Friday, August 26, 2011

မြို့ ကလေးရယ် လွမ်းမိတယ်


          ကျနော် ဒီမြို့ လေးကို ရောက်ခဲ့တာ ၄နှစ်ကျော်ပါပြီ။ ဒီမြို့ ကလေးဟာ ကျနော့်ဇာတိမြို့ ရဲ့  သုံးပုံ ပုံ တစ်ပုံစာပဲ ရှိပါသည်။ ဒီမြို့ ကလေးမှာ ချယ်ရီတွေ မပွင့်ပါ။ ကြက်ခြံ၊ နွားခြံ၊ ဝက်ခြံတွေလည်း မရှိပါ။ ကော်ဖီပင်တွေလည်း မတွေ့ရပါ။         ဒါပေမယ့်ဒီမြို့ လေးမှာ လိုချင်တာ အကုန်ရနေပါသည်။

          ကျနော် ဒီမြို့ လေးကို ချစ်သည်။ သံယောဇဉ်လည်း ဖြစ်မိသည်။ ဒီမြို့ လေးမှာ နေရတာ လုံခြုံတယ်လို့ ကိုယ့်ကိုကိုယ် ခံစားမိသည်။ ကျနော့်ဇာတိမြို့ ကလို အရက်မူးပြီး လမ်းပေါ် အော်ဆဲနေတတ်သူတွေလည်း မရှိပါ။ မီးပွိုင့်မှာ မုန့်ဖိုးတောင်းတတ်တဲ့ ပီကယ်ကြီးတွေလဲ မရှိပါ။ ညကြီးသန်းခေါင် အိပ်ရေးပျက်အောင် ဧည့်စာရင်း လာစစ်မယ့် ပုဂ္ဂိုလ်တွေလဲ မရှိပါ။ ပြီးတော့ လူလူချင်းကြည့်ပြီး အတင်းအဖျင်းပြောမယ့်သူတွေလည်း မရှိပါ။

ထူးခြားတာက ဒီမြို့ လေးမှာ ဖုန်ဆိုတာ မရှိဘူး၊ ခြင်တွေလဲမရှိဘူး။ နေရာတိုင်းမှာ စိမ်းစိုနေတတ်သည်။ တစ်ခုတော့ရှိသည်။     ဒီမြို့ ကလေးက ခပ်တည်တည်နေတတ်သည်။ စည်းကမ်းကြီးသည်။ သူ့ရင်ခွင်မှာ နွေးထွေးစွာ ခိုလှုံခွင့် ပေးထားပြီး သူ့ကို ဖြစ်ကလဲ့စမ်းလုပ်လို့မရ။ တွေ့ရာနေရာ အမှိုက်ပစ်လို့မရ။ ဆေးလိပ်သောက်လို့မရ။ အပေါ့အလေး သွားလို့မရ။ 

          သူကသန့်သန့်ရှင်းရှင်း နေလေ့ရှိတဲ့မြို့ ။ ဒီမြို့ မှာနေခွင့်ရသူတွေအတွက် သူက အားလုံးအဆင်ပြေအောင် စီစဉ်ပေးပြီးသား။ မိုးရွာမှာ နေပူမှာ ရာသီဥတုကို လေ့လာစရာမလိုဘူး။ ကျနော့်ဇာတိကမိဘများလို အပြင်သွားခါနီး သားရေ မိုးတွေလာတယ် ထီးယူဖို့ မမေ့နဲ့လို့ အထူးတလည် မှာစရာမလိုဘူး။ နေရာတိုင်းမှာ အမိုးနဲ့လျှောက်လမ်းတွေရှိသည်။ ပြီးတော့ အပြင် သွားတော့မယ်ဆိုရင် အမေတို့မေးနေကျစကား သားရေ အကြွေလဲသွားဦး ကားပေါ်မှာ အတန်ကြီးပေးလို့ စပယ်ယာ အဟောက်ခံနေရမယ် ဆိုတာမျိုး ဒီမြို့ ကလေးမှာ မလိုဘူး။ ဒီမြို့ လေးရဲ့  လမ်းပန်းဆက်သွယ်ရေးနဲ့  သယ်ယူပို့ဆောင်ရေးဟာ အလွန်အဆင်ပြေ လွယ်ကူချောမွေ့ ပါသည်။

Wednesday, August 24, 2011

အသည်းကွဲ ဗီလိန်

          တကယ်တန်းပြန်စဉ်းစားကြည့်တော့ ကျနော် အသည်းကွဲခဲ့တာရော ဟုတ်ရဲ့လား။ အသည်းကွဲတယ်ဆိုတာက ချစ်ကြပြီးမှ လမ်းခွဲခဲ့ရလို့။ ကျနော်က မချစ်ရသေးပဲလမ်းခွဲခဲ့ရတာပါ။

          ရှင်းရှင်းပြောရရင် ကျနော်က ဗာစကိုဒကားမား အမေရိကတိုက်ကို စတင်တွေ့ရှိခဲ့သလို ခင်သပြေလေး ကို ကျနော် စတင်တွေ့ရှိ ကြိုက်ခဲ့မိတာပါ။ ခင်သပြေဆိုတာက ကျနော်တို့သူငယ်ချင်း မိကျော့ရဲ့ ညီမတဝမ်းကွဲ။ သူက နယ်မှာနေတာ။ ရန်ကုန်သင်္ကြံန်ဆော့ရအောင် မိကျော့တို့အိမ်မှာလာနေတာလေ။ ကောင်မလေးက ချစ်ဖို့အလွန်ကောင်းတယ်။ မျက်နှာလေးတွေ ပါးလေးတွေကပြည့်ပြည့်ဖြိုးဖြိုးဖောင်းဖောင်းလေး။

          ပြီးခဲ့တဲ့ ၂နှစ်က ခင်သပြေ ရန်ကုန်ကိုတစ်ခေါက်လာဖူးတယ်။ အဲ့တုန်းထဲက မိကျော့ခေါ်လာလို့ ကျနော်စတွေ့ဖူးတာ။ အဲ့တုန်းက မြတ်သူဆိုတဲ့ကောင် မွေးတောင်မမွေးသေးဘူး။ အဲ့လေ။။။အဲ့ကောင် သူ့ မိသားစုတွေနဲ့ တောင်ကြီး ခရီး ထွက်သွား တာလေ။ အခုတော့ သူနဲ့ ကျနော်က ပြိုင်ဘက်တွေဖြစ်ရပြီ။ ခင်သပြေကို အပြိုင်ပိုးတယ်လို့သာပြောရတာ။ တကယ်တော့ ဘယ်လိုပြောရမလဲ။ မြတ်သူ ကျနော့်ကို ဂွင်ကျော်အကြောင်ရိုက်ပြီးလုသွားတာပါ။ ဟိုဟာမလေးကလဲ မြတ်သူကို ပိုပြီး ဦးစားပေး သလိုလိုပါပဲ။

          ကျနော့်မှာတော့ မိကျော့က အပ်နှင်းထားတဲ့ တာဝန်အရ ခင်သပြေလေးကို စောင့်ရှောက် ရတာအမော။ သင်္ကြံန်ဆိုတော့ သိတဲ့အတိုင်း ငမူးငရူးတွေက ခပ်များများရယ်လေ။ ကိုယ်အပါအဝင်ပေါ့။ ဒါပေမယ့် ကျနော်က ဥယျာဉ်မှုးကြီးပေါ့ဗျာ။ ပန်းလေး အလှမပျက်အောင် ကာကွယ်ပေးရတဲ့သူပါ။ အဲ့တုန်းကတော့ ခင်သပြေလေးက ငယ်သေးတယ်။ ဒါပေမယ့် အရွယ်လေး ငယ်ပေမယ့် လှသွေးလေး ကြွယ်သူမို့ ကျနော့်ရင်တွေခုန်စေခဲ့တာ အမှန်ပါပဲ။ စိတ်ကူးတွေလဲ ယဉ်ပေါ့။ ကျနော်က သင်္ကြံန်မင်းသား။ ခင်သပြေက သင်္ကြံန်မင်းသမီးလေး။

Thursday, August 18, 2011

ကောသလ္လမင်း၏ အိပ်မက်များ

ကျနော်ငယ်ငယ်က ကောသလ္လမင်းအိပ်မက် ၁၆ ချက်ဆိုတာ လူကြီးတွေ ပြောပြောနေလို့သာ ကြားဖူးနေခဲ့သည်။ ထိုအချက်တွေက ဘာတွေလဲ ဘယ်လိုအကြောင်းအရာတွေလဲ ဆိုတာ လုံးဝမသိခဲ့ပါ။ လေ့လည်းမလေ့လာခဲ့ပါ။ ရှေးမြန်မာ လူကြီးတွေရဲ့  ဆုံးမစာပေတွေထဲက တစ်ခုပဲလို့ စိတ်မှာထင်ခဲ့မိ၏။ ကောသလ္လမင်းကြီး သူ့ဟာသူ  အိပ်ယာထဲ မက်ချင်တာ မက်တာကို ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောနေကြ ဆိုနေကြတာ ပါကလားလို့ ထင်မှတ်ခဲ့၏။
သို့သော် တကယ်တမ်း ဖတ်ကြည့် လေ့လာကြည့်မိတော့မှ ကောသလ္လမင်းရဲ့  အိပ်မက်တွေဟာ နှစ်ပေါင်းရာကျော်ကို ကြိုတင်မြင်တွေ့ပြီး ဟောကိန်း ထုတ်ခဲ့တာပါလား၊ ဒီကနေ့ ၂၁ရာစု လူသားတွေအတွက် ကြိုတင်နိမိတ် ဖတ်ခဲ့တာပါလား ရယ်လို့ တအံ့တသြောဖြစ်မိပါသည်။ အရမ်းလည်း လေးစားမိသွားပါသည်။ ထို့ကြောင့် ကျနော့်မိတ်ဆွေများလည်း ကျနော့်လိုပဲ ကြားတော့ကြားဖူးပါရဲ့  ဘာမှန်းမသိဖြစ်နေကြမယ့်အစား ကောသလ္လမင်းကြီးရဲ့  အိပ်မက်(၁၆)ချက် ကို လေ့လာ သိရှိနိုင်စေရန် ဖော်ပြလိုက်ရပါသည်။

Tuesday, August 16, 2011

ထိန်းသိမ်းရမည့် မြန်မာ့မဟာဂီတအမွေ



မဟာဂီတလို့ခေါ်ကြတဲ့  သီချင်းကြီး သီချင်းခံတွေက ရှေးက ဂီတစာဆိုပညာရှင်ကြီးတွေဖြစ်ကြတဲ့ မြဝတီမင်းကြီးဦးစ၊ ပြင်စည်မင်းသား၊ လှိုင်ထိပ်ထား၊ အနောက်နန်းမတော်မမြကလေး၊ မင်းကြီးကတော်ခင်ဆုံ စသူတို့ ရေးဖွဲ့ထားခဲ့ကြတဲ့ အမျိုးသားယဉ်ကျေးမှု ဂီတအမွေ (Classics-ကလပ်ဆစ်)တွေပါ။ ဒါတွေကို တလေးတစား မြတ်မြတ်နိုးနိုးနဲ့ ထိန်းသိမ်းထားရမှာပါ။
ဒီခေတ် ဒစ္စကိုဂီတ၊ ရပ်ခ်ဂီတတွေက ယူငင်တီးမှုတ်တာကို တစ်ချို့ လူငယ်တွေက “ချောင်ထိုးထားလို့ ဖုန်တက်နေရတဲ့ ရှေးသီချင်းတွေကို ပြန်လည်ဆန်းသစ်တာပဲ” လို့ ပြောချင်ပြောကြလိမ့်မယ်။ ဒီပုံစံနဲ့ ပြန်လည်ဆန်းသစ်တာကိုတော့ အမျိုးသားယဉ်ကျေးမှု အမွေပစ္စည်းရယ်လို့ သိသူတိုင်းက ကျေနပ်လက်ခံသဘောတူမယ်မထင်ပါဘူး။

အမူးသမားတစ်ယောက်ရဲ့ ဖီလင်


ကျနော်ဖတ်နေတဲ့ ချက်နည်းပြုတ်နည်း ဟင်းဖတ်ပါအောင် ခိုးစားနည်းစာအုပ်..အဲလေ..ဟောနည်းပြောနည်း ကိုယ့်ဘက်ပါအောင်စည်းရုံးနည်း ဆိုတဲ့ ဆရာဖေမြင့်ရဲ့ စာအုပ်ကို အတင်းဖယ်ပြီး ပါးစပ်ဝကို အရက်ခွက်လာတေ့တဲ့ သူငယ်ချင်း။ သူ့ကြည့်တော့ ပုတီးလည်ပင်းဆွဲပြီး ညကြီးမိုးချုပ် နေကာမျက်မှန်ကြီးတပ်ထားသည်။ ဘုမသိဘမသိမို့ တေ့ပေးလျှင် ဝင်အောင်ကစ်တတ်တဲ့ သောက်ကျင့်ကပါနေတော့ အရင်ဆုံး ဖန်ခွက်ထဲကဟာလေး အကုန်မော့ချပြီးမှ သူငယ်ချင်းဖြစ်သူကိုမေးရသည်။ ဘာလုပ်တာတုန်းဟု။ သူကပြန်မဖြေပဲ စာရွက်တစ်ရွက် ထုတ်ပြသည်။ ဆရာဖေမြင့်စာအုပ် ဘေးချပြီး သူထိုးပေးတဲ့စာရွက်ကောက်ဖတ်ကြည့်တော့…
“ဇာတာရှင် အဆိုးအညံ့တွေကိုကာဘာဖြစ်အောင် နေကာမျက်မှန်တပ်ပြီး…ကံဇာတာတောက်အောင် ပုတီးလည်ဆွဲ၍ အချစ်ရေးကံကောင်းဖို့ အချစ်ဆုံးသူငယ်ချင်းကို သူအကြိုက်ဆုံး အစားအသောက်တစ်ခု အံသြသွားအောင် ရုတ်တရက်ကျွေးမွေးလိုက်ပါ။ အသင် အကျိုးထူးပေးပါလိမ့်မည်။” ဆိုတဲ့ ဗေဒင်ယတြာစာရွက်။
ဟိုက်..ကျေးဇူးကြီးလိုက်တဲ့ ဗေဒင်ဆရာ…PR တစ်ခါလျှောက်တစ်ခါကျပြီး လစာပါတိုးသလို၊ ရေဆာနေချိန် ရေတွင်းထဲကျသလို အခုလို အာသီသ ပျင်းပျနေတုန်း တစ်ခွက်တစ်ဖလားလောက်မော့လိုက်ရတာ ဘာနဲ့မှ မလဲနိုင်တဲ့ Feel…ရှက်ကီရာနဲ့ ညအိပ်လိုက်ရသလိုပါပဲ။ ကျေးဇူးပဲသူငယ်ချင်း။ မင်းအချစ်ရေးကံကောင်းပါစေ။
ကျနော်ဆုတောင်းပေးလိုက်တော့ အဲ့ကောင်ကြီး အတော်ပျော်သွားပုံရသည်။ သွားကြီးတွေဖြီးလို့။ ကျနော့်ကိုပြုံးပြုံးဖြီးဖြီး လုပ်ရင်းကြည့်နေသည်။ စိတ်ထဲမသင်္ကာံစရာဖြစ်ချင်လာလို့ ရုပ်တည်နဲ့ တစ်ချက်မေးလိုက်သည်။
“ငါ့ဘာလို့စိုက်ကြည့်ပြီး ဖြီးနေရတာလဲ”   
“ယောက်ဖ” 
“ဘာကွ”
ဒီကောင်က ရာရာစစ ကျနော့်ကို ယောက်ဖလို့ ကောက်ခါငင်ကာ ထခေါ်တော့ ဒီကောင့်ရဲ့ အကြံကို သိပြီးသားမို့ ကိုယ့်ဒေါသ ကိုယ်မထွက်ခင် တောက် ပြင်းပြင်းတချက်ခေါက်လိုက်မိသည်။
“ဆောရီးကွာ ခုဏကမင်းကိုတိုက်တဲ့ အရက်ထဲမှာ အိပ်ဆေးတွေထည့်ထားတယ်ကွ။ အိပ်ပျော်အောင် အိပ်ကွာ။ မနက်ကျရင် မင်းဆက်သောက်ဖို့ ဟိုးမှာကြည့်စမ်း….”
သူကကျနော့်ကို လက်ညှိုးထိုးပြပေမယ့်မျက်လုံးထဲ ဝါးတားတားဖြစ်လာရာမှ ဘာမှမသိရတော့ပေ။
မနက်လင်းတော့ လည်ပင်းမှာ ပုတီးနဲ့စာတစ်စောင်ဆွဲရက်သားဖြစ်နေသည်။ ဘာစာပါလိမ့်လို့ သိချင်ဇောနဲ့ဖတ်ကြည့်လိုက်ရာ…
“ယောက်ဖ မင်းညီမ လမင်းကို ငါခိုးပြေးသွားပြီ..ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ..ခွင့်မလွှတ်လဲ ဂရုမစိုက်ပါ။
မင်းရဲ့  ယောက်ဖအသစ်စက်စက်..
ကျန်ကျောင်း။”

မြို့ ပြရဲ့ ညဟာ ဒီလိုနဲ့ပဲ….



မြို့ ပြရဲ့ ညတစ်ညကို အိပ်စက်ခြင်းဖြင့် ကျနော်တို့ မဖြတ်သန်းချင်ဘူး။ လင်းထိန်နေတဲ့ နီယွန်မီးရောင်စုံတွေကိုလဲ မစွဲလန်းချင်တော့ဘူး။ ခပ်ဖျော့ဖျော့ မြို့ ပြရဲ့ ညကို သူရော ကျနော်ရော ဖွေရှာမိတယ်။

ကျနော်တို့ ကလက်ကီးမှာ သွားထိုင်ရင်း လေညှင်းခံဖို့ ရွေးချယ်လိုက်ကြတယ်။ ကလက်ကီးဆိုတာ မြစ်ကမ်းစပ်တစ်နေရာပါ။ ရပ်ဖ်ဖဲလ် မိုးမျှော်တိုက်တွေကြား ဝပ်တွားခိုလှုံ စီးဆင်းသွားနေတဲ့ ကုန်းတွင်းမြစ်ကမ်းပါးတစ်ခု။ ဘာပဲပြောပြော ဒီဒေသအတွက် ဒီမြစ်ဟာ ကျနော်တို့ရာဇဝင်ထဲက သတို့သမီးပါပဲ။

မြစ်ရေကိုဖြတ်သန်းတိုက်ခတ်လာတဲ့ လေညှင်းအငွေ့ အသက်တွေကို ရှူရှိုက်လိုက်မှပဲ တစ်နေ့တာ အမောတွေ ပြေလျှော့သွားတော့တယ်။ ကျနော်တို့နှစ်ယောက် လှေခါးထစ်တစ်နေရာမှာ ထိုင်လိုက်ကြတယ်။ ခပ်လှန်းလှန်းမှာ ဘားဆိုင်တန်းတွေကို လျှပ်စစ်ရောင်စုံ ထိန်ထိန်သာလျက် တွေ့နေရသည်။ မြစ်ပြင်ထဲမှာတော့ အပျော်စီးစက်လှေတစ်စီးကို ခရီးသည်မပါပဲ ပျင်းရိစွာ ခုတ်မောင်းနေတာ တွေ့ရမည်။

ကျနော်တို့ ကမ်းပါးကလှေခါးထစ်မှာ ထိုင်ပြီးရုံရှိသေး မောရစ်က ကျနော့ကို ခဏလေးနော်လို့ပြောပြီး ထသွားတယ်။ တအောင့်ကြာတော့ ဗော်ကာတစ်ပုလင်းဝယ်ပြီးပြန်လာတာတွေ့လိုက်ရတယ်။ ပြီတော့ သူကပြောသည်။

ဝ..ငါတို့ဒီတိုင်းထိုင်ရတာအဓိပ္ပါယ်မဲ့လွန်းပါတယ်..ဒါလေးနဲ့မှ..လို့ဆိုပြီး ကျနော့လက်ထဲ ဗော်ကာပုလင်းကို ထိုးပေးလိုက်သည်။ လက်ထဲပုလင်းရောက်ပြီးမှ စဉ်းစားမိသည်။ ဘာနဲ့ဘယ်လို သောက်ကြမှာလဲ။ ပြီးတော့ရော ဘာနဲ့မြည်းမှာလဲ။ မောရစ်လဲ အခုမှသဘောပေါက်သွားပုံရသည်။ ကျနော်တို့နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်လိုက်မိကြသည်။

မွန်တီဂိုဘေးချစ်သူ

          မွန်တီဂိုဘေးတဲ့လား အောင်..

ဆရာဝန်တစ်ယောက်အတွက် မွန်တီဂိုဘေးမှာမှ အလုပ်ရှိနေတာလား အောင်.. 

အောင်ကအဲ့ဒီ ဂျမေကန်လူနာတွေအတွက် စံပယ်တို့ လမ်းမတော်က အုတ်နီနီကျောင်းထဲမှာ ခန့်ခန့်ကြီး Convocation Dinner စားခဲ့တာလားဟင်။

ပြီးတော့ သထုံလမ်းက ကျောင်းဆောင်မှာ စာသင်ခဲ့တာကလဲ မွန်တီဂိုဘေးမှာ စာမေးပွဲဖြေဖို့ပေါ့ဟုတ်လား။

တခါတခါ စံပယ် မစဉ်းစားတတ်တော့ဘူးအောင်။ နာဂစ်ဖြစ်တုန်းက အောင်တို့ စံပယ်တို့ ဟောက်စ်ဆာဂျင်အဖွဲ့တွေ ဧရာဝတီဒုက္ခသည်တွေဆီ တက်ညီလက်ညီသွားခဲ့ကြတာ၊ စာနာမှုနဲ့ ဖေးကူခဲ့ကြတာ..အဲ့ဒီ မှတ်တမ်းဓါတ်ပုံလေးတွေပြန်ကြည့်တော့ အောင်တို့ သူငယ်ချင်းတွေရဲ့ အပြုံးတွေဟာလေ..အရမ်းလှတယ်အောင်။ စေတနာဆရာဝန်တွေရဲ့ ပီတိအပြုံးလေးတွေပေါ့အောင်။ မိဘမဲ့သွားတဲ့ ကလေးတွေကိုကြည့်ပြီ စံပယ်တို့ မိန်းမသားတွေမျက်ရည်မစယ်နိုင်ဖြစ်ကြရသလို သားသမီးတွေမရှိတော့တဲ့ အမေအိုကြီးတွေကိုမြင်တော့ အောင်တို့တောင် မျက်ရည်ကျခဲ့ကြသေးတယ်လေ။

အောင်ရယ်…အဲ့ဒီလို သနားစရာကောင်းတဲ့ စံပယ်တို့ လူမျိုးတွေရဲ့  ကျန်းမာရေးလိုအပ်ချက်ကို ပစ်ပြီး ကပ္ပလီတွေရဲ့  ဘဝ ကျန်းမာရွှင်လန်းရအောင် ဆေးကုပေးနေရတဲ့ ဒေါ်လာစား ဆရာဝန်ကြီး အဖြစ် အောင်တကယ် အသွင်ပြောင်းခဲ့တယ်နော်။
စံပယ်တို့မြို့ လေးမှာတော့ အောင်တို့ဆီကလောက် လစာမရပေမယ့် စံပယ်ပျော်တယ်။ ကိုယ့်လူမျိုးတွေရဲ့  ကျန်းမာရေးကို စံပယ်တို့လို ဆရာဝန်တွေကမှ မစောင့်ရှောက်ရင် ဘယ်သူလာစောင့်ရှောက်မှာလဲအောင်။

အောင်ပို့လိုက်တဲ့ ဓါတ်ပုံတွေ စံပယ်ကြည့်ရပါတယ်။ အောင်တို့တွေ အရမ်းပျော်နေကြတာကိုမြင်ရလို့ စံပယ်ဝမ်းသာပါတယ်။ ဘာပဲပြောပြော ရောက်တဲ့အရပ်မှာ ပျော်သလိုနေကြရတာ အကောင်းဆုံးပါပဲ။
ကင်းစတမ်မြို့ လို တောင်ပြာတန်းတွေ၊ တောင်ကုန်းနီနီတွေဝိုင်းနေတဲ့ ကမ်းရိုးတန်းမြို့ ကလေးဟာ စံပယ်တို့ရခိုင်ပြည် စစ်တွေ၊ကျောက်ဖြူတို့နဲ့ ဘာများကွာလို့လဲအောင်ရယ်။ ပြီးတော့ အောင်အခုနေနေတဲ့ မွန်တီဂိုဘေးက Cornwall Regional Hospital ကြီးက အောင် သက်တ်အမ်ဘီကနေဟောက်စ် အထိသွားခဲ့တဲ့ ရန်ကုန်ဆေးရုံကြီးထက်တော့သာမှာပေါ့လေ။ ဒါပေမယ့်အောင်ရယ်…အောင့်ကို ဆရာဝန်တစ်ယောက်အဖြစ် ပထမဆုံးနေရာပေးခဲ့တဲ့ ရန်ကုန်ဆေးရုံကြီးကိုတော့ အောင်မမေ့လိုက်ပါနဲ့နော်။

တစ်ခါကရဟန်းဘဝ


ပြီးခဲ့တဲ့နှစ်က တိုင်းတပါးမှာအလုပ်လုပ်ရတာ အဆင်မပြေမှုလေးတွေရှိခဲ့လို့ ရွာပြန်ပြီး ကံဇာတာတွေအရောင်တောက်လာအောင် သာသနာ့ဘောင်ထဲ ရက်တိုခိုလှုံဝင်ရောက်ခဲ့ပါတယ်။ဘုန်းကြီးပြန်ဝတ်တယ်ဆိုပါတော့ဗျာ။ ဘုန်းကြီးကျောင်းကလဲ သိပ်အဝေးကြီးမဟုတ်ပါဘူး။ ကျွန်တော်တို့အိမ်ဘေးတင်ပါ။တစ်ကျောင်းလုံးမှာရှိတဲ့ ဆရာတော်ကြီးကနေ ဦးပဉ္စင်း၊ကိုရင် ဘုန်းကြီးကျောင်းသားတွေအားလုံးနဲ့ကလဲ ဆရာရင်းတကာရင်းတွေလေ။အုတ်တံတိုင်းတစ်ခုပဲခြားတာမဟုတ်လား။
ဒီတော့ ဒုလ္လဘဝတ်ရတာဘာအခက်အခဲမှမရှိဘူး။ မနက်ဆို ကျောင်းကဆရာတော်တွေက အရုဏ်ဆွမ်းကြွသွားကြပြီဆိုရင် ကျွန်တော်တစ်ပါးထဲ အိပ်မောကျရင်းကျန်ခဲ့တာ။ အဲလိုဆို အဖေက အုတ်တံတိုင်းကူးလာပြီး ``ဦးဇင်းရေ ထတော့ အရုဏ်ဆွမ်းဘုန်းပေးဖို့ အိမ်ကိုကြွလာတော့`` လို့လာနှိုးမှပဲ ကမန်းကတန်းထ မျက်နှာသစ်ပြီး ဦးအိမ်သတိရ လုပ်တော့တာပါပဲ။ ဒါတောင်ဆရာတော်ကြီးက ဘုန်းကြီးဝတ်ရင် ဆွမ်းခံစားမှ ဝိနည်းနဲ့ညီတာလို့ဆုံးမလို့ သပိတ်တစ်လုံးပိုက်ပြီး ဆွမ်းခံထွက်တာပေါ့။ ဆွမ်းခံထွက်ရတာလဲ လွယ်တာမှတ်လို့။တစ်အိမ်တက်တစ်အိမ်ဆင်းဝင်ရတာ။ ကျွန်တော်လဲတစ်အိမ်တက်တစ်အိမ်ဆင်းပါပဲ။ အမေ့အိမ်၊ ဘေးက အဘွားအိမ်။ အနောက်က ဘကြီးအိမ်၊ ခေါင်းရင်းက အစ်မဝမ်းကွဲအိမ် တစ်အိမ်တက်တစ်အိမ်ဆင်းပါပဲ။ သိပ်မကြာလိုက်ပါဘူး။ နာရီဝက်ဆို သပိတ်ထဲ ဆွမ်းဟင်း ၁၀မျိုးလောက်ရောက်သွားပါပြီ။ တခါတလေ သပိတ်နဲ့မဆံ့လို့ တူတော်မောင်လေးတွေက ဟင်းခွက်ကိုင်ပြီး ဆွမ်းစားဆောင်အထိလိုက်ပို့ပေးရတာ။

ဘယ်လောက်ကောင်းလိုက်သလဲဒုလ္လဘရဟန်းခံရတဲ့ဘဝ။ကံဇာတာတွေအရောင်တောက်မတောက်တော့မသိဘူး။နိုင်ငံခြားမှာနေရလုပ်ရတဲ့ စက်ရုပ်ဘဝနဲ့ယှဉ်ရင်တော့ တကယ်ပါပဲ ရခဲလေစွဒုလ္လဘ အမှန်ပဲဗျာ။တရားရမရကတော့ မသိဘူး။အိပ်လိုက်စားလိုက်နဲ့ ဇိမ်တော့ကျသား။ ဒါပေမယ့် ညတိုင်းတော့ တရားထိုင်ရတယ်ဗျ။ လက်ထောက်ဆရာတော်က တရားထိုင်ခိုင်းတာနဲ့ မငြင်းသာပဲ အောင့်အီးထိုင်ရတာပေါ့ဗျာ။အဲဒီကာလကလဲ ဘုရားပွဲတွေကျင်းပနေတဲ့လဆိုတော့ ဘုန်းကြီးတွေလဲ အလုပ်တွေရှုပ်နေကြတဲ့လပေါ့ဗျာ။ကျောင်းတိုက်အသီးသီးက ဘုရားပွဲ ပဌာန်းပွဲ အပြီး ဆွမ်းဆန်စိမ်းလောင်းပွဲတွေဆက်တိုက်ရှိနေတော့ ကျွန်တော်တို့ကျောင်းတိုက်ကဘုန်းကြီးတွေလဲ လူခွဲပြီး သက်ဆိုင်ရာကျောင်းတိုက်တွေကိုကြွပေးနေရတယ်လေ။ ဒီလိုနေရင်းနဲ့တစ်နေ့တော့ စာသင်တိုက်တစ်ခုက ပဌာန်းအောင်ပွဲနဲ့ဆွမ်းသိမ်းပွဲအတွက် ကျွန်တော်တို့ကျောင်းတိုက်ကို ပင့်တယ်။ အလှည့်ကျကြွရမယ့် ကိုယ်တော်က ခုဏက ကျွန်တော့်ကို တရားထိုင်ခိုင်းတဲ့ လက်ထောက်ဆရာတော်။ တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီဆရာတော်က နေမကောင်းဖြစ်နေပါရော။ ကျန်တဲ့ကိုယ်တော်တွေကလဲ သူ့နေရာနဲ့သူကြွသွားကြပြီ။နောက်ဆုံး ရဟန်းဆိုလို့ ကျွန်တော်တစ်ပါးပဲကျန်တော့တယ်။ ဒီတော့မထူးဘူး မင်းပဲ ငါတို့ကျောင်းကိုယ်စားပြုကြွပေးပေတော့လို့ဆိုလာတယ်။ အချိန်က နေ့လယ်၃နာရီ။ နေစောင်းမှ ဆွမ်းဆန်စိမ်းလောင်းပွဲကစမှာ။

ကျော့


အနောင့်ခြေလှမ်းတွေကိုမှီအောင် ကျော့အတင်းလိုက်နေရတယ်။ အနောင်ကလမ်းလျှောက်တာအရမ်းမြန်တာပဲ။ ပြီးတော့သူကပြောသေးတယ်။
မင်းလမ်းလျှောက်တာ တော်တော်နှေးတာပဲ တဲ့။
နှေးမှာပေါ့။ ကျော့က သူ့လိုယောက်ကျားမှမဟုတ်ပဲ။ ပြီးတော့ ဒေါက်ဖိနပ်ကလဲစီးထားရသေးတယ်လေ။ အဲ့ဒီ ဒေါက်ဖိနပ်ကြောင့်ပဲ သူ ကျော့ကို တင်းနေတာဖြစ်မယ်။ သူက ကျော့ထက် အရပ်ပုတယ်လေ။ သူနဲ့ အပြင်သွားမယ်ဆို ဘယ်တော့မှ ဒေါက်မြင့် စီးလို့မရဘူး။ ကျော့လဲ မစီးပါဘူး။ ဒါပေမယ့် ဒီနေ့က သူ့သူငယ်ချင်းမင်္ဂလာဆောင်မို့ ကျော့စီးလိုက်မိတာ။ သူမကြိုက်မှန်းသိပေမယ့် ကျော့ကလဲ ဒေါက်ဖိနပ်ဆို အသေစီးချင်တဲ့မိန်းမလေ။
ကျော့တို့ မင်္ဂလာခန်းမထဲရောက်တော့ အနောင့်သူငယ်ချင်းတွေနဲ့ တစ်ဝိုင်းထဲထိုင်ကြရတယ်။ အနောင်ကတော့ သူ့မိတ်ဆွေတွေနဲ့ တွေ့ရလို့ကတော့ အားလုံးကို မေ့နေတတ်တယ်။ အခုလဲ သူ့ဘေးမှာ ကျော့ရှိနေတာကို သူမေ့နေတယ်ထင်တယ်။ သူ့သူငယ်ချင်းတစ်ယောက်က သတိပေးမှ မိတ်ဆက်ပေးရကောင်းမှန်းသူသတိရတယ်။

“ဒါ..ငါ့အမျိုးသမီးလေ။ ခင်မေကျော့တဲ့။”

သူမိတ်ဆက်ပေးပုံကြီးက အသက်မဲ့နေသလိုပဲ။ ပြီးတော့ ကိုယ့်မိန်းမကို ပွဲထုတ်ရကောင်းမှန်းလဲ မသိဘူး။ ကျော့ဆိုရင် ဘယ်တော့ပဲဖြစ်ဖြစ် ကျော့အသိုင်းအဝိုင်းထဲမှာ သူ့ကိုမိတ်ဆက်ပေးရင် သူများတွေအထင်ကြီးအောင်လို့

“ဒါ..ကျော့အမျိုးသား ကိုနောင်ရိုးချစ်လေ။ ဆောက်လုပ်ရေးပစ္စည်းနဲ့ပတ်သက်လို့ ဝယ်ချင်တယ် ငှားချင်တယ်ဆိုရင် အနောင့်ကိုပြောလို့ရတယ်။ Construction လောကမှာတော့ ENSURE ဆောက်လုပ်ရေးပစ္စည်းရောင်းဝယ်ရေးဆို မသိတဲ့လူမရှိသလောက်ပဲလေ။”

ကြောင်သားဟင်းစားမိသူများ


        ကျနော်တို့တက္ကသိုလ်ဒုတိယနှစ်လောက်တုန်းကသျှားကြီးလို့ခေါ်တဲ့ဘော်ဒါတစ်ယောက်ရှိတယ်။ ဒီကောင့်ပုံက မင်းသားသျှားညိုနဲ့တူတယ်။ လူကပိန်ပိန်ရှည်ရှည် မျက်မှန်ကလဲတပ်ထားတော့ ဘော်ဒါတွေအားလုံးက သျှားညိုလို့အမည်ပေးထားပြီး နောက်တော့ သျှားကြီးဖြစ်သွားတယ်။ အဲ့ဒီ သျှားကြီးဆိုတဲ့ကောင်က အိမ်ကထည့်ပေးလိုက်တဲ့ ထမင်းချိုင့်နဲ့ပဲထမင်းစားတယ်။ သူကဆေးလိပ်တော့ကြိုက်တယ်။ သူ့ကိုခင်ရင် ထမင်းကျွေးစရာမလိုဘူးတဲ့။ ဆေးလိပ်တစ်လိပ်ပဲတိုက်ပါတဲ့။ ကျနော်တို့ကလဲ သူ့ကို ဆေးလိပ်ပဲတိုက်တယ်။ ပြီးရင်ဂစ်တာတီးခိုင်းတယ်။ ဒီကောင်ကြီးက အတီးကောင်းအဆိုကောင်းဗျ။

           ကျနော်တို့တွေထဲက တစ်ယောက်ယောက်ဖွန်ကြောင်တော့မယ်ဆိုရင် သျှားကြီးမပါပဲနဲ့ကိုမဖြစ်တာ။ သူ့ဆေးလိပ်တိုက်ပြီး ကောင်မလေးအတန်းဘေး ဂစ်တာသံပေးရင်း သွားသွားကြူကြရတာ။
တစ်နေ့တော့ သျှားကြီးတစ်ယောက် ဘော်ဒါတစ်ဗွေရဲ့ ကောင်မလေးအတန်းရှေ့ ဂစ်တာလိုက်တီးပေးနေတုန်း ကျနော်တို့တွေကလဲ ရှမ်းကိုးမီးရှုံးပြီးလက်ထဲ ထမင်းဖိုးတောင်မကျန်တော့တဲ့ အချိန်နဲ့သွားတိုက်ဆိုင်ပါလေရော။ ကျနော့်ကောင်တွေက ထမင်းဘူးဆို ထိုင်နေကျ ကန်တင်းမှာပဲထားထားခဲ့ကြတာ။ ကိုင်း ဘာပြောကောင်းမလဲ သျှားကြီး ထမင်းဘူးဖွင့်ကြည့်စူးစမ်းကြတော့ ဆိတ်သားနဲ့အာလူးဆီပြန်အနံ့လေးသင်းကထဲတက်လာတယ်။ ဒီတော့ ဗိုက်ကလဲဆာဆာနဲ့ တစ်ခါထဲအုပ်ထည့်ပစ်လိုက်ကြတာ။  ဒါပေမယ့် ခြေရာလက်ရာ မပြတ် ဒီကောင့်ထမင်းဘူးထဲ ကန်တင်းဘေးကမြက်တွေနဲ့ အုတ်ခဲကျိုးတွေထည့်ပြီး ဟန်မပြတ် ပြန်ထားလိုက်ကြတာပေါ့။

    တအောင့်နေတော့ သျှားကြီးတို့ ဖွန်ကြောင်အဖွဲ့တွေ ကန်တင်းထဲဝင်လာကြတယ်။ စော်ကိုလိုက်နေတဲ့ကောင်က မျက်နှာကြီးဖြီးလို့။ သျှားကြီးကလဲ လေလေးတချွန်ချွန်နဲ့။ ပြီးတော့ ဗိုက်ဆာလာကြဟန်တူတယ်။ ထမင်းဘူးတွေဖွင့်ပြီးစားကြဖို့ပြင်တော့ ကျနော်တို့လဲ မသိမသာ ဆိုင်ထဲကထွက်လာခဲ့ကြတယ်။
ဆက်ထိုင်နေရင် တရားခံမိဖို့များတယ်လေ။ ဒါကြောင့်စတေးရှောင်ခဲ့ကြတာ။

ချစ်သွေးသက်သေ

နှစ်ယောက်စလုံးကိုလဲချစ်တယ်။ နှစ်ယောက်စလုံးကလဲချစ်တယ်။ ကျနော်ဘယ်လိုရွေးချယ်ရမလဲ။
**********
ရိုစ့်က ကျနော့်လက်ကို တင်းကျစ်နေအောင်ဆုတ်ထားလိုက်သည်။ သူမနှုတ်ဖျားမှ တစုံတရာပြောဖို့ အားယူနေပုံရသည်။ ပြီးတော့ သူမမျက်ဝန်းတွေဆီမှ ပြိုကျဆဲဆဲ မျက်ရည်စများကရီးလေးခိုနေ၏။
ကျနော် ရိုစ့် နှာဖူးထိပ်ကလေးကို ညင်သာစွာ နမ်းရှိုက်ပေးမိသည်။

“စိတ်မကောင်းမဖြစ်ပါနဲ့ကွာ။ ကိုယ် တောင်းပန်ပါတယ်။ တကယ်တော့…”
ရိုစ့်က ကျနော့် ပါးစပ်ကို သူ့လက်ချောင်းများနဲ့ ပိတ်လိုက်ပြီး ဆက်မပြောပါနဲ့ ဆိုတဲ့ပုံစံနဲ့ ခေါင်းခါပြလိုက်သည်။ ပြီးတော့ ကျနော့်ရင်ခွင်ထဲခစားတိုးဝင်လာခဲ့သည်။
                                                **********
ဒီမနက်ခင်းရဲ့  အလှအပတွေထဲမှာ ကျနော်ပထမဆုံးတွေ့လိုက်ရတာကတော့ ရိုစ့်ရဲ့ အလှပါပဲ။
သူမက ကျနော့်အတွက် breakfast ကော်ဖီ၊ပေါင်မုန့်မီးကင်နဲ့ ကြက်ဥကြော် ပြင်ဆင်ပေးထားသည်။ ပြီးတော့ ကျနော်ကြိုက်တတ်တဲ့ ဂျေလိုရဲ့  on the floor သီချင်းကို ဘေ့စ်သံခပ်ပါးပါးလေးနဲ့ ဖွင့်ပေးထား၏။
ကျနော့်ဘေးမှာ မတ်တပ်ရပ်ရင်း ပေါင်မုန့်ထောပတ်သုတ်လုပ်ပေးနေတဲ့ သူမကို တစ်ကိုယ်လုံးပါအောင် သိမ်းကျုံးဖတ်ပစ်လိုက်မိသည်။

“ရိုစ့် မင်းအရမ်းချစ်ဖို့ကောင်းတယ်။ ဘာကြောင့်ငါ့အပေါ်ဒီလောက်ကောင်းရတာလဲ။ ငါမင်းအပေါ်မှာ မတရားသလို ခံစားမိတယ်။”
“ရှင့်လိုလူကို ချစ်မိတဲ့ ကျမမှာပဲအပြစ်ရှိတာပါ။ ကျမလေ…ရှင့်ကို သိပ်ချစ်တယ်။ ရှင် ဘယ်သူနဲ့ပဲနေနေ…ကျမကိုရှင်သတိတရရှိနေပေးမယ်ဆိုရင်ပဲ ကျမကျေနပ်ပါတယ်။”

အဲ့ဒီနေ့က ကျနော်နဲ့ရိုစ့် တစ်နေကုန် တိုက်ခန်းထဲမှာပဲနေဖြစ်ကြတယ်။ ရိုစ့် ချက်ပြုတ်ကျွေးတဲ့ အစားအစာတွေစား၊ နှစ်ယောက်သား သီချင်းတွေနားထောင်ရင်း အချစ်ကမ္ဘာထဲ သာယာငြိမ့်ငြောင်းစွာဖြတ်သန်းခဲ့ကြတယ်။
ညနေစောင်းလောက်မှပဲ ကျနော် သူမတိုက်ခန်းကနေပြန်ခဲ့ဖြစ်သည်။ ရိုစ့်ကတော့ မျက်နှာငယ်လေးနှင့် ကျနော့် အနောက်မှာကျန်ရစ်ခဲ့သည်။
နေရစ်ခဲ့တော့ ရိုစ့်ရေ…ဘယ်တော့လောက်များမှ မင်းဆီတစ်ခေါက်ပြန်ရောက်လာမလဲ ငါကိုယ်တိုင် မခန့်မှန်းနိုင်သေးဘူးလေ။

                                                **********

ကျနော်နှင့်ဗမာစကား


ကျနော့်သူငယ်ချင်း ဘုန်းပြည့်ရဲ့  ကျွန်တော်၊တရုတ်ပြည်နှင့်ယင်း၏အမှတ်တရများ ဆိုတဲ့ စာစုလေးကိုဖတ်ပြီး သဘောကျလွန်းလို့ လွန်ခဲ့တဲ့၃နှစ် ၂၀၀၈ခုနှစ်လောက်က ကျနော်ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဟာသအဖြစ်အပျက်လေးတစ်ခုကို သတိရမိတယ်။
အဖြစ်အပျက်ကဒီလို။ စာဖတ်သူတို့လဲသိတဲ့အတိုင်း မလေးရှားကိုခရီးသွားမယ်ဆို အစစအရာရာ သတိဝိရိယရှိကြရတယ်။ ဟိုမှာက သာမန်ခရီးသွားမပြောနဲ့ သူ့ထဲမှာနေနေတဲ့လူတွေတောင် သိပ်စိတ်ချရတာမဟုတ်ဘူး။ အလုအယက်ကလဲပေါပ။ နေ့ခင်းကြောင်တောင် ပေါ်တင်ဓါးပြတိုက်ချင်တိုက်တာ။ မြန်မာတွေဆိုပိုလို့တောင်ဆိုးသေး။ ဟိုမှာရှိနေတဲ့ over stay တွေက ပတ်စ်ပို့ up-to-date ကိုရွှေထက်ဈေးပေးပြီးတော့ကိုလိုချင်ကြတာ။ သူတို့လိုလူုတွေအတွက် ပတ်စ်ပို့အသစ်တစ်ခုရခဲ့မယ်ဆိုရင် သူ့ဂွင်နဲ့သူ ဓါတ်ပုံလဲ၊ နာမည်ပြောင်းစတဲ့ ကလိမ်ကကျစ်လုပ်ငန်းစဉ်တွေကအဆင်သင့်ပြည်တော်ပြန်နိုင်အောင် စီမံပေးနိုင်တယ်။ တနည်းပြောရရင် အောက်လမ်းကပြန်ရမယ့်အစား အပေါ်လမ်းကပြန်လို့ရသွားတာပေါ့။ ဒီတော့…မလေးရှားကို ခရီးသွားတော့မယ်ဆိုတော့ သွားဖူးလာဖူးတဲ့လူတွေကိုမေးမြန်းစုံစမ်းပြီးသွားရတာပေါ့ဗျာ။ ကျနော်သွားမှာကလဲ စင်ကာပူကနေကွာလာလမ်ပူ ကို အိပ်စ်ပရပ်ကားနဲ့ကိုးဗျ။ မှာတဲ့လူတွေကလဲ ပတ်စ်ပို့ကို ကိုယ်နဲ့မကွာအမြဲထားပါတို့၊ အပြင်သွားမယ်ဆိုရင် ဘယ်တော့မှတစ်ယောက်ထဲမသွားပါနဲ့ အနည်းဆုံး ဒေသခံတစ်ယောက်လောက်တော့ ခေါ်သွားပါတို့ စသည်ဖြင့်ပေါ့ဗျာ။ ဒီလိုနဲ့ပဲ ကျနော် KL ရောက်သွားတယ်ပေါ့။
ကျနော်ရောက်တော့ ည ၇ နာရီကျော်လောက်ရှိပြီ။ လာကြိုဖို့ပြောထားတဲ့လူကလဲ ဘယ်သူဘယ်ဝါမှန်းမသိ။ မိတ်ဆွေတစ်ယောက်ရဲ့ ညီလေးလာကြိုမယ်ဆိုလို့ ဖုန်းနဲ့ပြောဖူးပေမယ့် အပြင်မှာက တစ်ခါမှမမြင်ဖူးလေတော့ ခက်သား။ ကျနော်စီးလာတဲ့ကားဂိတ်ဆုံးနားမှာ တစ်ချို့ သော မလေး တွေကို မျက်လုံးစိမ်းတွေနဲ့ စတွေ့ရတော့တာပဲ။ စားတော့ ဝါးတော့မယ့်ပုံတွေ။ (ဒါ…ကျနော့်စိတ်ထဲက ကြောက်စိတ်ကြောင့်ထင်တာပေါ့ဗျာ..တကယ်ဟုတ်ချင်မှလဲဟုတ်မှာပါ။)
ပြီးတော့ သူတို့စိတ်ထဲမှာ ဒီကောင် စင်ကာပူကလာတဲ့ကောင်…ရှန်မယ့်ပုံပဲလို့တွေးကောင်းတွေးနေမှာပေါ့။ ကျနော်လဲ လာကြိုမယ့်ညီလေးဆီ ဖုန်းဆက်လိုက်တော့ သူက အလုပ်ထဲမှာပဲရှိသေးလို့ လာမကြိုနိုင်သေးဘူးတဲ့။ အစ်ကို အအေးဆိုင်တစ်ဆိုင်ဝင်ပြီး ခဏစောင့်နေပါတဲ့။ taxi တော့လုံးဝမငှားလိုက်နဲ့တဲ့။ အစ်ကို တစ်ခါထဲ အီစိမ့်သွားလိမ့်မယ်တဲ့။ အင်းသူထက်ပြောမှပဲ ကျနော်လဲ ပိုကြောက်လာတယ်။ ငါ့နှယ်နော်…ဘာကြောင့်များ ဒီကိုတစ်ယောက်ထဲထွက်လာမိရပါလိမ့်လို့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မိတယ်။ ဒါပေမယ့် အားတော့တင်းလိုက်တယ်။ ငါယောက်ကျားပဲ။ ဘာကြောက်စရာရှိလဲ…ဘာလဲ ညာလဲပေါ့။ ပြောမယ့်သာပြောနေတာ ဖင်မလုံကျောချမ်းကြီးပါ။

Monday, August 15, 2011

အခြားသူများ၏ ဂုဏ်သိက္ခာကို လေးစားခြင်း

ခရိုင်ဆလာ ကုမ္မဏီက သမ္မတ ရုစဗဲ့အတွက် ကားတစ်စီးကို အထူးစီမံပေးသည်။ ရုစဗဲ့သည် အောက်တစ်ပိုင်းသေနေသဖြင့် သာမန်ကားတစ်စီးကို မမောင်းနိုင်ပေ။ ဒဗလျူ-အက်ဖ်-ချိန်ဘာလိန်နှင့် စက်ဆရာတစ်ယောက်က ကားကို အိမ်ဖြူတော်သို့ သွားပို့ကြသည်။ ကျွန်တော့်ရှေ့၌ မစ္စတာချိန်ဘာလိန်က သူ၏အတွေ့အကြုံကို ပြန်ပြောပြသော စာတစ်စောင်ရှိသည်။
``ကျွန်တော်က သမ္မတ ရုစဗဲ့ကို အထူးကိရိယာတွေပါတဲ့ ကားတစ်စီးကို ဘယ်လိုမောင်းရမယ်ဆိုတာ သင်ပေးခဲ့တယ်။ ဒါပေမယ့် သူက လူတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ သိမ်မွေ့တဲ့ပညာကို အများကြီးပြန်သင်ပေးလိုက်တယ်။ ကျွန်တော် အိမ်ဖြူတော်ကို ရောက်တဲ့အချိန်က သမ္မတကြီးက သိပ်ပြီးပျော်နေပုံရတယ်။ ကျွန်တော့်နာမည်ကိုခေါ်ပြီး ဆက်ဆံတာမို့ စိတ်လက် ပေါ့ပေါ့ပါးပါး ရှိစေတယ်။ ကျွန်တော်က သူ့ကိုပြတာတွေ၊ ပြောတာတွေကိုလဲ စိတ်ဝင်တစား နားထောင်တာ တွေ့ရလို့ ကျွန်တော် သိပ်သဘောကျ အထင်ကြီးသွားတယ်။
``ကားကို ခြေထောက်မသုံးပဲ လက်နဲ့ချည်း မောင်းလို့ရအောင် စီစဉ်ထားတယ်။ ဒါကြောင့် ကားကို လူတွေက ဝိုင်းပြီး ကြည့်ကြတယ်။ သူက ``ဒီကားဟာ သိပ်ပြီး အံသြစရာကောင်းတာပဲ။ ခလုတ်လေး တစ်ချက် နှိပ်လိုက်ရုံနဲ့ သွားနိုင်တယ်။ ဘာမှကြိုးစားပမ်းစား လုပ်စရာမလိုပဲ မောင်းလို့ရတယ်။ တကယ်ကောင်းတဲ့ ကားပဲ။ ဘယ်လို သွားအောင် လုပ်ထားတယ်ဆိုတာကတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် ကျွန်တော်အချိန်ရလို့ ရှိရင် ကားကို တစ်စစီ ဖြုတ်ပြီးတော့ ဘယ်လို လည်ပတ်သလဲဆိုတာ ကြည့်လိုက်စမ်းချင်တယ် လို့ ပြောသေးတယ်။
``သမ္မတ ရုစဗဲ့ရဲ့ မိတ်ဆွေများနဲ့ လုပ်ဖော်ကိုင်ဖက်များကလည်း ကားကို ဝိုင်းအုံကြည့်နေကြတယ်။ သူတို့ရဲ့ ရှေ့မှာပဲ ``မစ္စတာ ချိန်ဘာလိန်၊ ဒီကားတစ်စီးဖြစ်အောင် အားထုတ်ရတဲ့ အချိန်နဲ့ အားထုတ်မှုကို ကျွန်တော် တကယ်လေးစားပါတယ်။
သူက ပစ္စည်းတစ်ခုစီကို ချီးကျူးတယ်။ နောက်ကြည့်မှန်နဲ့ နာရီကိုလည်း သဘောကျတယ်။ ကွက်ပြီးထိုးလို့ရတဲ့ မီးကိုလည်း သဘောကျတယ်။ လက်ဆွဲအိတ်တွေကိုလည်း သဘောကျတယ်။ တစ်နည်းအားဖြင့် ပြောရရင် ကျွန်တော် သေသေချာချာ စဉ်းစားတွေးတောပြီး လုပ်ထားတယ်လို့ သူသိတဲ့ ကိစ္စမှန်သမျှ အသေးစိတ် ဂရုစိုက်တာကို တွေ့ ရတယ်။ သူသိရုံတင် မကဘူး။ သမ္မတ ကတော် မစ္စစ်ရုစဗဲ့ သိအောင်ပါ ပြောလိုက်သေးတယ်။ မစ္စစ်ရုစဗဲ့ အပြင် အလုပ်သမားရေးရာဝန်ကြီး မစ်ပါကင်နဲ့ သူ့ရဲ့ အတွင်းရေးမှုးလည်း ရှိနေကြတယ်။ အိမ်ဖြူတော်က အလုပ်သမားတစ်ယောက်ကို ခေါ်ပြီးတော့ ``ဂျော့ခ်ျ အဲ့ဒီကားထဲက လက်ဆွဲအိတ်တွေကို သေသေချာချာ ဂရုစိုက်” ဆိုပြီး မှာလိုက်သေးတယ်။
“ကားမောင်းသင်ပြီးတဲ့ အခါမှာ သမ္မတကြီးက ကျွန်တော့်ကို ဘာပြောတယ် ထင်သလဲ။ “ ကောင်းပါပြီ မစ္စတာချိန်ဘာလိန်၊ ဗဟိုသီးသန့်ရန်ပုံငွေအဖွဲ့ က ကျွန်တော့်ကို စောင့်နေတာ နာရီဝက်လောက် ရှိပြီ။ ကျွန်တော်အလုပ်ပြန်လိုက်ဦးမယ်”

                                                                                                                                    ဒေးလ်ကာနက်ဂျီ