ကျနော် ဒီမြို့ လေးကို ရောက်ခဲ့တာ ၄နှစ်ကျော်ပါပြီ။ ဒီမြို့ ကလေးဟာ ကျနော့်ဇာတိမြို့ ရဲ့  သုံးပုံ ပုံ တစ်ပုံစာပဲ ရှိပါသည်။ ဒီမြို့ ကလေးမှာ ချယ်ရီတွေ မပွင့်ပါ။ ကြက်ခြံ၊ နွားခြံ၊ ဝက်ခြံတွေလည်း မရှိပါ။ ကော်ဖီပင်တွေလည်း မတွေ့ရပါ။ ဒါပေမယ့်ဒီမြို့ လေးမှာ လိုချင်တာ အကုန်ရနေပါသည်။
ကျနော် ဒီမြို့ လေးကို ချစ်သည်။ သံယောဇဉ်လည်း ဖြစ်မိသည်။ ဒီမြို့ လေးမှာ နေရတာ လုံခြုံတယ်လို့ ကိုယ့်ကိုကိုယ် ခံစားမိသည်။ ကျနော့်ဇာတိမြို့ ကလို အရက်မူးပြီး လမ်းပေါ် အော်ဆဲနေတတ်သူတွေလည်း မရှိပါ။ မီးပွိုင့်မှာ မုန့်ဖိုးတောင်းတတ်တဲ့ ပီကယ်ကြီးတွေလဲ မရှိပါ။ ညကြီးသန်းခေါင် အိပ်ရေးပျက်အောင် ဧည့်စာရင်း လာစစ်မယ့် ပုဂ္ဂိုလ်တွေလဲ မရှိပါ။ ပြီးတော့ လူလူချင်းကြည့်ပြီး အတင်းအဖျင်းပြောမယ့်သူတွေလည်း မရှိပါ။
ထူးခြားတာက ဒီမြို့ လေးမှာ ဖုန်ဆိုတာ မရှိဘူး၊ ခြင်တွေလဲမရှိဘူး။ နေရာတိုင်းမှာ စိမ်းစိုနေတတ်သည်။ တစ်ခုတော့ရှိသည်။ ဒီမြို့ ကလေးက ခပ်တည်တည်နေတတ်သည်။ စည်းကမ်းကြီးသည်။ သူ့ရင်ခွင်မှာ နွေးထွေးစွာ ခိုလှုံခွင့် ပေးထားပြီး သူ့ကို ဖြစ်ကလဲ့စမ်းလုပ်လို့မရ။ တွေ့ရာနေရာ အမှိုက်ပစ်လို့မရ။ ဆေးလိပ်သောက်လို့မရ။ အပေါ့အလေး သွားလို့မရ။
သူကသန့်သန့်ရှင်းရှင်း နေလေ့ရှိတဲ့မြို့ ။ ဒီမြို့ မှာနေခွင့်ရသူတွေအတွက် သူက အားလုံးအဆင်ပြေအောင် စီစဉ်ပေးပြီးသား။ မိုးရွာမှာ နေပူမှာ ရာသီဥတုကို လေ့လာစရာမလိုဘူး။ ကျနော့်ဇာတိကမိဘများလို အပြင်သွားခါနီး သားရေ မိုးတွေလာတယ် ထီးယူဖို့ မမေ့နဲ့လို့ အထူးတလည် မှာစရာမလိုဘူး။ နေရာတိုင်းမှာ အမိုးနဲ့လျှောက်လမ်းတွေရှိသည်။ ပြီးတော့ အပြင် သွားတော့မယ်ဆိုရင် အမေတို့မေးနေကျစကား သားရေ အကြွေလဲသွားဦး ကားပေါ်မှာ အတန်ကြီးပေးလို့ စပယ်ယာ အဟောက်ခံနေရမယ် ဆိုတာမျိုး ဒီမြို့ ကလေးမှာ မလိုဘူး။ ဒီမြို့ လေးရဲ့  လမ်းပန်းဆက်သွယ်ရေးနဲ့  သယ်ယူပို့ဆောင်ရေးဟာ အလွန်အဆင်ပြေ လွယ်ကူချောမွေ့ ပါသည်။