကို ကြည့်ပြီး နားထောင်နေတယ်။ လေးတန်းကောင်က ဆက်ပြောတယ်။ နောက်တစ်ယောက်ကမန်းတော့ မန်းပဲတဲ့။ ဘာမန်းလဲမသိဘူးဆိုပြီး ခေါင်းကုပ်တော့ အကြီးကောင်က အားရဝမ်းသာ ဝင်ထောက်တယ်။ မန်းဘခိုင်လေကွာတဲ့။ ညီကိုနှစ်ယောက် ပူးပေါင်းအဖြေထုတ်နိုင်ကြလို့ ငါဘာမှ မပြောသေးပါဘူး။ မှန်တယ်။ နှစ်ယောက်ရှိပြီ။ နောက်ထပ် ခုနစ်ယောက်ကျန်သေးတယ် ဆက်ပြောပါဦးဆိုတော့ အငယ်ကောင်က ဆက်ပြောတယ်။ ဝန်းသိုစော်ဘွားကြီးတဲ့။ ကဲ သူငယ်ချင်းရေ…ငါမပြောဘူးလား။ တက်တက်စင်အောင် လွဲပါပြီလို့။ ဒီတစ်ခါ ကိုယ့်နဖူး ကိုယ်မရိုက်ချင်တော့ဘူး။ မင်းဆီက လက်တောင်းပြီး အငှားရိုက်ခိုင်းလိုက်ချင်တော့တယ်ကွာ။

ငါ့မှာ ငိုအားထက် ရယ်အားသန်ပေါ့။ ဆူရခက် ဆဲရခက်ဆိုတာ ဒါမျိုးမဟုတ်လား။ ဆူရ ဆဲရအောင်ကလည်း သူတို့လေးတွေ တကယ်မသိတဲ့ အဖြစ်ကို ငါဆူလို့ ဆဲလို့လည်း ဘာထူးမှာလဲ။ မသိသေးတာကို သိအောင် ပြောပြဖို့ပဲ ငါလုပ်ရတော့တာပေါ့။ ဒါပေမယ့် မင်းသိတဲ့ အတိုင်း ငါက ပွစိပွစိနဲ့တော့ လုပ်တတ်တယ်လေ။ မင်းတို့ကောင်တွေ ဒါလေးတောင် မသိကြဖူးလား။ ကိုယ့်တိုင်းပြည်ရဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ နာမည်တွေကိုတောင် အလွတ်မရကောင်းလားဆိုပြီး တူတောင်မောင် တွေရဲ့ ခေါင်းကို နှစ်ချက်ဆီ ထုပစ်လိုက်တယ်။ သူတို့ကတော့ ပြုံးစိစိပဲ။ ငါ့ကို ဟာသတောင် လုပ်နေသေးတယ်။ ငါဖြင့် ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။

မိုင်းပွန်စော်ဘွားကြီးကို ဝန်းသိုစော်ဘွားကြီးနဲ့ မှားပြောတယ်ကွာ။ နာမည်ထည့်မပြောကြသေးခင် ငါပဲ ရှင်းပြလိုက်ရတယ်။ ငါရှင်းပြတော့ လျှာလေးတွေ တစ်လစ်နဲ့ ဟုတ်သားပဲဆိုပြီး လက်ခံကြတယ်။ နောက်တစ်ယောက်ပြော ဆိုတော့ ၆တန်းကောင်က သူသိတယ်ပေါ့ကွာ။ ငါ့ကိုပြောတယ်။ ဦးဘချိုတဲ့။ ဟုတ်တယ်။ တော်တယ်။ မှန်တယ်။ ငါက သူဖြေတာ မှန်သွားလို့ ချီးမွမ်းတော့ သူလည်း ပျော်သွားတယ်။ နောက်တစ်ယောက်ဆက်ပြော ဆိုတော့ ဒီးဒုတ်ဦးဘချိုတဲ့ကွာ။ ငါက ပြောပြီးပြီလေ။ နောက်တစ်ယောက်ပြောခိုင်းတာဆိုတော့ သူတို့က ငြင်းတယ်။ ဒါနောက်တစ်ယောက်တဲ့။ ခုဏက ဦးဘချို၊ အခုက ဒီးဒုတ်ဦးဘချိုတဲ့သူငယ်ချင်းရေ။ မင်းမရယ်ပါနဲ့။ မင်းငါ့တူတော်မောင်တွေ တော်ကြောင်း ကြားပြီး ရယ်နေပြီ မဟုတ်လား။ ငါက ဦးဘချိုဆိုတာ ဒီးဒုတ်ဦးဘချိုပေါ့ဟလို့ ပြောလဲပြော ထုလဲထုထည့်လိုက်တယ်။ ဒီတော့ သူတို့က ငါ့ကို ဘာပြန်ပြောတယ်မှတ်လဲ။ မနက်က တီဗီမှာ သေချာကြည့်ထားတာ၊ လွမ်းသူ့ပန်းခွေမှာ ဦးဘချိုလို့ပဲရေးထားတယ်တဲ့။ အင်း ကလေးတွေဆိုတော့လည်း ဒီးဒုတ်ဆိုတာ ဂျာနယ်အမည်ကို အစွဲပြုပြီးပေးထားမှန်း သိမှမသိကြပေပဲ။ သူတို့ကြားဖူးတာ ဒီးဒုတ်ဦးဘချို၊ မနက်က ပန်းခွေထဲမှာ ရေးထားတာ ဦးဘချို။ အဲ့ဒီနာမည်နှစ်မျိုးကြားမှာ ကလေးတွေ ဒွိဟဖြစ်ကုန်ကြတာပဲ သူငယ်ချင်း။ ငါသေချာရှင်းပြလိုက်ပါတယ်။ 

ဒါနဲ့ပဲ ဆက်မေးဖြစ်တော့ သခင်မြကို မှန်အောင်ပြောနိုင်တယ်။ ဦးအုန်းမောင်ကို မှန်အောင် ပြောနိုင်တယ်။ ဒါပေမယ့် ဦးဘဝင်းနဲ့ ဦးရာဇာတ်ကို သူတို့ မေ့နေကြတယ်။ ဘယ်လိုမှ မစဉ်းစားနိုင်လောက်အောင်ကို မေ့နေကြတယ်။ ကလေးတွေ စာကြေပုံများ ပြောပါတယ်။ တကယ်တော့ ဒါတွေဟာ စာထဲမှာ ပါလို့ ကျက်ထားရမှာထက် ဗဟုသုတအဖြစ် ဦးနှောက်ထဲ အရိုးထဲ အသားထဲ စိမ့်ဝင်နေအောင် မှတ်သားထားရမယ့် နာမည်တွေနဲ့ အကြောင်းအရာတွေမဟုတ်လားသူငယ်ချင်းရာ။
သူတို့မသိလို့ ငါပြောပြလိုက်ပါတယ်။ ဦးဘဝင်းဆိုတာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစ်ကိုကြီးပေါ့လို့။ ဝန်ကြီးဖြစ်ပြီး တစ်လကျော်ကျော်ပဲရှိသေးတယ် ညီလေးနဲ့အတူ ကျဆုံးခဲ့ရရှာတာပေါ့ကွာလို့ ပြောပြတော့ သူတို့ စိတ်ဝင်တစား နားထောင်ကြတယ်။ နောက်တစ်ယောက်ကျတော့ ဆရာကြီးဦးရာဇာတ်အကြောင်း သူတို့ကို ပြောပြဖြစ်ပြန်တယ်။ မန္တလေးမှာ အမျိုးသားကျောင်း ကျောင်းအုပ်ကြီးလုပ်ခဲ့ပြီး ပညာရေးဝန်ကြီးဖြစ်လာတာပေါ့လို့ ပြောပြရတယ် သူငယ်ချင်းရေ။ 

နောက်ဆုံး တစ်ယောက်ကိုပြောပါဦးဆိုတော့ သူတို့ပြောတာ မှန်တော့မှန်ပါတယ်။ မမှန်ဘူးလို့လည်း ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ သူတို့ပြောတဲ့ နောက်ဆုံးတစ်ယောက်က ရဲဘော်ဘထွေးတဲ့ကွာ။ ကြားရုံနဲ့တင် ရယ်ချင်တယ်။ ရဲဘော်ကိုထွေးလည်း ငါ့တူတော်မောင်တွေနဲ့ကျမှ ရဲဘော်ဘထွေးဖြစ်တော့တယ်။ ဒါပေမယ့် ငါပြန်စဉ်းစားမိတယ်။ ရဲဘော်ကိုထွေး သာသက်ရှိထင်ရှားရှိဦးမယ်ဆိုရင် ကျဆုံးတုန်းက အသက် ၁၈နှစ် ဆိုတော့ အခု ၆၅နှစ်ထည့်ပေါင်းရင် ၈၃နှစ်တောင်ရှိပြီပဲ။ ဘထွေးဖြစ်နေလောက်ပါပြီလို့ ကိုယ့်ကိုကိုယ် ဖြည့်တွေးပေးလိုက်ရတယ်သူငယ်ချင်းရေ။ 

ရဲဘော်ကိုထွေး (အဲ…သူတို့ပြောတဲ့ ရဲဘော်ဘထွေး) က ဘာလဲသိလားလို့မေးလိုက်တယ်။ ငါဖြေစေချင်တာက သက်တော်စောင့်ပါလို့ ဖြေစေချင်တာ။ ဘယ်သူဘယ်ဝါရဲ့ သက်တော်စောင့်ဆိုတာကို ထားဦး။ မမေးသေးဘူး။ ဒါပေမယ့် သူငယ်ချင်းရေ..ရွှေဥာဏ်ရှင် ငါ့တူတော်မောင်တွေဖြေလိုက်တာ ရဲဘော်ကိုထွေးက စစ်သားတဲ့။ ကဲ…ကောင်းရောကွာ။

ဒီအကြောင်းတွေ ပြောရတာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်တယ်။ ရှက်လည်း ရှက်တယ်။ ငါ့တူတော်မောင်တွေနဲ့ ငါက ၅နှစ်လောက် ဝေးနေတာမဟုတ်လား။ ငါနိုင်ငံခြားစထွက်သွားတုန်းက အကြီးဆုံးကောင် မူလတန်းစတက်တုန်းပဲရှိသေးတယ်။ သူတို့ကို ငါအများကြီး ပြောပြစရာတွေရှိသေးတယ်သူငယ်ချင်းရေ။ အခုတောင် မင်းမေးလိုက်တဲ့ မေးခွန်းကြောင့် ငါလက်တွေ့ စမ်းသပ်ကြည့်တာ။ တကယ်တော့ ငါ့တူတော်မောင်တွေလို ကလေးတွေ အများကြီးပဲနေမှာ။ အာဇာနည်နေ့ကိုတောင် ကောင်းကောင်းမသိကြတော့တဲ့ ငါတို့နောက်က မျိုးဆက်တွေကို ငါတို့ ဘယ်လိုပုခုံးပြောင်းပေးကြမလဲ။ အနာဂတ်ဟာ လူငယ်တွေလက်ထဲမှာဆိုတာ မင်းလည်းသိပါတယ်။ အဲ့ဒီလူငယ်တွေလက်ထဲကို နိုင်ငံတော်ကြီး ထိုးအပ်ကြရမှာ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ သမိုင်းရာဇဝင်ကိုတောင်မှ မသိကြတော့တဲ့ လူငယ်တွေရဲ့လက်ထဲမှာ ငါတို့နိုင်ငံရဲ့ အနာဂတ်ကို ဘယ်လို စိတ်ချရပါ့မလဲကွာ။  ကမ္ဘာနဲ့ချီပြောဖို့ ဝေးပြီပေါ့ကွာ။
ကောင်းပါပြီ သူငယ်ချင်းရေ…မင်းလည်း အလုပ်က ခပ်များများဆိုတော့ ငါ့စာကိုဖတ်ဖို့ အချိန်တွေပေးထားရတာ အားနာပါတယ်။ ငါလည်း ဒီအကြောင်းတွေကို ပြောပြချင်နေတာ အခုတော့ ပြောပြပြီးပြီ။ ငါ့တူတော်မောင်တွေကိုတော့ ငါအများကြီး ပြောပြရတော့မယ်။ သူတို့မသိသေးတာတွေ အရမ်းများနေတယ်။ ဘာလို့မသိတာလဲဆိုပြီး အရင်းစစ်တော့ အမြစ်ပေါ်တာပဲ။ အသုံးမကျတဲ့ စနစ်   ဆိုးအောက်မှာ သူတို့လေးတွေ ခါးစည်းခံနေကြရတာကိုပဲ လက်ညှိုးထိုးချင်ပါတယ်။ ငါတို့တုန်းကလည်း ခံခဲ့ကြရတာပါပဲ။ ဒါပေမယ့် ငါတို့က ဆရာကောင်းသမားကောင်းတွေနဲ့ သင်ခဲ့ရတယ်။ တွေ့ခဲ့ရတယ်။ ငါတို့ကို စာဖတ်ဝါသနာပါအောင်၊ ငါတို့ကို စနစ်ဆိုးအောက်က ရုန်းထွက်နိုင်အောင်၊ အသိပညာခွန်အားတွေ ပေးနိုင်တဲ့ ဆရာသမားတွေနဲ့ ကြုံခဲ့ရသေးတယ်။ ကံသီပေလို့လို့ပဲ ပြောရမှာပေါ့။ လက်ကျန်ပညာရှင်တွေကို မှီလိုက်ပေလို့။ အခုခေတ်ဆရာတွေကတော့ကွာ…မင်းလည်းသိတဲ့အတိုင်းပဲ။ ပြောမနေတော့ပါဘူး။ ပြောနေလည်း ထူးမှ မထူးတော့ပဲ။ အင်း..သူငယ်ချင်းရေ…ဒီတစ်ခေါက်တော့ ဒီမျှနဲ့ပဲ တော်လောက်ပြီထင်တယ်။ နောက်တစ်ခေါက်ကျမှ ငါ့တူတော်မောင်တွေကို ငါပြောပြဖြစ်တဲ့ အကြောင်းအရာ မင်းဆီစာလှန်းရေးတော့မယ်ကွာ။
ငါ့သူငယ်ချင်း လုပ်ငန်းကိုင်ငန်း အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပေးပါတယ်။

မင်းရဲ့
အပါ
၂၈-၇-၂၀၁၂

Thursday, July 26, 2012

ကဗျာလမ်းအစ လွမ်းသမျှရယ်တဲ့ကုန်စင်


ငယ်ငယ်လေးတည်းက စာပေကို ဝါသနာပါခဲ့တာ ဗီဇလို့ပဲပြောရမလား၊ အကြောင်းကံကြောင့်လို့ပဲ ပြောရမလား၊ မျိုးရိုးမဟုတ်တာတော့ သေချာတယ်။ အမျိုးတွေထဲမှာ စာပေအနုပညာရှင်တစ်ယောက်မှ မပါဘူး။ စာဖတ်တဲ့သူတွေပဲပါတယ်။ ကျွန်တော့်ကျမှ ဖတ်ရုံတင်မက ရေးပါရေးချင်လာတာ တော်တော်ထူးဆန်းတယ်။

ကျွန်တော် လေး ငါးတန်းအရွယ်လောက်တည်းက ကဗျာတွေ လျှောက်စပ်နေခဲ့တာဗျ။ ကလေးကဗျာလေးတွေနဲ့ သူငယ်ချင်းတွေကြားမှာ ကဗျာဆရာဖြစ်ခဲ့တာ ကျွန်တော့်အသက် ၁၂နှစ်ပဲရှိသေးတယ်။
ပြောရင် ယုံမှာမဟုတ်ဘူး။ ၅တန်းကျောင်းသားအရွယ်ဆိုတာ လူပျိုပေါက်ကိုးဗျ။ အချစ်ဆိုတာတွေ မေတ္တာဆိုတာတွေကို အနှစ်မသိသေးရင်သာနေရမယ်၊ အပေါ်ယံသဘောလောက်ကတော့ လာထား အကုန်လေ့လာသိရှိပြီးပြီ။ ကိုယ်မသိတာတွေလည်း အစ်ကိုတော် နောင်တော်ကြီးတွေဆီကတစ်ဆင့် သင်ယူတတ်မြောက်ပြီးပြီ။ ရည်းစားဆိုတဲ့ အဓိပ္ပါယ်ကဘာကိုပြောတယ်၊ စော် ဆိုတာ ကောင်မလေးကိုပြောတာတို့၊ ကွိုင်လေးတို့၊ စကီလေးတို့ စတဲ့ ဗန်းစကားတွေလည်း တတ်မြောက်နေပြီ။ 

ကျွန်တော်က စာတွေနင်းကန်ဖတ်တော့ စကားလုံးတွေက သူများထက်ပိုသိနေတယ်ဗျ။ (ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် လုပ်မိပြီထင်တယ်) ဒီတော့ ၅တန်း၊ ၆တန်းကစပြီး ၁၀တန်းလောက်အထိ သူငယ်ချင်းတွေအတွက် ရည်းစားစာ ရေးရေးပေးရတာ။ သူတို့က ဘယ်လိုခံစားရတယ်ဆိုတာ စကားလုံးနဲ့ မရေးတတ်တော့ ကျွန်တော်က ဆရာကြီးပေါ့ဗျာ။ အလကားတော့ ဘယ်ရမလဲ။ ဝေဖာတစ်ခု ဒါမှမဟုတ် ရခိုင်မုန့်တီ တစ်ပွဲပဲ။

ကျွန်တော်ရေးပေးလိုက်တဲ့ စာတွေကြောင့် ငြိသွားကြတဲ့ အတွဲတွေလည်းရှိသလို ကျွန်တော့်အရေးအသားတွေမှန်း ရိပ်မိသွားကြတဲ့ သူတွေလည်း ရှိကြတယ်။ ထားပါတော့။ ဒါတွေပြန်ပြောရင် ငယ်ကျိုးငယ်နာတွေဖော်သလို ဖြစ်တော့မယ်။ ကျွန်တော်ပြောချင်တာ ကဗျာအကြောင်းပါ။ ကျွန်တော့်ငယ်ဘဝမှာ လျှောက်လှမ်းခဲ့ဖူးတဲ့ ကဗျာလမ်းအကြောင်း ပြောပြချင်တာပါ။ ဆရာကြီး ဇော်ဂျီက ဗေဒါလမ်းပေါ့ဗျာ။ ဟော့ဒီက အာပလာ အပါကတော့ ကဗျာလမ်းဆိုပြီး ရေးလိုက်ပြီ။

၁၉၉၈ ကျွန်တော်ရှစ်တန်းကျောင်းသားအရွယ်မှာ ပထမဆုံးကဗျာစာအုပ်ထုတ်တယ်။ ပေါ့သေးသေးတော့မထင်နဲ့။ အပါ ရဲ့ ကဗျာဝိညာဉ် (တကိုယ်တော်ကဗျာများ) ဆိုပြီး လုပ်တာ။ ခပ်မိုက်မိုက်ပဲ။ အရွယ်က လက်တောက်လောက်ရှိသေးတယ်။ ကဗျာစာအုပ် ကိုယ်တိုင်ပရိုဂျူဆာလုပ်ပြီး ထုတ်တာ။ ဘာကုန်တာမှတ်လို့။ အေဖိုး စာရွယ်တစ်ရွက်ပေါ် လိုင်းချ၊ ကော်လံချပြီး လက်ရေးလှတဲ့ အစ်ကိုဝမ်းကွဲတစ်ယောက်ရဲ့ရည်းစား အစ်မကြီးကို ဘယ်ပြန်ညာပြန် ကျွန်တော့်ကဗျာတွေ ချရေးခိုင်းလိုက် တယ်။ ပြီးတော့ မိတ္တူဆွဲလိုက်တယ်။ အုပ်ရေ ၅၀။ ကဲဘာပြောချင်သေးလဲ။ တစ်အုပ်ကို ၅၀ ကျပ်နဲ့ ပြန်ရောင်းတာနော်။ ရောင်းကောင်းတယ်ဗျ။ ရောင်းကောင်းမှာပေါ့။ ကျွန်တော်တို့က A ခန်းဆိုတော့ A ခန်းက သူငယ်ချင်းတွေရော၊ ပြီးတော့ B ခန်း C ခန်းက ဘော်ဘော်တွေရောကို လိုက်ရောင်းတာ။ ကျွန်တော် တစ်ယောက်တည်း ဖြန့်ချီရေးလုပ်ရတယ် မထင်နဲ့။ သူငယ်ချင်းတွေက အားကိုးရတယ်။ စပ်မိစပ်ရာ ကျွန်တော့်ကဗျာ စာအုပ်ရောင်းပေးကြတယ်။

အဲ့ဒီအရွယ် ကျွန်တော့်အသက် ၁၄နှစ်ထဲက စာပေနဲ့ စီးပွားရှာခဲ့ဖူးတယ်။ ဘာပဲပြောပြော အဲ့ဒီကဗျာစာအုပ်လေး လုပ်ဖြစ်ခဲ့တာက ကျွန်တော့်ဘဝရဲ့ မှတ်တိုင် တစ်ခုပါပဲ။ (စကားစပ်မိလို့ ပြောရအုံးမယ်။ လွန်ခဲ့တဲ့ မေလလောက်က ကျွန်တော့်သူငယ်ချင်း ဘလော့ဂါ မိုးတိမ်ဝါရဲ့အိမ် ရောက်တယ်။ သားတစ်ယောက်အမေဖြစ်နေပါပြီ။ သူ့အိမ်ရောက်တော့ အဲ့ဒီကဗျာစာအုပ်လေးကို ထုတ်ပြတယ်။ အခုချိန်ထိ အပါ့ကဗျာစာအုပ်က အကောင်းပကတိလေးအတိုင်း ရှိနေသေးတာ တွေ့ခဲ့ရတယ်။ မပျောက်မပျက်ပဲ စည်းကမ်းရှိရှိ ငယ်ငယ်တုန်းက ရူးသွပ်မှုတွေကို အောက်မေ့ဖွယ် သိမ်းဆည်းထားတဲ့ သူငယ်ချင်းကို အရမ်းလေးစားမိတယ်။ ကျေးဇူးလည်း တင်မိပါတယ်။ လွန်ခဲ့တဲ့ ၁၄နှစ်ဆိုတဲ့ အဲ့ဒီ အေဖိုးစာရွက်လေးရဲ့ သက်တမ်းက ကျွန်တော့်တို့ အတိတ်ကပုံရိပ်တွေကို ပြန်မြင်ယောင်စေမိပါတယ်။)

“မနက်မိုးသောက် အရုဏ်ရောက်၊ သက် အိမ်ရှေ့ကိုရောက်
နေ့ခင်းမွန်းတဲ့ နေပူထဲ၊ သက် အိမ်ရှေ့မှာပဲ
ညနေ နေဝင် နေထွက်လျှင်၊ သက် အိမ်ရှေ့မှာပင်
ညမိုးချုပ်လို့ လထွက်လာ၊ ကျွန်တော်စောင့်ဦးမှာ။”

လို့ရေးခဲ့တဲ့ ဇွဲကြီးသူ ဆိုသော ကျွန်တော့်ကဗျာလေးက အဲ့ဒီကာလတွေဆီ သတိရမိပါတယ်။ အဲ့ဒီတုန်းက ကျွန်တော်ကြိုက်နေတဲ့ သက်ဆိုသောကောင်မလေးရဲ့ အိမ်ရှေ့မှာ သွားသွားစောင့်ရတာ အမောပဲ။ ခုခေတ်လူငယ်စကားနဲ့ ပြောရရင် ဖွန်သွားကြောင်တာပေါ့ဗျာ။ ကောင်မလေးက ၇ တန်းကျောင်းသူ။ ကျွန်တော်က ၈ တန်းကျောင်းသား။ ပြန်တွေးကြည့်တော့ ရယ်ချင်စရာ။ အခုဖတ်ရင်တော့ ပေါချာချာကဗျာပေါ့ဗျာ။ ဒါပေမယ့် ရှစ်တန်းကျောင်းသား လူပျိုပေါက်လေး တစ်ယောက်ရဲ့ ရင်ထဲက ခံစားချက်တွေကိုတော့ ပေါတယ်လို့ ထင်နိုင်ပါ့မလား။ အဲ့ဒီ ကဗျာတွေကို သူငယ်ချင်းတွေ လက်ထဲ ရောက်အောင် ပို့နိုင်ခဲ့တယ်။ ကျွန်တော်စိတ်ဝင်စားနေတဲ့ ကောင်မလေးဆီလည်း ရောက်အောင် ပေးနိုင်ခဲ့တယ်။ ဒါ အင်မတန်မှ နူးညံ့သိမ်မွေ့တဲ့ ချဉ်းကပ်မှုတစ်ခုပါပဲ။ ရူးသွပ်မှုတစ်ခုလို့လည်း ပြောလို့ရတာပေါ့ဗျာ။

အဲ့ဒီလို ကဗျာစာအုပ်လုပ်တဲ့အကြောင်း ဆရာမတွေသိသွားပြီးတဲ့နောက် ကျောင်းသားစုံညီပွဲတော်ဆိုတာ ၁၉၉၈မှာ မြန်မာတစ်နိုင်ငံလုံး ပထမဆုံးကျင်းပကြတယ်။ ကျွန်တော်တို့ကျောင်းမှာလည်း လုပ်ရတယ်။ ဒီတော့ ကျင်းပရေးအဖွဲ့က နံရံကပ်ကဗျာတွေ၊ ပန်းချီတွေ၊ ဓါတ်ပုံတွေ၊ ပညာပေးဆောင်ပုဒ်တွေလုပ်မယ်ပေါ့။ ကျွန်တော့်လို ကဗျာရူးကို ယုံယုံကြည်ကြည်နဲ့ နံရံကပ်ကဗျာအတွက် ရေးခိုင်းတယ်။ ကျွန်တော် ၂ပုဒ်ရေးပေးဖြစ်တယ်။ တစ်ပုဒ်က ဆရာ၊ ဆရာမတွေရဲ့ နာသုံးနာအကြောင်း၊ တစ်ပုဒ်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအကြောင်း၊ ဆေးလိပ်သောက်တာမကောင်းဖူး ဘာညာပေါ့။ အဲ့ဒီ ကဗျာတွေကို ဆရာမတွေက ဖတ်ပြီး ပြင်ဆင်မွမ်းမံပေးတယ်။ ပြီးတော့ ပွဲတော်မှာ ကပ်ကြတယ်။ မင်းမနိုင် အလယ်တန်းကျောင်းလေးမှာ တက်ခဲ့ကြတုန်းက အဖြစ်အပျက်တွေကို သတိရလိုက်တာ ဗျာ။

ဒီလိုနဲ့ ကျွန်တော်တို့ အထက်တန်းကျောင်းသားအဖြစ် ဒဂုံ ၁ ကိုရောက်ကြတယ်။ ၉တန်းတက်နေရင်း ဝါသနာတူတဲ့ သူငယ်ချင်းတွေနဲ့ ပေါင်းမိတယ်။ ကဗျာစာအုပ်ထုတ်ဖို့ တိုင်ပင်ကြပြန်တယ်။ ကျွန်တော့်သူငယ်ချင်း ထက်ပိုင်ထွန်းဆိုတဲ့ တစ်ယောက်က ကဗျာစာအုပ်ဒီဇိုင်းဆွဲနေတာ အတန်းပိုင်ဆရာမက မိသွားတယ်။ ဒါနဲ့ပဲ ကျွန်တော်တို့ အစီအစဉ်ကို တားတယ်။ ကျွန်တော်တို့ကဗျာသမားအဖွဲ့မှာ ယိုးဒယားရောက်နေတဲ့ သန်းထိုက်ဦးပါတယ်။ USA ရောက်သွားတဲ့ ကျော်ရဲလွင်ပါတယ်။ အဲ့ဒီအချိန်က နိုင်ငံရေးအခြေအနေ သိပ်မကောင်းဘူး။ ၉ လေးလုံး အရေးအခင်းက ကျောင်းသားတွေကို မျက်နှာသာမပေးတဲ့ ကာလဆိုတော့ ဆရာမက သူ့တပည့် ကျွန်တော်တို့ကို ကဗျာစာအုပ်တွေ ထုတ်တာ၊ စာစောင်တွေလုပ်တာဟာ ဘာမဆိုင်ညာမဆိုင် အချောင်ခံရမယ်ဆိုပြီး စိုးရိမ်လွန်တာနဲ့ ကျွန်တော်တို့ အစီအစဉ် ပျက်သွားရတယ်။ ကျွန်တော်တို့က ဆရာမကို ပြောပြပါသေးတယ်။ ကျွန်တော်တို့ရေးထားတဲ့ ကဗျာတွေဟာ ရိုမန်တစ်တွေပါ၊ ဘာ ပိုလက်တစ်မှ မပါပါဘူးလို့။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ရှိစေတော့။ ကျွန်တော်တို့ ကဗျာစာအုပ် မထုတ်ရပေမယ့် ကဗျာတွေကတော့ ဆက်ရေးနေကြဆဲပါပဲ။ ကျောင်းနံရံတွေမှာ သွားရေးကြတယ်။ အတန်းထဲက စာရေးစားပွဲတွေပေါ်မှာ ရေးကြတယ်။ ကျွန်တော်တို့ လူငယ်တွေရဲ့ ကဗျာပိုးက တစ်ကိုယ်လုံးကို စီးဝင်နေပြီ။ ဘယ်လိုမှ တားဆီးလို့မရတော့ဘူး။ ကျွန်တော်တို့ အချင်းချင်း အော်တိုစာအုပ်တွေမှာ ကဗျာတွေ ရေးပေးကြတယ်။ ဒါဟာ လွတ်လပ်မှုမရှိတဲ့ ခေတ်စနစ်အောက်က ကျောင်းသားတွေရဲ့ ထွက်ပေါက်တစ်ခုပါ။ အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့စိတ်ထဲမှာ ဘာနိုင်ငံရေးမှ နားမလည်ဘူး။ ကျွန်တော်တို့နားလည်တာ ကောင်မလေးတွေလှတဲ့အကြောင်းပါပဲ။

ကျွန်တော့်ရဲ့ ကဗျာရောဂါက ဒီအတိုင်း မပျောက်သွားပါဘူး။ ဆယ်တန်းအောင်ပြီးတော့ တက္ကသိုလ်ရောက်တယ်။ အဲ့ဒီမှာ ကဗျာတွေဆက်ရေးတယ်။ တက္ကသိုလ်ဆိုတာကလည်း DAY တက်ရတာဆိုတော့ တစ်နေကုန်ကျောင်းမှာ ထိုင်နေကြရတာ မဟုတ်လား။ ကန်တင်းဆင်းလိုက် စာသင်ချိန် စာသင်ခန်းဝင်လိုက်။ အတန်းမရှိတဲ့အချိန် ကန်ဘောင်မှာ ဝိုင်းဖွဲ့သီချင်းဆိုလိုက်၊ ဆရာ မလာခင် အတန်းထဲထိုင်ရင်း ကဗျာတွေစပ်လိုက်နဲ့ ဟန်ကျနေတာလေ။ ပြီးတော့ ရောင်စုံ အသွေးစုံ အရွယ်စုံ ဆိုဒ်စုံကောင်မလေး ကောင်မကြီး တွေကလည်း ပေါပါဘိသနဲ့ဆိုတော့ ဘာပြောကောင်းမလဲ ကဗျာမြစ်ရေတွေ ဒလဟော စီးဆင်းတော့တာပါပဲ။ မြင်သမျှ တွေ့သမျှ ကဗျာကြီးပဲ။

၂၀၀၂ခုနှစ် ပထမနှစ်စတက်တော့ ပထမဆုံး ဒိုင်ယာရီစာအုပ်ထဲ ချရေးဖြစ်တဲ့ ကဗျာက…
“နေပူကြဲတဲ ကွင်းပြင်ထဲမှာ ပညာရှာကြ တို့ဘဝ ခင်မ သနားလှည့်ပါတော့။
ကားကကြပ်ကြပ် ခရီးဆက်လို့ ကျောင်းတက်နေရ တို့ဘဝ ခင်မ သနားလှည့်ပါတော့။
ကျောင်းတက်မမှန် ရိုးလ်ကောကျန် အဆူခံထိ ငါရှက်မိ၊ လူလုံးမလှ တို့ဘဝ ခင်မ သနားလှည့်ပါတော့။
ငါရွေးတဲ့ကျောင်း ငါဖောက်တဲ့လမ်း ငါ့မှတ်တမ်းမှာ ငါကဗျာစပ်မည် သေသော်မှတည့် သြော်ကောင်း၏။”

ကျွန်တော့်ရင်ထဲက ကျောင်းတက်ရင်းခံစားရတဲ့ အဖြစ်ကို အဲ့လိုကဗျာတစ်ပုဒ်ကောက်ရေးမိလိုက်တယ်။ ဦးပုညက ဆဒ္ဒန်ဆင်မင်းဇာတ်မှာ မျက်နှာငွေလ ရွှင်ပျပျနှင့် ခင်မဝမ်းမြောက်ပါလေတော့လို့ ရေးထားတာ ဖတ်ဖူးတယ်။ ကိုယ့်အလှည့်မှာတော့ ခင်မကို ဝမ်းမမြာက်ခိုင်းတော့ဘူး။ သနားလှည့်ပါတော့လို့ သုံးလိုက်မိတယ်။ တကယ်လည်း ကျွန်တော်တို့ကျောင်းဟာ နေပူကြဲတဲ ကွင်းပြင်ကြီးထဲက အဝေးပို့ခံကျောင်းတစ်ကျောင်းပါပဲ။ ကျောင်းသားကျောင်းသူတွေရဲ့ အဖြစ်က သနားစရာအတိပါ။

ပထမနှစ်မှာ ကဗျာတွေ ရေးဖြစ်တာ များပါတယ်။ ဒုတိယနှစ်ရောက်တော့ သူငယ်ချင်းမြင်းကြီး (အောင်ကျော်မင်း)ရဲ့ ကောင်မလေးက ပိတောက်မြေမဂ္ဂဇင်းမှာ လုပ်နေတယ်။ ကျွန်တော်က ကဗျာဝါသနာရှင်မို့ ကဗျာတွေရေးပြီး သူ့ကိုပေးတယ်။ ပိတောက်မြေ မဂ္ဂဇင်းကလည်း ထွက်ခါစဆိုတော့ ရူးသွပ်ပြန်တာပေါ့။ မဂ္ဂဇင်းမှာ ပါလိုပါငြား ကဗျာတွေ ထိုင်စပ်ရတာ အလုပ်တစ်ခု ဖြစ်လာတယ်။

၂၀၀၃ခုနှစ်က ဆက်တိုက်ဆိုသလို ကဗျာတွေရေးပြီး ကဗျာပိုးက ထိုးထိုးထောင်ထောင်ကြွလာခဲ့တယ်။ စာရေးဆရာတွေကျက်စားရာ လေထန်ကုန်းမှာ သွားထိုင်ဖြစ်တယ်။ ပိတောက်မြေက သူငယ်ချင်းနဲ့ ပတ်သက်ပြီး ကဗျာဆရာ အစ်ကိုကျူးလစ်တို့နဲ့ စကားလက်စုံကျဖြစ်တယ်။ သူတို့ဆီက အိုင်ဒီယာတွေယူရတယ်။ ပညာတွေယူရတယ်။ ကျွန်တော့် ကဗျာတွေက အဆင့်မမှီလို့ထင်ပါရဲ့။ ပိတောက်မြေမှာ တစ်ပုဒ်မှ ဖော်ပြမခံခဲ့ရဘူး။ ဖြစ်လောက်ပါတယ်။ ကျွန်တော့်လို ၁၉နှစ်သား ငနဲလေးတစ်ကောင်ရဲ့ ကဗျာတွေက ဘယ်လောက်များ အဆင့်ရှိမှာမို့လဲ။ ကျွန်တော် အားမလျော့စတမ်း ကဗျာတွေ ဆက်ရေးတယ်။ ဆက်ပို့တယ်။ သူ့ဟာသူ ပါချင်ပါမယ်၊ ရွေးလို့ဖော်ပြရင် ပါမယ်၊ ရေးနေဖို့က ကိုယ့်တာဝန်မဟုတ်လား။
အဲ့ဒီအချိန်မှာပဲ ကျွန်တော်တို့ ကျောင်းမှာ ကဗျာစာအုပ်ထုတ်တာတွေပေါ်လာတယ်။ ကျွန်တော်တို့က တတိယအသုတ် ကျောင်းတော်သားတွေမို့ ရှေ့က စီနီယာနှစ်တန်းပဲရှိတယ်။ သူတို့ကလည်း အရင်က ဘယ်သူမှ မလုပ်ဖူးခဲ့ကြတဲ့ အတွက် ကျွန်တော်တို့နှစ်က အဖွဲ့တစ်ဖွဲ့က စလုပ်တယ်။ သူတို့ကဗျာစာအုပ်ထွက်လာတော့မှ ကျွန်တော်တို့လည်း လုပ်မယ်ဆိုပြီး လူစုကြတယ်။ တစ်ကိုယ်တော်ထက်စာရင် အဖွဲ့နဲ့လုပ်ရတာ ပျော်ဖို့လည်း ကောင်းသလို ရောင်းအားလည်း ကောင်းနိုင်တယ် မဟုတ်လား။ သူ့လူ ကိုယ့်လူဆိုတာ ရှိတယ်လေ။

အဲ့ဒီတုန်းက ကဗျာစာအုပ်လုပ်ရတာ တော်တော်ပင်ပမ်းခံရတယ်ဗျ။ အခု ကိုရီးယားရောက်နေတဲ့ ပုကျင်းရင် (ပြည့်ဖြိုးအောင်) ဆိုတဲ့ သူငယ်ချင်းက ခဲခြစ်နဲ့ သရုပ်ဖော်ပုံတွေ ဒီဇိုင်းဆွဲတယ်။ ဇာဂနာလို့ခေါ်တဲ့ ဥာဏ်ထွဋ်ရဲ့အိမ်က ကွန်ပျူတာမှာ စာစီစာရိုက် လုပ်ကြတယ်။ ခက်တာက အဲ့တုန်းက မြန်မာလို စာစီစာရိုက်ကျွမ်းတာဆိုလို့ နဂါး (ကိုကိုခိုင်) ဆိုတဲ့ကောင်ပဲရှိတယ်။ သူ့ကိုရိုက်ခိုင်းရတယ်။ ကျွန်တော့်အိမ်မှာ တည်းဖြတ်အလုပ်တွေ၊ ဖြတ်ညှပ်ကပ်အလုပ်တွေလုပ်ကြတယ်။ ကျွန်တော်တို့ အဖွဲ့မှာ ဟန်ဇော်လင်းပါတယ်။ မြင်းကြီးလည်း ပါတယ်။ သူ့ကောင်မလေးကလည်း ပါချင်တယ်ဆိုလို့ မိုးမခဆိုတဲ့ ကလောင်နဲ့ ကဗျာတွေပေးတော့ လက်ခံလိုက်တယ်။ မြင်းကြီးကောင်မလေးက ဒဂုံ တက္ကသိုလ်က ဆိုတော့ သူ့ကျောင်းမှာလည်း ရောင်းလို့ရတယ်ပေါ့။ နောက် သူငယ်ချင်းတစ်ယောက်ရဲ့ အစ်မက တာဝ (အရှေ့ပိုင်းတက္ကသိုလ်) မှာတက်နေတာ သူကလည်း ပါချင်တယ်ဆိုတာနဲ့  ပွင့် (Business Law) ဆိုပြီး ဝင်ရေးပါတယ်။ 

စာအုပ်ဖြစ်မြောက်ဖို့ တော်တော်လေးလုပ်ကြရတယ်။ သူများတွေနဲ့လည်း ပုံစံမတူရအောင်၊ ကဗျာတွေကလည်း ထိမိနေရအောင်၊ ပြီးတော့ စာရွက်ရော အဖုံးရော အားလုံးအကောင်းစားတွေပဲသုံးပြီး အမြတ်အစွန်းထက် အနုပညာအားကို ပြကြမယ်ဆိုပြီး လှပသေသပ်တဲ့ ကဗျာစာအုပ်လေးတစ်အုပ် ထုတ်ဖြစ်ကြတယ်။
အဲ့ဒီစာအုပ်နာမည်က (ဖတ်ပြီးပြီလား)တဲ့။ ဖတ်ပြီးပြီလား ကဗျာစာအုပ် ရောင်းကောင်းလွန်းလို့ ပထမ အုပ်တစ်ရာ ကုန်သွားပြီး နောက်ထပ် အုပ်တစ်ရာ ထပ်လုပ်ရတယ်။ ရွာသာကြီးစီးပွားရေးကျောင်း၊ တာဝ၊ ဒဂုံ၊ သန်လျင်ဂျီတီစီကျောင်းတွေမှာ ရောင်းပန်းလှခဲ့တယ်။ သူ့သူငယ်ချင်း ကိုယ့်သူငယ်ချင်း ရောင်းကြတာပေါ့။ ဟိုလို နာမည်ကြီး ကဗျာစာအုပ်တွေ လိုတော့ ဘယ်ဟုတ်ပါ့မလဲ။ ကျွန်တော်တို့က Pro မဟုတ်တဲ့ အပျော်တမ်း ကလောင်သမားတွေပါ။

ကျွန်တော်တို့ စာအုပ်ကိုဖတ်ပြီး အားပေးကြလို့ ပီတိဖြစ်ရတယ်။ ပျော်လည်းပျော်ကြတယ်။ ကျွန်တော်တို့ရဲ့ တက္ကသိုလ်ကျောင်းသားဘဝမှာ မှတ်တိုင်တစ်ခု စိုက်နိုင်ခဲ့ပြန်တယ်။ အဲ့ဒီထဲက ကျွန်တော့်သူငယ်ချင်း ပုကျင်းရင်ရေးတဲ့ ဘီးကုပ်လေး ကဗျာကို လူတိုင်းနှစ်သက်ခဲ့ကြတယ်။ ဒါကြောင့်လည်း အမှတ်တရ ဖော်ပြပေးပါမယ်။

ဘီးကုပ်လေး
ကောင်မလေး
ဘီးကုပ်ဆိုတာ…မင်းနဖူးပေါ်ကို
အနှောက်အယှက်ဖြစ်အောင် ကျလာမယ့်ဆံပင်တွေအတွက်
သန့်ရှင်းမှုကိုယ်စားပြု ပစ္စည်းလေးဆိုရင်…
ကိုယ်ဟာ…ဘီးကုပ်လေးဖြစ်ချင်တယ်။
ကောင်မလေး
ဘီးကုပ်ဆိုတာ…မင်းနဖူးလေးကို
အနာတရဖြစ်အောင် ထိခိုက်မယ့်အရာတွေအတွက်
ကာကွယ်မှုကိုယ်စားပြု ပစ္စည်းလေးဆိုရင်…
ကိုယ်ဟာ…ဘီးကုပ်လေးဖြစ်ချင်တယ်။
ကောင်မလေး
ဘီးကုပ်ဆိုတာ…မင်းနဖူးလေးကို
နေ့စဉ်နေ့တိုင်း ညင်သာစွာရှူရှိုက်နေတဲ့
အနမ်းကိုယ်စားပြု ပစ္စည်းလေးဆိုရင်…
ကိုယ်ဟာ…ဘီးကုပ်လေးဖြစ်ချင်တယ်။
ကောင်မလေး
ဘီးကုပ်ဆိုတာ…မင်းနဖူးလေးအတွက်
အမှန်တကယ်အသုံးမတည့်ပဲ အပျော်သဘောသက်သက်
အသုံးချခံပစ္စည်းလေးဆိုရင်လည်း…
ကိုယ်ဟာ…ဘီးကုပ်လေးတစ်ချောင်းပေါ့ကွယ်။ ။

ကျွန်တော်ရေးတဲ့ လွမ်းသူ့ရင်ခွင် ဆိုတဲ့ ကဗျာရှည်ကတော့ အဲ့ဒီအချိန် အဲ့ဒီကာလ တစ်နိုင်ငံလုံးက ဂျီတီစီကျောင်းသားတွေရဲ့ ခံစားချက်ကို ပုံဖော်နိုင်ခဲ့တယ်။ ဖတ်ပြီးပြီလားကဗျာစာအုပ်ကို ဖတ်ပြီးတဲ့သူတိုင်း၊ ဖတ်ဖူးတဲ့သူတိုင်းသိကြမှာပါ။ နောက်များ အလျင်းသင့်မှပဲ အဲ့ဒီ ကဗျာကို ဘလော့ဂ်စာမျက်နှာထက်မှာ တင်ပြပေးတော့မယ်။

အဲ့ဒီတုန်းက ဒုတိယနှစ် ဂျီတီအိုင်ပြီးလို့ ကွာလဖိုင်းဖြစ်မှ B-Tech တက်လို့ရတယ်။ B-Tech မှာကွာလဖိုင်းထက်ဖြစ်မှ BE တန်းတက်ပြီး BEဘွဲ့ရမှာ။ ကျွန်တော့်ကဗျာထဲက အတိုင်းပါပဲ။ သူငယ်ချင်းတွေ ပြုတ်ကျန်ခဲ့ကြတယ်။ ရေးဖော်ရေးဖက်၊ ကဲဖော်ကဲဖက် ရောင်းရင်းတွေ ဂျီတီအိုင်နဲ့ပဲ အဝေးသင်တက္ကသိုလ်ပြောင်းသွားကြရတယ်။ ဖတ်ပြီးပြီလား ဖန်တီးရှင် တစ်ချို့တောင် ကျောင်းပြောင်းသွားကြရတယ်ဗျာ။ ကျွန်တော်တို့ရွေးတဲ့ ထိုခရီးကား ဝေဝေဝါးဝါးပါပဲ။ အင်ဂျင်နီယာ ဖြစ်ချင်လွန်းလို့သာ တက်ခဲ့ရတာ။ တကယ်တော့ ကြိုးစားနိုင်မှ တော်ကာကျမယ့်ကျောင်းကိုးဗျ။

ကျွန်တော့်ရဲ့ ကဗျာရောင်းရင်းတွေ ကျွန်တော့်အပါးက ခွဲခွာသွားကြပြန်တော့ အားလျော့ဝမ်းနည်းစိတ်တွေနဲ့  ဆက်လျှောက်ခဲ့ရ ပြန်တယ်။ ဒါပေမယ့်လည်း ကျွန်တော်ကဗျာတွေ ဆက်ရေးဖြစ်တယ်။ တတိယနှစ်ကစပြီး ပညာရေးဘက် နဲနဲ အာရုံစိုက်ဖြစ်တယ်။ ပညာရေးဘက် အာရုံစိုက်လိုက်တော့ ကဗျာစာအုပ်ထုတ်တဲ့ဘက်ကို စိတ်မကူးနိုင်တော့ပြန်ဘူး။ နောက်ဆုံးနှစ် ကျောင်းပြီးတဲ့အထိ ဘယ်ကဗျာစာအုပ်မှာမှ ကျွန်တော် မရေးဖြစ်တော့ဘူး။ ကိုယ်ပိုင်ဒိုင်ယာရီလေးထဲမှာပဲ ကာရံတွေ ကာရံမဲ့တွေနဲ့ နှစ်ပါးသွားလေး က ဖြစ်တော့တယ်။

အခုဆို ကျွန်တော်လျှောက်ခဲ့ဖူးတဲ့ ကဗျာလမ်းမှာ ရင်ဘတ်ချင်းအတူတူ၊ ခံစားချက်ချင်းအတူတူ လက်တွဲခဲ့ဖူးတဲ့ သူငယ်ချင်းတွေဟာ တစ်ယောက်တစ်နေရာဆီရောက်ကုန်ကြပြီ။ တစ်ချို့ဆို ရေခြားမြေခြားတိုင်းတပါးမှာ။ တစ်ချို့လည်း ပြည်တွင်းက အဝေးတစ်နေရာမှာ ကျရာတာဝန်ထမ်းရင်း ဘဝလမ်းကို ဆက်လက်ချီတက်နေကြပြီ။
တစ်နေ့ အဲ့ဒီသူငယ်ချင်းတွေနဲ့ ပြန်ဆုံဖြစ်ရင် ဖတ်ပြီးပြီလား ၂ လို့ခေါင်းစဉ်တပ်ပြီး ထပ်ထုတ်ချင်ပါသေးတယ်။ တစ်ခုတော့ပြောချင်တယ်။ ကျွန်တော် စာတွေရေးနေပေမယ့် ကဗျာဟာ ကျွန်တော့်စာပေခရီးရဲ့ ပထမဘဝပါပဲ။ အခုထိလည်း ကဗျာတွေ စပ်နေဆဲ။ ရေးနေဆဲ။ ခံစားချက်တွေ တိုင်ပတ်နေဆဲပါပဲ။ 

ကျွန်တော့်ရဲ့ ရူးသွပ်ခြင်းတွေလို့ပဲဆိုဆို၊ ပေါကြောင်ကြောင်တွေလို့ပဲပြောပြော၊ ခံစားချက်တွေလို့ပဲထင်ထင်၊ ကျွန်တော်ရေးခဲ့ဖူးတဲ့ ကဗျာတွေကို အမှတ်တရဖတ်လို့ရအောင် နောက်ပိုစ့်တွေမှာ တင်ပေးလိုက်ပါမယ်။ သည်းခံပြီးသာ ဖတ်ကြပေရော့။ ဒီတစ်ခေါက်တာ့ ဒီမျှသာ။

အပါ
၁၈-၇-၂၀၁၂



Monday, July 16, 2012

နာမည်ဆန်းများနဲ့ တစ်ချိန်တုန်းကကျောင်းတော်


ကျွန်တော်တို့ တက္ကသိုလ်စတက်တော့ မိဘပေးတဲ့နာမည်အစား နာမည်အသစ်တွေ ကင်ပွန်းအတပ်ခံကြရတာ ထုံးစံ ဖြစ်လာတယ်။ ကောင်မလေးတွေကိုလည်း ဒီလိုပဲ နာမည်အသစ်တွေနဲ့ ကင်ပွန်းတပ်ပေးပြီး စကားဝှက်အဖြစ်သုံးခဲ့ကြတယ်။

ကောင်မလေးတွေကျတော့ သူတို့အပြုအမူနဲ့ စတိုင်ပေါ်မူတည်ပြီး ကျောင်းသားတွေသတိထားမိတဲ့ ဝေါဟာရနဲ့ နာမည်တပ်ပေးကြတယ်။

အင်္ဂလိပ်မတွေစောင်းလေ့ရှိတဲ့ ဦးထုပ်ကို စောင်းစောင်းလာတတ်တဲ့သူကို ဖော်ရိန်နာ လို့ခေါ်လိုက်ကြတယ်။ အင်္ကျီမှာ နက်ပ်တိုင်တပ်ပြီး ဝတ်လာတတ်တဲ့သူကိုတော့ ကြောင်လျှာသီးလို့ အမည်ပေးလိုက်တယ်။ ဆံပင်ပုံစံရော မျက်နှာလေးကပါ ဂျပန်မလေးနဲ့တူတဲ့တစ်ယောက်ကိုတော့ ဂျပန်မလို့ပဲ ခပ်ရိုးရိုးပေးထားလိုက်တယ်။

ကိုယ်လုံးကထွားရတဲ့အထဲ ဆံပင်ကို ကြက်ဆံမီးနှစ်ဘက်ကျစ်လာတတ်တဲ့သူကို ကာတွန်းထဲက ရှင်ဂွမ်းဂွိနဲ့တူလို့ ဂွိလို့ အတိုကောက်ခေါ်လိုက်ကြတယ်။ ပြီးတော့ သူ့နှာဖူးထက်မှာ အမြဲတမ်းဘီးကုပ်ရောင်စုံလေးတွေနဲ့ အလှပြင်လာတတ်တဲ့ ကောင်မလေးကိုတော့ ဘီးကုပ်လေးလို့ တင်စားခေါ်ကြတယ်။

တိရစ္ဆာန်နာမည်အပေးခံရတဲ့ ကောင်မလေးတွေရှိသေးတယ်။ မျက်နှာလေးတွေက အကောင်ရုပ်လေးတွေနဲ့ ဆင်လို့ ပေးလိုက်ကြတာ။ ကြွက်ကလေး၊ ဝက်ကလေး၊ ကြောင်၊ ယင်ကောင် စသည်ဖြင့်ပေါ့လေ။ ဒီကနေ့ထိလည်း အဲ့ဒီနာမည်တွေ အတိုင်းခေါ်ဝေါ်ပြောဆိုနေကြတုန်းပါပဲ။ စိတ်မဆိုးကြပါဘူး။ တစ်ချို့လည်း အိမ်ထောင်တွေတောင် ကျကုန်ပြီ။ ဒီနာမည်ကတော့ အတူတွဲလျက်ရှိနေဆဲ။

ကောင်မလေးတွေရဲ့ နာမည်တွေက သိပ်မဆိုးဝါးပေမယ့် ယောင်္ကျားလေးတွေရဲ့ နာမည်တွေကတော့ တစ်ခုမှ အကောင်းမရှိဘူး။

ရယ်တဲ့အခါ မြင်းလို ရယ်တတ်တဲ့ကောင်ကို မြင်းကြီး။ အသားမဲတူးနေတဲ့ကောင်ကတော့ ကျွဲကြီးပဲ။ ဘာလုပ်လုပ် နှေးကွေးလွန်းတဲ့ကောင်ကျတော့ လိပ်ကြီး။ မျက်နှာက ဖားပြုတ်နဲ့တူလို့ ဖားပြုတ်လို့အခေါ်ခံရတဲ့ကောင်လည်း ရှိတယ်။ ကောင်မလေးတွေနား တစာစာကပ်ပြီး လိုက်တတ်လို့ စာကလေးလို့ခေါ်တဲ့ကောင်လည်းရှိတယ်။ ဖဲကစားတိုင်း အမြဲရှုံးတဲ့သူက ဖွတ်ကြီးဖြစ်လာတယ်။ နားရွက်ကားတဲ့ကောင်က နဂါးဖြစ်လာပြီး၊ နဲနဲလေးမှ အငြိမ်မနေတတ်ပဲ လက်ဆော့တတ်တဲ့ကောင်က မျောက်ကြီးဖြစ်သွားတယ်။ 

စကားမပီတဲ့ကောင်တစ်ယောက်လည်းရှိတယ်။ ဒီကောင်က န နဲ့ င နဲ့ မကွဲဘူး။ ဒီကောင့်ကို စချင်နောက်ချင်ရင် အဆိုတော်အငဲကို ပြောကြည့်စမ်းဆိုရင် ဒီကောင်က အနဲလို့ပဲထွက်တယ်။ ဒါကြောင့် ဒီကောင့်နာမည် အနဲဖြစ်သွားတယ်။

ကျွန်တော်တို့သူငယ်ချင်းတွေထဲမှာ တောခွေးလို့အခေါ်ခံရတဲ့ကောင်လည်းရှိသလို စနိပ်လို့အခေါ်ခံရတဲ့ကောင်လည်း ရှိတယ်။ သူငယ်ချင်းမွတ်စလင်တွေလည်းပါတော့ သူတို့နာမည်တွေကိုလည်း ကြည့်ဦး။ ဘင်လာဒင်တို့ ကုလားလေးတို့ စသည်ဖြင့်အခေါ်ခံကြရတယ်။ တစ်ယောက်မှကတော့ စိတ်မဆိုးကြဘူး။ လှန်းခေါ်ရင်တောင် ဟေ့လို့ ပြန်ထူးကြသေးတာ။

ပြီးတော့ရှိသေးတယ်။ ဘောလုံးကန်ရင် အပြေးအရမ်းသန်တဲ့ကောင်ကို ကပ္ပလီလို့ခေါ်တယ်။ မျက်မှန်တပ်ထားတော့ လူရွှင်တော် အရိုင်းနဲ့တူနေလို့ အရိုင်းလို့ခေါ်ခံရတဲ့ကောင်ရှိသလို မင်းသားသျှားညိုနဲ့တူလို့ သျှားညိုလို့ခေါ်ရင်း သျှားကြီးအမည်တွင်သွားတဲ့ ကောင်လည်းရှိတယ်။

အီတလီက ဘောလုံးသမား တော့တီကို ခရေဇီဖြစ်လွန်းတဲ့ကောင်ကျတော့ သူ့နာမည် တော့တီဖြစ်သွားတယ်။ နဲနဲနွဲ့တဲ့ကောင်ကျတော့ နာမည်ရှေ့မှာ မိန်းကလေးနာမ်စား မိ ဆိုတာတပ်ခေါ်ရင်း မိကျော်လို့နာမည်တွင်သွားတဲ့ သူလည်းရှိသလို မမထိုက်လို့ နာမည်တွင်သွားတဲ့သူတွေလည်းရှိတယ်။

မြို့နာမည်ကို အစွဲပြုပြီးခေါ်ခံရတဲ့ သူငယ်ချင်းတွေလည်း ရှိသေးတယ်။ ကျောက်တန်းကလာတတ်တဲ့ ကျောင်းသားကို ကျောက်တန်းလို့ပဲ ခေါ်လိုက်ကြပြီး ခရမ်းကလာတတ်တဲ့ ကျောင်းသူကျတော့ မခရမ်းလို့ ခေါ်လိုက်ကြတယ်။ သုံးခွသူလေးကိုလည်း သုံးခွလို့ခေါ်လိုက်ပြန်တယ်။ မင်္ဂလာတောင်ညွန့်ကလာတတ်တဲ့ ကောင်ကျတော့ တွန့်ညောင်လို့ ခေါ်ကြပြန်တယ်။ 

တခါ နာမည်တွေမသိခင်က အတန်းထဲရောက်ရောက်ချင်း အလွယ်တကူ မှတ်လွယ် သိလွယ်လို့ ခေါ်လိုက်ကြတဲ့ နာမည်တွေကလည်း အခုထိ အဲ့ဒီအတိုင်း တွင်နေဆဲပါပဲ။ ပထမနှစ်မှာ စခေါ်ခဲ့ပေမယ့် နောက်ဆုံးနှစ်ပြီးတဲ့အထိ အဲ့ဒီအတိုင်း အခေါ်ခံခဲ့ရတဲ့ နာမည်တွေက ရိုးဝမ်း၊ ရိုးတူး၊ ရိုးသရီးဆိုတဲ့ကောင်တွေပါပဲ။

ကျွန်တော်တို့ ပထမနှစ်စတက်တဲ့အချိန်တုန်းက မြဝတီက တရုတ်သိုင်းကားတွေ အားကောင်းကောင်း ပြနေတဲ့ အချိန်မို့ တရုတ်သိုင်းကားထဲက နာမည်တွေကလည်း ကျွန်တော်တို့ သူငယ်ချင်းတွေကြား အခေါ်ခံခဲ့ရပါတယ်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကတော့ ပုကျင်းရင်ဆိုတဲ့ သိုင်းမင်းသားနဲ့တူလို့ သူ့နာမည် ပုကျင်းရင် ဖြစ်သွားတယ်။ ရုပ်နဲနဲဆိုးတဲ့ ကောင်မလေးကိုတော့ မေချောက်ဖုန်လို့ခေါ်လိုက်ကြတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ ပေါင်ချိန်တို့၊ ပါကျဲတို့၊ ယစ်ထုပ်ကြီးတို့ဆိုတာတွေလည်း ပေးခဲ့ကြသေးတယ်။

ကျွန်တော်နဲ့ ကဗျာရေးဖော်ရေးဖက် သူငယ်ချင်းတစ်ယောက်ကျတော့ အမြဲဂတုံးတုန်းထားလို့ သိတဲ့အတိုင်းပဲ သူ့နာမည် ဇာဂနာလို့တွင်သွားတာပေါ့။ ပြီးတော့ တက္ကသိုလ်ကျောင်းသားဘဝဆိုတာ ဖဲလောကနဲ့ ကင်းတာမှမဟုတ်ပဲ။ ဒီလိုဆိုတော့ ဖဲဝိုင်းတွေမှာ ရိုက်တိုင်းရှုံးတဲ့ကောင်ကို ရိုက်တိုင်းနိုင်တဲ့ကောင်တွေက အချဉ်ပဲဆိုပြီး နာမည်တွေပေးကြတယ်။ များများရှုံးသွားတဲ့ကောင်က အချဉ်ကြီးမို့ ကျွဲကောသီး၊ နဲနဲရှုံးသွားတဲ့ကောင်က အချဉ်လေးမို့ သံပုရာသီးလို့ အမည်သမုတ်လိုက်ကြတယ်။

ကျွန်တော်ရေးပြနေတဲ့ နာမည်တွေနဲ့လူတွေဟာ တကယ့်အပြင်လောကထဲမှာရှိနေတဲ့သူတွေပါ။ ယနေ့ ဘွဲ့တွေရပြီးကြလို့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖြန့်ကျက်ရောက်ရှိနေကြတဲ့သူတွေလည်း ပါပါတယ်။ ကျွန်တော့်အနီးမှာ ရှိနေကြဆဲ သူငယ်ချင်းတွေလည်းပါသလို ကျွန်တော်နဲ့ ကျောင်းပြီးသွားကတည်းက အဆက်အသွယ်ပြတ်သွားတဲ့ သူတွေလည်း ပါပါတယ်။

သူတို့နာမည်တွေချည်းပဲ ပြောပြနေလို့ ဘယ်ပြည့်စုံပါ့မလဲ။ ကျွန်တော့်ကိုလည်း သူတို့ဝိုင်းပေးထားတဲ့ နာမည် ပြောပြရဦးမယ်။ ကျွန်တော်က ကံကောင်းတာပဲလား၊ အတန်းခေါင်းဆောင်ဖြစ်နေလို့ပဲလားမသိဘူး။ တစ်ချို့က အီးစီလို့ခေါ်ကြတယ်။ ကိုအီးစီကြီးဆိုပြီးလည်း ခေါ်ကြတယ်။ ဒါက ကျွန်တော်တို့ မေဂျာကသူငယ်ချင်းတွေခေါ်တာ။ ဒါပေမယ့် နောက်ပိုင်း ကျွန်တော့်ကို တက္ကသိုလ်တစ်ခုလုံးက မေဂျာတူတွေရော၊ မေဂျာမတူတဲ့ သူတွေရော၊ ဆရာ၊ ဆရာမတွေရော၊ ကန်တင်းက ပိုင်ရှင်၊ စားပွဲထိုး၊ အဖျော်စရာတွေရော၊ ကျောင်းစောင့်တွေ၊ သန့်ရှင်းရေးတွေရော၊ ဖယ်လ်ရီဒရိုက်ဘာ၊ စပယ်ယာတွေရော အားလုံးသိတဲ့ နာမည်ကတော့ ဝင်းဦး ဆိုတာပါပဲ။

ကျောင်းစတက်တက်ချင်း အတန်းမစခင်အချိန်တွေမှာ ကျွန်တော်တို့ မေဂျာက သူငယ်ချင်းတွေ အခန်းဘေးက အုတ်ကန်ဘောင်တွေမှာထိုင်ရင်း ဂစ်တာတစ်လက်နဲ့ သီချင်းညည်းလေ့ရှိကြပါတယ်။ အဲ့ဒီအခါ ကျန်တဲ့သူတွေက ခေတ်ပေါ်တေးတွေဆိုကြပေမယ့် ကျွန်တော့်အလှည့်မှာတော့ ဆိုလိုက်မိတာက တိမ်လွှာမို့မို့လွင် ဖြစ်နေပါတယ်။ ပြာရီမှိုင်းကာ မို့မို့ ညို့ညို့ညိုလွင်…အစချီပြီးဆိုပြလိုက်တော့ အားလုံးကောင်းချီးဝိုင်းပေးကြတယ်။

နောက်နေ့တွေမှာ ကျွန်တော့်ကိုတွေ့တော့ ပြာရီမှိုင်းကာမို့မို့ကြီး လုပ်ပါဦးဆိုပြီး ပွဲတောင်းကြတယ်။ ဒီလိုနဲ့ ဝင်းဦးသီချင်းတွေ ဆိုပြရင်း နောက်ပိုင်း သူငယ်ချင်းတွေအားလုံးက လမ်းတွေ့ရင် ဝင်းဦးလို့ခေါ်လိုက်ကြတော့တယ်။

ကျွန်တော့်ကျမှ အကောင်းပြောတယ်ဖြစ်ဦးမယ်။ တကယ်ပြောတာပါ။ အဲ့ဒီ ဝင်းဦးဆိုတဲ့ နာမည် အခုထိ ကျောင်းမှာ ကျန်ခဲ့တယ်လို့ပြောရင် ယုံပါ့မလား။ မယုံမရှိနဲ့။ တစ်ချိန်ကတော့ သန်လျင် ဂျီတီစီပေါ့၊ အခုတော့ သန်လျင်နည်းပညာ တက္ကသိုလ်ပေါ့ အဲ့ဒီက ကန်တင်းတစ်ခုမှာ ကျွန်တော့်နာမည်နဲ့ ဟင်းတစ်ပွဲရှိနေပါတယ်။ မိတ်ဆွေတို့ အကြောင်းသင့်လို့ အဲ့ဒီ ကျောင်းထဲရောက်ခဲ့ရင် မှာစားလိုက်ပါ။ ကန်တင်းနာမည်က အင်ဖန်နတီ။ ဘာဟင်းလဲလို့ မပြောပြတော့ဘူး။ သိချင်ရင် ဝယ်စားလို့ပဲပြောလိုက်ချင်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ် သန်လျင်ဂျီတီစီ စတက်ကတည်းက ယခုတိုင် ပြန်တွေ့ရင် မှတ်မိနိုင်ကြတဲ့ နာမည်ဆန်းများပိုင်ရှင် သူငယ်ချင်းအားလုံးကို လွမ်းလျက်၊ တမ်းတလျက်၊ သတိတရ မှတ်မိသလောက် ပြန်လည်ဖော်ကျူးလိုက်ရပါသည်။ တစ်ချို့ကိုလည်း မေ့ကောင်းမေ့နေပါ၍ ဒီစာထဲမှာ မပါခဲ့သော်လည်း ရင်ထဲမှာ အစဉ်သတိရလျက်ပါ။ ဒီစာကို ဖတ်ရင်း သူငယ်ချင်းများ အားလုံး ကြည်နူးနိုင်ကြပါစေ။

အပါ
၁၇-၇-၂၀၁၂

Saturday, July 14, 2012

ပြောရဦးမယ် ဘလော့ဂါကြီးတို့ရေ…



ဒီရက်ပိုင်းတွေထဲ အပါတစ်ယောက် အလုပ်တွေရှုပ်နေတာပဲလား၊ အရှုပ်တွေလုပ်မိနေတာပဲလားတော့ မသိဘူး။ အားတယ်ကို မရှိဖြစ်နေတယ်။ မအားတော့ အွန်လိုင်းပေါ်လည်း မရောက်ဖြစ်ဘူးပေါ့။ အွန်လိုင်းပေါ်အရောက်ကျဲသွားတော့ မိတ်ဆွေ ဘလော့ဂါကြီးတွေရဲ့ စာကောင်းပေမွန်တွေနဲ့လည်း အလှန်းဝေးနေရတာပေါ့ဗျာ။ 

တကယ်တော့ အပါ အလုပ်များနေခြင်းရဲ့ အခြေခံအကြောင်းရင်းကတော့ လုပ်ချင်တာတွေများနေတာပါပဲ။ သိတဲ့အတိုင်း အပါက နာမည်နဲ့လိုက်အောင် နေရာတကာ ပါတတ်တယ်မဟုတ်လား။ ပါတတ်တယ်ဆိုတာကလည်း ပါချင်တိုင်းပါလို့ ရတာမှမဟုတ်ပဲ။ ပါခွင့်ရှိလို့၊ ပြောရရင် ပါနိုင်တဲ့အခွင့်အရေးရသူမို့ ပါနေရတာကိုးဗျ။

စင်ကာပူမှာနေတဲ့ သူငယ်ချင်းမိသားစုက ရန်ကုန်မှာ တိုက်ခန်းဝယ်ချင်တော့ အပါ့ပဲကိုယ်စားလှယ်လွှတ်တယ်လေ။ အပါက သူတို့ဝယ်ချင်တဲ့ တိုက်ခန်းတည်ရှိရာကို သွားကြည့်ပြီး အဆုံးအဖြတ်ပေးရတာပေါ့။ အပါ့ပါးစပ်က အိုကေဆိုပြီး မီးစိမ်းပြရင် သူတို့ဝယ်မယ်၊ အပါကသာ ခေါင်းခါရင် သူတို့မဝယ်ဘူး။ ဒီနည်းနဲ့ သူငယ်ချင်းမိသားစုအတွက် ကျောက်မြောင်းဘက်မှာ တိုက်ခန်းလှလှလေးတစ်ခု ဝယ်ဖြစ်သွားအောင် အပါတို့ ကူညီစောင်မပေးနိုင်ခဲ့တယ်။ 

အဲ့သလိုပဲ ရန်ကုန်မှာရှိတဲ့ သူငယ်ချင်းစုံတွဲက သူတို့မင်္ဂလာဆောင်အတွက် အပါ့ကို ကိုယ်စားလှယ်ခန့်ထားပြန်တယ်။ သူတို့ပရီဝယ်ဒင်ဓါတ်ပုံရိုက်တာကစလို့၊ ဖိတ်စာကိစ္စတွေ၊ စီစဉ်စရာကိစ္စတွေကို အပါနဲ့ တိုင်ပင်ကြတယ်။ အပါက တတ်နိုင်သမျှ အကြံဥာဏ်တွေပေးတာပေါ့။ လုပ်ပေးနိုင်တဲ့ အပိုင်းကို အပါတာဝန်ယူလုပ်ပေးရတယ်။ သူတို့သွားလေရာ အပါ့ကို ခေါ်တယ်။ ညစာစားပွဲ ကန်တော်ကြီးစောင်းက ရွာရယ်လ်ဂါးဒင်းမှာလုပ်ရင် အပါက ပရက်စန်တာလုပ်ပေးရဦးမယ်တဲ့။ သူတို့မင်္ဂလာဆောင်ပွဲက ၄ပွဲ။ ဆီဒိုးနားမှာစေ့စပ်ပွဲ၊ ဆယ်တောင်ပြည့် ဘုန်းကြီးကျောင်းမှာမင်္ဂလာဦးဆွမ်းကျွေးပွဲ၊ ထရိတ်ဒါးမှာဧည့်ခံပွဲ၊ ရွာရယ်လ်ဂါးဒန်းမှာညစာစားပွဲ အဲ့ဒီပွဲတွေကျင်းပဖို့က ၄လပဲလိုတော့တယ်။ သူတို့ပဲ စိတ်လှုပ်ရှားရတာ မဟုတ်ဘူး။ အပါလည်း စိတ်လှုပ်ရှားရတယ်။ အဲ့ဒီလို ပွဲတွေနဲ့ လက်ထပ်မင်္ဂလာကြီး တခမ်းတနား အထမြောက်သွားဖို့ ဘယ်လိုတွေ ရင်ဆိုင်ကျော်လွှားကြရဦးမလဲမသိသေးဘူး။ ပိုက်ဆံရှိ လူတန်းစားတွေရဲ့ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာဆောင်တွေဟာ ထောင့်စေ့အောင် စီစဉ်ဆောင်ရွက်နိုင်မှတော်ကာကြတာမဟုတ်လား။ 

ဒီကြားထဲ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေကြတဲ့ အပါ့ငယ်သူငယ်ချင်းတွေ၊ မိတ်ဆွေတွေက မြန်မာပြည်ပြန်လာပြီး မင်္ဂလာပြန်ဆောင်တိုင်း အပါ့ဆီ ဖုန်းဆက်အကူအညီတောင်းကြတယ်။ လုပ်ပါဦး။ ဝိုင်းကူပါဦးနဲ့။ အပါလည်း မင်္ဂလာဆောင်ကိုယ်စားလှယ်ကြီးလုံးလုံးကို ဖြစ်လို့။ ဒါတင်ဘယ်ကမလဲဗျာ။ ပြန်လာတဲ့သူတွေက သူတို့နဲ့အမိမြေက ရောင်းရင်းတွေ ဂဲလ်သားရင်းပွဲလုပ်ချင်တော့လည်း အပါ့ပဲ အော်ဂနိုက်ဇာခန့်ကြတယ်။ အပါက ဆော်သြရေးမှုးလည်း လုပ်ရသေးတယ်။ 

ဒါတင်ပဲလား မဟုတ်သေးဘူးခင်ဗျ။ ယူပြီးကြတဲ့ ဘော်ဒါတွေရဲ့ သားတွေသမီးတွေမွေးနေ့တွေအတွက်လည်း အပါ ပါရပြန်တယ်။ သူတို့ပွဲမှာ အပါမပါရင် ပျင်းစရာကောင်းလို့တဲ့။ အပါ ပါမှပွဲစည်တာတဲ့လေ။ အပါကလူရွှင်တော်လည်း လုပ်ရတယ်။ အပါနဲ့စကားပြောဖူးတဲ့သူတိုင်း ကောင်းကောင်းသိကြတယ်လေ အပါ့အာဝဇွန်းက ဘယ်လောက်ရွှင်တယ် ဆိုတာ။ တစ်ချို့ သူငယ်ချင်း အစ်မတွေကအစ သူတို့သားသမီးမွေးနေ့တွေမှာ ကလေးတွေပျော်အောင် အပါက ဂိမ်းမာစတာလုပ်ပေးဖို့ တောင်းဆိုကြပြန်သေးတယ်။ 

ဒီတော့ အပါ့မှာ အလုပ်တွေရှုပ်နေတာလား အရှုပ်တွေလုပ်နေတာလား မသိနိုင်အောင်ပါပဲ။ ပြန်စဉ်းစားကြည့်တော့ ဒီလိုတွေလုပ်ပေးနေရတာ၊ ဒီလိုတွေလုပ်စေချင်ကြတာ၊ ဒီလိုတွေလုပ်ဖို့အကူအညီတောင်းခံရတာတွေဟာ နည်းနည်းနောနော အဆင့်မဟုတ်ဘူးပဲ။ ကိုယ့်ကို ယုံကြည်လို့၊ ကိုယ့်ကိုစိတ်ချလို့၊ ကိုယ့်အရည်အချင်းကို သိလို့ပဲဖြစ်မှာပါလေဆိုပြီး ကုသိုလ်ဖြစ် ကူညီဖြစ်တယ်။ ကူညီရတာကိုပဲ ဂုဏ်ယူမိတယ်။ ပျော်တောင်ပျော်သေး။ ဝါသနာကိုကမသေးတာ။

အပါ့မှာ သူများအလုပ်တွေကြီးပဲလုပ်နေရတာလားလို့ မေးရင် မဟုတ်ပါဘူးလို့ဖြေချင်တယ်။ အပါ့အလုပ်တွေကလည်း အပါမှ မလုပ် ဘယ်သူလုပ်ပေးမှာလဲ။ အပါ့မှာ ဆေးဆိုင်ဖွင့်ရောင်းနေတော့ ကိုယ်ပဲပိုင်ရှင်၊ ကိုယ်ပဲဝန်ထမ်း၊ ကိုယ်ပဲအဝယ်တော်၊ ကိုယ်ပဲအရောင်းစာရေး။ အပါ့အဖေကြီးက ကူညီထိုင်ပေးရှာပါတယ်။ ဒါပေမယ့် လူကြီးဆိုတော့ ဆိုင်ထိုင်ပေးရုံကလွဲပြီး တခြားဘာလုပ်ပေးနိုင်မှာလဲ။ ပြီးတော့ ပိုခက်တာက အပါရောင်းနေတာ ကျန်းမာရေးအတွက် အသုံးပြုရတဲ့ ဆေးမျိုးစုံလေ။ အင်္ဂလိပ်ဆေး၊ တိုင်းရင်းဆေးနဲ့ ဆေးကိရိယာပစ္စည်းတွေဆိုတော့ အဖေကြီး ဘယ်နားလည်မှာလဲ။ ဒါပေမယ့် အပါအပြင်သွားတဲ့အခါ အဖေကြီးက မိတ်မပျက်ရအောင် ဆိုင်ဖွင့်ပေးထားပြီး ထိုင်ရောင်းပေးတယ်။ လင်ဇီးတို့၊ ပါရာစီတမောတို့ ဒီကိုဂျင် ဘိုင်အိုဂျပ်စစ်လောက်ကတော့ အဖေကြီးရောင်းတတ်တယ်။ တခြားဟာတွေလာဝယ်ရင် အဖေကြီး ချွေးပြန်တော့တာပဲ။ 

ဒီတော့ ကျွန်တော့်မှာ အားတဲ့အချိန်တွေဆို စာအုပ်တစ်အုပ်နဲ့ အဖေကြီးကို ဆေးအမျိုးအမည်တွေခွဲပေးပြီး နေရာပြထားရတယ်။ ရောင်းတတ်တာရောင်း၊ မရောင်းတတ်တာ မရောင်းနဲ့လို့လည်း မှာထားရတယ်။ အရင်က အရောင်းဝန်ထမ်း သူနာပြုဆရာမ နှစ်ယောက်ခန့်ထားတယ်။ တစ်ယောက်ကို ၄သောင်းပေးပြီး မနက်တစ်ယောက် ညနေတစ်ယောက် နှစ်ဆိုင်းခွဲပေးထားတာ။ ဝန်ထမ်းဆိုတဲ့ သဘောကလည်း သိတဲ့အတိုင်းပဲလေ။ ပိုင်ရှင်တွေ သဘောကောင်းရင် ကောင်းသလို အခွင့်အရေးယူကြတာမလား။ အချိန်တွေမတိကျချင်ဘူး။ ပြီးတော့ အဓိက ပြဿနာက လစာကိစ္စ။ အစိုးရက ဝန်ထမ်းတွေအားလုံးကို ၃သောင်းစီ အပိုဆောင်းပေးလိုက်တော့ သူတို့လှုပ်ရွလှုပ်ရွဖြစ်လာတယ်။ အပါက သူဌေးကြီးမဟုတ်ပါဘူး။ လေးနှစ်လေးမိုး တိုင်းတပါးမှာ နွားလိုရုန်း စက်ရုပ်လိုနေပြီး ချစ်တီးလိုစုဆောင်းခဲ့တာလေးနဲ့ အရင်းအနှီးလုပ် စီးပွားရှာနေသူပါ။ သူတို့ကို လစာမတိုးပေးနိုင်ဘူး။ နောက်ဆုံး အပါဆုံးဖြတ်ချက်ချလိုက်တယ်။ ဖြစ်ချင်ရာဖြစ်၊ ငါကိုယ်တိုင်ပဲလုပ်တော့မယ်၊ လစာမပေးရရင် ဝင်ငွေကာမိမှာပဲဆိုပြီး ကိုယ့်ကိုကိုယ်ခြေချုပ်ချ လုပ်ခဲ့တာ။ ဝန်ထမ်း၂ယောက်လုံးကို မထားတော့ဘူး။ 

အပါ့လုပ်ရပ်က မိသားစုတွေလည်း ပင်ပမ်းရတယ်။ အပါမို့ ကိစ္စရှိလို့အပြင်သွားရင် အဖေသော်လည်းကောင်း အမေသော်လည်းကောင်း ဆိုင်မှာ ငုပ်တုတ်ပေါ့။ ကံကောင်းတာလေးတစ်ခုတော့ရှိတယ်။ ဆိုင်ဆိုတာကလည်း အပါတို့မိသားစုပိုင် ဆိုင်ခန်းတွေထဲက တစ်ခုပဲဆိုတော့ အိမ်ရှေ့တင်ပဲလေ။ အဝေးကြီးမဟုတ်တော့ အဖေတလှည့် အမေတလှည့် ရံဖန်ရံခါ အပါ့ဦးလေးတွေ အဒေါ်တွေတလှည့် အရပ်ကူပါ လူဝိုင်းပါနဲ့ အပါ့ဆေးဆိုင်လေးကို ရပ်တည်နေခဲ့ရတာ။

အပါ့ကိုယ်ပိုင်အလုပ်ဆိုတော့ အပါစိတ်ချမ်းသာပါတယ်။ ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုဘူး။ ဘယ်သူ့ကိုမှလည်း ကြောက်စရာမလိုဘူး။ အပါလုပ်နိုင်ရင် လုပ်နိုင်သလောက် အကျိုးခံစားရမှာပဲ။ အပါ့အတွက် အလုပ်ပိတ်ရက်ဆိုတာ မရှိတော့ပေမယ့် အပါဟာ ထိန်းချုပ်ခံအလုပ်သမားတစ်ယောက်တော့ မဟုတ်တော့ဘူးပေါ့။ 

အပါ့မှာ အဲ့ဒီဆေးဆိုင်လုပ်ငန်းနဲ့အတူတွဲပြီး တခြားအလုပ်ကလည်း ရှိသေးတယ်။ အဲ့ဒါက စာရေး စာဖတ်အလုပ်ပဲ။ အပါ့အတွက်တော့ စိတ်ချမ်းသာစရာတွေထဲက တစ်ခုပါပဲ။ ကိုယ်ပိုင်အလုပ်လေးလည်း လုပ်ရင်း ဝါသနာပါတာလေးလည်း လုပ်ရင်း အပါ့ဘဝလေးကို ကျေနပ်ချင်စရာ ဖြစ်လာတယ်။ အပါ့မှာ စာရေးချိန်နဲ့ စာဖတ်ချိန်ကို တော်တော်လေး အသုံးပြုခွင့်ရလာတယ်။ အပါရေးသမျှ စာတွေကို အပါ့ဘလော့ဂ်စာမျက်နှာမှာ တင်သင့်တာတင်သလို၊ မဂ္ဂဇင်း ဂျာနယ်တိုက်တွေဆီလည်း ပို့သင့်တာ ပို့နိုင်ခဲ့တယ်။ တစ်ချို့ ဂျာနယ်တွေမှာ အပါ့ဆောင်းပါးလေးတွေပါလာခဲ့တယ်။ 

အပါက စာရေးနေရရင် စာဖတ်နေရရင် ပျော်နေတဲ့လူကိုးဗျ။ အပါ့စိတ်ထဲမှာ အမြဲတမ်းလိုလို စာတွေစီနေမိတယ်။ အပါ့ ပတ်ဝန်းကျင်မှာ အမြင်မတော်တာတွေ၊ အပါတို့ လူ့အသိုင်းအဝိုင်းကြားမှာရှိနေတဲ့ အဆင်မပြေမှုတွေ၊ အပါတို့နိုင်ငံရဲ့ ခေတ်သစ် စနစ်သစ် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ၊ အပါသိသမျှ အပါတတ်သမျှ အပါနားလည်သမျှ စာအဖုံဖုံရေးပြီး ပြည်သူ့အတွက် တင်ဆက်နေရတာကို အပါကျေနပ်တယ်။ အပါ့စာမူတွေကို အယ်ဒီတာချုပ်တွေက ရွေးသည်ဖြစ်စေ၊ မရွေးသည်ဖြစ်စေ အပါကတော့ ဆက်ရေးနေမှာပဲ။ အဲ့ဒါနဲ့ပတ်သက်ပြီး စာရေးဆရာကြီးလယ်တွင်းသားစောချစ်ကို စာရေးဆရာကြီး တက်တိုး ပြောခဲ့တဲ့စကားလေးကို အပါအမြဲတမ်းမှတ်မိနေခဲ့တယ်။ စာမူတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ပို့နေသော်လည်း အရွေးမခံရဖြစ်နေလို့ စိတ်ပျက်နေတဲ့ ဆရာကြီးလယ်တွင်းသားစောချစ်က ဆရာကြီးတက်တိုးနဲ့ ဆုံတော့ သူ့ခံစားချက်ကို ရင်ဖွင့်မိပါတယ်။ စာရေးဆရာဖြစ်ချင်လွန်းလို့ စာတွေရေးပြီး မဂ္ဂဇင်းတိုက်တွေဆီ ပေးပို့နေပေမယ့် အခုထိ တစ်ပုဒ်မှ ပါမလာသေးဘူးလို့ ပြောလိုက်တယ်။ ဒီတော့ ဆရာကြီးတက်တိုးက ပြောတယ်။ စာရေးဆရာဖြစ်ချင်ရင် စာရေးနေဖို့ပဲလိုတယ်တဲ့။ စာရေးနေရမှာက မင်းတာဝန်၊ စာမူတွေ အဆက်မပြတ်ပို့နေရမှာက မင်းတာဝန်၊ ရွေးတာမရွေးတာက သူတို့တာဝန်၊ ကိုယ်ဖြစ်ချင်တာ စာရေးဆရာဆိုရင် စာရေးဆရာဆိုတာ စာရေးနေရမှာပဲကွလို့ ပြန်ပြောခဲ့တာလေးကို အပါသတိအမြဲရပါတယ်။ 

အပါလည်း အဲ့ဒီအဆုံးအမထုံးနှလုံးမူလို့ စာတွေရေးတယ်။ ဆက်တိုက်ရေးတယ်။ ဂျာနယ်တိုက်တွေဆီပို့တယ်။ အဲ့သလို လုပ်နေတော့ အပါ့မှာ ဘာပြဿနာနဲ့ ကြုံရသလဲဆိုရင် အပါ့ဘလော့ဂ်မှာ စာတွေမတင်ဖြစ်တာပါပဲ။ အခုနောက်ပိုင်း အပါရေးလိုက်သမျှဟာ ဂျာနယ်တိုက်တွေဆီပဲ ဦးတည်ရောက်ရောက်သွားလို့ အပါ့မူလအရင်းအမြစ် ဘလော့ဂ်စာမျက်နှာထက် အသစ်မတင်နိုင်ပဲဖြစ်နေခဲ့တာပေါ့။ 

အပါရှက်ပါတယ်။ အပါသစ္စာဖောက်သလိုဖြစ်နေမိတယ်။ အသစ်မြင်လို့ အဟောင်းကိုစွန့်ပယ်တာလည်း မဟုတ်ပါဘူး။ အပါအထက်မှာ ရေးပြခဲ့သလိုပဲ၊ အပါဟာ အင်မတန်မှာ အလုပ်ရှုပ်နေတဲ့ကောင်ပါ။ ဒီတော့ အပါ့ခေါင်းထဲမှာ စာတစ်ပုဒ်ပေါ်လာတိုင်း ချရေးလိုက်တယ်။ ချရေးလိုက်တိုင်းလည်း အပါပထမဆုံးစဉ်းစားမိတာက ဘလော့ဂ်မှာ ပိုစ့်တင်ဖို့ပါ။ သို့သော် ရေးလိုက်တဲ့ အကြောင်းအရာက တော်တော်ရှည်သွားတဲ့အခါ နှမြောပြီး ဂျာနယ်တိုက်ဆီရောက်သွားတာပါပဲ။

တကယ်တော့ အပါ့အတွေးတွေဟာ ဘေးချော်နေသလားမသိပါဘူး။ ဘလော့ဂ်စာမျက်နှာနဲ့ မဂ္ဂဇင်း၊ ဂျာနယ် စာမျက်နှာ ဘာများကွာနေပါလိမ့်။ အမှန်အတိုင်းပြောရရင် ဘလော့ဂ်စာမျက်နှာဟာ လွတ်လပ်ပါတယ်။ ရေးချင်သလို ရေးလို့ရပါတယ်။ တွေးချင်သလိုတွေးပြီး ခံစားမိသလိုစာဖွဲ့လို့ရတဲ့နေရာ၊ ရင်ဖွင့်လို့ကောင်းတဲ့နေရာဖြစ်ပါတယ်။ ဘလော့ဂါအချင်းချင်း အပြန်အလှန်အားပေးကြ၊ ကွန်မန့်တွေပေးကြ၊ အကြံဥာဏ်တွေပေးကြနဲ့ အင်မတန်ပျော်စရာ ကောင်းတဲ့ အသိုက်အဝန်းတစ်ခုပါပဲ။ ဘလော့ဂါတစ်ယောက်ချင်းစီရဲ့ ခံစားချက်တွေ၊ အရေးအသားတွေကို ဖတ်ရှုပြီးတဲ့ အခါမှာလည်း ကိုယ့်ခံစားချက်နဲ့တိုက်ဆိုင်တာပဲဖြစ်စေ၊ ကိုယ်မသိသေးတဲ့အကြောင်းအရာကို သိလိုက်ရတာပဲဖြစ်စေ ချက်ချင်းဆိုသလို စာရေးသူ ဆောင်းပါးရှင် (သို့) ကဗျာဆရာကို နှစ်သက်ကြောင်း၊ ကြိုက်ကြောင်း၊ ဖတ်လို့ကောင်းကြောင်း၊ ခံစားရကြောင်း စတဲ့ အကြောင်းချင်းရာမျိုးစုံနဲ့ တုံ့ပြန်နိုင်ကြပါတယ်။

ဂျာနယ်တစ်စောင်မှာ ဆောင်းပါးတစ်ပုဒ်ပါလာပြီ ဆိုရင်တော့ နာမည်ကြီးဖို့ မကြီးဖို့ထက် မိမိရေးလိုက်တဲ့ စာအပေါ်မှာ တာဝန်ခံနိုင်မှုဆိုတာ ရှိရပါပြီ။ မိမိရဲ့ဆောင်းပါး သို့မဟုတ် ကဗျာ သို့မဟုတ် ကာတွန်းတစ်ပုဒ်ဟာ အများပြည်သူအကျိုးငှာ ကောင်းမွန်လက်ခံနိုင်သောအကြောင်းအရာဖြစ်ဖို့လည်း လိုပါတယ်။ ဒါ့အပြင် နိုင်ငံနဲ့ချီပြီး ဂျာနယ်တွေ ထုတ်လုပ်ဖြန့်ချိနေတာ ဖြစ်လို့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို အနှောင့်အယှက်ဖြစ်စေမယ့် စာတွေလည်း မဖြစ်ရပါဘူး။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ အရေးအကြီးဆုံးက ပုဂ္ဂိုလ်ရေးထိခိုက်ပျက်စီးစေမယ့်ဟာမျိုး၊ အဖွဲ့အစည်းတစ်ခုအပေါ် ပြစ်တင်ရှုံချရေးသားထားတာမျိုးတွေလည်း မဖြစ်ဖို့လိုပါတယ်။ ဒီထက်ပိုအရေးကြီးပြီး သတိထားရတာက တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေမယ့်အရေးအသားမျိုးဖြစ်ပါတယ်။ ဒီတော့ ဂျာနယ်တွေအတွက် စာမူတွေရေးတဲ့ အခါ မီဒီယာကျင့်ဝတ်ဟာ အရေးပါလာပါတယ်။ 

အဲ့ဒီမီဒီယာကျင့်ဝတ်နဲ့ပတ်သက်ပြီး စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာက တွဲလျက်ရှိနေပြန်ပါတယ်။ နေရာတကာမှာ အကန့်အသတ်အချုပ်အခြယ်တွေနဲ့ဆို လုပ်ရကိုင်ရ ပြောရဆိုရ ရေးရသားရတာတွေဟာ ဘောင်ထဲက ဖြစ်နေတဲ့အတွက် စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုပြီး တောင်းဆိုလာကြတာလည်းဖြစ်ပါတယ်။ ဒီကနေ့ အပါတို့ စာရေးနေကြတဲ့ ပြည်တွင်းဂျာနယ်တွေမှာ စာနယ်ဇင်းလွတ်လပ်ခွင့်ဟာ အပြည့်အဝမရရှိသေးပါဘူး။ ဒါပေမယ့် အပါတို့ရေးချင်တဲ့ အကြောင်းအရာ ပြောချင်တဲ့ကိစ္စတွေအတွက် လွတ်လပ်ပေါ့ပါးစွာ ပြောနိုင်ဆိုနိုင် ရေးနိုင်တဲ့နေရာက ဘလော့ဂ်စာမျက်နှာထက် မှာပဲဖြစ်ပါတယ်။ အပါတို့ ရေးချင်သလို ရေးလို့ရတယ်။ ဝေဖန်ချင်သလို ဝေဖန်လို့ရတယ်။ ဘယ်အဖွဲ့အစည်း၊ ဘယ်အစည်းအရုံး၊ ဘယ်လူကြီး၊ ဘယ်တရားရုံးကိုမှ ကြောက်စရာမလိုပါဘူး။ အပါတို့ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ဖန်တီးထားတဲ့ အပါတို့ဘလော့ဂ်တွေဟာ စာနယ်ဇင်းလွတ်လပ်ခွင့်အပြည့်ရကြပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ ပြည်တွင်းနိုင်ငံရေးအခြေအနေတွေအရ လူတိုင်း အင်တာနက်ဆိုတာကြီးကို လွတ်ကျရင် ကွဲသွားနိုင်တဲ့ဟာကြီးလားလို့ ထင်နေကြ တွေးနေကြရတုန်းအချိန်နဲ့ အခုအချိန်ကို နှိုင်းယှဉ်ကြည့်လိုက်ရင် လူတွေ အသိဥာဏ်ဖွင့်လာကြပြီ၊ ဗဟုသုတတွေရှိလာကြပြီ၊ ပိတ်နေတဲ့ နား မျက်စိတွေ ပွင့်လာကြပြီဆိုတာ သိသာပါတယ်။ ထို့ပြင် အားလုံး စာဖတ်ခြင်းကို ပိုပြီးလုပ်လာကြတယ်။ စာတွေဖတ်မှ အသိအမြင်ကြွယ်မယ်ဆိုတဲ့ သဘောတရားကို နားလည်လာကြပါပြီ။ ဒါ့ကြောင့် စာအုပ်တွေ၊ မဂ္ဂဇင်းတွေနဲ့ ဂျာနယ်တွေကို လူတိုင်းကိုင်ဖတ်လာကြသလို အင်တာနက်မှတဆင့် ဘလော့ဂါတို့ရဲ့ စာတွေကိုလည်း ဖတ်ရှုနိုင်လာကြပါပြီ။ 

သို့ပါ၍ အပါတို့ ဘလော့ဂါတွေအနေနဲ့ အရင်က လူနည်းစုစာဖတ်ပရိသတ်အတွက်လောက်သာ စဉ်းစားခဲ့ကြသော်လည်း ယခုအခါ စာဖတ်အားကောင်းလာသော လူများစုစာဖတ်ပရိသတ်တွေအတွက် မိမိတို့ရဲ့ စာတွေဟာ အကျိုးပြုစာအမျိုးအစားတွေဖြစ်ဖို့ အထူးဂရုစိုက်ကြစေချင်ပါတယ်။ မိမိတို့ရေးလိုက်တဲ့စာကို ဖတ်မိတဲ့ စာဖတ်ပရိသတ်တစ်ယောက်အတွက် ရသတစ်ခုကို ဖန်တီးပေးစွမ်းနိုင်ဖို့ ကြိုးစားရပါမယ်။ အပြုသဘောဆောင်တဲ့ ဘလော့ဂါရပ်ဝန်းကို အတူတကွတည်ဆောက်နိုင်ကြဖို့ တိုက်တွန်းလိုပါတယ်။

အပါစောစောက စကားပလ္လင်ခံခဲ့တယ်မလား။ နာမည်နဲ့လိုက်အောင် နေရာတကာပါတတ်ပါတယ်လို့။ အခုလည်း ကိုယ့်ထမင်းကိုယ်စားပြီး ဂျီးတော်နွားကျောင်းလိုက်ဦးမယ်။ အပါကိုယ်၌က မနေတတ်မထိုင်တတ်ဆိုတော့ သူများတွေအမြင်မှာ ဒီကောင်က ဆရာကြီးလုပ်ရအောင် ဘာကောင်လဲလို့မေးရင် အပါဟာ ဘာမှမဟုတ်တဲ့ အညတရစာရေးဝါသနာအိုးတစ်ယောက်ပါ။ စာရေးနေရရင် ပျော်နေတဲ့ကောင်၊ ကျေနပ်နေတဲ့ကောင်ပါ။ အခုလည်း အပါက စာရေးနေရရင် ပျော်နေလို့ ရေးမိရေးရာရေးချလိုက်တာ၊ အဆုံးသတ် ကိုယ်ဘာတွေရေးလိုက်သလဲပြန်ဖတ်မိတော့မှ အော်..အပါက ဘလော့ဂါရပ်ဝန်းကြီးကို လွတ်လပ်တိုင်း မလွတ်သွားရအောင် ပြောနေမိပါလားဆိုပြီး ကျေနပ်မိရပြန်ပါတယ်။ ကိုင်း…အပါစကားကြောရှည်နေတုန်း ဆေးဝယ်မယ့်သူလာလို့ ထရောင်းလိုက်ဦးမယ်။ အားလုံး နှာစေးခြင်း ကင်းဝေးကြပါစေ။ ။


အပါ
၁၄-၇-၂၀၁၂