Sunday, August 11, 2013

ကျွန်တော်အရပ်ပုတာ အစိုးရကြောင့်




            လွန်ခဲ့တဲ့လအတော်ကြာလောက်က အပတ်စဉ်ထုတ် ဒီလှိုင်းဂျာနယ်တစ်စောင်မှာ ဦးဇင်းတစ်ပါးက လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးပို့ခဲ့တာလေး ဖတ်လိုက်ရသည်။ ပထမတော့ ပြုံးချင်စရာလေးပါ။ နောက် တကယ့်ကို ခံစားချက်နဲ့ ရေးထားတာမှန်းသိလိုက်ရချိန် ကျွန်တော် အရမ်းသဘောကျသွားသည်။ ထိုဦးဇင်းက ကျုပ်တို့ အရပ်ပုရတာ အစိုးရကြောင့်တဲ့။ ရုတ်တရက် ဖတ်လိုက်ရတာ တစ်မျိုးကြီး ဖြစ်သွားသည်။ ဟင်…ဘာမဆိုင် ညာမဆိုင် သူ့ဟာသူ အရပ်ပုတာ အစိုးရနဲ့ ဘာဆိုင်လို့လဲပေါ့။ သူ့မိဘ မျိုးရိုး ဗီဇတွေ၊ ဂျင်းတွေကြောင့်လေလို့ တွေးမိပါသည်။ ဒါပေမယ့် စာရေးတဲ့သူ ဦးဇင်းကပဲ ဒီအကြောင်းကို ဆက်ရှင်းသွားပါသည်။

            အစိုးရကြောင့် သူအရပ်ပုရတာပါတဲ့။ ဘာကြောင့်လည်းဆိုရင် အစိုးရရဲ့ စနစ်မဟုတ်လို့ပါတဲ့။ အဲ့ဒီအထိ ကျွန်တော် နားမလည်သေးဘူး။ ရယ်ချင်တာပဲ သိသည်။ သူအရပ်ပုတာကို ရေးကြီးခွင်ကျယ်လုပ်ပြီး အစိုးရကြောင့် စနစ်ကြောင့်ဆိုပြီး ဒီမိုကရေစီ ဆန်ဆန် ဟစ်လိုက်တာ ရယ်ချင်မိသည်။ ဟ ဘာလဲဟ ဆိုပြီး ဆက်ဖတ်ကြည့်သည်။

            မြန်မာပြည်ကို အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေ သူတို့ကောင်းစားဖို့ပဲ တွေးပြီး အလုပ်လုပ်ခဲ့ကြလို့ သူအရပ်ပုရတာပါလို့ ထပ်ပြောပြန်သည်။ ပြီးတော့မှ တကယ်တော့ အုပ်ချုပ်မင်းလုပ်တဲ့ သူတွေဟာ အနာဂတ်ကို ရေရှည်မျှော်မှန်းပြီး စီမံကိန်းတွေချ လုပ်ကိုင်ရမှာပေါ့တဲ့။ ကလေးသူငယ်ဖွံဖြိုးရေးအစီအစဉ်တွေ ရေးဆွဲပြီး ကလေးသူငယ်တွေရဲ့ ကျန်းမာရေး ပညာရေး စတာတွေကို အထောက်အကူပြု ပံ့ပိုးရမှာတဲ့။ အခုတော့ အုပ်ချုပ်ပုံ နည်းစနစ်မကျတော့ ကျေးလက်နေ လူဆင်းရဲတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေရှားပါး၊ လုပ်စရာမရှိတော့ ကလေးတွေနင်းကန်မွေး၊ စားစရာမရှိတော့ ကျောင်းထားဖို့ဆိုတာ ဝေးရော။ ဒီတော့ ကျောင်းမနေရတော့ ပညာကမတတ်၊ ပညာမတတ်တော့ အသိဥာဏ်က မဖွင့်။ အသိဥာဏ်မဖွင့်တော့ စဉ်းစာဆင်ခြင်တုံတရားမရှိ။ အဲ့ဒီတော့ ကိုယ်မွေးထားတဲ့ ကလေးတွေကို ဘယ်လို ပြုစုပျိုးထောင်ပေးရမယ်ဆိုတာ နားမလည် ဖြစ်ခဲ့ကြရတယ်တဲ့။

            ဒီလှိုင်းဆောင်းပါးရှင် ဦးဇင်းကဆက်ပြောသည်။ အဲ့ဒီလို ပညာမသင်ခဲ့ရတဲ့ အလုပ်အကိုင် မယ်မယ်ရရမရှိတဲ့ မိဘနှစ်ပါးကနေ သူ့ကိုမွေးလာတော့ နို့မှုန့်ကောင်းကောင်းလည်း မတိုက်နိုင်၊ ခန္ဓာကိုယ် ဖွံဖြိုးစေမယ့် အားဆေးတွေဆိုတာ ဘာမှန်းတောင် မသိတဲ့ ကျေးလက်နေမိဘတွေဟာ သူ့လို ကလေးတစ်ယောက်ကို ဒီတိုင်းပဲ ပစ်ထားခဲ့ပါတယ်တဲ့။ တကယ်တော့ အစိုးရဟာ အနာဂတ်ရဲ့ ပန်းကလေးတွေဖြစ်တဲ့ ကလေးလေးတွေကို ပြုစုပျိုးထောင်ပေးရမှာပါ။ စီမံချက်တွေနဲ့ မဖြစ်မနေ ဆောင်ရွက်ပေးရမှာပါ။ မိဘဝင်ငွေမရှိလို့ ကျောင်းမတက်နိုင်တဲ့ ကလေးလေးတွေကို အခမဲ့ ပညာရေးတွေလုပ်ပြီး စာသင်ခန်းတွေထဲ ပို့ပေးရမှာပါ။ အခုတော့ အဲ့ဒီလိုတွေ မရှိတော့ ကျုပ်ကိုလည်း မိဘတွေက ဒီလိုပဲ ပစ်ထားလိုက်တာ ကျုပ်အရပ်မထွက်ပဲ ပုနေခဲ့တာပါပဲဗျာလို့ ဦးဇင်းက ရေးပြသွားပါသည်။ နောက် ရှေးမြန်မာမင်းတွေလက်ထပ်က တုတ်တုတ်ခိုင်ခိုင် ပေါင်မှာ ဆေးမှင်ကြောင်တွေ ထိုးပြီး သန်မာထွားကျိုင်းတဲ့ မြန်မာ အမျိုးသားကြီးတွေရဲ့ ပုံကို မြင်ရင် အရမ်းအားကျပြီး ဝမ်းနည်းမိတဲ့အကြောင်းလည်း ထည့်ရေးထားပါသည်။

            ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို အဲ့ဒီလို အဖြစ်မျိုးတွေကို အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးဖို့နဲ့ တစ်ချိန်က မြန်မာတွေက ငပုလို့ခေါ်ခဲ့တဲ့ ဂျပန်တွေဟာ အစိုးရလုပ်သူတွေရဲ့ စီမံခန့်ခွဲမှုအားကောင်းကောင်း၊ စောင့်ရှောက်မှု အားကောင်းကောင်းနဲ့ ပြည်သူပြည်သားတွေအတွက် ထည့်သွင်းစဉ်းစားပြီး လုပ်ကိုင်ပေးခဲ့လို့ သူတို့ ဂျပန်ပြည်မှာ ကလေးသူငယ်ဖွံဖြိုးရေးလုပ်ငန်းတွေ၊ မိခင်နဲ့ကလေးစောင့်ရှောက်ရေးလုပ်ငန်းတွေ ထိထိရောက်ရောက်ဖြစ်ခဲ့ကာ ယနေ့ သူတို့ကို ဂျပန်ငပုလို့ ခေါ်ခဲ့တဲ့ ကျုပ်တို့မြန်မာတွေကို ပြန်ငုံ့ကြည့်ပြီး ငပုလို့ပြန်ခေါ်နေတာ ရင်နာစရာကောင်းပါတယ်လို့ တင်ပြသွားပါသည်။

ဒါက အရင်ခေတ်တုန်းက အခြေအနေကို ပြောတာဖြစ်မှာပါ။ အခုခေတ်မှာတော့ မူလတန်းကျောင်းတွေမှာ အခမဲ့နွားနို့တွေ အဟာရဖြစ်တိုက်ကျွေးနေပါပြီ။ ပြီးတော့ မီဒီယာပိုင်းကလည်း အရင်နဲ့မတူတော့ဘူး။ ကျယ်ပြန့်လာပြီ။ ပုဂ္ဂလိက အသံလွှင့်ရုံတွေလည်းပေါလာပြီ။ သတင်းစာ၊ ဂျာနယ်တွေလည်းများလာပြီ။ ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေကို နေရာပေါင်းစုံကနေသိလာကြရပြီ။ ဒီဘက်ခေတ်မိဘများအတွက် ကိုယ့်ရင်သွေးငယ်များကို ဘယ်လိုပြုစုပျိုးထောင်သင့်တယ် ဆိုတဲ့ အသိပညာပေးအစီအစဉ်တွေလည်း ပြုလုပ်လာကြပါပြီ။

အဲ့ဒီဆောင်းပါးလေးဖတ်ပြီး ကျွန်တော်လည်း အရပ်ပုလို့ ခံစားခဲ့ရဖူးတဲ့ဖြစ်ရပ်လေးတစ်ခု ပြန်စဉ်းစားမိသည်။ ဖြစ်ပုံက လွန်ခဲ့တဲ့ ၁၄နှစ် ကျွန်တော်တို့ ကိုးတန်းကျောင်းသားဘဝက အဖြစ်ကလေးပါ။ အဲ့ဒီကာလတွေက ပြည်ထောင်စုနေ့ဆိုရင် ရန်ကုန်မြို့တော်ခန်းမမှာ သိမ်းထားတဲ့ ပြည်ထောင်စုအလံကြီးကို ဖေဖော်ဝါရီ ၈ ရက်နေ့လောက်ဆို ထုတ်ပြီး ရန်ကုန်တိုင်း ခရိုင်လေးခုကို ပြည်ထောင်စုလှေကြီးနဲ့ ပတ်ပြီး အလေးပြုခံထွက်ကြပါသည်။ အဲ့လို ထွက်တဲ့အခါ ပြည်ထောင်စုလှေကြီးပေါ်မှာ တိုင်းရင်းသားစုံတွဲတွေကလိုက်ကြသည်။ နောက်က ဂျစ်ကားတွေပေါ်မှာ ကျောင်းသားကျောင်းသူတွေက ဝန်းရံ လိုက်ကြ ရသည်။

ထို့ကြောင့် ကျွန်တော်တို့ အထက (၁)ဒဂုံက အမြဲတမ်းလိုလို ကျောင်းသား ၁၄ယောက်ပေးရသည်။ အထက (၂)လသာ မိန်းကလေးကျောင်းက ကျောင်းသူ ၁၄ယောက်ပေးရသည်။ အဲ့ဒီလိုကျောင်းသားကျောင်းသူတွေ ပေးနိုင်ဖို့ ကျောင်းတွေက ရွေးကြသည်။ ဒဂုံ (၁)မှာ လူရွေးပွဲလုပ်တော့ ကျွန်တော်က ကိုးတန်း(E) မှာ အဝါအသင်း ခေါင်းဆောင်လည်းဖြစ်၊ ကျောင်းကောင်စီဝင်လည်း ဖြစ်၊ ပြီးတော့ အတန်းပိုင်ဆရာမ chemistry သင်တဲ့ ဒေါ်မြင့်မြင့်ချို ကလည်း ကျွန်တော့်ကို ချစ်ဆိုတော့ E ခန်းကိုယ်စားပြုရွေးလွှတ်လိုက်ပါသည်။ E ခန်းက မှတ်မိသလောက် ကျွန်တော်၊ ကျော်ရဲလွင် (အခုအမေရိကားမှာ အလုပ်လုပ်နေသူ)နဲ့ ကျွန်တော့်ငယ်ပေါင်းကြီး ကျော်စွာလှိုင် (ယခု ဗန်မော်မှာ ဆေးတပ်တာဝန်ခံ ဗိုလ်ကြီးဒေါက်တာဖြစ်နေသူ) တို့ ဖြစ်ကြသည်။ ကျွန်တော့်အရင်းအနှီးဆုံး ငယ်သူငယ်ချင်းတွေဖြစ်တဲ့ ကျော်လင်းထက် (အခုBusiness Manager ဖြစ်နေ) ရယ်၊ ဖြိုးကျော်သက် (အမေရိကားမှာ ဆရာဝန်လုပ်နေ) ရယ်က ကိုးတန်း L ခန်းကနေ အရွေးခံကြရသည်။

ကျွန်တော်တို့ ဟောခန်းထဲမှာ တန်းစီရပ်ကြရသည်။ ကျောင်းအုပ်ဆရာကြီးဦးကျော်ကျော်ရယ်၊ ကိုးတန်းအတန်းမှုး Eco ဒေါ်ယဉ်ယဉ်မြင့်ရယ်က ရွေးသည်။ အဲ့တုန်းက ဆယ်တန်းကျောင်းသားတွေကို စာမေးပွဲနဲ့မို့ ကိုးတန်းကျောင်းသားတွေကိုပဲ အမြဲရွေးသည်။ ပြီးရင် အဲ့ဒီအရွေးခံရတဲ့ ကျောင်းသားကျောင်းသူတွေက ပြည်ထောင်စု အလံတော် သယ်ယူရေးအဖွဲ့နဲ့ တောက်လျှောက်လေ့ကျင့်ခန်းလုပ်တဲ့ အချိန်ကစပြီး ပြည်ထောင်စုနေ့ပြီးတဲ့အထိ ကန့်သွင်းနေထိုင်ကြရသည်။ မှော်ဘီရောက် မှော်ဘီမှာအိပ်၊ သန်လျင်ရောက် သန်လျင်မှာအိပ်ကြရသည်။ တစ်ချို့ လည်း အဲ့ဒီခရီးစဉ်မှာပဲ လသာ ၂ ကကောင်မလေးတွေနဲ့ ရည်းစားဖြစ်သွားကြတာ ဒုနဲ့ဒေးပါပဲ။ ပြောရရင်တော့ အဆင့်မြင့်မြင့်ပါပဲ။ နိုင်ငံတော်ကပေးတဲ့ချစ်သူလို့တောင် အမည်တပ်ရမလို ဖြစ်ခဲ့သည်။

အဲ့သလိုလူရွေးတဲ့အခါ အခန်းပေါင်းစုံက စလက်ရှင်တွေကြီးပဲ လွှတ်လိုက်ကြတာလေ။ ပေါက်ကရ လူလွှတ်လို့ ဘယ်ရမလဲ။ ကျောင်းပါ သိက္ခာကျသွားမှာပေါ့။ အဲ့ဒီတော့ လူကိုသေချာစိစစ်ကြတာပေါ့။ ကျွန်တော်တို့အားလုံး မတ်တပ်ရပ် သတိဆွဲထားကြရသည်။ ဆရာကြီးနဲ့ အတန်းမှုးတို့က သေချာကြည့်ပြီး အတန်းမှုးက ဟိုတစ်ယောက်က အရပ်ပုနေတယ် မဖြစ်ဘူး။ ကျန်တဲ့လူတွေထက် ခေါင်းတစ်လုံး အောက်ကျနေတယ်၊ ကိုယ့်အတန်းကိုယ်ပြန်တော့လို့ ပြောလိုက်သည်။ အဲ့ဒီလိုပြောခံလိုက်ရတဲ့သူက တခြားသူမဟုတ်ဘူး။ ကျွန်တော်ပဲ။ ဒီတော့ ဟို ဦးဇင်းပြောသလို ပြောရရင်တော့ ကျွန်တော် အရပ်ပုလို့ အပယ်ခံရတာ အစိုးရကြောင့်ပေါ့လို့ ခပ်ကျယ်ကျယ်လေး အော်ပြောလိုက်ချင်ပါတော့သည်။

ထို့ကြောင့် ဒီဘက်ခေတ်ကလေးတွေ ကောင်းသောအစိုးရကြောင့် အရပ်အမောင်းကောင်းကြပါစေလို့ ဆုတောင်းလိုက်ပါသည်။ ။

ခုန်တိုက်ခဲ့ဖူးသော တိမ်စိုင်များအကြောင်း (၂)




            ၂၀၀၈ မေ ၂ရက်နေ့ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ပါသည်။ သတင်းတွေထဲက ကြည့်ပြီး စိတ်မကောင်းဖြစ်ရသည်။ ကျွန်တော့်ရန်ကုန်က အိမ်ကို ဖုန်းဆက်ဖို့ ကြိုးစားသော်လည်း ဖုန်းလိုင်းများ၊ ဓါတ်အားလိုင်းများ ပြတ်တောက်သွား၍ မိသားစုနဲ့ ဘယ်လိုမှ အဆက်အသွယ်မရခဲ့ပါဘူး။ ကျွန်တော်တို့ သူငယ်ချင်းများအားလုံး နာဂစ်သတင်းကို စင်ကာပူသတင်းတွေ၊ အင်တာနက်တွေပေါ်ကနေ အဆက်မပြတ် နားစွင့် နေခဲ့ကြရုံမှအပ ဘာမှ မတတ်နိုင်။ သို့သော် ကျွန်တော့်သူငယ်ချင်း ဇာနည်ထက်ကတော့ သူတို့ကုမ္ပဏီက သဘောင်္ဆယ်တဲ့ ကုမ္ပဏီမို့ အဲ့ဒီအချိန် ဂျပန်က သင်္ဘောကြီး တစ်စင်း မုတ္တမပင်လယ်ကွေ့နား သောင်တင် သွားလို့ သင်္ဘောဆယ်ယူရေးလုပ်ကြဖို့ အကြောင်းဖန်လာခဲ့သည်။ ဇာနည်ထက်က အထုပ်အပိုးပြင်ပြီး ချက်ချင်းပဲ သူတို့ (Smit International) ကုမ္ပဏီအလုပ်ကိစ္စနဲ့ ပြည်တော်ပြန် ဝင်ခွင့်ရသွားသည်။ ဒီတော့မှ ဇာနည်ထက်နဲ့ ရန်ကုန်က မိသားစုများဆီ သတင်းမေးလိုက်ရတော့သည်။

            စင်ကာပူသတင်းစာများမှာ ပါလာတဲ့ပုံတွေ စာတွေကို ကြည့်ရင်း ဖတ်ရင်း အားမလို အားမရတွေလည်း ဖြစ်ရသည်။ ကြေကွဲဖွယ် ဖြစ်ရပ်ဆိုးကြီးကို ရင်နာစရာတွေ့နေခဲ့ရသည်။ မြစ်ဝကျွန်းပေါ်က ကျွန်တော်တို့ ပြည်သူတွေ ဘယ်လောက်များ ဒုက္ခရောက်နေကြမလဲလို့ တွေးရင်းပင် စို့နစ်ရပါသည်။ မေလကုန်မှာ ကျွန်တော်တို့ Queenstown Community ရဲ့ Toastmaster ပုံမှန်အစည်းဝေးရှိနေသည်။ တိုက်တိုက် ဆိုင်ဆိုင် အဲ့ဒီအချိန်တုန်းက QTMC (Queenstown ToastMaster Club) အလုပ်အမှုဆောင်အဖွဲ့ရဲ့ ပညာရေးတာဝန်ခံ (vice president-education) ဖြစ်တဲ့ Ms. Joann Koo က ဖုန်းဆက်လာသည်။ ဒီတစ်ခေါက်လည်း ကျွန်တော့်ကို နောက်ထပ် level 7 project တစ်ခုလုပ်ဖို့ ပြောသည်။ သူစီစဉ်ထားတဲ့ တစ်ယောက်က အလုပ်ကိစ္စနဲ့ oversea ထွက်ရမှာမို့ ကျွန်တော့်ကို အစားထိုးလေသည်။ ကျွန်တော်က တလောလေးကမှ Level 6 ငြိမ်းချမ်းရေးနိုဗယ်ဆုအကြောင်း ခုန်တိုက်ခဲ့ဖူးသောတိမ်စိုင်များအကြောင်း (၁) ပြောခဲ့ပြီးပြီမို့ တစ်လတောင်မခြားသေးဖူး ထပ်ပြီး အလုပ်များဦးမှာကို တွေးပူမိသွားသည်။ ပရောဂျက်တစ်ခုလုပ်မယ် ဟောပြောရမယ်ဆိုရင် ပြောရမယ့်အကြောင်းအရာနဲ့ ပတ်သက်ပြီး data ကောက်ရတာဟာ အာရုံနောက်စရာကောင်းသလို အများရှေ့မှာ အင်္ဂလိပ်လို ပြောနိုင်ဖို့ လေ့ကျင့်ယူရတာကလည်း အချိန်ပေး ကျက်မှတ်ရသေးသည်။ သူများတွေလို အကြောင်းအရာ ခေါင်းထဲထည့်ပြီး လက်တန်းပြောနိုင်တဲ့ အဆင့်မရောက်သေးတော့ အများကြီး အပင်ပန်းခံရသည်။ အောက်လိုင်းထုတ်ရသည်။ ကျက်ရသည်။ စင်မြင့်မကြောက်တော့ပေမယ့် on the stage မှာ အလွတ်ပြောရမှာမို့ အထေ့အငေါ့ မရှိအောင် ကြိုတင်ပြင်ဆင်မှု လုပ်ရသည်။ Ms Joann Koo က အတင်းတိုက်တွန်းလာ၍ ကျွန်တော်လည်း မငြင်းသာတဲ့အဆုံး လက်ခံလိုက်ရသည်။

            ဒီတခါ level 7 က action ဦးစားပေးရမယ့် အဆင့်ဖြစ်လာသည်။ ပရိသတ်တွေရှေ့မှာ ဟန်နဲ့ပန်နဲ့ ကိုယ်ပြောတဲ့ အကြောင်းအရာအပေါ် သရုပ်ဆောင်ရင်း ပြောပြရမယ့်အဆင့်ဖြစ်သည်။ မလွယ်တော့ မလွယ်ပါ။ ဒါပေမယ့် ကျွန်တော်က လုပ်ပါမယ်လို့ ဂတိပေးခဲ့ပြီးပြီ။ Joann ကကျွန်တော့်ဆီ ဖုန်းထပ်ဆက်သည်။ လိုအပ်တဲ့အကူအညီတောင်းပါ။ သူပေးမယ်၊ ဘယ်အကြောင်းအရာမျိုးပဲဖြစ်ဖြစ် အချက်အလက်တွေ သူရှာဖွေ စုဆောင်းပေးပါမယ်လို့ ပြောလာသည်။ သူ့လိုပဲ ဥက္ကဌဟောင်း တစ်ဦးဖြစ်တဲ့ Ms.Eng Zee Lin က သူလည်းကူညီမယ်လို့ ပြောသည်။ ကျွန်တော်လည်း ဘာအကြောင်းပြောရမယ် ဆိုတာ လုံးဝ မစဉ်းစားရသေးပေ။

            တစ်ရက် ကျွန်တော်ရုံးရောက်တော့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ Sue Cheng ဆိုတဲ့အမျိုးသမီးကို ကျွန်တော့်အခက်အခဲ ပြောပြဖြစ်သည်။ သူနဲ့ကျွန်တော်က ဘေးချင်းကပ်ထိုင်ကြတာဆိုတော့ အလုပ်လုပ်ရင်း စကားပြောနေကြဖြစ်သည်။ ဒီတော့ စုချိန်းက ကျွန်တော့်ကို နင်တို့မြန်မာပြည်က နာဂစ်အကြောင်းပြောပါလားလို့ အကြံပေးသည်။ ရုတ်တရက်စဉ်းစားမိရင် ဒီလောက်ကြေကွဲစရာ အဖြစ်ဆိုးကြီးအကြောင်း ကျွန်တော် ဘယ်လို ပြောထွက်ပါ့မလဲ။ ပြီးတော့ သိတဲ့အတိုင်း ပြောတဲ့ အကြောင်းအရာပေါ်မှာ action ပါလုပ်ရမှာဆိုတော့ တော်တော် မလွယ်တဲ့အချက်ပဲလို့ ထင်လိုက်သည်။

            စုချိန်း (Sue Cheng) က ဆိုင်ကလုန်းနာဂစ်ဟာ လတ်တလော ပေါ်ပြူလာဖြစ်နေတာမို့ နင့်အနေနဲ့ ရွေးပြီး ပြောပြနိုင်မယ်ဆိုရင် ပြီးတော့ ကိုယ့်နိုင်ငံက အဖြစ်အပျက်အပေါ် အဝေးကနေ ဘယ်လောက်စိုးရိမ် ပူပန်နေရတယ်၊ နေမထိ ထိုင်မသာ ဖြစ်နေရတယ် ဆိုတာတွေကို နင် ကောင်းကောင်းကြီး action လုပ်ပြလို့ရတာပေါ့ဟု ပြောရင်း ကျွန်တော့်အတွက် သူလည်း ဝိုင်းကူပေးမယ်လို့ဆိုလာပါသည်။ ကျွန်တော် စုချိန်းပြောတာကြားတော့ အသိကလေး ပွင့်သွားသည်။ ဟုတ်တယ်။ ဒီအကြောင်းအရာကို ရွေးခြယ်ခဲ့ရင် လူစိတ်ဝင်စားမယ်လို့ ယုံကြည်လိုက်သည်။

            အဲ့ဒီအချိန်ကစလို့ ကျွန်တော်သည် အချက်အလက် စုဆောင်းရေးများ လုပ်တော့သည်။ ရုံးက စင်ကာပူ Straight Time သတင်းစာတွေက မြန်မာ့နာဂစ်အကြောင်း ရေးသားထားတာတွေကို ဖတ်ပြီး အချက်အလက်ထုတ်ရသည်။ TodayNews သတင်းစာတွေကို အဟောင်းတွေပြန်လိုက်ရှာပြီး အဲ့ဒီထဲက အရေးအသားတွေကို ရှာဖွေရသည်။ တစ်ချို့ dictionary ထဲမှ ရှာမရသော ကျွန်တော်မသိသော စကားစုများကို အဓိပ္ပါယ်ကောင်းကောင်းသိနိုင်ရန် စုချိန်းကိုမေးမြန်းရသည်။ သူမက ကျွန်တော့်ထက် အင်္ဂလိပ်စာပိုကောင်းတယ်မဟုတ်လား။ ဒီလိုနဲ့ အချက်အလက်ပြည့်စုံလောက်တဲ့အခါ အပြောကျင့်ရပြန်သည်။ အလုပ်မှာဆို နေ့ခင်း ထမင်းစားချိန်ပြီးတာနဲ့ တစ်ကိုယ်တော် အပြောကျင့်လုပ်ငန်းစဉ် စတင်သည်။ တစ်ခါတစ်ရံ GM ကြီးက လာလာနားထောင်လို့ ရှက်ပြီး ဆက်မကျင့်ဖြစ်တော့ပေ။ အိမ်မှာဆိုလည်း ကျွန်တော်စုဆောင်းထားသော သတင်းစာထုပ်ကြီး မှာမနည်းမနောပင်။

            အစည်းအဝေးကျင်းပတဲ့နေ့က ကျွန်တော် ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေအပြည့်ဖြစ်နေသည်။ အရင်တခေါက်ကလို ရင်တွေ တဒိတ်ဒိတ် မခုန်တော့ပေ။ အခမ်းအနားမှုးက ထုံးစံအတိုင်း ကျွန်တော့် အကြောင်းနိဒ္ဒါန်းပျိုးပြီး စင်ပေါ် ဖိတ်လိုက် ပါသည်။ ဒီကနေ့ ကျွန်တော့်ကို Evaluation လုပ်မယ့်သူက ကျွန်တော်တို့ Queenstown Toastmaster ရဲ့ Founder လည်းဖြစ်၊ ပထမဆုံးဥက္ကဌလည်း ဖြစ်ခဲ့တဲ့ Mr.Oak Sing Tong ဆိုသူဖြစ်သည်။ ပွဲမစခင်မှာ ဘယ်သူက ဝေဖန်ရေးလုပ်မယ်ဆိုတာ ကြိုအကြောင်းကြားထား၍ Sing Tong နဲ့ကျွန်တော် စကားပြောဖြစ်ကြသည်။ သူက ကျွန်တော်ပြောမယ့် script ကိုမိတ္တူ တောင်းသည်။ ကြိုဖတ်ထားချင်တယ်ဆို၍ ကျွန်တော်ပေးလိုက်သည်။

            ကျွန်တော်ပြောမယ့် ခေါင်းစဉ်က Please Help (ကျေးဇူးပြု၍ကူညီပါ) ဖြစ်သည်။ စစချင်း သင်္ကြန်အကြောင်းကို စတင်ပြောပြသည်။ ရိုးရာသင်္ကြန်ပွဲကို နှစ်စဉ် မြန်မာတွေ ဘယ်လိုဆင်နွှဲတယ်ဆိုတာ ပရိသတ်ကို တဝါးဝါးဖြစ်အောင် ကျွန်တော် ဂစ်တာတီးပြ၊ ခွက်စောင်းခုပ်ပုံလုပ်ပြ၊ ရေပိုက်နဲ့ရေပက်ပုံလုပ်ပြ၊ အများစုသိထားတဲ့ ထိုင်းက ဆုန်ခရမ်သင်္ကြန်နဲ့ ဆင်တူပဲဆိုတာရှင်းပြနဲ့ ကိုယ်ကို ယိမ်းလိုက် နွဲ့လိုက်နဲ့ ပြောလည်းပြော သရုပ်လည်းဆောင်ပြတော့ အောက်ကပရိသတ် မြူးနေကြသည်။ အဲ့ဒီလို အချိန်မှာ ကျွန်တော်က After the happy water festival, 2 week later, one giant dragon who has killed a lot of people came out from the sea လို့အစချီပြီး နာဂစ်ဆိုင်ကလုန်း မြန်မာပြည်ကို စတင်ဝင်ရောက်ခဲ့ပုံကို ခံစားချက်အပြည့်နဲ့ ပြောပြလိုက်သည်။ ပြီးတော့ ပရိသတ်နဲ့ communication ပိုင်းအရ မေးခွန်းလည်း မေးခဲ့ရသေးသည်။ ငါဘယ်လောက်ထိ စိုးရိမ်ခဲ့ရတယ်၊ ခံစားနေရတယ်ဆိုတာ မင်းတို့သိရဲ့လားလို့ မေးခွန်းမေးလိုက်ချိန်မှာ ခန်းမတစ်ခုလုံး ငြိမ်သက်ပြီး နားထောင်နေကြတော့သည်။ ကျွန်တော်က အမေ့ဆီကို ဖုန်းဆက်တဲ့အခါ ဖုန်းလိုင်းမမိတမိနဲ့ သတင်းမေးဖြစ်ပုံ ကိုလည်း သူတို့ကို သရုပ်ဆောင်ပြခဲ့သေးသည်။
            ကျွန်တော်က ရင်ထဲကခံစားချက်အတိုင်း လက်တွေ့အဖြစ်အပျက်အပေါ် သဏ္ဍာန်လုပ် သရုပ်တူအောင် သရုပ်ဆောင်ြ ပရင်း ပရိသတ်အားလုံးရဲ့ ရင်ကို စွဲကိုင်လှုပ်နိုင်ခဲ့ပါသည်။ နောက်ဆုံးတော့ ဒီလိုအခြေအနေမျိုးမှာ ငါတို့နိုင်ငံဟာ နိုင်ငံတကာ အကူအညီတွေ အများကြီးလိုအပ်နေတဲ့ အကြောင်းပြောပြလိုက်ပြီး ခန်းမထဲမှာ ရှိနေတဲ့ လူတွေအားလုံးကလည်း မြန်မာ ပြည်သူတွေရဲ့ ခံစားနေရတဲ့ ဒုက္ခတွေကို စာနာနားလည်ပေးပြီး တတ်နိုင်သလောက် ကူညီပေးကြပါလို့ပြောရင်း အဆုံးသတ်လိုက်ပါသည်။

            တကယ်တော့ ကျွန်တော် ဒီနာဂစ်အကြောင်းပြောခြင်းသည် အလှူခံရန် ရည်ရွယ်ချက်မရှိပါ။ အလှူငွေရလိုစိတ်နဲ့ ပြောခဲ့တာလည်း မဟုတ်ပါ။ သဘောရိုးနဲ့ စင်ကာပူ NGO တွေမှာ ပါဝင်ကူညီပေးကြဖို့ သူ့နိုင်ငံသားတွေကို အသိပေးလိုက်တဲ့ သဘောလောက်သာ ဖြစ်သည်။ ကျွန်တော့်ဝေဖန်ရေးဆရာ Mr Oak Sing Tong ကကျွန်တော်ပြောသွားတဲ့ speech အသွားအလာအရ ပထမဆုံး သင်္ကြန်အကြောင်းပြောရင်း ပျော်စရာတစ်ခုကို ဖန်တီးပြသွားကြောင်း၊ ပြီးမှ ဧရာမနဂါးကြီးတစ်ကောင် ပင်လယ်ထဲကထွက်လာပြီး လူတွေကို ဝါးမျိုသွားတဲ့အကြောင်းပြောသွားသဖြင့် ပရိသတ်ကို ရုတ်တရက် ခံစားချက်ပြောင်းလဲပစ်စေခဲ့ကြောင်း၊ အမေနဲ့ဖုန်းပြောတဲ့အကြောင်း သရုပ်ဆောင်ပြသွားတာကလည်း ရင်ကိုထိပါကြောင်း၊ ဒါပေမယ့် တစ်ချို့စကားလုံးများ မသဲကွဲကြောင်း၊ စကားလုံးအသံထွက်များ မပီပြင်ကြောင်း၊ ပရိသတ်ကို ဝမ်းနည်းစေချင်လို့သုံးတဲ့ စကားလုံးဟာ အသံထွက် အမှားကြောင့် ဝမ်းမနည်းလိုက်ရပဲ ပြီးသွားခဲ့ကြောင်း၊ တစ်ချို့မှာ အကြောင်းအရာကို စိတ်ဝင်စားမှုထက် speaker ရဲ့ action ကိုသာ ကြည့်ပြီး စိတ်ဝင်စားနေခဲ့ကြတာဖြစ်ကြောင်း၊ ဒီထက်ပိုပြီး စကားလုံးများ ပီပြင်အောင်၊ ပရိုနာမ်ဇေးရှင်းကောင်းအောင် ကြိုးစားလိုက်မယ်ဆိုရင် အတိုင်းအတာတစ်ခုထိ အောင်မြင်နိုင်မှာ ဖြစ်ကြောင်း ဝေဖန်ပြောကြားသွားပါသည်။

            Oak Sing Tong ဟာတကယ့် သဘာရင့် ဝါရင့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သလို သူ့ရဲ့ ဝေဖန်အကြံပြုချက်များဟာ မှတ်သားလောက်ပါသည်။ အသေးစိတ်ဆန်ပြီး Speaker တစ်ယောက်ထဲကိုပဲ လေ့လာနေခြင်းမျိုးမလုပ်ပဲ audience တွေရဲ့အခြေအနေကိုပါ ရိပ်ဖမ်းနိုင်ခဲ့ပြီး ခြုံငုံသုံးသပ်ပြသွားတာ အရမ်းကောင်းပါသည်။ ဒါကြောင့်လည်း ဆုပေးတော့ the best speaker ဆုကို တစ်ခြားတစ်ယောက်က ရရှိသွားကာ the best evaluator ဆုကို Sing Tong ကရရှိသွားသည်။ အခမ်းအနားပြီးတော့ Sing Tong ကဦးဆောင်ပြီး အစည်းအဝေးတက်ရောက်လာသူများထံမှ အလှူငွေ ကောက်ခံပေးကာ ကျွန်တော့်အား ပေးအပ်ခဲ့သည်။ ကျွန်တော်က ခင်ဗျားတို့ဆီက အလှူခံတာ မဟုတ်ဘူးလို့ပြောပြီး ငြင်းပေမယ့် အားလုံးက မြန်မာပြည်မှာ ဒုက္ခရောက်နေတဲ့ မင်းတို့မိသားစုအတွက်ပါ လက်ခံပေးပါလို့ ဆိုလာတဲ့အတွက် လက်ခံယူခဲ့ရသည်။ စုစုပေါင်း စင်ကာပူဒေါ်လာ ၁ထောင်ကျော်ရရှိခဲ့သည်။
            နောက်နေ့ ကျွန်တော် မြန်မာပလာဇာမှာ ဖွင့်ထားတဲ့ နာဂစ်အကူအညီပေးရေးအလှူခံဌာနမှာ ဒေါ်လာ ၅၀၀ သွားလှူလိုက်ပါသည်။ ကျန်တဲ့ပိုက်ဆံတွေကိုတော့ ရန်ကုန်မှာ အိမ်ခေါင်မိုးသွပ်တွေ၊ သံတွေ အဆမတန်ဈေးနဲ့ ဝယ်ပြီး ပြန်လည်ပြုပြင်လုပ်နေရတဲ့ ကျွန်တော့်မိသားစုထံ ပို့ပေးလိုက်ပါသည်။

            အမေ…အဲ့ဒါ သားချွေးနဲစာအစစ်ပါလို့ ဖုန်းထဲကပြောရင်း ဘယ်လိုမှ မဖော်ပြတတ်သောခံစားချက်က ရင်ထဲမှာ နေရာယူထားလိုက်သည်။ ဒီ ပရောဂျက်အတွက် ချွေးတွေပြန်ခဲ့ရ၊ စိတ်မောလူမောနဲ့ ပင်ပမ်းခဲ့ရသမျှ ပင်ပမ်းရကျိုးနပ်တယ်လို့ပဲ ပြောရမလား၊ စင်ကာပူလို နေရာမှာ စကားလေးပြော ဝမ်းနည်းချင်ယောင်ဆောင်ပြီး အလှူခံတောင်းလိုက်သလို ဖြစ်သွားမလား၊ တကယ်ဒုက္ခရောက်နေတဲ့ လူတွေအတွက် ဒေါ်လာ၅၀၀ လှူပြီး တစ်တောင့် တစ်နေရာကနေ အကူအညီ ပေးနိုင်ခဲ့တယ်လို့ပဲ ယူဆရမလား ဘာမှန်းမသိတဲ့အရာတစ်ခု ရင်ထဲမှာ ခံစားခဲ့ရပါတော့သည်။ ။

ခုန်တိုက်ခဲ့ဖူးသောတိမ်စိုင်များအကြောင်း (၁)



           

            ကျွန်တော်ခန်းမထဲရောက်တော့ အားလုံးက စိတ်ဝင်တစားမေးကြသည်။ ဘယ်လိုလဲ အဆင်သင့်ဖြစ်ပြီလားဆိုတဲ့   are you ready to speak? တွေ ထပ်ကာတလဲလဲ ကြားနေရသည်။ ကျွန်တော်ကလည်း ဟုတ်ကဲ့ ကျွန်တော် အဆင်သင့်ပါပဲ လို့ပြန်ဖြေဖြစ်သည်။ သို့သော် ရင်တွေတော့ တဒိတ်ဒိတ် ခုန်နေဆဲ။ ခြေဖျား လက်ဖျားတွေ အေးနေခဲ့သည်။ ကျွန်တော့်အတွက် သတ်မှတ်ထားတဲ့ ထိုင်ခုံနေရာမှာ ဝင်ထိုင်လိုက်ပြီး အစီအစဉ် အာဂျန်ဒါစာရွက်ကို ဖတ်ကြည့်မိလိုက်တော့ ပထမဆုံးပြောရမယ့် speaker က ကျွန်တော်ဖြစ်နေသည်။

            ကျွန်တော်ပြောရမယ့်နေရာကတော့ စင်ကာပူနိုင်ငံ Queenstown Community Club ရဲ့ အစည်းအဝေး ခန်းမထဲမှာ ဖြစ်သည်။ Toastmaster International Division D, Area 1 ရဲ့ ပုံမှန် အစည်းအဝေး ကျင်းပချိန်ဖြစ်သည်။ သုံးပတ်တစ်ကြိမ် ပြုလုပ်သော ပုံမှန် အစည်းအဝေးပွဲတိုင်းမှာ Speaker ၃ယောက် (သို့) ၄ယောက်က အမြဲတမ်းပြောရသည်။ level ၁၀ခုရှိသည်။ level 5 အထိက အခြေခံသဘောဖြစ်ပြီး ကိုယ်ပြောချင်တဲ့ topic ကို အချိန်အကန့်အသတ်အတွင်း အမှားနည်းစွာ ပြောနိုင်ရပါမည်။ level 6 ကနေစပြီး အဆင့်မြင့်သွားပြီဖြစ်သည်။ မိန့်ခွန်း ပြောတဲ့အခါ eye communication, body communication တွေပါ အသုံးပြု ပြောရတော့မှာဖြစ်သည်။ ကျွန်တော် ထိုနေ့ ပြောရမယ့်အဆင့်က level 6.

            ထို Toastmaster ဆိုတဲ့ အဖွဲ့အစည်းသည် ရည်ရွယ်ချက်ကောင်းကောင်းဖြင့် တည်ရှိသော ကမ္ဘာလုံးဆိုင်ရာ international အဖွဲ့အစည်းဖြစ်သည်။ စင်မြင့်ပေါ်ကနေ ပြောရဲဟောရဲအောင်၊ လူမှုရေး၊ စီးပွားရေး နယ်ပယ်မှာ ပေါင်းသင်း ဆက်ဆံရေးလိုအပ်ချက်များ လွယ်ကူချောမွေ့စေရန်၊ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများမှာ အများနဲ့အတူ ရင်ဘောင်တန်း လုပ်ကိုင်ဆောင်ရွက်နိုင်ရန်၊ အဖွဲ့အစည်းတစ်ခုရဲ့ အကြီးအကဲ၊ အုပ်ချုပ်ရေးခေါင်းဆောင်များဖြစ်လာတဲ့အခါ မလွဲမသွေ ရင်ဆိုင်ရမယ့် အစည်းအဝေးပွဲများမှာ မိန့်ခွန်းပြောတတ်ရန် စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားပြီး အစည်းအဝေးပွဲများ၊ Area Concert, Division Concert ထိုမှတဆင့် Country Concert, Region Concert တွေနဲ့ နောက်ဆုံး International Concert အထိ ကျင်းပပြီး စကားပြော စင်မြင့်ကို တွင်တွင် ကျယ်ကျယ် အသုံးပြုလုပ်ကိုင်ရမည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ နိုင်ငံရေးသမားများကို The Best Speaker များအဖြစ် မွေးထုတ်ပေးသော အဖွဲ့အစည်းဖြစ်သည်။

            ထိုအဖွဲ့အစည်းထဲသို့ ကျွန်တော်သည် ၂၀၀၇ ခုနှစ် အောက်တိုဘာလတွင် စတင်ပို့ဆောင်ခြင်းခံခဲ့ရသည်။ ပို့ဆောင်ပေးသူမှာ ကျွန်တော့် ပထမဆုံးအလုပ်မှ General Manager Ms Linda Lim ဖြစ်သည်။ GM ကြီးသည် သဘော အလွန်ကောင်းသည်။ ပညာလည်းတတ်သည်။ လူတစ်ယောက်ကို မည်ကဲ့သို့ အသုံးချရမည်ကို သိသည်။ ထို့ကြောင့်လည်း ကျွန်တော့်ကို ထိုအဖွဲ့အစည်းထဲ ဆွဲသွင်းပြီး လေ့ကျင့်ခိုင်းခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် သူ့ကုမ္ပဏီ၌ Export Department ရဲ့ Technical Sale Coordinator အဖြစ်အလုပ်လုပ်နေသောကြောင့်ဖြစ်သည်။ ကျွန်တော် ကိုင်တွယ် ရသော အပိုင်း၌ အာဆီယံနိုင်ငံတစ်ချို့၊ ဟောင်ကောင်၊တရုတ်၊အိန္ဒိယနှင့် ဥရောပနိုင်ငံ ၅နိုင်ငံနီးပါးလောက် ပါဝင်ရာ communication သည်လွန်စွာ အရေးပါမှန်း သဘောပေါက်ပါသည်။ အလုပ်စဝင်ကာစက တယ်လီဖုန်းလာရင်တောင် မကိုင်ရဲပဲ၊ မတတ်သာလို့ ကိုင်ရရင်တောင် ဘာပြောရမှန်းမသိဖြစ်နေတဲ့ အခြေအနေတစ်ရပ်မှ ရုန်းထွက်လွန်မြောက်နိုင်ရန် GM ကြီးရဲ့ အမျှော်အမြင်နဲ့ ကျွန်တော်သည် Toastmaster Club သို့ရောက်ခဲ့ရပါသည်။

            ကျွန်တော် စတင်ရောက်ရှိတဲ့နေ့မှာပဲ မိတ်ဆက်ပွဲလုပ်ကြသည်။ ကျွန်တော်နဲ့အတူ မရှေးမနှောင်းရောက်လာကြသူ ၄ ယောက်လည်းတွေ့ရသည်။ သူတို့က စင်ကာပူလူမျိုးသုံးဦးနဲ့ အိန္ဒိယနိုင်ငံသားတစ်ဦးဖြစ်သည်။ စင်ကာပူ ၃ယောက်က မစ္စတာခိုဝင်တန် (Coan Tan)၊ မစ္စ မလိစာဝမ် (Millisa Wong) နဲ့ မစ္စရှီလာ (Sheller) တို့ဖြစ်ပြီး ကျန်တစ်ယောက်က အိန္ဒိယလူမျိုး မစ္စတာဆာရီဏီ (Serieni) တို့ဖြစ်ကြသည်။ အားလုံးအတူတူ တစ်နေ့တည်း အသင်းဝင်များအဖြစ် မှတ်တမ်းတင်ပေးကြပြီး နောက်တစ်ရက် အခမ်းအနားဖြင့် ကြိုဆိုပွဲလုပ်ကာ အသင်းဝင်ဂုဏ်ပြုလွှာများ ပေးအပ်ကြသည်။ သိပ်မကြာခင်မှာပဲ SpeechCraft ဆိုတဲ့ Program တစ်ခုကို ကျွန်တော်တို့စတင်တက်ရောက်ကြရသည်။ အဲ့ဒီမှာတုန်းက ကျွန်တော်က အင်္ဂလိပ်စကားကို ခွေးအ ကြီးလှည်းနင်းသလို အိအား အုအားဖြစ်နေချိန်မို့ သင်တန်းတစ်လျှောက် တော်တော်လုံးပန်းခဲ့ရသည်။ အဲယားကွန်းခန်းမကြီးထဲ ကျွန်တော်တစ်ယောက်ထဲ ချွေးတွေပြန်နေခဲ့ရသည်။ တစ်ယောက်ယောက်နဲ့ စကားပြောဖို့ ကျွန်တော်လန့်သည်။ ဒါကိုလည်း သူတို့ကသိသည်။ ကျွန်တော့်ကို အတင်းဆွဲခေါ်ကြသည်။ စကားတွေလာပြောကြသည်။ ကျွန်တော်နှုတ်လျှာသွက်အောင် သူတို့အစွမ်းကုန် ပြုလုပ်ကြသည်။

            ထိုအချိန်က ကျွန်တော်တို့ Queenstown Toastmaster အလုပ်အမှုဆောင် (Executive Committee)ရဲ့ ဥက္ကဌ (President) က မစ္စမင်ဒီဒင်း ( Mrs Mindy Ding ) ဖြစ်ပြီး ကျွန်တော်နေတဲ့အိမ်နဲ့ သူတို့အိမ်က နီးသည်။ ထို့ကြောင့် အစည်းအဝေးရှိတဲ့နေ့တိုင်း သူတို့လင်မယားနဲ့ အမြဲလိုက်ဖြစ်သည်။ သူ့ယောက်ျား ရစ်ချက်တန် (Richard Tan) ကလည်း သဘောကောင်းပြီး ပျော်တတ်သည်။ ကျွန်တော့်ကို မိတ်ဆွေတစ်ယောက်လိုပဲ ဆက်ဆံသည်။ ပြီးတော့ ကျွန်တော်လွန်စွာ သဘောကျ အားကျရသည့် ပုဂ္ဂိုလ်ကတော့ မစ္စတာ ဘားနက်ဂမ်း (Mr Bernad Gun) ဆိုသူဖြစ်သည်။ Bernad က Vice President (membership) ဖြစ်သည်။ သူစကားပြောပုံ ပရိသတ်ကို ဆွဲခေါ်နိုင်ပုံတွေဟာ အတုယူစရာကောင်းသည်။ ကျွန်တော့် GM -Ms Linda က EC အဖွဲ့မှာ Sergent-At-Arm (မြန်မာလိုပြောရရင်တော့ ရုံးအဖွဲ့မှုးလို့ပြောရမှာပဲ) တာဝန်ယူထားသူဖြစ်သည်။ ထို့ကြောင့် ကျွန်တော့် GM ရဲ့အလုပ်ဆိုတော့ လိုက်လုပ်ပေးရသည်။ တခါတရံ သူ မအားတဲ့အခါ၊ ကုမ္ပဏီကိစ္စတွေ အလုပ်ရှုပ်နေတဲ့အခါ ကျွန်တော့်ကိုပဲ သူ့တာဝန်တွေ ပေးပြီး လုပ်ခိုင်းတတ်ပါသည်။ ထို့ကြောင့်လည်း နောက်တစ်ကြိမ် ၂၀၀၈ ခုနှစ်အတွက် New Executive Committee ပြန်ဖွဲ့တော့ ကျွန်တော့်ကို SAA (Sergent-At-Arm) ရာထူးအတွက် အသင့်တော်ဆုံးပဲဆိုပြီး ရွေးချယ်တင်မြှောက်လိုက်ကြပါသည်။

            ၂၀၀၈ ခုနှစ် Executive Committee မှာမျိုးဆက်သစ်တွေကို နေရာပေးခဲ့ကြသည်။ ကျွန်တော်နဲ့အတူ တစ်သုတ်တည်း အသင်းဝင်ဖြစ်ခဲ့ကြသူအားလုံး EC အဖွဲ့မှာ ပါဝင်လာကြသည်။ ခိုဝင်(Coan) က Vice President 2-Education ဖြစ်လာပြီး ဘားနက်(Bernad)က Vice President 1- Education အဖြစ်ပူးတွဲတာဝန်ယူကြသည်။ မလိစာ(Millisa) နဲ့ ဆာရီဏီ(Serieni) တို့က Vice President- Membership နဲ့ Vice President-Public Relationship အဖြစ်တာဝန် ယူခဲ့ကြသည်။ ရှီလာ(Sheller) က ဘဏ္ဍာရေးမှုးဖြစ်လာခဲ့သည်။ ကျွန်တော်တို့ရဲ့ President အဖြစ် ဝါရင့် သဘာရင့် ဆရာမကြီး Rose Ho ကဦးဆောင်ခဲ့သည်။ ကျွန်တော်တို့ အလုပ်အမှုဆောင်အဖွဲ့လက်ထက်မှာ Concert တွေအများဆုံး ကျင်းပနိုင်ခဲ့သလို Queenstown ဆယ်နှစ်ပြည့် အခမ်းအနားလည်း အောင်မြင်စွာကျင်းပပေးနိုင်ခဲ့သည်။

            ဆယ်နှစ်ပြည့် အခမ်းအနားဆိုလို့ တစ်ခုသွားသတိရသည်။ အဲ့ဒီပွဲမှာ အားလုံးကကျွန်တော့်ကို သီချင်းတစ်ပုဒ်နဲ့ သီဆိုဖျော်ဖြေပေးဖို့ ပြောကြသည်။ ဒါနဲ့ ကျွန်တော်လည်း သူတို့အားလုံးသိလောက်မယ့် ဝိုင်ဝိုင်းရဲ့ ဖြေသိမ့်လိုက် သီချင်းကိုသီဆိုပြလိုက်ပါသည်။ ဝိုင်ဝိုင်းသံစဉ်များမှာ တရုတ်သံစဉ်များဖြစ်၍ သူတို့အားလုံး စည်းချက်ကောင်းကောင်း လိုက်နိုင်ခဲ့ကြသည်။ ဒါပေမယ့် ပွဲအပြီးမှာတော့ ဥက္ကဌဟောင်း Mindy Ding က ကျွန်တော့်ကိုပြောသည်။ နားထောင်လို့တော့ ကောင်းသည်။ နောက်တခေါက်ကျရင် မင်း အင်္ဂလိပ်သီချင်းဆိုတာ နားထောင်ချင်တယ်တဲ့။ ခက်တာက အင်္ဂလိပ်စကားတောင် လိပ်ပတ်လည်အောင် မပြောတတ်တဲ့ ကျွန်တော် ဘယ်လိုလုပ်ပြီး အင်္ဂလိပ်သီချင်း ဆိုနိုင်ပါ့မလဲလေ။ ဝိုဝူး ဝိုဝူး ရေ့ ရီ ရေရီး I Love You More Than I Can Say ဆိုတာလောက်ပဲရတဲ့သူပါဗျာ။

            ဒီလိုနဲ့ Toastmaster မှာ ပါဝင်ဆောင်ရွက်ရင်း သူငယ်ချင်းများဖြစ်တဲ့ Coan တို့ Sheller တို့က project Speak များ ဆက်တိုက်လုပ်လာသောအခါ ကျွန်တော့်ကိုလည်း လုပ်ရန်ပြောကြသည်။ ကျွန်တော်လည်း အလုပ်ကတဖက်၊ project speak များအတွက် စာအုပ်စာတမ်းများဖတ်ရ၊ အချက်အလက်များစုဆောင်ရနဲ့ အဲ့ဒီအချိန် အဲ့ဒီကာလတွေမှာ သေချင်စော်တောင် နံမိပါသည်။ ငါတော့ ဖင်မနိုင်ပဲ ပဲကြီးဟင်းစားမိပြီလို့တောင် ထင်မိလာသည်။ တစ်နေ့တစ်နေ့ ရုံးကပြန်လာရင် မနားတမ်း အချက်အလက်စုရ၊ Script ရေးရနဲ့ ပြီးတော့ အတူနေ အခန်းဖော်တွေ သူငယ်ချင်းတွေကို ညည ပရိသတ်လုပ်ခိုင်းပြီး ကျွန်တော်က အပြောလေ့ကျင့်ရနဲ့ တကယ့်ကို ပင်ပန်းခဲ့ရသည်။ ဒါပေမယ့် ကျွန်တော်ကြိုးစားခဲ့သည်။ မဖြစ်ဖြစ်အောင် လုပ်မည်။ ပြောတတ်ဆိုတတ်လာတဲ့ အထိ ကျွန်တော်ကြိုးစားခဲ့သည်။

            ထိုနေ့က ကျွန်တော်ပြောမယ့်ခေါင်းစဉ်နဲ့ အကြောင်းအရာက ကျွန်တော်ကိုယ်တိုင် စိတ်တိုင်းကျ ရွေးချယ်ထားသော အကြောင်းအရာဖြစ်သည်။ ငြိမ်းချမ်းရေးနိုဗယ်ဆု (Nobel Peace Prize) ဖြစ်သည်။ ထိုအကြောင်းအရာနဲ့ ပတ်သတ်ပြီး အင်တာနက်တွေ စာအုပ်တွေထဲက ရှာဖွေစုဆောင်းခဲ့ရသည်။ အဓိက ကျွန်တော်ဘာကြောင့် ထိုခေါင်းစဉ်ရွေးခဲ့ရသလဲဆိုရင် ကျွန်တော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ဖြစ်နေသောကြောင့် ဂုဏ်ယူစွာ ပြောပြ နိုင်ရန်အတွက် ထိုခေါင်းစဉ်ကို ရွေးခဲ့ရခြင်းဖြစ်သည်။

            အခမ်းအနားမှုးက ကျွန်တော့်ကို စင်မြင့်ပေါ် မခေါ်ခင် ကျွန်တော့်အကြောင်း ပရိသတ်နဲ့မိတ်ဆက်ပေးသည်။ မြန်မာပြည်က စာပေဟောပြောပွဲများမှာ ဟောပြောမယ့် စာရေးဆရာ စင်ပေါ်မတက်ခင် သူ့ရဲ့ အထ္ထုပ္ပတိကို ရွတ်ပြကြသလိုမျိုးဖြစ်သည်။ ကျွန်တော်ဟာ မြန်မာပြည်ကဖြစ်ကြောင်း၊ nice and cool person ဖြစ်ကြောင်း၊ အင်မတန်ရိုးပြီး အားလုံးနဲ့ ခင်မင်မှုရအောင် နေတတ်သူဖြစ်ကြောင်း၊ အင်္ဂလိပ်စကားကို အသက်၂၃နှစ်ရောက်မှ ပြောဖူးတဲ့သူဖြစ်ကြောင်း အရွှန်းဖောက်ပြောတော့ အားလုံးဝိုင်းရယ်ကြသည်။ ပြီးမှ သူကဆက်ပြောသည်။ ဒီကနေ့တော့ သူဟာ သူ့ရဲ့ talent ကို ငါတို့ကို ပြပါလိမ့်မယ်။ အားလုံးပဲ သူ့ကို ကြိုဆိုကြပါဆိုပြီး ကျွန်တော့်နာမည်ကို ခေါ်လိုက်စဉ်မှာ ခန်းမတစ်ခုလုံး လက်ခုပ်သံတွေ ထွက်ပေါ်လာသည်။ ကျွန်တော်ကတော့ စိတ်တွေလှုပ်ရှားနေရဆဲ။ ဒီနေ့မှပဲ ခန်းမထဲ လူတွေများနေသလို ထင်လိုက်ရသည်။ အားလုံးရဲ့ မျက်လုံးများက ကျွန်တော့်ဆီ စူးစိုက်ကြည့်နေကြသည်။ တိတ်ဆိတ်စွာ နားထောင်နေကြသည်။ ကျွန်တော့် project speechကို အကဲဖြတ် (evaluation )လုပ်ပေးမယ့်ပုဂ္ဂိုလ်က မစ္စတာပို့လိုင်စီရာ (Mr Poh Liang Sian) ဖြစ်သည်။ သူ့တာဝန်က ကျွန်တော် ဟောပြောပြီးတဲ့အခါ ကျွန်တော့် ဟောပြောချက်ကို ထောက်ပြ ဝေဖန် အကြံပြုပေးရမှာ ဖြစ်သည်။ လိုအပ်ချက်တွေကို ထောက်ပြရမှာဖြစ်လို့ ကျွန်တော့် Topic ကို သေသေချာချာ နားစိုက်ထောင်နေခဲ့သည်။ ထို့ပြင် ကျွန်တော့်ရှေ့တည့်တည့်မှာ Ah-Counter, Timer တွေကလည်း ကျွန်တော်စတင်ပါးစပ်ဖွင့်လိုက်တာနဲ့ သူတို့လုပ်ရမယ့်အလုပ်ကို လုပ်ဖို့ စောင့်စားနေကြသည်။ Ah-Counter လုပ်တဲ့သူက ကျွန်တော်တို့စင်ပေါ်တက်ပြီး ပြောကြတဲ့ speaker တွေ အင်္ဂလိပ်လိုပြောတဲ့အခါ အာ..အာ…နဲ့ဘယ်နှစ်ကြိမ်ဖြစ်သလဲ၊ So…so..ဘယ်နှစ်ခါပြောသလဲစသည်ဖြင့် မှတ်ရမှာဖြစ်သည်။ Timer သမားကတော့ အချိန်မှတ်ဖို့ဖြစ်သည်။ ခန်းမကြီးထဲတွင် ကျွန်တော့်အသံတစ်သံသာ ထွက်ပေါ်လာသည်။

            သမားရိုးကျ နှုတ်ခွန်းဆက်စကားကို ကျွန်တော်ဦးစွာမပြောလိုပေ။ ထို့ကြောင့် ပရိသတ် (audience) ကို မေးခွန်းစမေးပြီး ကျွန်တော့် ဟောပြောချက်ကို ဖွင့်လိုက်သည်။ ပရိသတ်များအားလုံး ရုတ်တရက် ကျွန်တော့်မေးခွန်းကြောင့် ကြောင်သွားကြပြီးမှ ဥက္ကဌဟောင်း (former president) တစ်ဦးက ပြန်လည်ဖြေကြားလိုက်သည်။ ကျွန်တော်က What’s essence of Peace? What’s value of Peace? ငြိမ်းချမ်းရေးရဲ့ အနှစ်သာရဟာ ဘာလဲ။ တန်ဖိုးကဘာလဲလို့ စတင်မေးခွန်းထုတ်ကာ ပရိသတ်နဲ့ communication တစ်ခုကို ပထမဆုံးရယူလိုက်သည်။ ပရိသတ်ထဲမှ ငြိမ်းချမ်းရေးရဲ့ အနှစ်သာရဟာ ဖွံဖြိုးတိုးတက်မှု၊ အေးဆေးတည်ငြိမ်မှု၊ အကြမ်းဖက်ဝါဒ ကင်းစင်မှုတွေပဲလို့ ဖြေကြသည်။ ကျွန်တော်က သူတို့ကို မေးခွန်းပဲမေးပြီး အဖြေကို ထိန်ချန်ထားလိုက်ကာ ကျွန်တော်ပြောပြမယ့် ငြိမ်းချမ်းရေးနိုဗယ်ဆုအကြောင်း စတင်လိုက်သည်။

            ဆွီဒင်နိုင်ငံသား စက်မှုလုပ်ငန်းရှင် အဲဖရက်နိုဗယ်ရဲ့ သေတမ်းစာအရ ပေါ်ပေါက်လာခဲ့သော ပထမဆုံးဆု ၅မျိုးထဲမှ တစ်မျိုးဖြစ်ကြောင်း စတင်ပြောပြပြီး ငြိမ်းချမ်းရေးနိုဗယ်ဆုကို ၁၉၀၁ ခုနှစ်တွင် Red Cross ကိုစတင်တည်ထောင်ခဲ့တဲ့ ဟင်နရီဒူးနန့်နှင့်ဖရပ်ဒရစ်ပက်စီတို့က  ပထမဆုံးအကြိမ် ပူးတွဲရရှိကာ နောက်ဆုံး၂၀၀၇ ခုနှစ်မှာ အယ်ဂိုးနဲ့ Intergovernmental Panel on Climate Change (IPCC) တို့ရရှိထားခဲ့ကြောင်း ပြောပြသည်။ (ကျွန်တော် ၂၀၀၈ ခုနှစ် ဟောပြောခဲ့စဉ်က ၂၀၀၇ ခုနှစ်အထိပဲပေးခဲ့ရသေးသည်။ ယခုဆိုရင် ၁၉၀၁-၂၀၁၂ နှစ်ပေါင်းတစ်ရာ့တစ်ဆယ်ကျော် အတွင်း ငြိမ်းချမ်းရေးနိုဗယ်ဆုပေါင်း ၁၂၅ဆုပေးအပ် ခဲ့ပြီး ဖြစ်သည်။ လူပုဂ္ဂိုလ် ၁၀၁ယောက်နှင့် အဖွဲ့အစည်း ၂၁ဖွဲ့တို့ကိုပေးအပ်ခဲ့သည်။ ထိုအထဲမှ ကမ္ဘာ့ကြက်ခြေနီအသင်းကြီးက ၁၉၁၇၊ ၁၉၄၄ နှင့် ၁၉၆၃ ခုနှစ်များတွင် ၃ကြိမ်ရရှိပြီး ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ၁၉၅၄ နှင့် ၁၉၈၁ ခုနှစ်တို့တွင် ၂ကြိမ်ရရှိခဲ့ကြခြင်းဖြစ်သည်။ ဥရောပသမဂ္ဂကတော့ လတ်တလော ပူပူနွေးနွေးဆုရရှိထားတဲ့ အဖွဲ့အစည်းဖြစ်ပါသည်။)

            ကျွန်တော်က ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်များစွာထဲမှ အာရှတိုက်ရဲ့ ပထမဆုံးဆုရှင် ဗီယက်နမ်ဝန်ကြီးချုပ် လီဒေါက်သို (Le Doc Tho) ၁၉၇၃မှာ ရရှိခဲ့သော်လည်း ဗီယက်နမ်စစ်ပွဲများမငြိမ်သက်သေး၍ ဆုပြန်အပ်ခဲ့တဲ့အကြောင်း ထို့နောက် ၁၉၇၄မှာ ဂျပန်ဝန်ကြီးချုပ် အီစာကူဆူတို (Eisaku Suto)က ရရှိခဲ့ပြီး ပထမဆုံးအာရှတိုက်သားဆုရှင်ဖြစ်ခဲ့ကြောင်း ပြောပြသည်။ ၁၉၇၉မှာ အိန္ဒိယအမျိုးသမီးကြီး သီလရှင်မာသာထရီဆာ ရရှိသောအခါ အာရှရဲ့ ပထမဆုံးအမျိုးသမီး ဆုရှင်ဖြစ်ကြောင်း ပြောကာ ကျွန်တော် အလွန်ပြောချင်နေသော ပွိုင့်နေရာသို့ လှလှပပကြီးဆွဲခေါ်လာနိုင်ခဲ့သည်။

            ကျွန်တော်က ပရိသတ်ကို ကဲအခုပြောမယ့် ဆုရှင်ကတော့ အင်မတန်မှ ဂုဏ်ယူစရာကောင်းတဲ့ ကျွန်တော်တို့နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်အကြောင်းပဲဖြစ်ပါတယ်လို့ ပြောလိုက်တော့ သူတို့ပိုပြီး စိတ်ဝင်စားသွားကြသည်။ ကျွန်တော်ကလည်း ၂ပတ်လောက် အချိန်ယူလေ့ကျင့်ပြင်ဆင်ထားခဲ့သူပီပီ အင်္ဂလိပ်စကားကို အထေ့အငေါ့မရှိ (ကျက်ထားတာလည်း ပါတာပေါ့လေ) ပြောပြနိုင်ခဲ့သည်။ ၁၉၉၁ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးနိုဗယ်ဆုချီးမြှင့်လိုက်တော့ အာရှမှာ ဒုတိယမြောက် အမျိုးသမီးဆုရှင်ဖြစ်ခဲ့သလို အာဆီယံဒေသရဲ့ တစ်ဦးတည်းသော အမျိုးသမီးနိုဗယ်ဆုရှင်ဖြစ်ကြောင်း အားရပါးရပြောချလိုက်သည်။ ပြီးတော့ သူဟာဒီဆုကို ကိုယ်တိုင် တက်မယူနိုင်ခဲ့သလို ဒီကနေ့ထိ House-arrest အဖြစ်ရှိနေဆဲဆိုတဲ့အကြောင်းလည်း ပြောချလိုက်သည်။ တကယ်တော့ ကျွန်တော် ရွေးချယ်ပြောသော ခေါင်းစဉ်သည် ဤအကြောင်းကို ပြောချင်သောကြောင့် ဖြစ်ရာ အခုပြောပြလိုက်နိုင်ပြီမို့ ကျေနပ်ခဲ့ရသည်။ နောက်ဆုံး နိဂုံချုပ်မှာတော့ ၁၉၉၃ နိုဗယ်ဆုရှင် အာဖရိကသူရဲကောင်း နယ်ဆင်မင်ဒဲလ်လားရဲ့ မိန့်ခွန်းကောက်နှုတ်ချက်လေး ရွတ်ပြပြီး အဆုံးသတ်လိုက်ပါသည်။

            လက်ခုပ်သံများသည် ခန်းမကြီးထဲ ဟိန်းထွက်သွားတော့သည်။ ထိုင်နေတဲ့သူတွေအားလုံး မတ်တပ်ရပ်လိုက်ကြပြီး ကျွန်တော့်ကို အားပေးကြသည်။ တစ်ချို့က ဟောပြောချက်ကိုသဘောကျလို့၊ တစ်ချို့က ကျွန်တော်အဲ့သလောက် ပြောတတ် ဆိုတတ်လာတာကို အံသြကြလို့၊ တစ်ချို့က သူတို့နှိုက်နှိုက်ချွတ်ချွတ်မသိသေးသော အကြောင်းအရာများကို ကျွန်တော်ပြောပြ၍ သိလိုက်ကြရလို့ ကျွန်တော့်ကို လက်ခုပ်များတီးပြီး အားပေးလိုက်ကြခြင်းဖြစ်သည်။ ကျွန်တော့်အလှည့်ပြီးတော့ Coan Tan နဲ့

Steller လို့ခေါ်တဲ့ fashion designer အလုပ်လုပ်တဲ့ အမျိုးသမီးတို့ ဖြစ်ကြသည်။ Coan ကသူ့ရဲ့ NGO လုပ်ငန်းနဲ့ ကမ္ဘောဒီးယားအတွေ့အကြုံတွေကို ပြောပြသွားတာလည်း အထူးစိတ်ဝင်စားစရာကောင်းခဲ့သည်။ ပရိသတ်ကို စိတ်ဝင်စားအောင် ပြောပြတဲ့နေရာမှာ Coan လည်းပညာရှင်တစ်ယောက် ဖြစ်သည်။ ထို့နောက် Steller ကသူ့ ဒီဇိုင်းအကြောင်း တွေပြောပြသွားသည်။ အမျိုးသမီးပရိသတ်အတွက် စိတ်ဝင်စားစရာဖြစ်ခဲ့သည်။

            ဝေဖန်အကြံပြုရေးအပိုင်းရောက်တော့ Poh Liang Sian ကကျွန်တော်ပြောသွားတဲ့ speech ပေါ်မှာဝေဖန်ပါသည်။ ငြိမ်းချမ်းရေးနိုဗယ်ဆုလို့ ခေါင်းစဉ်ပေးခဲ့ပေမယ့် ဆုရှင်တွေအကြောင်း အများဆုံးပြောသွားတဲ့အချက်၊ ငြိမ်းချမ်းရေးရဲ့  အနှစ်သာရနဲ့ တန်ဖိုးကို မိမိနားလည်သလို အဓိပ္ပါယ်မဖွင့်ပြခဲ့ပဲ နယ်ဆင်မင်ဒဲလ်လားရဲ့ မိန့်ခွန်းကိုယူသုံးသွားခြင်းကိုလည်း ထောက်ပြသွားပါသည်။ ကောင်းပါသည်။ သူထောက်ပြသွားချက်များက တကယ်လည်း မှန်နေခဲ့သည်။ ပြီးတော့ သူချီးကျူးတဲ့အချက်တွေလည်းရှိသေးသည်။ စကားပြောတဲ့နေရာမှာ လေယူလေသိမ်း အဖြတ်အတောက်က အထူးကောင်းမွန်ကြောင်း၊ ပရိသတ်ကို လုံးဝမပျင်းစေရအောင် ဆွဲဆောင်နိုင်စွမ်းရှိကြောင်းနဲ့ ရွေးချယ်တဲ့အကြောင်းအရာ အဆင့်မြင့်ပြီး စိတ်ဝင်စားဖွယ်ကောင်းကြောင်း ကျွန်တော်ပြောသွားတဲ့ထဲက တစ်ချို့ကို လိုက်မှတ်ထားကာ ပြန်ပြောပြလေသည်။

            အစီအစဉ်အရ အနားပေးချိန် (tea time) ပေးချိန်မှာ ကျွန်တော့်နား လူဝိုင်းနေခဲ့သည်။ မာသာထရီဆာက အာရှရဲ့ ပထမဆုံးအမျိုးသမီးဆုရှင်မှန်း သူတို့မသိခဲ့ကြတဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်းတွေ၊ ပြီးတော့ အဲ့ဒီလို ခေါင်းစဉ်မျိုး ဘယ်လိုစဉ်းစားမိခဲ့သလဲစသဖြင့် မေးကြမြန်းကြပြောဆိုကြသည်။ တချိန်တည်းမှာပဲ vote လုပ်ကြရသည်။ the best speaker award အတွက် ဆန္ဒမဲပေး ရွေးချယ်ကြသည်။ အနားပေးချိန်ပြီးလို့ ပြန်စချိန်မှာတော့ ဆုရတဲ့သူတွေကို ကြေငြာပါသည်။ ကျွန်တော်ကတော့ ဆုကိုမမျှော်မှန်းရဲပေမယ့် လိုတော့လိုချင်မိသည်။ ကျွန်တော့်ကြိုးစားမှုကို အားလုံးကလည်း အသိအမှတ်ပြု အားပေးကြ၍ ဆုများရခဲ့ရင်ဆိုတဲ့ ရင်ခုန်မှုနှင့် စောင့်စားနေမိသည်။ တိုက်တိုက်ဆိုင်ဆိုင် Coan နဲ့ ကျွန်တော် အမှတ်တူရရှိနေခဲ့သည်။ လုံးဝမထင်ထားခဲ့သော အဖြစ်ပင်။ သူ့လို ပညာတတ်၊ အင်္ဂလိပ်စကားဆိုတာ ရှလွတ်ရှလွတ် ပြောနိုင်တဲ့သူ၊ အကြောင်းအရာကလည်း ပြည့်စုံတဲ့သူနဲ့ အမှတ်တူ ရရှိလိုက်တဲ့အတွက် ကိုယ်ကိုကိုယ် အံ့သြရသည်။ ထို့ကြောင့် ပူးတွဲဆုရရှိခဲ့သည်။

            အခမ်းအနားပြီးတော့ Coan ကကျွန်တော့်ကို လာနှုတ်ဆက်ရင်း “ငါက မင်းကို ရစေချင်တာ၊ ဒါကြောင့်လဲ မင်းကိုငါ vote ပေးခဲ့တယ်” လို့ပြောသည်။ သူ့စကားကြားတော့ ကျွန်တော်အံသြမိသည်။ သူဟာ ပြိုင်ဘက်တစ်ယောက်ဖြစ်ပြီး ကျွန်တော့်ကို ဆုရစေချင်တဲ့ဆန္ဒနဲ့ မဲပေးခဲ့တယ်ဆိုတာ အံအားသင့်စရာကောင်းပါသည်။ ဒါဆို ကျွန်တော်ကရော..ဘယ်လို မဲပေးခဲ့သလဲ။ ဘယ်သူ့ကိုမဲပေးခဲ့သလဲ။ သေချာတာပေါ့။ မေးနေစရာမလိုဘူး။ ဘယ်သူ့ကိုမှ မဲမပေးပဲ ကျွန်တော့်ဆန္ဒမဲကတ်ကို ဗလာမဲလုပ်ခဲ့မိတာကို ဝန်ခံပါရစေခင်ဗျာ။ ။