Wednesday, May 29, 2013

“နှလုံးသားကိုရစ်ပတ်ခဲ့ပြီနွယ်”


“နွယ့်ကိုသိပ်ချစ်သလားကိုကို” တဲ့ နွယ်မေးခဲ့တယ်။ မိုးဝေ သူ့လက်ဖဝါးတွေကို ဆုပ်ကိုင်ထားနိုင်တာကလွဲလို့ နွယ့်ကို ဘာတစ်ခွန်းမှ ပြန်မပြောမိဘူး။ နွယ်ကတော့ မိုးဝေကိုကြည့်ရင်း အားတင်းပြုံးပြရှာတယ်။ ပြီးတော့ ဆက်မေးတယ်။ 

“ပြောပါကိုကိုရယ် နွယ့်ကိုသိပ်ချစ်တာပဲလား”

“နွယ်ရယ်…စကားတွေအများကြီးပြောရင် မောနေပါ့မယ်၊ ကိုကို နွယ့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ နွယ်အသိဆုံးပါ” 

မိုးဝေစကားသံတွေထဲ အက်ကွဲမှုတွေပါနေရင် ဘေးကလူတွေ နားလည်ပေးကြမယ် ထင်ပါတယ်။ သူ မငိုမိအောင်ထိန်းထားပေမယ့် မျက်ရည်စတွေကတော့ မျက်ဝန်းတွေထဲ ရီးလေးခိုနေလျက်ပါ။

အဖြစ်အပျက်တွေက သိပ်မြန်လွန်းတယ်နွယ်ရယ်။ နွယ့်ကို တစ်ယောက်တည်းထားခဲ့ရတာ ကိုကို စိတ်မကောင်းပေမယ့် ဘဝဆိုတာ ရုန်းကန်ခြင်းမဟုတ်လား။ ကိုကိုနဲ့ နွယ်တို့ဘဝ ရှေ့ရေးအတွက် ကိုကို နွယ့်ကို ထားပြီး နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်နေရတာ နွယ်သိပါတယ်။ ကိုကို နွယ့်ကို ဘယ်ခွဲချင်ပါ့မလဲ။ ဒါပေမယ့် အိမ်ထောင်တစ်ခု ပြုပြီးရင် ယောက်ျားတစ်ယောက်အနေနဲ့ အိမ်ထောင့်တာဝန်ကိုတော့ ကျေပွန်သင့်တယ်လေ။ နွယ်ရယ် ဒီလိုအဖြစ်မျိုးနဲ့ကြုံမယ်မှန်းသိရင် ကိုကို နွယ့်အနားက တစ်ဖဝါးမှ ခွာမှာ မဟုတ်ပါဘူး။

“နွယ်လေ..ကိုကို့ကို သိပ်ချစ်တယ်…ကိုကို့ကို အမြဲတမ်းသတိရနေတာ…ကိုကို နွယ့်ကိုချစ်ရင် နွယ့်တစ်ယောက်တည်း ထားမသွားပါနဲ့တော့နော်”

“အင်းပါနွယ်ရယ်…ကိုကို နွယ့်ဘေးက ဘယ်မှ မသွားတော့ပါဘူး”

နွယ်ရဲ့နောက်ဆုံးအပြုံးလေးက ကျွန်တော့်ရင်တစ်ခုလုံးကို ဗလောင်ဆူဝေခဲ့ပါတယ်။ 

နွယ်ရယ်… 

မိုးဝေ ဆုပ်ကိုင်ထားတဲ့လက်ကလေး ပြေလျော့သွားချိန်မှာတော့ နွယ်တစ်ယောက် လောကကြီးထဲက ထွက်ခွာသွားချေပြီ။

နွယ်ရေ…ကံစီမံရာအတိုင်း ကိုကိုတို့ ခွဲကြရပြန်ပြီ။ ဒီတစ်ခါ ခွဲခွာခြင်းက ဘယ်တော့မှ ပြန်မဆုံနိုင်တော့တဲ့ ခွဲခွာခြင်းမို့ ကိုကို ဘယ်လိုဖြေရပါ့မလဲနွယ်ရယ်။

ကိုကို စာမှန်မှန်ရေးနော်..ဖုန်းမှန်မှန်ဆက်နော်နဲ့ မိုးဝေထွက်ခွာသွားတိုင်း တစ်ယောက်တည်း ဝမ်းနည်းစွာ ကျန်ရစ်သူက နွယ်ပါ။ အခုတော့ မိုးဝေကို တစ်ယောက်တည်းထားရစ်ပြီး ထွက်ခွာသွားသူကတော့ နွယ်ပါပဲ။

ဒီဝေဒနာခံစားနေရတာကို နွယ်က ဘယ်သူ့ကိုမှ မပြောဘူး။ မိုးဝေသိရင် စိတ်ပူမှာဆိုးလို့ တစ်ယောက်တည်း ကြိတ်ကုနေတာ။ မရှူနိုင် မကယ်နိုင် ဆေးရုံပေါ်ရောက်မှ သူ့ဆီ အကြောင်းကြားတယ်။ မိုးဝေ အချိန်မီပြန်လာခဲ့တယ်။ ဒါပေမယ့် နွယ့်အသက်ကလေး မီရုံတင်။ ငယ်ငယ်ရွယ်ရွယ်နဲ့ လူ့လောကထဲက ထွက်ခွာသွားရတဲ့ နွယ်။

အိမ်ထောင်ရှင်မတစ်ယောက်အနေနဲ့ မိသားစုဘဝလေးကိုတောင် မတည်ဆောက်သွားနိုင်တဲ့ နွယ်၊                နွယ်ရယ်… အဲ့ဒီလို ဖြစ်ရတာ ကိုကို့ကြောင့်ပါပဲ။ ကိုကိုသာ နွယ့်အနားမှာရှိခဲ့ရင် အခုလို အဖြစ်မျိုးနဲ့ ကြုံချင်မှ ကြုံရမှာ။

သွားတော့နွယ်ရေ…သွားတော့….ကိုကို့အချစ်တွေအားလုံးကိုပါ တပါတည်း ယူသွားပါတော့နွယ်ရေ…။

“နွယ်က အချစ်နဲ့ပတ်သက်ရင် အရမ်းလောဘကြီးတာနော်ကိုကို…ကိုကို့ကို နွယ်ကလွဲလို့ ဘယ်သူကမှ လာမချစ်ရဘူး။ ကိုကိုကလဲ နွယ်ကလွဲရင် ဘယ်သူ့ကိုမှ ထပ်မချစ်ရဘူးနော်”

နွယ်နဲ့ချစ်သူဖြစ်ကာစက နွယ်ပြောခဲ့ဘူးတဲ့စကားတွေ မိုးဝေပြန်ကြားယောင်နေမိတယ်။

“လက်ထပ်ပြီးရင် ကိုကိုက နိုင်ငံခြားသွားပြီး ပိုက်ဆံရှာမယ်၊ နွယ့်ဆီပို့ပေးမယ်၊ နွယ်က စုဆောင်းပြီး ဒီမှာ ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခု လုပ်နိုင်အောင် ကြိုးစားပေါ့။ အိမ်ရှေ့မှာ စတိုးဆိုင်လေးဖြစ်ဖြစ်၊ ဆေးဆိုင်လေးဖြစ်ဖြစ် တစ်ခုခုဖွင့်ပြီး အိုးမကွာ အိမ်မကွာလေး လုပ်ပေါ့”

“ကိုကိုက ဘယ်လောက်ကြာကြာ သွားလုပ်ရမှာလဲ”

“ကိုကိုတို့ လုံလောက်တဲ့ ငွေလေးရတဲ့အထိတော့ အပင်ပန်းခံပြီး လုပ်ရမှာပဲနွယ်”

“သူများတွေက လက်ထပ်ပြီးရင် မိန်းမကိုပါ တစ်ပါတည်းခေါ်ပြီး ဟိုမှာပဲ နေကြတာများတယ်”

“ကိုကိုကတော့ အဲ့ဒီလိုမလုပ်ချင်ဘူး။ သူများနိုင်ငံမှာ သွားလုပ်ရတာ အရမ်းအောက်ကျတယ်ကွာ၊ ကိုယ့်မိန်းမကို အဲ့ဒီလို မခိုင်းရက်ဘူး။ ကိုယ့်ရပ်ကိုယ့်ဒေသမှာပဲနေပြီး မိသားစုဘဝလေးကို စိတ်ချမ်းချမ်းသာသာပဲ တည်ဆောက်ချင်မိတယ်”

“ကိုကိုရယ် နွယ်တို့ ခွဲပြီးနေကြရမှာပေါ့နော်”

“ခဏပါနွယ်ရယ်၊ ကိုကိုလည်း မကြာမကြာ ခွင့်ရရင် ပြန်လာလည်မှာပေါ့”

အဲ့ဒီလိုနဲ့ပဲ မိုးဝေနဲ့နွယ် သဘောတူညီမှုတွေရယူပြီး ရှေ့ဆက်ခဲ့ကြတယ်။ တစ်နေ့နေ့မှာ သူတို့ မျှော်လင့်ထားတဲ့   ပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ဆောက်ဖို့ ကြိုးစားရင်း ရုန်းကန်ခဲ့ကြတယ်။ မိုးဝေလည်း နွယ့်ဆီ တစ်ပတ်တစ်ခါ ဖုန်းဆက်တယ်။ နွယ်ကတော့ စာတိုက်ကနေတစ်ဆင့် စာမှန်မှန်ပို့လေ့ရှိတယ်။ မိုးဝေ သွားပြီး တစ်နှစ်လောက်အထိ အားလုံးအေးဆေးပါပဲ။ သူ့ကိုခွင့်ရရင် ပြန်လာလည်ဖို့ နွယ်ကအမြဲပြောတယ်။ သူကလည်း ခွင့်ရက်ရှည်ယူဖို့ကို တစ်နှစ်ပြည့်အောင် လုပ်ရတယ်လေ။ သူပြန်လာလည်ဖို့ စီစဉ်နေတုန်းမှာပဲ နွယ့်သတင်းကို ကြားခဲ့ရတယ်။

နွယ်…အသည်းအသန်ဖြစ်လို့ ဆေးရုံတင်လိုက်ရတယ်ဆိုတဲ့သတင်းပါပဲ။ မိုးဝေရင်တွေ တလှပ်လှပ်နဲ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားရတယ်။ ဘာများဖြစ်လို့လဲနွယ်ရယ်၊ ဆေးရုံပေါ်မှာ တစ်ယောက်တည်း အားငယ်နေရှာတော့ မယ်။ နွယ်ဘာမှ မဖြစ်ပါစေနဲ့။ 

မိန်းမ ဆေးရုံတင်လိုက်ရတဲ့အကြောင်းပြောပြီး ချက်ချင်းပြန်လာခဲ့တယ်။ ပြန်ရောက်တဲ့နေ့မှာပဲ နွယ့်အဒေါ်တွေဆီက ကြားလိုက်ရတာ နွယ့်မှာ သားအိမ်ကင်ဆာဖြစ်လို့တဲ့။ ဘုရား ဘုရား။ ကင်ဆာဆိုတာ ကြောက်စရာ အကောင်းဆုံး ရောဂါပဲ။ စောစောစီးစီး သိရင် ကုလို့လွယ်ပေမယ့် အခုလို အချိန်ကျမှ သိရတော့ ဘယ်လိုလုပ်ကြရမလဲ။

“နွယ့်မှာ ဒီရောဂါဖြစ်နေတာ ဘယ်လောက်ကြာသွားပြီလဲ”

“မင်းနိုင်ငံခြားသွားပြီး တစ်လလောက်မှာ စသိတာ၊ ပထမတော့ ရိုးရိုးမိန်းမရောဂါလို့ပဲထင်တာ၊ နွယ်က မင်းကို မပြောပါနဲ့၊ အလုပ်ထဲမှာ စိတ်အနှောင့်အယှက်ဖြစ်သွားပါမယ်ဆိုပြီး တားထားလို့ အဒေါ်တို့ကလည်း မပြောတာ၊ သူ့ဟာသူ ကြိတ်ကုနေတာ၊ နောက် ရှစ်လလောက်ကြာတော့ ရောဂါက ပိုဆိုးလာတယ်။ ဖြစ်ဖြစ်ချင်းမှာ ဆရာကောင်း သမားကောင်းနဲ့ပြခဲ့ရင် ဒီအခြေအနေဖြစ်မှာမဟုတ်ဘူး။ အခုတော့ ဆဲလ်တွေက တော်တော်လေး ပျံ့ နေပြီကွယ်”

“ဒါဆို နွယ့်မှာ မျှော်လင့်ချက်ရှိသေးရဲ့ လား”

မိုးဝေရဲ့ အမေးကို နွယ့်အဒေါ် ပြန်မဖြေနိုင်ခဲ့ပါ။ မျက်နှာကိုလက်နဲ့အုပ်ပြီး ငိုရှိုက်လိုက်ခြင်းက မိုးဝေကို ပါးစပ် ကပြောပြခြင်းထက် ပိုပြီး ခံရခက်စေခဲ့ပါတယ်။ 

“နွယ့်ကို ဘယ်လိုပဲဖြစ်ဖြစ် ရအောင်ကုမယ်ဗျာ”

“မောင်မိုးဝေ…အဒေါ့်တူမလေးကို ကယ်ပါဦးကွယ်…ဆရာဝန်ကြီးက တစ်ရက် နှစ်ရက်ပဲလို့ ပြောလိုက်ပြီကွဲ့…”

အဲ့ဒီ တစ်ရက် နှစ်ရက်ဆိုတဲ့စကားက မိုးဝေဆံပင်တွေကို စောင့်ဆွဲပြီး ကိုင်လှုပ်လိုက်သလို ခေါင်းနားပန်း ကြီးသွားတယ်။ တစ်ကိုယ်လုံး အားပျက်ပြီး ယိုင်နဲ့သွားသလို ခံစားလိုက်ရတယ်။

ဒါဆို နွယ့်မှာ မျှော်လင့်ချက်မရှိတော့ဘူးပေါ့။ နွယ်နဲ့သိပ်မကြာတော့တဲ့ ကာလအပိုင်းအခြားတစ်ခုမှာ အပြီးတိုင် ခွဲခွာရတော့မှာပေါ့။

သူနွယ့်အနားက ဘယ်မှ မခွာပဲ နေမိတယ်။   နွယ့်ကို ထွေးပွေ့ထားချင်ပေမယ့်   ဆေးရုံကုတင်ပေါ်မှာမို့   နွယ့်လက်ကလေးတွေကိုပဲ ဆုပ်ကိုင်ထားမိပါတယ်။

နွယ့်ဆံစလေးတွေက ချွေးစို့နေတဲ့ နဖူးပြင်ပေါ် ဖရိုဖရဲလေး ကျနေရှာတယ်။   နွယ်ရယ်…ဝေဒနာ   တော်တော်ခံစားနေ ရရှာမှာပဲနော်။                 သနားစရာကောင်းလိုက်တဲ့ နွယ်၊ တစ်ချက်တစ်ချက် မျက်လုံးကလေးမှိတ်၊ အံကိုကြိတ်ပြီး တကျွတ်ကျွတ်နဲ့ အောင့်သက်သက်နာကျင်တဲ့ ဝေဒနာကို ကိုကို့မျက်စိထဲ ဘယ်မှာလာပြီး စိတ်ချမ်းသာနိုင်ပါ့မလဲ။
ဒီလိုနဲ့ လောကကြီးထဲမှာ နွယ်ဆိုတဲ့ ကောင်မလေးတစ်ယောက် ပျောက်ကွယ်သွားခဲ့ရရှာပါပြီ။ တစ်ပင်တည်း ရင်ထဲကနွယ် အခုတော့လည်း အကြွေစောလို့ နှမြောလှချည်ရဲ့ နွယ်။


နေရောင်ခြည်တို့သည် မိုးကုတ်စက်ဝိုင်းကြီးကို လိမ္မော်ရောင်အဆင်းတို့ဖြင့် ထုံမွှန်း၍ အနောက်ဂေါယာသို့ နေလုံးနီနီကြီးက မြုပ်ဝင်ခဲ့လေပြီ။

အသင့်ယူဆောင်လာသော စီးကရက်ဗူးထဲမှ ဆေးလိပ်တစ်လိပ်ကို ထုတ်၍ ဖွာရှိုက်လိုက်သည်။ စင်ကာပူနိုင်ငံ အိစကုပ်ကမ်းခြေ၌ သူတကာတို့ လှုပ်ရှားပျော်ပါးနေကြသည်။ မလှုပ်မယှက် ထိုင်နေမိတဲ့သူကတော့ မိုးဝေတစ်ယောက်သာ။ ဒီနေ့ နွယ်ဆုံးတာ တစ်နှစ်ပြည့်ခဲ့ပြီ။ နွယ့်ကို သတိရတိုင်း ဒီကမ်းခြေလေးမှာ လာလာလွမ်းမိပါတယ်။ 

ဒီကမ်းခြေရဲ့ဟိုမှာဘက်၌ နွယ်များရှိနေမလားဆိုတဲ့ စိတ္တဇဆန်ဆန် အတွေးတွေနဲ့ မိုးဝေရူးသွပ်နေခဲ့တာ လည်း နှစ်ပေါက်ခဲ့ပါပြီ။ လက်ထပ်ပြီးကာစမှာ ဒီနိုင်ငံကို ရောက်လာတယ်။ ပူပူနွေးနွေး ချစ်ဇနီးလေးနဲ့ခွဲပြီး ဝမ်းရေးအတွက် လှုပ်ရှားခဲ့ရတယ်။ အတူနေခဲ့ရတယ်ဆိုတာ တစ်လပဲရှိခဲ့တယ်။ အခုတော့ မိုးဝေဘဝဟာ မုဆိုးဖိုလေးဖြစ်ရရှာပြီ။ အသက်အားဖြင့် ၃၀တောင်မပြည့်သေးတဲ့ လူရွယ်တစ်ယောက်အတွက် အချစ်ဆိုတဲ့ စကားတွေကို ပြန်မကြားချင်တော့လောက်အောင် ကံကြမ္မာဇာတ်ဆရာက ပုံဖော်ပစ်လိုက်သည်။

မိုးဝေနှလုံးသားတွေက နူးညံ့နေဆဲ၊ လတ်ဆတ်နေဆဲ၊ တက်ကြွနေဆဲ သို့သော် မိုးဝေရဲ့ စိတ်ဓါတ်တွေကတော့ နွယ်နဲ့အတူ ကွယ်လွန်သေဆုံးသွားခဲ့ပါပြီ။ စိတ်ရဲ့ နောက်မှာ လိုက်ပါရမယ့် ချစ်ခြင်းတွေဟာလည်း ထိုနည်း၎င်းပါပဲ။

မိုးဝေ ကမ်းစပ်ကခဲတစ်လုံးကိုကောက်ပြီး ပင်လယ်ပြင်ဘက် ပစ်ပေါက်လိုက်သည်။ ဒါ သူပြန်ခါနီး ပင်လယ်ကို လှိုင်းထအောင် နှုတ်ဆက်နေကျ။ တကယ်တော့ ပင်လယ်ပြင်ဟာ သူပေါက်တဲ့ခဲကြောင့် လှိုင်းထနေတာမဟုတ်၊ အမြဲမပြတ် လှိုင်းဂယက်တို့ရှိနေလျက်ပါ။ ဘဝဆိုတာလည်း ပင်လယ်လိုပါပဲ။

“မိုးဝေ…ပြန်ကြရအောင်ကွာ ညနေစောင်းပြီ”

သူ့အနားမှာ ဝင်ထိုင်ရင်းပြောလိုက်သူကတော့ စိုင်းနော်။ မိုးဝေ တစ်ချက်လှည့်ကြည့်လိုက်သည်။ မိုးဝေမျက်ဝန်းထဲ မျက်ရည်စများပြည့်နေတာကို စိုင်းနော်တွေ့သွားသည်။ 

“မင်းဘယ်လောက်ခံစားနေရမယ်ဆိုတာ ငါသိပါတယ် မိုးဝေရာ…ဒါပေမယ့် ပြီးခဲ့တာတွေ ပြီးခဲ့ပြီပဲကွာ ပြန်လုပ်ယူလို့လဲ ရတော့တာမှ မဟုတ်ပဲ၊ ကိုယ့်ကျန်းမာရေးနဲ့ ကိုယ့်စိတ်ဝေဒနာကို ဘာလို့ အထိခိုက်ခံမလဲ၊ ငါကိုယ်ချင်းမစာလို့ ပြောတာမဟုတ်ဘူးသူငယ်ချင်း၊ မင်းရင်ထဲမှာ ဖြစ်နေတဲ့ ခံစားချက်တွေကို ငါနားလည်မိပါတယ်။ ငါတို့အားလုံးဟာ တစ်နေ့မှာ တွေ့ကြတယ်၊ ဆုံကြတယ် ပြီးရင် ခွဲခွာကြရတာပဲ။ လာပါသူငယ်ချင်းရာ… ခံစားချက် ဆိုတာကို အချိန်က ကုစားသွားပါလိမ့်မယ်”

မိုးဝေနဲ့စိုင်းနော် အိမ်ပြန်ခဲ့ကြသည်။ နာရီကြည့်မိတော့ ည၈နာရီလောက်ရှိပြီ။ စိုင်းနော်က သူ့အချစ်ဆုံး ငယ်သူငယ်ချင်းတစ်ယောက်။ အခုလည်း သူနဲ့အတူအိမ်မှာ လာနေပေးသည်။ သူတို့နှစ်ယောက်စလုံး မိုးလင်းရင် လုပ်ငန်းခွင် ပြန်ဝင်ကြရပေဦးမည်။ 

လှုပ်လှုပ်ရှားရှားနဲ့မို့ တစ်ပတ်တာ မေ့မေ့ပျောက်ပျောက်နေနိုင်ပါသော်လည်း တနင်္ဂနွေပိတ်ရက်မျိုးမှာ မိုးဝေအတွေးထဲ နွယ့်အကြောင်းတွေသာ ရောက်ရောက်လာတတ်သည်။ အဲ့လိုအချိန်တွေမှာ မိုးဝေ အဖော်ပြုတာက အရက်ဖြစ်လာသည်။ ခါတိုင်း ပိတ်ရက်တွေမှ သောက်ဖြစ်ပေမယ့် အခုရက်ပိုင်း ကြားရက်တွေထဲမှာပါ သောက်လာသည်။ မေးလိုက်ရင် စိတ်ညစ်လို့ပါကွာဟုသာ တွင်တွင်ဖြေသည်။ မိုးဝေမျက်နှာပေါ်မှာ အပြုံးတွေ ကင်းကွာခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ စိုင်းနော်က သူ့ကို စိတ်ပြေလက်ပျောက်ဖြစ်အောင် ဘယ်လိုပဲ ထားထား အချိန်တန်ရင်တော့ နွယ့်ရုပ်လွှာနဲ့ အဖြစ်တို့ကို သူမေ့လို့ကိုမရ။

ဒီကနေ့လည်း သောကြာနေ့ညနေ ရုံးဆင်းရင် အိမ်တန်းမပြန်ချင်လို့ စိုင်းနော်ကို လှန်းခေါ်ထားသည်။ တစ်နေရာရာမှာ မူးအောင် သောက်ပစ်ချင်သည်။ မူးသွားမှ အာရုံထဲကနေ နွယ့်ကို မေ့ဖျောက်ထားနိုင်လိမ့်မည်။ သူနဲ့ စိုင်းနော် ရပ်(ဖ်)ဖဲလ်မြစ်ကမ်းစပ်က ဆိုင်တစ်ဆိုင်မှာ ဆုံဖြစ်ကြသည်။

“မိုးဝေ…မင်းမူးအောင်သောက်ပြီး မှောက်သွားရင် ငါတစ်ယောက်တည်း မင်းကို မနိုင်ဘူးနော်”

“စိတ်ချပါ စိုင်းနော်ကြီးရာ..မိုးဝေက မူးအောင်သောက်ချင်ပေမယ့် အိမ်မပြန်နိုင်လောက်အောင်တော့ မသောက်ပါဘူးကွာ”

ဒီလိုနဲ့ မိုးဝေနဲ့စိုင်းနော် တစ်ခွက်ပြီး တစ်ခွက် အရှိန်တက်ခဲ့ကြပြီး နည်းနည်းမိုးချုပ်တော့ အိမ်ပြန်ခဲ့ကြသည်။   နှစ်ယောက်သား အငှားကားတားကြသည်။ ဒီညမှ အငှားကားတွေက ရှားလွန်းနေသည်။ မိုးဝေစိတ်မရှည်ချင်၊ လမ်းမပေါ်ထွက်ပြီး လာတဲ့ကားတစ်စီးကို လှန်းတားလိုက်သည်။ ကားက သူ့ရှေ့တည့်တည့်သို့ တန်းတန်းမတ်မတ်ကြီး ဝင်လာပြီး အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်လိုက်တော့သည်။ နေရာမှာတင် ခွေကနဲ လဲကျသွားပြီး ဘာဆိုဘာမှ သတိ မရတော့ပေ။

မျက်လုံးနှစ်လုံးဖွင့်နိုင်တဲ့အချိန်မှာ သူဟာ သန့်ရှင်းသပ်ရပ်ပြီး တိတ်ဆိတ်တဲ့ အခန်းတစ်ခုရဲ့ ကုတင်ပေါ်မှာ ရောက်နေလေသည်။ သူဘာဖြစ်ခဲ့သလဲဆိုတာ စဉ်းစားမရပေမယ့် သူ့သူငယ်ချင်း စိုင်းနော်ကိုတော့ သတိရမိသည်။

စိုင်းနော်…လို့နှုတ်ကဖွဖွလေး ရွတ်လိုက်မိသည်။ အခန်းတံခါး ပွင့်သွားပြီး အမျိုးသမီးတစ်ဦးဝင်လာသည်။ သူနဲ့ တစ်ခါမှ မတွေ့ဖူး မဆုံဖူးသည့် ထိုအမျိုးသမီးသည် သူ့ကုတင်ဘေးရှိ ခုံတွေ ဝင်ထိုင်ရင်း

“ကိုမိုးဝေ သတိရလာပြီလား၊ ကိုစိုင်းနော် ခုလေးတင်စားစရာသွားဝယ်တယ်”

သူ့ကို မိုးဝေမှန်းသိပြီး စိုင်းနော်ကိုလည်း သိနေသည့် ထိုမိန်းကလေး၏ ပြောပုံဆိုပုံမှာ ရင်းနှီးမှုရှိပြီးသား မိတ်ဆွေတစ်ဦးလို ဖြစ်နေသည်။ သို့သော် ထိုမိန်းကလေးကို သူမသိပါ။ သူဘယ်သူလဲ။ မိန်းကလေးရဲ့ ပုံပန်းသဏ္ဍာန်ကို အကဲခတ်ကြည့်မိသည်။

မျက်နှာသွယ်သွယ် နှာတံစင်းစင်း မျက်လုံးဝိုင်းဝိုင်း နှုတ်ခမ်းပါးပါးနဲ့ အသားမဖြူမညို ပါးမို့မို့လေးတွေနဲ့ ချစ်စရာ အသွင်ကိုတော့ဆောင်သည်။ အရွယ်အားဖြင့် ၂၅နှစ်ဝန်းကျင်ခန့်ရှိမည်။ ရင့်ကျက်ပုံရသည်ဟု ထင်ရသော ထိုမိန်းကလေး၏ လေယူလေသိမ်းနှင့် အမူအယာတို့မှာ အိနြေ္ဒရှိလှသည်။

သူစိုက်ကြည့်နေ၍ ကောင်မလေး မနေတတ်သလို ဖြစ်လာသည်။ ရုတ်တရက် သူ့နားမှ ထထွက်သွားဖို့လုပ်စဉ် စိုင်းနော်   ပြန်ရောက်လာသည်။

“ဟာ…မိုးဝေ မင်းသတိရနေပြီပဲ…ဒီမှာ မင်းစားဖို့”

စိုင်းနော်က သူဝယ်လာတာတွေကို မိုးဝေမြင်အောင် မြှောက်ပြသည်။ ထိုအခါ မိန်းကလေးသည် စိုင်းနော်လက်ထဲမှ စားစရာထုပ်များကို လှန်းယူပြီး

“နွယ်သွားပြင်လိုက်မယ်..” ဟုပြောကာ အခန်းထဲက ထွက်သွားပြီး အခန်းဝအရောက်မှာတော့

“ကိုစိုင်းနော်…ရှင့်သူငယ်ချင်းကို ရေမိုးချိုးဖို့ လုပ်ပေးလိုက်ပါဦး..အဲ့ဒီအခန်းမှာပဲ ချိုးလို့ရတယ်”

စိုင်းနော်လည်း ခေါင်းတဆတ်ဆတ်သာငြှိမ့်ပြနေတော့သည်။

“ကဲ…သူငယ်ချင်း ရေချိုးလိုက် လန်းသွားအောင်”

စိုင်းနော်ပြောနေပေမယ့် သူ့အာရုံထဲမှာတော့ ခုဏကမိန်းကလေးပြောသွားသည့် နွယ်သွားပြင်လိုက်မယ် ဆိုတဲ့ စကားသံပဲ ပြန်ကြားယောင်နေမိသည်။

နွယ်…နွယ်….သူ ပြောသွားတာ နွယ်ဆိုပါလား။ သူ့နာမည် နွယ်တဲ့လား။

“စိုင်းနော်…သူ့နာမည်ဘယ်လိုခေါ်သလဲ”

“အေးပါကွာ မင်းအခုလောလောဆယ် ကုတင်ပေါ်ကဆင်းပြီး ရေချိုးခန်းထဲဝင်လိုက်ပါဦး ငါအေးအေးဆေးဆေး   ပြောပြပါ့မယ်”

“မရဘူးကွာ…အခုပြော…သိချင်နေပြီ”

စိုင်းနော်လည်း မိုးဝေက အတင်းပြောခိုင်း၍ မနေသာတော့ပဲပြောပြရတော့သည်။

“ဟုတ်တယ် မိုးဝေ…သူ့နာမည်က နွယ်နွယ်တဲ့။ မင်းနဲ့ နွယ်ဆိုတဲ့ နာမည်ဟာ ရေစက်ဆုံကို ဆုံတတ်လွန်းပါတယ်ကွာ။ မင်းညက မူးမူးနဲ့Taxi တားတာ သူ့ကားကို သွားတာမိတယ်။ သူကလည်း အပြင်ကနေပြန်လာတာ မင်းက သူ့ကားရှေ့ပိတ်ပြီးတားတော့ ရုတ်တရက် မှောင်ထဲမှာ အရှိန်မထိန်းနိုင်ပဲ မင်းကို ဝင်တိုက်မိတာ။ တကယ်တော့ ဝင်တိုက်တာ ဘာမှမဖြစ်ဘူး။ မင်းကို ထိတယ်ဆိုရုံလေး၊ မင်းက မူးနေတော့ လဲကျသွားပြီး မှောက်သွားတာ။ ငါရှိနေလို့ပေါ့။ ကောင်မလေးခင်ဗျာ ပျာယာခတ်သွားပြီး ဘာလုပ်ရမှန်းမသိဖြစ်သွားတယ်။ ဒီမှာက ယာဉ်တိုက်မှုဆို လွယ်တာမဟုတ်ဘူး။ ဖြစ်ချင်တော့ ကိုယ့်မြန်မာအချင်းချင်း ဖြစ်နေလို့ သူလည်း ဝမ်းသာသွားပြီး ပြဿနာမလုပ်ဖို့နဲ့ သူတာဝန်ယူပြီး သက်သာအောင်လုပ်ပေးပါ့မယ်ပြောတယ်။ ပြီးတော့ သူ့အိမ်ကိုပဲ လိုက်ခဲ့ဖို့ခေါ်တာနဲ့ ငါတို့ဒီရောက်လာ တာပဲ”

“အော်..နွယ်ဆိုတဲ့မိန်းကလေးနဲ့ ငါဆုံမိပြန်ပြီပေါ့”

မိုးဝေ ရေမိုးချိုးပြီးလို့ အခန်းထဲကထွက်တော့ သူက ထမင်းစားခန်းထဲမှာ စားစရာတွေ အသင့်ပြင်ထားပြီး စောင့်နေသည်။ မိုးဝေတို့ စားပွဲမှာ ဝင်ထိုင်လိုက်ကြသည်။ ကောင်မလေးက ကော်ဖီပန်းကန်ထဲ ကော်ဖီဖြည့်ရင်း မိုးဝေကို ပြုံးပြသည်။ မိုးဝေလည်း ပြန်ပြုံးပြမိသည်။

“ညီမက တစ်ယောက်တည်းနေတာလား”  စိုင်းနော်ကစပြီး မေးလိုက်သည်။

“ဟင့်အင်း…ဦးလေးမိသားစုနဲ့နေတာ…အခုသူတို့က မြန်မာပြည် ခဏပြန်သွားကြလို့ နွယ်တစ်ယောက်တည်း လွတ်လပ်ရေးရနေတာလေ။ ညက နွယ့်သူငယ်ချင်းတွေအိမ်မှာ စားပွဲသောက်ပွဲရှိလို့ သွားပြီး ပြန်လာတာ၊ အစ်ကိုတို့နဲ့ တိုးတော့တာပဲ။ တော်သေးတာပေါ့။ နွယ်ဖြင့် အရမ်းလန့်သွားတာ၊ ကားနဲ့တိုက်မိလို့ သေသွားပြီထင်တာ။ အဲ့လိုဆို အဲ့ဒီနားတင် နွယ်လဲ သေသွားနိုင်တယ်၊ ကြောက်လွန်းလို့လေ” 

“ညီမ မမှားပါဘူး။ ကိုယ့်သူငယ်ချင်းအမှားပါ။ ဒီကောင်က မူးပြီး ကားလမ်းပေါ်တက် လာတဲ့ကားရှေ့ရပ်ပြီး တားမှတော့ ကိုယ်သာရဲဆို ဒင်းကိုဖမ်းပြီး အချုပ်ပို့မှာ”

စိုင်းနော်က ပြောရင်း မိုးဝေကို ပုခုံးပုတ်သည်။

နွယ်က ခပ်ပြုံးပြုံးလေးနဲ့ မိုးဝေကို ကြည့်နေသည်။ မိုးဝေ ကောင်မလေးကို စကားစပြီး ပြောဖို့ ပါးစပ်ပြင်နေမိသည်။ သို့သော် နှုတ်ဖျားမှာ တစ်ဆို့နေတာက နွယ်ဆိုသော သူ့နာမည်။

“နွယ်…”

“ရှင်…ကိုမိုးဝေ”

“နွယ်ဆိုတဲ့နာမည် ဘာလို့ပေးထားရတာလဲဗျာ…”

“ရှင်…”

“နွယ်ဆိုတာ ရစ်ပတ်တတ်တဲ့သဘောမို့လား…ကျွန်တော့်ကို ထပ်ပြီး ရစ်ပတ်ဦးမလို့လား…”

မိုးဝေသူ့ကို မကြည့်မိပဲ ပါးစပ်မှ ထွက်ကျလာသော စကားလုံးများသည် သူ့အား တစ်မျိုးဖြစ်သွားစေပါသည်။ ဒါကိုရိပ်မိသော စိုင်းနော်က စကားလမ်းကြောင်းပြောင်းပေးသည်။

“ဒီလိုပါ ညီမရာ…ဒီကောင်ကြီးက ညဘက်မူးပြီးရင် မနက်တော်တော်နဲ့ မပြေဘူး။ ဟဲဟဲ…ဘာပြောလို့ ပြောမှန်းလဲ မသိဘူး၊ ကဲပါ…ကိုယ်ဝယ်လာတာ ဘယ့်နှယ့်လဲ စားကောင်းရဲ့ လား”

စိုင်းနော်က အခြေအနေကို ထိန်းသိမ်းလိုက်ပြီး စကားဝိုင်းကို လှည့်လိုက်သော်လည်း မိုးဝေရင်ထဲမှာတော့ သေဆုံးသွားပြီဖြစ်တဲ့ နွယ့်ပုံရိပ်တွေကို ပြန်မြင်လာမိပါသည်။

“ဘာလို့ နွယ်ဆိုတဲ့နာမည် ပေးထားရတာလဲဟင်”

“နွယ်ဆိုတာ ရစ်ပတ်တတ်တဲ့သဘောလေ…ကိုကို့ကို ရစ်ပတ်နှောင်ဖွဲ့ဖို့ တမင်တကာ ပေးထားတာပေါ့”

“အော်…အဲ့လိုလား…နွယ်က ကိုကို့ကို ချည်နှောင်ထားတော့မယ်ပေါ့လေ…ကိုကို့ဘဝကို အပြီးချုပ်ထားတော့မယ်ပေါ့”

“ဒါပေါ့…ကိုကို့ ကို နွယ့်အနားက ဘယ်မှ မပြေးနိုင်အောင် နွယ်က ရစ်ပတ်ထားတော့မှာနော်”

ကျွန်တော့်မျက်ဝန်းတွေထဲမှာ နွယ်နဲ့အတူရှိစဉ်က အချိန်တွေကို ပြန်မြင်ယောင်နေမိသည်။ 

နွယ်ရယ်….

သူမျက်ရည်များ ပါးပြင်ပေါ် စီးကျလာမှ သတိရမိတော့သည်။ စိုင်းနော်လည်း အားနာနာဖြင့် မျက်နှာပျက်နေတော့သည်။
ကောင်မလေးကတော့ ဘာမှမသိရသူမို့ သူ့အပြုအမူများကို နားမလည်စွာရှိနေတော့သည်။

သူတို့ ကောင်မလေးကိုနှုတ်ဆက်ပြီး ပြန်လာခဲ့ကြသည်။ ကောင်မလေးလည်း ညကနေ ဒီမနက်ထိ ဖြစ်ပျက်ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို ဇာတ်လမ်းတစ်ပုဒ်သဖွယ် တွေးရင်းကျန်ခဲ့သည်။

“မိုးဝေ…မင်းမနေ့ကလုပ်လိုက်ပုံက ဟိုကောင်မလေးကို အားနာဖို့ကောင်းလိုက်တာကွာ”

စိုင်းနော်က သူ့ကို ဆူသည်။ 

“ငါလည်း သိတယ်။ ငါဘယ်လိုဖြစ်သွားတယ်ဆိုတာ သိလိုက်လိုက်ခြင်းပဲ နောက်ကျသွားတယ်။ ငါသူ့ကို တောင်းပန်ချင်တယ်”

မိုးဝေ ကောင်မလေးရှိမယ့် တိုက်ခန်းကို ထွက်ခဲ့မိသည်။ ကောင်မလေးအိမ်တံခါး ပိတ်ထားသည်။ သူအိမ်မှာမရှိ။ ဖုန်းနံပါတ်လဲ မတောင်းထားမိ၍ ဘာဆက်လုပ်ရမှန်းမသိဖြစ်နေသည်။ နောက်ဆုံး သူ့အိမ်ရှေ့မှာ စာရွက်နဲ့ စာရေးပြီး ထားခဲ့လိုက်သည်။

နွယ့်ကိုတောင်းပန်ချင်လို့ပါ ပြန်ရောက်ရင် ဖုန်းဆက်ပေးပါ ဆိုပြီး သူ့ဖုန်းနံပါတ်ရေးပေးထားခဲ့သည်။

သူ ပြန်လာတဲ့လမ်းတစ်လျှောက် ကောင်မလေးအကြောင်းတွေကို တွေးလာမိသည်။ သူတောင်းပန်တာကို လက်ခံ ပါ့မလား။ စိတ်များဆိုးသွားသလား။ ငါ့လုပ်ရပ်က တကယ်ပဲ မှားခဲ့သလား။ သူအမျိုးမျိုး လျှောက်တွေး ကြည့်သည်။ ဘူတာရုံနားအရောက်မှာပဲ သူ့ဆီဖုန်းဝင်လာသည်။

ကိုမိုးဝေ..

အသံနားထောင်မိလိုက်ရုံဖြင့် သူသိလိုက်သည်။ ဒါနွယ်ပဲဖြစ်မည်။ 

သူနဲ့နွယ် ကော်ဖီဆိုင်တစ်ခုတွင် ဆုံဖြစ်ကြသည်။ နှစ်ယောက်သား ဘာစကားမှ မပြောပဲ ထိုင်နေမိသည်။ သူကလည်း ဆိုင်အပြင်တစ်နေရာကို ငေးကြည့်နေသလို၊ နွယ်ကလည်း ခေါင်းကလေးငုံ့ထားသည်။

အချိန်နည်းနည်းကြာသွားမှ မိုးဝေကစပြီး ပြောဖြစ်သည်။

“ကျွန်တော် နွယ့်ကို တောင်းပန်ပါတယ် ဟိုနေ့က ကျွန်တော်ပြောလိုက်မိတဲ့ စကားတွေအတွက် တောင်းပန်ပါရစေ”

“နွယ်ဆိုတဲ့နာမည်ဟာ ကိုမိုးဝေရဲ့ အတိတ်မှာ ဘယ်လောက်အရေးပါခဲ့မယ်ဆိုတာ နွယ်သတိထားမိပါတယ်”

“ကျွန်တော့်ဘဝမှာ နွယ်ဆိုတာ တစ်ယောက်တည်းရှိခဲ့သလို နောက်လည်း ဘယ်တော့မှ ရှိလာတော့မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့တာ…အခုလို ဒီက နွယ်နဲ့ မမျှော်လင့်ပဲ ဆုံလိုက်ရတော့ ကျွန်တော့်ရင်ထဲမှာ အတိတ်က အဖြစ်တွေကို တမ်းတမိသွားတယ်”

“အော်..ကိုမိုးဝေရယ်…နွယ်ထင်ထားတာထက် ကိုမိုးဝင်က အရမ်းခံစားတတ်တာပဲနော်”

“အမှန်အတိုင်းပြောရရင် နွယ်ဆိုတာ ကျွန်တော်သိပ်ချစ်ရတဲ့ ချစ်သူပါ၊ ကျွန်တော်တို့ အချစ်တွေနဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ခဲ့ကြတယ်၊ ဒါပေမယ့် အချစ်တစ်ခုတည်းနဲ့ ဘဝဟာ ပြီးပြည့်စုံတာမှ မဟုတ်ပဲ။ ကျွန်တော်တို့ ဝမ်းရေးအတွက် အလုပ်လုပ်ကြရမယ်လေ။ ကျွန်တော် နွယ်နဲ့ခွဲပြီး ဒီမှာ အလုပ်လာလုပ်ဖြစ်တယ်။ သိပ်မကြာပါဘူး နွယ်ဟာ ကျွန်တော့်ကိုထားပြီး ထွက်သွားတော့တာပါပဲ” 

“ကိုမိုးဝေရဲ့ နွယ်က ဘယ်ကိုထွက်သွားလို့လဲဟင်”

“သူလား…သူကျွန်တော်နဲ့အဝေးဆုံးနေရာကို ထွက်သွားတာလေ..ဘယ်တော့မှ ပြန်မဆုံနိုင်တော့တဲ့ ခွဲခွာခြင်းနဲ့ပေါ့”

မိုးဝေက ဆွေးမြေ့စွာပြောရင်း မျက်ရည်စများပင် မျက်လုံးအိမ်ထဲ ဝဲလာတော့သည်။ ကောင်မလေးက မိုးဝေပြောတာကို နားထောင်ရင်း မိုးဝေမျက်လုံးတွေကို သတိထားကြည့်နေမိသည်။

“ကိုမိုးဝေ…ရှင်အရမ်းဝမ်းနည်းနေပြီထင်တယ်”

မိုးဝေက သူ့မျက်လုံးကို လက်နဲ့ပွတ်လိုက်ရင်း

“ဆောရီးပါဗျာ…ကျွန်တော်သတိလွတ်သွားတယ်…တကယ်တော့ နွယ်ဟာ လောကကြီးထဲမှာ မရှိတော့ပါဘူး၊ နွယ်ဆုံးသွားပြီလေ”

“ရှင်…ဖြစ်မှဖြစ်ရလေ…နွယ်စိတ်မကောင်းပါဘူး။ ကိုမိုးဝေ ဒီလောက်ထိခံစားနေရတာ ဘာကြောင့်မှန်းမသိခဲ့တာ အခုတော့ နွယ်သဘောပေါက်ပါပြီ”

“နွယ်ဆုံးသွားတာဟာ ကျွန်တော်သူ့အပေါ်ဂရုမစိုက်မိလို့ ဖြစ်ရတာပဲ”

“ဒီလိုတော့လည်း ဘယ်ဟုတ်ပါ့မလဲ ကိုမိုးဝေရယ်၊ လူတွေဟာ သူ့ကံနဲ့သူ လာကြတာပါ။ ရေစက်ရှိလို့ တွေ့ကြသလို ရေစက်ကုန်တဲ့အခါ ခွဲခွာကြရမှာပဲ…ဒါဓမ္မတာပဲလေ”

အဲ့ဒီနေ့က မိုးဝေနဲ့နွယ်တို့ ကော်ဖီဆိုင်မှာ စကားတွေပြောဖြစ်ကြသလို နောက်နေ့တွေမှာလည်း တစ်နေရာမဟုတ် တစ်နေရာမှာ တွေ့ဖြစ်ကြ စကားပြောဖြစ်ကြသည်။

“နွယ့်မှာ မိဘတွေမရှိတော့ဘူးလေ…အလယ်တန်းကျောင်းသူဘဝကတည်းက မေမေ့မောင် ဦးလေးက ဒီကိုခေါ်ပြီး မွေးစားလိုက်တာ။ နွယ်ဒီမှာနေလာတာ ၁၂နှစ်ကျော်ပြီလေ။ ဒီရောက်ပြီးကတည်းက ရန်ကုန်ကို မပြန်ဖြစ်တော့တာ အခုထိပဲ”

နွယ်နဲ့မိုးဝေ တစ်ယောက်အကြောင်းတစ်ယောက် ရင်ဖွင့်ပြောပြကြရင်း တစ်စတစ်စ ရင်းနှီးမှုပိုလာခဲ့ကြသည်။ 

“ကျွန်တော့်လို မုဆိုးဖိုနဲ့ အခုလို ရင်းနှီးနေလို့ ပတ်ဝန်းကျင်က နွယ့်ကို တစ်မျိုးထင်နေပါဦးမယ်ဗျာ”

“ကိုမိုးဝေကို မုဆိုးဖိုတစ်ယောက်လို့ ဘယ်သူကထင်မှာလဲ။ ကိုမိုးဝေပြောရင်တောင် ယုံချင်မှ ယုံကြမှာ။ ဒီလောက်နုပြီး စမတ်ကျတဲ့သူကို မုဆိုးဖိုလို့ ထင်စရာ တစ်ကွက်မှမရှိဘူး။ ဒါပေမယ့် သိတဲ့သူတွေက တစ်မျိုးထင်ချင်ထင်ပေါ့…နွယ်တို့က ကိုယ့်လိပ်ပြာကိုယ်လုံတယ်၊ ရိုးရိုးသားသား ခင်မင်မှုကို ပြောချင်သပဆိုလဲ ပြောပါစေပေါ့၊ ကိုမိုးဝေက ဂရုစိုက်နေလို့လား”

တစ်ခါတစ်ခါ နွယ်က မိုးဝေထက် စိတ်ဓါတ်မာသည်။ တစ်ချို့ နေရာတွေမှာ မိုးဝေက တုံ့ဆိုင်းနေတတ်ပေမယ့် နွယ်ကတော့ မြန်သည်။ မိုးဝေကို စီးကရက်တွေအရမ်းမသောက်ဖို့လဲ နွယ်က ပြောလာသည်။ 

“ကျန်းမာရေးကို ဒုက္ခပေးတဲ့အရာတွေထဲမှာ စီးကရက်က ထိပ်ဆုံးကပါတယ် ကိုမိုးဝေ..နွယ့်ကိုခင်ရင် စီးကရက် မသောက်ပါနဲ့တော့လား”

တစ်ခါတစ်လေ မိုးဝေစီးကရက်သောက်လာတာတွေ့ရင် နွယ်က ဆူတတ်လာသည်။

“နွယ့်စေတနာတွေကို ဘာလို့အလေးမထားတာလဲ ကိုမိုးဝေ၊ နွယ် စီးကရက်သောက်တာ မကြိုက်ပါဘူးလို့ ပြောထားရက်နဲ့ ဆက်သောက်နေတာက နွယ့်ကို မခင်လို့လား ကိုမိုးဝေ”

အဲ့ဒီလိုအခြေအနေမျိုးတွေအထိ နွယ်နဲ့မိုးဝေဟာ ရိုးသားကြပါတယ်လို့ ပြောကြသော်လည်း နှလုံးသားနဲ့ တည်ဆောက်ထားတဲ့ ရင်ခွင်ထဲမှာတော့ မရိုးသားတော့ဘူးဆိုတာ နှစ်ယောက်စလုံး သိထားကြပါပြီ။

“ကိုယ့်အတိတ်တွေကို မေ့လို့မရနိုင်ပေမယ့် နွယ်နဲ့တွေ့ရတိုင်းအခါတိုင်း ကိုယ်မေ့ထားနိုင်ခဲ့ပြီလေ…အရင်က အဲ့ဒီအတိတ်တွေကို မေ့ပစ်ဖို့ အရက်နဲ့စီးကရက်ကို ကိုယ်အစားထိုးခဲ့တယ်။ အခုတော့ နွယ်ရှိရင် အဲ့ဒီအရာတွေ ဘာမှ မလိုအပ်တော့သလိုပဲ ပြီးပြည့်စုံသွားပြီလို့ ကိုယ်ခံစားလာရတယ်နွယ်”

နွယ်ဟာ မိုးဝေလို အေးစက်စက် မုဆိုးဖိုတစ်ယောက်ကို လှုပ်လာအောင် စွမ်းဆောင်နိုင်သလို သွားလေသူ နွယ်ကို တမ်းတပြီး အချိန်ပြည့် အရူးတစ်ပိုင်းလို ဖြစ်နေသော မိုးဝေကို ဒီနွယ်က အသစ်တစ်ဖန်ရှင်သန်ခွင့်ပေးလိုက်ပါပြီ။

နွယ့်ကို ရူးတယ်လို့ပြောချင်ပြော၊ ဦးနှောက်မရှိတဲ့မိန်းမလို့ပြောချင်ပြော၊ နွယ်ကိုယ်၌က အရူးဖြစ်နေသလို၊ အခုလို အခြေအနေမျိုးတွေကိုလည်း ဦးနှောက်နဲ့မစဉ်းစားချင်တော့ဘူး။ တစ်ခါတစ်လေ ရင်ဘတ်ထဲက ကိစ္စကို ရင်ဘတ်ထဲက နှလုံးသားနဲ့ပဲ စဉ်းစားချင်မိပါတယ်။ ဘယ်သူတွေဘာပြောပြော နွယ်ကတော့ နှလုံးသားရေးမို့ ဦးနှောက်နဲ့မစဉ်းစားချင်တော့ပါဘူး။

“မင်းနဲ့နွယ် အခြေအနေဘယ်လိုရှိလဲ”

စိုင်းနော်ကမေးတော့ မိုးဝေအဖြေမရှိ။ အင်းမလုပ် အဲမလုပ်။ သူ့ရင်ခုန်သံတွေကို သူကိုယ်တိုင် မကြားတကြား။ 

နွယ့်အနေနဲ့လည်း ကိုမိုးဝေလို မုဆိုးဖိုတစ်ယောက်ကို သနားရာက မေတ္တာပိုမိလာသယောင် ရှိနေသည်။   စောစောစီးစီးကတည်းက မရစ်ပတ်မိရင်ကောင်းသားလို့ နွယ်စဉ်းစားမိသည်။ အခုတော့ နွယ်မိပြီမို့ ပြန်ဖြည်ဖို့ ခက်နေရပြီ။

နွယ်ဆိုတဲ့ ကောင်မလေးကို မိုးဝေ စိတ်ဝင်စားလာရတဲ့အချက်ကတော့ အဲ့ဒီကောင်မလေးဟာ ကြင်နာမှုအပြည့်ရှိလို့ပါပဲ။ မိုးဝေရဲ့ ခံစားချက်တိုင်းကို မျှဝေနားလည်ပေးခဲ့သလို မိုးဝေပြောသမျှတိုင်းကို စိတ်ရှည်ရှည်နဲ့ နားထောင်ပေးခဲ့လို့ပါပဲ။ တစ်ခါတစ်လေ မိုးဝေရင်ထဲမှာ ရှိတဲ့အတိုင်း ငိုချင်ငိုမယ်၊ ရယ်ချင်ရယ်မိ တယ်၊ ပြောချင်ရာတွေပြော မိပြီး သေဆုံး သွားပြီဖြစ်တဲ့ နွယ့်အကြောင်းတွေ မမောမပန်း ထိုင်ပြောနေလည်း ဒီနွယ်က ငြိုငြင်မှုမရှိ ပါရမီဖြည့်ဖက်လို နေခဲ့သည်။
နွယ်….တကယ်ပဲ ရစ်ပတ်နှောင်ဖွဲ့မိလေပြီလားကွယ်။

“မင်း…နွယ့်ကို ဖွင့်ပြောပြီးပြီလား”

“ဟင့်အင်း…ငါ မပြောရက်ဘူး။ ငါ့လို မုဆိုးဖိုတစ်ယောက်က သူလို အပျိုစင်မိန်းကလေးတစ်ယောက်ကို ချစ်ပါတယ်လို့ ပြောသင့်ပါ့မလားကွာ”

“မဆိုင်ဘူး မိုးဝေ…အချစ်မှာ ဘာကာလာမှမရှိဘူး။ အပျိုတွေ အအိုတွေ တစ်ခုလပ်တွေ မုဆိုးဖိုတွေမရှိဘူး။ မင်းရင်ထဲမှာ သူ့ကိုချစ်တယ်။ သူကလည်း မင်းကိုချစ်နေမယ်ဆိုရင် ဘာမကောင်းစရာရှိလဲ”

“ငါ့အချစ်တွေက နွယ့်ဆီမှာ အဆုံးသတ်ခဲ့ပြီလေ”

“အေးလေ…အခုလည်း နွယ့်ဆီမှာ အဆုံးသတ်ဖို့ပြောနေတာ…အတိတ်ကနွယ့်ကို မင်းမေ့လိုက်ပါတော့ မိုးဝေရာ။ ငါဒီစကားကိုပြောရတာ စိတ်မကောင်းပါဘူး။ မင်းလက်ထပ်ခဲ့တဲ့ နွယ့်ကို မင်းဘယ်လောက်ချစ်ခဲ့တယ်ဆိုတာ ငါတို့အားလုံးအသိပါပဲ။ ဒါပေမယ့် မင်းလက်ထပ်ခဲ့တဲ့ နွယ်က သေသွားပြီ။ အတိတ်ကနွယ့်ကို မင်းမေ့လိုက်ပြီး လက်ရှိနွယ့်ကို အစားထိုးချစ်ကြည့်ဖို့ ငါပြောနေတာ”

“နွယ့်ကို အစားထိုးချစ်ကြည့်ဖို့…”

မိုးဝေစကားမဆုံးခင်ပဲ စိုင်းနော်က လက်ကာပြရင်း

“ဒီမယ် မိုးဝေ…မင်းမလိမ်ချင်စမ်းပါနဲ့ကွာ အချစ်ဆိုတာ ဘယ်တော့မှ အဆုံးသတ်သွားတယ်မရှိဘူး။ ဒီမှာတင်ရပ်သွားပြီတို့ ဟိုမှာထားခဲ့ပြီတို့ဆိုပြီး ပြောနေတာ အပိုတွေ။ လူဆိုတာ အမြဲတမ်း အချစ်နဲ့ ကင်းကွာလို့ မရဘူး အဲ့ဒါမင်းမှတ်ထား”

“ဘာလဲ စိုင်းနော်…မင်းက ငါနဲ့ နွယ့်ကို ချစ်သူဖြစ်စေချင်တာလား”

“ချစ်သူဖြစ်စေချင်ရုံအဆင့်လောက်နဲ့ မပြောဘူးမိုးဝေ။ မင်းတို့နှစ်ယောက်ကို အိမ်ထောင်ဘက်တွေအဖြစ် မြင်ချင်တာ”

“ဘာဖြစ်လို့လဲ”

“မိုးဝေ…သူငယ်ချင်း…မင်းနဲ့ငါဆိုတာ ကကြီး ခကွေး ထဲကပေါင်းလာတဲ့ ငယ်သူငယ်ချင်းတွေပါကွာ။ ငါ့သူငယ်ချင်းအတွက် အခုချိန်မှာ အလိုအပ်ဆုံးနဲ့ မရှိမဖြစ်ဟာ နွယ်ပဲ။ မင်း ပထမနွယ်နဲ့ အိမ်ထောင်ကျတယ်။ အိမ်ထောင်ကျတယ်ဆိုရုံပဲ တစ်လပဲ အတူနေရတယ်၊ စီးပွားရေးအတွက် မင်းဒီကို ရောက်လာတယ်။ မင်းမှာ အိမ်ထောင်သည်ဆိုပြီး သာယာမှု၊ ပျော်ရွှင်မှုတွေ မရှိခဲ့ဘူး။ ကောင်းကောင်းလဲ မခံစားခဲ့ရဘူး။ မင်းမိန်းမ ဆုံးသွားတယ်၊ မင်းရင်ထဲမှာ မိန်းမသေသွားတာထက် ၂နှစ်လောက် ကြိုက်ခဲ့တဲ့ ချစ်သူသေသွားလို့ ခံစားရသလို ဖြစ်နေတာ။ မင်းတို့ချင်း အိမ်ထောင်သက်ဟာ ချစ်သူသက်လောက်မှ မရှိခဲ့ပဲ။ ဒီမယ် မိုးဝေ မင်းရင်ထဲမှာ အခုအချိန် ဘာဖြစ်နေတယ်ဆိုတာ ငါသိတယ်။ မင်း ပထမနွယ့်ကို မေ့လို့မရဘူးလို့ ပါးစပ်က ပြောနေပေမယ့် မင်းအတွေးတွေနဲ့ မင်းအာရုံတွေထဲမှာ ဒုတိယနွယ်ပဲ ရှိနေပြီဆိုတာ ငါသိနေတယ်သူငယ်ချင်း”

“စိုင်းနော်…ငါနွယ့်ကို ချစ်တယ်လို့ပြောလိုက်ရင် သူတစ်မျိုးထင်ပြီး စိတ်ဆိုးသွားမှာ ငါကြောက်တယ်ကွာ”

“မင်းထင်လို့ပါ။ နွယ့်ဘက်ကလဲ မင်းကို စိတ်ဝင်စားနေမယ်ဆိုရင်ရော…”

မိုးဝေ တစ်ညလုံးအိပ်မပျော်ခဲ့ပါ။ စိုင်းနော်ပြောသလိုပဲ သူ့အတွေးအာရုံတွေထဲမှာ အရင်နွယ်က ခပ်မှိန်မှိန်ပဲကျန်တော့တယ်။ အခုနွယ်က မိုးဝေကို အပြီးအပိုင် ရစ်ပတ်ထားခဲ့လေပြီ။

“နှလုံးသားကို ရစ်ပတ်ခဲ့ပြီ နှောင်ကြိုးလေး…
မမြင်နိုင်လဲ ရုန်းလို့မရတော့ဘူး….
သူ့ဆွဲငင်အား တားမရနိုင်လို့…
ဒီနှောင်ကြိုး…. ချည်နှောင်မဆုံး….
နှောင်ကြိုးလေးတစ်မျှင်ရယ်….ထပ်တိုးရစ်ချည်ဆဲ….”

မိုးဝေအိပ်မယ်ကြံတိုင်း အတွေးထဲမှာ နွယ့်အကြောင်းတွေကြီးပဲပေါ်ပေါ်လာနေတော့သည်။ အရင်နွယ့်ကို မေ့ပစ် လိုက်နိုင်ပြီဆိုတာ မိုးဝေဒီညလက်ခံလိုက်ရပါပြီ။

နွယ်လည်း မိန်းမသားပဲ။ အချစ်တော့ရှိတာပေါ့။ ဒါပေမယ့် ထူးဆန်းတဲ့အချစ်ကြောင့် နွယ် ကိုယ့်ကိုကိုယ် အံ့သြမိတယ်။ တုန်လည်းတုန်လှုပ်မိတယ်။ နွယ့်လို အပျိုတစ်ယောက်၊ လိုချင်သူတွေ ဝိုင်းဝိုင်းလည်နေတဲ့သူတစ်ယောက်၊ ကြိုက်တဲ့သူ ခေါင်းခေါက်ရွေးလို့ရတဲ့ သူတစ်ယောက်က ဘာလို့ မုဆိုးဖိုကိုမှ သွားချစ်မိရပါလိမ့်။ သူ့ရဲ့ အချစ်ဦး မဖြစ်နိုင်တော့တဲ့တာကို သိရက်နဲ့ ချစ်မိတာ နွယ့်ကို အပြစ်လို့ဆိုချင် ဆိုပါတော့။ တကယ်တော့ အချစ်ဆိုတာ ဆန်းကျယ်တယ်မဟုတ်လား။ နွယ့်အချစ်တွေက သူ့အပေါ်မှာ ဖြစ်တည်နေတာ နွယ်ဘယ့်နှယ်လုပ်ရမလဲ။

အဲ့ဒါ ရေစက်ကြောင့်လို့ပြောရမှာလား။ ဒါမှမဟုတ် အတိတ်ဘဝ ကံအကျိုးကြောင့် ဒီဘဝ အကြောင်း ဆက်တွေ ဖြစ်လာ ရတာများလား။  နွယ်အိပ်မရခဲ့ပါဘူး။ 

"အရှိကိုအရှိအတိုင်းသာ ဖွင့်ပြောမည်… မြင်မြင်ချင်းမင်းကို ချစ်သွားသည်….
ပိုင်ဆိုင်တဲ့အသည်းကို အရှုံးပေးခဲ့ရ…. ဒါအချစ်ပဲလား စိတ်မှာမောသည်….
နားလည်မှုတံခါးတွေ ဖွင့်ထားသည်… အကြင်နာစကားလေးတွေ မျက်ဝန်းဆီ….
ပိုင်ရှင်မဲ့အချစ်ကို ပေးအပ်ခဲ့ပြီ…. ကိုယ်မညာတော့ဘူး မင်းကိုချစ်သည်….."

နွယ့်ဦးလေးတွေကို နွယ်ဘယ်လို ပြောရမလဲ။ နွယ့်မှာ ချစ်သူရှိနေပါပြီလို့ ပြောရအောင်ကလည်း နွယ်ကသာ ချစ်နေရတာ ဟိုတစ်ယောက်က ချစ်တယ်လို့ ပြောထားတာမဟုတ်ဘူး။ နွယ့်ကို ချစ်တယ်လို့ ပြောရမှာ သူ့အတွက် ဝန်လေးနေမလားမ သိဘူး။ သူလည်း တွေးမှာပေါ့။ နွယ့်ကိုချစ်တယ်လို့ပြောလိုက်ရင် နွယ်များ စိတ်ဆိုးသွားမလားလို့။ ပြောကြည့်လိုက်ပါ ရှင်ရယ်၊ နွယ့်ကို ချစ်နေတယ်လို့။ အဲ့ဒီလိုစကားမျိုး မိန်းမသားတွေ   မျှော်လင့်ရတာ အပင်ပန်းဆုံးမို့။

ဒီကနေ့တော့ ရာသီဥတု သာသာယာယာရှိသည်။ တရုတ်နှစ်သစ်ကူးချိန်မို့ လမ်းမကြီးများထက် ရောင်စုံမီးလုံးများက ထိန်ထိန်ညီးနေသည်။ စင်ကာပူမှာ တစ်နှစ်ပတ်လုံး ပိတ်ရက်ရှည်ဆိုလို့ ဒီတရုတ်နှစ်ကူးချိန်ပဲရှိသည်။

မိုးဝေမနက်စောစောနိုးနေသည်။ စိုင်းနော်ကိုကြည့်လိုက်တော့ အိပ်မောကျနေဆဲ။ နာရီက ၆နာရီပဲရှိသေးသည်။ ဘာလို့ အစောကြီးနိုးနေရပါလိမ့်။ တစ်ညလုံး စဉ်းစားထားပြီးတဲ့ ကိစ္စတစ်ခုကို လုပ်ရမှာမို့ မိုးဝေ အစောကြီး နိုးလာရခြင်းဖြစ်သည်။ မိုးဝေ ဟမ်းဖုန်းကို ကောက်ကိုင်ပြီး တစ်စုံတစ်ယောက်ဆီဖုန်းဆက်ဖို့ လုပ်မိသည်။ မိုးဝေ ဖုန်းနံပါတ်တစ်ခုကို နှိပ်မိလိုက်သည်။

“ဟဲလို…နွယ်လား…”

“ရှင်…ကိုမိုးဝေ မနက်စောစောစီးစီး ဘာကိစ္စရှိလို့လဲဟင်”

“ကိုယ် နွယ့်ကို အရမ်းတွေ့ချင်နေမိတယ်။ ဖြစ်နိုင်ရင် လာတွေ့လို့ရမလားနွယ်”

နွယ့်ဘက်က ဘာမှစကားသံပြန်မကြားရ။ တဘက်ကပြောလာတဲ့ စကားသံကို နွယ်ကြား မိရုံနဲ့   နွယ်ကျေနပ်စွာ  ပြုံးနေမိ ပါပြီ။ ဒါကို ရှင်ကတော့ မြင်မယ်မထင်ပါဘူး။ နွယ်ဝမ်းသာရမှာလား ကိုမိုးဝေရယ်။ နွယ်တို့ မိန်းမသားတွေ အဖြစ်က ကိုယ့်အချစ်တွေကို ဖွင့်ပြောဖို့ခက်တဲ့သူတွေရယ်ပါ။

တဘက်က အသံတိတ်နေ၍ မိုးဝေ ထပ်မေးလိုက်သည်။ 

“ကိုယ် နွယ့်ဆီ လာခဲ့လို့ရမလား”

“လာလို့ရပါတယ် ကိုမိုးဝေ…နွယ် မျှော်နေပါ့မယ်”

မိုးဝေ ကမန်းကတမ်း အပြင်ထွက်ဖို့ ပြင်ဆင်လိုက်သည်။ အချိန်တစ်နာရီအတွင်း နွယ့်တိုက်ခန်းသို့ မိုးဝေရောက်သွားသည်။

“ဘယ်လိုဖြစ်ရတာလဲ ကိုမိုးဝေရယ်…အားချင်းကြီးတွေ့ချင်ရတယ်လို့ နွယ်ကထွက်ပြေးတော့မယ်သူလား”

“နွယ်ကတော့ ထွက်မပြေးပါဘူး။ ဒါပေမယ့် ကိုယ်က အပြေးလာချင်နေမိတာကိုး”

“အပိုတွေတော့ပြောပြီ”

“အပိုတွေမပြောတော့ဘူး လိုရင်းကိုပဲပြောတော့မယ်….နွယ့်ကို ကိုယ်ချစ်တယ်”

“ရှင်…”

နွယ် ဒီစကားကို ကြားချင်နေမိတာ အမှန်ပါပဲရှင်။ သူဘယ်တော့ ပြောလာမလဲလို့ မျှော်လင့်နေခဲ့မိတာပါ။ အခုတော့ နွယ်အကြားချင်ဆုံးစကားကို သူပြောလာခဲ့ပြီ။ နွယ်ဘာလုပ်ရမလဲ။ မိန်းကလေးမို့ မူယာမာယာတွေပိုနေရဦးမှာလား။ ဒါမှမဟုတ် သူ့အချစ်ကို အခုပဲလက်ခံလိုက်ရမှာလား။  ထွေထွေထူးထူး နွယ်စဉ်းစားစရာမလိုတော့မှန်း နွယ်သိပါတယ်။ နွယ့်အနေနဲ့ ကိုမိုးဝေက ချစ်ခွင့်ပန်လာရင် ခေါင်းငြှိမ့်ပြဖို့ အဆင်သင့်ဖြစ်နေသူပါလေ။

“နွယ့်ကို ကိုယ်ချစ်တယ်လို့ပြောတာပါ။ ကိုယ်ဒီစကားကိုပြောဖို့ အမျိုးမျိုးစဉ်းစားပါသေးတယ်။ နွယ့်လို အပျိုတစ်ယောက်ကို မုဆိုးဖိုတစ်ယောက်က…”

“ကိုမိုးဝေ…ဘာလို့ အပိုတွေလျှောက်ပြောနေရပြန်တာလဲဟင်”

“ဗျာ…”

မိုးဝေ နွယ့်ကို စူးစိုက်ကြည့်နေမိသလို နွယ်ကလည်း မိုးဝေကို ပြန်ကြည့်နေမိသည်။ နှစ်ဦးစလုံး ရင်ခုန်သံတွေကလွဲလို့ တိတ်ဆိတ်သွားကြသည်။ နွယ့်မျက်ဝန်းတွေထဲမှာ နွယ့်အချစ်တွေကို အဖြေပေးနေမိသည်။ မိုးဝေလက်တွေက နွယ့်လက်တွေဆီ လှန်းလိုက်မိသည်။

“ချစ်တယ်နွယ်ရယ်…”

မိုးဝေ နွယ့်ကို ရင်ခွင်ထဲဆွဲသွင်းလိုက်တော့ အလိုက်သင့်ကလေး ပါလာရှာသည်။

အပြင်ဘက်မှ နှစ်သစ်ကူး တရုတ်ဗုံသံ ကျယ်ကျယ်ကြီး ထွက်လာကာ လင်ကွင်းသံ တချွမ်ချွမ်က ချစ်သူနှစ်ဦးတို့ရဲ့ ရင်ခုန်သံတွေကို မမီနိုင်ခဲ့ပါဘူး။

နွယ်…ကိုယ့်ကို ထာဝရ ရစ်ပတ်နှောင်ဖွဲ့ထားပါတော့လားကွယ်။

ကိုယ်လေ…နွယ့်ကို ချစ်တာထက်ပိုတဲ့ စကားလုံးရှိရင် ပြောချင်ပါတယ်နွယ်…

နွယ်ဟာ ကိုယ့်ဘဝရဲ့ ဒုတိယချစ်သူဖြစ်ပေမယ့် ထာဝရလက်တွဲဖော်ပါပဲကွာ။ နားလည်မှုတွေနဲ့ တည်ဆောက်မယ့် တို့ရဲ့ အိမ်ကလေးကို သာယာပျော်ရွှင်မှုတွေသာ ဖန်ဆင်းသွားကြပါစို့လားနွယ်။

ဒီတစ်ခါတော့ နှလုံးသားကို ရစ်ပတ်ခဲ့တဲ့ နွယ့်ကို ကိုယ်ဘယ်တော့မှ အဆုံးရှုံးခံမှာ မဟုတ်တော့ပါဘူးကွာ။   

၂၅-၅-၂၀၁၃