ယနေ့ခေတ်စားလာသော အွန်လိုင်းယဉ်ကျေးမှုတွင်
ကျွန်တော်တို့ မြန်မာလူငယ်များလည်း အင်တိုက်အားတိုက် ပါဝင်ခဲ့ကြပါပြီ။ မြန်မာလူငယ်အများစု
သုံးနှုန်းနေသော အွန်လိုင်းဘာသာစကားများကိုလည်း ကျွန်တော်တို့ ဆိုးတယ် ကောင်းတယ် မဝေဖန်နိုင်
ကြတော့ပါဘူး။ ကျွန်တော်တို့ ကိုယ်၌က ထိုကဲ့သို့သော ဘာသာစကားသစ်တစ်ခုကို ထဲထဲဝင်ဝင်
အသုံးပြုခဲ့ဘူးသောကြောင့် ဖြစ်သည်။ ဒါဟာ ကောင်းတဲ့လက္ခဏာမဟုတ်ဘူး၊ ကိုယ့်မှာရှိတဲ့ အရည်အသွေးတွေ
ကျဆင်းစေနိုင်တယ်လို့ စာတတ်ပေတတ် လူကြီးသူမတွေရဲ့ ဆုံးမပြစ်တင်မှုတွေကို ခါးစည်းခံခဲ့ကြရင်း
ထို အွန်လိုင်းဘာသာဗေဒ စကားလုံးများကို ကျွန်တော်တို့ ဆက်လက် ကျင့်သုံးခဲ့ကြပါသည်။
တစ်ဦးနဲ့တစ်ဦးနှုတ်ဆက်တဲ့ အခါမှာ ဖြစ်စေ၊
သတင်းမေးတဲ့အခါမှာဖြစ်စေ၊ အင်္ဂလိပ်ဘာသာစကား good morning, how are you, hello စတဲ့ ဝေါဟာရများဖြင့်
ယေဘုယျ နှုတ်ဆက်တတ်ကြသော်လည်း ကျွန်တော်တို့ မြန်မာပြည်ဝယ် အင်တာနက်များ ထွန်းကားလာစ
အွန်လိုင်းအသုံးပြုမှု တိုးတက်ဖွံဖြိုးလာကာစ ၂၀၀၇ ဝန်းကျင်လောက်မှာ အသွင်သဏ္ဍာန်တစ်မျိုး
ပြောင်းလဲ လာခဲ့တာ တွေ့ရှိရပါသည်။ ထိုအပြောင်းအလဲမှာ တစ်ဦးနဲ့တစ်ဦး အပြင်မှာ မျက်နှာချင်းဆိုင်
နှုတ်ဆက်ရင် သုံးနှုန်းပြောဆို သကဲ့သို့ နေကောင်းလား၊ စားပြီးပြီလား၊ စာကျက်နေတယ်စတဲ့
စကားတွေအတိုင်း အွန်လိုင်းစာမျက်နှာထက်က Gtalk, facebook, vzo အစရှိသော ချက်တင်လုပ်ငန်းများမှာ
ရေးသားပြောဆို အသုံးပြုခဲ့ကြပါသည်။ နေကောင်းလား (nay kg lar) စားပြီးပြီလား (eat
pe p lar) စာကျက်နေတယ် (study lote nay tal) ဆိုပြီး အင်္ဂလိပ် typing ကို မြန်မာမှုပြု
လိုက်ကြသည်။ အလွယ်တကူ နားလည်နိုင်သော အသုံးအနှုန်းတစ်ခုမို့ လူငယ်ထုကြားမှာ တကယ့်ကို
ရေပန်းစားလာခဲ့သည်။
ထိုကဲ့သို့ အင်္ဂလိပ်တစ်ဝက် မြန်မာတစ်ဝက်ဖြစ်နေသော
ဘာသာရပ်ကို ကျွန်တော်တို့လူငယ် လူတန်းစား အွန်လိုင်းယဉ်ကျေးမှု ရပ်ဝန်းမှ မြန်းဂလိပ်ရှ်ဟု
သတ်မှတ်ခေါ်ဝေါ်ခဲ့ကြပါသည်။ ထိုမြန်းဂလိပ်ရှ် အသုံးအနှုန်းကို လွန်ခဲ့သော ၅နှစ်ခန့်ကမှ
စတင်၍ တွင်တွင် ကျယ်ကျယ် အသုံးပြုလာခဲ့သည်ဟု ကျွန်တော်တို့ မှတ်ထင်ခဲ့ကြသည်။ တကယ်တော့
ကျွန်တော်တို့ လူငယ်တွေ ယနေ့ အသုံးပြုနေသော မြန်းဂလိပ်ရှ်စကားကို လွန်ခဲ့သော နှစ်ပေါင်း
၈၀ ကျော်ခန့်က ကျွန်တော်တို့ရဲ့ အမျိုးသား ခေါင်းဆောင် ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊
တပ်မတော်ဖခင်ကြီး၊ အာဇာနည် သူရဲကောင်းကြီးဖြစ်လာမယ့် ဗိုလ်ချုပ်အောင်ဆန်းက အသုံးပြုခဲ့တာကို
တွေ့ရှိရပါသည်။
ထိုအချိန်က ဗိုလ်ချုပ်အောင်ဆန်းဟာ ရေနံချောင်းအမျိုးသားကျောင်းမှာ
ကျောင်းတက်နေဆဲ ရှစ်တန်းကျောင်းသားလေး ဖြစ်သည်။ ကျောင်းသားလေး ကိုအောင်ဆန်းသည် သူ့ရဲ့
အစ်ကိုကြီး အမျိုးသားကျောင်းဆရာ ကိုဘဝင်း (နောင်တွင် ဗိုလ်ချုပ်တို့နဲ့အတူ ဇူလိုင်၁၉ရက်မှာ
လုပ်ကြံခံခဲ့ရရှာသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး) ၏ထိန်းချုပ် ကွပ်ကဲမှု
အောက်တွင် အတန်းပညာများကို ဆည်းပူးလေ့လာနေသော အချိန်ဖြစ်သည်။ ကိုအောင်ဆန်းနှင့် ၃နှစ်သာကွာသော
သူ့အထက်အစ်ကို ကိုအောင်သန်းက ဆယ်တန်းကျောင်းသားဖြစ်သည်။ ကျောင်းဆရာ အစ်ကိုကြီး ကိုဘဝင်းနှင့်
ဆယ်တန်း ကျောင်းသား အစ်ကို ကိုအောင်သန်းတို့က ကိုအောင်ဆန်းရဲ့ ပညာရေးတိုးတက် ဖြစ်ထွန်းလာမှုကို
မျက်ခြေမပျက် စောင့်ကြည့် နေခဲ့ကြသည်။
ကိုအောင်ဆန်းသည် အင်္ဂလိပ်စာကို အလွန်သင်ယူတတ်မြောက်ချင်သူဖြစ်ပြီး
အစ်ကိုများနည်းတူ အင်္ဂလိပ်ကျောင်းတက်ချင်လို့ ၄တန်း စကောလားရှစ် ဝင်ဖြေရာ ပညာအုပ်က အသက်ငယ်သေးတယ်ဟု
ပြောကာ ဝင်ခွင့်ပေးမဖြေခဲ့၍ ဒေါသထွက်ခဲ့ဖူးသည်။ “သင်းတို့ တစ်နေ့သိစေမယ်၊ မသင်ရတော့
ဘာဖြစ်မှာတုံး…သိမယ်” လို့ စိတ်ဆိုးပြီး ပြောဆိုခဲ့ဖူးသည်။ ထို့နောက် အင်္ဂလိပ်စာ လေ့လာလို့ရသည်နှင့်
တပြိုင်နက် အပတ်တကုတ် လေ့လာတော့သည်။ အစ်ကိုနှစ်ယောက်ကလည်း ဥာဏ်ကောင်းပြီး ဇွဲရှိတဲ့
ညီထွေးလေး ကိုအောင်ဆန်းကို ဂရုစိုက်သင်ပေးကြသည်။
ကိုအောင်ဆန်းသည် သူ့ရဲ့ ဒိုင်ယာရီစာအုပ်ထဲတွင်
သူနေ့စဉ် လုပ်ကိုင်ဆောင်ရွက်မှုများ၊ ကြုံတွေ့ရသည့် အဖြစ်အပျက်များကို အင်္ဂလိပ်လို ရေးထည့်ပြီး
အရေးကျင့်လေ့ရှိခဲ့သည်။ တစ်ညကား အစ်ကို ကိုအောင်သန်းက သူ့ညီတော်မောင်ရဲ့ အင်္ဂလိပ်စာ အဆင့်အတန်း မည်မျှ တိုးတက်နေပြီဆိုတာ သိလိုတာကြောင့်
ကိုအောင်ဆန်းရဲ့ မှတ်တမ်းစာအုပ်များကို တစ်ရွက်ချင်း လှန်လှောဖတ်ကြည့်နေလေသည်။
တစ်နေရာတွင် ( I sak my debt ) ဟူသော စာပိုဒ်ကို တွေ့ရှိလေသည်။ ဆယ်တန်း ကျောင်းသားဖြစ်သော
ကိုအောင်သန်းမှာ ထိုစာပိုဒ်၏ အဓိပ္ပာယ်ကို နားမလည်ဖြစ်ရလေသည်။ ထို့ကြောင့် ညီဖြစ်သော
ကိုအောင်ဆန်းအား မေးရလေတော့သည်။ ကိုအောင်ဆန်းက စာကို ကုန်းကြည့်နေရာမှ ရယ်မောလိုက်ကာ
“အကြွေးဆပ်တာကို ရေးတာပါကွာ” လို့ရှင်းပြလေသည်။
ဒီတော့ ကိုအောင်သန်းက “ဟ…မင်းဥစ္စာကလည်း ဘယ်လိုရေးတာလဲ” လို့မေးလိုက်သည်။ ထိုအခါ ကိုအောင်ဆန်းက
“ဆပ်တာကို အင်္ဂလိပ်လို မသိတာနဲ့ ငါလည်း ဖြစ်သလို ရေးထားတာ” ဟု ဆက်ပြောသည်။ “ဟာ…မင်းသိပ်ရှော်တာပဲ၊
ဆပ်တယ် ဆိုတာ တိုက်ရိုက်မသိရင် ကြံဖန်သုံးစရာ စကားရှားသလားကွ၊ I pay my debt ဒါမှမဟုတ်လို့ရှိရင် I clear my debt ပေါ့၊ မင်းသိပြီးစကားနဲ့ကိုပဲ
ထွင်ပြီးရေးနိုင်တယ် နောက်ဒီလိုမလုပ်နဲ့” ဆိုပြီး ကိုအောင်သန်းက သင်ပြသည်တွင် ကိုအောင်ဆန်း
မှာ ကျိတ်၍ ရယ်မောနေတော့သည်။
အထက်ပါ အကြောင်းအရာများကို ကြည့်ရင် ကျွန်တော်တို့
ယနေ့သုံးနေသော မြန်းဂလိပ်ရှ် အသုံးအနှုန်းမျိုး ဗိုလ်ချုပ်ငယ်ငယ် ကတည်းက စတင်သုံးခဲ့ဖူးပြီးပါပြီ။
သို့သော် ကျွန်တော်တို့ သိထားရမှာက ဗိုလ်ချုပ်အောင်ဆန်းတောင် သုံးခဲ့သေးတာပဲ ငါတို့သုံးတာ
မှန်တယ် ဆက်သုံးမယ်လို့ စိတ်ထဲ မစွဲထားသင့်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းသုံးခဲ့ခြင်းသည်
ဝေါဟာရကို မသိလို့ သုံးခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ဗိုလ်ချုပ်အသက်မှာ ၁၅နှစ်သာသာ သာရှိသေးပါသည်။
အဲ့ဒီလို သုံးခဲ့လို့လည်း အစ်ကိုဖြစ်သူ ကိုအောင်သန်းက အမှားကို အမှန်ပြင် သင်ပြပြောဆိုခဲ့သည်။
ဒီနေရာမှာ ကျွန်တော်တို့ အသိတစ်ခုရလိုက်သည်။
ကိုယ်ရေးချင်၊ သုံးချင်၊ ပြောချင်တဲ့ အင်္ဂလိပ်စကားလုံးကို မသိရင် သိပြီးသား ဝေါဟာရတစ်ခုနဲ့
အစားထိုးကြရမည်။ အလွယ်ဖြစ်သလို မသုံးလိုက်သင့်ပါ။ မသိသေးတာကို သိအောင် ကြိုးစားရှာဖွေရမည်။
ကိုအောင်ဆန်းကလေးက သူမသိသော စကားလုံးမို့ အလွယ်သုံးလိုက်ခြင်းဖြစ်ပေမယ့် ကျွန်တော်တို့ကတော့
သိပြီးသား စကားလုံးများကိုပင် အလွယ်လိုက်သုံးနေခဲ့ကြခြင်းမှာ အလွန်ဆိုးဝါးခဲ့ပြီဟု
ကိုယ့်ကိုကိုယ် သုံးသပ်မိပါသည်။
ထို့ကြောင့် ယခု အချိန်မှ စပြီး မြန်းဂလိပ်ရှ်အသုံးပြုမှုတွေကို
လျော့နိုင်သမျှ လျော့အောင်၊ တစ်ဦးနဲ့တစ်ဦး စကားပလ္လင်ခံ နှုတ်ခွန်းဆက်သ စကားစမြည် မေးမြန်းပြောဆိုတဲ့အခါ
ဘာသာရပ်တစ်ခု၏ ဝေါဟာရအမှန်ကိုသာ အသုံးပြုနိုင်အောင် ကြိုးစား လေ့ကျင့်ကြပါလို့ တိုက်တွန်းလိုက်ရပါသည်။
။
အပါ
၁၂-၈-၂၀၁၂
အပါရေ
ReplyDeleteပြောမတတ်ဘူး သုံးလဲမသုံးဘူး
g-talk ဖွင့်လိုက်လို့ အဲလိုစာနဲ့လာရင် လုံးဝပြန်လဲမဖြေတော့ဘူး
ကိုယ်တိုင်ကလဲမတတ်တာပါတယ် တတ်လဲမတတ်ချင်ဘူး
သင်လဲမသင်ဘူး English ကိုပဲပိုပြီးတိုးတက်အောင်လုပ်မှာပေါ့
ဟုတ်ဘူးလား
ဒီပိုစ့်လေးကို ဖဘ မှာလဲတင်ပါလား ဖတ်သင့်တယ် စာဖတ်သူအားလုံးအတွက်လေ