(၂၀၁၂ခုနှစ် သြဂုတ်လ ၃၀ရက်ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၃၊ အမှတ် ၁၀၉ တွင် ဖော်ပြပါရှိသည့် ဆောင်းပါး)
၉-၈-၂၀၁၂နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြရေးသားထားသော လွှတ်တော်အစည်းအဝေး သတင်းများ ကိုဖတ်ပြီးတဲ့နောက် ကျွန်တော့်စိတ်ထဲမှာ သိချင်တာတွေများလာပါတယ်။ သိချင်တာတွေများလာလို့လည်း ဒီစာကို ရေးဖြစ် ခြင်းဖြစ်ပါတယ်။ မသိလို့ မေးပါစေလို့ပဲ ခေါင်းစဉ်တပ်လိုက်ပါတော့မယ်။
ကျွန်တော်ဟာ
နိုင်ငံရေးကို စိတ်ဝင်စားတဲ့ လူငယ်တစ်ယောက်ပါ။ မိမိနိုင်ငံရဲ့ ဒီမိုကရေစီအသွင်သစ် ဖြစ်ပေါ်ပြောင်းလဲ
တိုးတက်မှုလုပ်ငန်းစဉ်တွေပေါ်မှာ ဝမ်းမြောက်ဝမ်းသာနဲ့ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ဖို့
အသင့်ရှိနေတဲ့ လူငယ်တစ်ယောက် လည်းဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်တော်တို့နိုင်ငံအတွက်
အကျိုးစီးပွားဖွံဖြိုးတိုးတက်အောင် ဘက်ပေါင်းစုံမှ လုပ်ကိုင် ဆောင်ရွက်နေသူများကို
အလွန်လေးစားပါတယ်။ ထိုအထဲမှာ အများဆန္ဒနဲ့ ဒီမိုကရေစီနည်းလမ်းတစ်ကျ ရွေးကောက် တင်မြှောက်
ခံခဲ့ကြရသော လွှတ်တော်ကိုယ်စားလှယ်ကြီးများလည်းပါပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ကြီးများ လွှတ်တော်ထဲမှာ
ဆွေးနွေးမှုများကို သတင်းစာများမှတစ်ဆင့် သိရှိခွင့် ကြားသိခွင့် ရပါတယ်။ ထိုအခါ ကျွန်တော်တို့အထူးစိတ်ဝင်စားသော
အကြောင်းအရာများ ပါဝင်လာပါက ထိုအကြောင်းအရာပေါ် ဆက်စပ် တွေးတော စဉ်းစားမိတတ်ပါတယ်။ ယခုလည်း
ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်၌ ဆွေးနွေးမှုတစ်ခုကို ဖတ်ရှုလိုက်ရပါတယ်။
အငြိမ်းစားပါမောက္ခချုပ် လွှတ်တော်ကိုယ်စားလှယ်ကြီးတစ်ဦးတင်သွင်းသော
အဆိုတစ်ခုဖြစ်ပါတယ်။ ၎င်းတင်သွင်းတဲ့ အဆိုမှာ မြန်မာနိုင်ငံရှိ
တက္ကသိုလ်အသီးသီးတွင် ဘွဲ့လွန် ဘွဲ့ကြို ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဆောင်များ
ဖွင့်လှစ်ထားရှိပြီး အဆောင်နေခွင့် စနစ်ကို ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးရန်အတွက်
ဤလွှတ်တော်မှ တိုက်တွန်းကြောင်းအဆို ဖြစ်ပါတယ်။ ထိုအဆိုကို ကျွန်တော်အလွန်ပဲ ဝမ်းမြောက်ဝမ်းသာ ထောက်ခံပါတယ်။
အနှစ်နှစ် အလလ ဆယ်စုနှစ် နှစ်ခုကျော်တိုင် တိမ်မြုပ်ပျောက်ကွယ်ခဲ့ရသော တက္ကသိုလ်အဆောင်နေ
ကျောင်းသားများဘဝကို ပြန်လည်ပုံဖော်နိုင်တော့မှာမို့ စဉ်းစားရင်း ပျော်ရွင်မိပါတယ်။
ထို့အပြင် လက်ရှိပညာသင်နေကြသော တက္ကသိုလ်ကျောင်းသား ကျောင်းသူများရဲ့ ပြင်ပအဆောင်များကြောင့်
မိဘများ စိတ်မအေးရဖွယ် အဖြစ်မှ ကင်းလွတ်သွားမှာကိုလည်း ဝမ်းသာရပါတယ်။ တက္ကသိုလ်အဆောင်များသည်
အုပ်ချုပ်သူဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ပရဝဏ်များအတွင်းမှာ ရှိတာကြောင့် လုံခြုံစိတ်ချရပါတယ်။
တက္ကသိုလ်အဆောင်များ ပြန်လည်ထားရှိရေးနဲ့ ပတ်သတ်ပြီး စာရေးဆရာ တော်တော်များများလည်း
ရေးသားခဲ့ကြပြီး ဖြစ်ပါတယ်။ ထို့ကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး တင်သွင်းတဲ့
အဆိုကို လွှတ်တော်ပြင်ပ နိုင်ငံရေးစိတ်ဝင်စားသော လူငယ်တစ်ယောက်အနေဖြင့် အပြည့်အဝ ထောက်ခံလိုက်ပါတယ်။
ယင်းအဆိုနဲ့ စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော်
ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဌက ပြန်လည်ဆွေးနွေးတဲ့အခါမှာ နိုင်ငံတကာ တက္ကသိုလ်များတွင်လည်း တက္ကသိုလ်တိုင်း၌ အဆောင်များမရှိပါကြောင်း၊
မိမိတို့နိုင်ငံ၌ အဆင်ပြေမည့် တက္ကသိုလ်များတွင် အဆင်ပြေမည့်အချိန်၌ အဆောင်များထားရှိရန်
သင့်လျော်ပါကြောင်း တင်ပြသွားတာ ဖတ်ရှုရပါတယ်။ နိုင်ငံတကာ တက္ကသိုလ်တိုင်းမှာ အဆောင်မရှိလို့
ကျွန်တော်တို့နိုင်ငံက တက္ကသိုလ်တိုင်းမှာလည်း အဆောင်ရှိစရာ မလိုဘူးလို့ သဘောသက်ရောက်ကြောင်း
ကျွန်တော်တော့ အဲ့ဒီလိုပဲ နားလည်မိပါတယ်။ မှားချင်လည်း မှားပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်အမြင်အတိုင်း
တင်ပြရရင် နိုင်ငံတကာတက္ကသိုလ်များအတိုင်း နည်းလမ်းယူ ဆောင်ရွက်မယ်ဆိုရင် ထိုတက္ကသိုလ်ကြီးများဟာ
အဆောင်ဘာကြောင့်မလိုတာလဲ၊ အဆောင်ထားခြင်း မထားခြင်းဟာ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရေးအတွက်
ဘာကြောင့်အရေးမကြီးတာလဲ၊ သူတို့တက္ကသိုလ်တွေဟာ ကျောင်းသား ကျောင်းသူတွေရဲ့ သင်ကြားရေးစနစ်ကို
ဘယ်လောက်ထိ ကောင်းအောင် စီမံဆောင်ရွက်ပေးနေပါသလဲ၊ ကျောင်းသားကျောင်းသူတွေ သွားရေးလာရေး
အချိန်ကုန်သက်သာ လွယ်ကူအဆင်ပြေချောမွေ့စေလို့လားစတဲ့ အချက်တွေကို စဉ်းစားဖို့ လိုပါတယ်။
ဒီနေရာမှာ ကျွန်တော်ဥာဏ်မီသလောက်ပဲ တွေးမိခြင်းဖြစ်ပါတယ်။
ပြီးတော့ အဆင်ပြေမည့်တက္ကသိုလ်၊ အဆင်ပြေမည့်အချိန်ဆိုတာ
အတိအကျသိရရင် ပိုပြီးကောင်းမယ်လို့ ထင်ပါတယ်။ အဆင်ပြေမည့် တက္ကသိုလ်လို့ သုံးလိုက်ခြင်းဖြင့်
ဘယ်တက္ကသိုလ်ကို ရည်ရွယ်ပါသလဲ။ အားလုံးလား၊ တစ်ခုထဲလား၊ တစ်နိုင်ငံလုံးမှာ တစ်ခုထဲရှိတဲ့
တက္ကသိုလ်တွေကိုပဲ အဆင်ပြေမည့် တက္ကသိုလ်လို့ ဆိုလိုတာလား စသည်ဖြင့် သိချင်မိပါတယ်။ ဒါ့အပြင်
အဆင်ပြေမည့်အချိန်ဆိုတာ ဘယ်အတိုင်းအတာထိ စောင့်ရမှာလဲ။ ယခုပညာသင်နှစ်အမီလား၊ ဒီပညာသင်နှစ်အပြီး
နောက်ပညာသင်နှစ်အစမှာလား၊ ဒါမှမဟုတ် ၃နှစ် စီမံကိန်းလား၊ ၅နှစ်စီမံကိန်းလား၊ ဘယ်လိုစီမံ
ဆောင်ရွက်ထားပါသလဲ သိချင်မိပါတယ်။ ဒီကိစ္စဟာ ကျွန်တော်တို့နိုင်ငံရဲ့  မျိုးဆက်သစ်လူငယ်ကျောင်းသား
ကျောင်းသူများအတွက်ရော၊ ကျောင်းသားမိဘများနဲ့ ဆရာ၊ဆရာမများ အားလုံးအတွက် အထူးမျှော်လင့်နေကြတဲ့
ကိစ္စဖြစ်လို့ သိချင်စိတ်တွေများနေရခြင်းဖြစ်ပါတယ်။
နောက်ထပ်သိချင်စိတ်ဖြစ်ပေါ်လာသော ဆွေးနွေးမှုတစ်ခုကတော့
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုး၏
အဆိုဖြစ်ပါတယ်။ ၎င်းအဆိုမှာ အိမ်နီးချင်းနိုင်ငံများမှ
လူမျိုးခြားများ မြန်မာနိုင်ငံတွင် စိမ့်ဝင်ရောက်ရှိ နေခြင်း၊ မသမာသော နည်းလမ်းများဖြင့်
နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်းများကို ဥပဒေစိုးမိုးရေးအတွက် အမျိုးသားရေးတာဝန်အဖြစ်
အထူးစီမံချက်တစ်ရပ် ချမှတ်ဖော်ထုတ် အရေးယူဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း
ဖြစ်ပါတယ်။ ၎င်းအဆိုကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေးစဉ်းစားဖို့ တင်သွင်းရာ လွှတ်တော်
ကိုယ်စားလှယ် တစ်ဦးက ထောက်ခံပြီး သဘောမတူတဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရှိနေခဲ့ပါတယ်။
ထို့ကြောင့် သဘောတူသူများ မတ်တပ်ရပ်၍ ဆန္ဒပြုသည့် နည်းလမ်းဖြင့် လွှတ်တော်ရဲ့ ဆန္ဒကို
ရယူရာ မတ်တပ်ရပ်တဲ့ လွှတ်တော် ကိုယ်စားလှယ် အယောက် ၄၀ မပြည့်လို့ ဒေါက်တာမြတ်ဥာဏစိုးတင်သွင်းတဲ့
အဆိုဟာ အမျိုးသားလွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ မဖြစ်နိုင်ခဲ့ပါဘူး။
ကျွန်တော့်ဥာဏ် နှစ်ပဲခြောက်ပြားဖြင့်
စဉ်းစားမိလိုက်တာက ဒီကိစ္စဟာ ကျွန်တော်တို့ နိုင်ငံနဲ့ လူမျိုး၊ မြန်မာ တိုင်းရင်းသား
အားလုံးအတွက် အမှန်တကယ်လိုအပ်တဲ့ အမျိုးသားရေးတာဝန်ဖြစ်ပါတယ်။ ဒီလိုအမျိုးသားရေး တာဝန်တစ်ရပ်ကို
ဆွေးနွေးဖို့ တင်သွင်းရာမှာ သဘောမတူတဲ့ လွှတ်တော်ကိုယ်စားလှယ်ရှိနေခြင်းဟာ စဉ်းစားမရအောင်
ဖြစ်ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့
ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာတိုင်းရင်းသားအားလုံး ခံစားနေရသည့်
ပြဿနာမှာ လူမျိုးခြားများ စိမ့်ဝင်ရောက်ရှိလာနေခြင်းပဲ ဖြစ်ပါတယ်။ ပြည်သူတွေခံစားရတာကို
လွှတ်တော်ကိုယ်စားလှယ်တွေလည်း ထပ်တူခံစားရမယ်လို့ ယုံကြည်ပါတယ်။ မြောက်ဘက်မှ ဝင်ရောက်လာတဲ့
လူမျိုးခြားတွေဟာ တဖြည်းဖြည်းများပြားလာပြီး တစ်ချိန်က မင်းနေပြည်တော်ဖြစ်ခဲ့တဲ့ မန္တလေးမြို့ကြီးမှာပင်
ဒုနဲ့ဒေးရောက်ရှိနေရာ ယူနေကြပြီဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက် စိုးရိမ်စရာအရေးတကြီးကိစ္စဖြစ်တဲ့
ရခိုင်ဒေသက အရေးဟာလည်း ယခုတိုင် ဖြေရှင်းနေရဆဲဖြစ်ပါတယ်။ အနောက်ဘက်ဒေသက လူမျိုးခြားဝင်ရောက်မှုကြောင့်
ကျွန်တော်တို့ တိုင်းရင်းသား ရခိုင်လူမျိုးများ နစ်နာဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရပါတယ်။
သို့သော် လူမျိုးခြားများမှာ မသမာသော နည်းလမ်းများဖြင့်
နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်ထားရှိ နေခြင်းဟာ တစ်ခုခု မှားယွင်းနေတယ်လို့
ထင်ပါတယ်။ ဒီကိစ္စဟာ သာမန်ကိစ္စမဟုတ်ပါဘူး။ အမျိုးသားရေးတာဝန်တစ်ရပ် အနေနဲ့ စိစစ်ဆောင်ရွက်ရမယ့်
ကိစ္စ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်နဲ့ စင်ကာပူမှာ တွေ့ခဲ့တဲ့ မိတ်ဆွေတစ်ယောက် အကြောင်း
အလျဉ်းသင့်လို့ ပြောပြချင်ပါတယ်။ ထိုမိတ်ဆွေဟာ စင်ကာပူနိုင်ငံသားစစ်စစ်ဖြစ်ပါတယ်။ ကျွန်တော့်အထက်အရာရှိ
ဆီ လာလည်ရင်း ကျွန်တော့်ကို မြန်မာမှန်းသိသွားတော့ ကတ်ပြားတစ်ခုထုတ်ပြပါတယ်။ သူထုတ်ပြလိုက်တဲ့
ကတ်ပြားက ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကိုင်ဆောင်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား
(မှတ်ပုံတင်) ဖြစ်နေတာ တွေ့ရပါတယ်။ ကျွန်တော်အလွန် အံ့သြမိပါတယ်။ မှတ်ပုံတင်မှာ သူ့ဓါတ်ပုံ၊
သူ့လက်ဗွေ၊ သူ့မွေးသက္ကရာဇ်အားလုံး အမှန်တွေချည်းပဲလို့ ပြောပါတယ်။ ကျန်တာတွေ မှန်မမှန်ထက်
သူ့မျက်နှာနဲ့ ဓါတ်ပုံကိုတော့ မှတ်ပုံတင်မှာ တွေ့ရပါတယ်။ ကျွန်တော်က သူ့ကို ဒါဘယ်လိုရသလဲလို့မေးတော့
သူကရှင်းပြပါတယ်။ ၁၉၉၀ ခုနှစ် လောက်က သူမြန်မာပြည်မှာ
စီးပွားရေးလာလုပ်ဖူးတယ်။ ခုနစ်နှစ်လောက်နေခဲ့ဖူးတယ်။ ၁၉၉၇ခုနှစ်မှာ စီးပွားပျက်ပြီး
စင်ကာပူကို ပြန်လာခဲ့တယ်ဆိုပြီး ပြောပြပါတယ်။ မြန်မာစကား လည်းတော်တော်လေး တတ်မြောက်သွားပါတယ်။
ထို့အတူ မြန်မာမှတ်ပုံတင် ကတ်ပြားလည်း လက်ဝယ်ရရှိသွားပါတယ်။
ရှမ်းပြည်ဘက်က မှတ်ပုံတင်နံပါတ်နဲ့ ဖြစ်ပါတယ်။
သူကပြောသေးတယ်။ မင်းနဲ့ငါက တစ်နိုင်ငံတည်းသားတွေနော်တဲ့။ စိတ်ထဲက မကျေမနပ်ဖြစ်မိပါတယ်။ သူတို့နိုင်ငံမှာဆို
နိုင်ငံသားကတ်မပြောနဲ့ အလုပ်နဲ့နေခွင့် ပါမစ်ကတ်ရဖို့တောင် တော်တော် မလွယ်တာပါ။ အခုလို
ကိုယ့်နိုင်ငံက နိုင်ငံသားကတ်ကြီး ကိုင်ထားနိုင်လောက်အောင် အခြေအနေ ဖန်တီးဖြစ်ခဲ့တာကို
ရင်ထုမနာ ဖြစ်မိရုံမှ အပ ဘာမှ မတတ်နိုင်တော့ပါ။
ထိုကဲ့သို့ နိုင်ငံခြားသားများလက်ဝယ် မြန်မာနိုင်ငံသား
စိစစ်ရေးကတ်တွေ အလွယ်တကူ ရောက်ရှိနေခြင်းဟာ နိုင်ငံတော်အတွက် များစွာအန္တရာယ်ရှိပါတယ်။
သို့သော်သူလိုလူတွေက သူ့နိုင်ငံထဲမှာပဲနေနေကြတာဖြစ်လို့ ကိစ္စမရှိပေမယ့် ကျွန်တော်တို့
ရေမြေတောတောင် နယ်မြေဒေသတွေမှာ လာရောက်နေထိုင် လုပ်ကိုင်စားသောက်နေကြတဲ့ လူမျိုးခြားတွေကို
စိစစ်ဖို့က ပိုပြီး အရေးကြီးပါတယ်။ မြေမျိုလို့လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပါမက
ယဉ်ကျေးမှုရော၊ နိုင်ငံပါ ပျောက်ချင်းမလှ ပျောက်သွားနိုင်ပါတယ်။ ဒါသိပ်ကို အရေးကြီးတဲ့
အကြောင်းအရာဖြစ်ပါတယ်။ ဒါအကြာင်းအရာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အဆိုတင်သွင်းရာမှာ
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ယောက်က ကန့်ကွက်လိုက်ခြင်းဟာ ဘာကြောင့်များလဲ သိချင်စိတ်တွေ
ထိန်းမရဖြစ်ရပါတော့တယ်။ ။
အပါ
၁၀-၈-၂၀၁၂