Wednesday, August 29, 2012

မသိလို့မေးပါရစေ


 (၂၀၁၂ခုနှစ် သြဂုတ်လ ၃၀ရက်ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၃၊ အမှတ် ၁၀၉ တွင် ဖော်ပြပါရှိသည့် ဆောင်းပါး)

     ၉-၈-၂၀၁၂နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြရေးသားထားသော လွှတ်တော်အစည်းအဝေး သတင်းများ ကိုဖတ်ပြီးတဲ့နောက် ကျွန်တော့်စိတ်ထဲမှာ သိချင်တာတွေများလာပါတယ်။ သိချင်တာတွေများလာလို့လည်း ဒီစာကို ရေးဖြစ် ခြင်းဖြစ်ပါတယ်။ မသိလို့ မေးပါစေလို့ပဲ ခေါင်းစဉ်တပ်လိုက်ပါတော့မယ်။

            ကျွန်တော်ဟာ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ လူငယ်တစ်ယောက်ပါ။ မိမိနိုင်ငံရဲ့ ဒီမိုကရေစီအသွင်သစ် ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုလုပ်ငန်းစဉ်တွေပေါ်မှာ ဝမ်းမြောက်ဝမ်းသာနဲ့ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ဖို့ အသင့်ရှိနေတဲ့ လူငယ်တစ်ယောက် လည်းဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်တော်တို့နိုင်ငံအတွက် အကျိုးစီးပွားဖွံဖြိုးတိုးတက်အောင် ဘက်ပေါင်းစုံမှ လုပ်ကိုင် ဆောင်ရွက်နေသူများကို အလွန်လေးစားပါတယ်။ ထိုအထဲမှာ အများဆန္ဒနဲ့ ဒီမိုကရေစီနည်းလမ်းတစ်ကျ ရွေးကောက် တင်မြှောက် ခံခဲ့ကြရသော လွှတ်တော်ကိုယ်စားလှယ်ကြီးများလည်းပါပါတယ်။ 

            လွှတ်တော်ကိုယ်စားလှယ်ကြီးများ လွှတ်တော်ထဲမှာ ဆွေးနွေးမှုများကို သတင်းစာများမှတစ်ဆင့် သိရှိခွင့် ကြားသိခွင့် ရပါတယ်။ ထိုအခါ ကျွန်တော်တို့အထူးစိတ်ဝင်စားသော အကြောင်းအရာများ ပါဝင်လာပါက ထိုအကြောင်းအရာပေါ် ဆက်စပ် တွေးတော စဉ်းစားမိတတ်ပါတယ်။ ယခုလည်း ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့်  ပတ်သက်၍ ပြည်သူ့လွှတ်တော်၌ ဆွေးနွေးမှုတစ်ခုကို ဖတ်ရှုလိုက်ရပါတယ်။ 

            အငြိမ်းစားပါမောက္ခချုပ် လွှတ်တော်ကိုယ်စားလှယ်ကြီးတစ်ဦးတင်သွင်းသော အဆိုတစ်ခုဖြစ်ပါတယ်။ ၎င်းတင်သွင်းတဲ့ အဆိုမှာ မြန်မာနိုင်ငံရှိ တက္ကသိုလ်အသီးသီးတွင် ဘွဲ့လွန် ဘွဲ့ကြို ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဆောင်များ ဖွင့်လှစ်ထားရှိပြီး အဆောင်နေခွင့် စနစ်ကို ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးရန်အတွက် ဤလွှတ်တော်မှ တိုက်တွန်းကြောင်းအဆို ဖြစ်ပါတယ်။  ထိုအဆိုကို ကျွန်တော်အလွန်ပဲ ဝမ်းမြောက်ဝမ်းသာ ထောက်ခံပါတယ်။ အနှစ်နှစ် အလလ ဆယ်စုနှစ် နှစ်ခုကျော်တိုင် တိမ်မြုပ်ပျောက်ကွယ်ခဲ့ရသော တက္ကသိုလ်အဆောင်နေ ကျောင်းသားများဘဝကို ပြန်လည်ပုံဖော်နိုင်တော့မှာမို့ စဉ်းစားရင်း ပျော်ရွင်မိပါတယ်။ ထို့အပြင် လက်ရှိပညာသင်နေကြသော တက္ကသိုလ်ကျောင်းသား ကျောင်းသူများရဲ့ ပြင်ပအဆောင်များကြောင့် မိဘများ စိတ်မအေးရဖွယ် အဖြစ်မှ ကင်းလွတ်သွားမှာကိုလည်း ဝမ်းသာရပါတယ်။ တက္ကသိုလ်အဆောင်များသည် အုပ်ချုပ်သူဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ပရဝဏ်များအတွင်းမှာ ရှိတာကြောင့် လုံခြုံစိတ်ချရပါတယ်။ တက္ကသိုလ်အဆောင်များ ပြန်လည်ထားရှိရေးနဲ့ ပတ်သတ်ပြီး စာရေးဆရာ တော်တော်များများလည်း ရေးသားခဲ့ကြပြီး ဖြစ်ပါတယ်။ ထို့ကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး တင်သွင်းတဲ့ အဆိုကို လွှတ်တော်ပြင်ပ နိုင်ငံရေးစိတ်ဝင်စားသော လူငယ်တစ်ယောက်အနေဖြင့် အပြည့်အဝ ထောက်ခံလိုက်ပါတယ်။

            ယင်းအဆိုနဲ့ စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဌက ပြန်လည်ဆွေးနွေးတဲ့အခါမှာ နိုင်ငံတကာ တက္ကသိုလ်များတွင်လည်း တက္ကသိုလ်တိုင်း၌ အဆောင်များမရှိပါကြောင်း၊ မိမိတို့နိုင်ငံ၌ အဆင်ပြေမည့် တက္ကသိုလ်များတွင် အဆင်ပြေမည့်အချိန်၌ အဆောင်များထားရှိရန် သင့်လျော်ပါကြောင်း တင်ပြသွားတာ ဖတ်ရှုရပါတယ်။ နိုင်ငံတကာ တက္ကသိုလ်တိုင်းမှာ အဆောင်မရှိလို့ ကျွန်တော်တို့နိုင်ငံက တက္ကသိုလ်တိုင်းမှာလည်း အဆောင်ရှိစရာ မလိုဘူးလို့ သဘောသက်ရောက်ကြောင်း ကျွန်တော်တော့ အဲ့ဒီလိုပဲ နားလည်မိပါတယ်။ မှားချင်လည်း မှားပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်အမြင်အတိုင်း တင်ပြရရင် နိုင်ငံတကာတက္ကသိုလ်များအတိုင်း နည်းလမ်းယူ ဆောင်ရွက်မယ်ဆိုရင် ထိုတက္ကသိုလ်ကြီးများဟာ အဆောင်ဘာကြောင့်မလိုတာလဲ၊ အဆောင်ထားခြင်း မထားခြင်းဟာ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရေးအတွက် ဘာကြောင့်အရေးမကြီးတာလဲ၊ သူတို့တက္ကသိုလ်တွေဟာ ကျောင်းသား ကျောင်းသူတွေရဲ့ သင်ကြားရေးစနစ်ကို ဘယ်လောက်ထိ ကောင်းအောင် စီမံဆောင်ရွက်ပေးနေပါသလဲ၊ ကျောင်းသားကျောင်းသူတွေ သွားရေးလာရေး အချိန်ကုန်သက်သာ လွယ်ကူအဆင်ပြေချောမွေ့စေလို့လားစတဲ့ အချက်တွေကို စဉ်းစားဖို့ လိုပါတယ်။ ဒီနေရာမှာ ကျွန်တော်ဥာဏ်မီသလောက်ပဲ တွေးမိခြင်းဖြစ်ပါတယ်။ 

            ပြီးတော့ အဆင်ပြေမည့်တက္ကသိုလ်၊ အဆင်ပြေမည့်အချိန်ဆိုတာ အတိအကျသိရရင် ပိုပြီးကောင်းမယ်လို့ ထင်ပါတယ်။ အဆင်ပြေမည့် တက္ကသိုလ်လို့ သုံးလိုက်ခြင်းဖြင့် ဘယ်တက္ကသိုလ်ကို ရည်ရွယ်ပါသလဲ။ အားလုံးလား၊ တစ်ခုထဲလား၊ တစ်နိုင်ငံလုံးမှာ တစ်ခုထဲရှိတဲ့ တက္ကသိုလ်တွေကိုပဲ အဆင်ပြေမည့် တက္ကသိုလ်လို့ ဆိုလိုတာလား စသည်ဖြင့် သိချင်မိပါတယ်။ ဒါ့အပြင် အဆင်ပြေမည့်အချိန်ဆိုတာ ဘယ်အတိုင်းအတာထိ စောင့်ရမှာလဲ။ ယခုပညာသင်နှစ်အမီလား၊ ဒီပညာသင်နှစ်အပြီး နောက်ပညာသင်နှစ်အစမှာလား၊ ဒါမှမဟုတ် ၃နှစ် စီမံကိန်းလား၊ ၅နှစ်စီမံကိန်းလား၊ ဘယ်လိုစီမံ ဆောင်ရွက်ထားပါသလဲ သိချင်မိပါတယ်။ ဒီကိစ္စဟာ ကျွန်တော်တို့နိုင်ငံရဲ့  မျိုးဆက်သစ်လူငယ်ကျောင်းသား ကျောင်းသူများအတွက်ရော၊ ကျောင်းသားမိဘများနဲ့ ဆရာ၊ဆရာမများ အားလုံးအတွက် အထူးမျှော်လင့်နေကြတဲ့ ကိစ္စဖြစ်လို့ သိချင်စိတ်တွေများနေရခြင်းဖြစ်ပါတယ်။ 

            နောက်ထပ်သိချင်စိတ်ဖြစ်ပေါ်လာသော ဆွေးနွေးမှုတစ်ခုကတော့ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုး၏ အဆိုဖြစ်ပါတယ်။ ၎င်းအဆိုမှာ အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ မြန်မာနိုင်ငံတွင် စိမ့်ဝင်ရောက်ရှိ နေခြင်း၊ မသမာသော နည်းလမ်းများဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်းများကို ဥပဒေစိုးမိုးရေးအတွက် အမျိုးသားရေးတာဝန်အဖြစ် အထူးစီမံချက်တစ်ရပ် ချမှတ်ဖော်ထုတ် အရေးယူဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း ဖြစ်ပါတယ်။ ၎င်းအဆိုကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေးစဉ်းစားဖို့ တင်သွင်းရာ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ထောက်ခံပြီး သဘောမတူတဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရှိနေခဲ့ပါတယ်။ ထို့ကြောင့် သဘောတူသူများ မတ်တပ်ရပ်၍ ဆန္ဒပြုသည့် နည်းလမ်းဖြင့် လွှတ်တော်ရဲ့ ဆန္ဒကို ရယူရာ မတ်တပ်ရပ်တဲ့ လွှတ်တော် ကိုယ်စားလှယ် အယောက် ၄၀ မပြည့်လို့ ဒေါက်တာမြတ်ဥာဏစိုးတင်သွင်းတဲ့ အဆိုဟာ အမျိုးသားလွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ မဖြစ်နိုင်ခဲ့ပါဘူး။

            ကျွန်တော့်ဥာဏ် နှစ်ပဲခြောက်ပြားဖြင့် စဉ်းစားမိလိုက်တာက ဒီကိစ္စဟာ ကျွန်တော်တို့ နိုင်ငံနဲ့ လူမျိုး၊ မြန်မာ တိုင်းရင်းသား အားလုံးအတွက် အမှန်တကယ်လိုအပ်တဲ့ အမျိုးသားရေးတာဝန်ဖြစ်ပါတယ်။ ဒီလိုအမျိုးသားရေး တာဝန်တစ်ရပ်ကို ဆွေးနွေးဖို့ တင်သွင်းရာမှာ သဘောမတူတဲ့ လွှတ်တော်ကိုယ်စားလှယ်ရှိနေခြင်းဟာ စဉ်းစားမရအောင် ဖြစ်ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာတိုင်းရင်းသားအားလုံး ခံစားနေရသည့် ပြဿနာမှာ လူမျိုးခြားများ စိမ့်ဝင်ရောက်ရှိလာနေခြင်းပဲ ဖြစ်ပါတယ်။ ပြည်သူတွေခံစားရတာကို လွှတ်တော်ကိုယ်စားလှယ်တွေလည်း ထပ်တူခံစားရမယ်လို့ ယုံကြည်ပါတယ်။ မြောက်ဘက်မှ ဝင်ရောက်လာတဲ့ လူမျိုးခြားတွေဟာ တဖြည်းဖြည်းများပြားလာပြီး တစ်ချိန်က မင်းနေပြည်တော်ဖြစ်ခဲ့တဲ့ မန္တလေးမြို့ကြီးမှာပင် ဒုနဲ့ဒေးရောက်ရှိနေရာ ယူနေကြပြီဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက် စိုးရိမ်စရာအရေးတကြီးကိစ္စဖြစ်တဲ့ ရခိုင်ဒေသက အရေးဟာလည်း ယခုတိုင် ဖြေရှင်းနေရဆဲဖြစ်ပါတယ်။ အနောက်ဘက်ဒေသက လူမျိုးခြားဝင်ရောက်မှုကြောင့် ကျွန်တော်တို့ တိုင်းရင်းသား ရခိုင်လူမျိုးများ နစ်နာဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရပါတယ်။

            သို့သော် လူမျိုးခြားများမှာ မသမာသော နည်းလမ်းများဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်ထားရှိ နေခြင်းဟာ တစ်ခုခု မှားယွင်းနေတယ်လို့ ထင်ပါတယ်။ ဒီကိစ္စဟာ သာမန်ကိစ္စမဟုတ်ပါဘူး။ အမျိုးသားရေးတာဝန်တစ်ရပ် အနေနဲ့ စိစစ်ဆောင်ရွက်ရမယ့် ကိစ္စ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်နဲ့ စင်ကာပူမှာ တွေ့ခဲ့တဲ့ မိတ်ဆွေတစ်ယောက် အကြောင်း အလျဉ်းသင့်လို့ ပြောပြချင်ပါတယ်။ ထိုမိတ်ဆွေဟာ စင်ကာပူနိုင်ငံသားစစ်စစ်ဖြစ်ပါတယ်။ ကျွန်တော့်အထက်အရာရှိ ဆီ လာလည်ရင်း ကျွန်တော့်ကို မြန်မာမှန်းသိသွားတော့ ကတ်ပြားတစ်ခုထုတ်ပြပါတယ်။ သူထုတ်ပြလိုက်တဲ့ ကတ်ပြားက ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကိုင်ဆောင်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ဖြစ်နေတာ တွေ့ရပါတယ်။ ကျွန်တော်အလွန် အံ့သြမိပါတယ်။ မှတ်ပုံတင်မှာ သူ့ဓါတ်ပုံ၊ သူ့လက်ဗွေ၊ သူ့မွေးသက္ကရာဇ်အားလုံး အမှန်တွေချည်းပဲလို့ ပြောပါတယ်။ ကျန်တာတွေ မှန်မမှန်ထက် သူ့မျက်နှာနဲ့ ဓါတ်ပုံကိုတော့ မှတ်ပုံတင်မှာ တွေ့ရပါတယ်။ ကျွန်တော်က သူ့ကို ဒါဘယ်လိုရသလဲလို့မေးတော့ သူကရှင်းပြပါတယ်။ ၁၉၉၀ ခုနှစ် လောက်က  သူမြန်မာပြည်မှာ စီးပွားရေးလာလုပ်ဖူးတယ်။ ခုနစ်နှစ်လောက်နေခဲ့ဖူးတယ်။ ၁၉၉၇ခုနှစ်မှာ စီးပွားပျက်ပြီး စင်ကာပူကို ပြန်လာခဲ့တယ်ဆိုပြီး ပြောပြပါတယ်။ မြန်မာစကား လည်းတော်တော်လေး တတ်မြောက်သွားပါတယ်။ ထို့အတူ မြန်မာမှတ်ပုံတင် ကတ်ပြားလည်း လက်ဝယ်ရရှိသွားပါတယ်။

            ရှမ်းပြည်ဘက်က မှတ်ပုံတင်နံပါတ်နဲ့ ဖြစ်ပါတယ်။ သူကပြောသေးတယ်။ မင်းနဲ့ငါက တစ်နိုင်ငံတည်းသားတွေနော်တဲ့။  စိတ်ထဲက မကျေမနပ်ဖြစ်မိပါတယ်။ သူတို့နိုင်ငံမှာဆို နိုင်ငံသားကတ်မပြောနဲ့ အလုပ်နဲ့နေခွင့် ပါမစ်ကတ်ရဖို့တောင် တော်တော် မလွယ်တာပါ။ အခုလို ကိုယ့်နိုင်ငံက နိုင်ငံသားကတ်ကြီး ကိုင်ထားနိုင်လောက်အောင် အခြေအနေ ဖန်တီးဖြစ်ခဲ့တာကို ရင်ထုမနာ ဖြစ်မိရုံမှ အပ ဘာမှ မတတ်နိုင်တော့ပါ။

            ထိုကဲ့သို့ နိုင်ငံခြားသားများလက်ဝယ် မြန်မာနိုင်ငံသား စိစစ်ရေးကတ်တွေ အလွယ်တကူ ရောက်ရှိနေခြင်းဟာ နိုင်ငံတော်အတွက် များစွာအန္တရာယ်ရှိပါတယ်။ သို့သော်သူလိုလူတွေက သူ့နိုင်ငံထဲမှာပဲနေနေကြတာဖြစ်လို့ ကိစ္စမရှိပေမယ့် ကျွန်တော်တို့ ရေမြေတောတောင် နယ်မြေဒေသတွေမှာ လာရောက်နေထိုင် လုပ်ကိုင်စားသောက်နေကြတဲ့ လူမျိုးခြားတွေကို စိစစ်ဖို့က ပိုပြီး အရေးကြီးပါတယ်။ မြေမျိုလို့လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပါမက ယဉ်ကျေးမှုရော၊ နိုင်ငံပါ ပျောက်ချင်းမလှ ပျောက်သွားနိုင်ပါတယ်။ ဒါသိပ်ကို အရေးကြီးတဲ့ အကြောင်းအရာဖြစ်ပါတယ်။ ဒါအကြာင်းအရာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အဆိုတင်သွင်းရာမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ယောက်က ကန့်ကွက်လိုက်ခြင်းဟာ ဘာကြောင့်များလဲ သိချင်စိတ်တွေ ထိန်းမရဖြစ်ရပါတော့တယ်။  

အပါ
၁၀-၈-၂၀၁၂

Saturday, August 18, 2012

လှေ

“ပြောစရာ စကားတွေထဲမှာ တစ်ခုကျန်သွားတယ် ဂျက်…”

သူက ပြောလက်စ စကားကို ရပ်ပြီး မြစ်ပြင်ဘက် ခပ်ဝေးဝေးကို လှန်းငေးလိုက်သည်။ ဂျက် ကသူ့စကားကို နားစွင့်နေသည်။

“ငါတို့လို ကျောင်းပြေးတွေ အက်ဒီစင်လိုဖြစ်ဖို့လိုသေးတယ်။ အက်ဒီစင်ဆို ကျောင်းမတက်ပဲ သူဝါသနာပါတာကိုပဲ တစိုက်မတ်မတ် လေ့လာခဲ့လို့ ကမ္ဘာကျော်သွားတာပဲ။ ကျောင်းပြေးတာမကောင်းဘူးဆိုပေမယ့် ကောင်းတဲ့အချက်တွေလည်း အများကြီးပဲရှိတယ်။ ဒါကို မင်းလက်ခံလား”

ဂျက်က ခေါင်းကုတ်သည်။ ဒီကောင် စကားကြီး စကားကျယ်တွေသိပ်ပြောတတ်မှန်း သိနေလို့သာ ဂျက် ငြိမ်နေခြင်းဖြစ်သည်။ အဲ့ဒီလိုမှ မဟုတ်ရင် ဂျက် ထိုင်နေရာကနေ အဝေးကို ထထွက်သွားမိတော့မှာလေ။ ဂျက်က သူ့လို အပြောသမားမဟုတ်၊ လက်တွေ့သမားဖြစ်သည်။ စကားနည်းပေမယ့် စိတ်ကူးယဉ်ဆန်တတ်တဲ့သူမျိုးမဟုတ်။
သူက မေးခွန်းထုတ်ထားပေမယ့် ဂျက်က လက်ထဲကဆေးလိပ်ကို ကြည့်လိုက် ဖွာလိုက် ဆက်တိုက်လုပ်နေတော့ သူစိတ်မရှည်တော့ပေ။

“မင်း အဲ့ဒီစီးကရက်ပေါ်မှာပဲ ကျောင်းပြေးရခြင်းကို ပုံအပ်ထားတော့မှာလား…ငါတို့ ပညာရေးကို စိတ်မဝင်စားတော့ဘူးဆိုရင် ကမ္ဘာကျော်အောင် တစ်ခုခုလေ့လာသင့်ပြီ..ကျောင်းစာမသင်ချင်တဲ့သူတွေဟာ ကမ္ဘာကြီးကို ဘယ်လောက်အကျိုးရှိစေတယ် ဆိုတာ ပြရမယ်”

သူ့စကားက နဲနဲရင့်ရင့်မာမာ၊ ကြီးကြီးကျယ်ကျယ်ဖြစ်လာသည်။ ဂျက် သူ့ကို တချက်ငဲ့စောင်းကြည့်လိုက်သည်။ လက်ထဲက စီးကရက်ကို လွှင့်ပစ်လိုက်သည်။ သူ့ကို ကြောက်လို့တော့မဟုတ်ဘူး။ သူ့စကားကို လိုက်နာချင်လို့လည်း မဟုတ်ဘူး။ သူ့ပြောလိုက်တာကို မခံချင်လို့ အခုလို လွှင့်ပစ်လိုက်ခြင်းဖြစ်သည်။

ဂျက်က သူတို့ထိုင်နေတဲ့ ကမ်းနားက လှေတွေဆီ အာရုံပြောင်းလိုက်သည်။ ပြီးတော့…

“ငါတို့ ဟိုဘက်ကမ်းကို လှေလှော်သွားရအောင်”

ဂျက်စကားကြောင့် သူအံသြသွားသည်။ ဟိုဘက်ကမ်းကို လှေလှော်သွားရအောင်လို့ ပြောလိုက်တာ ဂျက်မှ ဟုတ်ရဲ့လားဆိုပြီး သူအံသြနေခြင်းဖြစ်သည်။ ဘာလို့လည်းဆိုတော့ ဂျက်က ရေကြောက်တတ်မှန်း သူကောင်းကောင်းကြီး သိထားသည်။

“မင်း ရေမကြောက်တော့ဘူးလား..တကယ်လို့များ မြစ်လယ်ရောက်မှ မုန်တိုင်းတိုက်ရင် ဘယ်လိုလုပ်မလဲ…ငါက ရေကူးတတ်တယ်ကွ..မင်းကို ကယ်နိုင်ရင်တော့ ကောင်းတာပေါ့။ မကယ်နိုင်ရင်…”

“မဖြစ်သေးတာကို တွေးကြောက်နေတာထက် လက်တွေ့လုပ်ကြည့်တာ ပိုပြီး ဓမ္မဓိဠာန်ကျတယ်ကွ…ငါ ရေကြောက်တတ်ပေမယ့် တွေးကြောက်တတ်တဲ့ကောင်တော့ မဟုတ်ဘူး။ စိတ်ကူးယဉ်ဆန်ဆန်တွေ ပြောနေတာထက် လက်တွေ့ထလုပ်ကြည့်တာကို ပိုကြိုက်တယ်”

“သိပ်သတ္တိကောင်းနေပါလားဂျက်…ဒါဆို ငါတို့ လှေသမားတစ်ယောက်ကို စည်းရုံးရေးဆင်းကြတာပေါ့”

*****************************************************************************************

သူတို့နှစ်ယောက် လှေဆိပ်ကို ဆင်းသွားကြသည်။ ကျောင်းပြေးလာတဲ့သူတွေမို့ လွယ်အိတ်ကိုယ်စီနဲ့ ဖြစ်ကြသည်။ လွယ်အိတ်ထဲမှာ ကျောင်းဝတ်စုံတွေထည့်ထားပြီး သူတို့နှစ်ယောက်က အသင့်ပါလာတဲ့ အဝတ်အစားတွေ လဲဝတ်ထားပြီးကြပြီ။
လှေသမားတစ်ယောက်ကို မိနစ်အနည်းငယ်လောက်ပဲ ပြောရသေးတယ် သူတို့လှေပေါ်ရောက်နေကြပြီ။ တစ်စီးလုံးမှာ သူတို့ သူငယ်ချင်း နှစ်ယောက်နဲ့ လှေသမားပဲပါသည်။

ဂျက်က လှေသမားကြီး ဘေးအိတ်ထဲကို စီးကရက်လက်ကျန်ဗူး ထည့်ပေးလိုက်တာ သူတွေ့လိုက်သည်။ လှေသမားက သဘောအကျကြီး ကျသွားပြီး သူ့လှော်တက်ကြီးကို ဂျက်လက်ထဲ ထည့်ပေးလိုက်သည်။

“ဟေ့ကောင် ဂျက်…ကြည့်လုပ်နော်…အန္တရာယ်များတယ်…ငါ မသေချင်သေးဘူး..ကမ္ဘာကျော်အောင် လုပ်ရဦးမှာ”

“ကျောင်းပြေးရင်း ပညာရပ်တစ်ခုကို တတ်မြောက်အောင် သင်ယူလေ့လာရေး လုပ်မှ အက်ဒီစင်လို ဖြစ်မှာပေါ့ကွ ငါလည်း လှေထိုးတတ်အောင် သင်တာလေ..မင်းရော မသင်ချင်ဘူးလား…လှေထိုးတတ်ရင် အနည်းဆုံးကမ္ဘာမကျော်တောင် ထမင်းတော့ မငတ်တော့ဘူးပေါ့ကွ…ဟားဟား..ဟား…”

စကားနည်းတဲ့ ဂျက်က အခုကျမှ စကားတွေ နင်းကန်ပြောတော့သည်။ သူ ပြောမိတဲ့ စကားကို နင်းပြီး သူ့ကို ပြန်ပြောနေလို့ အောင့်သက်သက်ဖြစ်နေရသည်။ ကြောက်စိတ်ကလည်း နဲနဲရှိသည်။ ပြောမယ့်သာ ပြောတာ။ သူက ရေကူးတတ်ပေမယ့် ကြောက်သည်။ 

ဒါကထုံးစံပဲ။ ရေကူးတတ်တဲ့လူက ရေနစ်မှာတွေးပြီးကြောက်တတ်သလို ရေမကူးတတ်တဲ့ကောင်ကတော့ ရေနစ်မှာကို တွေးပြီး မကြောက်တတ်ဘူး။ ဂျက်က သူရေနစ်သွားရင်တောင် သူ့ကို ကယ်မယ့် ရေကူးတတ်တဲ့လူနှစ်ယောက်ရှိနေတယ်ဆိုတာ သူသိသည်။

“အဲ့ဒီကောင် ရေမကူးတတ်ဘူး ဆရာကြီး…တစ်ခုခုဖြစ်ရင် သူသေမှာပဲ”

သူက လှေသမားကြီးကို လှမ်းအော်သည်။ ဒါကို ဂျက်က သဘောပင်ကျနေသေးသည်။ 
သူ့လက်ထဲက လှော်တက်ကြီးနဲ့ မြစ်ရေတွေကို ဖယ်ထုတ်ပြီး လှေကလေးကို အရှေ့တွန်းပို့နေလေသည်။ သူတို့လှေကလေး မြစ်လယ်ကို တရွေ့ရွေ့ သွားနေလေပြီ။

“လူလေးတို့နှစ်ယောက် ဘယ်ကိုသွားမှာလဲ”

“ကျွန်တော်မသိဘူး ဟိုကောင် ဂျက်ကိုမေးကြည့်…သူလှေလှော်ချင်တယ်ဆိုလို့ ကျွန်တော်ကလိုက်လာပေးတာ”

“ဟေ့ ဂျက်…ဘယ်သွားမှာလဲ” လှေသမားက ဂျက်ဆိုတဲ့ကောင်လေးကို လှန်းမေးသည်။

“ဟိုဘက်ကမ်းလေ…ကျွန်တော် ဟိုဘက်ကမ်းရောက်အောင် လှော်သွားပါ့မယ်”

“ဒါတော့ မဖြစ်ဘူးဆရာကြီး ဒီကောင့်ကို မယုံနဲ့ ကျွန်တော်တို့ သုံးယောက်လုံး လှေမှောက်ပြီး သေလိမ့်မယ်”

သူက အကြောက်အကန်ငြင်းပြီး ဂျက်လက်ထဲက လှော်တက်ကို ပြန်ယူဖို့ လှေသမားကို ပြောသည်။ လှေသမားက ပြုံးပြုံးကြီး ကြည့်နေသည်။ စီးကရက်ဗူး လာဘ်ထိုးထားတဲ့အတွက် လှေသမားက…

“မင်းသူငယ်ချင်းက မဆိုးပါဘူးကွ လှေလှော်တတ်ပါတယ်…”

လှေသမားဆီက အဲ့ဒီအသံထွက်လာတော့ ဂျက်ပျော်သွားသည်။ လှော်တက်ကို ပိုပြီး ကျစ်နေအောင်ဆုတ်ကိုင်လိုက်ပြီး တအားကုန် လှော်ခတ်ပစ်လိုက်သည်။ လှေကလည်း အရှိန်လေးနဲ့ မျောသွားသည်။

တစ်နေရာအရောက်မှာ လှေလူးသလို ဖြစ်သွားသည်။ တဖက်က သဗ္ဗန်တစ်စင်း အရှိန်နဲ့ ဝေါကနဲမောင်းသွားလို့ သူ့ဆီက ရေလှိုင်းတွေ ဂျက်တို့လှေဘက် ရောက်လာလို့ဖြစ်သည်။ ဂျက်ကောင်းကောင်း ထိန်းထားလိုက်နိုင်သည်။ ဂျက်က လှေသမားကို ဖြစ်တယ်မလားလို့ အဓိပ္ပာယ်ရတဲ့ မျက်နှာအမူအယာနဲ့ လုပ်ပြလိုက်သည်။ လှေသမားကလည်း ခေါင်းငြှိမ့်ပြသည်။ ဂျက်ပိုပြီး အားတက်သွားသည်။ 
 သူလှေတစ်စင်းကို ကောင်းကောင်းထိန်းနိုင်ခဲ့ပြီပဲ။

“ဟေ့ မိုက်ကယ်..မင်းလှော်ကြည့်ပါဦးလား။ အရမ်းလှော်လို့ကောင်းတယ်ကွ။ အခုလို မြစ်လယ်မှာ လှေလှော်ဖို့ဆိုတာ လွယ်တာမှတ်လို့…မင်းပဲ ကမ္ဘာကျော်ချင်တယ်ဆိုကွ”

“ဟင့်အင်း ငါမလှော်ချင်ဘူး။ ငါမကျွမ်းကျင်တဲ့အလုပ်ကို ဘယ်တော့မှ လက်တဲ့မစမ်းချင်ဘူး။ လှေလှော်တာနဲ့ ကမ္ဘာကျော်တာနဲ့ ဘာဆိုင်သလဲ”

“ဆိုင်တာပေါ့ကွ…ဒီလှေကလေးကိုလှော်တက်မှ တိုက်တန်းနစ်လို ကမ္ဘာကျော်သဘောင်္ကြီးတွေမောင်းနိုင်လာမှာပေါ့…”

“အေးပါ..တိုက်တန်းနစ်မောင်းပြီး တိုက်လိုက်တာနဲ့ နစ်မသွားအောင်တော့လုပ်ပေါ့”

ဂျက်က လှေကို အားရပါးရဆက်လှော်ခဲ့သည်။

“ကောင်လေး…ရှေ့နားမှာ ဝဲရှိတယ် ဘယ်ဘက်က ကပ်သွား”

လှေသမားရဲ့ အသံကြားတော့ မိုက်ကယ် မျက်လုံးပြူးသွားသည်။ ဝဲဆိုတာ ကြောက်ဖို့ကောင်းသည်။ လှေတစ်စီးလုံးကို ချာချာလည်အောင် လုပ်ပြီး ရေအောက်ဆွဲယူသွားတတ်တဲ့အရာမှန်း မိုက်ကယ်သဘောပေါက်ထားသည်။ လှေသမားတိုင်းက ဝဲကို အထူးရှောင်ကြသည်။

“ဂျက်…ဆရာကြီးကို ပေးလှော်လိုက်..ရှေ့မှာ ဝဲရှိတယ်မဟုတ်လား”

“ရပါတယ်ကွ..မကြောက်ပါနဲ့…ငါဟိုဘက်က ကပ်သွားနိုင်ပါတယ်”

ဂျက်ဆီက အသံပြန်ကြားရတော့ မိုက်ကယ် ဒေါသထွက်သွားသည်။ ဒီကောင် ဘာလို့ ဒီလောက် ပြောရဆိုရ ခက်နေတာပါလိမ့်လို့ တစ်ယောက်တည်း ရေရွတ်နေရုံမှ အပ ဘာမှ မလုပ်နိုင်။ လှေဘောင်နှစ်ဖက်ကို ကိုင်ထားရင်း စိုးရိမ်စိတ်တွေနဲ့ လိုက်ပါနေရသည်။

ဂျက်က လှေကိုကွေ့ချင်ပေမယ့် ဘယ်လိုကွေ့ရမှန်းမသိဖြစ်နေသည်။ လှေသမားကြီးက ဂျက်နဲ့မိုက်ကယ်တို့ရဲ့ ပုံစံတွေကို ကြည့်ရင်း သဘောကျနေသည်။ တစ်ယောက်က တွေးကြောက်ပြီး စိုးရိမ်တတ်သူ၊ တစ်ယောက်က လက်တွေ့ဆန်သူ။

ဒီအတိုင်းသာ လွှတ်ထားလိုက်ရင် သူတို့လှေ ဝဲရှိတဲ့ဆီ တည့်တည့်ကြီး ဦးတည်နေပြီ။ လှေသမားကြီးက သူ့လှေထဲမှာ အပိုပါလာတဲ့ လှော်တက်ရှည်ကြီးကို ထုတ်လိုက်ပြီး လှေကို ကွေ့သွားအောင် လုပ်ဖို့ရေထဲထိုးချလိုက်သည်။

လှေသမားရဲ့ လှော်တက်ကြောင့် လှေလည်း ဦးတည်ချက်ပြောင်းသွားသည်။ ဂျက်က လှေသမားကို ကြည့်ပြီး ကျေးဇူးတင်ကြောင်း ရယ်ပြသည်။ လှေသမားက သူ့လှော်တက်ကြီးကို ပြန်တင်လိုက်ပြီး ဂျက်ကို ဆက်လှော်ခိုင်းသည်။

သူတို့လှေကလေးက မြစ်လယ်တည့်တည့်ကို ရောက်ခဲ့လေပြီ။ ထွက်ခွာလာတဲ့ ကမ်းနဲ့လည်း တော်တော်လေး လှမ်းသွားပြီ။ သူတို့လှော်သွားနေတဲ့ ကမ်းဆီရောက်ဖို့ကလည်း တော်တော်လိုသေးသည်။

“မိုက်ကယ် မင်းငြိမ်လှချည်လားကွ…ငါလှော်တာကို စိတ်မချလို့ ကြောက်နေတာလား”

“တော်စမ်းပါကွာ…ငါ့ဘဝမှာ ကြောက်တယ်ဆိုတာမရှိဘူး။ ကြောက်သွေးပါရင် ဖောက်ထုတ်ပစ်လိုက်မယ်” 

မိုက်ကယ်က စကားအကြောမခံ။ သူ့ကို ကြောက်နေတယ်ဆိုပြီး အထင်ခံရတာကို သူသဘောမကျဘူး။

“မင်းတကယ် မကြောက်ဖူးပေါ့ ဟုတ်လားမိုက်ကယ်…ဒါဆိုပြီးရောလေ”

ဂျက်က ပြောပြောဆိုဆိုနဲ့ လှေကို ဘယ်ညာယိမ်းအောင် လှုပ်ထည့်လိုက်သည်။ လှေလည်း ဘယ်ယိမ်းလိုက် ညာယိမ်းလိုက်နဲ့ လွန့်လွန့်လူးသွားတော့သည်။ မိုက်ကယ်က အသံကုန်အောင် အော်သည်။

“ဟေ့ကောင် သောက်ရူး၊ အရူးမထနဲ့…မင့်အမေလင် လှေက မမှောက်ဖူးလို့ အာမ မခံဖူး”

မိုက်ကယ့်အော်သံကြောင့် ဂျက်ကြိတ်ပြီး ရယ်သည်။ လှေသမားကတော့ သက်ပြင်းရှည်ကို လေးပင်စွာချလိုက်သည်။
ဒီကလေးနှစ်ယောက်ရဲ့ အားပြိုင်ပွဲက ငါ့လှေပေါ်မှာ ဖြစ်နေတာ ငါကံဆိုးချင်လို့များလား လို့ မတွေးစဖူး အတွေးတစ်ခု ရောက်လာသည်။

****************************************************************************************

ဂျက်လှေလှော်နေတာကို မြင်တော့ တခြားလှေက လူတွေက ကြည့်သွားကြသည်။ ဒီလှေထိုးသားကို သူတို့ မမြင်ဘူးကြသောကြောင့် ဖြစ်သည်။ ဒါပေမယ့် သူ့ရှေ့နားမှာ ထိုင်နေတဲ့ လှေသမားကို မြင်တော့မှ သူတို့ ရိပ်မိကြသည်။

ဂျက်တို့လှေကလေးလည်း လှော်ရင်း တဘက်ကမ်းစပ်ကို တဖြည်းဖြည့် ရောက်ခါနီးလေပြီ။

“ကောင်လေး..ရှေ့မှာ သဘောင်္ဆိပ်က ထွက်လာနေတဲ့ သဘောင်္ကြီးလာနေတယ်။ အဲ့ဒီနားကို သိပ်မကပ်နဲ့။ သူ့ဆီကလှိုင်းတွေက အရမ်းများတယ်။ မင်းထိန်းနိုင်မှာမဟုတ်ဘူး”

“ဟေ့ကောင် ဂျက် မင်းလှော်တက်ကြီးကို ဆရာကြီးဆီ ပြန်ပေးလိုက်စမ်းပါကွာ…ဒီလောက်လှော်ရ ကျေနပ်တော့ပေါ့။ ဒါ ကစားကွင်းထဲက လှေမဟုတ်သလို ကစားဖို့လုပ်ပေးထားတဲ့ ရေကန်လည်းမဟုတ်ဘူး”

“ငါသိတာပေါ့ မိုက်ကယ်ရာ…ငါ့ကို မင်းပြောတယ်လေ..ကျောင်းပြေးတာ စီးကရက်ပေါ်မှာပဲ ပုံအပ်ထားတော့မှာလားဆို..အခု လှေပေါ်မှာ ပုံအပ်ထားလိုက်ပြီ။ စီးကရက်သောက်ရတာလည်း မသောက်တတ်ခင်က ရှိုက်ရတာ ခက်သလိုပဲ လှေလှော် ရတာလည်း မလှော်တတ်ခင်ဆိုတော့ နည်းနည်းခက်နေတာပေါ့။ နောက်တစ်ခေါက်ကျရင် ကောင်းကောင်း လှော်တတ်အောင် ပညာယူနေတာပါကွ”

“ဒီသောက်ရူးကတော့ စကားများနေပြန်ပြီ…ဟေ့ကောင် ရှေ့မှာ သဘောင်္နဲ့ နီးနေပြီနော်”

မိုက်ကယ်က စိုးရိမ်တစ်ကြီး သတိပေးလိုက်သည်။ လှေသမားကလည်း သူ့လှော်တက်အပိုကြီးကို ကောက်ကိုင်ထား လိုက်သည်။ ပြီးတော့ …

“ကောင်လေး…မင်းခဏဖယ်တော့..သဘောင်္နဲ့ အရမ်းနီးနေပြီ”

ဒီတော့မှ ဂျက်က သူ့လက်ထဲက လှော်တက်ကို လှေသမားဆီလှန်းပေးလိုက်ပြီး မိုက်ကယ်ရှိတဲ့ ဆီထသွားသည်။ သဘောင်္ဆီက ပုတ်ခတ်လာတဲ့ လှိုင်းအရှိန်က သူတို့လှေကလေးကို တွန်းတိုက်နေတော့သည်။ လှေက တယိမ်းတယိုင်ဖြစ်နေသည်။ သဘောင်္ကလည်း ဥသြဆွဲပြီး အချက်ပေးသည်။ သူ့လမ်းကြောင်းပေါ် ရောက်နေတဲ့ လှေကို လမ်းရှင်းခိုင်းသည့် သဘောဖြစ်သည်။

“ဟေ့..ကောင်လေး..မထနဲ့..အန္တရာယ်များတယ်”

လှေသမားက လှန်းအော်လိုက်ပေမယ့် အချိန်မမှီတော့ပေ။ ဂျက်က မတ်တပ်ရပ်လိုက်စဉ်မှာပဲ လှေ ဟန်ချက်မထိန်းနိုင်တော့ပဲ မှောက်သွားတော့သည်။

“ဟာ…လှေတစ်စီးမှောက်သွားပြီ”

သဘောင်္ပေါ်မှ ခရီးသည်တစ်ချို့က မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဝိုင်းအော်ကြသည်။
ကမ်းစပ်မှာ ရောက်နေတဲ့ လှေသမားတွေလည်း ထိုမြင်ကွင်းကို တွေ့လိုက်ရသည်။ ဒါ…ဂျော်နီ့လှေကွ…ချာတိတ်လေး လှော်နေတဲ့ လှေပဲဖြစ်မယ် လို့ တစ်ချို့က ပြောဆိုလိုက်ကြသည်။ ကယ်ဆယ်ရေးလုပ်ဖို့ တစ်ချို့ လှေသမားတွေ ကမ်းစပ်က ထွက်လာကြသည်။ 

သဘောင်္မောင်းလာတဲ့ သူကြီးဖြစ်သူကလည်း လှေမှောက်တဲ့နား သူ့သဘောင်္ရောက်သွားမှာ ဆိုးလို့ ချက်ချင်း လမ်းကြောင်းလွှဲရတော့သည်။ သင်္ဘောကြီးသာ အဲ့ဒီနားကပ်သွားရင် ရေနစ်နေတဲ့သူတွေ သူ့ဗိုက်အောက် ရောက်သွားနိုင်သည်။

မိုက်ကယ်က ရေထဲမှာ ခေါင်းကို မော့ပြီး ကူးနိုင်သမျှ ကူးသည်။ လှေသမားက သူ့လှေကို အတင်းပြန်လှန်ချနေသည်။ ဂျက်တစ်ယောက်ကတော့ ရေထဲနစ်နေလေပြီ။

“ဆရာကြီး…ကျွန်တော့်သူငယ်ချင်းကို ဆယ်ပါဦး…ဒီကောင်ရေမကူးတတ်ဘူး။ သူ့ကိုကယ်ပါဗျ…”

မိုက်ကယ်က လှေသမားကို လှန်းအော်သည်။ လှေသမားလည်း ရေထဲ ပြန်ငုပ်သွားပြီး ဂျက်ကို ရှာသည်။ 

တအောင့်နေတော့ လှေသမားပြန်ပေါ်လာသည်။ ခေါင်းခါပြသည်။ ဂျက်ကို ရှာလို့မတွေ့။ မိုက်ကယ် ရေကူးရင်းအော်ငိုသည်။
လှေသမားလည်း နောက်တစ်ခေါက်ထပ် ငုပ်ပြီးရှာသည်။ ပထမတစ်ခေါက်လိုပဲ ဂျက်ကို ရှာမတွေ့။

ထိုအချိန်မှာပဲ သူတို့နားကို လှေနှစ်စီးကပ်လာသည်။ သူတို့နှစ်ယောက်စလုံးကို လှေပေါ်ဆွဲတင်ကြသည်။ မိုက်ကယ်ကတော့ သူ့သူငယ်ချင်း ဂျက်ကို ရှာပေးဖို့ပဲ အော်နေသည်။ ငိုလည်းငိုနေသည်။ လှေထိုးသားသုံးယောက်လောက် ရေထဲငုပ်ပြီး ရှာကြသည်။ ငါးမိနစ်လောက်ကြာတော့မှ ရေငုပ်သမားတစ်ယောက်နဲ့အတူ ဂျက်ကို ဆယ်လာနိုင်သည်။ မိုက်ကယ် ကတုန်ကယင်နဲ့ သူ့လှေပေါ် ဂျက်ကိုဆွဲတင်သည်။ 

“ဂျက်…သူငယ်ချင်း…ဂျက်” မိုက်ကယ်က အတင်းလှုပ်ပြီး ဂျက်ကို အဆက်မပြတ်ခေါ်နေတော့သည်။

ဂျက်က တုပ်တုပ်ပင်မလှုပ်။ လှေထိုးသားတစ်ယောက်က ဂျက်ပါးစပ်ကို ငုပ်ပြီးလေမှုတ်ထည့်သည်။ သူတို့ ကမ်းစပ်ကို ရောက်အောင် ဒုန်းစိုင်းလှော်သွားကြသည်။ ကမ်းစပ်မှာလည်း လူတစ်ချို့က သူတို့အဖြစ်အပျက်ကို စောင့်ကြည့်နေကြသည်။ ရဲတစ်ချို့လည်း ရောက်နေကြသည်။ 

ကုန်းပေါ်ရောက်တော့ ဂျက်ကို တစ်ယောက်က ထမ်းပြေးသည်။ လူတွေကလည်း ဝိုင်းအုံကြည့်နေကြသည်။ ခေါက်တုပ်ခေါက်ပြန် ပြေးပြီးတော့မှ ဂျက်ပါးစပ်ထဲက ရေတွေအန်ကျလာပြီး တအင့်အင့်နဲ့ ဖြစ်လာသည်။

ဒီတော့မှ မိုက်ကယ်လည်း အသက်ရှူနိုင်တော့သည်။ သူ့သူငယ်ချင်းကို ပြေးပွေ့လိုက်သည်။ တဟီးဟီးနဲ့လည်း ငိုနေသေးသည်။

“ဂျက်ရာ..မင်းကိုငါပြောတယ်..ဘယ်တော့မှ မကျွမ်းကျင်တဲ့အလုပ်ကို လက်တည့်မစမ်းပါနဲ့လို့..အခုတော့ ကံကောင်းလို့ မသေတာကွာ..မင်းသေသွားရင် ငါရူးမှာပဲ”

အဲ့ဒီအချိန်မှာ ဂျက်က အသက်ကို မျှင်းပြီးရှူနေရသည်။ အသံပျော့လေးနဲ့ စကားပြောဖို့ အားယူသည်။ ထို့နောက်…

“မိုက်ကယ်..ငါ့ကိုခွင့်လွှတ်ပါကွာ…လက်တွေ့ဆန်တိုင်းလည်း မကောင်းဘူးဆိုတာ ငါသိပါပြီ…”

ဂျက်ဆီက ထိုစကားသံကြားလိုက်ရတော့ မိုက်ကယ် ကျေနပ်စွာပြုံးလိုက်သည်။ 

“စိတ်ကူးယဉ်ပြီး စကားကြီးစကားကျယ်တွေပြောတိုင်း လက်တွေ့မှာ လုပ်ဖို့ခက်တယ်ဆိုတာ ငါလည်း ကောင်းကောင်း သဘောပေါက်သွားပြီး ဂျက်ရာ…ငါတို့ စာသင်ခန်းထဲ ပြန်သွားကြတာပေါ့”

ထို့နောက်နှစ်ယောက်သား ပြိုင်တူရယ်လိုက်ကြပါသည်။ သူတို့ငှားစီးလာတဲ့လှေမှ လှေသမားကြီးကတော့ ခပ်လှန်းလှန်းကနေ ကြည့်ရင်း ခေါင်းတဆတ်ဆတ်ငြှိမ့်နေလေတော့သည်။      

၁၈-၈-၂၀၁၂

Saturday, August 11, 2012

ဗိုလ်ချုပ်အောင်ဆန်းနှင့်မြန်းဂလိပ်ရှ်


ယနေ့ခေတ်စားလာသော အွန်လိုင်းယဉ်ကျေးမှုတွင် ကျွန်တော်တို့ မြန်မာလူငယ်များလည်း အင်တိုက်အားတိုက် ပါဝင်ခဲ့ကြပါပြီ။ မြန်မာလူငယ်အများစု သုံးနှုန်းနေသော အွန်လိုင်းဘာသာစကားများကိုလည်း ကျွန်တော်တို့ ဆိုးတယ် ကောင်းတယ် မဝေဖန်နိုင် ကြတော့ပါဘူး။ ကျွန်တော်တို့ ကိုယ်၌က ထိုကဲ့သို့သော ဘာသာစကားသစ်တစ်ခုကို ထဲထဲဝင်ဝင် အသုံးပြုခဲ့ဘူးသောကြောင့် ဖြစ်သည်။ ဒါဟာ ကောင်းတဲ့လက္ခဏာမဟုတ်ဘူး၊ ကိုယ့်မှာရှိတဲ့ အရည်အသွေးတွေ ကျဆင်းစေနိုင်တယ်လို့ စာတတ်ပေတတ် လူကြီးသူမတွေရဲ့ ဆုံးမပြစ်တင်မှုတွေကို ခါးစည်းခံခဲ့ကြရင်း ထို အွန်လိုင်းဘာသာဗေဒ စကားလုံးများကို ကျွန်တော်တို့ ဆက်လက် ကျင့်သုံးခဲ့ကြပါသည်။ 

တစ်ဦးနဲ့တစ်ဦးနှုတ်ဆက်တဲ့ အခါမှာ ဖြစ်စေ၊ သတင်းမေးတဲ့အခါမှာဖြစ်စေ၊ အင်္ဂလိပ်ဘာသာစကား good morning, how are you, hello စတဲ့ ဝေါဟာရများဖြင့် ယေဘုယျ နှုတ်ဆက်တတ်ကြသော်လည်း ကျွန်တော်တို့ မြန်မာပြည်ဝယ် အင်တာနက်များ ထွန်းကားလာစ အွန်လိုင်းအသုံးပြုမှု တိုးတက်ဖွံဖြိုးလာကာစ ၂၀၀၇ ဝန်းကျင်လောက်မှာ အသွင်သဏ္ဍာန်တစ်မျိုး ပြောင်းလဲ လာခဲ့တာ တွေ့ရှိရပါသည်။ ထိုအပြောင်းအလဲမှာ တစ်ဦးနဲ့တစ်ဦး အပြင်မှာ မျက်နှာချင်းဆိုင် နှုတ်ဆက်ရင် သုံးနှုန်းပြောဆို သကဲ့သို့ နေကောင်းလား၊ စားပြီးပြီလား၊ စာကျက်နေတယ်စတဲ့ စကားတွေအတိုင်း အွန်လိုင်းစာမျက်နှာထက်က Gtalk, facebook, vzo အစရှိသော ချက်တင်လုပ်ငန်းများမှာ ရေးသားပြောဆို အသုံးပြုခဲ့ကြပါသည်။ နေကောင်းလား (nay kg lar) စားပြီးပြီလား (eat pe p lar) စာကျက်နေတယ် (study lote nay tal) ဆိုပြီး အင်္ဂလိပ် typing ကို မြန်မာမှုပြု လိုက်ကြသည်။ အလွယ်တကူ နားလည်နိုင်သော အသုံးအနှုန်းတစ်ခုမို့ လူငယ်ထုကြားမှာ တကယ့်ကို ရေပန်းစားလာခဲ့သည်။

ထိုကဲ့သို့ အင်္ဂလိပ်တစ်ဝက် မြန်မာတစ်ဝက်ဖြစ်နေသော ဘာသာရပ်ကို ကျွန်တော်တို့လူငယ် လူတန်းစား အွန်လိုင်းယဉ်ကျေးမှု ရပ်ဝန်းမှ မြန်းဂလိပ်ရှ်ဟု သတ်မှတ်ခေါ်ဝေါ်ခဲ့ကြပါသည်။ ထိုမြန်းဂလိပ်ရှ် အသုံးအနှုန်းကို လွန်ခဲ့သော ၅နှစ်ခန့်ကမှ စတင်၍ တွင်တွင် ကျယ်ကျယ် အသုံးပြုလာခဲ့သည်ဟု ကျွန်တော်တို့ မှတ်ထင်ခဲ့ကြသည်။ တကယ်တော့ ကျွန်တော်တို့ လူငယ်တွေ ယနေ့ အသုံးပြုနေသော မြန်းဂလိပ်ရှ်စကားကို လွန်ခဲ့သော နှစ်ပေါင်း ၈၀ ကျော်ခန့်က ကျွန်တော်တို့ရဲ့ အမျိုးသား ခေါင်းဆောင် ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်ဖခင်ကြီး၊ အာဇာနည် သူရဲကောင်းကြီးဖြစ်လာမယ့် ဗိုလ်ချုပ်အောင်ဆန်းက အသုံးပြုခဲ့တာကို တွေ့ရှိရပါသည်။

ထိုအချိန်က ဗိုလ်ချုပ်အောင်ဆန်းဟာ ရေနံချောင်းအမျိုးသားကျောင်းမှာ ကျောင်းတက်နေဆဲ ရှစ်တန်းကျောင်းသားလေး ဖြစ်သည်။ ကျောင်းသားလေး ကိုအောင်ဆန်းသည် သူ့ရဲ့ အစ်ကိုကြီး အမျိုးသားကျောင်းဆရာ ကိုဘဝင်း (နောင်တွင် ဗိုလ်ချုပ်တို့နဲ့အတူ ဇူလိုင်၁၉ရက်မှာ လုပ်ကြံခံခဲ့ရရှာသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး) ၏ထိန်းချုပ် ကွပ်ကဲမှု အောက်တွင် အတန်းပညာများကို ဆည်းပူးလေ့လာနေသော အချိန်ဖြစ်သည်။ ကိုအောင်ဆန်းနှင့် ၃နှစ်သာကွာသော သူ့အထက်အစ်ကို ကိုအောင်သန်းက ဆယ်တန်းကျောင်းသားဖြစ်သည်။ ကျောင်းဆရာ အစ်ကိုကြီး ကိုဘဝင်းနှင့် ဆယ်တန်း ကျောင်းသား အစ်ကို ကိုအောင်သန်းတို့က ကိုအောင်ဆန်းရဲ့ ပညာရေးတိုးတက် ဖြစ်ထွန်းလာမှုကို မျက်ခြေမပျက် စောင့်ကြည့် နေခဲ့ကြသည်။ 

ကိုအောင်ဆန်းသည် အင်္ဂလိပ်စာကို အလွန်သင်ယူတတ်မြောက်ချင်သူဖြစ်ပြီး အစ်ကိုများနည်းတူ အင်္ဂလိပ်ကျောင်းတက်ချင်လို့ ၄တန်း စကောလားရှစ် ဝင်ဖြေရာ ပညာအုပ်က အသက်ငယ်သေးတယ်ဟု ပြောကာ ဝင်ခွင့်ပေးမဖြေခဲ့၍ ဒေါသထွက်ခဲ့ဖူးသည်။ “သင်းတို့ တစ်နေ့သိစေမယ်၊ မသင်ရတော့ ဘာဖြစ်မှာတုံး…သိမယ်” လို့ စိတ်ဆိုးပြီး ပြောဆိုခဲ့ဖူးသည်။ ထို့နောက် အင်္ဂလိပ်စာ လေ့လာလို့ရသည်နှင့် တပြိုင်နက် အပတ်တကုတ် လေ့လာတော့သည်။ အစ်ကိုနှစ်ယောက်ကလည်း ဥာဏ်ကောင်းပြီး ဇွဲရှိတဲ့ ညီထွေးလေး ကိုအောင်ဆန်းကို ဂရုစိုက်သင်ပေးကြသည်။

ကိုအောင်ဆန်းသည် သူ့ရဲ့ ဒိုင်ယာရီစာအုပ်ထဲတွင် သူနေ့စဉ် လုပ်ကိုင်ဆောင်ရွက်မှုများ၊ ကြုံတွေ့ရသည့် အဖြစ်အပျက်များကို အင်္ဂလိပ်လို ရေးထည့်ပြီး အရေးကျင့်လေ့ရှိခဲ့သည်။ တစ်ညကား အစ်ကို ကိုအောင်သန်းက သူ့ညီတော်မောင်ရဲ့ အင်္ဂလိပ်စာ  အဆင့်အတန်း မည်မျှ တိုးတက်နေပြီဆိုတာ သိလိုတာကြောင့် ကိုအောင်ဆန်းရဲ့ မှတ်တမ်းစာအုပ်များကို တစ်ရွက်ချင်း လှန်လှောဖတ်ကြည့်နေလေသည်။ 

တစ်နေရာတွင် ( I sak my debt ) ဟူသော စာပိုဒ်ကို တွေ့ရှိလေသည်။ ဆယ်တန်း ကျောင်းသားဖြစ်သော ကိုအောင်သန်းမှာ ထိုစာပိုဒ်၏ အဓိပ္ပာယ်ကို နားမလည်ဖြစ်ရလေသည်။ ထို့ကြောင့် ညီဖြစ်သော ကိုအောင်ဆန်းအား မေးရလေတော့သည်။ ကိုအောင်ဆန်းက စာကို ကုန်းကြည့်နေရာမှ ရယ်မောလိုက်ကာ “အကြွေးဆပ်တာကို ရေးတာပါကွာ”  လို့ရှင်းပြလေသည်။ ဒီတော့ ကိုအောင်သန်းက “ဟ…မင်းဥစ္စာကလည်း ဘယ်လိုရေးတာလဲ” လို့မေးလိုက်သည်။ ထိုအခါ ကိုအောင်ဆန်းက “ဆပ်တာကို အင်္ဂလိပ်လို မသိတာနဲ့ ငါလည်း ဖြစ်သလို ရေးထားတာ” ဟု ဆက်ပြောသည်။ “ဟာ…မင်းသိပ်ရှော်တာပဲ၊ ဆပ်တယ် ဆိုတာ တိုက်ရိုက်မသိရင် ကြံဖန်သုံးစရာ စကားရှားသလားကွ၊ I pay my debt ဒါမှမဟုတ်လို့ရှိရင် I clear my debt ပေါ့၊ မင်းသိပြီးစကားနဲ့ကိုပဲ ထွင်ပြီးရေးနိုင်တယ် နောက်ဒီလိုမလုပ်နဲ့” ဆိုပြီး ကိုအောင်သန်းက သင်ပြသည်တွင် ကိုအောင်ဆန်း မှာ ကျိတ်၍ ရယ်မောနေတော့သည်။

အထက်ပါ အကြောင်းအရာများကို ကြည့်ရင် ကျွန်တော်တို့ ယနေ့သုံးနေသော မြန်းဂလိပ်ရှ် အသုံးအနှုန်းမျိုး ဗိုလ်ချုပ်ငယ်ငယ် ကတည်းက စတင်သုံးခဲ့ဖူးပြီးပါပြီ။ သို့သော် ကျွန်တော်တို့ သိထားရမှာက ဗိုလ်ချုပ်အောင်ဆန်းတောင် သုံးခဲ့သေးတာပဲ ငါတို့သုံးတာ မှန်တယ် ဆက်သုံးမယ်လို့ စိတ်ထဲ မစွဲထားသင့်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းသုံးခဲ့ခြင်းသည် ဝေါဟာရကို မသိလို့ သုံးခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ဗိုလ်ချုပ်အသက်မှာ ၁၅နှစ်သာသာ သာရှိသေးပါသည်။ အဲ့ဒီလို သုံးခဲ့လို့လည်း အစ်ကိုဖြစ်သူ ကိုအောင်သန်းက အမှားကို အမှန်ပြင် သင်ပြပြောဆိုခဲ့သည်။ 

ဒီနေရာမှာ ကျွန်တော်တို့ အသိတစ်ခုရလိုက်သည်။ ကိုယ်ရေးချင်၊ သုံးချင်၊ ပြောချင်တဲ့ အင်္ဂလိပ်စကားလုံးကို မသိရင် သိပြီးသား ဝေါဟာရတစ်ခုနဲ့ အစားထိုးကြရမည်။ အလွယ်ဖြစ်သလို မသုံးလိုက်သင့်ပါ။ မသိသေးတာကို သိအောင် ကြိုးစားရှာဖွေရမည်။ ကိုအောင်ဆန်းကလေးက သူမသိသော စကားလုံးမို့ အလွယ်သုံးလိုက်ခြင်းဖြစ်ပေမယ့် ကျွန်တော်တို့ကတော့ သိပြီးသား စကားလုံးများကိုပင် အလွယ်လိုက်သုံးနေခဲ့ကြခြင်းမှာ အလွန်ဆိုးဝါးခဲ့ပြီဟု ကိုယ့်ကိုကိုယ် သုံးသပ်မိပါသည်။ 

ထို့ကြောင့် ယခု အချိန်မှ စပြီး မြန်းဂလိပ်ရှ်အသုံးပြုမှုတွေကို လျော့နိုင်သမျှ လျော့အောင်၊ တစ်ဦးနဲ့တစ်ဦး စကားပလ္လင်ခံ နှုတ်ခွန်းဆက်သ စကားစမြည် မေးမြန်းပြောဆိုတဲ့အခါ ဘာသာရပ်တစ်ခု၏ ဝေါဟာရအမှန်ကိုသာ အသုံးပြုနိုင်အောင် ကြိုးစား လေ့ကျင့်ကြပါလို့ တိုက်တွန်းလိုက်ရပါသည်။ ။

အပါ
၁၂-၈-၂၀၁၂

Monday, August 6, 2012

ခရီးသွားခြင်းဆိုရာဝယ်


ခရီးသွားခြင်းကို ကျွန်တော်အလွန်မြတ်နိုးပါသည်။ ခရီးသွားခြင်းဖြင့် စိတ်ကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်တယ်လို့ လည်း ယုံကြည်ပါသည်။ ခရီးသွားရတာဟာ ဒေသန္တရဗဟုသုတတွေလည်း ရနိုင်ပါသည်။ နယ်မြေဒေသ မတူကွဲပြားတဲ့ အရပ်များဆီ သွားရတယ်ဆိုရင် ပိုလို့တောင် လေ့လာမှတ်သားစရာတွေ ရှိနေတတ်ပါသည်။ အသွင်မတူတဲ့ လူနေမှု အကျင့်စရိုက်တွေရယ်၊ ယဉ်ကျေးမှု ဓလေ့ရိုးရာ ထုံးတမ်းစဉ်လာတွေရယ်၊ အပြောအဆို ဘာသာစကားမတူတာတွေရယ်၊ စားစရာ အစားအသောက် အရသာနဲ့ အပြင်အဆင်မတူညီတာတွေရယ်ကို အစုံအလင် တွေ့ရှိခံစား မှတ်သားနိုင်ပါသည်။

ကျွန်တော်ခပ်ငယ်ငယ်အရွယ်မှာ ကျွန်တော့်မိဘများက ခရီးဝေးမသွားကြပါဘူး။ ကျွန်တော့်ကို ၁၉၈၄မှာမွေးပြီး တစ်ဦးတည်းသော ညီမလေးကိုတော့ ၁၉၈၈မှာ မွေးပါသည်။ ၁၉၈၈ အရေးအခင်းကာလမှာ အမေဟာ ညီမလေးကို မွေးဖွားရတာမို့ အလွန်ကသီခဲ့ရှာပါသည်။ အဲ့ဒီမတိုင်ခင် ရှေ့နှစ်တွေမှာလည်း ကျွန်တော် ငယ်သေးတာတစ်ကြောင်း ကျွန်တော် လူမှန်းသိတတ်ကာစမှာ အမေက ညီမလေးကို မွေးဖို့အကြောင်းဖန်လာတာကတစ်ကြောင်း၊ ညီမလေး မွေးပြီးတော့လည်း ကလေးက ငယ်သေးတယ်ဆိုပြီး ဘယ်မှ လိုက်မပို့ဖြစ်တာရယ်ကြောင့် ကျွန်တော့်အသက် ၉နှစ်မှ ပထမဆုံး ခရီးတစ်ခု ထွက်ဖြစ်ပါတော့သည်။

ထိုခရီးစဉ်ကတော့ ကျိုက်ထီးရိုးဘုရားဖူးခရီးပါ။ အဲ့ဒီတုန်းက ကျွန်တော့်အဒေါ် ကျောင်းဆရာမ အပျိုကြီးနဲ့သူ့သူငယ်ချင်း ဆရာမနှစ်ယောက်ရယ် ကျွန်တော်တို့ မောင်နှမ နှစ်ယောက်ရယ် အတူတူ သွားခဲ့ကြတာပါ။ ညီမလေးက ကျွန်တော်နဲ့ ၄နှစ်ကွာတာမို့ ၅နှစ်သမီးလောက်ပဲရှိပါသေးတယ်။ ကျွန်တော်တို့မိဘတွေ လိုက်မပို့နိုင်သေးတဲ့ကာလမှာ အဒေါ်နဲ့ ကပ်လိုက်ကြရတာပါ။ ၁၉၉၂ ခုနှစ်လောက်က ဘုရားဖူးကားတွေဟာ သိတဲ့အတိုင်း ကပရ ကားကြီးတွေပါ။ ဒေဝူးကားကြီး တွေလို့လည်း တစ်ချို့ ကခေါ်ကြပါသည်။ ရန်ကုန်မြို့  ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ဆုထူးပန်တို့ ဘုရင်ရုပ်ရှုင်ရုံတို့ ရှေ့ကနေ စထွက်ကြတာပါ။ ကျွန်တော်မှတ်မိတာကတော့ ထိုင်ခုံလက်မှတ်မရတော့လို့ ကျွန်တော်အလယ်ခုံကနေလိုက်ခဲ့ ရတာကိုပါ။ အလယ်ခုံဖိုး ၄၅ကျပ်လားမသိပေးလိုက်ရတာကို ခပ်ရေးရေးမှတ်မိနေပါတယ်။ အဲ့ဒီခရီးစဉ်ကတော့ ကျွန်တော့်ဘဝရဲ့  ပထမဆုံး ခရီးပါ။



ခရီးသွားတယ်ဆိုရင် တစ်ချို့ များကျတော့ ကားပေါ်ရောက်တာနဲ့ မျက်လုံးလေးပိတ်ပြီး အိပ်လိုက်ကြတာ များပါတယ်။ ကျွန်တော်ကတော့ ကလေးဘဝကတည်းက ခရီးဝေးသွားပြီဆိုရင် ဘယ်တော့မှ အိပ်လေ့မရှိပါဘူး။ ပတ်ဝန်းကျင်ကို မြင်နိုင်တဲ့ အလင်းရောင်ရှိနေသရွေ့ ဘေးဘီဝဲယာကို အမြဲလိုလို ငေးမောသွားလေ့ရှိပါသည်။ ကားပဲစီးစီး၊ ရထားပဲစီးစီး၊ သဘောင်္ပဲစီးစီး၊ လေယာဉ်ပျံပဲစီးစီး ဘေးပြတင်းပေါက်ဘက်မှာ ထိုင်လို့ရအောင် အမြဲနေရာယူတတ်ပါသည်။ မိသားစုများနဲ့သွားတဲ့အခါပဲဖြစ်စေ၊ သူငယ်ချင်းအပေါင်းအသင်းများနဲ့ သွားတဲ့အခါပဲ ဖြစ်စေ၊ ဒေါင့်မှာ ထိုင်ဖို့ တောင်းဆိုတတ်သူက ကျွန်တော်ပါ။ အခုနောက်ပိုင်း တော့ အရင်ကလို မဟုတ်တော့မှန်း ကိုယ်ကိုကိုယ် ဆင်ခြင်မိလာပါသည်။ ဘာလို့လဲဆိုတော့ ကိုယ့်ထက်ငယ်တဲ့ သူတွေနဲ့ ခရီးအတူတူ သွားရတဲ့အခါ သူတို့ကို ဒေါင့်မှာ နေရာပြန်ပေးခဲ့ရပါပြီ။ လူကြီးတွေ ပြောပြောနေတဲ့ နေရာဆိုတာ ဒီလိုကိစ္စမျိုး တွေက စတာပဲလို့ထင်မိသည်။ ကိုယ်ချည်းပဲ ဒီနေရာမှာ နေချင်လို့ မဖြစ်တော့တဲ့အခါ၊ မနေသင့်တော့တဲ့အခါ၊ ကိုယ့်နေရာမှာ နေဖို့ တကယ်လိုအပ်လာတဲ့လူငယ်တွေအတွက် ကိုယ်ဘေးဖယ်ပေးရတော့တာပါပဲ။

နေရာအကြောင်းပြောလိုက်တာ ခရီးသွားတဲ့ အကြောင်း လမ်းပျောက်သွားတော့မယ်။ အခုဆို ကျွန်တော်ခရီးတွေ အများကြီး ထွက်ခဲ့ဖူးပါပြီ။ မြန်မာပြည်လို အင်မတန်မှ သာယာလှပတဲ့ ရှုမျှော်ခင်းတွေ၊ စိမ်းလန်းစိုပြေနေတဲ့ လယ်ကွင်းပြင်တွေ၊ သစ်တောအုပ်ကြီးတွေ၊ တောင်ပြာတန်းကြီးတွေ၊ ပန်းမျိုးစုံလင်တဲ့ စိုက်ခင်းလွင်ပြင်ကြီးတွေ၊ ဘယ်ဒေသမှာမဆို အမြဲလိုလို တွေ့ရတတ်တဲ့ ပုထိုးစေတီ ဂူကျောင်း ဗိမ္ဗာန်တော်ကြီးတွေကို ခရီးသွားရင်း ကြည့်ရတာ၊ မြင်ရတာ အရသာရှိပါသည်။ ပြည်တွင်းတင်မက ပြည်ပနိုင်ငံတစ်ချို့ ဆီလည်း ခရီးထွက်ဖြစ်ပါသည်။ ပြည်ပနိုင်ငံများရောက်တော့လည်း သူတို့ရဲ့ မိုးမျှော်တိုက်တာ အဆောက်အဦတွေ၊ လှပခန့်ညား ထည်ဝါတဲ့ ဗိသုကာဒီဇိုင်းဆန်းတွေ၊ သပ်ရပ်ပြီး စည်းကမ်းရှိတဲ့ လမ်းမကြီးတွေကို တွေ့ရ မြင်ရတာ ရင်သပ်ရှုမောဖွယ်ပါပဲ။ အဲ့ဒီလို ခရီးထွက်တိုင်း သန့်ရှင်းလတ်ဆတ်တဲ့ လေကို ရှုရှိုက်ရတာဟာလည်း ဘဝအမောတွေကို ပြေစေပါသည်။ အခုနောက်ပိုင်းတော့ ယာဉ်တိုင်းလိုလို အဲကွန်းတွေပေါ်လာလို့ ကားစီးရင်း၊ သဘောင်္စီးရင်း သဘာဝရဲ့ လတ်ဆတ်သန့်ရှင်းတဲ့ လေကိုရှူရှိုက်ခွင့် မကြုံတော့ပါဘူး။ ဒါကြောင့် ရထားနဲ့ ခရီးသွားရတာကိုတော့ အခုထိ အနှစ်သက်ဆုံးပါပဲ။ ရန်ကုန်-မန္တလေး အမြန်ရထားစီးရင်း ဘေးပေါက်ကနေ လေကို တစ်ဝရှူခွင့်ရတာ ဘယ်လိုမှ ဖော်မပြတတ်အောင် ပျော်ဖို့ကောင်းပါသည်။ မလေးရှား-စင်ကာပူ ရထားပေါ်မှာတောင် ဘေးပြတင်းပေါက် ဖွင့်ပြီး စီးရလို့ ပျော်ခဲ့ရသေးသည်။ 
   
ကျွန်တော်အပျော်ဆုံးအချိန်ကတော့ တောင်တန်းကြီးတွေကို မြင်ရတဲ့အချိန်ပဲဖြစ်ပါသည်။ တောင်တန်းကြီးတွေ ကာရံထားတဲ့ ဟိုမှာဘက်ကို ကျွန်တော်အရမ်းရောက်ချင်ပါသည်။ ဟိုဘက်မှာ ဘာတွေရှိနေမလဲဆိုပြီး ကလေးဘဝက အဖေတို့ကို အမြဲမေးခွန်းထုတ်တတ်ပါသည်။ ပြီးတော့ တောင်တန်းကြီးတွေရဲ့ ထိပ်ဖျားမှာ တွေ့ရလေ့ရှိတဲ့ ထုံးစေတီ ဖြူဖြူလေး တွေဆီလည်း လှန်းကြည့်ရင်း ဘယ်လိုလူတွေက ဒီတောင်တန်းကြီးပေါ်တက်ပြီး ဘုရားတည်ထားပါလိမ့်ဆိုတဲ့ အတွေးက အမြဲပဲ ရောက်လာတတ်ပါသည်။ ဒါကတော့ မြန်မာပြည်ထဲ ခရီးသွားရင်း ခံစားရတာကို ပြောပြခြင်းပါ။ နိုင်ငံခြား ခရီးစဉ် တွေမှာတော့ တောင်တန်းတွေ တွေ့ရင် ဟိုးအပေါ်ဆုံးအထိ စိတ်ကူးနဲ့ တက်ကြည့်မိပါသည်။ လက်တွေ့မှာတော့ ဖြတ်သွားရုံသာ တွေ့လိုက်ရတာမို့ ရံဖန်ရံခါ ကြည့်ရုံသာ ကြည့်မိသည်။ ဘာစိတ်ကူးမှ ပေါ်မလာခဲ့ပေ။ မြန်မာပြည်က တောင်တန်းကြီးတွေလောက် စွဲဆောင်အားမကောင်းတာများလားမသိပါဘူး။

ခရီးသွားရခြင်းကြောင့် အပေါင်းအသင်းတွေကြား ရင်းနှီးမှုပိုရလာတယ်ဆိုတာ လက်ခံရပါမည်။ တစ်ဦးနဲ့တစ်ဦး ဘယ်လောက် ခင်မင်မှုရှိတယ်၊ သည်းခံနိုင်တယ်၊ နားလည်မှုပေးနိုင်တယ်၊ အကူအညီရတယ်ဆိုတာ ခရီးတစ်ခု အတူတူ သွားကြည့်ရင် သိလာပါလိမ့်မည်။ ကျွန်တော့်ဘဝမှာ မိသားစုများနဲ့ ခရီးသွားရခြင်းထက် သူငယ်ချင်းများနဲ့ ခရီးသွားရခြင်းက ပိုများပါသည်။ ပိုများသလို ကျွန်တော်ကိုယ်တိုင်ကလည်း ပိုပြီးပျော်ပါသည်။ မိသားစုနဲ့ သွားရတာဟာ တစ်မျိုးတစ်ဘာသာ ကောင်းပေမယ့် လူငယ်ဖြစ်သော ကျွန်တော့်အတွက် သူငယ်ချင်းတွေနဲ့ ခရီးသွားရတာ ပိုပြီး လွတ်လပ်မှုရှိသလိုခံစားရပါသည်။ ဒီထက် မြင့်မြင့် တွေးရရင် မိဘများနဲ့ သွားတဲ့အခါ ကိုယ်ဟာ အမြဲလိုလို မိဘတွေ စီစဉ်တဲ့အတိုင်း လိုက်လျောရသူပါ။ မိဘဦးဆောင်မှု နောက် လိုက်နေရသူဖြစ်သည်။ စိုးရိမ်စိတ်များသော မိဘတို့ထုံးစံအတိုင်း ဟိုနေရာသွား သွားလို့၊ ဒီနေရာသွားမယ်ဆိုလည်း မသွားနဲ့ နဲ့ထိန်းချုပ်ကွပ်ကဲမှုအောက်မှာ သွားလာလှုပ်ရှားရသည်။ သူငယ်ချင်းများနဲ့ဆို သွားချင်တဲ့နေရာကို သွားလိုက်ကြသည်။ တက်ညီ လက်ညီ စူးစမ်းလိုက်ကြသည်။ ကိုယ်မသိသေးတဲ့ မရောက်ဖူးသေးတဲ့ နေရာမှန်ရင် အများသဘောတူတာနဲ့ သွားကြသည်။ ဒီမိုကရေစီနည်းကျ အများဆန္ဒခံယူပြီး လုပ်တတ်တဲ့ အကျင့်ကောင်းတစ်ခု ကျွန်တော်တို့ ခရီးသွားရင်း ရလာကြသည်။ 
  
အထိန်းအကွပ်မဲ့ ခရီးသွားခြင်း မဖြစ်အောင် ကိုယ့်ကိုကိုယ် ထိန်းကျောင်းသွားရတဲ့အတွက် သူတပါးပေါ် (တနည်းအားဖြင့် မိဘအပေါ်) မှီခိုအားထားမှု ကင်းလာသည်။ ကိုယ်ဒူးကိုယ်ချွန် ယုံကြည်မှုအပြည့်နဲ့ သွားတတ်လာတတ်၊ လှုပ်ရှားဆောင်ရွက် တတ်လာသည်။ ခရီးသွားခြင်းသည် လူတစ်ယောက်ရဲ့  အရည်အချင်း ဘယ်လောက်ရှိသလဲဆိုတာကို ခန့်မှန်းနိုင်သော စာမေးပွဲ တစ်ခုလည်းဖြစ်သည်။
ကျွန်တော့်ရဲ့ ခရီးသွားခြင်းအကြောင်းများကို ရေးပြရမယ်ဆိုရင် စုံစီနဖာဖြစ်ပေတော့မည်။ ဒါ့ကြောင့် နောက်များမှ ဆက်လက် ရေးပါဦးမည်။ ဒီတစ်ခေါက်တော့ ဒီမှာပဲ ခဏရပ်ကြပါဦးစို့။ ။

၇.၈.၂၀၁၂

Saturday, July 28, 2012

သူငယ်ချင်းဆီသို့ရေးသောစာ (၂)- အာဇာနည်မဖြစ်လိုက်သူတွေအကြောင်း

သူငယ်ချင်းရေ…
ပြီးခဲ့တဲ့ တစ်ခေါက်က အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ နာမည်နဲ့ပတ်သက်ပြီး ငါ့တူတော်မောင်တွေအကြောင်း ရေးခဲ့တယ်။ ဒီတစ်ခေါက်လည်း ငါ့တူတော်မောင်တွေကို ပြောပြဖြစ်တဲ့ အာဇာနည်မဖြစ်လိုက်ရတဲ့သူတွေအကြောင်း မင်းဖတ်ရအောင် ရေးလိုက်ပြန်ပြီကွာ။ ဒီအကြောင်းတွေ မင်းသိပြီးသားဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ဘယ်အချိန်ဖတ်ဖတ် စိတ်ဝင်စားစရာတွေပြန် ပြန်ဖြစ်တယ်သူငယ်ချင်း။ ငါကိုယ်တိုင်ကလည်း သမိုင်းကြောင်းဆိုရင် စိတ်ဝင်တစားရှိတော့ ငါ့တူတော်မောင်တွေကို ပြန်ပြောပြ နိုင်တာပေါ့ကွာ။

ဒီလိုသူငယ်ချင်း။ ငါ့တူတော်မောင်တွေက မင်းသိတဲ့အတိုင်း ကျောင်းစာနဲ့ပဲ နပန်းလုံးနေကြရတာလေ။ အပြင်ဗဟုသုတရှာဖို့ သူတို့မှာ အချိန်အားတယ် မရှိဘူး။ မင်းတို့ ငါတို့ ငယ်ငယ်ကဆို ကျောင်းစာလုပ်ပြီးတာနဲ့ နေ့စဉ်ထုတ်သတင်းစာကို ကောက်ကိုင်ပြီး ဖတ်တော့တာပဲ။ တွေ့သမျှစာအုပ်ယူယူဖတ်တော့ စာပေဗဟုသုတတွေရခဲ့တာပေါ့။ ငါဟိုတစ်ခေါက်က ပြောခဲ့သလို ဆရာကောင်းသမားကောင်းတွေနဲ့လည်း ကြုံခဲ့ ဆုံခဲ့ရတယ်ဆိုတော့ ငါတို့အသိဥာဏ်မှာ စာဖတ်မှ ဖြစ်မယ်၊ စာတတ်မှ လူရာဝင်မယ်ဆိုပြီး မှတ်သားနိုင်ခဲ့ကြတယ်။ အခုခေတ်ကလေးတွေကတော့ သူတို့ပညာရေးနဲ့ သူတို့ လှုပ်ရှားနေရတာ။ ကျောင်းပြီးရင် ကျူရှင်၊ ကျူရှင်ပြီးရင် ကျောင်းနဲ့ သနားလည်း သနားပါတယ်ကွာ။ ကဲပါ။ ဒါတွေထားပါတော့။ သူတို့ကို ပြောပြဖြစ်တဲ့ အာဇာနည်မဖြစ်လိုက်ရတဲ့သူတွေဘက် လှည့်ရအောင်။

အာဇာနည်မဖြစ်လိုက်ရတဲ့သူတွေဆိုတာ ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက် စနေနေ့မနက်မှာ လုပ်ကြံခံရပြီး ကျဆုံးသွားကြရတဲ့ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့အတူ အတွင်းဝန်များရုံးမှာ အစည်းအဝေးတက်ခဲ့ကြတဲ့ သူတွေကို ပြောတာပါ။ ကလေးတွေနားလည်အောင်ပြောရတော့ အသတ်မခံလိုက်ရပဲ လွတ်သွားတဲ့သူတွေပေါ့လို့ ပြောပြရတယ်။ သူတို့တွေက ဝန်ကြီးဦးဘဂျမ်း၊ ဝန်ကြီးပျော်ဘွယ်ဦးမြ၊ ဝန်ကြီး ဦးအောင်ဇံဝေနဲ့ အတွင်းဝန်ဦးရွှေဘော်တို့ပဲ ဖြစ်တယ်။ အသက်ကို ကံကစောင့်တယ်လို့ပဲပြောရမလား၊ ဥာဏ်စောင့်တယ်လို့ပဲ ပြောရမလား၊ ဒီနေရာမှာ သူတို့လေးယောက် လွတ်မြောက်သွားပုံကတော့ အကြောင်းချက်နှစ်ခုစလုံးကြောင့်ပါပဲ။ ကံကောင်းတာလည်း ဟုတ်သလို၊ ဥာဏ်ကောင်းတာလည်း ဟုတ်တယ်။ 

ငါပြောပြတော့ ကလေးတွေငြိမ်ပြီးနားထောင်နေကြတယ်ကွာ။ သူတို့အတွက် တကယ့်ကို ဂန္ဓဝင်ဇာတ်လမ်းကြီးဖြစ်နေရှာတယ်။ ဒါနဲ့ပဲ ငါကဆက်ပြောဖြစ်တယ်။ ဇာတ်ကြောင်းလေးကိုလည်း ရှင်းပြရသေးတယ်မဟုတ်လား။ စစ်ဌာနချုပ် လက်နက်တိုက်ကနေ လက်နက်ပစ္စည်းတွေပျောက်သွားတဲ့အကြောင်း ဗိုလ်ချုပ်ကို အသိပေးကြတယ်။ ပြီးတော့ ဗိုလ်ချုပ်ရဲ့ လုံခြုံရေးကိုလည်း အထူးစိုးရိမ်ခဲ့ကြတယ်။ ပြီးတော့ ဗိုလ်ချုပ်ကိုလုပ်ကြံမယ်ဆိုတဲ့ သတင်းတွေကလည်း ပျံ့ နှံ့နေတယ်။ ဒါကြောင့် အဲ့ဒီတုန်းက ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းက ပြည်ပခရီးသွားနေလို့ ပျော်ဘွယ်ဦးမြက ပြည်ထဲရေးဝန်ကြီးတာဝန်ပါ ပူးတွဲကိုင်ထားရတယ်။ ပျော်ဘွယ်ဦးမြက ဗိုလ်ချုပ်ကိုပြောတယ်။ လုပ်ကြံမယ့်သတင်းတွေရတယ်။ ဗိုလ်ချုပ်သတိထားပါဆိုတော့ ငါတို့ဗိုလ်ချုပ်က ဘာပြန်ပြောတယ်မှတ်လဲ။ မလိုပါဘူးတဲ့။ ကျုပ်က တိုင်းပြည်ကောင်းအောင် စေတနာထားပြီးလုပ်နေတာ၊ ကျုပ်လိုလူကို လုပ်ကြံမယ့်သူမရှိနိုင်ဘူးဆိုပြီး လူထုအပေါ်ယုံကြည်မှုတွေ အရမ်းများသွားတယ်။ လူထုဆိုတဲ့ နေရာမှာ အာဏာကို လိုချင်မက်မောတဲ့ လူတစ်စုကို ငါတို့ဗိုလ်ချုပ် မမြင်မိလိုက်ဘူး။ သိရင်လည်း သိမှာပေါ့လေ။ ဒါပေမယ့် အဲ့သလောက်ကြီး ဆိုးဝါးလိမ့်မယ်လို့ သူထင်ထားပုံမရဘူး။ သူ့ကိုလည်း အဲ့သလောက် ရက်ရက်စက်စက်ကြီး သတ်ပစ်လိုက်မယ်လို့ တွေးထားပုံမရဘူး။ သူ့စိတ်ထဲမှာ အရာရာကို ဆွေးနွေးညှိနှိုင်း အဖြေရှာရင် ပြဿနာပြီးနိုင်ပါတယ်လို့ တထစ်ချ ယုံကြည်ခဲ့တာလေ။ 

ငါပြောတာတွေကို နားထောင်နေတဲ့ တူတော်မောင်တွေရဲ့ မျက်ဝန်းထဲမှာ ဘာဆက်ဖြစ်တော့မလဲဆိုပြီး သိချင်တဲ့အရိပ် အရောင်တွေပေါ်နေကြတယ်။ ရုပ်ရှင်ဇာတ်ကားကြည့်သလို နောက်တစ်ခန်းမှာ ဘာများဖြစ်တော့မလဲ ဖြစ်တော့မလဲနဲ့ မျက်တောင်မခတ် ကြည့်နေသလိုပဲ။ ငါကလည်း ကလေးတွေအကြိုက်ကို သိတယ်လေ။ မြည်သံစွဲအလင်္ကာတွေပါ သုံးပြီး ပြောပြတာကိုး။ ဒါနဲ့ ငါဆက်ပြောတယ်။ ပျော်ဘွယ်ဦးမြကြီးက ဗိုလ်ချုပ်ကိုပြောလို့မရတော့ ဗိုလ်ချုပ်ရဲ့ ကိုယ်ရေးအရာရှိ (အပါးတော်မြဲ) ဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း) နဲ့ တိုးတိုးတိတ်တိတ် တိုင်ပင်ပြီး အတွင်းဝန်များရုံး အဝင်အထွက်နားမှာ တပ်စိတ်တစ်စိတ်ကို ကင်းပုန်းအဖြစ် ချထားလိုက်တယ်။ ဗိုလ်ချုပ်မမြင်အောင်ပေါ့။

ကံဆိုးချင်တော့ ဗိုလ်ချုပ်ကမြင်ဖြစ်အောင်မြင်သွားတယ်။ အင်မတန်မှ မျက်စိလျှင် နားပါးတဲ့လူမဟုတ်လား။ ဒီတော့ ဗိုလ်ထွန်းလှကိုခေါ်မေးတယ်။ ဗိုလ်ထွန်းလှကလည်း မလိမ်ဝံ့တာကြောင့် အမှန်အတိုင်းပြောပြလိုက်ရတယ်။ ဗိုလ်ချုပ်က ချက်ချင်းပဲ ဝန်ကြီးပျော်ဘွယ်ဦးမြရုံးခန်းကိုလွှတ်ပြီး လုံခြုံရေးတပ်စိတ်ကို ပြန်ရုတ်သိမ်းခိုင်းလိုက်တယ်။
အဲ့ဒီလို လုပ်လိုက်တာဟာ သူ့ကြမ္မာသူဖန်တီးသွားတယ်လို့ပဲ ပြောရမလိုဖြစ်နေပြီ သူငယ်ချင်းရေ။ ကလေးတွေကိုတော့ ဒီစကားငါမပြောခဲ့ပါဘူး။ ဗိုလ်ချုပ်ရဲ့ အင်မတန်မှရိုးဖြောင့်တဲ့ စိတ်ဓါတ်၊ ပြည်သူလူထုအပေါ် သူ့စိတ်နဲ့နှိုင်းပြီး ယုံကြည်ခဲ့တဲ့စိတ်ဓါတ်၊ ရန်သူကို ရန်သူလို့မမြင်ပဲ တွေ့ဆုံဆွေးနွေး အဖြေရှာလို့ရမယ့်သူလို့မြင်ခဲ့တဲ့စိတ်ဓါတ်၊ အဲ့ဒီစိတ်ဓါတ်တွေကြောင့် သူရေတိမ်နစ်ခဲ့ရတာ အသည်းနာစရာကောင်းလိုက်တာကွာ။ သိပ်နှမြောဖို့ကောင်းတယ်။

အခွင့်အရေးကိုချောင်းနေတဲ့ ဂဠုန်ဦးစောက သူ့လူတွေကို လွှတ်ပြီးစောင့်ကြည့်ခိုင်းတယ်။ အဲ့ဒီနေ့ မနက် ဗိုလ်ချုပ်အိမ်ကမထွက်ခင် သခင်မြကလှန်းပြီးဖုန်းဆက်တယ်။ စိတ်တွေလည်းလေးနေတယ်။ သတင်းတွေကလည်း အရမ်းပျံ့နေတယ်။ အခြေအနေသိပ်မကောင်းဘူး။ အစည်းအဝေးကို ရက်ရွှေ့ကြရအောင်လို့ လှန်းပြောတယ်။ သိတဲ့အတိုင်း ဒါဆိုဒါမှ ကြိုက်တဲ့ ငါတို့ဗိုလ်ချုပ်က လက်မခံဘူး။ ဘာမှမဖြစ်နိုင်ပါဘူး။ အစည်းအဝေးလုပ်စရာရှိတာ လုပ်မယ်ဆိုပြီး ဇွတ်အတင်း သွားခဲ့တာ။ မသွားခင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က မနက်စာစားဖို့ ကော်ဖီဖျော်ပေးပြီး ခွက်ထဲ ထည့်ပေးတာ ကော်ဖီခွက် လွတ်ကျကွဲသွားတယ်။ ဘာလို့လည်းဆိုတော့ ဒေါ်ခင်ကြည်ဟာ သခင်မြဆီက ဖုန်းကြားပြီး စိုးရိမ်စိတ်တွေ များနေတာလေ။ ကတုန်ကယင်တွေဖြစ်နေတော့ ကော်ဖီခွက် ကွဲသွားတယ်။ နမိတ်က အဲ့ဒီထဲက ပြနေပြီ။

ဂဠုန်ဦးစောကလည်း မနက်၁၀နာရီ အစည်းအဝေး စမယ်ဆိုတာသိတာနဲ့ လူသတ်သမားတွေကို စစ်ဂျစ်ကားတစ်စီးနဲ့ စစ်ယူနီဖောင်းတွေဝတ်ပြီး လွှတ်လိုက်တယ်။ အဲ့ဒီအချိန်မှာ ဗိုလ်ချုပ်တို့ဝန်ကြီးအဖွဲ့ကလည်း ကက်ဘိနက်လို့ခေါ်တဲ့ ဝန်ကြီးအစည်းအဝေးလုပ်တာပေါ့။ ဗိုလ်ချုပ်က ဂငယ်ပုံ အစည်းအဝေးစားပွဲရဲ့ ထိပ်ဆုံးမှာထိုင်တယ်။ ဘယ်ဘက် (လက်ဝဲဘက်)မှာ အတွင်းဝန်ဦးရွှေဘော်၊ ဝန်ကြီးဦးဘဂျမ်း၊ ဝန်ကြီးဦးအောင်ဇံဝေ၊ ဝန်ကြီးပျော်ဘွယ်ဦးမြ၊ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်းတို့ အစဉ်လိုက်ထိုင်ကြတယ်။ ညာဘက် (လက်ယာဘက်) မှာ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ ဦးရာဇာတ်၊ မန်းဘခိုင် အစဉ်လိုက်ထိုင်နေကြတယ်။

လူသတ်သမားတွေက အစည်းအဝေးခန်းတံခါးကိုဖွင့်ဝင်လာတယ်။ ပြီးတော့ စားပွဲတဘက်ထိပ်မှာ ဒူးထောက်ပြီး ရှေ့တည့်တည့်က ဗိုလ်ချုပ်အောင်ဆန်းကို ကျည်၁၃ချက်ဆက်တိုက်ပစ်တယ်။ ရက်ရက်စက်စက်ကိုလုပ်တာ။ ဗိုလ်ချုပ်က ထိုင်နေရာကထ လက်ကာပြပြီး နေပါဦး နေပါဦးဆိုပြီး လှန်းပြောဖို့ပဲရှိသေးတယ် ပြောချိန်တောင်မရလိုက်ဘူး။ အစည်းအဝေးခန်းမထဲ ကျည်ပစ်သံတွေ၊ ယမ်းငွေ့တွေနဲ့ ဆူညံပြီး မှောင်ပိန်းနေတယ်။ လူသတ်သမားတွေက လက်ယာဘက် စားပွဲမှာထိုင်နေတဲ့ ဝန်ကြီးတွေကို သည်းကြီးမဲကြီးပစ်နေချိန် လက်ဝဲဘက်စားပွဲက ဝန်ကြီးတွေ လှုပ်ရှားချိန်ရလိုက်ကြတယ်။ ဗိုလ်ချုပ်ဘေးမှာထိုင်နေတဲ့ အတွင်းဝန်ဦးရွှေဘော်နဲ့ ဝန်ကြီးပျော်ဘွယ်ဦးမြတို့နှစ်ယောက်က ဝုန်းကနဲထ အနောက်ဘက် ပြတင်းပေါက်ကနေ တဇက်မိတ်နားကပ်လျှောက်ပြီး တဘက်ကဦးရွှေဘော်ရဲ့အခန်းထဲထွက်ပြေးလွတ်မြောက်သွားကြတယ်။ အဲ့ဒီအခန်းထဲကနေ ဘုရင်ခံချုပ်ဆီ ဖုန်းဆက်ပြီး အကြောင်းကြားခဲ့ကြတာ။

တချိန်ထဲမှာပဲ ဝန်ကြီး ဦးဘဂျမ်းက သူ့ဘေးနားကပ်ရက်ထိုင်တဲ့ ဝန်ကြီးဦးအောင်ဇံဝေ လက်ကိုအတင်းဆွဲပြီး စားပွဲအောက်မှာ ဝမ်းလျားမှောက်နေလိုက်ကြတယ်။ ကလေးတွေနားလည်အောင်ပြောရရင်တော့ သေချင်ယောင်ဆောင်လိုက်ကြတယ်ပေါ့ကွာ။ လူသတ်သမားတွေက စားပွဲမှာထိုင်နေတဲ့သူတွေကို ကုန်အောင်ပစ်ပြီးတဲ့အချိန်မှာ စားပွဲအောက်မှာ လဲကျနေကြတဲ့သူတွေကို သေချာအောင် ထပ်ပစ်လိုက်သေးတယ်။ ဝန်ကြီးဦးဘဂျမ်းရဲ့ လက်သန်းတစ်ချောင်း ကျည်ဆံမှန်သွားသေးတယ်။ မပြောပလောက်တဲ့ ဒဏ်ရာလေးပါပဲ။ 

လုပ်ကြံခံရသူတွေထဲမှာ မသေသင့်ပဲ သေခဲ့ရတာကတော့ လမ်းပန်းဆက်သွယ်ရေးတတိယအတွင်းဝန် ဦးအုန်းမောင်ပါပဲ။ လုပ်ကြံမှုကြီးမဖြစ်ခင်မိနစ်ပိုင်းအလိုကမှ အစည်းအဝေးခန်းထဲ ဝင်လာပြီး ဗိုလ်ချုပ်နားမှာ အစီရင်ခံစာတစ်စောင် တင်ပြနေတုန်း ဝုန်းဒိုင်းဆိုပြီး လူသတ်သမားတွေဝင်လာကာ အပစ်ခံလိုက်ရတာပါပဲ။ 

အာဇာနည်မဖြစ်လိုက်ရတဲ့သူတွေထဲမှာ ဝန်ကြီးစောစံဖိုးသင်လည်းပါသေးတယ်။ သူက ဧရာဝတီတိုင်းဘက်ခရီးထွက်နေရာက ကက်ဘိနက်အစည်းအဝေးအမှီ ပြန်လာတာ။ လမ်းမှာ သူ့တူမတစ်ယောက် မင်္ဂလာဆောင်ပွဲ မတက်မဖြစ် တက်နေရလို့ ခရီးစဉ်နောက်ရွှေ့လိုက်ရတာ။ ဒါပေမယ့် ကက်ဘိနက်နေ့အမှီ ရောက်အောင်ပြန်ခဲ့မယ်ဆိုပြီး ပြန်လာတာ သင်္ဘောက ထပ်နောက်ကျနေပြန်တယ်။ ဒီတော့ သူက သူ့လက်ထောက် အတွင်းဝန်ဦးစိုးတင့်ကို သူ့ကိုယ်စား အစီရင်ခံစာ ဝင်တင်ပေးပါဆိုပြီး သံကြိုးရိုက်လိုက်တယ်။ အဲ့ဒီနေ့က ဦးစိုးတင့်ရုံးခန်းမှာ ဦးအုန်းမောင်လည်း ရှိတယ်။ ကက်ဘိနက်စတော့ သူတို့တွေက အလှည့်ကျမှ ဝင်တင်ရမှာမို့ အခန်းထဲကပဲစောင့်ရတယ်။ ဦးအုန်းမောင်က ဦးစိုးတင့်ကိုပြောတယ်။ ဒီနေ့ သူဝင်တင်ပါရစေ။ သူရေးထားတဲ့ အစီရင်ခံစာ ဗိုလ်ချုပ်ကို ရှင်းပြချင်လို့ဆိုပြီး သူဝင်သွားတာ။ ကဲ ကံများ ဘယ်လောက် ဆန်းကြယ်သလဲနော်။ မသေချင်တဲ့သူများကျတော့ ကံကိုကဖယ်တာ။ သေချင်တဲ့သူကျတော့လည်း ကြံဖန်သေရတာ။ တကယ်တော့ ဝန်ကြီးစောစံဖိုးသင်သာ အချိန်မီပြန်ရောက်လာမယ်၊ အစည်းအဝေးတက်မယ်ဆိုရင် သူလည်း လုပ်ကြံခံရတဲ့ အထဲ ပါချင်ပါသွားမှာ။ ပြီးတော့ သူပြန်မရောက်လို့ သူ့တပည့် ဦးစိုးတင့်ကို အစည်းအဝေးတက်ခိုင်းပြန်တော့လည်း ဦးစိုးတင့်သာ အဲ့ဒီအချိန်ဝင်သွားရင် သူလည်း အသတ်ခံရမှာ။ အခုတော့ ဦးအုန်းမောင်က အာဇာနည်ဖြစ်သွားတယ်။

သေနတ်သံတွေတိတ်ဆိတ်သွားပြီးနောက် ဦးဘဂျမ်းနဲ့ ဦးအောင်ဇံဝေတို့ လဲနေရာက ထလာပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ကြတယ်။ တခန်းလုံး ယမ်းငွေ့တွေ မီးခိုးငွေ့တွေနဲ့ဖြစ်နေတယ်။ သွေးနံ့တွေလည်းရနေတယ်။ ဗိုလ်ချုပ်ကတော့ စားပွဲထိပ်မလှန်းမကမ်းကြမ်းပြင်မှာ တုံးလုံးလဲလျက် ငြိမ်သက်နေပါပြီ။ ပွဲချင်းပြီးဆိုတာမျိုးပေါ့။ လက်ယာဘက်က သခင်မြလည်း သူ့ကုလားထိုင်ဘေးက ကြမ်းပြင်မှာ လဲကျသေဆုံးနေရှာပြီ။ ဦးဘဝင်း၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇာတ်နဲ့ မန်းဘခိုင်တို့က သူတို့ထိုင်မြဲ ကုလားထိုင်တွေပေါ်မှာ ခေါင်းငိုက်စိုက်ကျလျက် အားလုံးငြိမ်သက်နေကြပြီ။ ဒီးဒုတ်ဦးဘချိုနဲ့ ဦးရာဇာတ်ကတော့ အသက်ငွေ့ငွေ့ကျန်နေသေးတယ်။ နဲနဲလှုပ်လှုပ်နေတယ်။ ပျော်ဘွယ်ဦးမြရဲ့ ကုလားထိုင်ဘေးမှာထိုင်တဲ့ မိုင်းပွန်စော်ဘွားကြီး ကတော့ ကုလားထိုင်မှာထိုင်ရက် သူ့ရှေ့က စားပွဲပေါ်လက်ထောက်ထားပြီး ပါးစပ်ထဲက သွေးတွေစီးကျနေရှာတယ်။ 

သူငယ်ချင်းရေ…ငါ့တူတော်မောင်တွေ အသက်ရှူဖို့တောင်မေ့နေကြတယ်။ ငါ့စကားမှာ မျောပြီး စိတ်ဝင်စားနေခဲ့ကြတယ်ကွာ။ ဒါဟာ သမိုင်းအစစ်ပဲ။ ဘယ်လိုမှ ဖျောက်ပစ်လို့မရတော့တဲ့ သမိုင်းကြောင်းပဲ။ ကလေးတွေ၊ ယနေ့လူငယ်တွေရင်ထဲမှာ၊ လူငယ်တွေရဲ့ အသိမှတ်ဥာဏ်ထဲမှာ ဒီဖြစ်စဉ်တွေ ဒီဇာတ်ကြောင်းတွေ သိနေသင့်တယ်။ သိထားသင့်တယ်မဟုတ်လား။ ငါတို့လည်း အဲ့ဒီခေတ်ကို မီခဲ့လို့မဟုတ်ပါဘူး။ စာတွေဖတ်ခဲ့လို့ လေ့လာခဲ့လို့ ဒီလိုတွေ သိနေခဲ့တာပဲ။ ကလေးတွေကို အဲ့သလိုမျိုး လေ့လာလိုက်စားစေချင်တယ်။ အလကား ဂိမ်းဆော့ရင်း၊ ကိုရီးယားကားကြည့်ရင်း၊ လက်ဖက်ရည်ဆိုင်ထိုင်ရင်း အချိန်တွေဖြုန်းနေမယ့်အတူတူ အကျိုးရှိတဲ့ စာအုပ်တွေကို ဖတ်စေချင်တယ်။

ဇူလိုင်၁၉ရက် မနက် ၁၀နာရီ ၃၇မိနစ်မှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံတော်လုပ်ကြံမှုကြီးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ဝန်ကြီး ၆ဦး၊ အတွင်းဝန်တစ်ဦး၊ သက်တော်စောင့်တစ်ဦး စုစုပေါင်း၉ဦးလုပ်ကြံခံခဲ့ရတယ်ဆိုတာရယ်၊ ဘယ်သူတွေ ဘယ်လိုလွတ်မြောက် သွားကြတယ်။ ဘယ်သူတွေကတော့ ကံသွေဖယ်လို့ လုပ်ကြံမခံလိုက်ရတယ်၊ ဘယ်သူက လုပ်ကြံတယ်၊ ဘယ်သူတွေက သေနတ်နဲ့ပစ်ခဲ့တယ်ဆိုတဲ့ ငါတို့ နိုင်ငံအတွက် မသိမဖြစ်သိသင့်တဲ့ သမိုင်းအထ္ထုပတ္တိကို ငါတို့မျိုးဆက်တွေ သိအောင် လက်ဆင့်ကမ်းပေးရမယ်လေ။ 

သူငယ်ချင်းရေ…ငါ့တူတော်မောင်တွေကတော့ ငါ့ကို နောက်နေ့တွေမှာလည်း အဲ့လိုမျိုးစိတ်ဝင်စားစရာအကြောင်း ပြောပြပေးပါလို့ တောင်းဆိုလာကြပြီကွ။ ငါကလည်း သူတို့မတောင်းဆိုရင်တောင် အတင်းဂုတ်ဆွဲနားထောင်ခိုင်းပြီး ပြောပြဖို့ ပြင်နေတာပါ။ သူတို့လေးတွေ အသိပညာ ဗဟုသုတတိုးအောင် ငါ့မှာ တာဝန်ရှိနေပြီသူငယ်ချင်း။ ငါ့တူတော်မောင်တွေလို မသိနားမလည်ကြသေးတဲ့ ကလေးတွေကိုလည်း ငါတတ်နိုင်သလောက် ပြောပြချင်တယ်၊ ရှင်းပြချင်တယ်ကွာ။ အခွင့်သာတဲ့ တစ်နေ့ပေါ့။ သမိုင်းသင်တာ မ အ အောင်လို့လို့ ဆရာကြီးဒေါက်တာသန်းထွန်းစကား ငါရင်ထဲမှာ အမြဲမှတ်ထားတယ် သူငယ်ချင်း။ 

ဒီတစ်ခေါက်တော့ ဒီမျှနဲ့ပဲ အဆုံးသတ်တော့မယ်။ သူငယ်ချင်း လုပ်ငန်းကိုင်ငန်းတွေ အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပါတယ်။

မင်းရဲ့
အပါ

Friday, July 27, 2012

သူငယ်ချင်းဆီသို့ရေးသောစာ (၁)


သူငယ်ချင်းရေ…
အာဇာနည်နေ့က မင်းငါ့ဆီဖုန်းဆက်တော့ ငါတို့ သူငယ်ချင်းနှစ်ယောက် မတွေ့တာလည်း ကြာပြီမို့ အလာပ သလာပတွေ ပြောဖြစ်ကြတာ ပြောမကုန်အောင်ပဲကွာ။ ငါဖြင့် မင်းကို အားနာလို့သာ စကားစဖြတ်လိုက် ရတယ်။ ပြောစရာတွေ မေးစရာတွေ ရှင်းပြစရာတွေက အများသားလား။ မင်းတို့ အိုဗာဆီးကနေ ဖုန်းခေါ်ခတွေ ဈေးကြီးမှန်းသိလို့ တိုတိုတုတ်တုတ်နဲ့ လေကြော ဖြတ်လိုက်ရတယ်လေ။ အားတော့မရဘူးပေါ့ကွာ။ စကားတွေက ထပ်ပြောချင်နေတုန်းပဲ သူငယ်ချင်းရေ။

အဲ့ဒီနေ့က မှတ်မှတ်ရရ အာဇာနည်နေ့ဖြစ်နေတော့ မင်းနဲ့ငါ အာဇာနည်နေ့အကြောင်းတောင် ပြောဖြစ်သေးတယ်မဟုတ်လား။ မင်းက ငါ့ကိုပြောတယ်။ အာဇာနည်ကုန်းသွားပြီး အလေးမပြုဖူးလားတဲ့။ မင်းစကားကြားတော့ ငါ နည်းနည်း အောင့်သက်သက် ဖြစ်မိတယ်ကွာ။ ဘာလို့လဲဆိုတော့ မင်းပြောမှ ငါ့ကိုယ်ငါ ရှက်မိလို့ပဲ။ ငါက ရန်ကုန်မှာနေတဲ့ ရန်ကုန်သားဆိုတော့အာဇာနည်နေ့ အာဇာနည်ကုန်းသွားပြီး ငါတို့ရဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို မမေ့မလျော့ အလေးပြုပြီး ဂါရဝပြုသင့်တယ်မဟုတ်လား။ ငါသိပ်ရှက်ပါတယ် သူငယ်ချင်းရယ်။ မင်းကို ဖုန်းထဲကမို့ မသွားဖြစ်ပါဘူးကွာလို့ပဲ ခပ်လွယ်လွယ်ပြောခဲ့ပေမယ့် ငါ့ရင်ထဲမှာတော့ တနုပ်နုပ်နဲ့ ခံစားမိတယ်။ ပါးစပ်ကသာ တိုင်းပြည်ချစ်စိတ်ရှိတယ်တွေ၊ မျိုးချစ်စိတ်ရှိတယ်တွေ လျှောက်ပြောနေပေမယ့် တကယ့်လက်တွေ့မှာတော့ ငါတို့တိုင်းပြည်ကို တကယ်ချစ်တဲ့၊ ငါတို့နိုင်ငံကို တကယ်ကောင်းစားစေချင်တဲ့၊ မျိုးချစ်စိတ်အပြည့်နဲ့ အသက်ကိုတောင် ပဓာနမထားပဲ တိုင်းပြည်လွတ်လပ်ရေးအတွက် လုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင်ကြီးတွေကို ကိုယ်တိုင်သွားပြီး အလေးပြုဖို့ကျတော့ ခြေလှန်းတောင် မလှန်းနိုင်ခဲ့မိဘူး။ တစ်နှစ်မှာ တစ်ရက်ပဲ ပြုလုပ်တဲ့ အာဇာနည်နေ့ကို ငါဘာလို့ မသွားခဲ့မိပါလိမ့်ဆိုပြီး အတွေးတွေက တောင် ရောက်လိုက် မြောက် ရောက်လိုက်ကွာ။ အရင်နှစ်တွေက ချုပ်ခြယ်မှုတွေ၊ တားဆီးမှုတွေရှိနေခဲ့လို့ မသွားဖြစ်တာကို ထားပါတော့။ ဒီနှစ်တော့ ရုပ်မြင်သံကြားကတောင် မလွှင့်စဖူး တိုက်ရိုက်လွှင့်ပြီး နိုင်ငံတော်အဆင့် ဒုသမ္မတကြီးကိုယ်တိုင် တက်ရောက် အလေးပြုခဲ့တဲ့ နှစ်ကျမှ ငါမသွားဖြစ်ခဲ့ပြန်ဘူး။ မင်းသာရှိရင် တို့သူငယ်ချင်းနှစ်ယောက် တောင်ဘက်မုဒ်နားက ဘုရားစောင်းတန်းမှာ သွားထိုင်စောင့်ပြီး အများနည်းတူ ဝင်လို့ရတာနဲ့ အလေးပြုဖို့ ချီတက်သွားကြမှာကွ။ 

အခုတော့ အလုပ်မအားတာကို ဗန်းပြရမလား၊ အဖော်ကောင်းမရှိတာကိုပဲ ဗန်းပြရမလား၊ စိတ်သာရှိပြီး လူမလိုက်နိုင်တဲ့ ငါ့ဘဝကိုပဲ အပြစ်တင်ရမလားမသိတော့ဘူးကွာ။ မင်းအပြစ်ပြောလည်း ခံရမှာပဲ သူငယ်ချင်းရေ။ စိတ်သာ အဓိကပါလို့ မင်းငါ့ကို ပြောမှာ ငါသေချာသိတယ်။ အဲ့ဒီနေ့က ဖုန်းထဲမှာတော့ မင်းငါ့ကို ဘာအပြစ်မှ မပြောသွားလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် မင်းငါ့ကို မေးခွန်းတစ်ခုတော့ မေးခဲ့တယ်။ ဘာရည်ရွယ်ချက်နဲ့မှ မေးတာမဟုတ်မှန်းငါသိပါတယ်။ ဒါပေမယ့် ငါ့ရင်ထဲမှာတော့ မင်းမေးခွန်းက အရမ်းအရေးကြီးတယ်လို့ ခံယူမိတယ်။

“အခုနောက်ပိုင်း ကလေးတွေ အာဇာနည်နေ့ကို ကောင်းကောင်းသိသေးရဲ့လား” လို့မင်းမေးခဲ့တယ်။ ငါကလည်း “ကလေးတွေ သိပ်မသိတော့ဘူးကွ” လို့ပဲ လွယ်လွယ်ဖြေလိုက်တယ်။ ပြီးပြီးရော အမေးနဲ့ ပြီးပြီးရော အဖြေပေါ့ကွာ။ ဒါပေမယ့် မပြီးနိုင်ပဲ ကျန်ခဲ့တာက ငါ။ မင်းကို ဒီအကြောင်းလည်း ပြောပြချင်လို့ စာရေးလိုက်တာပဲ သူငယ်ချင်း။

မင်းနဲ့ငါ ဖုန်းပြောပြီးတဲ့နောက် ငါ့တူတော်မောင်တွေကို ငါခေါ်ပြီးမေးကြည့်တယ်။ အာဇာနည်နေ့ကိုသိလားလို့။ သူတို့က သိပါတယ်လို့ဖြေကြတယ်။ ဒီတော့ မဆိုးဘူးလို့ ယူဆမိတယ်သူငယ်ချင်းရေ။ ကလေးတွေ အာဇာနည်နေ့ကို သိကြသေးတယ်ပေါ့။ ဘာဖြစ်လို့ အာဇာနည်နေ့လို့ ခေါ်တာလဲရော သိကြလားလို့မေးတော့ သိဘူးတဲ့။ ပြက္ခဒိန်မှာ အာဇာနည်နေ့ရေးထားလို့ ကျောင်းပိတ်ရက် ဆိုပြီး မှတ်ထားတာတဲ့။ ငါ့နဖူး ငါရိုက်မိတယ်သူငယ်ချင်း။ သူတို့သိတဲ့ အာဇာနည်နေ့ဆိုတာ ကျောင်းပိတ်ရက်ဆိုတာပဲ သိကြတာကိုး။ 

သူတို့ကို အပြစ်မတင်ခင် ငါ့ကိုယ်ငါ အရင်သုံးသပ်မိတယ်။ သူတို့ဟာ ငါ့တူတွေဖြစ်ပြီး ဘာလို့ ဒီလို အဖြစ်မျိုးရှိနေရပါလိမ့်လို့ စဉ်းစားမိတယ်။ ငါ့တူတော်မောင်တွေဆိုလို့ မင်းစိတ်ထဲ ငါ့ညီမလေး ယောက်ျားရသွားပြီ ထင်ဦးမယ်။ မဟုတ်ဘူး သူငယ်ချင်းရေ။ ငါ့အစ်မ ဝမ်းကွဲတစ်ယောက်ရဲ့ သားတွေပါ။ မင်းကို ရှင်းအောင်လည်း ပြောပြထားရသေးတယ်။ တော်ကြာနေ နောက်ကားတောင် ကျော်တက်သွားပြီ အခုထိ ရှေ့ကားကြီး စက်မနှိုးနိုင်သေးဘူးလားလို့ မေးမှာ ကြိုသိတယ် သူငယ်ချင်း။ ငါတို့က ငယ်ပေါင်းတွေမဟုတ်လား။ မင်း ပါးစပ်ဟတာနဲ့ အူဘယ်နှစ်ခွေရှိတယ်ဆိုတာ တက်အပ်ပြောနိုင်တယ်။ ထားပါတော့။ အာဇာနည်နေ့အကြောင်းလေး ဆက်ရအောင်။
သူတို့က အာဇာနည်နေ့ကို မသိဘူးဆိုတော့  ငါကပဲ ရှင်းပြရတာပေါ့။ အာဇာနည်နေ့ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရပြီး ကျဆုံးခဲ့ရတဲ့ နေ့ကို ခေါ်တာလို့ ပြောပြရတယ်။ ပြီးတော့ ငါကဆက်မေးလိုက်တယ်။ အာဇာနည်ခေါင်းဆောင်ကြီး ဘယ်နှစ်ယောက်လဲ ဆိုတော့ တူတော်မောင် အကြီးကောင်က ၆တန်းမို့ သွက်သွက်လက်လက်ပဲ ဖြေတယ်။ ၉ယောက်တဲ့။ မှန်သွားလို့ ဝမ်းသာမိတယ်။ တော်သေးတာပေါ့။ ဒါလေးတော့ သိကြသေးသားပဲဆိုပြီး ချီးကျူးမယ်လုပ်တုန်း နောက်ထပ် မေးခွန်းမှာ တက်တက်စင်အောင် လွဲတော့တာပဲ သူငယ်ချင်းရေ။ 

ငါကမေးလိုက်တယ်ကွာ။ ပြောစမ်းပါဦး.. အဲ့ဒီကိုးယောက်နာမည်တွေဆိုတော့ အငယ်ကောင်က စောဒက တက်တယ်။ သားမသင်ရသေးဘူးတဲ့။ မသင်ရသေးဘူးလို့ ပြောတဲ့ကောင်က ၂တန်း။ ရှိစေတော့။ ဒီကောင်မသိတာ အရေးမကြီးဘူး။ ကျန်တဲ့ နှစ်ကောင် သိသင့်နေပြီ။ တစ်ကောင်က ၄တန်း၊ တစ်ကောင်က ၆တန်း။ လေးတန်းကျောင်းသားက စပြောတယ်။ အာဇာနည်ခေါင်းဆောင်ကြီး ၉ဦးက ပထမဆုံးဗိုလ်ချုပ်အောင်ဆန်းတဲ့။ ဟုတ်လိုက်လေလို့ ကောင်းချီးပေးလိုက်တယ်။ ခြောက်တန်းကောင်က သူသိတယ်ဆိုတဲ့ မျက်နှာဘေးနဲ့ သူ့ညီဖြေတာကို ကြည့်ပြီး နားထောင်နေတယ်။ လေးတန်းကောင်က ဆက်ပြောတယ်။ နောက်တစ်ယောက်ကမန်းတော့ မန်းပဲတဲ့။ ဘာမန်းလဲမသိဘူးဆိုပြီး ခေါင်းကုပ်တော့ အကြီးကောင်က အားရဝမ်းသာ ဝင်ထောက်တယ်။ မန်းဘခိုင်လေကွာတဲ့။ ညီကိုနှစ်ယောက် ပူးပေါင်းအဖြေထုတ်နိုင်ကြလို့ ငါဘာမှ မပြောသေးပါဘူး။ မှန်တယ်။ နှစ်ယောက်ရှိပြီ။ နောက်ထပ် ခုနစ်ယောက်ကျန်သေးတယ် ဆက်ပြောပါဦးဆိုတော့ အငယ်ကောင်က ဆက်ပြောတယ်။ ဝန်းသိုစော်ဘွားကြီးတဲ့။ ကဲ သူငယ်ချင်းရေ…ငါမပြောဘူးလား။ တက်တက်စင်အောင် လွဲပါပြီလို့။ ဒီတစ်ခါ ကိုယ့်နဖူး ကိုယ်မရိုက်ချင်တော့ဘူး။ မင်းဆီက လက်တောင်းပြီး အငှားရိုက်ခိုင်းလိုက်ချင်တော့တယ်ကွာ။

ငါ့မှာ ငိုအားထက် ရယ်အားသန်ပေါ့။ ဆူရခက် ဆဲရခက်ဆိုတာ ဒါမျိုးမဟုတ်လား။ ဆူရ ဆဲရအောင်ကလည်း သူတို့လေးတွေ တကယ်မသိတဲ့ အဖြစ်ကို ငါဆူလို့ ဆဲလို့လည်း ဘာထူးမှာလဲ။ မသိသေးတာကို သိအောင် ပြောပြဖို့ပဲ ငါလုပ်ရတော့တာပေါ့။ ဒါပေမယ့် မင်းသိတဲ့ အတိုင်း ငါက ပွစိပွစိနဲ့တော့ လုပ်တတ်တယ်လေ။ မင်းတို့ကောင်တွေ ဒါလေးတောင် မသိကြဖူးလား။ ကိုယ့်တိုင်းပြည်ရဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ နာမည်တွေကိုတောင် အလွတ်မရကောင်းလားဆိုပြီး တူတောင်မောင် တွေရဲ့ ခေါင်းကို နှစ်ချက်ဆီ ထုပစ်လိုက်တယ်။ သူတို့ကတော့ ပြုံးစိစိပဲ။ ငါ့ကို ဟာသတောင် လုပ်နေသေးတယ်။ ငါဖြင့် ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။

မိုင်းပွန်စော်ဘွားကြီးကို ဝန်းသိုစော်ဘွားကြီးနဲ့ မှားပြောတယ်ကွာ။ နာမည်ထည့်မပြောကြသေးခင် ငါပဲ ရှင်းပြလိုက်ရတယ်။ ငါရှင်းပြတော့ လျှာလေးတွေ တစ်လစ်နဲ့ ဟုတ်သားပဲဆိုပြီး လက်ခံကြတယ်။ နောက်တစ်ယောက်ပြော ဆိုတော့ ၆တန်းကောင်က သူသိတယ်ပေါ့ကွာ။ ငါ့ကိုပြောတယ်။ ဦးဘချိုတဲ့။ ဟုတ်တယ်။ တော်တယ်။ မှန်တယ်။ ငါက သူဖြေတာ မှန်သွားလို့ ချီးမွမ်းတော့ သူလည်း ပျော်သွားတယ်။ နောက်တစ်ယောက်ဆက်ပြော ဆိုတော့ ဒီးဒုတ်ဦးဘချိုတဲ့ကွာ။ ငါက ပြောပြီးပြီလေ။ နောက်တစ်ယောက်ပြောခိုင်းတာဆိုတော့ သူတို့က ငြင်းတယ်။ ဒါနောက်တစ်ယောက်တဲ့။ ခုဏက ဦးဘချို၊ အခုက ဒီးဒုတ်ဦးဘချိုတဲ့သူငယ်ချင်းရေ။ မင်းမရယ်ပါနဲ့။ မင်းငါ့တူတော်မောင်တွေ တော်ကြောင်း ကြားပြီး ရယ်နေပြီ မဟုတ်လား။ ငါက ဦးဘချိုဆိုတာ ဒီးဒုတ်ဦးဘချိုပေါ့ဟလို့ ပြောလဲပြော ထုလဲထုထည့်လိုက်တယ်။ ဒီတော့ သူတို့က ငါ့ကို ဘာပြန်ပြောတယ်မှတ်လဲ။ မနက်က တီဗီမှာ သေချာကြည့်ထားတာ၊ လွမ်းသူ့ပန်းခွေမှာ ဦးဘချိုလို့ပဲရေးထားတယ်တဲ့။ အင်း ကလေးတွေဆိုတော့လည်း ဒီးဒုတ်ဆိုတာ ဂျာနယ်အမည်ကို အစွဲပြုပြီးပေးထားမှန်း သိမှမသိကြပေပဲ။ သူတို့ကြားဖူးတာ ဒီးဒုတ်ဦးဘချို၊ မနက်က ပန်းခွေထဲမှာ ရေးထားတာ ဦးဘချို။ အဲ့ဒီနာမည်နှစ်မျိုးကြားမှာ ကလေးတွေ ဒွိဟဖြစ်ကုန်ကြတာပဲ သူငယ်ချင်း။ ငါသေချာရှင်းပြလိုက်ပါတယ်။ 

ဒါနဲ့ပဲ ဆက်မေးဖြစ်တော့ သခင်မြကို မှန်အောင်ပြောနိုင်တယ်။ ဦးအုန်းမောင်ကို မှန်အောင် ပြောနိုင်တယ်။ ဒါပေမယ့် ဦးဘဝင်းနဲ့ ဦးရာဇာတ်ကို သူတို့ မေ့နေကြတယ်။ ဘယ်လိုမှ မစဉ်းစားနိုင်လောက်အောင်ကို မေ့နေကြတယ်။ ကလေးတွေ စာကြေပုံများ ပြောပါတယ်။ တကယ်တော့ ဒါတွေဟာ စာထဲမှာ ပါလို့ ကျက်ထားရမှာထက် ဗဟုသုတအဖြစ် ဦးနှောက်ထဲ အရိုးထဲ အသားထဲ စိမ့်ဝင်နေအောင် မှတ်သားထားရမယ့် နာမည်တွေနဲ့ အကြောင်းအရာတွေမဟုတ်လားသူငယ်ချင်းရာ။
သူတို့မသိလို့ ငါပြောပြလိုက်ပါတယ်။ ဦးဘဝင်းဆိုတာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစ်ကိုကြီးပေါ့လို့။ ဝန်ကြီးဖြစ်ပြီး တစ်လကျော်ကျော်ပဲရှိသေးတယ် ညီလေးနဲ့အတူ ကျဆုံးခဲ့ရရှာတာပေါ့ကွာလို့ ပြောပြတော့ သူတို့ စိတ်ဝင်တစား နားထောင်ကြတယ်။ နောက်တစ်ယောက်ကျတော့ ဆရာကြီးဦးရာဇာတ်အကြောင်း သူတို့ကို ပြောပြဖြစ်ပြန်တယ်။ မန္တလေးမှာ အမျိုးသားကျောင်း ကျောင်းအုပ်ကြီးလုပ်ခဲ့ပြီး ပညာရေးဝန်ကြီးဖြစ်လာတာပေါ့လို့ ပြောပြရတယ် သူငယ်ချင်းရေ။ 

နောက်ဆုံး တစ်ယောက်ကိုပြောပါဦးဆိုတော့ သူတို့ပြောတာ မှန်တော့မှန်ပါတယ်။ မမှန်ဘူးလို့လည်း ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ သူတို့ပြောတဲ့ နောက်ဆုံးတစ်ယောက်က ရဲဘော်ဘထွေးတဲ့ကွာ။ ကြားရုံနဲ့တင် ရယ်ချင်တယ်။ ရဲဘော်ကိုထွေးလည်း ငါ့တူတော်မောင်တွေနဲ့ကျမှ ရဲဘော်ဘထွေးဖြစ်တော့တယ်။ ဒါပေမယ့် ငါပြန်စဉ်းစားမိတယ်။ ရဲဘော်ကိုထွေး သာသက်ရှိထင်ရှားရှိဦးမယ်ဆိုရင် ကျဆုံးတုန်းက အသက် ၁၈နှစ် ဆိုတော့ အခု ၆၅နှစ်ထည့်ပေါင်းရင် ၈၃နှစ်တောင်ရှိပြီပဲ။ ဘထွေးဖြစ်နေလောက်ပါပြီလို့ ကိုယ့်ကိုကိုယ် ဖြည့်တွေးပေးလိုက်ရတယ်သူငယ်ချင်းရေ။ 

ရဲဘော်ကိုထွေး (အဲ…သူတို့ပြောတဲ့ ရဲဘော်ဘထွေး) က ဘာလဲသိလားလို့မေးလိုက်တယ်။ ငါဖြေစေချင်တာက သက်တော်စောင့်ပါလို့ ဖြေစေချင်တာ။ ဘယ်သူဘယ်ဝါရဲ့ သက်တော်စောင့်ဆိုတာကို ထားဦး။ မမေးသေးဘူး။ ဒါပေမယ့် သူငယ်ချင်းရေ..ရွှေဥာဏ်ရှင် ငါ့တူတော်မောင်တွေဖြေလိုက်တာ ရဲဘော်ကိုထွေးက စစ်သားတဲ့။ ကဲ…ကောင်းရောကွာ။

ဒီအကြောင်းတွေ ပြောရတာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်တယ်။ ရှက်လည်း ရှက်တယ်။ ငါ့တူတော်မောင်တွေနဲ့ ငါက ၅နှစ်လောက် ဝေးနေတာမဟုတ်လား။ ငါနိုင်ငံခြားစထွက်သွားတုန်းက အကြီးဆုံးကောင် မူလတန်းစတက်တုန်းပဲရှိသေးတယ်။ သူတို့ကို ငါအများကြီး ပြောပြစရာတွေရှိသေးတယ်သူငယ်ချင်းရေ။ အခုတောင် မင်းမေးလိုက်တဲ့ မေးခွန်းကြောင့် ငါလက်တွေ့ စမ်းသပ်ကြည့်တာ။ တကယ်တော့ ငါ့တူတော်မောင်တွေလို ကလေးတွေ အများကြီးပဲနေမှာ။ အာဇာနည်နေ့ကိုတောင် ကောင်းကောင်းမသိကြတော့တဲ့ ငါတို့နောက်က မျိုးဆက်တွေကို ငါတို့ ဘယ်လိုပုခုံးပြောင်းပေးကြမလဲ။ အနာဂတ်ဟာ လူငယ်တွေလက်ထဲမှာဆိုတာ မင်းလည်းသိပါတယ်။ အဲ့ဒီလူငယ်တွေလက်ထဲကို နိုင်ငံတော်ကြီး ထိုးအပ်ကြရမှာ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ သမိုင်းရာဇဝင်ကိုတောင်မှ မသိကြတော့တဲ့ လူငယ်တွေရဲ့လက်ထဲမှာ ငါတို့နိုင်ငံရဲ့ အနာဂတ်ကို ဘယ်လို စိတ်ချရပါ့မလဲကွာ။  ကမ္ဘာနဲ့ချီပြောဖို့ ဝေးပြီပေါ့ကွာ။
ကောင်းပါပြီ သူငယ်ချင်းရေ…မင်းလည်း အလုပ်က ခပ်များများဆိုတော့ ငါ့စာကိုဖတ်ဖို့ အချိန်တွေပေးထားရတာ အားနာပါတယ်။ ငါလည်း ဒီအကြောင်းတွေကို ပြောပြချင်နေတာ အခုတော့ ပြောပြပြီးပြီ။ ငါ့တူတော်မောင်တွေကိုတော့ ငါအများကြီး ပြောပြရတော့မယ်။ သူတို့မသိသေးတာတွေ အရမ်းများနေတယ်။ ဘာလို့မသိတာလဲဆိုပြီး အရင်းစစ်တော့ အမြစ်ပေါ်တာပဲ။ အသုံးမကျတဲ့ စနစ်   ဆိုးအောက်မှာ သူတို့လေးတွေ ခါးစည်းခံနေကြရတာကိုပဲ လက်ညှိုးထိုးချင်ပါတယ်။ ငါတို့တုန်းကလည်း ခံခဲ့ကြရတာပါပဲ။ ဒါပေမယ့် ငါတို့က ဆရာကောင်းသမားကောင်းတွေနဲ့ သင်ခဲ့ရတယ်။ တွေ့ခဲ့ရတယ်။ ငါတို့ကို စာဖတ်ဝါသနာပါအောင်၊ ငါတို့ကို စနစ်ဆိုးအောက်က ရုန်းထွက်နိုင်အောင်၊ အသိပညာခွန်အားတွေ ပေးနိုင်တဲ့ ဆရာသမားတွေနဲ့ ကြုံခဲ့ရသေးတယ်။ ကံသီပေလို့လို့ပဲ ပြောရမှာပေါ့။ လက်ကျန်ပညာရှင်တွေကို မှီလိုက်ပေလို့။ အခုခေတ်ဆရာတွေကတော့ကွာ…မင်းလည်းသိတဲ့အတိုင်းပဲ။ ပြောမနေတော့ပါဘူး။ ပြောနေလည်း ထူးမှ မထူးတော့ပဲ။ အင်း..သူငယ်ချင်းရေ…ဒီတစ်ခေါက်တော့ ဒီမျှနဲ့ပဲ တော်လောက်ပြီထင်တယ်။ နောက်တစ်ခေါက်ကျမှ ငါ့တူတော်မောင်တွေကို ငါပြောပြဖြစ်တဲ့ အကြောင်းအရာ မင်းဆီစာလှန်းရေးတော့မယ်ကွာ။
ငါ့သူငယ်ချင်း လုပ်ငန်းကိုင်ငန်း အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပေးပါတယ်။

မင်းရဲ့
အပါ
၂၈-၇-၂၀၁၂